ငါ့ဟာရော
Vol. 17 Ch. 242
ရေစပါးကြီးမြွေမှာ တုန်ရီ၍ ကြီးမားသော သတ္တဝါကြီးအား ငေးကြည့်နေ၏။
သူ့ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ အင်အားကြီးအခြေအနေမျိုးကို မတွေ့ဖူးပေ။
မီးနဂါးကြီးမှာလည်း ထိုအမူအရာလေးကိုကြည့်ကာ အသည်းယားနေပုံ ပေါ်၏။
ယဲ့ယန် ထိုမြင်ကွင်းကိုကြည့်ရင်း ကျေနပ်နေသည်။ သူ့အစီအစဉ် အောင်မြင်သွားပြီဟု ခံစားရ၏။
ထိုစဉ် မီးနဂါးကြီး ခေါင်းမော့၍ ထဟိန်းဟောက်လိုက်သည်။ ကြောက်စရာ အသံနက်ကြီးကြောင့် ဂိတ်ပေါက်တွင်စောင့်နေသည့် အစောင့်များပင် နားမလည်နိုင် ဖြစ်နေကြသည်။
ပုံမှန်အားဖြင့် နဂါးကြီး၏ ဟိန်းဟောက်သံမှာ စိတ်ရှုပ်ထွေး ဝမ်းနည်းနေသည်နှင့်တူပြီး ယနေ့တွင်တော့ စိတ်တက်ကြွစွာဖြင့် ကောင်းကင်ယံကို ပျံတက်တော့မလို အော်ဟစ်ခြင်း ဖြစ်သည်။
နဂါးကြီးမှာ စိတ်ကိုပြင်ဆင်၍ ရှေ့တိုးရန် တွေးလိုက်စဉ် ရုတ်တရက် အောက်ဘက်၌ တစ်ခုခုထူးဆန်းနေသည်ကို ခံစားမိ၏။
သူ ချက်ချင်းငုံ့ကြည့်လိုက်သည်။
“သွားပြီ… ငါ့ဟာရော… ဘယ်မှာလဲ”
ချက်ချင်းပင် စိတ်လှုပ်ရှားနေသည့်အမူအရာ ပျောက်ကွယ်၍ စိတ်ဓာတ်ကျသွား၏။
“ထားလိုက်ပါ ထားပါတော့”
မီးနဂါးကြီး ခပ်တိုးတိုး ရေရွတ်မိလေသည်။
“ကြည့်ရတာ ဒီဘဝမှာ ငါ့သွေးသား ထပ်မချန်နိုင်တော့ဘူး ထင်ပါတယ်”
ထိုအချိန်တွင် ရေစပါးကြီးမြွေသည် မီးနဂါး၏ ရင်ခွင်ထဲသို့ အားလျော့စွာ လဲကျသွားသည်။
အပြာရောင်ပန်းပွင့်လေးကို ပိုက်ထားသည့်တိုင် မထူးခြားလာသောကြောင့် မီးနဂါးကြီး ပိုဒေါသထွက်ကာ
“မင်း ငါ မျိုးမပွါးနိုင်တာကိုသိလို့ ရေစပါးကြီးမြွေကို တမင်ခေါ်လာတာမလား… ငါ့ကို လာလှောင်နေတာလား”
သူ အားအင်အပြည့်ဖြင့် မှုတ်ထုတ်လိုက်သောကြောင့် ယဲ့ယန်ရော၊ စပါးကြီးမြွေပါ လွင့်ထွက်သွားသည်။
“ထွက်သွားကြ… အားလုံး သွားကြကွာ”
မီးနဂါးကြီးမှ နောက်ထပ် မြေထုတုန်ခါနိုင်လောက်အောင် ဟိန်းဟောက်လိုက်သည်။
ထိုအသံကြောင့် ကျောက်စိမ်းဂိုဏ်းတစ်ခုလုံးပင် လန့်သွား၏။
