← Chapters

အဆင့် (၅) အကြီးအကဲ၏ တိုကင်

Vol. 17 Ch. 254

အဆင့် (၅) အကြီးအကဲ၏ တိုကင်

Vol. 17 Ch. 254

ရှန်မို သူ့အရှေ့မှ မီးဖိုကြီးကို ငေးကြည့်နေမိသည်။

ယဲ့ယန်၏ ကံကြမ္မာတွင် တွေ့ခဲ့ရသည့်အတိုင်း မီးဖိုကြီးအောက်မှ စွမ်းအင်များ မကြာမီ ပေါက်ထွက်လာတော့မည်။

သေချာကြည့်လေ မတည်ငြိမ်မှုကို ခံစားရလေဖြစ်၏။

သို့သော် အများစုမှာတော့ ပေါက်ကွဲမှုသည် အနည်းဆုံး (၅) နှစ်ခန့်လိုသေးသည်ဟု ယုံကြည်ကြလေသည်။

ထိုအချိန်မှာ မီးတောက်ဆေးတိုက် ပိတ်ထားချိန်ဖြစ်၍ ပေါက်ကွဲလျှင်ပင် အန္တရာယ်မဖြစ်နိုင်ဟု တွေးထားသည်။ တစ်ဖက်တွင် အပူချိန်ကြောင့် မြေအောက်မှရတနာများ ပိုထွက်လာနိုင်သည်ဟုပင် တွေးကြ၏။

ရှန်မို စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ အတွေးများရပ်ကာ ချက်ချင်း မီးဖိုကြီးထဲ ဝင်လိုက်သည်။

ရုတ်တရက်…

အူသံကြီးတစ်ခု ပေါ်ထွက်လာ၏။

သူ ခြေပင်ကောင်းကောင်း မချရသေး အနီရောင်အရိပ် (၂) ခု ထွက်လာပြီး သူ့လည်ပင်အား တိုက်ရိုက် တိုက်ခိုက်လေသည်။

ရှန်မိုမှာ နောက်မဆုတ်ဘဲ တည်ငြိမ်စွာဖြင့် ယင်-ယန်ဓားကိုသာ ဆွဲထုတ်လိုက်၏။

ဝှစ် ဝှစ်!

ရက်စက်သော ဓားချက်ဖြင့် အဆိပ်ပြင်းသည့် မြွေကြီးကဲ့သို့ သားကောင်များအား ရစ်ခွေလိုက်ရာ ချက်ချင်း ထိခိုက်သွားသည်။

အဟွတ် အဟွတ်!

နောက်ဆုံး သွေးများအန်ပြီးနောက် မီးသားကောင် (၂) ကောင်လုံး အသက်မဲ့စွာ လဲကျသွားလေသည်။

ရှန်မို သူ့ဓားကို ခါးမှဓားအိမ်ထဲ ပြန်ထည့်လိုက်၏။

မြေပြင်တွင် မီးဝံပုလွေ (၂) ကောင်၏အလောင်းများ ရှိနေသည်။

သူတို့၏အမွေးများမှာ မီးကဲ့သို့ နီရဲ၍ လှုပ်ရှားမှုတိုင်းမှာ အလွန်လှပ၏။

(၂) ကောင်လုံး အဆင့် (၅) အလယ်အဆင့်များ ဖြစ်ပြီး ထိုကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ မွေးဖွားသောကြောင့် မီးစွမ်းအင်သိုင်းများကို ခံနိုင်ရည် ရှိကြသည်။

အခြားခြေတည်ဝိညာဉ်အဆင့်သာဖြစ်လျှင် ချက်ချင်း လန့်ဖျပ်၍ ထွက်ပြေးပြီးလေပြီ။

ထိုအခါ သေခြင်းတရားကို ရှောင်နိုင်လျှင်ပင် ထိခိုက်ဒဏ်ရာကြီးလိမ့်မည်။

ကံဆိုးစွာဖြင့် သူတို့၏ ပြိုင်ဖက်မှာ ရှန်မို ဖြစ်သွား၏။

ရှန်မိုသည် ကောင်းကင်မီးတောက် ထိပ်တန်းအဆင့် ခန္ဓာကိုယ်ဖြစ်သောကြောင့် အခြား မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမဆို ကျော်လွန်ပါသည်။

သူ့အတွက် အရိပ်ထဲပုန်းနေသော ဝံပုလွေ (၂) ကောင်သည် သာမာန်မျှသာ ဖြစ်၏။

ရှန်မို ဓားဖြင့် သူတို့ဗိုက်ကို ခွဲကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။

