ဆေးနည်းသစ်များ
Vol. 17 Ch. 243
ယန်ချီယဲ့စကားကြောင့် ယဲ့ယန် အနည်းငယ် စိတ်ပြန်ငြိမ်သွားသည်။
ယန်ချီယဲ့ပြောတာလည်း မှန်ပါသည်။
သူပင် မီးနဂါးထံမှ ယုံကြည်မှုရရန် ကြိုးစားနေဆဲဖြစ်၍ ရှန်မို အခုမှ ချက်ချင်း မည်သို့ကျော်နိုင်မည်နည်း။
“ယဲ့ယန် မင်း ရှန်မို့ကြောင့်နဲ့ စိတ်ညစ်မနေနဲ့… သူက ပိုးစုန်းကြူးအလင်းလောက်ပဲ အဆင့်ရှိတာ… မင်းက နေလိုလလို အလင်းရောင်လေ”
“ခဏတာ လွှမ်းမိုးတော့ရော ဘာဖြစ်လဲ… နောက်ဆုံးမှာ မင်းက ရယ်နိုင်မယ့်သူလေ”
“မင်းမှာ နေရည်မီးတောက် ခန္ဓာကိုယ်ရှိပြီး ထိပ်တန်း ကောင်းကင်အဆင့်ပဲ… မင်းအနာဂတ်က အတိုင်းအဆမရှိ အောင်မြင်ဦးမှာ”
ယန်ချီယဲ့ အားပေးလိုက်၏။
“ဆုံးမပေးတာ ကျေးဇူးတင်ပါတယ် ဆရာ”
ယဲ့ယန် ဦးညွှတ်ကာ ပြောသည်။
ယန်ချီယဲ့လည်း ကျေနပ်စွာ ခေါင်းငြိမ့်၍
“အခုတော့ ကျင့်ကြံမှုပဲ အာရုံစိုက်ထား… ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးရောက်အောင် အမြန် လုပ်ရမယ်… ငါလည်း လိုအပ်တာတွေ စီစဉ်ပေးပါမယ်… အဲ့ဒါနဲ့ဆို (၂) နှစ်အတွင်း တတိယအဆင့် အကြီးအကဲ ဖြစ်ပြီ”
“အဲ့ဒါဆို မီးတောက်ဆေးတိုက်လည်း ဝင်ခွင့်ရပြီ”
ယဲ့ယန် ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်၏။
မီးတောက်ဆေးတိုက်သည် ကျောက်စိမ်းဂိုဏ်းထဲတွင် ထိန်းချုပ်ထားသည့် နေရာ (၃) ခုထဲ ပါဝင်သည်။
အရင်က ဆေး (၉) သွယ်ဂိုဏ်းလက်အောက်တွင် ရှိစဉ် အဂ္ဂိရက်ဌာနအတွက် မြင့်မြတ်သောနယ်မြေ ဖြစ်ခဲ့၏။ ထိုနေရာတွင် သဘာဝမီးဓာတ်ကြွယ်ဝပြီး အပူချိန် အလွန်မြင့်သည်။ ထို့အပြင် အခြားနယ်မြေများတွင်ပါ အကြီးအကျယ် ဆေးများ ထုတ်လုပ်သေး၏။ သို့သော် တိုက်ပွဲကြီး၌ အားလုံးပျက်စီးကာ (၂) နေရာသာ ကျန်ခဲ့သည်။ တစ်ခုကို ကျောက်စိမ်းဂိုဏ်းမှ ယူ၍ တစ်ခုမှာ ဆေးမြစ်ဂိုဏ်းလက်အောက် ပါသွားသည်။
မီးတောက်ဆေးတိုက်ထဲ၌ ရှေးဆေးဖော်နည်းများ၊ ပစ္စည်းများ စသဖြင့် စုံလင်၏။
အချို့ချောင်ကျသော နေရာမျိုးတွင် မြေအဆင့် နှစ်ပေါင်းသိန်းချီသော ဆေးများပင်ရှိသည်ဟု ဆိုကြ၏။
ရှာတွေ့နိုင်ရန်မှာတော့ ကံကြမ္မာနှင့် အားထုတ်မှုအပေါ် မူတည်သည်။
ဆေးနည်းအပိုင်းအစငယ်လေး တစ်ခုနှင့်ပင် ဂိုဏ်ရအတွက် အကျိုးရှိအောင် ထုတ်လုပ်နိုင်သည်။
