← Chapters

အခန်း (၂၈၆၉-၂၈၇၂)

Vol. 123 Ch. 2869-2872

အခန်း (၂၈၆၉-၂၈၇၂)

Vol. 123 Ch. 2869-2872

အပိုင်း (၂၈၆၉)

ဘာသာပြန်သူ_တိမ်တိုက်

ရှယထိန်းချုပ်ခဲ့သည့် နယ်မြေသည် အချင်း မိုင်နှစ်သောင်းခန့် ရှိပေသည်။ ရန်ကိုင်တို့အဖွဲ့မှာ ထိုနယ်မြေအတွင်းတွင် ရှိနေသော နတ်ဆိုးအားလုံးကို ရှင်းပစ်ရန်အတွက် သုံးလခန့် အချိန်ယူခဲ့ရသည်။

ရှယထက် ပိုအဆင့်မြင့်သည့် ပေါင်ချီ ထိန်းချုပ်သည့်နယ်မြေမှာတော့ ရှယ၏နယ်မြေထက် အများကြီး ပိုကြီးသလို နယ်မြေအတွင်း နေထိုင်နေကြသည့် နတ်ဆိုးအရေအတွက်မှာလည်း ပိုမိုများပြားပေသည်။ မြို့ထဲတွင် အခြေချနေကြသော နတ်ဆိုးခုနှစ်ထောင်အပြင် အခြားသောနယ်မြေများတွင်လည်း စုစုပေါင်း နတ်ဆိုးပေါင်းခုနှစ်ထောင်ခန့် ရှိနေကြလေသည်။

သို့သော်ငြား လဝက်အတွင်း မြို့တော်ကိုဗဟိုပြု၍ မိုင်ငါးသောင်းအတွင်းတွင်ရှိနေသော နတ်ဆိုးအားလုံး ရှင်းပစ်ခံလိုက်ရလေ၏။ မြို့ပြင်ဘက်တွင် စခန်းချနေသော နတ်ဆိုးများကို ပေါင်ချီသည် အကြောင်းအရင်းတစ်ခုကြောင့် ဆင့်ခေါ်ပြီး ရန်ကိုင်၏အဖွဲ့သားများက ရောက်ရှိလာသော နတ်ဆိုးစစ်တပ်များကို အလစ်ချောင်း တိုက်ခိုက်ကြလေသည်။ ထိုနည်းဖြင့် ရန်ကိုင်၏အဖွဲ့သားများမှာ နတ်ဆိုးများအား လျင်မြန်စွာ ရှင်းပစ်နိုင်ခဲ့လေသည်။

ယခုပိုင်နက်ထဲတွင်ရှိနေသော နတ်ဆိုးများကို ရှင်းပြီးသည့်နောက်တွင် ပေါင်ချီနှင့် ရှယတို့မှာ နောက်တစ်ကြိမ် ကူကယ်ရာမဲ့ရမည့် နတ်ဆိုးဘုရင်သည် မည်သူဖြစ်မလဲဆိုသည်ကို စတင်စဉ်းစားကြတော့သည်။ နှစ်ဦးစလုံးမှာလည်း ရန်ကိုင်မှ မေးလာခဲ့သည်ရှိသော် အချိန်မရွေး ပြန်ဖြေနိုင်ရန်အတွက် သူတို့နှင့် ရန်ငြိုးရန်စရှိသည့် နတ်ဆိုးဘုရင်များ၏ နာမည်ကို စတင်စဉ်းစားကြတော့လေသည်။

နှစ်ဦးစလုံး ဘယ်နတ်ဆိုးဘုရင်အား အကွက်ချကြံစည်လျှင် ကောင်းမလဲ ဆိုသည်ကို စဉ်းစားနေစဉ်မှာပင် ရန်ကိုင်သည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာပြီး ရှယနှင့် ပေါင်ချီတို့အား ဆင့်ခေါ်လိုက်လေ၏။ ထို့နောက် နတ်ဆိုးဘုရင်နှစ်ပါးစလုံးအား ထိတ်လန့်တုန်လှုပ်သွားစေသည့် အမိန့်တစ်ခုကို ပေးလိုက်လေ၏။

ရန်ကိုင်သည် ပေါင်ချီနှင့် ရှယတို့အား အနည်းငယ်မျှပင် မေးခွန့်ထုတ်ခွင့်မပေးဘဲ အမိန့်ပေးပြီးသည်နှင့်တစ်ပြိုင်နက် ထွက်သွားလေ၏။

ရှယနှင့် ပေါင်ချီတို့မှာတော့ တုန်တုန်ရီရီဖြင့် တစ်ဦးကိုတစ်ဦး အထိတ်တလန့်ဖြင့် စိုက်ကြည့်ရင်းဖြင့်သာ ကျန်ရစ်ခဲ့ရလေသည်။

“ဒီအစီအစဉ်က နည်းနည်း မများလွန်းဘူးလား… အလုပ်သာမဖြစ်ခဲ့ရင်…” ရှယမှာ အနည်းငယ်စိုးရိမ်နေခဲ့လေသည်။

ပေါင်ချီမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်လွန်းနေသဖြင့် ရှယနှင့် ငြင်းခုံဖို့ရာကိုပင်လျှင် မေ့လျော့နေခဲ့လေသည်။ ရှယသည် သူ့အတွက် မျက်စိဆံပင်မွေးစူးစရာ ဖြစ်ပါသော်ငြား ယခုကိစ္စနှင့်ပတ်သက်၍တော့ ရှယနှင့်သူ သဘောထားခြင်း တူပေသည်။ မှော်ဆရာညိုအား တဇွတ်ထိုးမလုပ်ရန် သွားပြောလျှင်ကောင်းမလားဟုပင် စဉ်းစားမိလေ၏။

သို့သော်ငြား သေချာစဉ်းစားပြီးသည့်နောက် ဘာမှသွားမပြောရန် ဆုံးဖြတ်လိုက်လေသည်။ မှော်ဆရာညိုပြောသည့်အတိုင်း လုပ်ရန်သာ ဆုံးဖြတ်လိုက်ပြီးသည့်နောက် သက်ပြင်းချ၍ ပြောလိုက်လေ၏။ “ဆရာက ငါတို့ကို ဒီလိုအမိန့်မျိုးပေးတယ်ဆိုမှတော့ သူပြောတဲ့အတိုင်း လုပ်ရုံပဲ ရှိတော့တာပေါ့… ရှယ… ဒီကိစ္စနဲ့ပတ်သက်ပြီး နင် ငါ့ကို ကူညီပေးရမယ်…”

ရှယက ချက်ချင်းပဲ နောက်သို့ခုန်ဆုတ်လျက် “ဆရာက နင့်ကိုလုပ်ခိုင်းတာလေ… ငါနဲ့ဘာဆိုင်လို့လဲ…”

ပေါင်ချီက ပြန်ပြောလိုက်လေသည်။ “အခု ငါတို့နှစ်ယောက်က တစ်လှေတည်းစီးနေကျတာ… ပြဿနာသာဖြစ်လာရင် ငါတို့နှစ်ယောက်စလုံး လွတ်မှာမဟုတ်ဘူး…”

ရှယက ရယ်သွမ်းသွေးလျက် “ဆရာက နင့်ကိုပဲလုပ်စေချင်တယ်… သူ့မှာ သူ့အကြောင်းအရင်းနဲ့သူ ရှိမှာပေါ့… သူသာ ငါ့ကို လုပ်စေချင်လို့ရှိရင် ငါ့နာမည်ကို ထည့်ပြောသွားမှာပေါ့… ဆရာကို အတူလုပ်ခိုင်းစေချင်တယ်ဆိုရင်လည်း ငါတို့နှစ်ယောက်စလုံးရဲ့ နာမည်ကိုပဲ ပြောသွားမှာ… နင့်တစ်ယောက်တည်းကို လုပ်စေချင်လို့ပဲ နင့်တစ်ယောက်တည်းကိုပဲ ပြောသွားတာ… ငါသာ ဝင်ကူညီပေးလိုက်လို့ရှိရင် မတော်တဆ ဆရာ့အစီအစဉ်တွေကို ဖျက်ဆီးသလိုဖြစ်သွားရင် နင်တာဝန်ခံမှာလား…”

ပေါင်ချီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရှယ အကြောင်းပြချက်ပေးနေမှန်းသာ သိပါသော်ငြား သူမပြောသည်မှာလည်း ယုတ္တိတော့ရှိသဖြင့် ပြန်မငြင်းနိုင်ခဲ့ဘဲ သက်ပြင်းချ၍ စတင်ပြင်ဆင်ရုံသာ တတ်နိုင်ခဲ့လေသည်။

ပေါင်ချီသည် ရှယကဲ့သို့မဟုတ်ဘဲ မှော်ဆရာညိုနှင့် သိပ်၍ အဆက်အဆံမရှိပေ။ မှော်ဆရာညိုသည် လွန်ခဲ့သောလဝက်ခန့်က မြို့သို့ရောက်လာပြီးသည့်နောက် တောက်လျှောက်ကို အခန်းတွင်းအောင်းနေခြင်း ဖြစ်သဖြင့် ပေါင်ချီမှာလည်း မှော်ဆရာညိုနှင့် သိပ်၍ စကားမပြောဖြစ်ခဲ့ပေ။ ရန်ကိုင်သည် လောကကြီးတစ်ခုလုံးနှင့် အဆက်အသွယ်ဖြတ်ထားပါသော်ငြား အပြင်ဘက်တွင် ဘာဖြစ်နေသလဲဆိုသည်ကိုတော့ အကုန်သိပေသည်။

ထို့အတွက်ကြောင့်ပင်လျှင် ပေါင်ချီမှာ မှော်ဆရာညိုအား ပိုပို၍ ကြောက်လန့်မိလာတော့သည်။

မကြာမီ ပေါင်ချီသည် မြို့နံရံထက်တွင်ရပ်၍ နတ်ဆိုးချီဖြင့် အနက်ရောင်သိမ်းငှက်များစွာကို ဖန်တီးလိုက်လေသည်။ ထို့နောက် ထိုသိမ်းငှက်များကို ကောင်းကင်ထက်သို့ ပျံတက်သွားစေလေ၏။

အနက်ရောင်သိမ်းငှက်များ ပျံသန်းသွားသည့်ဘက်ဆီသို့ ကြည့်ရင်း ပေါင်ချီ တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ဤအစီအစဉ်သာ အောင်မြင်သွားခဲ့မည်ဆိုပါက နတ်ဆိုးမျိုးနွယ် အကြီးအကျယ် ထိခိုက်သွားရပေတော့မည်။ သူတို့၏အုတ်မြစ်သည်ပင်လျှင် ယိုင်နဲ့သွားရနိုင်ပေသည်။

နောက်ရက်များမှာတော့ ပုံမှန်အတိုင်းသာ ဆက်လက်လည်ပတ်နေခဲ့သည်။ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲပြီးသည့်နောက်တွင် ရန်ကိုင်၏အဖွဲ့သားများသည် မြို့ထဲ၌ အနားယူအားပြန်ဖြည့်နေကြကာ ရန်ကိုင်ကမူ တံခါးပိတ်ကျင့်စဉ်ဝင်ရင်း မှော်ဘုရင်အဆင့်သို့ ရောက်နိုင်ရန် ကြိုးစားနေခဲ့လေသည်။

လောကနိယာမများ ကွာခြားသည့်အတွက်ကြောင့် ဤလောကကြီးထဲတွင် မှော်ဆရာများ ထွက်ပေါ်လာခဲ့ရသည်။ သို့သော်ငြား နောက်ဆုံးသို့ရောက်နိုင်မည့်လမ်းကြောင်း မည်မျှပင် ရှိနေစေကာမူ အဆုံးတွင်တော့ လူတိုင်း၏ဦးတည်ချက်မှာ တစ်ခုတည်းသာ ဖြစ်ကြလေသည်။

ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ထို့အတွက်ကြောင့် ဤခေတ်၏ မှော်ပညာရပ်များကို လေ့ကျင့်နိုင်သည့်အခါ ယခုခေတ်၏ ကျင့်ကြံခြင်းလမ်းစဉ်နှစ်ခုကြား ကွာဟချက်များကို လေ့လာနိုင်သွားလေ၏။ မှော်ပညာရပ်များကို ကျင့်ကြံလေ ကျင့်ကြံလေ သူ၏ ယခင်က အားနည်းချက်များကို ပိုပို၍ မြင်တွေ့လာရလေပင်။ ဤထူးဆန်းသော ကမ္ဘာငယ်လေးထဲမှ ထွက်သွားနိုင်သည့်တစ်နေ့ သူ့ခွန်အားမှာ အကြီးအကျယ် တိုးတက်လာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။