ရေစပါးကြီးမြွေမှာ နားမလည်နိုင်စွာဖြင့်
“ကျွန်မကို ဒီအထိခေါ်လာပြီးမှ ပြန်တော့လို့ ပြောမှာလား”
ယဲ့ယန်လည်း မှင်တက်စွာဖြင့်
“ခင်ဗျားအတွက် ဒီရေစပါးကြီးမြွေကို ခက်ခက်ခဲခဲ ခေါ်လာခဲ့တာလေ… နောက်ဆုံးအချိန်မှ စိတ်ပြောင်းပြီး ကန်ထုတ်တာလား… ဘာဖြစ်ချင်နေတာလဲ”
သာမာန်လူသားပင် စိတ်ခံစားချက်ရှိသည်ကို ယဲ့ယန်မှာ ထိပ်တန်းပါရမီရှင်ဖြစ်၍ ထိုကဲ့သို့ ရှက်စရာကောင်းသော အခြေအနေကို လုံးဝ သည်းမခံနိုင်ပေ။
ထို့နောက် သက်ပြင်းချကာ ရေစပါးကြီးမြွေအား သားကောင်အိတ်ထဲ ကောက်ထည့်၍ ထွက်သွားတော့၏။
အစောင့် (၂) ဦးမှာ ပို၍ အံ့ဩနေသည်။
ဘာတွေဖြစ်သွားမှန်းပင် မသိလိုက်ပါ။
“အကြီးအကဲယဲ့ ပျော်ပျော်ရွှင်ရွှင် ရောက်လာပြီးမှ ရုတ်တရက် ဒေါသတွေထွက်ပြီး ပြန်သွားတာလဲ”
…
တောင်ထိပ် (၂)။
အလင်းတန်းတစ်ခု တောင်ပေါ်သို့ ကျရောက်လာသည်။
ယဲ့ယန်မှာ ရေခဲကဲ့သို့ အေးစက်သော အမူအရာ ဖြစ်နေ၏။
မလှမ်းမကမ်းတွင် အကြီးအကဲ (၂) ယန်ချီယဲ့သည် အကြီးအကဲ (၄) နှင့် စကားပြောလျက် ရှိသည်။
အကြီးအကဲ (၄) မှ
“… အကြီးအကဲယန် ကျွန်တော်ကြားတာတော့ ဒီတလော ဆေးမြစ်ဂိုဏ်းက ရှေးအဂ္ဂိရက်နည်း (၂) ခုကို ရသွားတယ်တဲ့… သန့်စင်တဲ့ ခြေတည်ပြောင်းလဲခြင်းဆေး ထုတ်နေကြပြီ… သူတို့သာ အောင်မြင်သွားရင် ကျွန်တော်တို့ ကျောက်စိမ်းဂိုဏ်းရဲ့ အဂ္ဂိရက်ဈေးကွက်ကို လုံးဝ ယူသွားတော့မှာပဲ”
ယန်ချီယဲ့ သက်ပြင်းချကာ
“ဟုတ်တယ်… ဒီဆေးကို ဘယ်ဂိုဏ်းမှ မအောင်မြင်သေးဘူး… ဆေးမြစ်ဂိုဏ်းကသာ ရသွားရင်…”
အကြီးအကဲ (၄) ခေါင်းယမ်း၍
“ဒီအတိုင်းဆိုရင် အဂ္ဂိရက်လည်း သားကောင်ထိန်းချုပ်ရေး လမ်းနောက်လိုက်ပြီး တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတာပဲ… ဘယ်လိုလုပ်ကြမလဲ”
ယန်ချီယဲ့မှ
“တွေဝေတုံ့ဆိုင်းနေတာတွေက ပျက်စီးခြင်းပဲတဲ့… ဟိုးအရင်တည်းက ဒီဌာန (၂) ခုလုံး ဖြုတ်လိုက်ရင် လက်နက်တည်ဆောက်ရေးမှာ အာရုံစိုက်လို့ရတယ်”
