ယင်-ယန် တွဲဖက်စွမ်းအင်ဓားသိုင်း
Vol. 17 Ch. 249
ကျောက်စိမ်းဂိုဏ်း၏ စာကြည့်တိုက်တွင် ရနံ့တစ်ခု သင်း၍ စိတ်ဝိညာဉ်ကို လန်းဆန်းစေ၏။
စာအုပ်ရနံ့တော့ မဟုတ်ဘဲ စာထဲမှ သိမ်မွေ့နက်နဲသော အဓိပ္ပာယ်များကြောင့် ဖြစ်သည်။
သိုင်းစဉ်၊ ကျင့်စဉ်များကို သိမ်မွေ့နက်နဲခြင်းအဆင့်မှ ကောင်းကင်အဆင့်သို့ စီထားပြီး အလွန်တန်ဖိုးကြီးလှ၏။
ကြည့်မိသူတိုင်း လိုချင်ကြသည်။
စာကြည့်တိုက်မှာ (၅) ထပ်ရှိပြီး ပထမအလွှာ၌ အပြင်ဂိုဏ်းနှင့် အတွင်းဂိုဏ်းတပည့်များ သွားလာခွင့်ရှိ၏။
ဒုတိယထပ်သည် အဓိကတပည့်များ၊ ပထမအဆင့်နှင့် ဒုတိယအဆင့် အကြီးအကဲများအတွက် ဖြစ်၏။
တတိယထပ်တွင် အဆင့် (၃) နှင့် အဆင့် (၄) ရှိပြီး (၄) ထပ်မြောက်တွင် အဆင့် (၅) နှင့် အဆင့် (၆) အကြီးအကဲတို့ သုံးသည်။
(၅) ထပ်တွင်မူ ခေါင်းဆောင်တစ်ဦးသာ ဝင်ခွင့်ရှိလေသည်။
ရှန်မိုလည်း တတိယထပ်သို့ တန်းတက်လာခဲ့၏။
ထိုအထပ်တွင် လူသိပ်မရှိနေပေ။
အခန်းထဲကို ဝေ့ကြည့်လိုက်သောအခါ (၅) ယောက်သာ ရှိသည်။
အများစုမှာ သက်လတ်ပိုင်းများဖြစ်ပြီး (၂) ယောက်သည် အလွန် အသက်ကြီးနေလေပြီ။
ငယ်ရွယ်နုပျိုသော ရှန်မို့ကို တွေ့သောအခါ အားလုံး အံ့ဩကုန်ကြ၏။
အချို့ငေးကြည့်၍ အချို့မှာ ရင်းရင်းနှီးနှီး ပြုံးပြသည်။
ထိုအသက်အရွယ်နှင့် တတိယအဆင့် အကြီးအကဲ ဖြစ်နေလျှင် အနာဂတ်မှာ အတိုင်းအဆမဲ့ပင်။
ရှန်မိုလည်း ပြန်ပြုံးပြကာ စာအုပ်စရှာလေသည်။
“ရန်သူတွေကိုရှင်းဖို့ ဓားသိုင်းရှာနိုင်ရင် ကောင်းမယ်”
သူ့တွင် ထိပ်တန်းမြေအဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်သော မီးဓားရှိပြီးလေပြီ။
သို့သော် လက်ရှိ မိုးကြိုးအရိပ်ဓားသိုင်းမှာ အတော်လေး ခေတ်နောက်ကျနေ၏။
ထို့ကြောင့် အဆင့်ကိုက်ညီသော သိုင်းစဉ်တစ်ခု ရချင်၏။
ရှန်မို စာအုပ်စင်အားလုံးကို သေချာ ရှာကြည့်သည်။
“နဂါးစီးဓားသိုင်း”
“ကောင်းကင်နှင့်မြေ ပြောင်းပြန် ဓားသိုင်း”
“ဓား (၉) ချက်သိုင်း”
“…”
တစ်ခုပြီးတစ်ခု ဖတ်ကြည့်ရင်း ဓားသိုင်းများကို တွေးနေသည်။
တစ်ခုနှင့်တစ်ခု သက်ရောက်ပုံ၊ အထူးပြုပုံခြင်း မတူကြချေ။
သို့သော် အတော်များများ လိုက်ကြည့်ပြီးသည့်တိုင်အောင် သူနှင့် လိုက်ဖက်သော သိုင်းကို ရှာမတွေ့သေး။
တစ်ခုခု မှားနေသလို ခံစားရသည်။
