အခန်း (၂၈၆၁-၂၈၆၄)
Vol. 123 Ch. 2861-2864
အပိုင်း (၂၈၆၁)
ဘာသာပြန်သူ_တိမ်တိုက်
ရှယသည် တိတ်ဆိတ်ငြိမ်သက်သည့် ကမ္ဘာကြီးထဲ လျှောက်ပတ်ပျံသန်းနေခဲ့သည်။ သူမရထားသည့် ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှာတော့ သဲလွန်စမကျန် ပျောက်ကွယ်နေ၏။
နတ်ဆိုးမျိုးနွယ်သည် အလွန်ကိုမှ အသက်ပြင်းသည်ဟု ပြော၍ရသည်၊ အထူးသဖြင့် ရှယကဲ့သို့သော အဆင့်မြင့်နတ်ဆိုးများပင်။ သူတို့၏ နတ်ဆိုးနှလုံးသားသည်သာ မပျက်စီးပါက လုံးဝ သေလိမ့်မည် မဟုတ်ချေ။
သို့ရာတွင် လက်ရှိအချိန်၌ ရှယမှာ ဘာမှန်းမသိရသော ဤနေရာထဲ၌ ပိတ်မိနေခဲ့သည်။ သူမ ဤနေရာ၌ ပိတ်မိနေသည်မှာ ရက်အတော်ကြာနေခဲ့လေပြီ။
ဤကမ္ဘာကြီးထဲ နေ၊လ၊ကြယ်တို့မရှိ။ သို့သော်ငြား ဘာကြောင့်မှန်းမသိ ကမ္ဘာကြီး တစ်ခုလုံးမှာ နေ့ဘက်အချိန်အလား လင်းထိန်နေခဲ့သည်။ ပတ်ဝန်းကျင်ရှုခင်းမှာလည်း အလွန်ကိုမှလှပကာ မိုးမြေစွမ်းအင်ဟာလည်း သိပ်သည်းလှပေသည်။
သို့သော်ငြား ဤနေရာကြီးသည် သူမအား အနည်းငယ်မျှပင် စိတ်ပျော်စေခြင်း မရှိခဲ့။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မှော်ဆရာညိုဆိုသည့်လူသည် နောက်မှနေ၍ သူမအား ဓါးဖြင့် ထိုးခဲ့သည်။ ထိုအချိန်တည်းကမှစ၍ ရှယ ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။
အစကတော့ ရှယမှာ သူမကိုယ်သူမ အိမ်မက်မက်နေသလားဟုပင် ထင်နေခဲ့သည်။ သို့သော်ငြား သူမရင်ဘတ်ရှိ အောင့်သက်သက် ဒဏ်ရာသည် ရှယအား သူမ အိမ်မက်မက်နေခြင်းမဟုတ်မှန်း ပြောနေခဲ့၏။
(ဒါဘာနေရာကြီးလဲ။ ငါဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ) ရှယ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သေချာလိုက်စုံစမ်းကြည့်သော်ငြား ဘာကိုမှမတွေ့ရ။ ထို့ကြောင့် ထွက်ပေါက်အား ရှာတွေ့လိုတွေ့ငြား ရှေ့သို့ဆက်သွားရုံသာ တတ်နိုင်၏။
သို့တိုင် ရက်အတော်ကြာအောင် လိုက်ရှာနေသည့်တိုင် ထွက်ပေါက်ကို လုံးဝ ရှာမတွေ့ခဲ့ချေ။
ဤလောကကြီးတစ်ခုလုံးသည် လှောင်အိမ်တစ်ခုပမာ၊ သူမအား ပိတ်လှောင်ထားခဲ့သည်။ သူမ မည်သို့ပင် ကြိုးစားနေစေကာမူ ဤနေရာမှ မလွတ်မြောက်နိုင်ခဲ့ချေ။
ထို့ကြောင့် ရှယ အလွန်ကိုမှ စိတ်ညစ်နေခဲ့ရသည်။ သူမနောက်ကျောကို ဓါးနှင့်ထိုးသွားသည့် သကောင့်သားကို စဉ်းစားမိလိုက်တိုင်း သူမရင်ထဲ တနုံ့နုံ့ ဖြစ်ရသည်။
မှော်ဆရာညိုသည် သူမ၏ နှလုံးသွေးကို သောက်ပြီးသည့်တိုင်း မည်သို့များ သူမ အမိန့်အား လွန်ဆန်နေနိုင်သေးသလဲဆိုသည်ကို ရှယ လုံးဝ နားမလည်နိုင် ဖြစ်နေ၏။ သူ့စိတ်ထဲ ဘာတွေးနေလဲဆိုသည်ကိုပင် သူမ သတိမပြုမိနိုင်ခဲ့ပေ။
သူမတို့ နတ်ဆိုးကလန်၏ အဆင့်ခွဲဝေပုံစံနှုန်းအရဆိုလျှင် မှော်ဆရာညို၏ အရှိန်အဝါသည် ဗိုလ်ချုပ်မှူးအဆင့်လောက်သာ ရှိပေသည်။ ထိုသို့ဖြစ်ရာ သူမ၏ နှလုံးသွေးကို ထိုမှော်ဆရာညို မည်သို့များ ခုခံနိုင်ရလေသနည်း။
သူမနားမလည်နိုင်သည့် ကိစ္စများစွာ ရှိနေခဲ့သည်။ ထိုမှော်ဆရာညိုဆိုသည့်လူနှင့် စတွေ့ပြီးသည့်အချိန်မှစ၍ ထပ်တလဲလဲကို ဒုက္ခရောက်ခဲ့ကြောင်း ရှယ သတိပြုမိသွားသည်။ ယခုဆိုလျှင် ကိုယ်ဘယ်နေရာရောက်လို့ ရောက်နေမှန်းမသိ မသိတော့သည်အထိ ဖြစ်နေရလေသည်။
မည်သို့ပင်ဖြစ်စေကာမူ မှော်ဆရာညိုအကြောင်းကို သူမလူများဆီ ပြန်အသိပေးရပေမည်။ ထိုကောင်လေးသည် အလွန်ကိုမှ ဥာဏ်နီဥာဏ်နက်များလှသည်။ အခြားသော နတ်ဆိုးဘုရင်များအား ထိုကောင်လေးနှင့်တွေ့လျှင် သတိထားရန် ကျိန်းသေ သတိပေးရပေမည်။
ထိုသို့စဉ်းစားနေစဉ်မှာပင် ရှယ ရုတ်တရက် ရပ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
သူမကို တစ်ယောက်ယောက်မှ စောင့်ကြည့်နေသလို ခံစားနေရသည်။ လွန်ခဲ့သော ရက်များအတွင်း ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးချေ။ ယခုမှသာလျှင် တစ်ယောက်ယောက်မှ သူမအား စောင့်ကြည့်နေသည်ဟု သူမ၏ မသိစိတ်က ခံစားနေရခြင်း ဖြစ်သည်။
ရှယ အတွေးနက်နေသည်ကိုမြင်သော် ရန်ကိုင်က ပြုံးလျက် လှမ်းအော်ခေါ်လိုက်၏ “ဟေး၊ နတ်ဆိုးဘုရင်၊ နေလို့ထိုင်လို့ အဆင်ပြေရဲ့လား”
“နင့်ကြီးတော် နေလို့အဆင်ပြေ” ရှယ ထဆဲတော့လေသည်။
သူမဒဏ်ရာမှာ ပျောက်သွားပြီး ဖြစ်ပါသော်ငြား မှော်ဆရာညိုကို မြင်လိုက်သည့်အခိုက် ယခင်ဓါးထိုးခံထားရသည့် ဒဏ်ရာမှာ ပြန်ပွင့်သွားသည့်အလား နာကျင်လာခဲ့သည်။
ရန်ကိုင်ကမူ ရှယ ရိုင်းရိုင်း၊ မရိုင်းရိုင်း ဂရုစိုက်မနေခဲ့ဘဲ ပြုံး၍သာ ပြောလိုက်လေသည် “ကြည့်ရတာ ကျုပ်မှန်းတာ မှန်းသွားတဲ့ပုံပဲ။ ခင်ဗျားရဲ့ နတ်ဆိုးနှလုံးသားကို ဖျက်စီးပစ်လိုက်ရင်တောင် ခင်ဗျား မသေဘူး။ ခင်ဗျားတို့ နတ်ဆိုးတွေ အဲ့လောက်တောင် သတ်ရခက်တာလား”
ရှယမျက်နှာ အေးစက်သွားခဲ့ပြီဂ ထူးမခြားနားဟန်ဖြင့် ပြန်မေးလိုက်လေသည် “ဒါ ဘယ်နေရာလဲ။ ဒီနေရာဆီ ငါ့ကို ခေါ်လာပြီး နင်ဘာလုပ်ချင်နေတာလဲ”
“ဒီနေရာလား...” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဖြန့်လျက် “ဒီနေရာက ကျုပ်ရဲ့ ကမ္ဘာကြီးလေ။ ဒီမှာ ကျုပ်အားလုံးကို ထိန်းချုပ်နိုင်တယ်”
ရှယ ရယ်သွမ်းသွေးလိုက်၏။ ရန်ကိုင် ပြောသည်ကို သူမ မယုံချေ။ ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်းဟုသာ သူမ ထင်နေခဲ့သည် (ဘာမဟုတ်တဲ့ နတ်ဆိုးဗိုလ်ချုပ်မှူး အဆင့်လောက်ကောင်ကများ ကမ္ဘာကြီးကို ထိန်းချုပ်မယ်။ နတ်ဆိုးသူတော်စင်တွေတောင် အဲ့လို မလုပ်နိုင်ဘူး)
“ကျုပ်ဘာလို့ ခင်ဗျားကို ခေါ်လာတာလဲဆိုတော့...” ရန်ကိုင်က အသာအယာ ပြုံးလျက် “ခင်ဗျားကို သင်ခန်းစာပေးချင်လို့ပေါ့”
“ငါ့ကို သင်ခန်းစာပေးဖို့” ရှယ ကြောင်သွားလေသည်။ ထို့နောက် တခစ်ခစ် ရယ်မောလျက် “စိတ်ဝင်စားစရာပဲ။ ဒါ ငါ့ကို အခြားလူတစ်ယောက် အခုလိုစကားမျိုး ပြောတာ ပထမဆုံးအကြိမ်ပဲ”
သူမဘဝတွင် သူမကသာ အခြားသူများကို ဤကဲ့သို့ စကားမျိုး ပြောခဲ့ပြီး အခြားလူ တစ်ဦးမှ သူမအား ယခုကဲ့သို့ ပြောသည်မှာတော့ ပထမဆုံးအကြိမ် ဖြစ်ပေသည်။
“ကျုပ်နောက်နေတယ်လို့ ထင်နေတာလား” ရန်ကိုင်သည် ရှယအား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်လေသည်။
ရှယက ယဲ့ယဲ့လေးပြုံးလျက် “မဟုတ်ဘူး။ နင်အရမ်းအားယားနေလို့ ရောက်တတ်ရာရာတွေ လျှောက်ပြောနေတယ်လို့ပဲ ထင်တာ”
ရန်ကိုင်က အသာအယာခေါင်းခါလျက် “ကျုပ်အမြင်မှာ ခင်ဗျား အဖိုးတန်နေသေးတာကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ခင်ဗျား တမလွန်ဘဝ ရောက်နေပြီ”
“အို” ရှယက ထီမထင်ဟန်ဖြင့် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရန်ကိုင်အား ကြည့်လျက် “ဒါဆို ငါက နင့်အတွက် ဘယ်လို အဖိုးတန်တာလဲ”
“ခင်ဗျား ထင်နေတဲ့အတိုင်းတော့ မဟုတ်ဘူးပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်ပြောပြီးသွားပြီလေ။ သုံးပြီးသား ပစ္စည်းတွေကို ကျုပ်စိတ်မဝင်စားဘူးလို့၊ အထူးသဖြင့် ခွေးရိုင်းတွေတောင် အနံ့မရှူချင်တော့တဲ့ ခင်ဗျားလို ပုပ်သိုးနေတဲ့ အသားပုပ်ကြီးဆိုရင်ပေါ့”
ရှယ မျက်နှာထက်ရှိအပြုံး တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက် အကြည့်က အစားထိုး ဝင်ရောက်လာခဲ့လေ၏။
ရန်ကိုင်၏ စကားသည် သူမ အထိမခံနိုင်သည့် အရာကိုမှ လာထိလေသည်။
ရှယသည် သူမပါးစပ်ကိုဟ၍ စူးစူးဝါးဝါး ထအော်လေသည်။ သူမ၏ အသံသည် ကြောက်မက်ဖွယ်ရာ စိတ်စွမ်းအင်လှိုင်း အသွင်သို့ပြောင်း၍ ရန်ကိုင်၏ စိတ်ကို လာရောက်ရိုက်ခတ်လေသည်။ တစ်ချိန်တည်းတွင် ရှယ၏လက်ထဲ ကျာပွတ်တစ်ချောင်း ပေါ်လာပြီး ထိုကျာပွတ်ဖြင့် ရန်ကိုင်ကို ရိုက်ချလိုက်လေ၏။
သူမ၏ လှုပ်ရှားပုံမှ သိမ်မွေ့လှပါသော်ငြား ရိုက်ချက်မှာတော့ အလွန်ကိုမှ ပြင်းပေသည်။ ဒေါသထွက်နေသော နတ်ဆိုးဘုရင်၏ ရိုက်ချက်မှာ အလွန်ကိုမှ ပြင်းထန်လှကာ ပတ်ဝန်းကျင် မိုးမြေစွမ်းအင်သည်လျှင် ဝရုန်းသုန်းကား ဖြစ်သွားရသည်။
ရန်ကိုင်ကမူ ပြုံးမြဲပြုံးလျက်သာ ရပ်နေခဲ့သည်။ ထို့နောက် ခြင်တစ်ကောင်ကို တောက်ထုတ်သည့် ပုံစံမျိုးဖြင့် သူ့လက်ညိုးကို တောက်ချလိုက်သည်။
