← Chapters

ကျန်းထောင်ကိုယ်တိုင်ဖိတ်ခေါ်ခြင်း

Vol. 46 Ch. 746

ကျန်းထောင်ကိုယ်တိုင်ဖိတ်ခေါ်ခြင်း

Vol. 46 Ch. 746

"ဘော့စ်... တကယ်ပဲ တစ်ယောက်ယောက်က ဘော့စ်တို့ကို စောင့်ကြည့်နေတာပါ"

ကုန်းအိမ်တော်သို့ ပြန်ရောက်ပြီးနောက် လက်အောက်ငယ်သားက ကုန်းထျန်းဟောက်အား ဤကိစ္စကို သတင်းပို့လေသည်။

ဒီတစ်ကြိမ်တွင် သူတို့မိသားစုလေးယောက် ဈေးဝယ်ထွက်ခဲ့ခြင်းမှာ ပထမအချက်အနေဖြင့် မိသားစုစုံညီ ပထမဆုံးအကြိမ် လျှောက်လည်ချင်၍ ဖြစ်သလို ဒုတိယအချက်မှာ ငါးစာချ၍ ရန်သူကို မျှားခေါ်လိုခြင်းကြောင့် ဖြစ်သည်။

လက်အောက်ငယ်သားက ဆက်လက်၍ သတင်းပို့သည်။ "ကျွန်တော်တို့လူတွေ နောက်ယောင်ခံလိုက်ကြည့်တော့ လျန်ဖျောင့်ရွှယ် လွှတ်လိုက်တဲ့သူတွေ ဖြစ်နေပါတယ်"

ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "အင်း... ဘာတွေ ထပ်စုံစမ်းရသေးလဲ"

လက်အောက်ငယ်သားက မျက်မှောင်အနည်းငယ်ကြုတ်ကာ သံသယဖြင့် ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က ဒုတိယသခင်လေး(ရှောင်လင်)ကို အထူးတလည် စိတ်ဝင်စားနေပုံရတယ်။ ဒုတိယသခင်လေးရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ လူလွှတ်ထားပါတယ်"

ရှောင်လင်၏နောက်ကြောင်းကို သူတို့ကဲ့သို့ လက်အောက်ငယ်သားများပင် မသိရှိကြပေ။ သို့သော် သခင်မလေးလျန်က ရှောင်လင်ကို အထူးတလည် စိတ်ဝင်စားနေရသည့်အချက်မှာ အနည်းငယ် ထူးဆန်းနေသည်။

ရှောင်လင်နှင့် သူမကြားတွင် ပတ်သက်မှု တစ်စုံတစ်ရာ ရှိနေ၍များလား။

ကုန်းထျန်းဟောက်သည် ထိုစကားကို ကြားသောအခါ ကြိုတင်မျှော်လင့်ထားသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "အင်း... ငါသိပြီ။ လျန်ဖျောင့်ရွှယ်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ထား"

"ဟုတ်ကဲ့" လက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက တွန့်ဆုတ်စွာဖြင့် ဆက်ပြောလိုက်သည်။ "ဘော့စ်... မကြာသေးခင်က လျန်ဖျောင့်ရွှယ်ရဲ့ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်နေတာ သတိထားမိတယ်"

ထူးခြားမှု တစ်စုံတစ်ရာတွေ့ရှိပါက ချက်ချင်းသတင်းပို့ရန် ကုန်းထျန်းဟောက် မှာကြားထားဖူးသည်။

"ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘူး ဟုတ်လား" ကုန်းထျန်းဟောက်က စိတ်ဝင်စားသွားကာ မေးလိုက်သည်။ "ဘာတွေများ ထူးခြားနေလို့လဲ"