“အခုတော့ ရှန်မိုလိုလူက ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး ငါ့အစီအစဉ်တွေအကုန် ဖျက်ဆီးလိုက်တာပဲ… ခေါင်းဆောင်ကလည်း အရမ်း စိတ်ပျော့တာ… သားကောင်ထိန်းချုပ်ရေးမှာ အရင်လို ရွှေခေတ် ပြန်ရောက်နိုင်မယ်လို့ ထင်နေတုန်းပဲ”
ယန်ချီယဲ့ နှာခေါင်းရှုံ့ကာ ပြော၏။
“ဟင် ဒါ ခင်ဗျားတပည့် ယဲ့ယန်မလား”
အကြီးအကဲ (၄) မှာ အေးစက်စက် အမူအရာဖြင့် ရောက်လာသူကိုတွေ့ကာ ပြော၏။
ထို့နောက် ရယ်မော၍
“ရေစပါးကြီးမြွေအကြောင်း သတင်းကောင်း ပြောဖို့နဲ့ တူတယ်”
သို့သော် ယဲ့ယန်၏ အမူအရာကို သူမရင်းနှီးသောကြောင့် စိတ်အခြေအနေ ကောင်းမကောင်းကို မခန့်မှန်းနိုင်ခြင်း ဖြစ်၏။
ယန်ချီယဲ့မှာတော့ သူ့တပည့် ပျော်မနေကြောင်း သတိထားမိလေသည်။
သို့သော် မည်သည်က မှားနေမှန်းတော့ မသိချေ။
ရေစပါးကြီးမြွေဖြင့် မျိုးမအောင်သည့်တိုင်အောင် အနည်းဆုံး ယဲ့ယန်အပေါ် အကောင်းမြင်ပေမည်။ မည်သို့ပင်ဖြစ်စေ လုံးဝရှုံးစရာမရှိသော အခြေအနေပင်။
အကြီးအကဲ (၄) မှ ပြုံး၍ စနှုတ်ဆက်လိုက်၏။
“ယဲ့ယန် ဂုဏ်ယူပါတယ်ကွာ… အစောင့်အရှောက်ရဲ့ ယုံကြည်မှုကို ပိုရသွားပြီ… ဘယ်ပြောလို့ရမလဲ နောက်ဆို ခေါင်းဆောင်အသစ် ရွေးတဲ့အခါ အစောင့်အရှောက်က မင်းကို ထောက်ခံရင် ထောက်ခံမှာပေါ့”
ယန်ချီယဲ့ ကျေနပ်နေသည်။
သူ့တပည့် ခေါင်းဆောင်ဖြစ်လျှင် သူသည် ခေါင်းဆောင်၏ ဆရာ ဖြစ်လေပြီ။
သို့သော် ယဲ့ယန်၏ အေးစက်စက်အမူအရာမှာ ပို၍ သုန်မှုန်လာ၏။
“အကြီးအကဲ (၄) တော်ပါတော့ဗျာ”
အကြီးအကဲ (၄) မှာ စွံ့အ၍ နားမလည်နိုင် ဖြစ်သွားသည်။
ယန်ချီယဲ့လည်း မျက်မှောင်ကြုတ်ကာ တစ်ခုခု တကယ်မှားနေမှန်း သိလိုက်သည်။
“ခင်ဗျား ပြန်နှင့်လိုက်တော့လေ”
သူ အကြီးအကဲ (၄) အား အချက်ပြကာ ပြောလိုက်သည်။
“ကျွန်တော် ယဲ့ယန်နဲ့ စကားပြောလိုက်ဦးမယ်”
“ကောင်းပါပြီ”
သူပြန်သွားသောအခါ ယန်ချီယဲ့ အသံခပ်တိုးတိုးဖြင့်
“ယဲ့ယန် ဘာတွေဖြစ်တာလဲ”
ယဲ့ယန် သက်ပြင်းချ၍ ယန်ချီယဲ့အား လှမ်းကြည့်၍
“ဆရာ မီးနဂါးကြီး ကျွန်တော့်ကို စော်ကားတယ်”