ရန်ကိုင်မှာ လက်ညိုးလေးကို တောက်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား ရှယမှတော့ အကြီးအကျယ် ခံစားလိုက်ရလေသည်။ သူမ၏ ဝမ်းဗိုက်တစ်ခုလုံး ချိုင့်ဝင်သွားပြီး အလွန်ပြင်းထန်သည့် အားတစ်ရပ်ကို ခံစားလိုက်ရသည့်အလား သွေးအပွက်ပွက် အန်ထွက်ရင်း နောက်သို့ လွင့်စင်ထွက်သွားလေ၏။
အတော်လေး ကြာသွားမှ ရှယ သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်နိုင်၏။ သို့သော်ငြား ရှယသည် ယခင်ကဲ့သို့ ပြုံးဖြီးဖြီး မလုပ်နိုင်တော့ဘဲ သူမ၏ အမူအရာမှာ လုံးဝကို တည်ကြည်လေးနက်နေခဲ့သည်။ သူ့မ၏ မျက်ဝန်းလေးများမှာလည်း ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့၏။
(ဘယ်လိုဖြစ်သွားတာလဲ) ရန်ကိုင်သည် သူ့လက်ချောင်းလေးကို တောက်လိုက်ခြင်းသာ ဖြစ်လေသည်။ သို့ဖြစ်ရာ သူမမှာ မည်သို့များ လွင့်ထွက်သွားရသနည်း။ ထို့အပြင် သူမ ဝမ်းဗိုက်အား လာထိမှန်းအားမှာလည်း အလွန်ကိုမှ ပြင်းပေသည်။
မှော်ဆရာညို ဤမျှ အားကောင်းသည်လား။ မဖြစ်နိုင်ချေ။ သူမကိုယ်တိုင်သည် မှော်ဆရာညိုနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ မှော်ဆရာညို အားကောင်းသည်မှာ မှန်သော်ငြား ဤအတိုင်းအတာထိတော့မဟုတ်။
ထို့ကြောင့် ရှယမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေရလေသည်။ ရန်ကိုင် လုပ်သွားသည့် ပုံစံသည် နတ်ဆိုးသူတော်စင်များပင် လုပ်နိုင်သည့်အရာမျိုးမှ မဟုတ်လေဘဲ။ ထို့ကြောင့် နတ်ဆိုးဗိုလ်ချုပ်မှူးအဆင့်သာ ရှိသေးသော ရန်ကိုင်မှ သူ့အား လက်ညိုးတစ်ချောင်းနှင့် သွေးအပွက်ပွက် အန်ထွက်သွားအောင် လုပ်လိုက်သည်အခါ ရှယ လုံးဝကို မအံ့ဩဘဲ မနေနိုင်တော့အောင် ဖြစ်လေသည်။
နောက်ဆုံး စဉ်းစားမရသည့်အဆုံး၌ ရှယသည် စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၍ သေချာ ပြန်အဖြေရှာကြည့်လေသည်။
ထိုစဉ် ရန်ကိုင်မှ သူ့လက်ညိုးအား နောက်တစ်ကြိမ် ထပ်တောက်လိုက်သည်ကို တွေ့လိုက်ရသည်။ ရှယ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်၍ သူမကိုယ်သူမ ကာကွယ်ထားလိုက်လေသည်။
သို့တိုင် အလွန်အရှိန်အပြင်းသည့် အရာတစ်ခုမှ သူမခေါင်းကို ဝင်ဆောင့်သည့်အလား သူမ ခေါင်းတစ်ခုလုံး လန်ထွက်သွားခဲ့ပြီး နောက်သို့ လွင့်ထွက်သွားခဲ့ရလေသည်။
အတော်ဝေးဝေးသို့ ရောက်သွားသည့်အခါမှ သူမခန္ဓာကိုယ်ကို ရပ်သွားအောင် ထိန်းလိုက်နိုင်၏။ သူမခန္ဓာကိုယ် ရပ်သွားသည်နှင့် တစ်ပြိုင်နက် သွေးများ သူမ လည်ချောင်းတစ်လျှောက် ပျို့တက်လာခဲ့သည်။ နှာခေါင်းမှလည်း သွေးများ ယိုစီးကျလာခဲ့သည်။
ခေါင်းမှာလည်း ကွဲသွားသည့်အလား ခေါင်းတစ်ခုလုံးမှာလည်း ထုံကျနေသည်။
ခေါင်းမော့၍ လှမ်းကြည့်လိုက်သည့်အခါ ပြင်ပမျိုးနွယ်မှလူကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့လိုက်ရလေသည်။
သို့သော်ငြား သူမစိတ်သက်သာရာ မရနိုင်သေးခင်မှာပင် သူမနောက်ဘက်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် အသံတစ်သံ ထွက်လာခဲ့၏ “ကျုပ်ပြောပြီးသွားပြီလေ။ ဒီနေရာမှာ ကျုပ်က နတ်ဘုရားလို့။ ခင်ဗျားရဲ့ မဟာနတ်ဆိုးနတ်ဘုရားဆိုတဲ့လူ ရောက်လာရင်တောင် ကျုပ်ရှေ့မှာ ဒူးထောက်နေရမှာ”
ရှယမှာ ပြန်ပြောလိုက်ချင်ပါသော်ငြား ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
တစ်ချိန်တည်း၌ သူမရင်ထဲလည်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်မိနေခဲ့သည်။ ရန်ကိုင်၏ တိုက်ကွက်နှစ်ကွက်ကြောင့် ရှယမှ ရန်ကိုင်အား အကြောက်ကြီး ကြောက်သွားတော့သည်။ အစကမူ သူမခွန်အားဖြင့်သာဆိုပါက ရန်ကိုင်ကို အနိုင်ယူကောင်း ယူနိုင်သည်ဟု ထင်ထားခဲ့ပါသော်ငြား တကယ်တကယ်တွင်တော့ ရန်ကိုင်၏ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ခဲ့ချေ။ ရှင်းရှင်းပြောရသော် ရန်ကိုင် သူမအား မည်ကဲ့သို့ တိုက်ခိုက်လို့ တိုက်ခိုက်နေမှန်းကိုပင် မသိခဲ့ချေ။
နောက်ဆုံးတွင်တော့ သူမစိတ်ထဲ တစ်ခုကို သိလာရလေသည်။ ဤနေရာတွင် ရန်ကိုင်ကို မည်သည့်နည်းနှင့်မှ သူမ အနိုင်မယူနိုင်သော အချက်ပင်။ သူမအတွက် ရွေးစရာဆို၍ ထွက်ပြေးဖို့သာ ရှိတော့သည်။
ထိုသို့ စဉ်းစားမိလိုက်သည့်နောက်တွင် ရှယမှာ အနည်းငယ်မျှပင် တုန့်ဆိုင်းမနေတော့ချေ။ ချက်ချင်းပဲ ရှိရှိသမျှ အားအကုန်အစင်ကို ထုတ်သုံး၍ ရန်ကိုင်နှင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ တစ်ချိုးတည်း လစ်ပြေးတော့၏။ နောက်ဆုံး မှော်ဆရာညို၏ အရှိန်အဝါအား သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမရတော့သည့်အခါမှသာလျှင် ရှယ စိတ်သက်သာရာ ရသွားနိုင်တော့၏။
ဤလောကကြီးထဲတွင် နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည့် သူမအား ကြောက်အောင် လုပ်နိုင်သည့်အရာဆို၍ အနည်းငယ်သာရှိသည်။ နတ်ဆိုးသူတော်စင်များကိုပင် ရှယမှာ အလွန်အမင်း ကြောက်ရွံ့ခြင်းမရှိ။ သို့သော် မှော်ဆရာညိုဆိုသည့် လူကိုတော့ သူမ အမှန်တကယ်ကို ကြောက်နေမိသည်။
နတ်ဆိုးသူတော်စင်များ အားကောင်းသည်မှာ မှန်ပါသော်ငြား အနည်းဆုံးတော့ ထိုနတ်ဆိုးသူတော်စင်များ မည်မျှ အားကောင်းသလဲဆိုသည်ကို ရှယ သိပေသည်။ သို့သော်ငြား မှော်ဆရာညိုနှင့်ပက်သက်၍မူ သူ့ခွန်အားမှာ လုံးဝကို အကန့်အသတ် မရှိသည့်ပုံပင်။
မှော်ဆရာညို ပြောခဲ့သည့် စကားလုံးများသည် ရှယစိတ်ထဲ ပဲ့တင်ထပ်နေခဲ့လေသည် (သူ ဒီကမ္ဘာကြီးကို တကယ် ထိန်းချုပ်နိုင်တာလား)
အသည်းအသန် ထွက်ပြေးနေသည့် ရှယသည် သူ့မရှေ့တည့်တည့်ကို ကြည့်ရင်း ရုတ်တရက် မျက်လုံးပြူးသွားခဲ့လေသည်။ သူမ အလွန်ကိုမှ ကြောက်ရွံ့ရသည့်လူသည် သူမရှေ့ရှိ ဟင်းလင်းပြင်ထဲ၌ ဝဲနေခဲ့လေ၏။ သူမ ထွက်ပြေးစဉ်က ထိုကောင်သည် သူမအား တားမည်အရိပ်အယောင်မပြဘဲ လက်နောက်ပစ်၍သာ အေးဆေး ရပ်နေခဲ့၏။
(သေလိုက်ပါတော့... သူဘယ်လိုလုပ်ပြီး ငါ့ရှေ့မှာ ပေါ်လာရတာလဲ)
ရှယမှာ အထိတ်ထိတ်အလန့်လန့်နှင့် ချက်ချင်းရပ်၍ ရန်ကိုင်နှင့် ဆန့်ကျင်ဘက် အရပ်သို့ ထပ်မံ ထွက်ပြေးပြန်လေသည်။
အမွှေးတိုင်တစ်ချောင်းစာကြာအောင် ပြေးနေပြီးနောက်တွင် မှော်ဆရာညို သူမရှေ့၌ ရပ်နေသည်ကို ရှယ ထပ်တွေ့လိုက်ရပြန်လေသည်။ မှော်ဆရာညိုသည် မူလပုံစံအတိုင်း လက်နောက်ပစ်၍ အေးဆေး ရပ်နေခြင်းဖြစ်သည်။
ဘေးပတ်ဝန်ကျင်းအား လှည့်ပတ်ကြည့်လိုက်သည့်အခါ ထိုရှုခင်းများကို သူမစိတ်ထဲ ရင်းနှီးနေသလို ခံစားလိုက်ရ၏။ မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ သွေးကွက်များ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုသွေးကွက်များသည် သူမ အန်ခဲ့သည့် သွေးများ ဖြစ်ပေသည်။
(ငါဘာလို့ ဒီနေရာကို ပြန်ရောက်လာရတာလဲ။ ခုနကပဲ ဒီနေရာကနေ ထွက်ပြေးလာတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ဒီနေရာကို ပြန်ရောက်လာရတာလဲ)
ထိုသို့ စဉ်းစားမိသည်မှာ ခဏလေးသာ ဖြစ်ပေသည်။ ထို့နောက်တွင် တစ်ချက်ကလေးမှပင် စဉ်းစားမနေတော့ဘဲ ချက်ချင်း နောက်လှည့်ထွက်ပြေးလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၂)
ဘာသာပြန်သူ_တိမ်တိုက်
“နင်ငါ့ကို ဘာလုပ်ထားတာလဲ” ရှယသည် ဒေါသထွက်ထွက်နှင့် အော်မေးလိုက်လေသည်။
အစောပိုင်းက ရှယသည် တောက်လျှောက်ကို ထွက်ပြေးခဲ့သည်။ သို့သော်ငြား ထွက်ပြေးပြီးတိုင်း ခဏအကြာ၌ ရန်ကိုင်နှင့် ပြန်တိုးသည်။ နောက်ဆုံးကျမှ သူမသည် အဝေးကြီးသို့ ထွက်ပြေးနေခြင်းမဟုတ်ဘဲ စက်ဝိုင်းကျဉ်းလေးထဲတွင် ပတ်ပြေးနေခြင်း ဖြစ်ကြောင်း ရှယ နားလည်သွားရသည်။ ထို့ကြောင့် သူမ မည်သို့ပင် ထွက်ပြေးနေစေကာမူ မူလ နေရာသို့သာ ပြန်ပြန် ရောက်လာခြင်း ဖြစ်သည်။
ကဝေနတ်ဆိုးများ၏ ဝိဥာဉ်သည် အခြားနတ်ဆိုးများ၏ ဝိဥာဉ်ထက် ပိုအားကောင်းလေ့ ရှိသည်။ ထို့ကြောင့် သူမများ မှော်ပညာရပ်တစ်ခုမိပြီး ပုံရိပ်ယောင်အောက်များ ရောက်သွားသလားဟု အထင်ရောက်လျက် သေချာ စစ်ဆေးကြည့်ပါသော်ငြား ထိုသို့ မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။
သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပုံရိပ်ယောင်မဟုတ်၊ အကုန်လုံးမှာ အစစ် ဖြစ်သည်။ သို့တိုင် ထွက်ပြေးလိုက်သည့် အကြိမ်တိုင်း မူလနေရာသို့သာ ပြန်ပြန် ရောက်လာခဲ့သည်။
