ကွာဟချက်ကြီးမားခြင်း
Vol. 17 Ch. 251
ရှန်မိုမှာ အဖြူနှင့်အနက် တစ်ဝက်စီပါသော ဓားကို ဆုပ်ကိုင်ထားရင်း အလွန်ပျော်ရွှင်နေသည်။
ထိုဓားမှာ သူကိုယ်တိုင် မီးတောက်ဓားနှင့် မိုးကြိုးဓားအား ပေါင်းကာ ယင်စွမ်းအင်များ၊ မြေအဆင့် ရတနာများဖြင့် မွမ်းမံထားခြင်း ဖြစ်၏။
သူသည် စွမ်းအင် (၂) မျိုး ဓားသိုင်းကို တတ်မြောက်ပြီးသောအခါ ထိုဓားကို ပြုလုပ်ရန်လည်း အရမ်းမခက်တော့ချေ။ တစ်ခေါက်သာ ကျရှုံးလိုက်သည်။
အခြားကျင့်ကြံသူများလို (၁၀) ခါထပ်မနည်း မကြိုးစားရပေ။
“နှမျောစရာပဲ… အချိန်ထပ်ရသေးရင် အဆင့် (၃) အထိ ထပ်လေ့ကျင့်လို့ရဦးမှာ”
ရှန်မို ခေါင်းယမ်းရင်း တွေးမိ၏။
အချိန်တစ်နှစ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မီးတောက်ဆေးတိုက် ပွင့်မည့်အချိန်သို့ နီးကပ်လာလေပြီ။
ရှန်မိုလည်း အရင်အတိုင်း မြွေနဂါးတောင်အား မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့ထံ အပ်ကာ ကျောက်စိမ်းဂိုဏ်း တောင်တန်းဂိတ်သို့ ထွက်လာခဲ့၏။
တစ်နှစ်ကြာ မရောက်ဖြစ်ခဲ့သော်လည်း ကျောက်စိမ်းဂိုဏ်းမှာ အရင်အတိုင်းပင်။
ရှန်မို လေ့ကျင့်ရေးကွင်းသို့ တန်းမသွားဘဲ မီးနဂါးကြီးရှိရာ ဂူသို့ ထွက်လာသည်။
ဂူထဲမဝင်မီပင် မီးနဂါးမှာ သူ့ကိုအနံ့ခံမိပြီး
“ဟားဟား ရှန်မို မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့… မင်းစကားလာမပြောတော့ တော်တော် ပျင်းနေတာ”
မီးနဂါး ပျော်ရွှင်ရယ်မောကာ ပြောလေ၏။
ရှန်မိုလည်း ရယ်မော၍ သိုလှောင်လက်စွပ်ထဲမှ အရသာရှိသော စားစရာများ ထုတ်ပေးလိုက်သည်။
အားလုံး မီးနဂါးကြီးအကြိုက်များသာ ဖြစ်၍ သူ ချက်ချင်း ယူစားလေသည်။
“ဒါနဲ့ မီးနဂါးဥကို တစ်နှစ်အတွင်း ရှာပေးမယ် ပြောထားတာလေ… အရမ်း စိတ်ထဲမထားပါနဲ့”
မီးနဂါးကြီးမှ ထပြောသည်။
“ငါကိုယ်တိုင်လည်း အရမ်း မမျှော်လင့်ထားဘူး။ . အဲ့ဒါအတွက်နဲ့ ကျင့်ကြံမှု မထိခိုက်စေနဲ့”
“ဟုတ်ကဲ့ပါဗျာ”
ရှန်မို ရယ်မောကာ ပြန်ဖြေလိုက်သည်။
“ငါ့အထင် မီးတောက်ဆေးတိုက် ပွင့်တော့မယ်မလား… ဆေးတိုက်ပွင့်တိုင်း လီကျန်ထောင်း ငါ့အတွက် ဆေးဝါးကောင်းတွေ လာပေးလေ့ ရှိတယ်”
သူ ကျေနပ်စွာ ပြောသည်။
“မီးနဂါးကြီး အဲ့ဆေးတိုက်အကြောင်း ဘယ်လောက် သိလဲ”
မီးနဂါးကြီး ခေါင်းကုတ်၍
“တော်တော်ကြာပြီဆိုတော့ သေချာတောင် မမှတ်မိတော့ဘူး”
