တခြားသူတွေလည်း သိပ်မရကြလို့ တော်ပါသေးတယ်
Vol. 17 Ch. 255
(၇) ရက်အကြာ၊ မီးဖို (၅) အနီးတွင်။
ဝေါင်း!
အော်ဟစ်သံကြီးတစ်ခု ထွက်လာပြီး ခန္ဓာကိုယ်ကြီးတစ်ခု ယိုင်လဲကျသွား၏။
ရှန်မိုမှာ အဖြူအနက်ဓားကို ကိုင်လျက် မီးဝံပုလွေ အလောင်းများအလယ်တွင် တည်ငြိမ်စွာ ရပ်နေသည်။
ထိုသားကောင်များအား သတ်ဖြတ်ရန် ရှန်မို့အတွက် အရမ်း အားမထုတ်လိုက်ရပေ။
အဆင့် (၅) ထိပ်တန်း ဝံပုလွေဘုရင်ပင် ရှန်မို့ကို မယှဉ်နိုင်ပါ။
ဓားချက်အနည်းငယ် သုံးပြီးနောက် ချက်ချင်း အသတ်ခံလိုက်ရ၏။
ထို့နောက် ရှန်မိုမှာ မီးဝံပုလွေများ၏ အလောင်းများကို တစ်ခုချင်း ဖွင့်ကြည့်လေသည်။
သို့သော် ဝံပုလွေဘုရင်ဗိုက်ထဲတွင်သာ လက်မအရွယ်ခန့် မီးသားကောင်အမြုတေကို တွေ့ရ၏။
အခြားအကောင်ငယ်များတွင် အမြုတေ အမျှင်မျှပင မတွေ့ရချေ။
အထဲတွင် အခြားသားကောင် အပိုင်းအစများ၊ လူသားအရိုးများသာ ရှိနေသည်။
ထိုအရိုးများမှာ ဟိုးအရင်က ဝင်ခဲ့သော အကြီးအကဲများမှ ဖြစ်နိုင်သည်။
ရှန်မို မီးဖိုထဲ သေချာထပ်ရှာရင်း ထောင့်နား၌ သိုလှောင်လက်စွပ်တစ်ခု တွေ့ရ၏။
အထဲတွင် အဆင့် (၅) မီးသားကောင်အမြုတေနှင့် အဆင့် (၄) မီးသားကောင် အမြုတေ (၆) ခုတို့ ရှိနေသည်။
“ဪ… ဒီမှာ ကြယ်ပွင့်သဲရှိနေတာလား”
မီးဖိုထောင့်တွင် သဲတစ်ပုံ တွေ့လိုက်သည်။
ကြယ်ပွင့်သဲမှာ ရှားပါးသော သတ္ထုပုံစံတစ်မျိုးဖြစ်ပြီး ကြယ်အလင်းရောင်များကို များစွာ စုပ်ယူထား၏။
ထိုသတ္ထုဖြင့် အဂ္ဂိရက်သာမက လက်နက်များလည်း ပြုလုပ်နိုင်သည်။
အရင်က မီးတောက်ဆေးတိုက်ထဲ သိမ်း၍ ရောင်းဝယ်ခြင်း ပြုလုပ်သော်လည်း ဂိုဏ်းပျက်စီးပြီးနောက် ပျံ့ကျဲ ပျောက်ကွယ်ကုန်သည်။
အရင်ဝင်ဖူးသော အကြီးအကဲ အတော်များများ ယူထားပြီး၍ ကုန်သလောက်ရှိနေပြီး ယခုလို အပူချိန်မြင့်သည့်နား၌ ထပ်တွေ့ရသည်မှာ အံ့ဩစရာပင်။
“ဒီအခွင့်အရေးကတော့ လုံးဝ ငါ့အတွက်ပဲ… ယဲ့ယန်တောင် ရှာမတွေ့ဘူး”
သူ ကျေနပ်စွာဖြင့် အကုန် သိမ်းထားလိုက်သည်။
ကြယ်ပွင့်သဲများမှာ စိတ်ဝိညာဉ်လက်နက်များ ပြုလုပ်ရန် အလွန်အသုံးဝင်၏။
