လူသားသစ္စာဖောက်များနှင့် နတ်ဆိုး ဧကရာဇ်သွေး
Vol. 17 Ch. 244
ရှန်မို ရယ်မော၍
“ကောင်းပါပြီ စီနီယာကြီး… စုပိုင်ဖုန်ဆီမှာ မမိအောင် ဂရုစိုက်ဦးနော်”
“မစိုးရိမ်ပါနဲ့… ငါ သူ့အရက်တွေခိုးမှန်း သိလောက်အောင် ဉာဏ်မကောင်းပါဘူး”
လုတုံရွှမ် ခပ်နောက််နောက် ရယ်မောကာ ပြန်ပြောကာ ထွက်သွားလေသည်။
ရှန်မို ခေါင်းယမ်း၍ ပြုံးရင်း ကျန်ခဲ့၏။
စုပိုင်ဖုန်မှာ သန့်စင်ခြင်းဂိုဏ်းမှ အကြီးအကဲ (၁၀) ဖြစ်ပြီး ဂိုဏ်းနှင့်ဝေး၍ လူရှင်းသော ဂူများ၌ အရက်ချက်ရင်း နေတတ်သည်။
လုတုံရွှမ်နှာခေါင်း မည်သို့အလုပ်လုပ်သည်ကို မသိသော်လည်း အရက်ချက်သည့်နေရာကို အမြဲ သိလေသည်။
ထို့အပြင် သိသာအောင် အကုန်မခိုးဘဲ အမြဲ တစ်ပုလင်း၊ နှစ်ပုလင်းသာ ယူလာ၏။
စုပိုင်ဖုန်မှာတော့ သားကောင်အချို့ ယူမြည်းရုံသာ ထင်လေသည်။
“တွက်ချက်ထားသလောက်တော့ မီးနဂါးကိုလုဖို့ နတ်ဆိုးတစ်သောင်းနယ်မြေက လွှတ်လိုက်တဲ့ သူလျှိုတွေ အခုချိန် ကျောက်စိမ်းဂိုဏ်းကို ရောက်နေရတော့မယ်”
“ကွက်တိပဲပေါ့… ငါလည်း သွားမှပဲ”
“ဒီအခြေအနေကို ကိုင်တွယ်ဖို့ ပျော်ပျော်ကြီး လက်ခံပါတယ်”
ထို့နောက် ရှန်မို ကျောက်စိမ်းဂိုဏ်း ဂိတ်တံခါးဆီသို့ ပျံသန်းသွားလေ၏။
မီးနဂါးရှိရာ ဂူအပြင်ဘက်။
အစောင့်များမှာ လူသစ်များ ဖြစ်နေလေပြီ။
အရင်ဂိတ်အစောင့်များအား အကြီးအကဲယန်ချီယဲ့ကို စော်ကားမှုဖြင့် (၃) လကြာ အခန်းပိတ်အပြစ်ပေးထားသည်။
ယခုအသစ်များသည် ထိုက်ရှန်ဒေသမှ ဖြစ်ပြီး နောက်ကြောင်းရှင်းကာ အပြစ်ရှာစရာမရှိပေ။
ထိုအချိန်တွင် အစောင့် (၂) ဦးမှာ အချင်းချင်းကြည့်၍ ဂူထဲ ဝင်သွားကြသည်။
မီးနဂါးကြီးသည် ဝင်ပေါက်နား၌ပင် ပျင်းရိပျင်းတွဲ လဲလျောင်း၍ ရှန်မို နောက်ဆုံးတစ်ခေါက်လာစဉ်က ယူလာသော အစာများစားနေ၏။
မျိုးဆက်မရှိသည်ကလွဲ၍ သူ့အတွက် စိတ်ညစ်စရာ မရှိချေ။
“ဟင်”
မီးနဂါးမှာ သူစိမ်းအနံ့ရ၍ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မရင်းနှီးသော လူ (၂) ယောက်ကို တွေ့ရ၏။
“အစောင့်တွေ ဘယ်ရောက်သွားလို့ မင်းတို့က ဝင်လာတာလဲ”
သူ ဟိန်းဟောက်ကာ ပြောလိုက်သည်။
တစ်ဦးမှ
“အစောင့်အရှောက်… အရင်အစောင့်တွေက ပုန်ကန်မှု ရှိခဲ့လို့ အပြစ် (၃) လကျနေပါတယ်… ကျွန်တော်တို့က အစားထိုးလာတဲ့သူတွေပါ”
မီးနဂါးကြီး ခေါင်းငြိမ့်ပြ၏။
လူတိုင်း အမှားလုပ်တတ်ကြပါသည်။ ဤသည်မှာ အထူးအဆန်း မဟုတ်ချေ။ သို့သော်…