“ဒါပေမဲ့ အထဲက မီးသားရဲကြီးတွေက တော်တော် အင်အားကြီးတာတော့ သိတယ်… မီးစွမ်းအင် တိုက်ခိုက်မှုနဲ့ ခံနိုင်ရည်ရှိပြီးသား… မင်း သတိထားနော်”
ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။
သူလည်း ထိုအကြောင်း သိထား၏။
အထဲမှ အဓိကအန္တရာယ်များမှာ မီးသားရဲများနှင့် သေစေနိုင်သော အကာအကွယ်များ ဖြစ်သည်။
“သွားတော့လေ… မင်းအချိန်ရရင် လာလည်ဦးပေါ့ စကားပြောရအောင်”
မီးနဂါးကြီး နှုတ်ဆက်လိုက်၏။
ရှန်မိုလည်း ခေါင်းငြိမ့်ပြကာ ဂူထဲမှထွက်၍ လေ့ကျင့်ရေးကွင်းထံ ပျံလာခဲ့သည်။
လမ်းတစ်လျှောက် တွေ့ရသော တပည့်များ၊ အကြီးအကဲများမှာ ဦးညွှတ်နှုတ်ဆက်ကြမြဲပင်။
ရှန်မိုသည် ပို၍ပင် နာမည်ကြီးနေပြီဖြစ်၏။
အားလုံးခင်မင်ချင်သော တက်သစ်စလေး ဖြစ်နေလေပြီ။
ထိုအချိန်တွင် လေ့ကျင့်ရေးကွင်း၌ အကြီးအကဲများစွာ စုဝေးနေကြ၏။
ရှန်မို ရောက်လာသည်နှင့် အားလုံး ပို၍ အာရုံစိုက်မိသွားသည်။
ဟီထျန်းချောင် သူ့ကိုတွေ့သောအခါ ပြုံးရွှင်၍ ပြေးလာသည်။
“အကြီးအကဲရှန်လာမယ်ဆိုတာ ထင်သားပဲ… အခုပဲ ဒီအကြီးအကဲတွေနဲ့ ပြောနေတာ”
သူ့ဘေးတွင် အကြီးအကဲအချို့ ရှိပြီး (၂) ယောက်မှာ ထင်းနေ၏။
တစ်ဦးသည် အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် နောက်တစ်ဦးမှ ချောမောကျက်သရေရှိသူ ဖြစ်သည်။
ရှန်မိုလည်း ဂရုတစိုက် ပြန်နှုတ်ဆက်လိုက်၏။
သွေးနွယ်ဂူထဲ၌ သူ ကယ်ခဲ့ဖူးသူများ ဖြစ်လေသည်။
အားလုံး ဟီထျန်းချောင်နှင့် ရင်းနှီးကြ၏။
ဟီထျန်းချောင်မှာ သွေးနွယ်ဂူထဲဝင်စဉ်က ရှန်မို့ကို ချစ်ခင်ရုံ ဖြစ်သော်လည်း နောက်ပိုင်း ပို၍ လေးစားလာသည်။
သူ့အပြုံးမှာလည်း ပို၍ စိတ်ရင်းမှန်လာ၏။
ရှန်မို ဟီထျန်းချောင်ကိုကြည့်၍ ပြုံးကာ
“အဆောင်သခင်ဟီကရော အမှတ်တွေ ထပ်ယူဦးမလို့လား”
ဟီထျန်းချောင် အားရပါးရ ရယ်မော၍
“ဟုတ်ပါ့ဗျာ… လူတိုင်းက အကြီးအကဲရှန်လို မဟုတ်ဘူးလေ… အမှတ်တွေ အများကြီးမှ မသုံးနိုင်တာ”
“ဂိုဏ်းထဲက အကြီးအကဲတွေဆိုရင် အကြီးအကဲရှန်ကို သူဌေးကြီးလို့ ခေါ်ကြတာ”
ရှန်မိုလည်း လိုက်ရယ်မိ၏။
သို့သော် သူတို့စကားမှာလည်း မှန်နေပါသည်။
အခြားသူများမှာ နှစ်ပေါင်းများစွာ အမှတ်စု၍ လိုအပ်သည်ကို ဝယ်ရလေသည်။
ထို့ကြောင့် ရှန်မို့ကို အားလုံး အားကျနေ၏။
“ဒါနဲ့ အကြီးအကဲရှန် ဒီနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ”
ဟီထျန်းချောင်မှ
“ဒီဘက်ကအကြီးအကဲက ဝူယန်ဝေ့ပါ… တောင်ထိပ် (၅) က အကြီးအကဲပါ”