ငါးရက်ကြာပြီးသည့်နောက် ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ ထွက်လာခဲ့သည်။ အပြင်သို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ပေါင်ချီနှင့် ရှယတို့သည် သူ့အခန်းတံခါးရှေ့တွင် တလေးတစားဖြင့် ရပ်နေကြောင်း တွေ့လိုက်ရလေ၏။

“သွားကြမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် နတ်ဆိုးဘုရင်နှစ်ပါး ခြံရံလျက် ထွက်လာခဲ့လေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့သုံးဦးသည် လွင်တီးခေါင်ပြင်တစ်ခုဆီသို့ ရောက်လာခဲ့လေသည်။

“ဒါ ခင်ဗျားရွေးထားတဲ့နေရာလား…” ရန်ကိုင်က မေးလိုက်သည်။

“ဟုတ်ပါတယ်…” ပေါင်ချီက တလေးတစားဖြင့် ပြန်ပြောလေသည်။ တစ်ခဏမျှတုံ့ဆိုင်းနေပြီးသည့်နောက် ဆက်ပြောလိုက်လေ၏။ “ဆရာမကြိုက်လို့ရှိရင် အခြားတစ်နေရာ ပြောင်းလို့ရပါတယ်…”

“မလိုဘူး… ဒီနေရာကိုပဲ သုံးကြတာပေါ့…” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးသည့်နောက် ဓာတ်လုံးလေးတစ်လုံးကို ထုတ်ယူလိုက်လေသည်။

ပေါင်ချီတို့မှာတော့ ရန်ကိုင်လက်ထဲ ရုတ်တရက်ပေါ်လာသည့် ဓာတ်လုံးကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ဤနေရာရှိ နတ်ဆိုးသားရဲများနှင့် သားရဲရိုင်းများတွင် မွန်းစတားအမြုတေများ ရှိကြပေသည်။ သို့သော်ငြား မှော်ဆရာများ၌ ထိုကဲ့သို့သောအမြုတေများ ရှိကြသည်ဆိုသည့်အကြောင်းကိုတော့ သူတို့ တစ်ခါမှ မကြားဖူးကြပေ။

ထူးဆန်းသည့်စွမ်းအားတစ်ရပ်သည် ထိုဓာတ်လုံးလေးဆီမှ ဖြာထွက်နေခဲ့လေသည်။ လက်ရှိကြည့်ရသလောက်လည်း ထိုဓာတ်လုံးသည် မွန်းစတားအမြုတေတစ်ခုနှင့် လုံးဝကို မတူပေ။

သူတို့စိတ်ထဲ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဓာတ်လုံးလေးသည် စတင်၍ လည်ပတ်လာခဲ့လေ၏။ မကြာမီတွင် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသော ဓာတ်လုံးလေးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ဓာတ်လုံးလေး၏နေရာတွင် မှောင်မိုက်နေသည့် ဝဲကတော့ကြီးတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေသည်။

ထိုဝဲကတော့ကြီးကို မြင်ပြီးသည့်နောက် ပေါင်ချီနှင့် ရှယတို့ ချက်ချင်း နားလည်သွားခဲ့ကြလေသည်။

ထိုဝဲကတော့ကြီးသည် သူတို့အား ထိုထူးဆန်းသည့် ကမ္ဘာထဲသို့ ခေါ်သွားခဲ့သည့် ဝဲကတော့ကြီးသာ ဖြစ်လေသည်။ ထိုကမ္ဘာကြီးထဲတွင် မှော်ဆရာညိုသည် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

ကြည့်ရသလောက် ထိုကမ္ဘာကြီးသည် ဤဓာတ်လုံးလေးဆီမှ ဖြစ်ပေါ်လာသည်ကိုး။

(ဘယ်လိုဓာတ်လုံးမို့လို့ ဒီလောက်တောင် ဆန်းကြယ်နေရတာလဲ… ဒါက ဘယ်လိုရတနာကြီးလဲ… နတ်ဆိုးသူတော်စင်တွေမှာတောင် ဒီလိုရတနာမျိုး မရှိဘူး…)

ထိတ်လန့်တုန်လှုပ်နေပါသော်ငြား ပေါင်ချီက သတိတော့ ပေးလိုက်ပေသေးသည်။ “ဆရာ… ဒီဝင်ပေါက်ကလေ နည်းနည်းဆန်းကြယ်တဲ့ပုံ ပေါက်ပေမယ့် အခြားနတ်ဆိုးဘုရင်တွေကိုတော့ လှည့်စားနိုင်မှာမဟုတ်ဘူးနော်… အဲ့နတ်ဆိုးဘုရင်တွေက အရမ်းကြီးသတိကြီးကြတာ… ဒီဝင်ပေါက်ကနေ ဆက်သွားလို့ရှိရင် သေဆုံးသွားတဲ့ နတ်ဆိုးသူတော်စင်ရဲ့ အမွေအနှစ်ဆီ ရောက်မယ်လို့ ကျုပ်ကိုယ်တိုင် ပြောပေးမယ်ဆိုရင်တောင် သူတို့ ယုံကြမှာမဟုတ်ဘူး…”

ရန်ကိုင်စီစဉ်ထားသည့်အတိုင်း ပေါင်ချီသည် သူသည် သေဆုံးသွားသည့် ရှေးဟောင်းနတ်ဆိုးသူတော်စင်တစ်ပါး၏ အမွေအနှစ်ကို ကမ္ဘာငယ်လေးတစ်ခုထဲတွင် ရှာတွေ့ကြောင်း အခြားသော နတ်ဆိုးဘုရင်များဆီသို့ သတင်းပို့ခဲ့လေသည်။ အရင်တစ်ကြိမ် နတ်ဆိုးမျိုးနွယ်စုမှ ဤလောကကြီးအား ကျူးကျော်စဉ်က နတ်ဆိုးသူတော်စင်တစ်ပါး ဤနေရာ၌ သေသွားခဲ့ရသည်။ ပေါင်ချီသည် ထိုအချက်ကို အတည်ပြု၍ သူရှာတွေ့ထားသည့် အမွေအနှစ်မှာ ထိုသေဆုံးသွားသည့် နတ်ဆိုးသူတော်စင်၏ အမွေအနှစ်ဖြစ်သည်ဟု အခြားသော နတ်ဆိုးဘုရင်များကို ပြောပြခဲ့သည်။

သေဆုံးသွားသည့် နတ်ဆိုးသူတော်စင်တစ်ပါး၏ ကမ္ဘာငယ်လေးထဲတွင် နတ်ဆိုးဘုရင်တစ်ပါးအား နတ်ဆိုးသူတော်စင်အဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သည့် လျှို့ဝှက်ချက်များ ရှိနေနိုင်ပေသည်။ ထို့အတွက်ကြောင့် မည်သည့်နတ်ဆိုးဘုရင်မဆို ထိုလျှို့ဝှက်ချက်ကို စိတ်ဝင်စားကြပေလိမ့်မည်။

ထိုနတ်ဆိုးဘုရင်များသည်သာ ဤဝင်ပေါက်ထဲသို့ ဝင်သွားမည်ဆိုပါက သူတို့အရေအတွက် မည်မျှပင် များပြားနေစေကာမူ အကုန်လုံးသည် ရန်ကိုင်၏လက်အောက်သို့ ကျရောက်သွားရပေလိမ့်မည်။

ပေါင်ချီကိုယ်တိုင်မှာတော့ ဤအစီအစဉ်မှာ အလွန်ကိုမှ အန္တရာယ်များလှပြီး အောင်မြင်နိုင်ချေမရှိဟု ထင်မိပေသည်။ ထို့အတွက်ကြောင့် သူကိုယ်တိုင် သတင်းပို့ဖို့ရာ တုံ့ဆိုင်းနေပြီး ရှယကိုပါ သူ့ကိစ္စထဲ ဆွဲခေါ်ခဲ့လေသည်။ သို့သော်ငြား ရှယမှာတော့ ပါးပါးနပ်နပ်ပင် သူ့ပြဿနာထဲမှ ရှောင်ထွက်သွားခဲ့လေသည်။

လက်ရှိအခြေအနေကို ကြည့်ရသလောက်လည်း သူစိတ်ပူနေသည်မှာတော့ အထူးအဆန်းတော့မဟုတ်ချေ။

သူ့ဘက်မှသတင်းပို့လိုက်သည့်နောက် နတ်ဆိုးဘုရင်ပေါင်းများစွာ ရောက်လာကြပေလိမ့်မည်။ သို့သော်ငြား ထိုနတ်ဆိုးဘုရင်များသည် ဤဝင်ပေါက်ထဲသို့ ဝင်ရဲမည်လား။ လက်ရှိသူ့ရှေ့တွင် ရှိနေသည့် ဝဲကတော့ကြီးမှာ သေဆုံးသွားသည့် နတ်ဆိုးသူတော်စင်တစ်ပါး၏ အမွေအနှစ်တစ်ခုနှင့်မတူဘဲ ဝင်လာသည့် မည်သူကိုမဆို အသေသတ်ပစ်မည့် ထောင်ချောက်ကြီးတစ်ခုနှင့်သာ ဆင်တူပေသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားပြောတာ ယုတ္တိတော့ရှိတယ်… ဒါပေမယ့် ဒီလိုဆိုရင်ရော…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို အလွန်ကိုမှ သန့်စင်လှသည့် နတ်ဆိုးချီတို့မှာ သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် စီးထွက်လာခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ပေါင်ချီနှင့် ရှယတို့ နှစ်ဦးစလုံး ကြောက်ရွံ့တုန်လှုပ်သွားကုန်ကြလေသည်။ ဘာကြောင့်မှန်းမသိ ရန်ကိုင်ဆီမှ ဖြာထွက်လာသည့် နတ်ဆိုးချီသည် သူတို့ကိုယ်ထဲရှိ နတ်ဆိုးချီအား ဖိနှိပ်နေသလို ခံစားနေရလေ၏။

လက်ရှိ နတ်ဆိုးချီတို့ ဖြာထွက်နေသည့် ရန်ကိုင်ကို ကြည့်နေရသည်မှာ နတ်ဆိုးသူတော်စင်တစ်ပါးကို ကြည့်နေရသလို ခံစားနေကြရသည်။

“ဆရာက နတ်ဆိုးတစ်ကောင်လား…” ပေါင်ချီက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။

ရန်ကိုင်၏အစေခံ ဖြစ်လာပြီးသည့်နောက်တွင် ပေါင်ချီမှာ အတော်လေးကိုမှ စိတ်ညစ်ခဲ့ရသည်။ တကယ့်တကယ်တွင်တော့ သူသည် လူရိုင်းတစ်ဦး၏အစေခံ မလုပ်ချင်ပေ။ သို့သော်ငြား အသတ်ခံရမည်စိုးသည့်အတွက်ကြောင့် ရန်ကိုင်၏အမိန့်ကိုလည်း လွန်ဆန်ရဲခြင်းမရှိခဲ့။ သို့တိုင် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အလျောက် သူ့တွင် သူ့မာနနှင့်သူတော့ ရှိပေသည်။ ဤလူရိုင်းမျိုးနွယ်စုတစ်ဦး၏ အစေခံဘဝသို့ ရောက်သွားရသည်မှာ နတ်ဆိုးဘုရင်တစ်ပါးအတွက် အလွန်ကိုမှ ရှက်ဖွယ်ကောင်းလှသည်။ ရှယကဲ့သို့သော အရှက်မရှိသည့် ခွေးမသည်သာလျှင် ထိုကဲ့သို့သောအခြေအနေမျိုးကို ပျော်မွေ့နေပေလိမ့်မည်။

သို့သော်ငြား လက်ရှိ ရန်ကိုင်ဆီမှ ဖြာထွက်လာသည့် အလွန်ကိုမှ သန့်စင်လှသော နတ်ဆိုးချီများကို မြင်ပြီးသည့်နောက် ပေါင်ချီ စိတ်လှုပ်ရှားသွားခဲ့လေသည်။

ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် သူတော်စင်တစ်ပါး၏ အရှိန်အဝါသာ ဖြစ်လေသည်။ လူငယ်လေးသည် ထိုသေဆုံးသွားသော နတ်ဆိုးသူတော်စင်၏ မျိုးဆက်များ ဖြစ်နေလေမလော။ တကယ့်တကယ်တော့ နတ်ဆိုးမျိုးနွယ် ယခင်တစ်ကြိမ် ကျူးကျော်လာစဉ်က သူတို့၏မျိုးဆက်ကို ဤနေရာ၌ ချန်ထားရစ်ခဲ့ပေသည်။ ကောလဟာလများအရ ပြင်ပမျိုးနွယ်စုများထဲ ရှိနေသည့် အရိုးဝါးမျိုခြင်းကလန်သားများ၏ သွေးထဲတွင် နတ်ဆိုးမျိုးနွယ်၏ သွေးများ စီးဆင်းနေသည်ဟု ပြောကြသည်။

မှော်ဆရာညိုသည်သာ သေဆုံးသွားသော ရှေးခေတ်နတ်ဆိုးသူတော်စင်၏ မျိုးဆက် ဖြစ်နေမည်ဆိုပါက သူ့အနေဖြင့် မှော်ဆရာညို၏အစေခံ ဖြစ်လာရသည်မှာ ဤမျှ ရှက်ဖွယ်မကောင်းတော့ချေ။ ထိုအကြောင်းကိုတွေးလေတွေးလေ ဖြစ်နိုင်ချေရှိလေဟု ပေါင်ချီ ပို၍ စဉ်းစားလာမိလေပင်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကိုင်နှင့် အလွန်ကိုမှ နီးကပ်လာသလို ခံစားလိုက်ရလေသည်။

ရှယသည်လည်း ပါးစပ်အဟောင်းသားဖြင့် ရန်ကိုင်အား ငေးကြောင်ကြည့်နေလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ဘာကြောင့်များ သူမ၏ နတ်ဆိုးနှလုံးသား သွေးအဆီအနှစ် ရန်ကိုင်အပေါ် အလုပ်မဖြစ်ရသလဲဆိုသည်ကိုပါ နားလည်သွားရတော့လေသည်။

ရန်ကိုင်၏ကိုယ်ထဲတွင် ဤမျှ သိပ်သည်းသန့်စင်လှသည့် နတ်ဆိုးချီတို့ ရှိနေလေရာ သူမ၏ နတ်ဆိုးနှလုံးသွေးသည် ရန်ကိုင်အပေါ် မည်ကဲ့သို့များ အကျိုးသက်ရောက်နိုင်တော့ပါမည်နည်း။ ရန်ကိုင်သည် တကယ်ကြီး နတ်ဆိုးတစ်ကောင်လော။ သို့သော်ငြား သူသည် ပြင်ပမျိုးနွယ်စုကို ဦးဆောင်၍ နတ်ဆိုးများကို သတ်ဖြတ်နေခြင်း ဖြစ်လေသည်။ နတ်ဆိုးများကို သတ်ဖြတ်ရာတွင် အနည်းငယ်မျှပင် ညှာတာနေခြင်းမရှိ။ သူသည်သာ နတ်ဆိုးတစ်ကောင် ဖြစ်မည်ဆိုပါက ဘာကြောင့်များ ကိုယ့်အမျိုးနွယ်ကို ပြန်လည်သတ်ဖြတ်နေရလေသနည်း။

မည်သို့ပင်ဖြစ်စေကာမူ လက်ရှိ ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ စီးထွက်နေသည့် နတ်ဆိုးချီများသည် အတုအပ လုပ်၍မရသည့် အရာများ ဖြစ်ကြသည်။

နတ်ဆိုးဘုရင်နှစ်ပါးမှာ ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာဖြင့် မေးမြန်းနေခဲ့ပါသော်ငြား ရန်ကိုင်ကမူ ပြန်မဖြေခဲ့ဘဲ ယဲ့ယဲ့လေးသာ ပြုံးနေခဲ့လေသည်။ ရန်ကိုင်၏ ပုံစံကိုကြည့်ရင်း ရှယနှင့်ပေါင်ချီတို့မှာ ပိုပို၍ ကြိတ်မနိုင် ခဲမရ ဖြစ်လာကြသည်။

တကယ်တော့ ရန်ကိုင်သည် နတ်ဆိုးတစ်ကောင်မဟုတ်ချေ။ သူ့ကိုယ်ထဲမှ စီးထွက်လာသည့် နတ်ဆိုးချီမှ ဒန်တျန်ထဲတွင် ချိတ်ပိတ်ထားသည့် မျက်လုံးတစ်လုံး မဟာနတ်ဆိုး၏ နတ်ဆိုးချီသာ ဖြစ်လေသည်။

ရန်ကိုင်သည်သာ မှော်ပညာရပ်များကို ကျင့်ကြံထားခဲ့ခြင်း မရှိပါက ထိုနတ်ဆိုးချီကို အလွယ်တကူ ထုတ်သုံးရဲလိမ့်မည်မဟုတ်။ နတ်ဆိုးချီအား ထုတ်သုံးရင်းမှ နတ်ဆိုးချီကို ချိတ်ပိတ်ထားသည့် ချိတ်စည်း ပျက်သွားခဲ့သည်ရှိသော် ရန်ကိုင်သည် နတ်ဆိုးဘဝသို့ လုံးလုံးပြောင်းသွားရနိုင်ပေသည်။

သို့သော်ငြား သေချာဆန်းစစ်ကြည့်ပြီးသည့်နောက် မှော်ပညာရပ်များသည် နတ်ဆိုးချီအား ဖိနှိပ်နိုင်ကြောင်းကို တွေ့ရှိသွားရသည်။ ထို့အတွက်ကြောင့် နတ်ဆိုးချီအချို့ကို ထုတ်သုံးလိုက်သည်မှာ သူ့အတွက်တော့ အရမ်းကြီး ကိစ္စမရှိသေးပေ။ ချိတ်စည်းသည်သာ ပျက်စီးသွားခြင်းမရှိသရွေ့ ရန်ကိုင်အနေဖြင့် နတ်ဆိုးတစ်ကောင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်ဆီမှ ထွက်ပေါ်လာသည့် သန့်စင်လှသော နတ်ဆိုးချီတို့သည် ဝဲကတော့နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို ပေါင်းချောင်တစ်ခုနှင့် ဆင်တူသော ဝဲကတော့ကြီးသည် သိပ်သည်းလှသည့် နတ်ဆိုးချီတို့ဖြင့် ပြည့်နှက်သွားပြီး နတ်ဆိုးသူတော်စင်၏ အမွေအနှစ်ရှိရာဆီသို့ ဦးတည်နေသည့် အရာတစ်ခုနှင့် ဆင်တူသွားတော့လေသည်။ ဤမျှဆိုလျှင် မည်သည့်နတ်ဆိုးကိုမဆို စိတ်ဝင်စားအောင် လုပ်သွားဖို့ရာ လုံလောက်သွားလေပြီ။

ပေါင်ချီနှင့် ရှယတို့သည်ပင်လျှင် ထိုနည်းအတိုင်း ခံစားနေကြရသည်။ သူတို့သည်သာ ရန်ကိုင်မှ နတ်ဆိုးဝဲကတော့အား ကိုယ်တိုင်ပြောင်းလဲပစ်လိုက်သည်ကို မမြင်လိုက်ရပါက ဝဲကတော့သို့ဝင်၍ သွားစစ်ဆေးကြည့်မိပေလိမ့်မည်။

ပေါင်ချီ၏အမူအယာ လေးနက်သွားခဲ့ပြီး လေးစားတကြီးဖြင့် ပြောလိုက်လေသည်။ “ဒီလိုမျိုးဆိုရင်တော့ အဲ့အရူးကောင်တွေကို ဆရာ လှည့်စားလို့ ရသွားပြီ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၇၀)

ဘာသာပြန်သူ_တိမ်တိုက်

နတ်ဆိုးသူတော်စင်၏ အမွေအနှစ်ဆီသို့ ဦးတည်နေသော ဝင်ပေါက်အဖြစ် ပုံစံပြောင်းထားသည့် လောကဓာတ်လုံး၏ ဝင်ပေါက်ရှေ့တည့်တည့်တွင် ပေါင်ချီသည် မျက်လုံးပိတ်ကာ တင်ပလင်ခွေ ထိုင်စောင့်နေခဲ့လေသည်။ ဝဲကတော့ပမာ လည်ပတ်နေသော ဝင်ပေါက်ဆီမှ ထွက်ပေါ်လာနေသည့် အားလှိုင်းများကို ရန်ကိုင် ဖုံးကွယ်ပေးထားလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သေသေချာချာ မစစ်ဆေးပါက ထိုအားလှိုင်းများကို ရှာတွေ့နိုင်တော့လိမ့်မည်မဟုတ်ချေ။ နတ်ဆိုးဘုရင်အဆင့်တွင် ရှိနေသော ပညာရှင်များသည်သာ ဤဝင်ပေါက်ဆီမှ ဖြာထွက်နေသော သန့်စင်လှသည့် နတ်ဆိုးချီများကို ခံစားနိုင်ပေသည်။

ထိုနေရာတွင် ပေါင်ချီတစ်ဦးတည်းသာ ရှိနေခဲ့ပြီး ရန်ကိုင်နှင့်ရှယာတို့ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ နေ့ဝက်ကြာအောင် စောင့်နေပြီးသည့်နောက်တွင် ပေါင်ချီသည် ရုတ်တရက် မျက်လုံးဖွင့်လာ၍ ကောင်းကင်ပေါ်သို့မော့ကြည့်ကာ အော်ပြောလိုက်လေသည်။ “ရောက်လာနေရင် ဘာဖြစ်လို့ ပုန်းနေသေးတာလဲ… ထွက်လာလိုက်တော့လေ…”

ထူးဆန်းသည့် အော်ရယ်မောသံနှင့်အတူ ဟင်းလင်းပြင်ထဲမှ အနက်ရောင်အရိပ်တစ်ခု ပေါ်လာခဲ့လေသည်။ အသစ်ရောက်လာသည့်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိပ်သည်းလှသည့် နတ်ဆိုးချီတို့မှ လွှမ်းခြုံထားသဖြင့် ထိုလူ၏မျက်နှာကို သေချာမမြင်ရချေ။ ထိုလူ ယောက်ျားလား မိန်းမလား ဆိုသည်ကိုလည်း ခွဲခြားဖို့ရာ ခက်လှသည်။ ယောကျ်ားသံလည်းမဟုတ် မိန်းမသံလည်းမဟုတ်သည့် ထိုအသံသည် ဘက်ပေါင်းစုံမှ လာနေသလားဟုပင် ထင်မှတ်ရသည်အထိပင်။

“မိုခဲတော့…” ပေါင်ချီ၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

အရိပ်နတ်ဆိုး မိုခဲတော့ပင်။

အရိပ်နတ်ဆိုး မိုခဲ့တော့သည် အရိပ်နတ်ဆိုးကလန်၏ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးဖြစ်ကာ ပေါင်ချီထက်ပင် ပို၍အားကောင်းသည့် လူတစ်ဦးလည်း ဖြစ်ပေသည်။ အရိပ်နတ်ဆိုးကလန်သည် ပုန်းကွယ်ခြင်းနှင့် သတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သည့်အတွက်ကြောင့် အရိပ်နတ်ဆိုးဘုရင်တစ်ပါးဖြစ်သော မိုခဲတော့သည် အလွန်ကိုမှတော်သည့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်လေ၏။

နတ်ဆိုးကလန်ထဲရှိ နတ်ဆိုးဘုရင်များကြားတွင် မိုခဲတော့သည် အားအကောင်းဆုံး ဖြစ်လိမ့်မည်မဟုတ်ပါသော်ငြား ရင်ဆိုင်ဖို့ရာ အခက်ခဲဆုံး နတ်ဆိုးတစ်ကောင်တော့ ဖြစ်ပေသည်။

အကြောင်းမှာ သူ၏ပစ်မှတ်ထားခြင်း ခံလိုက်ရမည်ဆိုပါက သူ့ထက်ပိုအားကောင်းသည့် နတ်ဆိုးဘုရင်များသည်ပင်လျှင် သူ့လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည်ဟု အတပ်ချမပြောနိုင်သည့် အတွက်ကြောင့်ပင်။ မိုခဲတော့သည် ရန်သူ သတိလက်လွတ်ဖြစ်နေသည့် အခိုက်အတန့်ကို ချောင်းမြောင်းစောင့်ဆိုင်းလျက် တစ်ဖက်လူအား တစ်ချက်တည်းနှင့် အသေသတ်ပစ်ရန် ကြိုးစားပေလိမ့်မည်။