“မီးသားကောင်အမြုတေ မရှိပြန်ဘူးပဲ”

“သာမာန်ထက် ရှားတာကိုး”

မီးစွမ်းအင်အမြုတေမှာ မီးသားကောင်များတွင်သာ တွေ့ရတတ်ပြီး အထူးသိပ်သည်းသော စွမ်းအင် ပါဝင်၏။

ထိုရတနာမှာ ရှန်မိုတို့ကဲ့သို့ မီးစွမ်းအင် အခြေခံသော ခန္ဓာကိုယ်များအတွက် အထူးသင့်လျော်လေသည်။

အဂ္ဂိရက်အတွက် လောင်စာကောင်းလည်း ဖြစ်၏။

မီးနတ်ဆိုးသားကောင် အမြုတေတစ်ခုတည်းဖြင့် အခြားသားကောင်အမြုတေ (၃) ခုကို ယှဉ်နိုင်သည်။

သို့သော် အလွန်အင်အားကြီးသော မီးသားကောင်များ၌သာ ပါဝင်တတ်သည်။

ရှန်မို မီးဝံပုလွေများကိုကျော်၍ မီးဖိုကြီးထဲ ဆက်ဝင်လာ၏။

အထဲမှ ဖုန်များ၊ ပြာများအား လေစွမ်းအင်ဖြင့် ရှင်းလိုက်ပြီး သေချာကြည့်သောအခါ အဂ္ဂိရက် (၉) သွယ်ဂိုဏ်း အဆင့် (၅) အကြီးအကဲ၏ တိုကင်ကို တွေ့ရလေသည်။

“ဒါနဲ့ဆိုရင် မီးတောက်ဆေးတိုက်ထဲက ဘာအကာအကွယ်ဖြစ်ဖြစ် စိုးရိမ်စရာ မလိုတော့ဘူး”

ရှန်မို ခဏစဉ်းစားပြီးနောက် တိုကင်ကိုသိမ်းလိုက်သည်။

ထို့နောက် ရှန်မို မီးဝံပုလွေများအား လှမ်းကြည့်မိပြီး အထဲမှသွေးများအပူလွန်ကဲသောကြောင့် ခြောက်သွေ့နေသည်အား သတိထားလိုက်မိသည်။

ယခုအခါ အလောင်း (၂) ခုလုံး ခြောက်ကပ်နေလေပြီ။

ရှန်မို တောက်တစ်ချက်ခေါက်ကာ အံ့ဩသွား၏။

အထဲမှ အပူရှိန်မှာ သူ့အပေါ် မသက်ရောက်သော်လည်း အများစုအတွက် ခက်ခဲစေသည်။

“ဒါပြီးရင် မီးဖို (၅) ကို သွားမှပဲ… အဲ့မှာ မီးဝံပုလွေ အသိုက်ရှိတယ်”

ရှန်မို အမြန်ထွက်လာခဲ့လိုက်သည်။

အကြောင်းအရင်းမှာ အချိန်ဆွဲနေပါက ယဲ့ယန် အရင်ဆုံး အခွင့်အရေးရသွားသောကြောင့်ပင်။

ရှန်မို မီးဖို (၄) မှ ထွက်သွားပြီး နောက်တစ်နေ့၌ အနီရောင်ဝတ်ရုံဖြင့် လူတစ်ယောက် ခပ်အေးအေး ရောက်လာ၏။

ယဲ့ယန် ဖြစ်သည်။

သူလည်း လမ်းတစ်လျှောက်တွင် မီးသားကောင်များစွာနှင့် အကာအကွယ်များကို ကျော်ဖြတ်နေရသောကြောင့် အချိန်ကြာနေခြင်း ဖြစ်သည်။

“ဒီလိုမီးဖိုထဲမှာ ရတနာရှိလောက်တယ်”

သူ ရေရွတ်ရင်း အထဲဝင်သွား၏။

သို့သော် အဝင်ဝနားမှ မီးဝံပုလွေအလောင်းခြောက်များကို တွေ့ကာ မျက်မှောင်ကြုတ်သွားလေသည်။

အထဲမှ အပူရှိန်ကြောင့် မီးဝံပုလွေများ မည်သည့်အချိန်က သေထားသည်ကိုတော့ မခန့်မှန်းနိုင်ချေ။

“ငါလာတာ အဲ့လောက်မနှေးပါဘူး… ဒီကို ပထမဆုံး ရောက်တာ ဖြစ်ရမယ်… ငါ့ထက် အရင်ဦးစရာတော့ မရှိပါဘူး”