လက်အောက်ငယ်သားက၊ "လျန်ဖျောင့်ရွှယ်က အပြင်သိပ်မထွက်တော့တာကို သတိထားမိပါတယ်။ အပြင်ထွက်ရင်တောင် မျက်လုံးပဲဖော်ပြီး တစ်ကိုယ်လုံး လုံအောင်ဝတ်ထားတတ်တယ်" ဤသည်မှာ အလှကြိုက်သော သခင်မလေးလျန်နှင့် လုံးဝမတူပေ။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... ငါသိပြီ။ မင်း သွားလို့ရပြီ"

"ဟုတ်ကဲ့ပါ"

လက်အောက်ငယ်သား ထွက်ခွာသွားပြီးနောက် ရှောင်လင်းယွီက ခန့်မှန်းပြောဆိုလိုက်သည်။ "အရင်တုန်းက ကျွန်မတို့ကို ရန်လိုနေတဲ့သူက လျန်ဖျောင့်ရွှယ်ဆိုတာ အတည်ပြုပြီးသားလေ။ အခု သူအပြင်မထွက်ချင်တာရယ်... ထွက်ရင်လည်း လုံအောင်ဝတ်ထားတာရယ်ကိုကြည့်ရင် သူ တန်ပြန်သက်ရောက်ခံရပြီး ရုပ်ပျက်သွားတာများလား"

ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "အဲဒီလိုဖြစ်ဖို့ များတယ်"

ရှောင်လင်းယွီက သံသယဖြင့် မေးလိုက်ပြန်သည်။ "တကယ်လို့ လျန်ဖျောင့်ရွှယ်က ပြန်လည်မွေးဖွားလာတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အရင်ဘဝတုန်းက ကျွန်မတို့နဲ့ ရန်ငြိုးဖွဲ့ခဲ့တယ်ဆိုရင်တောင်... ကျွန်မတို့က သူနဲ့ ဘယ်လိုလုပ်ပြီး ရန်ငြိုးဖွဲ့ခဲ့မိတာလဲ။ ပြီးတော့ ဘာအကြောင်းမှ မရှိဘဲနဲ့ သူက ဘာလို့ ကျွန်မကို သတ်ချင်နေရတာလဲ"

သူမကို မထိပါက ပြန်မထိဟူသော သူမ၏မူဝါဒအရ လျန်ဖျောင့်ရွှယ်ကို စတင်ရန်စရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် လျန်ဖျောင့်ရွှယ်နှင့် ရန်ငြိုးဖွဲ့မိသည်ဆိုပါက သေချာပေါက် အကြောင်းရင်းတစ်ခု ရှိရပေမည်။

ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "သူက ပြန်လည်မွေးဖွားလာတဲ့သူဖြစ်တဲ့အပြင် မင်းလက်ထဲမှာ နေရာလွတ်ကျောက်စိမ်းပြား ရှိနေတာကိုလည်း သိနေပုံရတယ်။ အဲဒီတော့ နေရာလွတ်ကို လုယူချင်လို့ ကိုယ်တို့ကို ရန်သူလို သဘောထားတာ ဖြစ်နိုင်မလား"

ရှောင်လင်းယွီက ခေါင်းခါလိုက်သည်။ "ဒါက အဓိကအကြောင်းရင်း မဟုတ်လောက်ဘူး"

နေရာလွတ်ကျောက်စိမ်းပြား၏ ဆွဲဆောင်မှုမှာ ကြီးမားသော်လည်း ကိုယ်ပျောက်အတတ်ကို ပိုင်ဆိုင်ထားသော သူမအတွက် နေရာလွတ်ကို လုယူရန်မှာ သိပ်ခက်ခဲမည် မဟုတ်ပေ။

ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်သွားလေသည်။

ရှောင်လင်းယွီက မေးလိုက်သည်။ "ထျန်းဟောက်... ဘာတွေ စဉ်းစားနေတာလဲ"

ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "ကိုယ်တို့ ဒီအတိုင်း လိုက်ခန့်မှန်းနေမယ့်အစား တိုက်ရိုက်ရင်ဆိုင်လိုက်တာ မကောင်းဘူးလား"