ဤနေရာသို့ ပထမဆုံး ရောက်လာသည့်လူမှာ နတ်ဆိုးဘုရင်မိုခဲတော့ ဖြစ်နေလိမ့်မည်ဟု မထင်ထားသဖြင့် ပေါင်ချီစိတ်ထဲ အနည်းငယ် စိတ်ပူမိသွားလေပြီ။ မိုခဲတော့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို သူမကြောက်ချေ။ သို့သော်ငြား ထိုကောင်သည် တစ်ဖက်ရန်သူကို အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်လေ့ရှိသူမဟုတ်။ သူ့ဘာသာသူ ပေါ်ချင်သလိုပေါ် ပျောက်ချင်သလိုပျောက်သွားပြီး နေလေ့ရှိသူတစ်ဦးဖြစ်သည်။ ဤနေရာတွင်သာ တိုက်ပွဲစရမည်ဆိုပါက တစ်ဖက်လူအား တစ်ယောက်တည်းရင်ဆိုင်ဖို့ရာ ပေါင်ချီ အခက်တွေ့ရပေလိမ့်မည်။

“ကြည့်ရတာ ငါ အစောဆုံးရောက်လာတယ်နဲ့တူတယ်…” မိုခဲတော့က ရယ်သွမ်းသွေးလိုက်လေသည်။ မိုခဲတော့၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ချီတို့ဖြင့် လွှမ်းခြုံထားခဲ့ပါသော်ငြား မိုခဲတော့၏မျက်ဝန်းအစုံသည် သူ့တည့်တည့်သို့ ရောက်နေကြောင်းကို ပေါင်ချီ ခံစားမိနေခဲ့သည်။ “ဒီနေရာက နတ်ဆိုးသူတော်စင် သေသွားခဲ့တဲ့နေရာလို့ မင်းပြောတယ်နော်… ဘယ်မှာလဲ နတ်ဆိုးသူတော်စင်ရဲ့အမွေအနှစ်… ငါ ဘာဖြစ်လို့ ဘာကိုမှမတွေ့ရတာလဲ…”

“ငါ့နောက်မှာ… သေချာကြည့်ကြည့်လိုက်…” ပေါင်ချီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

မိုခဲတော့လည်း ပေါင်ချီ၏နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ဝင်ပေါက်တစ်ခုကို တွေ့သွားခဲ့ရလေသည်။ ထိုဝင်ပေါက်ဆီမှ သိပ်သည်းသန့်စင်လှသည့် နတ်ဆိုးချီတို့ ဖြာထွက်နေသည်ကို သတိထားမိလိုက်သော် မိုခဲတော့ အံ့အားသင့်သွားလေ၏။ “ဒီနေရာက နတ်ဆိုးသူတော်စင်သေသွားတဲ့နေရာဆိုတာ မင်း သေချာလို့လား…” မိုခဲတော့က အလေးအနက်လေသံဖြင့် မေးလိုက်သည်။

ပေါင်ချီက နှာခေါင်းရှုံ့လျက် “မဟုတ်လို့လား… အဲ့ဒါမဟုတ်ရင် ဒီနေရာက ဘာနေရာဖြစ်မှာမို့လို့လဲ… အကုန်လုံးကို ငါကိုယ်တိုင် အတိအကျကြီး အာမ မခံပေးနိုင်ပေမယ့် ဖြစ်နိုင်ချေတော့ တော်တော်များတယ်…”

မိုခဲတော့ ဘာမှပြန်မပြောခဲ့ချေ။ ပေါင်ချီပြောသည်ကို သဘောတူသည့်အလား။ ဝင်ပေါက်ထဲသို့ မဝင်ရသေးခင်အထိ မည်သူမှ ဘာကိုမှ အာမခံရဲလိမ့်မည်မဟုတ်။ သို့သော်ငြား ဝင်ပေါက်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူတို့နတ်ဆိုးများအတွက်တော့ အလွန်ကိုမှ စိတ်ဝင်စားဖွယ် ကောင်းနေခဲ့လေသည်။

“ဒီဝင်ပေါက်ကို မင်းဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ…” မိုခဲတော့က မေးခွန်းထုတ်လိုက်လေသည်။

မိုခဲတော့ သတိထားနေခြင်းဖြစ်မှန်း ပေါင်ချီ သိနေခဲ့သည်။

“ငါ့ပိုင်နက်ထဲမှာ ရှိနေတာပဲကို… ဒီတိုင်း မတော်တဆ ရှာတွေ့တာပေါ့ကွ…” ပေါင်ချီသည် ထိုကဲ့သို့မေးလာမည်ကို ကြိုသိထားသည့်အလား ပြန်ဖြေရမည့်အဖြေကို စဉ်းစားထားပြီးသားပင်။

“မင်း တော်တော်ကံကောင်းတဲ့ကောင်ပဲကွ… ဒါပေမယ့် ဒီဝင်ပေါက်ကို တွေ့လို့ရှိရင် ဘာဖြစ်လို့ မင်းဘာသာမင်း တစ်ယောက်တည်း သွားမစစ်ဆေးပဲနဲ့ ငါတို့ကိုပါ ခေါ်လိုက်တာလဲ… ငါထင်တာမမှားလို့ရှိရင် မင်း အခြားသူတွေကိုလည်း ခေါ်ထားတယ်… ဟုတ်တယ်မလား…”

“ဟုတ်တယ်… မင်းတစ်ယောက်တည်းကို ခေါ်ထားတာမဟုတ်ဘူး…” ပေါင်ချီက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ခေါ်သာခေါ်လိုက်တယ် ဘယ်နှစ်ယောက်လာမလဲတော့ မပြောတတ်ဘူး… ငါဘာဖြစ်လို့ ဒီနေရာကို တစ်ယောက်တည်း မသွားလဲဆိုတာက ဒီနေရာက နတ်ဆိုးသူတော်စင်ရဲ့ အမွေအနှစ်ရှိတဲ့နေရာ ဖြစ်နိုင်တယ်ဆိုပေမယ့် အန္တရာယ်ကြီးကြီးလည်း ရှိနိုင်တယ်… ငါအသက်ရှင်လာတာ ဘယ်လောက်မှ မကြာသေးဘူး… ဒီတော့ အသက်ရှည်ရှည်လေး နေချင်လို့ မင်းတို့ကိုပါ ခေါ်လိုက်တာ…”

ထိုစကားကိုကြားသော် မိုခဲတော့သည် လှောင်ပြောင်လိုဟန်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက်တွင် ဝင်ပေါက်၏ ဘေးပတ်ဝန်းကျင်ကို သေသေချာချာ လိုက်ပတ်စစ်ဆေးကြည့်လေ၏။

ပေါင်ချီက ဆက်ပြောလိုက်သည်။ “မင်းကိုယ်မင်း သတ္တိရှိတယ်ထင်ရင်တော့ တစ်ယောက်တည်း အရင်ဝင်သွားကြည့်လိုက်ပေါ့… မင်းတို့နတ်ဆိုးကလန်ရဲ့ စွမ်းရည်နဲ့ဆိုရင်တော့ အထဲမှာ ဘာအန္တရာယ်နဲ့မှ ကြုံရလောက်မှာမဟုတ်ပါဘူး…”

မိုခဲတော့သည် သူ့လောဘကို မထိန်းနိုင်ပဲ အထဲသို့ သူ့ဘာသာသူ စောစော ဝင်သွားပါစေဟု ပေါင်ချီစိတ်ထဲ ကြိတ်၍ မျှော်လင့်နေလေသည်။ မိုခဲတော့သာ အထဲသို့ဝင်သွားမည်ဆိုပါက သူ၏သေခြင်းရှင်ခြင်းသည် သူထိန်းချုပ်နိုင်သည့်အရာမျိုး ဖြစ်တော့လိမ့်မည်မဟုတ်ပေ။

ပေါင်ချီ၏စကားကို ကြားပြီးသည့်နောက် မိုခဲတော့ အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ သို့သော်ငြား တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အထဲသို့ မဝင်သွားဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “အခြားသူတွေကိုစောင့်တာ ပိုကောင်းလိမ့်မယ်… မင်းလိုပဲလေ ငါလည်း အသက်အကြာကြီး ရှင်ရသေးတာမှမဟုတ်တာ… ဒီတော့ နောက်ထပ် နည်းနည်းလေး ပိုပြီး အသက်ရှည်ချင်သေးတယ်…”

ဤနေရာသည် နတ်ဆိုးသူတော်စင်တစ်ပါး ကျဆုံးသွားသည့် နေရာ ဖြစ်သည့်အတွက်ကြောင့် ထိုဝင်ပေါက်၏အထဲတွင် ကျိန်းသေ အန္တရာယ်များဖြင့် ပြည့်နေပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ သူ့ဘာသာသူတစ်ကိုယ်တည်း ဦးဆောင်ဝင်သွားရပါမည်နည်း။

“အင်း…” ပေါင်ချီလည်း ဘာမှဆက်မပြောတော့ဘဲ မျက်လုံးပိတ်၍သာ တင်ပလင်ခွေ ထိုင်နေလိုက်တော့သည်။

မိုခဲတော့သည်လည်း ဝင်ပေါက်အား နည်းနည်းပါးပါး လိုက်ပတ်စူးစမ်းကြည့်ပါသော်ငြား မည်သည့် ထူးဆန်းသည့်အရာကိုမှ ရှာမတွေ့သဖြင့် ပျင်းလာသည့်နောက်တွင် ပေါင်ချီကဲ့သို့ပင် ပေါင်ချီအနီးအနားတစ်နေရာ၌ တင်ပလင်ခွေထိုင်ချလိုက်လေ၏။

နောက်နှစ်ရက်အတွင်း နတ်ဆိုးဘုရင်များ ထပ်မံ၍ ရောက်ရှိလာကြလေသည်။

ထိုနတ်ဆိုးဘုရင်များသည် သက်ဆိုင်ရာကလန်အသီးသီး၏ ပညာရှင်များ ဖြစ်ကြသည်။ ပေါင်ချီမှာ ထိုလူအားလုံးနှင့် မသိပါသော်ငြား ထိုလူများ၏နာမည်ကိုတော့ သိပေသည်။

ရောက်လာသည့် လူအရေအတွက်မှာ သူထင်ထားသည့်ပမာဏထက်ကို ကျော်လွန်နေသည့်အတွက်ကြောင့် ပေါင်ချီမှာ အနည်းငယ် စိတ်ပူလာခဲ့ရသည်။

သူဖိတ်ခေါ်သည်ကို လူဆယ်ယောက်လောက် လာလျှင်ပင် အဆင်ပြေပြီဟု ထင်ခဲ့သည်။ တကယ်တော့ နတ်ဆိုးဘုရင်များမှာ အားအားယားယားနေကြသည့် လူများမှ မဟုတ်ကြလေပဲ။ ထို့အပြင် သူသည် ထိုလူများနှင့် ရင်းနှီးခြင်းမရှိပေ။ သို့သော်ငြား နှစ်ရက်ကြာပြီးသည့်နောက် စုစုပေါင်း နတ်ဆိုးဘုရင်ဆယ့်ငါးဦးပင် ရောက်လာခဲ့လေသည်။ ထိုလူများအနက် အများစုမှာ သူ့ထက်ပို၍ အားကောင်းကြသည်။

ကြည့်ရသလောက် နတ်ဆိုးသူတော်စင်၏ အမွေအနှစ်ကို သူတကယ်ကြီး အထင်သေးမိလိုက်သည့်ပုံပင်။

(ဒီလောက်များတဲ့ နတ်ဆိုးဘုရင်တွေကို မှော်ဆရာညို ကိုင်တွယ်နိုင်ပါ့မလား… တော်ကြာ ဖွတ်မရ ဓါးမ ဆုံး ဖြစ်နေဦးမယ်…)

နတ်ဆိုးဘုရင်များသည် တစ်နေရာထဲတွင် အတူတကွ စုဝေးနေသည့်အတွက်ကြောင့် လောကဓာတ်လုံးဝင်ပေါက်ရှိရာ အနီးတစ်ဝိုက်သည် သိပ်သည်းလှသည့် နတ်ဆိုးချီတို့ဖြင့် ပြည့်နှက်သွားတော့လေသည်။ ဤနေရာသို့ ရောက်လာသည့် နတ်ဆိုးဘုရင်တိုင်းသည် ပေါင်ချီအား ဤနေရာရှိ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြသည်။ ပေါင်ချီကလည်း ကြိုတင်ပြင်ဆင်ထားသည့် အဖြေများကို ချက်ချင်း ပြန်ဖြေပေးခဲ့လေ၏။ သံသယဖြစ်စရာ ဘာကိုမှ မတွေ့ရှိရသည့်အခါမှသာလျှင် အကုန်လုံး ဝင်ပေါက်အနား၌ ရပ်စောင့်နေကြတော့လေသည်။