“မင်းတို့ဆီက အနံ့က ထူးဆန်းတယ်… ငါ့ကို ဆွဲဆောင်နေသလိုလို၊ တွန်းကန်နေသလိုလိုပဲ”
မီးနဂါးမှ နှာခေါင်းရှုံ့ကြည့်ရင်း မှတ်ချက်ပေး၏။
အစောင့် (၂) ဦး အချင်းချင်း ကြည့်လိုက်ပြီးမှ ခပ်တိုးတိုးဖြင့်
“အစောင့်အရှောက်ရဲ့ အာရုံကတော့ တကယ်စူးရှတာပဲ… ချက်ချင်းကို သိတယ်နော်”
“လူသားတွေဆီမှာ လုံးဝ မပျော်ဝင်သွားသေးဘူးဆိုတဲ့ သဘောပဲ… မြင့်မြတ်တဲ့နတ်ဆိုးအဖြစ် ရှိနေတုန်းပဲ”
မီးနဂါးကြီး လန့်သွား၏။
ဘာတွေ ပြောနေတာလဲ… နားမလည်ဘူး။
“မင်းတို့တွေ တကယ်ပဲ ဘယ်သူလဲ”
သူ စိတ်မရှည်စွာ ပြောလိုက်သည်။
အရပ်ရှည်ရှည်လူမှ
“အစောင့်အရှောက် မျိုးဆက်ပွါးနိုင်အောင် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်”
အရပ်ပုပုလူမှလည်း
“အစောင့်အရှောက်က လောကကြီးမှာ နောက်ဆုံး မီးနဂါးမဟုတ်ပါဘူး… ကျွန်တော်တို့သခင်ဆီမှာ နောက်ထပ် မီးနဂါးငယ်လေး ရှိသေးတယ်”
မီးနဂါးကြီး မျက်လုံးပြူးကာ စိတ်လှုပ်ရှား၍
“တကယ်လား ဘယ်မှာလဲ”
မီးနဂါးကြီး၍ သွေးစွမ်းအင်မှာ အလွန်သန့်စင်မြင့်မြတ်လေသည်။
ထို့ကြောင့် သာမာန်မြွေများနှင့် မျိုးပွါးခြင်းအား အရမ်း စိတ်မဝင်စားလှပေ။ သို့သော် အခြား မီးနဂါး ရှိနေခြင်းမှာတော့ စိတ်တက်ကြွစေသည်။
အရပ်ရှည်ရှည်လူမှ
“သူက နတ်ဆိုးတစ်သောင်းနယ်မြေမှာပါ”
“ကျောက်စိမ်းဂိုဏ်းကထွက်ပြီး ကျွန်တော်တို့နဲ့ နတ်ဆိုး တစ်သောင်းနယ်မြေကို လိုက်ခဲ့ရင် မျိုးပြန်ပွါးနိုင်မှာပါ”
“နောက်ပြီး သခင်ကြီးကလည်း အရမ်း တန်ဖိုးထားတာမို့လို့ ကောင်းကောင်း ဆက်ဆံပါလိမ့်မယ်”
မီးနဂါးကြီး ငြိမ်ကျသွား၏။
ဒါကြောင့်ကိုး။
ကျောက်စိမ်းဂိုဏ်းအား သစ္စာဖောက်၍ နတ်ဆိုးတစ်သောင်းနယ်မြေသို့ ရောက်သွားသူများကို ကြားဖူးပါသည်။
လူသားများထက် ပြည့်စုံသာလွန်သည်ဟု တွေးသောကြောင့် ဖြစ်၏။
ထိုကဲ့သို့ သစ္စာဖောက်များကို သူ အရင်က များစွာ သတ်ခဲ့ဖူးပါသည်။
“အရှင်အောင်းယန် အရင်ကကိစ္စတွေ အရမ်း မတွေးပါနဲ့… အရင်က နတ်ဆိုးတစ်သောင်းနယ်မြေနဲ့ ပြဿနာတွေ ရှိခဲ့ဖူးပေမဲ့ အဲ့ဒါ အရင်ကအစောင့်အရှောက်လေ… ဒီနေ့က တခြားတစ်ယောက် ဖြစ်သွားပြီ”
“အခုပဲဖြစ်ဖြစ် နတ်ဆိုးတစ်သောင်းနယ်မြေကို လာမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးမယ်… မျိုးပွါးဖို့ဆိုတာလည်း လွယ်လွယ်လေးပဲ”
နှစ်ယောက်သား အသေးစိတ် ဆွဲဆောင်နားချနေ၏။
မီးနဂါးကြီးလည်း စိတ်ယိုင်ချင်လာသည်။
သူ့မျိုးဆက်ထပ်ရှိရန် နောက်ထပ်အခွင့်အရေး လာတော့မည် မဟုတ်ပါ။