ထိုစဉ် တတိယထပ်ဝင်ပေါက်နားမှ ခြေသံအချို့ ကြားရ၏။
ရှန်မို လှည့်ကြည့်လိုက်ပြီး ပြုံးပြရသည်။
အခြားမဟုတ် ယဲ့ယန်ပင်။
ယဲ့ယန်၏အကြည့်များမှာတော့ အရင်အတိုင်း အေးတိအေးစက်။
ရန်သူတော်ကြီးကို ပြန်တွေ့ရသလို ဖြစ်နေသည်။
“ရှန်မို မင်းလည်း ရောက်နေတာကိုး”
ရှန်မို ပြုံး၍
“ခင်ဗျားတောင် လာခွင့်ရှိတာ… ကျွန်တော်က ဘာလို့ မလာရမှာလဲ”
တတိယထပ်မှ အခြားအကြီးအကဲများ အာရုံစိုက်မိသွားကြသည်။
ယန်ချီယဲ့တစ်ယောက် ယဲ့ယန် ငယ်စဉ်တည်းက မွေးမြူခဲ့ကြောင်း တစ်ဂိုဏ်းလုံးသိ၏။
ရှန်မို့ကိုသာ သိပ်မသိကြပေ။
သို့သော် ရှန်မိုဟူသည့်နာမည်မှာတော့ ပျံ့ပြီးသားပင်။
“ဒါက ရှန်မိုဆိုတာပေါ့”
“သု့ကြည့်ရတာ ယဲ့ယန်ထက်တောင် ငယ်သေးတယ်နော်”
“စိတ်ဝင်စားစရာပဲ… နှစ်ယောက်က တည့်ပုံမရဘူး”
“ကျစ် ကျစ်… နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတော့မှာပဲ”
အကြီးအကဲများ အချင်းချင်း တီးတိုးပြောဆိုကာ ရုပ်ရှင်ကြည့်သကဲ့သို့ စိတ်ဝင်စားနေသည်။
လူငယ်များကြားမှ တင်းမာမှုတွင် ဝင်ပတ်သက်လိုစိတ်တော့ မရှိကြချေ။
“မင်းလုပ်လို့ မီးနဂါးက ငါ့ကို မောင်းထုတ်ခဲ့တာ… အဲ့ကိစ္စ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”
ယဲ့ယန် အေးစက်စွာ ပြောလိုက်သည်။
ရှန်မို ခဏမှင်တက်၍ ကြည့်နေပြီးမှ ရယ်မောမိ၏။
အဲ့ကိစ္စလား။
သူ နားလည်ပါသည်။
ထို့နောက် ပြုံး၍
“နောက်လည်း မှတ်ထားရမယ့် ရန်ကြွေးတွေ အများကြီး ထပ်ရှိဦးမှာ… ပျော်ပျော်ကြီး မှတ်ထားပေါ့”
ထိုသို့ပြော၍ ခပ်တည်တည် လျှောက်သွားကာ စာအုပ်စင်ပေါ်မှ ခပ်ပါးပါးစာအုပ်ကို ယူဖတ်နေသည်။
ယဲ့ယန်လည်း သူ့ကို ဆက်မတွေ့ချင်၍ အခန်း၏ အခြားဖက်တွင် စာအုပ်သွားကြည့်၏။
“ဒါ ငါ့အတွက် လိုအပ်နေတဲ့အပိုင်းအစပဲ… ကွက်တိပဲ”
ရှန်မို ရေရွတ်ရင်း သူ့လက်ထဲမှသိုင်းစဉ်ကို အလွန် သဘောကျနေသည်။
ထိပ်တန်းမြေအဆင့် ယင်-ယန် တွဲဖက်စွမ်းအင် ဓားသိုင်း ဖြစ်၏။
ထိုဓားသိုင်းတွင် အဆင့် (၃) ခုသာ ပါသည်။
ပထမအဆင့် တတ်မြောက်ရုံဖြင့် ယန်ဓားချီကိုရရှိပြီး ဒုတိယအဆင့် တတ်မြောက်လျှင် ယင်ဓားချီကို ရရှိမည်။ တတိယအဆင့်တွင် ယင်နှင့်ယန်ကို ပေါင်းစပ်ကာ တွဲဖက်ဓားစွမ်းအင် ရလေပြီ။
ဓားသိုင်းမှာ အလွန်ခက်ခဲပြီး တတိယအဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူ အလွန်ရှား၏။