ယဲ့ယန် စိတ်ငြိမ်အောင်ထိန်း၍ မီးဖိုထောင့်များပါမကျန် နှံ့နှံ့စပ်စပ် ရှာဖွေလေသည်။

တစ်ရက်ခွဲမျှကြာအောင် ရှာသော်လည်း ဆေးနည်း အပိုင်းအစလေးတစ်ခုသာ တွေ့၏။

“ဒီလောက်ဆိုရင် ဒီအဆင့်အမှတ်လောက်တော့ လဲလို့ရမယ်…”

ယဲ့ယန် သက်ပြင်းချ၍ ခေါင်းယမ်းကာ ပြန်ထွက်လာခဲ့သည်။

မြေပြင်ပေါ်တွင်။

မှောင်မိုက်သော ညကောင်းကင်အောက်၌ လူတစ်ယောက် မီးတောက်ဆေးတိုက်နား ချဉ်းကပ်လာသည်။

သူ ဝင်ပေါက်ဆီသို့ မသွားဘဲ အနောက်ဘက်ခြမ်း တန်းထွက်သွား၏။

“ရှေးဝိညာဉ် မီးတောက်ဆေးတိုက်မှာ တကယ်ပဲ လျှို့ဝှက်လမ်း ရှိတာလား”

ရှောင်ဖန်မှ အံ့ဩတကြီး မေးလိုက်သည်။

သူ့စိတ်ထဲမှ အသံတစ်ခု ပြန်ကြားရ၏။

“မင်း မေ့နေပြီလား… ငါက အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ အကြီးအကဲချုပ် ဖြစ်ခဲ့တာပါ”

“ဒီဆေးတိုက် တည်တောက်ပုံကို အကုန်သိပြီးသား”

“အခုချက်ချင်းတောင် မြေပုံဆွဲပြလို့ ရတယ်”

ရှောင်ဖန် သူ့နဖူးသူရိုက်၍ ရယ်မောကာ

“အာ ဟုတ်သားပဲ”

“အရှေ့ဆက်သွားပြီး ဒုတိယလမ်း တတိယကျောက်တုံး… အဲ့မှာ လက်တက်လိုက်ပြီး ငါသင်ပေးထားတဲ့ နည်းလမ်းသုံးလိုက်”

ရှေးဝိညာဉ်မှ ညွှန်ကြားပေး၏။

ရှောင်ဖန် ခပ်သွက်သွက်သွားကာ ပြောသည့်အတိုင်း လုပ်လေသည်။

ထိုအခါ မကြာမီ ကျောက်နံရံကြီး တိတ်တဆိတ် ကွဲသွားကာ လမ်းကြောင်းငယ်တစ်ခု ပေါ်လာ၏။

လမ်းမှာ အောက်ဘက်သို့ ဆင်းသွားပြီး ကြောက်စရာကောင်းသလို ထင်ရသည်

“ဒီဟာပဲ… မင်း လမ်းထဲဝင်ပြီးရင် မီးဖို (၁၀) ကို တန်းရောက်သွားလိမ့်မယ်… ငါ မှတ်မိသလောက်တော့ အဲ့ဒီမှာ ငါထားခဲ့တဲ့ အကြီးအကဲတိုကင် ရှိဦးမှာပါ”

“အဲ့ဒါနဲ့ဆိုရင် အထဲမှာ စိတ်ကြိုက်သွားလာလို့ ရပြီ”

ရှောင်ဖန် ခေါင်းငြိမ့်ပြကာ

“ကျေးဇူးတင်ပါတယ် ရှေးဝိညာဉ်”

“ကိစ္စမရှိပါဘူး… ဒါပေမဲ့ ငါ တစ်ခုလောက် တောင်းဆိုစရာရှိတယ်… မင်း အဂ္ဂိရက် (၉) သွယ် ကျင့်စဉ်ကို သေချာပေါက်ရမှာ ဖြစ်မှာနော်”

“ဒါက ငါတို့ဂိုဏ်းရဲ့ အခြေခံပဲ… အဲ့ထဲမှာ လျှို့ဝှက်ကျင့်စဉ်တွေ၊ သိုင်းစဉ်တွေ အကုန်ပါတယ်”

“အဲ့ဒါရှိမှ အားလုံး အသစ်က ပြန်စလို့ရမှာ”

“ငါတို့အတူတူ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းကို တည်ထောင်လို့ ရပြီပေါ့ကွာ”

“စိတ်ချပါ ကျွန်တော် အောင်မြင်အောင် ကြိုးစားပါမယ်”

ထို့နောက် ရှောင်ဖန် လမ်းထဲဝင်သွားကာ နံရံကြီးလည်း ပြန်ပိတ်သွားလေ၏။

All Chapters