ဤကဲ့သို့ နေရာတစ်ခုထဲတွင် ဝဲလည်လည် ဖြစ်နေခြင်းသည် ရှယကို အတော်လေး ထိတ်လန့်သွားစေလေသည်။ ထွက်ပြေးလည်း မထူးဟု သိလိုက်သည့်နောက်တွင် ရှယသည် နောက်တစ်ကြိမ် ထွက်ပြေးရန် မကြိုးစားတော့ချေ။
“ဒီကမ္ဘာကြီးတစ်ခုလုံးက ကျုပ်လက်အောက်မှာ ရှိနေတာလို့ ခင်ဗျားကို ပြောထားသားပဲ။ ဒီနေရာမှာရှိတဲ့ အရာမှန်သမျှကို ကျုပ်ထိန်းချုပ်နိုင်တယ်။ ခင်ဗျား အသက်ကိုလည်း ထိန်းချုပ်နိုင်တယ်။ ကျုပ်သေစေချင်ရင် ခင်ဗျား သေသွားရလိမ့်မယ်။ ခင်ဗျားကို မသတ်ချင်သေးလို့သာ အခုအချိန်ထိ အသက်ရှင်နေတာ” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ရှယမှာတော့ သူမရင်ဝကို ခြေတစ်စုံမှ လာဖိချသည့်အလား သွေးတစ်ပွက် ထိုးအန်ချလိုက်လေရသည်။
လေထဲတွင် ရှိနေသော ရန်ကိုင်သည် ခြေတစ်လှမ်းချင်း လှမ်းလာနေခဲ့သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ရှယမှာလည်း သွေးတစ်ပွက် ထိုးအန်ရပြီး တဖြည်းဖြည်းနှင့် သူမ၏ အရှိန်အဝါမှာ အားနည်းသည်ထက် အားနည်းလာတော့၏။
သို့သော်ငြား သေခါနီး အခိုက်အတန့်သို့ ရောက်ချိန်တွင်တော့ ရှယမှာ ခေါင်းဆက်မမာနိုင်တော့ဘဲ ချက်ချင်းပဲ ဒူးထောက်၍ ရိုကျိုးသည့် အမူအရာဖြင့် “ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မအသက်ကို ချမ်းသာပေးပါနော်။ ရှယ၊ ဆရာ့လက်အောက်ထဲ ခိုဝင်ဖို့ ဆန္ဒရှိပါတယ်ဆရာ”
ရှယသည် ပါးတော့ပါးပေသည်။ မှော်ဆရာညိုသည် သူမ၏ ခန္ဓာကိုယ်အား မလိုချင်သလို သူမကိုလည်း သတ်ရန်ရည်ရွယ်ချက် မရှိသည်ကိုမြင်သော် မှော်ဆရာညိုသည် သူမအား သူ့လက်အောက်ထဲသို့ ခေါ်သွင်းချင်နေမှန်း ရှယ နားလည်သွားတော့သည်။
ထွက်ပြေးလို့လည်းမရ၊ ပြန်တိုက်လို့လည်း မရလေရာ၊ ရှယလည်း ဆက်၍ ရုန်းကန်မနေတော့ဘဲ ချက်ချင်း ခေါင်းငုံ့ အညံ့ခံလိုက်လေသည်။
ထိုအခါမှသာလျှင် ရန်ကိုင်သည် သူ့ခြေလှမ်းရပ်၍ ပြုံးလျက် “ဒါမှပေါ့”
ထိုအခါမှသာ သူမကိုယ်ပေါ်သို့ ဖိချထားသည့် ဖိအား ပျောက်ကွယ်သွားကြောင်း ရှယ တွေ့ရှိလိုက်ရသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလျက် ရန်ကိုင်အား သနားစဖွယ် အမူအရာလေးဖြင့် မော့ကြည့်လျက် မေးလိုက်လေ၏ “ဆရာ၊ ကျွန်မ ဘာလုပ်ပေးရမလဲ”
“ခင်ဗျားအသိစိတ်ပင်လယ်ကို ဖွင့်လိုက်” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။
“…ဟုတ်ကဲ့” ယာယီမျှ တုန့်ဆိုင်းနေပြီးသည့်နောက်တွင် ရှယသည် သူမ၏ အသိစိတ်ပင်လယ်ကို ဖွင့်ပေးလိုက်လေသည်။ ရန်ကိုင်သည် ရှယု၏ လျှို့ဝှက်ချက်များကို ဂရုစိုက်မနေခဲ့ဘဲ သူ့ဝိဥာဉ်အမှတ်အသားကို ရှယ၏ အသိစိတ်ပင်လယ်ထဲ ခတ်နှိပ်လိုက်လေသည်။
တစ်ချိန်တည်းတွင် သူမနှင့် မှော်ဆရာညိုကြား ဆက်သွယ်ထားသည့်အရာ တစ်ခု ရှိလာသည်ဟု ရှယ ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိ သူမကိုယ်သူမ မှော်ဆရာညိုနှင့် နီးကပ်သလို ခံစားလိုက်ရသည်။ ထို့အပြင် မှော်ဆရာညိုကိုလည်း ယခင်ကလောက် မုန်းတီးခြင်း မရှိတော့ချေ။ မှော်ဆရာညို ထုတ်သုံးလိုက်သည့် ပညာရပ် မည်သို့ အလုပ်လုပ်သလဲ ဆိုသည်ကို ရှယ သိသွားလေပြီ။ သို့ရာတွင် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသည့် မှော်ဆရာညို၏ ဝိဥာဉ်အမှတ်အသားကို မြင်လိုက်သည့်အခိုက် ရှယ မျက်နှာပျက်သွားလေ၏။
သူမ၏ဝိဥာဉ်သည် အတော်လေး အားကောင်းသည်ဟု ထင်ခဲ့ပါသော်ငြား ရန်ကိုင်၏ စိတ်စွမ်းအင်မှာ သူမထက် အများကြီး ပိုအားကောင်းနေခဲ့သည်။ ရန်ကိုင်၏ ဝိဥာဉ် အမှတ်အသားကို ဖျက်စီးပစ်ရန် ကြိုးစားကြည့်လိုက်သော်ငြား မည်သို့မှ ဖျက်စီး၍ မရကြောင်း တွေ့လိုက်ရ၏။ ထို့အတွက်ကြောင့် ရန်ကိုင်လက်မှ လွတ်မြောက်နိုင်မည့် သူမ၏ မျှော်လင့်ချက်လေးမျ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရလေသည်။
“ခင်ဗျားစိတ်ထဲမှာ တွေးနေတဲ့ မကောင်းတဲ့အတွေးကို ကျုပ်ခံစားနိုင်တယ်ဆိုတာ ခင်ဗျား သိသင့်တယ်” ရန်ကိုင်က ရှယအား ပြုံးကာကြည့်၍ ပြောလိုက်သည်။
ထိုစကားကိုကြားသော် ရှယ ရှက်သွားပြီး မျက်နှာလေးမဲ့လျက် ပြန်ပြောလိုက်၏ “ကျွန်မ မှားသွားပါတယ်ဆရာ၊ နောက်ဒါမျိုး မဖြစ်စေရတော့ပါဘူး။ အခုကနေစပြီး ရှယက ဆရာ့အပိုင် ဖြစ်သွားပါပြီ။ ဆရာ၊ ရှယအပေါ် ညှာတာပေးဖို့ပဲ မျှော်လင့်ပါတယ်”
ရှယ၏ ပုံစံမှာ အလွန်ကိုမှ နှစ်လိုဖွယ် ကောင်းနေခဲ့သည်။
ရန်ကိုင်မှ သူ့လက်ကို ရုတ်တရက် ကောက်ဝှေ့ရမ်းချလိုက်ရာ ရှယမှာ ရင်ဘတ်တစ်ခုလုံး စူးအောင့်သွားသလို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ သူမရင်ဘတ်တွင် ကျောဘက်သို့ ထုတ်ချင်းပေါက်နေသည့် အပေါက်တစ်ပေါက် ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ရှယ၏မျက်နှာ ရုတ်တရက် ဖြူလျော်သွားလေ၏။
“နောက်တစ်ကြိမ် ညို့ဓါတ်ပညာရပ်ကို ကျုပ်အပေါ် လာသုံးရဲရင် ပေါက်ထွက်သွားမှာ ရင်ဘတ်မဟုတ်ဘဲ ခင်ဗျားခေါင်း ဖြစ်သွားလိမ့်မယ်”
“ဟုတ်ကဲ့” ရှယက အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
သူမ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်သွားသည့်တိုင် ရှယမှာ သေသွားခြင်းမရှိ။ သို့သော်ငြား ရင်ဘတ်ဖောက်ခံရသည်မှာ ခံစားလိုက်မကောင်းသဖြင့် ရှယမှာ ချက်ချင်းကို ငြိမ်ကုတ်သွားတော့၏။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ခင်ဗျားရဲ့ နတ်ဆိုးနှလုံးသားသာ ရှိသေးရင် အသက်ရှင်မယ်လို့ ခင်ဗျား ပြောတယ်နော်။ ဒါပေမယ့် ခင်ဗျားရဲ့ နတ်ဆိုးနှလုံးသားကို ကျုပ်ဖျက်စီးပစ်ပြီးသွားပြီလေ။ ခင်ဗျားဘာလို့ မသေတာလဲ”
ရှယက ပြန်ပြောလိုက်၏ “ကျွန်မမှာ နတ်ဆိုးနှလုံးသားနှစ်ခု ရှိလို့ပါဆရာ။ နှစ်ခုထဲက တစ်ခု ရှိနေသေးသရွေ့ ကျွန်မ မသေပါဘူး”
ရန်ကိုင်က မျက်ခုံးပင့်လျက် “အခြားနတ်ဆိုးမျိုးနွယ်စုက ပညာရှင်တွေလည်း အဲ့အတိုင်းပဲလား”
ရှယုက ပြန်ပြောလိုက်သည် “အများစုမှာ နတ်ဆိုးနှလုံးသားတွေ အများကြီးရှိတယ်။ နည်းနည်းလောက်မှာပဲ တစ်ခုလောက် ရှိကြတာ။ ဆရာ နတ်ဆိုးဘုရင်နဲ့ အဲ့အထက်က နတ်ဆိုးတွေကို သတ်ချင်တယ်ဆိုရင် သူတို့ နတ်ဆိုးနှလုံးသားတွေ အကုန်လုံးကို ဖျက်စီးပစ်နိုင်မှရမှာ”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီဂ သူ့လက်ကို မြှောက်လိုက်လေသည်။ ရှယမှာ ရန်ကိုင်လက်မြှောက်လျှင် ကြောက်နေလေရာ ရန်ကိုင် လက်မြှောက်လိုက်သည်ကို မြင်သည်နှင့် ချက်ချင်းပဲ သူမလက်ကို မြှောက်ကာလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမအား တိုက်ခိုက်နေခြင်းမဟုတ်ဘဲ သူမဆီသို့ ကျောက်စိမ်းပုလင်း တစ်ပုလင်း ပစ်ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိသွားခဲ့ရသည်။
ရှယသည် ရန်ကိုင်အား မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်သည်။
“အဲ့ထဲက ဆေးကိုသောက်လိုက်။ နောက်ကျရင် ကျုပ် ခင်ဗျားကို မေးစရာရှိတယ်”
ရှယသည် ဆေးပုလင်းကို ကောက်ယူ အဖုံးဖွင့်ကာ အထဲရှိ ဆေးလုံးကို သွန်ချကြည့်လိုက်သည်။ သလင်းကျောက်ပမာ ကြည်လင်နေသည့် ဆေးလုံး တစ်လုံး သူမလက်ထဲသို့ ကျလာခဲ့လေသည်။ တစ်ချိန်တည်းတွင် သင်းပျံ့လှသည့် ဆေးရနံ့တို့လည်း ပျံ့လွင့်လာလေ၏။
ရှယမှာ အနည်းငယ်မျှပင် တုန့်ဆိုင်းမနေတော့ဘဲ ထိုဆေးလုံးကို သောက်ချလိုက်လေသည်။
ထို့နောက် ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဆေးအာနိသင်ကို စတင် စုပ်ယူ၏။ အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် သူမကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံး သက်သာ ပျောက်ကင်းသွားကုန်လေသည်။ အားနည်းနေသည့် သူမ၏ အရှိန်အဝါသည်ပင်လျှင် အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့သည်။
နတ်ဆိုးမျိုးနွယ်စုဝင်များသည် အသက်ဓါတ်စွမ်းအင်မှာ အလွန်ကိုမှ အားကောင်းလှသည်။ အထူးသဖြင့် နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ထားသည့် ရှယ ကဲ့သို့သော လူမျိုးပင်။ သို့သော်ငြား ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်သည်မှာ ဆေးလုံး၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။
(ပြင်ပမျိုးနွယ်တွေက ဒါမျိုးတွေ ဖန်တီးတတ်တာလား။ မှော်ဆရာညိုက ဒါကို ဆေးလုံးလို့ ခေါ်တယ်...)