ယန်ချီယဲ့ သက်ပြင်းချကာ
“မီးတောက်ဆေးတိုက်ထဲမှာ သန့်စင်တဲ့ ခြေတည်ပြောင်းလဲခြင်းဆေး ရှိတယ်လို့ ပြောကြတယ်… ဒါပေမဲ့ ငါတို့ရှာတာတော့ ဘယ်မှာမှ မတွေ့ဘူး”
“ဆေးတိုက်က (၁၀) နှစ်တစ်ကြိမ် ပွင့်တာ… ဒီတစ်ခေါက်မှာ တတိယကနေ သတ္တမအဆင့် အကြီးအကဲတွေကိုပဲ ဝင်ခွင့်ပေးမှာ”
“အဆင့် (၇) အကြီးအကဲက ငါ့လူပဲ… မင်းကို ကူညီပေးလိမ့်မယ်”
“ယဲ့ယန် မင်းရဲ့ကံကြမ္မာက သာမာန်မဟုတ်ဘူး… ဒီဆေးညွှန်းကို ရှာတွေ့နိုင်တယ်”
ယဲ့ယန် ခေါင်းငြိမ့်ပြ၏။
သူသာ ထိုကဲ့သို့ ရှားပါးဆေးရတနာကို တွေ့လျှင် ကျောက်စိမ်းဂိုဏ်း၌ အမှတ်များစွာ ရလိမ့်မည်။
ထိုအောင်မြင်မှုဖြင့် အဆင့် (၄) အကြီးအကဲအထိ တက်နိုင်ပါသည်။
“ဆရာ ကျွန်တော်လည်း အဲ့ဒီကောလာဟလ ကြားပါတယ်”
ယဲ့ယန် ပြန်ဖြေလိုက်သည်။
“ဆေးတိုက်ထဲမှာ ထိုက်ရိမီးတောက်ဆေးလည်း ရှိတယ်တဲ့”
ယန်ချီယဲ့ စိတ်ပျက်လက်ပျက်ဖြင့်
“ထိုက်ရိမီးတောက်ဆေးတစ်လုံးတည်းနဲ့ ကောင်းကင်အဆင့် ခန္ဓာကိုယ်ကို သူတော်စင်အဆင့်အထိ တိုးတက်စေနိုင်တယ်… သူ့တန်ဖိုးက မတွေးနိုင်လောက်အောင်ပဲ”
“ဆေး (၉) သွယ်ဂိုဏ်းခေတ်တည်းက ထိပ်တန်းရတနာလေ… မီးတောက်ဆေးတိုက်ထဲ ဘာလို့ သိမ်းထားတာပါလိမ့်”
“ငါတို့ကို ပစ်မှတ်ထားဖို့ ကောလဟလ တမင်ဖြန့်တာ ထင်တယ်”
“အဲ့ဒါတွေ နားထောင်မနေပါနဲ့… သန့်စင်တဲ့ ခြေတည်ပြောင်းလဲခြင်းဆေး ရှာနိုင်ရုံနဲ့ မင်းနာမည်က ကျောက်စိမ်းဂိုဏ်းသမိုင်းမှာ ထိုးပြီးသားပဲ”
“ဂိုဏ်းကတပည့်တိုင်းက လေးစားချီးကျူးကြလိမ့်မယ်”
ယဲ့ယန်တစ်ယောက် စိတ်ကူးယဉ်ကာ တွေးနေမိသည်။ သူသည် တိမ်ယံများကြား ရပ်၍ ကျောက်စိမ်းဂိုဏ်း တပည့်များ ဒူးထောက်ကာ အရိုအသေပေးနေကြ၏။
ယန်ချီယဲ့ ပြုံး၍
“ထိုက်ရိမီးတောက်ဆေးက အရမ်းမတွေးနဲ့တော့… ဆေး (၉) သွယ်ဂိုဏ်း ပျက်စီးသွားတော့ ကျင်းနိုင်ငံ တော်ဝင်မိသားစုက ယူသွားတယ်တဲ့”
ယဲ့ယန် ခေါင်းငြိမ့်ပြ၍
“ဟုတ်ကဲ့ပါ ဆရာ ကျွန်တော် လျှောက်မတွေးတော့ပါဘူး”
“ကောင်းပါပြီ… ဒါနဲ့ ငါ ပေးစရာရှိသေးတယ်”
သူ ပြောပြောဆိုဆိုနှင့် ယင်ပုလဲ (၁၀) လုံး ထုတ်ပေး၏။
ထိုရတနာများမှာ အလွန်သန့်စင်သိပ်သည်း၍ အကောင်းစားမှန်း သိသာလှသည်။
ယဲ့ယန် အနည်းငယ် အံ့ဩသွားသည်။
“ဒါတွေက…”
ယန်ချီယဲ့ ပြုံး၍