သို့သော် ရှန်မို ထိုအချက်ကို ဂရုမစိုက်ပေ။ စာထဲမှ လျှို့ဝှက်နည်းဖြစ်သော ပုံစံ (၂) မျိုး စိတ်ဝိညာဉ်ဓားသိုင်းအား ဖန်တီးရန် အာရုံစိုက်နေသည်။
ယင်နှင့်ယန်စွမ်းအင် ပေါင်းစည်းမိလျှင် သိုင်းအင်အားလည်း တိုးတက်လိမ့်မည်ဖြစ်၏။
ထိုလျှို့ဝှက်ရတနာမှာ သိုင်းစဉ်၏ တန်ဖိုးအစစ်ဖြစ်လေသည်။
“ဒီတစ်ခုပဲ”
ရှန်မို စိတ်ထဲမှ တွေးမိ၏။
“သူ ဘာယူလိုက်တာလဲ”
“ကြည့်လိုက်မယ်… ဪ အထင်ကြီးစရာပဲ… ယင်-ယန် တွဲဖက်စွမ်းအင်ဓားသိုင်းပဲ”
“တောက်… လူငယ်ဆိုတော့ တကယ်ထက်တာပဲ… အခက်ဆုံးထဲပါတဲ့သိုင်းကို ကျင့်ရဲတယ်နော်”
“ဟားဟား ငါတို့ငယ်ငယ်တုန်းကလည်း ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ထင်တာပဲမလား… အကုန်လုံး ကြိုးစားပြီး ကျရှုံးမှ တကယ့် ပါရမီရှင်အဆင့်အတွက်လို့ လက်ခံကြတာ… ငါတို့က သာမာန် ပါရမီရှင်လေ… ရှန်မိုလိုလူကမှ အထူးပါရမီရှင်”
“သူက ပြိုင်စံရှားမဟုတ်ရင်တောင် လူတစ်သောင်းမှ တစ်ယောက်ပေါ်တတ်တဲ့သူပဲ… ဒါပေမဲ့ သူ တစ်လအတွင်း အရှုံးပေးပြီး ဒီသိုင်းစဉ်ကို ပြန်လာလဲလိမ့်မယ်လို့ ထင်တယ်”
အကြီးအကဲများ အချင်းချင်း ဆွေးနွေးနေကြပြန်သည်။
ယဲ့ယန်လည်း သူတို့စကားကို လှမ်းနားထောင်ကာ နှာခေါင်းရှုံ့မိသည်။
“ရွေးစရာအများကြီးထဲမှာ အခက်ဆုံးကို ယူသွားတယ်ပေါ့”
မြွေနဂါးတောင်။
ရှန်မို မြွေနဂါးတောင်သို့ ပြန်ရောက်ပြီးနောက် သု မကြာခဏသွားလေ့ကျင့်သော ကွင်းပြင်ဆီ တန်းလာလိုက်သည်။
ပတ်ဝန်းကျင်မှ အပင်များမှာတော့ သူ့သင်ခန်းစာကို နားလည်နေသကဲ့သို့ ထပ်မပေါက်ရဲကြတော့ပေ။
“စလိုက်ကြရအောင်”
ရှန်မို သူ့ကိုယ်သူ အားပေးရင်း စလေ့ကျင့်လေသည်။
(၂) နာရီအတွင်း သိုင်းစဉ်ကို နားလည်ကာ ဓားချီလောကထဲ ရောက်သွားသကဲ့သို့ စီးမျောနေ၏။
သူ့မီးဓားဖြင့် လေ့ကျင့်နေခြင်းဖြစ်ကာ အစပိုင်းတွင် အင်အားလိုအပ်နေသော်လည်း တဖြည်းဖြည်း တိုးတက်လာသည်။
(၂) ရက် (၂) ညအကြာတွင် ရုတ်တရက် အဆင့်တက်သွားတော့၏။
တောက်ပသော ယန်ဓားချီများ ဓားထဲမှ တိုးထွက်ကာ (၃) မီတာဝန်းကျင် ရှည်လေသည်။
တစ်ချက်ခုတ်ရုံဖြင့် မြေကြီးပင် ကွဲသွား၏။
ရှန်မို အံ့ဩစွာငေးကြည့်နေမိသည်။
“ငါက ယန်ဓားချီကို (၂) ရက်တည်းနဲ့ ကျွမ်းကျင်သွားတာ ယုံတောင် မယုံနိုင်ဘူး”
“နောက်တစ်ဆင့်က ယင်ဓားချီ ကျင့်ကြံရမှာပေါ့”