ဆေးလုံးအကြောင်းကိုတွေးရင်း ရှယ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ သိသလောက်ဆို ပြင်ပမျိုးနွယ်စုများ၏ ဆေးလုံးများသည် ဆေးပင်များကို ရောစပ်၍ ဖန်တီးထားသည့် ဆေးအနှစ်များသာ ဖြစ်ကြသည်။ ဤကဲ့သို့သော ဆေးလုံးမျိုးကို သူတို့ တစ်ခါမှ မဖန်တီးဖူးကြချေ။
သို့သော်ငြား ဤဆေးလုံးသည် ထိုဆေးနှစ်များထက် အများကြီး ပိုကောင်းသည်မှာတော့ ယုံမှာ သံသယရှိစရာ မလိုချေ။ ပြင်ပမျိုးနွယ်များသည် ဤကဲ့သို့သော ဆေးလုံးများကို သုံးနိုင်မည်ဆိုပါက စစ်ဖြစ်နေစဉ် အတောအတွင်း ဒဏ်ရာရနေသည့် သူတို့၏ စစ်သားများကို လျင်မြန်စွာ ကုသပေးနိုင်ပေလိမ့်မည်။ ဤသည်မှာ နတ်ဆိုးများအတွက်တော့ သတင်းဆိုးပင်။
သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် ရှယ မဲ့ပြုံးပြုံးသာ ပြုံးလိုက်၏ (ထားလိုက်ပါ၊ ငါတွေးပူနေလို့လည်း ဘာမှမထူးဘူး။ ငါက အခု အကျဉ်းသား ဖြစ်နေပြီပဲကို။ သူတို့အတွက် မပူခင် ငါ့အတွက်ငါ အရင်ပူရတော့မှာ)
ရှယ သက်ပြင်းချလိုက်လေ၏။ ထို့နောက် သူမအတွေးများကို သေချာ စုစည်းလိုက်ပြီး ရန်ကိုင်ဆီသို့ လျှောက်သွား၍ ပြောလိုက်လေသည် “ဆရာ၊ ကျွန်မအခု သက်သာသွားပါပြီ”
ရန်ကိုင်က ရှယဘက်သို့လှည့်၍ မေးလိုက်လေ၏ “ခင်ဗျား ဘယ်ကနေလာတာလဲ”
“နတ်ဆိုးနယ်မြေ”
“နတ်ဆိုးနယ်မြေ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှယက ပြုံးလျက် “ဟုတ်တယ်။ အပြင်ဘက်မှာ ကမ္ဘာတွေအများကြီးရှိတယ်။ ဆရာတို့ နေနေတဲ့ နေရာတစ်ခုတည်း ရှိတာမဟုတ်ဘူး။ နတ်ဆိုးနယ်မြေက အခု ဆရာတို့ နေနေတဲ့ ကမ္ဘာနဲ့ အတူတူပဲ”
ရန်ကိုင် သက်ပြင်းရှိုက်လိုက်လေ၏ “ဒီတော့ ခင်ဗျား ပြောချင်တာက အပြင်ဘက်မှာ နတ်ဆိုးနယ်မြေလို ကမ္ဘာတွေ အများကြီး ရှိသေးတယ်ပေါ့”
ရှယ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ အဲ့နေရာတွေဆီ မရောက်ဖူးပေးမယ့် ကျွန်မတို့ ဘိုးဘေးတွေ ထားခဲ့တဲ့ မှတ်တမ်းအရတော့ ဒီအဆုံးမဲ့ စကြာဝဠာကြီးထဲမှာ အဲ့လို ကမ္ဘာတွေ အများကြီး ရှိတယ်တဲ့။ ဒါပေမယ့် ကမ္ဘာတစ်ခုနဲ့ တစ်ခုကြားမှာ အတားအဆီးတွေ အခြားနေတော့ အခြားကမ္ဘာတွေ ရှိနေတာကို အာရုံခံမိဖို့ မလွယ်ဘူး။ ဟိုထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့လူတွေပဲ နောက်ထပ် ကမ္ဘာတွေ ရှိနေသေးတယ် ဆိုတာကို ဝိုးတဝါး အာရုံခံနိုင်တာ”
“ဒါဆို နတ်ဆိုးနယ်မြေက အဲ့ကမ္ဘာတွေကို ဘယ်ရှာတွေ့တာလဲ။ ခင်ဗျားတို့ကကော အဲ့ကမ္ဘာတွေထဲကို ဘယ်လို သွားတာလဲ”
“ကမ္ဘာတစ်ခုနဲ့တစ်ခုကြားက အတားအဆီးက မတူဘူး။ အချို့က အားနည်းတယ်။ အချို့က အားကောင်းတယ်။ ဒါပေမယ့် ဝင်ပေါက်ကို ရှာတွေ့မယ်ဆိုရင်တော့ အခြား ကမ္ဘာတွေဆီ ဝင်ထွက်သွားလာလို့ရပြီ။ အရမ်းအားကောင်တဲ့ အတားအဆီးတွေ ခြားနေတဲ့ ကမ္ဘာနှစ်ခုကြား သွားလာမယ်ဆိုရင်တော့ တန်ရာတန်ကြေး ကြီးကြီးမားမား ပေးဆပ်ပြီးမှပဲ ရလိမ့်မယ်။ အခု ဆရာတို့ နေနေတဲ့ ဒီကမ္ဘာနဲ့ နတ်ဆိုးနယ်မြေကြားက အတားအဆီးက တော်တော်လေး အားကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဆရာ နတ်ဆိုးနတ်ဘုရားကိုယ်တိုင် အဲ့အတားအဆီးကို ချိုးဖျက်ပေးခဲ့ရတယ်”
“နတ်ဆိုးနတ်ဘုရား” ရန်ကိုင်၏မျက်လုံး မှေးစဉ်းသွားခဲ့လေသည်။ နတ်ဆိုးနတ်ဘုရား၊ လူရိုင်းနတ်ဘုရားများအကြောင်း ရန်ကိုင် ကြားဖူးပေသည်။ သူထင်ထားသည်မှာ ထိုနတ်ဘုရားဆိုသည့် အရာများသည် ဤကမ္ဘာရှိလူများ ယုံကြည်ကိုးစားကြသည့် အမှတ်သညာ သက်သက်သာ ဖြစ်သည်ဟူ၍ပင်။ သို့သော် ရှယ ပြောသည်ကို ကြားပြီးနောက် ထိုနတ်ဘုရားဆိုသည့် လူများမှာ တကယ်ရှိကြောင်း သိလာရတော့သည်။
ထို့အပြင် ထိုနတ်ဆိုးနတ်ဘုရားဆိုသည့်လူသည် ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးကိုပင် ဖျက်စီးနိုင်စွမ်းရှိ၏။ ထိုကဲ့သို့ လုပ်နိုင်ဖို့ရာ မည်မျှပင် အားကောင်းနေရန် လိုအပ်သနည်း။
ကြယ်တာရာအစုအဝေးထဲရှိ မဟာဧကရာဇ်ဆယ်ပါးသည်ပင်လျှင် ထိုသို့ မလုပ်နိုင်လောက်ချေ။
ရှယက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “နတ်ဆိုးနယ်မြေထဲမှာ အားအကောင်းဆုံး လူကိုပဲ နတ်ဆိုးနတ်ဘုရားလို့ ခေါ်ဖို့ထိုက်တန်တယ်”
“သူတို့တွေက တစ်ယောက်မက ရှိတာလား” ရန်ကိုင် မျက်နှာကြီး မဲ့သွားလေသည်။
“ဒါပေါ့” ရှယသည် ရန်ကိုင်အား ထူးထူးဆန်းဆန်းဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့သော မေးခွန်းအား လာမေးသလဲဆိုသည်ကိုး ရှယ နားမလညနိုင် ဖြစ်နေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၃)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြန်ထွက်လာခဲ့သည်။
ရှယနှင့် စကားပြောပြီးနောက် သူမသိသေးသည့် အကြောင်းအရာများစွာကို သိလာရသည်။ နတ်ဆိုးကလန်မှာ ရင်ဆိုင်ရလွယ်ကူသည့် အင်အားစုတစ်ခု မဟုတ်မှန်းလည်း သိလာရသည်။ ရာနှင့်ချီသော နတ်ဆိုးကလန်များ ဆိုသည်မှာ အပြောသက်သက်မဟုတ်၊ တကယ် ရှိနေကြခြင်း ဖြစ်လေသည်။ ကလန် တစ်ခုချင်းစီတိုင်းသည် သက်ဆိုင်ရာ မွေးရာပါစွမ်းရည်များကို ပိုင်ဆိုင်ထားကြ၏။ ဥပမာပြရသော် ကဝေနတ်ဆိုးကလန်သည် အလင်းညို့ယူခြင်းပညာရပ်ကို တတ်ကျွမ်းထားကြလေသည်။ ထိုပညာရပ်ကို ထုတ်သုံးလိုက်ပြီ ဆိုသည်နှင့် အသုံးပြုသူထက် အားနည်းသည့် လူများမှာ ညို့ခံလိုက်ရကာ တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက် ရောက်သွားပေလိမ့်မည်။ ထိုပညာရပ် အသုံးပြုခံလိုက်ရသူသည် အလွန်ကိုမှ အားနည်းနေမည် ဆိုလျှင်တော့ အသိစိတ်ပါပျောက်ကာ လမ်းလျှောက်နေသည့် အလောင်းကောင် သာသာ ဖြစ်သွားပေတော့မည်။
ထို့အပြင် သူကြုံခဲ့ရသည့် နတ်ဆိုးပုလေးများသည် အရိပ်နတ်ဆိုးကလန်မှ နတ်ဆိုးများ ဖြစ်ကြသည်။ ထိုနတ်ဆိုးများသည် ပုန်းကွယ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့တွင် အထူး ကျွမ်းကျင်ကြလေသည်။
ထိုနတ်ဆိုးများအပြင် အစိမ်းရောင်နတ်ဆိုး၊ အနီရောင်နတ်ဆိုး၊ သဲနတ်ဆိုး... စသဖြင့် နတ်ဆိုးများစွာ ရှိနေကြပေသေးသည်။
နတ်ဆိုးကလန်များအနက် အဖွဲ့ဝင်အရေအတွက် အများဆုံးကလန်သည် ခွန်အားနတ်ဆိုးကလန် ဖြစ်ပေသည်။ ထိုနတ်ဆိုးများသည် လူရိုင်းမျိုးနွယ်များနှင့် ရုပ်ခွန်အားချင်း ယှဉ်ပြိုင်နိုင်သည့် နတ်ဆိုးများ ဖြစ်ကြသည်။ အစောပိုင်းက စစ်ပွဲတွင် တွေ့ခဲ့ရသည့် နတ်ဆိုးများအနက် ရှစ်ဆယ်ရာခိုင်နှုန်းလောက်သည် ခွန်အားနတ်ဆိုးကလန်မှ လာခြင်း ဖြစ်သည်။
ရန်ကိုင်မှ ရှယကိုခေါ်၍ ထွက်လာသည်ကို မြင်သည့်အခါ လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။
မှော်ဆရာများနှင့် လူရိုင်းမျိုးနွယ်စုဝင်များသည် ရန်ကိုင် နောက်ဘက်တွင် ရှိနေသော ရှယကို အထိတ်တလန့်ဖြင့် ကြည့်နေကြ၏။ ယွဲ့နှင့် လုတို့သည်ပင်လျှင် မှော်ပညာရပ်များကို အချိန်မရွေးကို ထုတ်သုံးနိုင်ရန်ပင် ပြင်ဆင်ထားကြလေသည်။
ရှယမှာ နတ်ဆိုးဘုရင်တစ်ပါးဖြစ်ကာ သူတို့ အနိုင်ယူခဲ့သည့် နတ်ဆိုးစစ်တပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးမှာ သူမအား သတိကြီးကြီး ထားနေခဲ့သည်။ သို့သော်ငြား တီယာ တစ်ယောက်မှာတော့ ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေသည်။
“စိုးရိမ်မနေကြနဲ့။ ငါကအခု မှော်ဆရာညိုရဲ့ အစေခံဖြစ်နေပြီ။ နင်တို့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး” ရှယူက လူအုပ်ကြီးကို ပြုံးပြ၍ ပြောလိုက်သည်။
“အစေခံ” အကုန်လုံး ကြောင်သွားကုန်ကြလေသည်။
ယွဲ့နှင့်ယုတို့သည် ရှယ ပြောသည်မှာ ဟုတ်မဟုတ် သိလိုသိငြား ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရန်ကိုင်မှ ခေါင်းညိတ်ပြနေသည်ကို မြင်သော် အကုန်လုံး အံ့ဩတကြီး ဖြစ်ကုန်ကြလေသည်။ ရန်ကိုင် မည်မျှအားကောင်းမှန်း သူတို့အားလုံး သိကြပါသော်ငြား နတ်ဆိုးဘုရင်တစ်ပါးကို ကျွန်ပြုနိုင်သည်အထိ အားကောင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