သို့သော် ကျောက်စိမ်းဂိုဏ်းအား သစ္စာဖောက်ရန် ခက်ပါသည်။
ကျောက်စိမ်းဂိုဏ်းမှာ သန့်စင်ခြင်းဂိုဏ်း၊ တန်ဟီဂိုဏ်းတို့၏ ပစ်မှတ်ဖြစ်လာပြီး ရုံးတော်မှပါ ဒုက္ခပေးနိုင်သည်။
ကျောက်စိမ်းဂိုဏ်း၏ အစောင့်အရှောက်ဆိုသူမှာ လွယ်လွယ် ပစ်မထားခဲ့နိုင်ပေ။
သူ အလွန်တွေဝေနေရ၏။
လက်ရှိစိတ်မှာ မျိုးပွါးခြင်းအား ဦးစားပေးရန် တိုက်တွန်းနေပြီး သစ္စာရှိမှုမှ ကျောက်စိမ်းဂိုဏ်းအား ကာကွယ်ရန် ပြောနေသည်။
အစောင့် (၂) ဦးမှာတော့ သူ့အမူအရာကြောင့် ကျိတ်ပျော်နေကြသည်။
ထို့နောက် သွေးတစ်စက် ထုတ်ပြသည်။
ထိုသွေးစက်မှာ ထူးခြားပြီး သားကောင်မျိုးစုံ၏ ပုံရိပ်များပါ ပေါ်လာသည်။
“ဒါ… ဒါက…”
“ဒါ နတ်ဆိုးဧကရာဇ်ရဲ့ သွေးပဲ… သာမာန်သွေး မဟုတ်ဘူးနော်… ရိုးတွင်းခြင်ဆီသွေးပဲ”
“လက်ရှိနတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်က နတ်ဆိုးတစ်သောင်းနယ်မြေက မျိုးနွယ်တွေထဲမှာရော၊ နတ်ဆိုးဧကရာဇ်တွေထဲမှာရော အကောင်းဆုံးပဲ”
အရပ်ရှည်ရှည်လူမှ အားရပါးရ ရှင်းပြနေ၏။
မီးနဂါးကြီး အလွန်တုန်လှုပ်လာသည်။
ဘိုးဘေးမျိုးဆက်။
ထိုဆွဲဆောင်မှုကို မည်သည့်နတ်ဆိုးသားကောင်မှ ငြင်းဆန်နိုင်မည် မဟုတ်ချေ။
မီးနဂါးသာ ဘိုးဘေးမျိုးဆက်သွေးရလျှင် နဂါးအစစ် ဖြစ်လာတော့မည်။
သူ တွေဝေနေရင်းမှ သဘောတူမိမလို အခြေအနေတွင် ရုတ်တရက် ခြေသံအချို့ ကြားရ၏။
လူငယ်လေးတစ်ဦး ပြုံး၍ ဝင်လာသည်။
“အစောင့်အရှောက် ကျွန်တော့်မှာ အကြံရှိတယ်… ဒီနတ်ဆိုးဧကရာဇ်သွေးကို ယူထားလိုက်ပါ… ဒါပေမဲ့ သူတို့နဲ့ မလိုက်သွားနဲ့”
ရုတ်တရက်ကြားရသော အသံကြောင့် အစောင့် (၂) ဦး လှည့်ကြည့်ကြ၏။
ချောမောသော လူငယ်လေးကိုတွေ့ရပြီး ရှန်မို ဖြစ်လေသည်။
အစောင့်များသည် ဂူထဲ ဝင်နိုင်သော (၃) ဦးကို လေ့လာထားပြီးဖြစ်ကာ လီကျန်ထောင်းသည် ဂိုဏ်းကိစ္စနှင့်အလုပ်ရှုပ်နေတတ်၍ တစ်ခါတစ်ရံမှ လာတတ်သည်။
ယဲ့ယန်မှာ မနေ့ကတင် အလုပ်ကိစ္စဖြင့် ဂိုဏ်းထဲက ထွက်သွားသောကြောင့် အနည်းဆုံး (၁၀) ရက်ခန့် ကြာလိမ့်မည်။
ထို့ကြောင့် အဖြေမှာ ရှင်းသွားသည်။
“ရှန်မို…”
မီးနဂါးကြီးမှ နေရခက်စွာ ပြုံး၍ လှမ်းကြည့်နေသည်။
မဟုတ်တာလုပ်ရင်း လူမိသွားသကဲ့သို့ ဖြစ်နေ၏။
အရပ်ရှည်ရှည်လူမှ ရှန်မိုကို လက်ညှိုးထိုးကာ
“အစောင့်အရှောက် သူ့ကို သတ်ပစ်လိုက်… သူက နောက်ဆို နတ်ဆိုးတစ်သောင်းနယ်မြေရဲ့ အဓိကရန်သူ ဖြစ်လာမှာ”
“သတ်ပစ်လိုက်… ပြီးရင် နတ်ဆိုးဧကရာဇ်ကို ကိုးကွယ်လိုက်”