“မီးတောင်ဆေးတိုက်ထဲက ရတနာ (၃) ခု: မီးသားကောင် အမြုတေ၊ ကြယ်ပွင့်သဲ၊ သွေးနီပန်း”
“အခု ထပ်ရှာဖို့ သွေးနီပန်းပဲ ကျန်တော့တယ်”
ရှန်မို ပြန်တွေးနေ၏။
သူ ရှာထားသည့်ထဲတွင် မီးသားကောင်အမြုတေမှာ အမှတ်အများဆုံး ရနိုင်သည့်ရတနာဖြစ်သော်လည်း သွေးနီပန်းမှာတော့ ထူးခြားပါသည်။
ထိုပန်းကို မွမ်းမံရုံဖြင့် ပုံရိပ်ငယ်ကို ကျယ်ပြန့်စေသည်။
ကျင့်ကြံသူတိုင်း ကြီးမားသော ပုံရိပ်ငယ်ကိုသာ လိုလား၏။
ထိုအခါမှ စိတ်ဝိညာဉ်စွမ်းအင်များစွာကို သိုလှောင်ထားနိုင်မည် ဖြစ်သည်။
တခါတရံ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ပိုရှိရုံဖြင့် သေရေးရှင်ရေးအခြေအနေကို ကျော်ဖြတ်နိုင်၏။
ထို့ကြောင့် သွေးနီပန်းမှလည်း အရေးကြီးလှသည်။
မည်သည့်နေရာတွင်မဆို ဈေးကောင်းရနိုင်၏။
“ဒါပြီးရင် မီးဖို (၈) ကို သွားရမယ်… လွန်ခဲ့တဲ့ အနှစ် (၅၀) က အကြီးအကဲတစ်ယောက်က သူ့သိုလှောင်လက်စွပ်ကို မြှုပ်ထားတယ်တဲ့… သူ သေခါနီးမှန်း သိသွားတော့ သူ့မျိုးတက်ပဲ ယူလိုက်နိုင်အောင်ဆိုပြီး”
“ဒါပေမဲ့ နှစ် (၅၀) ကြာတဲ့အထိ သူ့မျိုးဆက်က ရှာမတွေ့ဘူးဆိုတော့ သူလည်း ကံနည်းတယ် ထင်ပါတယ်”
“လက်စွပ်ထဲမှ အဆင့် (၄) မီးသားကောင် အမြုတေ (၅၂) ခုတောင် ပါတယ်တဲ့… ငါ လွတ်သွားလို့ မဖြစ်ဘူး”
ရှန်မို ချက်ချင်း ဆက်ထွက်လာခဲ့သည်။
သွေးနွယ်ဂူထဲတွင် ရှိစဉ်ကကဲ့သို့ မီးတောက်ဆေးတိုက်၏ အတွင်းနှင့် အပြင်ပိုင်းကြားတွင် နားနေဆောင်များ ထားသည်။
ကျင့်ကြံသူများမှာ ထိုနေရာ၌ ရတနာများ ရောင်းဝယ် လဲလှယ်ရင်း ခရီးဆက်နိုင်လေသည်။
အတွင်းပိုင်း ပိုနက်လာလေ အင်အားကြီး သားကောင်များနှင့် အကာအကွယ်များ များလာသည်။
တော်ရုံအင်အားဖြင့် ဆက်မသွားရဲပေ။
(၂) လအကြာ၊ နားနေဆောင်။
ယဲ့ယန် လေးလံသောခြေလှမ်းများဖြင့် ဝင်လာ၏။
သူ ရှာဖွေနေသည့် ရက်များအတွင်း အဆင့် (၄) မီးသားကောင်အမြုတေ (၂) ခု၊ ကြယ်ပွင့်သဲ အနည်းငယ်နှင့် သွေးနီပန်းတစ်ပွင့်သာ ရသေးသည်။
အများအားဖြင့် သားကောင်အုပ်စုကြီးများ ကြုံသောအခါ ရှောင်ပုန်းနေရသည်က များ၏။
အသက်ဘေးကျရောက်နိုင်သည့် အခြေအနေမှာ တစ်ခါထပ်မနည်းပေ။