ရန်ကိုင်ဖန်တီးထားသည့်ဝင်ပေါက်သည် လုံးဝကို ပြီးပြည့်စုံသည်ဟု ပြောရပေမည်။ အနည်းဆုံးတော့ ထိုဝင်ပေါက်သည် နတ်ဆိုးဘုရင်များကို မယုံသင်္ကာ မဖြစ်စေခဲ့။

ဤကဲ့သို့သော ပညာရှင်ပေါင်းများစွာ တစ်နေရာထဲတွင် အတူတကွ စုဝေးနေသည်ကို မြင်တွေ့ဖို့ရာ အတော်လေးကိုမှ ခက်ခဲလှသည်။ အချင်းချင်း ရင်းနှီးကြသည့် နတ်ဆိုးဘုရင်များသည် အတူတကွ အုပ်စုဖွဲ့နေကြပြီး ပြင်ပမျိုးနွယ်စု မည်မျှများများကို သူတို့သတ်ခဲ့ကြောင်း ပြင်ပမျိုးနွယ်မှ မိန်းမလှလေးများကို မည်မျှဖမ်းဆီးခဲ့ကြောင်း ကြွားလုံးထုတ်ကြသည်။ အကုန်လုံးမှာ သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး ဂုဏ်ဖော်နေကြလေသည်။ သို့သော်ငြား ပြဿနာတစ်ခုခု ဖြစ်လာလျှင်တော့ ပါးစပ်စည်းမစောင့်တော့ဘဲ အချိန်မရွေးတိုက်ခိုက်မည့်ပုံမျိုး လုပ်လာကြလေသည်။

ကံကောင်းစွာဖြင့် အကုန်လုံးမှာ မိမိကိုယ်ကို အတတ်နိုင်ဆုံး ထိန်းထားခဲ့ကြသည်။ ထို့အတွက်ကြောင့် ပဋိပက္ခများ ဖြစ်လာမည်ဆိုလျှင်ပင် တိုက်ခိုက်ရမည့်အစား စကားဖြင့်သာ အပြန်အလှန်ချေပကြလေသည်။

“ပေါင်ချီ… မင်း ဘာကို စောင့်နေသေးတာလဲ…” မီးနတ်ဆိုးတစ်ကောင်က ပေါင်ချီရှေ့တွင် လာရပ်၍ မေးလိုက်သည်။ သူ့ကိုယ်တစ်လျှောက် လောင်ကျွမ်းနေသည့် မီးတောက်များသည် အနီးအနားရှိ ဟင်းလင်းပြင်ကိုပင်လျှင် အရည်ပျော်သွားစေနိုင်လောက်အောင် ပူလောင်လွန်းလှလေ၏။ ထိုမီးနတ်ဆိုးမှာ အခြားသောနတ်ဆိုးဘုရင်များနှင့် သိပ်၍မတူလှ။ သူ၏အသားအရေမှာ သိသိသာသာကို နီမြန်းနေခဲ့လေသည်။ မီးတောင်ထဲမှ ချော်ရည်များနှင့်ပင် တူနေပေသေးသည်။

ထိုလူမှာ အခြားမဟုတ် မီးနတ်ဆိုးလိုင်ဝမ်သာ ဖြစ်လေသည်။ မီးနတ်ဆိုးလိုင်ဝမ်၏ ခွန်အားမှာ ဤနေရာတွင်ရှိနေသော နတ်ဆိုးဘုရင်များကြား သာမန်ထက်ပိုရုံလေးသာ ရှိပါသော်ငြား အလွန်ကိုမှ စိတ်မရှည်သည့်လူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် နှစ်ရက်လောက်ကြာအောင် ရပ်စောင့်နေရသည့်အပေါ် စတင်၍ စိတ်မရှည်ဖြစ်လာတော့လေ၏။

အခြားသောနတ်ဆိုးဘုရင်များ၏ အကြည့်မှာလည်း ပေါင်ချီဆီသို့ ရောက်လာကြလေသည်။

ဤနေရာရှိ နတ်ဆိုးဘုရင်များကြားထဲတွင် ပေါင်ချီသည် အားအကောင်းဆုံး မဟုတ်သလို သာမန်လောက်သာ ဖြစ်ပါသော်ငြား ဤနေရာသည် သူ့ပိုင်နက်ဖြစ်သည်။ ထို့အပြင် နတ်ဆိုးသူတော်စင်၏ အမွေအနှစ်ဆီသို့ ဦးတည်နေသည့်နေရာကို ပထမဦးဆုံး ရှာတွေ့ခဲ့သည့်လူလည်း ဖြစ်ကာ သူတို့အားလုံးကို ဖိတ်ခေါ်ခဲ့သည့်လူလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ပေါင်ချီအား အနည်းနှင့်အများဆိုသလို မျက်နှာသာပေးကြလေ၏။

ပေါင်ချီသည် သူ့ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်၍ ပြောလိုက်လေသည်။ “သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ချိန်းက မနက်ဖြန်ပဲ… ဒါပေမယ့် မင်းတို့က ဒီလောက်တောင် အလျင်လိုနေတယ်ဆိုမှတော့လည်း အခုစကြတာပေါ့… လူကလည်း စုံနေလောက်ပါပြီ… ရောက်မလာသေးတဲ့လူတွေကတော့ သူတို့ကိုယ်သူတို့ ကံဆိုးသွားတယ်လို့ပဲ မှတ်လိုက်ပေါ့ကွာ… မင်းတို့ရော ဘယ်လိုထင်လဲ…”

နတ်ဆိုးဘုရင်များမှာတော့ ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ ကန့်ကွက်စရာမရှိပေ။ ဤနေရာတွင် စုဝေးနေကြသည်မှာ နတ်ဆိုးဘုရင်ဆယ့်ငါးပင် ရှိနေလေပြီ။ ထို့အတွက်ကြောင့် အထဲတွင် အန္တရာယ်ရှိမည်ဆိုလျှင်ပင် သူတို့အတူပူးပေါင်း၍ ရင်ဆိုင်နိုင်လောက်ပေသည်။ ထို့အပြင် လူပိုများလေ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လေဖြစ်ကာ သူတို့အတွက် အမွေအနှစ်ရနိုင်ချေအခွင့်အရေး လျော့သွားနိုင်ပေသည်။

ထို့အတွက်ကြောင့် ပေါင်ချီ၏ ကမ်းလှမ်းချက်ကို လူတိုင်း လက်ခံလိုက်ကြလေ၏။

ပေါင်ချီမှ ဆက်ပြောတော့မည်အပြု နှစ်လိုဖွယ်ကောင်းသည့်အသံတစ်သံ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာလေ၏။ “အို… ငါနောက်ကျသွားတာလား… စောင့်နေရအောင် လုပ်မိလိုက်တာ အားနာစရာကြီး…”

ထိုစကားဆုံးသွားသည့်နောက် ရှယသည် နတ်ဆိုးဘုရင်များ၏ မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။

ရှယ အချိန်ကိုက်ပေါ်လာသည်ကိုမြင်သော် ပေါင်ချီ စိတ်သက်သာရာ ရသွားခဲ့လေသည်။ နှစ်ဦးသားသည် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ကြပြီး မည်သည့်စကားမှ မပြောခဲ့ကြပေ။

“အမှိုက်ကောင်မ…” ထိုအော်သံနှင့်အတူ ဧရာမအရိုးခြောက်ကြီးတစ်ကောင်သည် ရှယဆီသို့ လှမ်းလာခဲ့လေသည်။

ထိုအရိုးခြောက်သည် မည်သည့်အသွေးအသားကိုမှ ပိုင်ဆိုင်ထားခြင်းမရှိ။ ထို့အစား ၎င်း၏အရိုးများမှာ ပုံမှန်အဖြူရောင်အရိုးမဟုတ်ဘဲ လုံးဝကို နက်မှောင်နေခဲ့သည်။ ထို့အပြင် အရိုးခြောက်၏ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်လုံးများထဲ အစိမ်းရောင်တစ္ဆေမီးတောက်တို့မှာလည်း တဖျတ်ဖျတ် တောက်လောင်နေလေ၏။

ထိုနတ်ဆိုးမှာ အရိုးနတ်ဆိုး ဖေးလီသာ ဖြစ်လေသည်။

ပြောရင်းမှ ဖေးလီသည် ခြောက်ခြားဖွယ်ရာကောင်းသည့် အရှိန်အဝါနှင့် ရှယဆီသို့ ချဉ်းကပ်လာခဲ့လေသည်။

အရိုးနတ်ဆိုးဖေးလီ၏ ရုတ်တရက်လုပ်ပုံမှာ ပေါင်ချီနှင့် ရှယတို့နှစ်ဦးစလုံးအား အံ့အားသင့်သွားစေခဲ့ကြလေသည်။ ဖေးလီ ဘာကြောင့် ရှယအား ဤမျှ မုန်းတီးနေသလဲ သူတို့မသိကြ။ ကဝေနတ်ဆိုးများမှာ ဂုဏ်သတင်းမကောင်းကြပါသော်ငြား ဖေးလီနှင့် ရှယကြား ရန်ငြိုးရန်စရှိသည့်အကြောင်းကို မည်သို့မှ မကြားဖူးကြချေ။

ပေါင်ချီသည် ရှယအား မေးမြန်းလိုသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော်ငြား ရှယ၏အမူအယာကို မြင်ပြီးသည့်နောက် သူလည်း နားမလည်နိုင် ဖြစ်သွားရလေသည်။ ရှယကိုယ်တိုင်သည်လည်း လက်ရှိအချိန်၌ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ။

ရှယ တုံ့ဆိုင်းနေစဉ်မှာပင် ဖေးလီသည် သူမရှေ့၌ ရုတ်တရက်ပေါ်လာပြီး သူ၏ အရိုးခြောက်လက်ကြီးဖြင့် ရှယ၏လည်ပင်းကို ဆွဲညှစ်ကာ လေပေါ်သို့ မြှောက်လိုက်လေသည်။

အားကောင်းလှသည့် နတ်ဆိုးဘုရင်တစ်ပါးဖြစ်သော ရှယမှာ အရိုးခြောက်၏ရှေ့မှောက်၌ အားနည်းလှသည့် ကလေးသဖွယ် ရုန်းကန်နေခဲ့ရသည်။

ရှယမှာလည်း အမှန်တကယ်ကို ကူကယ်ရာမဲ့နေခဲ့လေသည်။ အခြားနတ်ဆိုးဘုရင်တစ်ပါးသာ ဖြစ်လျှင်တော့ သူမအနေဖြင့် ဤကဲ့သို့သော အခြေအနေမှ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေသေးသည်။ သို့သော်ငြား မည်သည့်အသွေးအသားမှ ပိုင်ဆိုင်ထားခြင်းမရှိသော အရိုးနတ်ဆိုးဘုရင်ဖေးလီနှင့် အတွေ့တွင်တော့ ရှယ၏ စွမ်းရည်အားလုံးမှာ အလုပ်မဖြစ် ဖြစ်ကုန်ကြရတော့လေသည်။

သူမတို့ကဝေနတ်ဆိုးကလန်၏ အလင်းညှို့ဓာတ်ပညာရပ်မှာ အရိုးနတ်ဆိုးများအပေါ် သက်ရောက်မှု မရှိပေ။

“နင်… ဘာ လုပ် နေ တာ လဲ…” ရှယမှာ ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။ သူမပုံစံမှာ အတော်လေးကိုမှ သနားစဖွယ်ကောင်းလွန်းလှလေသည်။ သို့သော်ငြား အရိုးနတ်ဆိုးသည် ရှယလည်ပင်းအား ဖျစ်ထားသည့် သူ့လက်ထဲသို့ အားစိုက်လိုက်သည့်အတွက်ကြောင့် ရှယ၏မျက်နှာမှာ ပို၍ ဖြူလျော်လာခဲ့ရလေ၏။

အနီးအနားတွင်ရှိနေသော နတ်ဆိုးဘုရင်များကမူ ထိုမြင်ကွင်းအား ထူးမခြားနားဟန်ဖြင့်သာ ကြည့်နေကြလေသည်။