"တိုက်ရိုက်ရင်ဆိုင်မယ်" ရှောင်လင်းယွီ အနည်းငယ် နားမလည် ဖြစ်သွားသည်။

"ဟုတ်တယ်။ လူကို အပြင်ရောက်လာအောင် ချိန်းလိုက်မယ်" ကုန်းထျန်းဟောက်က စဉ်းစားပြီး ပြောလိုက်သည်။ "တစ်ဖက်လူက လူလား သရဲလားဆိုတာ စမ်းကြည့်လိုက်ရင် သိရမှာပေါ့"

"ဒါပေမဲ့ လျန်ဖျောင့်ရွှယ် အပြင်ထွက်လာအောင် ချိန်းဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပဲ" ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က ကျွန်မတို့ကို ဒီလောက် မုန်းနေတာ... ကျွန်မတို့ဆီကို အလွယ်တကူ လာပါ့မလား"

ကုန်းထျန်းဟောက်က ပြုံးကာ ပြောလိုက်သည်။ "ကိုယ်တို့ဆိုရင်တော့ မရဘူး။ ဒါပေမဲ့ လုပ်နိုင်တဲ့သူ တစ်ယောက်ရှိတယ်"

"ဘယ်သူလဲ" ရှောင်လင်းယွီ သိချင်စိတ် ပြင်းပြသွားသည်။

……

"ထောင်ကော... ဒီည ညစာစားဖို့ ကျွန်မကို ဖိတ်မလို့လား" ကျန်းထောင်၏ဖိတ်ကြားမှုကို လက်ခံရရှိသောအခါ လျန်ဖျောင့်ရွှယ်မှာ စိတ်လှုပ်ရှားသွားပြီး ရင်ထဲတွင် အလွန်ပျော်ရွှင်သွားသည်။

ကျန်းထောင်နှင့် စေ့စပ်ပြီးကတည်းက အမြဲတမ်း သူမကသာ ကျန်းထောင်ကို ဦးဆောင်ရှာဖွေခဲ့ရသည်။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် မြို့တော်တွင် အေးစက်လှပသော ဂုဏ်သတင်းဖြင့် ကျော်ကြားသည့် သခင်မလေးလျန် ဖြစ်သည်။

သို့သော် ကျန်းထောင်ကို သွားရှာတိုင်း သူမသည် အမျိုးသမီးတစ်ဦး၏မာနကို ဘေးဖယ်ထားပြီး မျှော်လင့်ချက်အပြည့်ဖြင့် သွားရောက်ခဲ့သည်။ သူ့ကို မြင်တွေ့ရတိုင်း မိန်းမပျိုလေးတစ်ယောက်၏ ရင်ခုန်သံဖြင့် မျက်လုံးများ အရောင်တောက်နေတတ်သည်။

သို့သော် သူမ မျှော်လင့်ထားသလို ဖြစ်မလာဘဲ ကျန်းထောင်က သူမအပေါ် အမြဲတမ်း အေးစက်နေခဲ့သည်။ တစ်ခါတစ်ရံဆိုလျှင် သူမကို ဧည့်ခံစကားပြောရန်ပင် ပျင်းရိနေတတ်သည်။ ဤအချက်က လျန်ဖျောင့်ရွှယ်ကို နာကျင်စေပြီး ဝမ်းနည်းပက်လက်နှင့် စိတ်ပျက်အားငယ်စေခဲ့သည်။

ယခုမူ ကျန်းထောင်က ဦးဆောင်ဖိတ်ကြားလာသည့်အတွက် စိတ်လှုပ်ရှား ဝမ်းသာမိသော်လည်း သူမ ပြန်လည် တည်ငြိမ်သွားသည်။

သူမသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ "ထောင်ကော... ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်မကို ညစာစားဖို့ ဖိတ်ရတာလဲ"