“ဒီမိန်းမလှလေးကတော့ လျှိုရူယွန်းပါ… တောင်ထိပ် (၈) မှာ တာဝန်ကျပါတယ်”
“အကြီးအကဲရှန် ကျွန်တော်တို့ ဆုံးဖြတ်ပြီးပြီ… ဒီတစ်ခါ မီးတောက်ဆေးတိုက်ထဲ ဝင်ပြီးရင် အကြီးအကဲရှန်ကိုပဲ ကပ်နေတော့မှာ”
အနီးအနားမှ အကြီးအကဲတစ်ဦးက ပြောသည်။
အားလုံး ရှန်မို့အင်အားကို သိသွားကြလေပြီ။
ရှန်မိုကတော့ ရယ်မော၍သာ နေသည်။
ကပ်နေမယ်တဲ့လား။
သူတို့အတွက် ဘေးကင်းမည်မှာ မှန်သော်လည်း ရှန်မို့အတွက်တော့ အကျိုးမရှိပေ။
ဟီထျန်းချောင် သူ့အတွေးကို သတိထားမိပြီး ချောင်းဟန့်၍
“အားလုံးပဲ… အတူတူကြိုးစားတာက အကောင်းအဆိုးတော့ တွဲနေတာပေါ့… နောက်ပြီး မီးတောက်ဆေးတိုက်ထဲမှာ ဘာတွေဖြစ်မလဲ မခန့်မှန်းနိုင်ဘူးလေ… အတူတူတောင် ဆက်ရှိပါ့မလား မသေချာဘူး”
အကြီးအကဲများ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ဟုတ်တယ်နော်”
ရှန်မိုပြုံးနေ၏။
ဟီထျန်းချောင်သည် အခြေအနေကို မည်သို့ ကိုင်တွယ်ရမှန်း ကောင်းစွာသိ၏။ အနည်းငယ်မျှ နေရခက်ခြင်း မရှိစေပါ။
လျှိုရူယွန်း မျက်တောင်လေး တခတ်ခတ်ဖြင့်
“မီးတောက်ဆေးတိုက်ထဲ ဝင်ပြီးရင် အချင်းချင်း ကူညီပေးကြဖို့တော့ အကြံပေးချင်ပါတယ်… အသုံးဝင်တဲ့ အချက်အလက်တွေရှိရင်လည်း ပြောကြတာပေါ့”
သူပြောရင်း ဆက်သွယ်ရေးကျောက်စိမ်းပြားများ ထုတ်ပေးသည်။
“ဒါ ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ ကျောက်စိမ်းပြားပဲ… မီးစိတ်ဝိညာဉ်စွမ်းအင် ပြင်းထန်တာတောင် ဘာမှ မသက်ရောက်ဘူး”
“အထဲမှ မိုင် (၁) ထောင်အတွင်းရှိရင် လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်တယ်”
ဘေးမှ အကြီးအကဲကလည်း
“ကောင်းတယ် ငါတော့ သဘောတူတယ်”
“ဟုတ်တယ်… အချင်းချင်း ကူညီမှ ရတနာများများ ရမှာပေါ့”
ဟီထျန်းချောင် မျက်လုံးပြူးကာ အံ့ဩသွားပြီး
“အကြီးအကဲလျှို စိတ်ဝိညာဉ်စွမ်းအင်ပစ္စည်းတွေ မွမ်းမံနိုင်တာ သိပေမဲ့ ဒီလောက်အထိ လုပ်နိုင်မယ်လို့ မထင်ထားဘူး… တကယ် အထင်ကြီးစရာပဲ”
ဝူယန်ဝေ့မှ စနောက်၍
“အကြီးအကဲလျှိုက အခုပဲ ဒါတွေ ဘယ်လောက် ဈေးကြီးလဲ ပြောနေတာ”
“ဒါပေမဲ့ အကြီးအကဲရှန် ရောက်လာမှပဲ ထုတ်ပေးတော့တယ်… လူအချင်းချင်း အဆင့် တော်တော် ကွာတာပဲ”
လျှိုရူယွန်း မသိချင်ယောင်ဆောင်၍ ရှန်မို့ကိုသာ ကြည့်ကာ
“အကြီးအကဲရှန်ရော ဘယ်လိုထင်လဲ”
ရှန်မိုပြုံး၍
“အချင်းချင်း ကူညီတာလား… ကောင်းပါတယ်… သဘောတူပါတယ်”