“ငါ့အထင်မမှားရင် မင်း သရဖူခရမ်းရောင် ရနေပြီမလား… ရွှေရောင်ဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တာပဲ”
“ဒီယင်ပုလဲလုံးတွေက စိတ်ဝိညာဉ်အားဖြည့်ဆေးနဲ့ လဲထားရတာ”
“မင်းဆရာအနေနဲ့ ဒီလောက် ကျင့်ကြံမှုမှာ ဂရုစိုက်ရမှာပေါ့”
“ဒါတွေက မင်းအတွက်ပဲ”
ယဲ့ယန် အားနာကျေနပ်စွာဖြင့်
“ကျေးဇူးပါပဲ ဆရာ… ကျွန်တော် ချက်ချင်း ကြိုးစားပြီး စိတ်မပျက်ရအောင် လုပ်ပါမယ်”
“သွားတော့ သွားတော့”
ယန်ချီယဲ့ ပြုံးကာ ပြောလိုက်သည်။
တစ်လအကြာတွင် မြွေနဂါးတောင်၌။
ကျယ်ပြန့်သော ကွင်းပြင်ကြီးတစ်ခုအလယ်တွင် လူ (၂) ယောက် ရပ်နေသည်။
တစ်ဦးမှာ အစိမ်းရောင်ဝတ်ရုံ ဝတ်ထားပြီး အသွင်အပြင်မှာ ငယ်ရွယ်၍ တည်ငြိမ်သည်။ နောက်တစ်ဦးသည် သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ဝတ်ရုံအနွမ်းကို ဖြစ်သလို ဝတ်ထား၍ လယ်သမားကြီးနှင့် ပိုတူ၏။
နှစ်ယောက်သား တစ်ဦးက တိုက်ခိုက်၍ တစ်ဦးက ခုခံကာ အပေးအယူမျှမျှ သိုင်းချနေကြသည်။
မိုင်ပေါင်းများစွာအဝေးမှကြည့်လျှင်ပင် အပင်များ ရှင်းလင်းနေ၏။ သို့သော် မြေမကောင်း၍ မဟုတ်ဘဲ သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် ဖြစ်လေသည်။
ချွင် ချွမ် ချွင်!
လှံကြီးမှာ ခရမ်းရောင်လျှပ်စီးနှင့်အတူ ကောင်းကင်မှ ကျလာပြီး လူငယ်လေးအား လွှမ်းခြုံသွားသည်။
မြေကြီးများ တုန်ခါ၍ ဖုန်များ ထကုန်၏။
လူငယ်လေးလည်း ခြေ (၁၀) လှမ်းခန့် လွင့်သွားသည်။
“တော်လိုက်တာ ဂျူနီယာလေးရယ်… ဒီတိုက်ကွက်ကို တော်တော်များများ ခံနိုင်ရည်မရှိကြဘူး… တကယ် လေးစားမိတယ်”
သက်လတ်ပိုင်းလူမှ ရယ်မော၍ ပြော၏။
လူငယ်လေးမှာ ပြုံး၍သာ ငြိမ်နေသည်။
ထိုနှစ်ဦးမှာ ရှန်မိုနှင့် လုတုံရွှမ်တို့ ဖြစ်လေ၏။
ယခုတလော လုတုံရွှမ်တစ်ယောက် မြွေနဂါးတောင်သို့ မကြာခဏလာကာ ရှန်မိုနှင့် လေ့ကျင့်တိုက်ခိုက်လေ့ ရှိသည်။
ရှန်မိုမှာ သူ့ထက် အဆင့်အနည်းငယ် နိမ့်သေးသော်လည်း တိုက်ခိုက်သည့်အခါ အင်အားမကွာလှပေ။
လုတုံရွှမ်ပင် ပြန်၍ အံ့ဩရသည်။
ထို့နောက် စကားခဏပြောပြီးသောအခါ
“အချိန်ကျပြီ ဂျူနီယာလေး… ငါ သွားသောက်ရတော့မယ်”
လုတုံရွှမ် ရုတ်တရက် ထပြော၍ လက်ဖျောက်တစ်ချက် တီးကာ ကောင်းကင်ယံသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။