“ကျွန်တော်က ရေစပါးကြီးမြွေ ယူသွားပေးတာကို ကျေးဇူးမတင်တဲ့အပြင် ရိုင်းရိုင်းစိုင်းစိုင်းပြောပြီး မောင်းတောင်ထုတ်သေးတယ်… ဒီလိုအရှက်ခွဲတာကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ”
ယဲ့ယန်ပြောနေရင်း ဒေါသသံ ပါလာ၏။
သူ့ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ ဆက်ဆံမခံရဖူးပေ။
ယန်ချီယဲ့ မျက်မှောင်ကြုတ်၍
“ဘယ်လိုလုပ်ပြီးတော့လဲ”
သူ မီးနဂါးကြီး၏စိတ်ကို ကောင်းကောင်း သိပါသည်။
စကားပြောကြမ်း၍ ခြိမ်းခြောက်တတ်သော်လည်း တစ်ခါမှ ထိုသို့ မဆက်ဆံဖူးပေ။
“တစ်ယောက်ယောက်က မင်းမကောင်းကြောင်းတွေ ပြောထားလို့များလား”
ယန််ချီယဲ့စကားကြောင့် ယဲ့ယန် တစ်ခုခု တွေးမိသွားပြီး
“ကျွန်တော် သိထားသလောက် ရှန်မို ဒီတစ်လော ခဏခဏ လာတွေ့တယ်တဲ့… သူနဲ့ အဆင်ပြေနေကြပုံပဲ”
“ဘာ”
ယန်ချီယဲ့ အကြည့်များ စူးရှလျက်
“မင်းကို အဲ့ဒါကြောင့် ဒီလိုဆက်ဆံတာပေါ့… ရှန်မို ပြောထားတာတွေကို ယုံနေပုံပဲ”
“ဒီကောင်လေးက ထင်ထားတာထက် လည်တယ်”
ယန်ချီယဲ့ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်ဖြင့် စိတ်လှုပ်ရှားနေသည်။
ယဲ့ယန်လည်း ပိုဒေါသထွက်လာ၏။
ရှန်မိုသာ မီးနဂါးကြီး၏ ယုံကြည်မှုရသွားလျှင် သူ့အတွက် အားနည်းသွားတော့မည်။
ရှန်မိုနှင့် ခေါင်းဆောင်တို့ ရင်းနှီးနေသည်မှာလည်း အန္တရာယ်များ၏။
သူ ယင်တစ္ဆေထံမှ ယင်ပုလဲလုစဉ်က ရတနာရလျှင် အားလုံးကို သတ်ပစ်မည်ဟု တွေးထားသော်လည်း ရှန်မိုပါနေ၍ အစီအစဉ်အားလုံး ပျက်စီးခဲ့ရသည်။
ထိုကိစ္စကို ရှန်မိုတစ်ယောက် လီကျန်ထောင်းအား ပြောပြလိုက်လျှင် နောက်ဆက်တွဲမှာ ရှုပ်လာပေမည်။
ယဲ့ယန် သက်ပြင်းချ၍
“ဆရာ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
သူ့အမူအရာမှာ လေးနက်လွန်းသည်။
ယန်ချီယဲ့ ခေါင်းယမ်းကာ
“အဲ့လောက်လည်း မစိုးရိမ်ပါနဲ့… ရှန်မို မီးနဂါးကို ဘယ်လောက်ဖားဖား ဟိုဘက်က သူ့ကို သိရုံလောက်ပဲ ရှိမှာ”
“နဂါးဥ ယူလာနိုင်တာမျိုးမှမဟုတ်ရင် မင်းထက်ပိုပြီး ယုံကြည်လာမှာ မဟုတ်ဘူး”