ရန်ကိုင်ကိုယ်တိုင်မှ အတည်ပြုပေးထားသည့်တိုင် လူတိုင်းမှာတော့ နတ်ဆိုးဘုရင်ကို လန့်နေကြပေသေးသည်။ ထို့ကြောင့် အကုန်လုံးသည် သူမနားမှ ခပ်ခွာခွာ ရပ်နေကြလေ၏။
ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးနောက်တွင် ယွဲ့နှင့်လုသည် ရန်ကိုင်အား သွားရောက် အစီရင်ခံတင်ပြလေ၏။
စစ်ပွဲမှ ကယ်ဆယ်နိုင်ခဲ့သော နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများစွာကို မှော်ဆရာများ၏ အကူအညီဖြင့် ကယ်ဆယ်နိုင်ခဲ့လေသည်။ သို့သော်ငြား နတ်ဆိုး အသွင်ပြောင်းသွားသည်မှာ ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့်လားမသိ၊ ထိုလူများ၏ နတ်ဆိုးချီကို ခန္ဓာကိုယ်ထဲမှ ထုတ်ပေးနေစဉ် အတောအတွင်း တစ်ဝက်လောက်မှာ ခေါင်းများ ပေါက်ကွဲပြီး သေကုန်ကြလေသည်။
ရှယ၏ နတ်ဆိုးတပ်ဖွဲ့နှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်တို့ဘက်မှ လူနှစ်ရာကျော် သေဆုံးခဲ့ရသည်။ သို့သော် ထိုသေဆုံးသွားသည့် လူများမှာ နတ်ဆိုးအသွင် ပြောင်းသွာသည့် လူများကို ကယ်ဆယ်လိုက်ခြင်းအားဖြင့် ပြန်ဖြည့်နိုင်ခဲ့သည်။ သို့သော် ထိုလူများမှာ အတော်လေး အားနည်းနေသေးသည့် အတွက်ကြောင့် အနားယူ အားပြန်ဖြည့်ရန် လိုနေပေသေးသည်။
လက်ရှိအချိန်တွင် ယွဲ့နှင့်လုတို့သည် ပိုကောင်းမည့် ကုသရေးနည်းလမ်းကို ရှာဖွေနေကြလေသည်။ သွေးလောင်ကျွမ်းပညာရပ်ကို သုံး၍ သွေးချီကို လှုံ့ဆော်ပြီး သန့်စင်ခြင်းပညာရပ်သုံး၍ နတ်ဆိုးချီကို ဖယ်ထုတ်သည့် နည်းလမ်းသည် ရန်ကိုင် အမှတ်မထင် ရှာတွေ့ခဲ့သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ထက်ပိုကောင်းသည့် နည်းလမ်းတစ်ခုခု ရှိကောင်း ရှိနေနိုင်ပေသေးသည်။
ယွဲ့နှင့်လုတို့သည် မှော်ကျောင်းတော်ထွက်များ ဖြစ်ကြသည့်အတွက်ကြောင့် မှော်ပညာရပ်များနှင့် ပက်သက်ရာတွင် အတော်လေး ဗဟုသုတ ကြွယ်ဝကြသည်။ ထို့ကြောင့် သူတို့သည်သာ သေချာအားစိုက်မည်ဆိုပါက ပိုမိုကောင်းမွန်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မည်ဖြစ်ကာ ကုသရာ၌ သေဆုံးသည့်နှုန်းမှာလည်း လျော့ကျသွားနိုင်ပေသည်။
ယခုတစ်ကြိမ် စစ်ပွဲ၌ နတ်ဆိုးသားရဲများကိုလည်း ဖမ်းမိခဲ့လေသည်။ လက်ရှိအချိန်၌ မှော်ဆရာများမှာ မှော်ပညာရပ်များကိုသုံး၍ နတ်ဆိုးသားရဲများကို ယဉ်ပါးအောင်လုပ်ရန် ကြိုးစားနေခဲ့သည်။ ယွဲ့နှင့်လုတို့သည် လူရိုင်းစစ်သည်တော်များထဲမှ အားကောင်းဆုံးလူများကို ခေါ်ယူ၍ နတ်ဆိုးသားရဲစစ်တပ်ကို ဖွဲ့စည်းချင်သည်။ သို့သော် ရန်ကိုင်၏ ခွင့်ပြုချက် မရသေးသည့်အတွက်ကြောင့် ထိုအစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးချေ။ ထို့ကြောင့်ပင် ရန်ကိုင်၏ သဘောထားကို လာရောက် မေးမြန်းခြင်း ဖြစ်သည်။
ရန်ကိုင်အတွက် ထိုအစီအစဉ်ကို ငြင်းနေစရာအကြောင်း မရှိချေ။ သူတို့အနေဖြင့် နတ်ဆိုးစစ်တပ်ကို အသာစီးဖြင့် အနိုင်ယူနိုင်ခဲ့ပါသော်ငြား နတ်ဆိုးသားရဲစစ်တပ်၏ စွမ်းဆောင်ရည်ကိုတော့ ရန်ကိုင် အတော်လေး အထင်ကြီးမိပေသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် ထိုကဲ့သို့သော စစ်တပ်တစ်ခုကို တည်ထောင်သည်မှာ မဆိုးလှသည့် အကြံတစ်ခုဖြစ်သည်။
“ကျွန်မ အကူအညီလိုလား” ရှယက ရန်ကိုင်ကိုကြည့်၍ မေးလိုက်သည်။
ရှယသည် သူမ၏ ဂုဏ်မာနတရားကိုပင် ဂရုမစိုက်တော့ဘဲ ရန်ကိုင် လက်အောက်သို့ ခိုဝင်ကာ သူ့အစေခံ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူမ မည်မျှ အဖိုးတန်ကြောင်းကို ပြသဖို့ရာ စိတ်အားထက်သန်နေတော့သည်။
ရန်ကိုင် သူမအား ကြည့်နေသည်ကို မြင်သော် ရှယက ယဲ့ယဲ့လေးပြုံးလျက် “ကျွန်မက နတ်ဆိုးဘုရင်တစ်ပါးလေ။ ဒီတော့ ကျွန်မသာ ရှိနေရင် အဲ့နတ်ဆိုးသားရဲတွေ သောင်းကျန်းရဲမှာ မဟုတ်ဘူး။ အဲ့နတ်ဆိုးသားရဲတွေကို ထိန်းချုပ်လို့ကောင်းတဲ့ တကယ် အသုံးဝင်တဲ့ နည်းလမ်းတွေကိုလည်း ကျွန်မ သိထားတယ်”
“အဲ့ဒါဆို သူတို့ကို သွားကူပေးလိုက်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ယွဲ့နှင့်လုမှာ ရှယကို မယုံကြည်ချေ။ သို့သော်ငြား ရန်ကိုင်က အမိန့်ပေးလာသဖြင့် ရန်ကိုင် ပြောသည့်အတိုင်း လုပ်ရုံသာ ရှိတော့သည်။
နောက်ရက်များအတွင်း လူရိုင်းမျိုးနွယ်များသည် နောက်လာမည့် တိုက်ပွဲအတွက် ပြင်ဆင်ရင်း အားဖြည့်နေကြသည်။ ပထမဦးဆုံး တိုက်ပွဲကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သည့်အတွက်ကြောင့် အကုန်လုံးမှာ အလွန်ကိုမှ ယုံကြည်ချက် မြင့်မားနေကြလေသည်။ ယခင်က နတ်ဆိုးမျိုးနွယ်ဆိုလျှင် ကြောက်ရွံ့ခဲ့ရသည့် ခံစားချက်မှာလည်း ပျောက်ကွယ်သွားကုန်ကြလေပြီ။
မသိရသည့်အရာသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့ရာတွင် ရန်သူများအကြောင်း သိသွားပြီ ဆိုသည်နှင့် ထိုရန်သူများကို တန်ပြန်နိုင်မည့်နည်းလမ်း ရှာဖွေလာနိုင်ကာ ကြောက်စရာကောင်းသည့် ရန်သူသည် ထိုမျှ ကြောက်စရာ မကောင်းတော့ချေ။
ရှယမှာ နတ်ဆိုးတစ်ကောင်ပင် ဖြစ်လင့်အစား အလိုက်သင့်စွာ အလွန်ကိုမှ နေတတ်သည်ဟု ပြောနိုင်ပေသည်။ ရက်အနည်းငယ်လေးအတွင်း၌ ရှယသည် ရန်ကိုင် အဖွဲ့သားများနှင့် ရင်းနှီးသွားအောင် လုပ်နိုင်ခဲ့သည်။ ရန်ကိုင်သည် ရှယအား အနီးကပ် စောင့်မကြည့်နေပါသော်ငြား သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ဝိဥာဉ် အမှတ်အသားမှတစ်ဆင့် အခြေအနေကို အာရုံခံနိုင်ပေသည်။
ရှယသည် အလင်းညို့ယူခြင်း ပညာရပ်ကို အသုံးပြုခြင်းမရှိ၊ ထို့အစား စိတ်ရှည်ရှည်ဖြင့် ဖော်ရွေစွာ ပေါင်းသင်းရင်းဖြင့်သာ ရန်ကိုင်၏ အဖွဲ့သားများနှင့် ရင်းနှီးသွားအောင် လုပ်ခြင်း ဖြစ်သည်။
သူမ၏ အကူအညီဖြင့် ရန်ကိုင်တို့ ဖမ်းဆီးထားခဲ့သော နတ်ဆိုးသားရဲများကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့လေသည်။
သို့သော် နတ်ဆိုးသားများရဲ၏ ကိုယ်ထဲတွင် နတ်ဆိုးချီတို့ ကိန်းအောင်းနေသည့် အတွက်ကြောင့် လူရိုင်းများမှာ ထိုသားရဲများကို ဤအတိုင်း သွားမထိရဲချေ။ သွေးချီကို လှုံ့ဆော်လိုက်ပြီးသည့် နတ်ဆိုးချီးအား အတော်အတန် ခုခံနိုင်သည့် အခါမှသာလျှင် ထိုနတ်ဆိုးသားရဲများကို စီးနင်းရဲခဲ့သည်။
ငါးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှယအား သူနေသည့် နေရာဆီသို့ ဆင့်ခေါ်လိုက်သည်။
“ဆရာ ဘာများ အမိန့်ပေးချင်လို့ပါလဲ” ရှယသည် ယခင်ကကဲ့သို့ ကလူကျီစယ်သည့် အမူအရာမျိုးဖြင့် ရှိမနေတော့၊ မိန်းမသားတစ်ဦးကဲ့သို့ပင် ကျော့ရှင်းတည်ကြည်နေသည်။ ရန်ကိုင်၏ သတိပေးခြင်း ခံရပြီးနောက် ရှယ အမှန်တကယ်ကို မှတ်သွားပြီး ရန်ကိုင်ရှေ့၌ ညို့ဓါတ်ပညာရပ်များကို ထပ်မသုံးရဲတော့ချေ။
သူမအနေဖြင့် ရန်ကိုင်၏ အဖွဲ့သားများနှင့် လျင်မြန်စွာ ရင်းနှီးသွားနိုင်ရခြင်းမှာ သူမ၏ အလှကြောင့်လည်း ပါပေသည်။ မှော်ဆရာ အများစုနှင့် လူရိုင်းများမှာ ယော်ကျာ်းများသာ မဟုတ်ကြလေလော။ မိန်းမချောလေးများကို မနှစ်သက်သည့် ယောကျာ်း ရှိ၍လော။
“ဒီနေရာတစ်ဝိုက်မှာ အခြားနတ်ဆိုး စခန်းတွေ ရှိသေးတယ်လို့ ခင်ဗျား ပြောတယ်နော်” ရန်ကိုင်က ရှယကိုကြည့်၍ မေးလိုက်သည်။
ရှယက ခေါင်းညိတ်လိုက်၏ “ဟုတ်ပါတယ်။ အခု နတ်ဆိုးသူတော်စင်က အားပြန်ဖြည့်နေတုန်းမို့လို့ နတ်ဆိုးမျိုးနွယ်က စခန်းဆောက်ပြီး ထိုးစစ်ကို ယာယီ ရပ်ထားတာပါ။ လူရိုင်းတွေ ရှေ့တက်လာလို့မရအောင် နတ်ဆိုးတွေက စစ်စခန်းတွေကို ဖြန့်ပြီးတော့ ဆောက်ထားပါတယ်”
“အနီးဆုံးစခန်းက ဘယ်မှာလဲ”