မည်သူမျှ ရှယအား သနားနေခြင်းမရှိ။ အကြောင်းမှာ ရှယ၏ သနားစဖွယ်အမူအယာလေးသည် ဟန်ဆောင်နေခြင်းသက်သက်သာဖြစ်မှန်း လူတိုင်းသိထားကြသည့်အတွက်ကြောင့်ပင်။

“နတ်ဆိုးသူတော်စင်တွေမျှော်လင့်ထားတဲ့အတိုင်းတောင် မနေနိုင်ပဲနဲ့ ဒီနေရာမှာ နင့်မျက်နှာ လာပြရဲသေးတယ်ပေါ့ ဟုတ်လား…” ဖေးလီက ခြောက်ခြားဖွယ်ရာအသံကြီးဖြင့် ပြောလိုက်လေသည်။

ဖေးလီမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရှယနှင့် ပေါင်ချီတို့နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြရသည်။ သူတို့နှစ်ဦးစလုံး မှော်ဆရာညို၏ လက်အောက်ငယ်သားများ ဖြစ်နေကြပြီဟူသော လျှို့ဝှက်ချက် ပေါက်ကြားသွားသလားဟုပင် ထင်မိသွားရသည်အထိပင်။ သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် ထိုသို့မဟုတ်ကြောင်း တွေ့ရှိသွားခဲ့ရသည်။ အကြောင်းမှာ ထိုလျှို့ဝှက်ချက်သာ ပေါက်ကြားသွားမည်ဆိုပါက ပေါင်ချီသည်လည်း အခြားနတ်ဆိုးဘုရင်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံနေရပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။

သို့သော်ငြား ထိုလျှို့ဝှက်ချက်မဟုတ်လျှင် ဖေးလီသည် ရှယအား ယခုကဲ့သို့ တိုက်ခိုက်နေရလေသနည်း။

“ရှင် ဘာပြောချင်နေတာလဲ…” ရှယက ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ပြန်မေးလိုက်လေသည်။ သူမမျက်နှာ ယခုကဲ့သို့ ဆွတ်ဆွတ်ဖြူနေရခြင်းမှာ ဖေးလီမှ သူမလည်ပင်းကို လက်ဖြင့် ညှစ်ထားသည့် အတွက်ကြောင့်ဖြစ်သလို သူမ၏လျှို့ဝှက်ချက်များ ပေါက်ကြားသွားပြီလားဟူသော စိုးရိမ်စိတ်ကြောင့်လည်း ဖြစ်ပေသည်။

“ဖေးလီ… ရှယက နတ်ဆိုးဘုရင်တစ်ပါး ဖြစ်နေတုန်းပဲ… သူဘယ်လိုလုပ်ပြီး နတ်ဆိုးသူတော်စင်တစ်ပါးရဲ့ မျှော်လင့်ချက်အတိုင်း မနေနိုင်ရမှာလဲ… မင်းတစ်ခုခုသိထားရင်လည်း ငါတို့ကိုလည်း ပြောဦး…” နတ်ဆိုးဘုရင်တစ်ပါးက ဝင်မေးလိုက်လေသည်။

အခြားသောနတ်ဆိုးဘုရင်များသည်လည်း ဖေးလီဘက်သို့ ကြည့်လာခဲ့သည်။

ဖေးလီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ “သူအုပ်ချုပ်နေတဲ့ပိုင်နက်က အခြားတစ်ယောက်ရဲ့လက်ထဲ ရောက်သွားပြီ… သူ့လက်အောက်ငယ်သား အယောက်သုံးထောင်လုံး အကုန် အသတ်ခံလိုက်ရတယ်… သူ့လိုလူတစ်ယောက်ကမှ အမှိုက်မဟုတ်ရင် ဘယ်သူက အမှိုက်ဖြစ်ဦးမှာလဲ… ဒီတော့ သူသေဖို့ထိုက်တန်တယ်လို့ မထင်ဘူးလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၇၁)

ဘာသာပြန်သူ_တိမ်တိုက်

ဖေးလီပြောသည့်စကားကို ကြားပြီးသည့်နောက် အခြားသောနတ်ဆိုးဘုရင်များ အံ့အားသင့်သွားခဲ့ကြလေသည်။ သူတို့ ထိုအကြောင်းကို လုံးဝမသိကြပေ။ သူတို့ကိုယ်တိုင်သည်လည်း ပြင်ပမျိုးနွယ်စုများနှင့် ရင်ဆိုင်ဖူးပေသည်။ ပြင်ပမျိုးနွယ်မှ လူရိုင်းများ မည်ကဲ့သို့သော ပညာရပ်များကို အသုံးပြုနိုင်ကြောင်းလည်း သိကြသည်။ သူတို့ကိုယ်တိုင်ပင်လျှင် ထိုပြင်ပမျိုးနွယ်မှ အားကောင်းလှသည့် ပညာရှင်များကို သတ်ပစ်ခဲ့ဖူးသည့်အတွက်ကြောင့် ပြင်ပမျိုးနွယ်များမှာ ရင်ဆိုင်ရခက်လှသည်ဟု သူတို့မထင်ပေ။

နတ်ဆိုးသူတော်စင်များက သူတို့အား ခုခံရန်သာ အမိန့်ပေးထားသည့် အတွက်ကြောင့်သာ မဟုတ်ပါက ဤနတ်ဆိုးဘုရင်များမှာ အတူတကွ ပူးပေါင်း၍ လက်ကျန်နယ်မြေများကို ဆက်လက်သိမ်းပိုက်နေလောက်ပေပြီ။ ထို့အတွက်ကြောင့် ရှယ၏ပိုင်နက် ပြင်ပမျိုးနွယ်စု၏လက်ထဲသို့ ပြန်ရောက်သွားခဲ့ရပြီး သူမ၏လက်အောက်ငယ်သားအားလုံး သေဆုံးသွားရသည့်အကြောင်းကို ကြားလိုက်ရသည့်အခါ နတ်ဆိုးဘုရင်များအားလုံး အံ့အားသင့်သွားကုန်ကြရလေသည်။

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ… ပင်မမျိုးနွယ်က အဲ့လောက်တောင် အားကောင်းတာမို့လို့လား…”

“ဟုတ်တယ် ဖေးလီ… မင်း အထင်မှားနေတာတော့ မဟုတ်ပါဘူးနော်… ရှယက အဲ့လောက်ကြီးအားကောင်းတာ မဟုတ်ပေမယ့် သူကိုယ်တိုင်က နတ်ဆိုးဘုရင်တစ်ပါးလေ… ပြင်ပမျိုးမနွယ်က ဘယ်လိုလုပ်ပြီး သူ့ပိုင်နက်ကို အလွယ်တကူ ဝင်သိမ်းနိုင်ရတာလဲ…”

အခြားသောနတ်ဆိုးဘုရင်များမှာ ထိုအကြောင်းနှင့်ပတ်သက်၍ ဖေးလီအား စတင်မေးမြန်းကုန်ကြလေသည်။ သို့သော်ငြား နတ်ဆိုးဘုရင်အများစုမှာတော့ အေးအေးဆေးဆေးသာ ရပ်ကြည့်နေကြလေ၏။

ဖေးလီက လှောင်ပြုံးပြုံးလျက် “မင်းကိုယ်တိုင် သူ့ကို မေးကြည့်လိုက်… ငါနဲ့သူ့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး… ငါက ဘယ်လိုလုပ်ပြီး သူ့ကို အလကားသက်သက် လာပြဿနာရှာရမှာလဲ…”

နတ်ဆိုးဘုရင်များ၏အကြည့်သည် ရှယဆီသို့ ရောက်လာခဲ့လေသည်။

ရှယမှာလည်း ထိုအချက်ကို ဖုံးကွယ်နိုင်တော့လိမ့်မည်မဟုတ်မှန်း သိလိုက်သည့်နောက် ခါးသက်သက်အမူအယာဖြင့်သာ ဝန်ခံလိုက်ရတော့လေ၏။ “ဖေးလီပြောတာအမှန်ပဲ… ငါ့ပိုင်နက်ကို ဆုံးရှုံးလိုက်ရပြီ… ငါ့လက်အောက်ငယ်သားသုံးထောင်လုံးလည်း အသတ်ခံလိုက်ရတယ်… ဒါ ငါအရည်အချင်းမရှိလို့ပဲ…”

ရှယကိုယ်တိုင်က ဝန်ခံလာသည်ကိုကြားသော် အစောပိုင်းက ဖေးလီအား မေးခွန်းထုတ်လိုက်သည့် နတ်ဆိုးဘုရင်အားလုံး သူတို့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ကြတော့လေသည်။ အကုန်လုံးမှ ရှယအား ကြည့်နေသည့် အကြည့်မှာလည်း တဖြည်းဖြည်းနှင့် အေးစက်လာကုန်ကြလေသည်။

ဤကမ္ဘာကြီးထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် အချိန်မှစ၍ ပြင်ပမျိုးနွယ်များမှာ အသည်းအသန်ခုခံကြလေသည်။ သို့တိုင် နတ်ဆိုးမျိုးနွယ်များမှာတော့ ကြီးကြီးမားမား ဆုံးရှုံးရခြင်းမရှိ။ ပြင်ပမျိုးနွယ်များသည် ရံဖန်ရံခါ စစ်ပွဲများကို အနိုင်ရသွားခဲ့သည့်တိုင် ဘာမှမပြောပလောက်သည့် နိုင်ပွဲလေးများသာ ဖြစ်ကြသည်။ မည်သည့်နတ်ဆိုးဘုရင်မှ တကယ့်အရှုံးနှင့် မရင်ဆိုင်ရဖူးသေးချေ။

သို့သော်ငြား ရှယသည် သူမ၏ပိုင်နက်ကို ဆုံးရှုံးခဲ့ရရုံမက သူမလက်အောက်တွင် ရှိနေသော စစ်သားသုံးထောင်လုံးပါ သေသွားခဲ့ရလေသည်။ ဤသည်မှာ နတ်ဆိုးမျိုးနွယ်စုအတွက်တော့ အရှက်ရစရာပင်။

ထို့အတွက်ကြောင့် ရှယသည် နတ်ဆိုးသူတော်စင်များ၏ မျှော်လင့်ချက်အတိုင်း မနေနိုင်ခဲ့ဟု ပြော၍ရပေသည်။ ဤကဲ့သို့ တာဝန်အပေါ်မကျေပွန်နိုင်မှုသည် နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည့် သူမ ရသင့်ရထိုက်သော အခွင့်အရေးအားလုံးကို ဖယ်ရှားပစ်ရန် လုံလောက်ပေသည်။

“သူသေရမယ်…” ဖေးလီ၏အသံ အေးစက်လာခဲ့လေသည်။ ရှယ၏ စစ်ရှုံးမှုသည် သူတို့နတ်ဆိုးမျိုးနွယ်အပေါ် အတော်လေးကိုမှ ရှက်စရာဖြစ်သွားစေသည့်အလား။

ယခုတစ်ကြိမ်တွင်တော့ မည်သူမျှ ရှယဘက်မှ ဝင်ပြောမပေးတော့ချေ။ ပေါင်ချီသည်ပင်လျှင် ပါးစပ်မဟရဲခဲ့။ ပါးစပ်ဟလိုက်၍ အခြားသောနတ်ဆိုးဘုရင်များ သူ့အပေါ် မယုံသင်္ကာဖြစ်လာမည်ကို စိုးရိမ်နေလေသည်။

သူမလည်ပင်းအား ဆုပ်ကိုင်ထားသည့် ဖေးလီ၏လက် တဖြည်းဖြည်း အားတင်းလာသည်ကို ခံစားမိလိုက်သော် ရှယက အော်ရယ်မောလျက် “ငါသေသင့်တာ ဟုတ်တယ်… ဒါပေမယ့် ငါ့လက်အောက်ငယ်သားတွေက အလကားသေသွားတာမဟုတ်ဘူး… သောင်းချီတဲ့ရန်သူတွေကို တိုက်ပြီးတော့ သေသွားရတာ… ဘယ်သူမှ ပြန်ဆုတ်လည်းမဆုတ်ဘူး… ထွက်လည်းမပြေးဘူး… သူတို့အားလုံးသေသွားရတာ ဘာမှ အလကားမဖြစ်ဘူး…”