သူ ငယ်စဉ်တည်းက ကြုံခဲ့သော ကံကောင်းခြင်းများ အားလုံး မီးတောက်ဆေးတိုက်ထဲတွင် ပျောက်ကွယ်သွားပြီလား။
သူရောက်သည့်နေရာတိုင်း အရှေ့တွင် တစ်ယောက်ယောက် အရင်ဦး၍ အားလုံးယူသွားသည်ဟု ခံစားနေရ၏။
ယဲ့ယန် ခေါင်းယမ်းကာ အတွေးများ ပြန်ဖျောက်လိုက်သည်။
မဖြစ်နိုင်တာ။
သူ့အခွင့်အရေးက မည်သူက ကြိုသိနိုင်မည်နည်း။
သူ စိတ်တည်ငြိမ်အောင်ထိန်း၍ အထဲဝင်လာခဲ့သည်။
ရောက်ရောက်ချင်း ဆူညံသံအချို့ကို တန်းကြားရသည်။
“ရောင်းမယ်နော်… သွေးနီပန်းရယ် အဆင့် (၄) မီးသားကောင် အမြုတေ (၃) ခုရယ် ရှိပါတယ်… မြန်မြန်လာမှ ရပါမယ်”
“သတင်းတစ်ခု ပြောပြပါမယ်… မီးတောဝက်အသိုက် ရှိတဲ့နေရာ ကျွန်တော် သိထားတယ်နော်… အသေးစိတ် သိချင်ရင် ဒီအမှတ် (၅) မှတ်နဲ့ လာလဲလို့ ရပါတယ်”
“အားလုံးပဲ မီးဖို (၆) က ပေါက်ကွဲတော့မယ်… ဝေးဝေးနေကြပါ”
ယဲ့ယန် ထိုအသံများကြောင့် ပိုစိတ်တိုလာသည်။
သူ့တွင် ထပ်ရောင်းစရာ မရှိချေ။
ထို့နောက် ထောင့်နားမှ အကြီးအကဲအချို့ အကြိတ်အနယ် ပြောဆိုနေသည်ကို သတိထားမိ၏။
သူတို့ အသံကျယ်ကျယ် ပြောနေခြင်း မဟုတ်သော်လည်း ဂရုစိုက်နားထောင်လျှင် ကြားရလောက်သည်။
“ဒီတစ်ခါ အမြုတေ ဘယ်လောက်ရလဲ”
“မေးမနေပါနဲ့တော့… (၆) ရက်လောက် ဆက်တိုက်ရှာတော့ သားကောင်ကြီးတွေ တွေ့ပေမဲ့ မယှဉ်နိုင်ဘူး… နောက်ဆုံး အဆင့် (၄) မီးသားကောင် အမြုတေ (၁) ခုပဲ ရတယ်”
“ကျွန်တော်ရောပဲ… ဒီနှစ် သားကောင်တွေက ပိုအင်အားကြီးလာသလိုပဲ”
“တာဝန်ကျ အကြီးအကဲပြောတာတော့ မီးဖိုတွေ မတည်ငြိမ်လို့ ပေါက်ကွဲနိုင်တယ်ဆို… အဲ့ဒါကြောင့် သားကောင်တွေပါ အင်အားကြီးလာတာ ထင်တယ်”
“ခင်ဗျားရော ဘယ်လိုလဲ”
“မကောင်းပါဘူး… စိတ်ညစ်စရာပဲ”
“ဒီတလော စိတ်ထဲလည်း တစ်မျိုးပဲ… ဆိုးဆိုးဝါးဝါးတွေ မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”
“ဟုတ်တယ်… ကျွန်တော် တွေ့တဲ့အကောင်တွေပဲ အင်အားကြီးတယ် ထင်နေတာ… အကုန် ဖြစ်ကြတာပဲ”
ထိုအကြောင်းများကြားသောအခါ ယဲ့ယန် အနည်းငယ် စိတ်အေးသွား၏။
ရတနာများများ မရသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။