“ဒီကနေ မိုင်ငါးရာအကွာမှာပါ” ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို နားလည်သည့်အလား ရှယသည် ယဲ့ယဲ့လေးပြုံးလျက် “ဆရာကို ကျွန်မ ဦးဆောင်ပြီး ခေါ်သွားပေးရမလား။ အဲ့စခန်းမှာ ဘာနတ်ဆိုးဘုရင်မှမရှိတော့ အဲ့စခန်းကို တိုက်ခိုက်ဖို့က ဘာမှ ဒီလောက်မခက်ဘူး။ အဲ့က အားအကောင်းဆုံး နတ်ဆိုးက နတ်ဆိုးဗိုလ်ချုပ်မှူးပဲ။ သူမှာ လက်အောက်ငယ်သား တစ်ထောင်ပဲရှိတယ်။ ကျွန်မတို့ရဲ့ အခု ခွန်အားနဲ့ဆို သူတို့တွေ အကုန်လုံးကို အလွယ်တကူ ရှင်းပစ်လို့ရတယ်”
“သူတို့ကို သွားမတိုက်ဘူး”
ရှယ ကြောင်သွားလေသည်။
“သူတို့ကိုပဲ ဒီနေရာဆီ လာခိုင်းလိုက်”
ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို ရှယ ချက်ချင်း နားလည်သွားသည်။
“ခင်ဗျား သူတို့ကို ဆက်သွယ်နိုင်တယ်မလား” ရန်ကိုင်က ရှယကိုကြည့်၍ မေးလိုက်၏။
ရှယ ခေါင်းညိတ်လိုက်၏ “ဟုတ်၊ ဆက်သွယ်လို့ရပါတယ်”
“အဲ့ဒါဆို သွားဆက်လုပ်ပေတော့။ ဘာဆက်လုပ်ရမလဲ ဆိုတာကို ခင်ဗျား သိတယ်မလား”
ရှယက ပြုံးလျက် ပြန်ပြောလိုက်၏ “ကျွန်မ ကျင့်ကြံရေးမှာ အရေးကြီးတဲ့အချိန် ရောက်နေတုန်း ပြင်ပမျိုးနွယ်တွေ လာဝင်တိုက်လို့ ကျွန်မကိုယ်တိုင် လှုပ်ရှားဖို့ အဆင်မပြေလို့ သတင်းရတာနဲ့ ချက်ချင်း စစ်ကူပို့ပေးပါ”
“ကောင်းတယ်” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်၍ လက်ဝှေ့ရမ်းလိုက်၏ “သွားပေတော့”
ရန်ကိုင်အား ဦးညွှတ်ပြီးနောက် ရှယ ထွက်သွားလေ၏။
တစ်ခဏအကြာ၌ ရှယသည် လိုဏ်ဂူအပြင်ဘက်ရှိ လေထဲတွင်ဝဲ၍ နတ်ဆိုးချီဖြင့် ကျီးကန်းတစ်ကောင်ကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် ထိုကျီးကန်းသည် တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားလေ၏။
ရှယ ပြန်လှည့်လာသည့်ခါ သူ့အား ငြိမ်သက်စွာ ရပ်ကြည့်နေသည့် ကောင်မလေးတစ်ဦးကို တွေ့လိုက်ရလေ၏။
ထိုကောင်မလေးကို ရှယ သိပေသည်။ သူမသည် အလွန်ကိုမှ ထူးခြားလှသည့် လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်များကို ယခင်စစ်ပွဲတွင် ထုတ်ပြသွားသည့်သည့်လူ ဖြစ်သည်။ သူမ၏ လက်အောက်ရှိ အတော်ဆုံး လုပ်ကြံသတ်ဖြတ်ရေးသမားပင် ထိုသို့ မစွမ်းဆောင်နိုင်ချေ။ ထိုကောင်မလေးကို တီယာဟု ခေါ်သည့်ပုံပင်။
ရှယမှာ ရန်ကိုင်လက်အောက်ရှိ အခြားသော မှော်ဆရာများနှင့် ရင်းနှီးနေပြီ ဖြစ်ပါသော်ငြား တီယာဆိုသည့် ကောင်မလေးကိုတော့ တစ်ကြိမ်နှစ်ကြိမ်လောက်သာ တွေ့ဖူးပြီး နှစ်ဦးသား စကားလည်း တစ်ခါမှ မပြောဖူးကြချေ။
ဤကောင်မလေးကို တွေ့ရမလွယ်သဖြင့် တွေ့တုန်းတွေ့ခိုက် ရှယသည် ချက်ချင်း သွားနှုတ်ဆက်လိုက်လေ၏ “ဟယ်လို”
တီယာကမူ ရုပ်သေးရုပ်တစ်ရုပ်အလား ဘာမှပြန်မပြောဘဲ သူမကိုသာ စိုက်ကြည့်နေ၏။
ကြည့်နေရင်း ကြည့်နေရင်း ဘာကြောင့်မှန်းမသိ ဤတီယာဆိုသည့် ကောင်မလေးကို ရှယ ကြောက်ရွံ့မိလာလေသည်။ တီယာနှင့် ရင်းနှီးအောင် လုပ်လိုသည့် အကြံကိုလည်း ချက်ချင်း ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်လေ၏ “အခု ဆရာက အနားမှာ ရှိနေတဲ့ နတ်ဆိုးတွေကို မျှာခေါ်ပေးဖို့ကို အမိန့်ပေးထားတာ”
တီယာကမူ ဘာမှမပြောဘဲ ရှယကိုသာ စိုက်ကြည့်မြဲ စိုက်ကြည့်နေသည်။
တီယာ၏ အကြည့်ကြောင့် ရှယမှာ စိတ်မသက်မသာ ဖြစ်လာပြီး အားတင်းပြုံးလျက် ပြောလိုက်လေ၏ “ငါအခု တာဝန်ပြီးကြောင်း သွားအစီအရင်ခံလိုက်ဦးမယ်”
ပြောပြီးသည့်နောက် တီယာကိုဖြတ်ကျော်သွားလေ၏။
ခြေလှမ်းဆယ်လှမ်းခန့် လှမ်းပြီးနောက်တွင် ရှယသည် စိုးရိမ်တကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည် သို့သော် သူမနောက်တွင် မည်သူမှ ရှိမနေတော့။ ဤတီယာ ဆိုသည့် ကောင်မလေးသည် လေပမာ လာချင်လာ၊ ပျောက်ချင်ပျောက်သွားနိုင်၏။ နတ်ဆိုးဘုရင်ဖြစ်သည့် သူမပင်လျှင် တီယာ မည်ကဲ့သို့ လှုပ်ရှားသွားသလဲ ဆိုသည်ကို အာရုံမခံနိုင်ခဲ့ချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၄)
ဘာသာပြန်သူ_တိမ်တိုက်
ရှယတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ နောက်နောင်တွင် တီယာဟုခေါ်သည့် ကောင်မလေးနှင့် ဘယ်သောအခါမှ တစ်ခန်းတည်း၌ နှစ်ယောက်တည်း အတူမနေရန်လည်း ဆုံးဖြတ်လိုက်လေသည်။ တီယာဆီမှ ခံစားရသည့် အန္တရာယ်အငွေ့အသက်မှာ အလွန်ကိုမှ ပြင်းထန်လွန်းလှသည်။ ထိုကဲ့သို့သော အန္တရာယ်အငွေ့အသက်မျိုးကို မှော်ဆရာညိုရှေ့၌ ရပ်နေသည့်တိုင် ရှယမခံစားခဲ့ရဖူးပေ။
ရန်ကိုင်ပြောသည့်အတိုင်း လုပ်ပြီးသွားပြီဖြစ်ကြောင်း ရှယမှ ရန်ကိုင်အား အစီရင်ခံပြီးသည့်နောက်တွင် ရန်ကိုင်သည် မှော်ဆရာများနှင့် အဖွဲ့တစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ဆင့်ခေါ်လိုက်လေသည်။
ရန်ကိုင်လက်အောက်တွင် အဖွဲ့ဆယ့်နှစ်ခုရှိသည်။ ပုံမှန်အဖွဲ့ဆယ်ခု၊ လက်ရွေးစင်အစောင့်တပ်နှင့် ဝေဟင်တပ်တို့ ဖြစ်ကြလေသည်။ ယခု နောက်ထပ် သားရဲတပ်တစ်ဖွဲ့ပါ ထပ်တိုးလာခဲ့သည်။ ထိုသားရဲတပ်ဖွဲ့၏ ခေါင်းဆောင်ရာထူးကိုတော့ အားဟူအား ပေးထားခဲ့လေသည်။
ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် ရန်ကိုင်လက်အောက်၌ စုစုပေါင်း အဖွဲ့ဆယ့်သုံးဖွဲ့ ရှိသွားပြီဟု ပြော၍ရပေသည်။
အဖွဲ့ရာထူးများအကြောင်းကို အသေးစိတ်ရှင်းပြပြီးသည့်နောက် ရန်ကိုင်သည် မှော်ဆရာများနှင့် ခေါင်းဆောင်ဆယ့်သုံးဦးကို ပြန်လွှတ်လိုက်လေ၏။
ရက်ပေါင်းများစွာကြာအောင် အနားယူ အားပြန်ဖြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်အဖွဲ့သားများ၏ အခြေအနေမှာ အကောင်းမွန်ဆုံးသောအခြေအနေသို့ ရောက်ရှိနေတော့လေသည်။ အစောပိုင်းကတိုက်ပွဲသည် သူတို့၏ယုံကြည်မှုကို ပိုမိုမြင့်မားလာစေခဲ့သည်။ ထိုယုံကြည်မှုကို ဆက်ထိန်းထားရန်အတွက် နောက်ထပ်အောင်ပွဲတစ်ပွဲ လိုအပ်နေပေသည်။
ထို့အပြင် တိုက်ခိုက်ခြင်းသည် လူရိုင်းစစ်သည်တော်များအတွက် သူတို့၏ခွန်အားကို တိုးတက်အောင် လုပ်နိုင်မည့် အကောင်းဆုံးသောနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က တိုက်ပွဲတွင် လူရိုင်းစစ်သည်တော်ပေါင်းများစွာ ပိုမိုသန်မာလာခဲ့ကြသည်။ အထူးသဖြင့် ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များပင်။ အဖွဲ့တစ်ဖွဲ့လုံးတွင် အတော်ဆုံးဖြစ်ကြသည်နှင့်အညီ သွေးခင်းလမ်းများကို ဖြတ်ကျော်လာပြီးသည့်နောက် ထိုလူများ၏အလားအလာမှာ စတင်၍ ပေါ်လွင်လာတော့လေသည်။ အခြားသောလူရိုင်းစစ်သည်တော်များမှာလည်း သိသိသာသာကို အားကောင်းလာခဲ့ကြလေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်၏အဖွဲ့သားများသည် တိုက်ပွဲတစ်ခုကို မဖြစ်မနေ လိုအပ်နေခဲ့သည်။
ငြိမ်နေလွန်းလျှင် စွမ်းဆောင်ရည် ကျသွားနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ နောက်ထပ်တိုက်ပွဲတစ်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း အသိပေးလိုက်သည့်အခါ အကုန်လုံးမှာ စိတ်လှုပ်ရှားလာကြတော့သည်။
နောက်တစ်နေ့ နေ့လည်သို့ရောက်သော မဖိတ်ခေါ်ထားသည့်ဧည့်သည်များ လိုဏ်ဂူအပြင်ဘက်သို့ ရောက်လာကြလေသည်။
ထိုအဖွဲ့ထဲတွင် အဖွဲ့သားပေါင်း တစ်ထောင်ခန့်ရှိနေလေ၏။
အနီးအနားတွင်ရှိနေသော နတ်ဆိုးခံတပ်မှ စစ်ကူများ ရောက်လာခဲ့ကြလေသည်။
ရှယ၏နည်းလမ်းမှာ အမှန်တကယ်ကိုမှ အလုပ်ဖြစ်သည်ဟု ပြော၍ရပေသည်။ တကယ်တော့ သူမသည် နတ်ဆိုးဘုရင်တစ်ပါးပင် မဟုတ်လေလော။ အနီးအနားရှိ နတ်ဆိုးခံတပ်၏ ခေါင်းဆောင်မှာ နတ်ဆိုးဗိုလ်ချုပ်တစ်ဦးသာ ဖြစ်လေရာ ရှယ၏အမိန့်ကို ရပြီးသည့်နောက် ရှယအား မျက်နှာလိုမျက်နှာရ လုပ်နိုင်ရန်အလို့ငှာ စစ်ကူများကိုခေါ်၍ ချက်ချင်း အပြေးလာခဲ့လေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးဗိုလ်ချုပ်မှူးသည် သူ့စစ်တပ်အားလုံးကို ခေါ်လာခဲ့လေသည်။ စုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့်ပင် ရှိနေလေ၏။ သို့သော်ငြား နတ်ဆိုးလိုဏ်ဂူဆီသို့ ရောက်လာပြီးသည့်နောက် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သည်။