ရှယ လျှောက်ပြောနေခြင်းသာဖြစ်မှန်း ပေါင်ချီသိပေသည်။

သို့သော်ငြား ရှယပြောသည်ကိုကြားပြီးသည့်နောက် အခြားသောနတ်ဆိုးဘုရင်များ အံ့အားသင့်သွားကုန်ကြလေသည်။ နတ်ဆိုးစစ်သည်တော်သုံးထောင်သည် သောင်းနှင့်ချီသော ရန်သူများကို ထွက်မပြေးဘဲ ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံတိုက်ခိုက်ရင်းဖြင့် သေဆုံးသွားခဲ့ရသည်ဆိုပါက သူတို့နတ်ဆိုးများအတွက်တော့ ဤမျှ မျက်နှာပျက်စရာမဟုတ်ကြပေ။ ထိုစကားကိုကြားပြီးသည့်နောက် နတ်ဆိုးများ၏မျက်နှာ အနည်းငယ် ပြန်လည်ဝင်းပလာခဲ့ရသည်။

“အဲ့ဒါဆိုရင် နင် ဘာဖြစ်လို့ သူတို့နဲ့အတူ တစ်ခါတည်း မသေလိုက်တာလဲ…” ဖေးလီကမူ ရှယပြောသည်ကို ကြားသည့်တိုင် တုတ်တုတ်မျှမလှုပ်ပဲ ရှယကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

ယခုတစ်ကြိမ်တွင်တော့ ရှယသည် သူမကိုယ်သူမ ကာပြောမနေတော့ဘဲ ပြန်၍သာ ပြောလိုက်လေသည်။ “အဲ့ဒါဆို ငါ့ကို သတ်လိုက်လေ… ငါ့ပိုင်နက်ကိုလည်း ဆုံးရှုံးသွားပြီ… ငါ့လူတွေလည်းသေသွားပြီ… ငါ့မှာ နတ်ဆိုးဘုရင်ဖြစ်ဖို့ အခွင့်အရေးမရှိတော့ဘူး…”

ရှယမှာ ဆက်၍ ရုန်းကန်မနေတော့ဘဲ သူမ၏ကံတရားကိုသာ လက်ခံလိုက်တော့သည်။

ဖေးလီ၏မျက်လုံးထဲရှိ အစိမ်းရောင်မီးတောက်များ ရုတ်ချည်း နက်မှောင်လာခဲ့ပြီး ခေါင်းညိတ်၍ “နင့်မှာ အရှက်တရားလေးတော့ ရှိသေးတာပဲ… ကောင်းပြီလေ… စိတ်မပူနဲ့… ငါ နင့်ကို မြန်မြန်သေအောင် လုပ်ပေးမှာပါ…”

ထိုသို့ပြောပြီးသည့်နောက် ရှယအား သတ်ပစ်တော့မည်အပြု တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ပေါင်ချီက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ “နေဦး…”

ဖေးလီသည် ပေါင်ချီဘက်သို့ လှည့်ကြည့်လာခဲ့သည်။ ရှယစိတ်ထဲ စိတ်သက်သာရာ ရသွားခဲ့ပါသော်ငြား သူမဟန်အမူအယာကိုတော့ အနည်းငယ်မျှပင် ပျက်ယွင်းမသွားစေခဲ့ဘဲ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့လေသည်။ သေရမည်ကို လုံးဝမကြောက်သည့်အလား။

ဖေးလီသည် ဘာမှမပြောဘဲ ပေါင်ချီဘာပြောမလဲဆိုသည်ကိုသာ ရပ်စောင့်နေခဲ့လေသည်။ သူ့စိတ်ထဲ ရှယအား သတ်ပစ်ရန် ဆုံးဖြတ်ထားပြီးသွားပြီဖြစ်သဖြင့် ပေါင်ချီဘက်မှ ဝင်ရောက်အသနားခံပေးမည်ဆိုလျှင်ပင် အသုံးဝင်လိမ့်မည်မဟုတ်။ ယခုကဲ့သို့သောအခြေအနေမျိုးတွင် နတ်ဆိုးသူတော်စင်များမှ ရှယအား မသတ်ပစ်ရန် အမိန့်ပေးလာသည့်အခါမှသာလျှင် ဖေးလီအနေဖြင့် ရှယအား လွှတ်ပေးပေလိမ့်မည်။

“ရှယသေသင့်တယ်ဆိုတာ မှန်တယ်… ဒါပေမယ့် ငါတို့လက်ထဲမှာတော့ မသေသင့်ဘူး…” ပေါင်ချီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ ထို့နောက်တွင် လောကဓာတ်လုံး၏ ဝင်ပေါက်ဆီသို့ ညွှန်ပြလျက် ဆက်ပြောလိုက်သည်။ “ဘာဖြစ်လို့ သူ့ကို အရင်မသွားခိုင်းလိုက်တာလဲ… အထဲမှာဘာတွေရှိနေလဲဆိုတာကို သူ့ကို အရင်သွားစစ်ဆေးခိုင်းကြည့်လိုက်လေ… ဒါမှမဟုတ် သူတို့ကိုယ်စား မင်းတို့ထဲက ဘယ်သူ အရင်ဝင်သွားချင်လဲ… သွားချင်တဲ့လူ ရှိတယ်ဆိုရင်တော့ ကိစ္စမရှိဘူး…”

ထိုစကားကိုကြားသော် နတ်ဆိုးဘုရင်များ ခေါင်းတညိတ်ညိတ် ဖြစ်သွားကြလေသည်။ အကုန်လုံးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ဘာသာသူတို့ တီးတိုးဆွေးနွေးကြလေသည်။ မကြာမီ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံလိုက်ကြလေသည်။

ပေါင်ချီပြောသည်မှာ အကြံကောင်းတစ်ခုဖြစ်သည်ဟု အကုန်လုံးထင်ကြပေသည်။

နတ်ဆိုးဘုရင်များမှာ သေဆုံးသွားပြီဖြစ်သော နတ်ဆိုးသူတော်စင်၏အမွေအနှစ်ကို အမှန်တကယ်ကို စိတ်ဝင်စားကြသည်။ သို့သော်ငြား မည်သူမျှ အထဲသို့ ဦးဆောင်၍ ဝင်မသွားချင်ကြချေ။ နတ်ဆိုးသူတော်စင်တစ်ပါးသည်ပင်လျှင် ဤနေရာ၌ ကျဆုံးသွားခဲ့ကြလေရာ ဤနေရာ၌ အန္တရာယ်များ ရှိနေမည်မှာ မလွဲမသေပင်။

ယခင်က ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးစဉ်းစားခဲ့ခြင်း မရှိပါသော်ငြား ပေါင်ချီပြောလာသည်ကို ကြားပြီးသည့်နောက် လူတိုင်း၏စိတ်ထဲ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ (ဘယ်သူ အရင်ဝင်သွားမှာလဲ…)

ရှေ့ဆုံးမှ ဝင်သွားခြင်းသည် အလွန်ကိုမှ အန္တရာယ်များသည်ဆိုသည်မှာ မလွဲမသေပင်။ ပထမဦးဆုံးဝင်သွားသည့်လူသည် အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ရနိုင်ပါသော်ငြား မမျှော်မှန်းနိုင်သည့် အန္တရာယ်များနှင့် တွေ့ရနိုင်ချေမှာ ပိုများပေသည်။ နတ်ဆိုးဘုရင်အားလုံးသည် ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြသည်။ ထို့အတွက်ကြောင့် မည်သူမျှ ကိုယ့်အသက်ကိုယ် စွန့်စား၍ အခြားလူအတွက် လမ်းမဖောက်ပေးချင်ချေ။

သို့သော်ငြား ယခုအချိန်တွင်မူ သူတို့အတွက် လမ်းဖောက်ပေးမည့်လူတစ်ဦး ရှိလာခဲ့လေပြီ။

ဖေးလီသည် ရှယအား လွှတ်မပေးသေးချေ။ သို့သော်ငြား အတွေးနက်နေသည့်အလား သူ့မျက်လုံးထဲရှိ မီးတောက်များမှာ တဖြည်းဖြည်းချင်း မှိန်ကျလာခဲ့လေသည်။

ပေါင်ချီသည် သံကို ပူတုန်းဝင်ထုရန် ဆုံးဖြတ်လိုက်လေ၏။ “ဖေးလီ… မင်း သူ့ကိုသတ်ချင်တယ်ဆိုရင် ငါမင်းကို တားမှာမဟုတ်ဘူး… ဒါပေမယ့် သူ့ကိုသတ်လိုက်မယ်ဆိုရင် သူ့ကိုယ်စား မင်းအရင်ဆုံးဝင်သွားရလိမ့်မယ်…”

ပေါင်ချီ၏ မူလအစီအစဉ်အရ ထိုလူများ သူ့အပေါ် မယုံသင်္ကာ မဖြစ်စေရန် သူကိုယ်တိုင် ဦးဆောင်ဝင်သွားဖို့ရာပင်။ ဤနေရာတွင်ရှိနေသော ဝင်ပေါက်သည် နတ်ဆိုးသူတော်စင်၏ အမွေအနှစ်ဆီသို့ ဦးတည်နေသည့် ဝင်ပေါက်တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါသော်ငြား အထဲတွင် မည်သည့်အန္တရာယ်မျှ မရှိမှန်းလည်း သူကိုယ်တိုင်သိနေပါသော်ငြား သူကိုယ်တိုင်ဝင်သွားလိုက်ရုံဖြင့် လူတိုင်း သူ့အား ယုံနိုင်ကြလိမ့်မည်မဟုတ်။ တကယ်တော့ ဤနေရာကို သူမှ ရှာတွေ့ခဲ့ခြင်း မဟုတ်ပေလော။ ပေါင်ချီသည် ဤနေရာကို သူ့ဘာသာ ရှာတွေ့သည်ဟု ပြောလျက် ထိုသူများအား အကွက်ချကြံစည်ရန် လုပ်နေခြင်း မဟုတ်ဟု မည်သူမျှ မပြောနိုင်ပေ။

သို့သော်ငြား ရှယသာ အရင်ဦးဆုံး ဝင်သွားခဲ့မည်ဆိုလျှင်တော့ ထိုသို့မဟုတ်တော့ချေ။

ရှယသည်သာ အထဲသို့ဝင်သွားပြီး ပြန်ထွက်လာနိုင်မည်ဆိုပါက မည်သူမျှ သူ့အပေါ် သံသယဝင်တော့လိမ့်မည်မဟုတ်ချေ။

ဖေးလီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ့လက်ကိုဝှေ့ယမ်းကာ ရှယအား မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။ ထို့နောက်တွင် ပြောလိုက်လေ၏။ “ရှယ… သူပြောတာ နင်ကြားတယ်မလား… ဒီတစ်ကြိမ်တော့ ငါနင့်ကို မသတ်တော့ဘူး… ဒါပေမယ့် နင့်မှာ တန်ဖိုးရှိသေးကြောင်း သက်သေတော့ ပြရလိမ့်မယ်…”

ရှယမှာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း သူမ၏လည်ပင်းကို အတန်ကြာသည်အထိ ပွတ်သပ်ပေးနေရလေသည်။ နောက်ဆုံးမှသာ အသက်ကောင်းကောင်း ရှူနိုင်တော့လေ၏။ ထို့နောက်တွင် အခြားသောနတ်ဆိုးဘုရင်များအား ခါးသက်သက်အမူအယာဖြင့် သနားစဖွယ် လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား မည်သူမျှ ဤဝင်ပေါက်ထဲသို့ ပထမဦးဆုံး မဝင်ချင်ကြလေရာ မည်သူကများ သူမ၏သနားစဖွယ်အမူအယာကို ဂရုစိုက်နေပါဦးမည်နည်း။ ထို့အပြင် ရှယာ၏သနားစဖွယ်အမူအယာသည် ဟန်ဆောင်မျက်နှာဖုံးတစ်ခုသာဖြစ်မှန်း လူတိုင်းသိနေကြလေသည်။

နောက်ဆုံးတွင်တော့ ရှယလည်း သက်ပြင်းချ၍ နတ်ဆိုးချီကိုလှည့်ပတ်ကာ သူမကိုယ်သူမကာကွယ်ရင်း ဝဲကတော့ထဲသို့ ဝင်သွားရလေ၏။