ကျန်းထောင်၏အသံမှာ အေးစက်နေဆဲပင်။ သူက ပြောလိုက်သည်။ "ကိုယ်တို့ စေ့စပ်ထားတာ ဒီလောက်ကြာပြီ။ ကိုယ် မင်းကို ညစာစားဖို့ တစ်ခါမှ မခေါ်ဖူးဘူး။ ကိုယ် မင်းအပေါ် အားနာလို့ပါ"

ကျန်းထောင်၏စကားကို ကြားသောအခါ လျန်ဖျောင့်ရွှယ်၏ မျက်လုံးအိမ်တွင် မျက်ရည်များ ဝဲလာသည်။ သူမ ချက်ချင်း လက်ခံလိုက်ချင်သည်။ သို့သော် သူမ၏လက်က ဆံပင်ကို စမ်းမိလိုက်သောအခါ ချက်ချင်း သတိဝင်လာလေသည်။

မဖြစ်ဘူး။ သူမ အခုပုံစံနဲ့ ကျန်းထောင်ကို သွားတွေ့လို့ မဖြစ်ဘူး။

သူမ၏ ရုပ်ပျက်ဆင်းပျက်ပုံစံကို ကျန်းထောင်အား အမြင်မခံနိုင်ပေ။

သို့သော် ဤသည်မှာ ကျန်းထောင်က ပထမဆုံးအကြိမ် ဦးဆောင်ဖိတ်ကြားခြင်း ဖြစ်သည်။ ဒီအခွင့်အရေးကို လက်လွတ်မခံချင်ပေ။ ဘယ်လိုလုပ်ရမလဲ။

မဖြစ်ဘူး... ကျန်းထောင်က အစကတည်းက သူမကို မကြိုက်ပေ။ အကယ်၍ သူမ၏ ရုပ်ပျက်ဆင်းပျက်ပုံစံကို မြင်သွားပါက ပို၍ မကြိုက်ဘဲ နေပေလိမ့်မည်။

ပြင်းထန်သော စိတ်ကူးများနှင့် တိုက်ပွဲဝင်ပြီးနောက် လျန်ဖျောင့်ရွှယ်သည် ကျန်းထောင်၏ ဖိတ်ကြားမှုကို ရက်စက်စွာ ငြင်းပယ်လိုက်လေသည်။

သူမအနေဖြင့် နတ်ဘုရား နိုးထလာသည်အထိ စောင့်ရမည်။ သူမ၏ရုပ်ရည်ကို ပြန်လည်ကောင်းမွန်အောင် သူ လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ကျန်းထောင်၏ဖုန်းကို ချလိုက်ပြီးနောက် လျန်ဖျောင့်ရွှယ်သည် ဒေါသတကြီးဖြင့် ဖုန်းကို လွှင့်ပစ်လိုက်ရာ တန်ဖိုးကြီး အနက်ရောင်ဖုန်းလေးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။

"အား..."

သူမ နာကျင်စွာ အော်ဟစ်လိုက်ပြီး ဆံပင်ကို လက်ဖြင့် ဆွဲဖဲ့လိုက်ရာ ဆံပင်တုများ ကျွတ်ထွက်လာပြီး ပြောင်လက်တောက်ပသော ခေါင်းတုံးလေး ပေါ်ထွက်လာသည်။ ဖြူဖွေးနေပြီး ဆံပင်မွှေးတစ်ပင်မှ မရှိချေ။ ဆံပင်ပြန်ပေါက်ရန်လည်း လမ်းစမမြင်ရပေ။

သို့သော် ဤသည်မှာ အကြောက်စရာ အကောင်းဆုံး မဟုတ်သေးပေ။ အကြောက်စရာ အကောင်းဆုံးမှာ အောက်ဘက်ရှိ မျက်နှာပင် ဖြစ်သည်။ ချိုင့်ခွက်များ ထူထပ်နေပြီး မျက်နှာတစ်ခုလုံး ပြည့်နှက်နေသည်။ အဝေးကကြည့်လျှင် ပြဿနာမရှိသော်လည်း အနီးကပ်ကြည့်ပါက ရွံရှာဖွယ် ကောင်းလှသည်။ ယခင်က အေးစက်လှပခဲ့သော မျက်နှာနှင့် ကွာခြားချက်မှာ မိုးနှင့်မြေလိုပင်။