နတ်ဆိုးဘုရင်ပြောသည်မှာတော့ သူမ၏ကျင့်ကြံခြင်း အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်နေချိန်တွင် ပြင်ပရန်သူများမှ လာရောက်တိုက်ခိုက်သည်ဟူ၍ပင်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက် စစ်ပွဲဖြစ်ထားသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရကြောင်း နတ်ဆိုးဗိုလ်ချုပ်မှူး တွေ့ရှိလိုက်ရသည်။ နတ်ဆိုးလိုဏ်ဂူတစ်ခုလုံးမှာ လုံးဝကို ငြိမ်ကျနေပြီး အကုန်လုံးမှာလည်း သပ်သပ်ရပ်ရပ်နှင့် ဖြစ်နေကြလေသည်။
ထို့အတွက်ကြောင့် နတ်ဆိုးဗိုလ်ချုပ်မှူး၏စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။
အခြေအနေမှာ မူမမှန်သည့်အတွက်ကြောင့် ချက်ချင်းပဲ မဆင်မခြင် ပြေးမဝင်သွားခဲ့ပေ။ ထို့အစား လိုဏ်ဂူဆီမှ ဆယ်မိုင်ခန့်အကွာတွင် ရပ်၍ အရိပ်နတ်ဆိုးများနှင့် သဲနတ်ဆိုးများကို စစ်ဆေးကြည့်ရန် အရင်ဦးစွာ စေလွှတ်လိုက်လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် အနက်ရောင်အရိပ်တစ်ခု ရှေ့တည့်တည့်ဆီမှ ရုတ်တရက် ပျံသန်းထွက်လာခဲ့လေသည်။
အနက်ရောင်အရိပ်၏ အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် နတ်ဆိုးဗိုလ်ချုပ်မှူး၏အမူအယာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့သည်။ သူစီးနင်းလာသည့် နတ်ဆိုးသားရဲပေါ်မှ ဆင်း၍ အနက်ရောင်အရိပ်ရောက်လာမည်ကို တလေးတစားဖြင့် ရပ်စောင့်နေလိုက်သည်။
တစ်ခဏအကြာတွင် ရှယ နတ်ဆိုးဗိုလ်ချုပ်မှူးရှေ့၌ ပေါ်လာခဲ့လေသည်။
“မင်္ဂလာပါ နတ်ဆိုးဘုရင်…” နတ်ဆိုးဗိုလ်ချုပ်မှူးသည် ချက်ချင်းပဲ ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ရှယ၏ ခန္ဓာကိုယ်ဆီသို့ မသိမသာလေး ချောင်းချောင်းကြည့်မိလိုက်သည်။ ကဝေနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိထားသည့်တိုင် နတ်ဆိုးဗိုလ်ချုပ်မှူးမှာတော့ ရှယဆီမှ အကြည့်မခွာနိုင်ခဲ့ပေ။
(နတ်ဆိုးဘုရင်က အရမ်းကိုလှတာပဲ… ငါသာ သူနဲ့ တစ်ညလောက် ပျော်ပါးလိုက်ရရင်တော့ကွာ…) နတ်ဆိုးဗိုလ်ချုပ်သည် သူ့ဘာသာကြိတ်တွေးရင်း တံတွေးတစ်လုပ်ကို မျိုချလိုက်သည်။
“နင့်လူတွေအကုန်ခေါ်လာလား….” ရှယက နတ်ဆိုးဗိုလ်ချုပ်မှူးကို ကြည့်ရင်းမှ မေးလိုက်သည်။
“ခေါ်လာပါတယ် နတ်ဆိုးဘုရင်…” နတ်ဆိုးဗိုလ်ချုပ်မှူးက တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ ထို့နောက် စပ်စုလိုဟန်ဖြင့် “သခင်မ… ပြင်ပမျိုးနွယ်စုတွေ ကျူးကျော်လာတယ်လို့ ပြောတယ်မလား… အခု အဲ့ကိစ္စက ဖြေရှင်းပြီးသွားတာလား…”
(ဟုတ်တော့လည်းဟုတ်တာပဲလေ… အစောပိုင်းက နတ်ဆိုးဘုရင်မက ကျင့်ကြံနေတာ… အခု သူကိုယ်တိုင်ထွက်လာပြီဆိုတော့ အဲ့ပြင်ပမျိုးနွယ်စုတွေ ဘာလုပ်နိုင်ဦးမှာလဲ… ဒီကောင်တွေကို နတ်ဆိုးဘုရင်မ ရှင်းပစ်လိုက်တာပဲ ဖြစ်ရလိမ့်မယ်…) နတ်ဆိုးဘုရင်မအား ဖားယားနိုင်မည့် အခွင့်အရေးတစ်ခုကို လက်လွှတ်လိုက်ရသည့်အတွက်ကြောင့် နတ်ဆိုးဗိုလ်ချုပ်မှူးမှာ အတော်လေးကိုမှ စိတ်ညစ်သွားရလေသည်။
“ဟုတ်တယ်… အဲ့လူတွေကို ရှင်းပစ်ပြီးသွားပြီ…” ရှယက ယဲ့ယဲ့ပြုံးလိုက်လေသည်။ သူမ၏အပြုံးသည် နွေဦးရာသီတွင် ပွင့်လန်းလာသည့် ပန်းပွင့်လေးတစ်ပွင့်နှယ် လူတိုင်း၏ရင်ကို ဗလောင်ဆူသွားစေနိုင်ပေသည်။ နတ်ဆိုးဗိုလ်ချုပ်မှူးမှာ ရှယ၏အပြုံးထဲ နစ်မျောသွားပြီး သူမအား ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိလေ၏။
ရှယက ဆက်၍ပြောလိုက်သည်။ “ဒါပေမယ့် ငါ့ဘက်ကဆင့်ခေါ်တာနဲ့ နင်က ချက်ချင်းရောက်လာပေးတယ်ဆိုတော့ နင့်ရဲ့သစ္စာစောင့်သိမှုကို ဒီဘုရင်မက ဆုချပေးရမှာပေါ့…”
နတ်ဆိုးဗိုလ်ချုပ်မှူးက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “နတ်ဆိုးဘုရင်မရဲ့ဆုကို လက်အောက်ငယ်သား လက်မခံရဲပါဘူး…”
ထိုကဲ့သို့သော ပြောလိုက်ပါသော်ငြား သူ့မျက်နှာအမူအယာမှာတော့ အလွန်ကိုမှ စိတ်အားထက်သန်နေသည့်ပုံ ပေါက်နေခဲ့လေသည်။ ရှယ သူ့အား မည်ကဲ့သို့သောဆုမျိုး ပေးမလဲဆိုသည်ကို နတ်ဆိုးဗိုလ်ချုပ်မှူး အလွန်ကိုမှ သိချင်နေမိလေသည်။
ရှယသည် ပြောသည့်အတိုင်း နတ်ဆိုးဗိုလ်ချုပ်မှူးအား ဆုချပေးလိုက်လေသည်။ သူမလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးဗိုလ်ချုပ်မှူးမှာ သူ့ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားသလို ခံစားလိုက်ရသည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိ၊ နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေရင်းမှ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို သူ့ရှေ့တည့်တည့်၌ မြင်လိုက်ရသည်။ သို့သော်ငြား ထိုပုံရိပ်တွင် ခေါင်းမရှိ။ လည်ပင်းတစ်ခုလုံးမှာ တိတိရိရိ ဖြတ်တောက်ခြင်း ခံထားရလေသည်။ နီရဲလှသည့် သွေးများမှာတော့ လည်ပင်းတစ်လျှောက်မှ ခန္ဓာကိုယ်ထက်ဆီသို့ တရဟော စီးကျနေခဲ့လေသည်။
(အဲ့ဒါ ငါ့ခန္ဓာကိုယ်ကြီး မဟုတ်ဘူးလား…)
(ငါ့ခေါင်း ဖြတ်ခံလိုက်ရတာလား…) ထိုအရာမှာ နတ်ဆိုးဗိုလ်ချုပ်မှူး၏ခေါင်းထဲ နောက်ဆုံးပေါ်လာပြီး အတွေးတစ်ခုဖြစ်ပြီး ထို့နောက် သူ့အသိစိတ်မှာ လုံးဝကို အမှောင်အတိကျသွားလေတော့သည်။
ရှယလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဗိုလ်ချုပ်မှူး၏ လက်အောက်တွင် ရှိနေသော နတ်ဆိုးစစ်သည်တော်များ ထိတ်လန့်တုန်လှုပ်သွားကုန်ကြတော့လေသည်။ နတ်ဆိုးဘုရင်မသည် ဘာကြောင့်များ သူတို့၏နတ်ဆိုးဗိုလ်ချုပ်မှူးအား ခေါင်းဖြတ်သတ်ပစ်လိုက်သလဲ ဆိုသည်ကို မည်သူမျှ နားမလည်ကြချေ။ သို့သော်ငြား နတ်ဆိုးဘုရင်သည် နတ်ဆိုးဘုရင်တစ်ဦး ဖြစ်နေဆဲ။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးစစ်သည်တော်များမှာ ထိတ်လန့်တုန်လှုပ်နေသည့်တိုင် နတ်ဆိုးဘုရင်အား သွားရောက်အပြစ်မတင်ရဲခဲ့ဘဲ မူလရပ်နေသည့်နေရာတွင်သာ ကြောက်ကြောက်လန့်လန့် တုန်တုန်ရီရီဖြင့် ရပ်နေရင်း ရှယအား စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေသည်။
တစ်ချိန်တည်းတွင် ရှယဆီမှ အလင်းညှို့ယူခြင်းပညာရပ်တို့ ဖြာထွက်လာခဲ့လေ၏။
ကြီးကျယ်ခမ်းနားလှသော အလင်းစက်ကွင်းသည် ထောင်နှင့်ချီသော နတ်ဆိုးများအားလုံးကို တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ်အဆင့်အောက်တွင်ရှိနေသော နတ်ဆိုးများအားလုံး အလင်းစက်ကွင်း၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ငေးကြောင်ကြောင် ဖြစ်ကုန်ကြလေသည်။ နတ်ဆိုးဗိုလ်ချုပ်များမှာ အတတ်နိုင်ဆုံး ကြိုးစားခုခံနေကြပါသော်ငြား အချည်းနှီးသည်သာ။ အနှေးနှင့်အမြန်ဆိုသလို သူတို့အားလုံးလည်း အလင်းညှို့ယူခြင်းပညာရပ်၏ လွှမ်းမိုးမှုအောက် ရောက်သွားရပေလိမ့်မည်။
စူးရှသည့် အော်သံကြီးနှင့်အတူ ဝေဟင်တပ်သည် အဝေးတစ်နေရာဆီမှ ပျံသန်းလာခဲ့လေသည်။ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာခဲ့ပြီး ရန်ကိုင်၏အဖွဲ့သားများမှာလည်း တဟုန်ထိုးချီတက်လာကုန်ကြလေ၏။
နတ်ဆိုးသားရဲစစ်တပ်မှာလည်း ၎င်းတို့၏ ပွဲဦးထွက်စစ်ပွဲကို စတင်လာခဲ့ကြလေသည်။
မကြာမီ နတ်ဆိုးစစ်တပ်များနှင့် လူရိုင်းစစ်သည်တော်များကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာတော့လေ၏။
ထိုအခိုက်အတန့်တွင် ရှယ၏မျက်နှာမှာ မဆိုစလောက်ကလေး ဖြူလျော်နေခဲ့လေသည်။ သူမသည် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသလို အလင်းညှို့ယူခြင်းပညာရပ်မှာလည်း သူမ၏ မွေးရာပါစွမ်းရည်တစ်ခု ဖြစ်ပါသော်ငြား ထောင်နှင့်ချီသော လူအုပ်ကြီးတစ်ခုလုံးအပေါ် အလင်းညှို့ယူခြင်းပညာရပ်အား ထုတ်သုံးဖို့ရာမှာ သူမအတွက်တော့ အတော်လေးကိုမှ ခက်ခဲလှပေသည်။ ရန်ကိုင်၏အဖွဲ့သားများ ရောက်လာသည်အချိန်အထိ ထိန်းထားရသည်မှာ သူမအတွက်တော့ အတော်လေးကိုမှ ဝန်ပိလှသည်။ ထို့အတွက်ကြောင့် ထိုအခိုက်အတန့်တွင် သူမ၏ အလင်းညှို့ယူခြင်းပညာရပ်မှာ အနည်းငယ် အားနည်းသွားခဲ့ရလေသည်။
အလင်းညှို့ယူခြင်းပညာရပ် ပျောက်ကွယ်သွားပြီးသည့်နောက် နတ်ဆိုးများ ရုတ်တရက် ပြန်နိုးလာကြသည်။ သို့သော်ငြား သူတို့အား စောင့်ကြိုနေသည်မှာ ရန်ကိုင်၏အဖွဲ့သားများသာ ဖြစ်ကြလေသည်။
အော်ဟစ်သံများ ပဲ့တင်ထပ်လာခဲ့ပြီး နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြရလေသည်။
တလက်လက်တောက်ပနေသော မှော်ပညာရပ်များအောက်ဝယ် နေအလင်းရောင်သည်ပင်လျှင် ညှိုးကျသွားသယောင် ထင်ရသည်။ သွေးများ မြေပြင်တစ်ခွင် စွန်းထင်းနေပြီး သွေးမြစ်များ တစ်စင်းပြီးတစ်စင်း ဖြစ်ပေါ်လာခဲ့ရသည်။
ယူကျုံးမရဖြစ်မှုတို့သည် နတ်ဆိုးတို့၏မျက်နှာထက် အထင်းသား။ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားရသည့်တိုင် သူတို့အားကိုးရသည့် နတ်ဆိုးဘုရင်သည် ပြင်ပမျိုးနွယ်စုအား ကူညီ၍ ဘာကြောင့် ကိုယ့်အမျိုးအနွယ်များကို ပြန်သတ်နေမှန်း နားမလည်သွားခဲ့ကြချေ။ ထွက်ပြေးရာတွင် အလွန်တော်ကြသော သဲနတ်ဆိုးများသည်ပင်လျှင် အမျိုးမျိုးသော မှော်ပညာရပ်များ၏ တားဆီးမှုကြောင့် ထွက်ပြေးနိုင်ခဲ့ခြင်း မရှိချေ။
ပြင်ပမျိုးနွယ်စုများမှာ ပတ်ဝန်းကျင်အနှံ့ ပြည့်နေခဲ့သည်။ ကောင်းကင်ပေါ်တွင်ပင် ထိုပြင်ပမျိုးနွယ်စုများကို မြင်နေခဲ့ရသည်။ မရေမတွက်နိုင်သော မြားများမှာ မိုးသီးမိုးပေါက်များနှယ် ကြွေဆင်းလာပြီး သူတို့၏အသက်များကို တောက်လျှောက် ခြွေယူပစ်နေခဲ့လေသည်။
နတ်ဆိုးများမှာ လုံးဝကို လွှတ်မြောက်နိုင်ခဲ့ခြင်း မရှိခဲ့။ သူတို့အား စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်လေသည်။
ထိုအချက်ကို နားလည်လိုက်သော် နတ်ဆိုးများမှာ စတင်၍ ရုန်းကန်လာရတော့လေသည်။ သို့သော်ငြား သူတို့ဘက်မှ အရေအတွက်နည်းနေသလို အလစ်အငိုက်ချောင်းတိုက်ခိုက်ခြင်းလည်း ခံလိုက်ရသည့်အတွက်ကြောင့် သူတို့၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
အားဟူသည် နတ်ဆိုးသားရဲစစ်တပ်ကို ဦးဆောင်၍ နတ်ဆိုးသားရဲများကို စီးနင်းရင်း နတ်ဆိုးများ၏အသက်ကို ပေါင်းပင်များကို ရှင့်ပစ်သည့်နှယ် တရစပ် ခြွေယူပစ်နေခဲ့သည်။
လက်ရှိအချိန်တွင် လူတိုင်း၏ လက်နက်များထက် သွေးများ စွန်းထင်းနေခဲ့ကြပြီးဖြစ်ကာ သတ်ဖြတ်လိုစိတ်တို့မှာလည်း မိုးယံထိတောင် ရောက်ရှိလို့နေခဲ့သည်။ မှော်ပညာရပ်များ၏ အကူအညီကို ရရှိထားသော လူရိုင်းစစ်သည်တော်များသည် ပြိုင်ဘက်ကင်းသည့် စစ်နတ်ဘုရားများသဖွယ် မကောင်းမှုတို့ကို အလျဉ်းဖယ်ရှားပေးမည့် သူတော်စင်များအလား နတ်ဆိုးများကို သုတ်သင်ရှင်းလင်းပစ်နေကြသည်။
ဤစစ်ပွဲသည် စစ်ပွဲဟု မခေါ်ထိုက်တော့ဘဲ လူသတ်ပွဲကြီးဟုသာ ခေါ်ရပေတော့မည်။
ယခင်တိုက်ပွဲမှနတ်ဆိုးများသည် ယခုနတ်ဆိုးများထက် ပို၍ အခြေအနေကောင်းခဲ့သည်ဟုပင် ပြော၍ရပေသည်။ ရန်ကိုင်မှ ရှယအား နောက်ဆုံးအခိုက်အတန့်တွင် လောကဓာတ်လုံးထဲသို့ ပစ်ထည့်လိုက်သည့် အတွက်ကြောင့်သာ မဟုတ်ပါက လူရိုင်းစစ်သည်တော်များမှာ ရှယကြောင့် ဒုက္ခလှလှနှင့် တွေ့သွားရနိုင်ပေသည်။ သို့သော်ငြား ယခုတိုက်ပွဲတွင်တော့ နတ်ဆိုးများမှာ ဘာဆိုဘာမှ ပြန်မလုပ်နိုင်ကြဘဲ လူရိုင်းများ၏ သတ်ဖြတ်ခြင်းကိုသာ ခံနေခဲ့ရသည်။
နတ်ဆိုးများ မည်မျှပင် ခုခံနေစေကာမူ လူရိုင်းစစ်သည်တော်များ၏ အကြွင်းမဲ့ဖိအားအောက်ဝယ် သူတို့၏ခုခံမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်အဖွဲ့သားများသည် အဖွဲ့သားအချို့ကိုစတေး၍ နတ်ဆိုးအားလုံးကို ရှင်းထုတ်ပစ်နိုင်ခဲ့လေသည်။
ထိုနတ်ဆိုးများအနက် အသက်ရှင်ကျန်ရစ်ခဲ့သည့်လူများမှာ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများသာ ဖြစ်ကြလေသည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်အဖွဲ့သားများမှာ ထို နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများကို သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ရှယ၏ အလင်းညှို့ယူခြင်းပညာရပ်အောက် ရောက်သွားသည့်အတွက်ကြောင့် နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများမှာ တိုက်ပွဲ၌ ဝင်ရောက်ဆင်နွှဲခဲ့ခြင်း မရှိကြတော့။
နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများမှာ ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားကြခြင်း မရှိတော့ဘဲ နတ်ဆိုးများ၏ အမိန့်အတိုင်းသာ လုပ်နေကြခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရှယမှ သူတို့အား မတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည့်အခါ ထိုနတ်ဆိုးများမှာ ဘာမှမလုပ်တော့ဘဲ ငူငူကြီးသာ ရပ်နေကြတော့၏။
ဤတိုက်ပွဲတစ်ခုလုံးတွင် ရှယမှာ အားအကောင်းဆုံးသော နတ်ဆိုးတစ်ကောင်ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုနတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်လေ၏။
နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းအရေအတွက်မှာတော့ အတော်လေးကိုမှ များသည်ဟု ပြောရမည်။ စုစုပေါင်း သုံးရာခန့်လောက်ပင် ရှိနေလေသည်။
ဤသည်မှာ နတ်ဆိုးစစ်တပ် အပြတ်အသတ် ရှုံးနိမ့်သွားရခြင်း၏ အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်လေသည်။ မူလက ဤနေရာသို့ လူတစ်ထောင်ခန့် ရောက်လာခဲ့ပါသော်ငြား ထိုတစ်ထောင်အနက် သုံးရာမှာ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများ ဖြစ်နေကြလေသည်။ ထိုလူသုံးရာ တိုက်ပွဲထဲ၌ မပါဝင်သော် နတ်ဆိုးအရေအတွက်မှာ ခုနှစ်ရာလောက်သာ ကျန်ရစ်တော့သည်။ ထိုခုနှစ်ရာမျှသာ ရှိတော့သော အဖွဲ့လေးသည် လူသုံးထောင်ခန့်ရှိသော ရန်ကိုင်အဖွဲ့သားများ၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံလိုက်ရသော် မည်သို့မျှ ပြန်လည်ခုခံနိုင်ခြင်း မရှိကြတော့ချေ။
တိုက်ပွဲပြီးသည့်နောက် အကျအဆုံး စတင်ရေတွက်ကြည့်လေသည်။ နတ်ဆိုးများသည် သူတို့၏လက်နက်များကိုပါ ယူဆောင်လာကြသဖြင့် ထိုလက်နက်များသည် ရန်ကိုင်တို့၏ အပိုင် ဖြစ်သွားကြရတော့သည်။ ထို့နောက်တွင် မှော်ဆရာများသည် နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများဆီသို့ သွား၍ ထိုလူရိုင်းများကို စတင်ကုသတော့လေသည်။
ထိုလူသုံးရာအနက် မည်မျှအသက်ရှင်မလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြ။ အမွှာနှစ်ဦးမှာ ပိုမိုကောင်းမွန်သည့် ကုသရေးနည်းလမ်းကို ရှာဖွေနေပါသော်ငြား သူတို့ နည်းလမ်းကိုစရှာသည်မှာ သိပ်မကြာသေးသည့်အတွက်ကြောင့် အဖြေကို ရှာမတွေ့သေးချေ။ ရှယ၏ထိန်းချုပ်မှုကြောင့် နတ်ဆိုးအသွင်ပြောင်းသွားသည့် ကလန်သားများကို လုံးဝကို ခုခံခြင်းမရှိသည့်အတွက်ကြောင့် အမွှာနှစ်ဦးမှာ ထို နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများအပေါ် ပို၍ အဆင်ပြေပြေ ဆန်းစစ်လေ့လာနိုင်ခဲ့လေသည်။
တိုက်ပွဲတစ်ခုလုံး ပြီးသွားသည့်တိုင် ရန်ကိုင်မှာမူ လူလုံးထွက်ပြလာခဲ့ခြင်း မရှိခဲ့။ တီယာသည်ပင်လျှင် ဝင်ပါခဲ့ခြင်းမရှိချေ။ သို့တိုင် ရန်ကိုင်အဖွဲ့သားများမှာတော့ အကျအဆုံးနည်းနည်းနှင့် နတ်ဆိုးစစ်တပ်တစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်အဖွဲ့သားများမှာ ပိုပို၍ စိတ်လှုပ်ရှားလာကြတော့လေသည်။ ယခုဆိုလျှင် ထိုလူများသည် နောက်ထပ်တိုက်ပွဲများကိုပင်လျှင် မျှော်လင့်နေခဲ့လေသည်။ တိုက်ပွဲများကို ထပ်မံဆင်နွှဲရင်း ပိုမို၍ များပြားလှသော နတ်ဆိုးများကို သတ်ပစ်ချင်နေကြသည်။