ပြောင်လက်နေသော ခေါင်းတုံးနှင့် ချိုင့်ခွက်များပြည့်နေသော မျက်နှာသည် အလှအပဟူ၍ ရှာမရတော့ဘဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီ။

"အား..." ကြေးမုံပြင်ထဲမှ ပြောင်လက်နေသော ခေါင်းတုံးနှင့် ကျောက်ပေါက်မာပြည့်နေသော မျက်နှာကို မြင်လိုက်ရသောအခါ လျန်ဖျောင့်ရွှယ်သည် စိတ်ပျက်လက်ပျက်ဖြင့် နာကျင်စွာ အော်ဟစ်လိုက်လေသည်။

သူမသည် နားကိုပိတ်၊ ခေါင်းကိုအုပ်ကာ အဆက်မပြတ် အော်ဟစ်နေပြီး ဒေါသ၊ ထိတ်လန့်မှုနှင့် ယုံကြည်မှုမဲ့ခြင်းများကို ဖွင့်ထုတ်နေမိသည်။

ယခင်က အလွန်အေးစက်လှပခဲ့သော အမျိုးသမီးတစ်ဦးသည် ရုတ်တရက် အရုပ်ဆိုးအကျည်းတန်သူတစ်ဦး ဖြစ်သွားခဲ့ရသည်။ ထိုကွာခြားချက်နှင့် စိတ်ဒဏ်ရာကို စဉ်းစားကြည့်နိုင်ပေသည်။

အပြင်ဘက်ရှိ အစေခံများနှင့် သက်တော်စောင့်များသည် အခန်းထဲမှ အရူးတစ်ယောက်လို အော်ဟစ်သံများကို ကြားရသောအခါ အကျင့်ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့လုပ်စရာရှိသည်ကို ဆက်လုပ်နေကြပြီး ဘာမှမမေးရဲ၊ ဘာမှမပြောရဲကြပေ။ သို့မဟုတ်ပါက အနည်းဆုံး ဒဏ်ရာပြင်းထန်စွာ ရနိုင်ပြီး အဆိုးဆုံးမှာ အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် အခန်းထဲရှိ သခင်မလေးသည် တကယ်ပင် အရူးတစ်ယောက် ဖြစ်သွားပြီဟု သူတို့ သိထားကြသောကြောင့် ဖြစ်သည်။

……

ကျန်းထောင်သည် ဖုန်းချလိုက်ပြီးနောက် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီကို ပခုံးတွန့်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "မင်းတို့ကြားတဲ့အတိုင်းပဲ... လျန်ဖျောင့်ရွှယ်က ငြင်းလိုက်တယ်"

ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ : "......"

အမျိုးသမီးတစ်ယောက်၏ ငြင်းပယ်မှုကို ခံရပြီးနောက် ဤမျှပျော်ရွှင်နေသူကို တစ်ခါမှ မတွေ့ဖူးပေ။

ထို့နောက် ကျန်းထောင်က သံသယဖြင့် မေးလိုက်သည်။ "ထျန်းဟောက်... ငါ လျန်ဖျောင့်ရွှယ်ကို ဖိတ်လိုက်ရင် သူက သေချာပေါက် မငြင်းဘူးလို့ မင်း ဘာဖြစ်လို့ ထင်ရတာလဲ"

ကုန်းထျန်းဟောက်က ပြုံးလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ငါက ဒီအတိုင်း စမ်းကြည့်ချင်ရုံပါ"

လျန်မိသားစုက လျန်ဖျောင့်ရွှယ်ကို အလွန်ချစ်ခင်ကြသည်။ လျန်ဖျောင့်ရွှယ်အနေဖြင့် သူမနှစ်သက်သောသူကို လက်ထပ်ခွင့်ရမည်ဟု သခင်ကြီးလျန်က စောစောစီးစီးကတည်းက ပြောကြားထားပြီး ဖြစ်သည်။

ကျန်းနှင့် လျန်နှစ်ဖက်မိသားစု စေ့စပ်ပွဲတွင် လျန်ဖျောင့်ရွှယ်သာ ကျန်းထောင်ကို မနှစ်သက်ပါက ဤလက်ထပ်ပွဲမှာ အောင်မြင်လာမည် မဟုတ်ပေ။

လျန်ဖျောင့်ရွှယ်က ကျန်းထောင်နှင့် စေ့စပ်ရန် သဘောတူခဲ့ခြင်းက သူမသည် ကျန်းထောင်ကို နှစ်သက်နေနိုင်ကြောင်း သက်သေပြနေသည်။

ထို့ကြောင့် ကုန်းထျန်းဟောက်က စမ်းသပ်ကြည့်ချင်ခဲ့ခြင်း ဖြစ်သည်။

ကုန်းထျန်းဟောက်၏ စကားကို ကြားသောအခါ ကျန်းထောင် ဆွံ့အသွားပြီး ပြောလိုက်သည်။ "ဒါကို ဘာများ စမ်းသပ်စရာ လိုလို့လဲကွာ။ ကလေးကစားစရာလည်း မဟုတ်ဘဲနဲ့"

သို့သော် ချက်ချင်းဆိုသလို ကုန်းထျန်းဟောက်၏ မျက်နှာထားမှာ လေးနက်သွားပြီး ပြောလိုက်သည်။ "ထောင်... ငါ အတည်ပြောနေတာ။ ဒီတစ်ခါ မအောင်မြင်ရင် နောက်တစ်ခါ ထပ်ကြိုးစား။ သူ လက်ခံတဲ့အထိပေါ့။ ပြီးတော့ သူလက်ခံပြီဆိုတာနဲ့ ငါ့ကို အသိပေး"

ကျန်းထောင်က သံသယဖြင့် မေးလိုက်သည်။ "ဟောက်... ဘာဖြစ်လို့လဲ" အကြောင်းရင်းမရှိဘဲ လျန်ဖျောင့်ရွှယ်ကို အပြင်ထွက်လာအောင် ချိန်းဆိုခိုင်းပြီး သူတို့ကိုပါ ခေါ်ခိုင်းနေသည်မှာ ထူးဆန်းနေသည်။

ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "ထောင်... ငါ အခုလောလောဆယ် မင်းကို အကြောင်းရင်း ပြောပြလို့ မရသေးဘူး။ ဒါပေမဲ့ ငါပြောနိုင်တာတစ်ခုက ဒါဟာ ငါတို့အတွက် အရမ်းကို အရေးကြီးတယ်"

"......"

ကျန်းထောင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီလေ... ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

"ကျေးဇူးပါကွာ" ကုန်းထျန်းဟောက်က ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ကျန်းထောင်က အချိန်ကို ကြည့်လိုက်ပြီး လင်မယားနှစ်ယောက်ကို ပြောလိုက်သည်။ "ထမင်းစားချိန် ရောက်ပြီ။ ငါတို့ အတူတူ သွားစားကြမလား" သူ့မျက်လုံးများက ရှောင်လင်းယွီကို ကြည့်နေသည်။

ကုန်းထျန်းဟောက်က ချက်ချင်း ငြင်းလိုက်သည်။ "ထောင်ဇီ... အခုလောလောဆယ် ငါတို့ မင်းနဲ့အတူတူ စားဖို့ အဆင်မပြေသေးဘူး။ နောက်တစ်ခါမှ ငါတို့ အချိန်ထပ်ချိန်းကြတာပေါ့"

ကျန်းထောင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပါပြီ"

***

All Chapters