အခြားသောနတ်ဆိုးဘုရင်များမှာတော့ ဝဲကတော့ထဲသို့ ဝင်သွားသည့် ရှယအား အသက်မရှူတမ်း စောင့်နေကြလေသည်။ ရှယသည်သာ ရုတ်တရက်ရပ်၍ ပြောလိုက်လေသည်။ “တစ်နာရီအတွင်းမှ ငါပြန်မလာလို့ရှိရင် အထဲမှာ အန္တရာယ်ရှိတယ်လို့သာ မှတ်ထားလိုက်ပေတော့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရှယသည် ဝဲကတော့ထဲသို့ ဝင်သွားပြီး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

နတ်ဆိုးဘုရင်များမှာတော့ ဝဲကတော့အပြင်ဘက်၌ ငြိမ်သက်စွာ စောင့်နေကြလေသည်။ သို့သော်ငြား အကုန်လုံး၏ အကြည့်သည် ဝဲကတော့ပေါ်တွင်သာ မမှိတ်မသုန် ရောက်ရှိနေကြလေသည်။

သူမသာ တစ်နာရီအတွင်း ပြန်မလာပါက အထဲတွင် အန္တရာယ်ရှိသည်ဟု ရှယမှ ပြောခဲ့လေသည်။ သို့သော်ငြား သူမ တစ်နာရီအတွင်း ပြန်မလာလျှင်ပင် အခြားနတ်ဆိုးဘုရင်များမှာတော့ ဤကဲ့သို့သော အခွင့်အရေးမျိုးကို အလွယ်တကူ လက်လွတ်ခံလိမ့်မည်မဟုတ်ချေ။ သေသေချာချာ စစ်ဆေးပြီး အထဲသို့ဝင်နိုင်မည့် ပိုမိုလုံခြုံသည့် နည်းလမ်းကို ရှာဖွေကြပေလိမ့်မည်။

တစ်ချိန်တည်းတွင် လောကဓာတ်လုံးထဲ၌ ရှိနေသော ရန်ကိုင်သည် ရှယအား ထူးမခြားနားဟန်ဖြင့် ကြည့်လျက် ချီးကျူးလိုက်လေသည်။ “နင်တို့နှစ်ယောက်တော်တယ်…”

ရှယ မင်သက်သွားခဲ့လေသည်။ ရန်ကိုင်သည် ဤကမ္ဘာထဲတွင် ရှိနေမည်ဆိုလျှင်ပင် အပြင်ဘက်တွင်ရှိနေသော ကိစ္စအားလုံးကို သိနေကြောင်း သဘောပေါက်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် အစောပိုင်းက ရှယသည် ရန်ကိုင်အပေါ် မည်သည့်မကောင်းသည့်အတွေးမှ မရှိခဲ့ပေ။ မဟုတ်ပါက သူမ ပြဿနာအကြီးကြီး တက်ရပေလိမ့်မည်။

“အဲ့ဒါ ပေါင်ချီ ဉာဏ်ကောင်းသွားလို့… မဟုတ်ရင် ကျွန်မသေပြီ…”

ရန်ကိုင်က ခေါင်းခါလျက် “ဘဝမှာ မတော်တဆလေးတွေကတော့ အမြဲတမ်းရှိမှာပဲ... ဒါပေမယ့် ကိစ္စမရှိဘူး… အခုအစီအစဉ်က ပထမအစီအစဉ်ထက်တောင် ပိုကောင်းနေသေးတယ်…”

ရှယက ယဲ့ယဲ့လေးပြုံးလျက် “ဒါဆိုရင် ကျွန်မ ဒီမှာ တစ်နာရီစောင့်ပြီး အပြင်ပြန်သွားရမလား…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “နင့်ကိုယ်နင် သက်သေပြနိုင်လို့လား… ဒီထဲမှာ တစ်နာရီလောက်နေပြီး အပြင်ပြန်ထွက်သွားရုံနဲ့ သူတို့ နင့်ကို ယုံမယ်လို့ ထင်လား…”

ရှယက ပြန်မေးလိုက်လေသည်။ “ဒါဆို ကျွန်မ ဘာလုပ်ရမလဲ…”

“နောက်ကျရင် သိလိမ့်မယ်…” ရန်ကိုင်သည် ယဲ့ယဲ့လေးသာပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။

ရန်ကိုင်မှာ သေသေချာချာ ရှင်းပြမသွားခဲ့။ ရှယမှာလည်း ရန်ကိုင်အား သွားမမေးရဲသည့်အတွက်ကြောင့် ငြိမ်ငြိမ်လေး ရပ်စောင့်နေရုံသာ တတ်နိုင်ခဲ့လေသည်။

တစ်နာရီကျော်ကြာပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်များ စောင့်ကြည့်နေကြသည့် ဝဲကတော့ကြီးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ သေသေချာချာ အနီးကပ်ကြည့်လိုက်သည့်နောက် အကုန်လုံး၏မျက်လုံးများ တောက်ပသွားခဲ့ရလေသည်။

ဝဲကတော့ဆီမှ မှိန်ဖျသည့် အားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အမြီးတိုတစ်ချောင်းနှင့် ကျော့ရှင်းလှသည့်ပုံရိပ်တစ်ခု ထွက်လာခဲ့လေသည်။

“သူတကယ်ကြီး ထွက်လာတယ်…” ရှယကိုမြင်သည့်အခါ မီးနတ်ဆိုးက ထအော်လေသည်။

ရှယသည် အန္တရာယ်ကင်းကင်းနှင့် ပြန်ထွက်လာနိုင်ခဲ့သည်။ တစ်နည်းဆိုရသော် နတ်ဆိုးသူတော်စင်၏ အမွေအနှစ် ရှိနေသည့် ဤနေရာသည် အန္တရာယ်များမည်ဆိုလျှင်ပင် နတ်ဆိုးဘုရင်များကိုတော့ မည်သည့်ပြဿနာမှ ဖြစ်စေနိုင်လိမ့်မည်မဟုတ်ချေ။ ဤသည်မှာ သူတို့အတွက်တော့ သတင်းကောင်းပင်။

အခြားသောနတ်ဆိုးဘုရင်များမှာလည်း စိတ်လှုပ်ရှားနေကြလေသည်။ သို့သော်ငြား သူတို့စိတ်ထဲတွင်တော့ မယုံသင်္ကာ ဖြစ်နေမိပေသေး၏။

အကြောင်းမှာ ရှယသည် ဝဲကတော့ထဲမှ သူတို့ကို ကျောပေး၍ ထွက်လာသည့်အတွက်ကြောင့်ပင်။ ထိုမျှသာမဟုတ်သေးဘဲ သူမထွက်လာသည့်ပုံစံမှာလည်း အလွန်တရာကိုမှ နှေးကွေးလွန်းလှသည်။ မသိသာမသိလျှင် သူမအား အပြင်သို့မထွက်နိုင်အောင် အထဲမှ လှမ်းဆွဲထားသည့် ဆွဲအားတစ်ရပ် ရှိနေသည့်အလား။

“ဘာတွေဖြစ်နေတာလဲ…” တစ်ယောက်ယောက်က မေးလိုက်သည်။

“ရှယ… နင်ဘာလုပ်နေတာလဲ… ထွက်လာမယ်ဆို မြန်မြန်ထွက်လာလိုက်လေ… ဘာတွေ နှေးနှေးကွေးကွေးလုပ်ချင်နေတာလဲ…”

“သူ ငါတို့ကို ဖျားယောင်းဖို့ ကြိုးစားနေတာလား… ဟဲ ဟဲ ဟဲ… ပြောသာပြောရတာကွ တင်ပါးလေးက တကယ်ကိုမိုက်တာ… ကိုင်ကြည့်လိုက်ရရင်တော့ ရှယ်ပဲ…” နတ်ဆိုးဘုရင်များမှာ ကျောပေးထားသည့်ရှယ၏ နောက်ကျောပြင်ကိုကြည့်ရင်း မဟုတ်တရုတ်စကားများကို ပြောကြတော့လေသည်။

“သူပြဿနာတက်နေတာ…” ဖေးလီက ရုတ်တရက် အော်ပြောလိုက်သည်။

တစ်ချိန်တည်းတွင် ရှယသည် သူမ၏နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်၍ ဝဲကတော့ထဲမှ ခုန်ထွက်လာခဲ့လေ၏။ သို့သော်ငြား သူမ၏လက်နှစ်ချောင်းမှာတော့ ဝဲကတော့တွင် ကျန်ရစ်နေခဲ့လေသည်။ ထို့အပြင် ရှယ၏ လက်နှစ်ဖက်စလုံးသည် ဝဲကတော့ထဲရှိ ပစ္စည်းတစ်ခုခုအား ဆွဲကိုင်ထားပြီး ထိုအရာကို ဝဲကတော့အပြင်ဘက်သို့ ဆွဲထုတ်ယူရန် ကြိုးစားနေသည့်ပုံပင်။

“ငါ့ကိုလာကူပေးဦး…” ရှယက အခြားသောနတ်ဆိုးဘုရင်များဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။

မည်သူမျှမလှုပ်ရှားကြ။ ရှယ မည်ကဲ့သို့သော အန္တရာယ်နှင့် ကြုံနေရသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ မည်ကဲ့သို့သော အန္တရာယ်မျိုးမှန်း မသိသေးဘဲနှင့် ရှယအား သွားကူညီပေးခြင်းမှာ အလွန်ကိုမှ အန္တရာယ်များလှသည်။

“မင်းတို့တွေ ဘာရပ်ကြည့်နေတာလဲ…” ပေါင်ချီမှာ အခြားသော နတ်ဆိုးဘုရင်များထက်ပို၍ စိတ်ပူနေခဲ့လေသည်။ သူ၏ ပထမဦးဆုံးအစီအစဉ်မှာ လုံးဝကို ချောချောမွေ့မွေ့နှင့်ဖြစ်ခဲ့သည်။ ရှယသည်သာ ဝဲကတော့ထဲမှထွက်လာပြီး အထဲတွင် မည်သည့်အန္တရာယ်မှ မရှိပါဟု ပြောလိုက်ရုံဖြင့် အကုန်လုံးသည် အထဲသို့ ဝင်ကာ အထဲရှိအခြေအနေကို သွားစစ်ဆေးချင်လိမ့်မည်ဟု ပေါင်ချီ ယုံကြည်ပြီးသားပင်။ သို့သော်ငြား ရှယမှာ ပြဿနာမှာရှာနေလေပြီ။ လက်ရှိအစီအစဉ်မှာ မှော်ဆရာညို၏အစီအစဉ်လား ရှယ၏အစီအစဉ်ပဲလား မသိသည့်အတွက်‌ကြောင့် ပေါင်ချီမှာ စိုးလည်းစိုးရိမ် ဒေါသလည်းထွက်နေရသည်။

“သူတော်စင်မှော်ရတနာ…” ရှယက အကုန်လုံးထိတ်လန့်သွားစေမည့် စကားတစ်ခွန်းကိုပြောလိုက်သည်။ “ငါ သူတော်စင်မှော်ရတနာတစ်ခု တွေ့လာတယ်…”

ထိုစကားကိုကြားသည့်အခါ နတ်ဆိုးဘုရင်များ၏အမူအယာ အပြောင်းလဲကြီး ပေါင်းလဲသွားခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၇၂)

ဘာသာပြန်သူ_တိမ်တိုက်

သူတော်စင်မှော်ရတနာများသည် လောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည့်လက်နက်များ ဖြစ်ကြပြီး နတ်ဆိုးနယ်မြေတစ်ခုလုံးတွင်ပင် အလွန်တရာကိုမှ ရှားပါးလှသည့် ရတနာများ ဖြစ်ကြကာ ထိုသူတော်စင်ရတနာများကို နတ်ဆိုးသူတော်စင်များကသာ ကိုင်စွဲနိုင်ကြပေသည်။

နတ်ဆိုးဘုရင်များဖြစ်သည့်အလျောက် သူတို့သည် သူတော်စင်မှော်ရတနာများကို မြင်တွေ့ခဲ့ဖူးကြပြီး သူတော်စင်မှော်ရတနာများ မည်မျှ ဖျက်အားပြင်းထန်ကြောင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးပေသည်။

လက်ရှိအချိန်တွင် အကုန်လုံးမှာ ရှယမှာ သူတော်စင်မှော်ရတနာတစ်ခု တွေ့လာသည်ဆိုသည့်စကားကြောင့် မယုံကြည်နိုင် ဖြစ်နေကြလေသည်။

သို့သော်ငြား ရှယပုံစံမှာ လိမ်နေသည့်ပုံမပေါက်။ သူမကြည့်ရသည်မှာ တစ်ခုခုအား စွဲစွဲမြဲမြဲ ကိုင်ထားသည့်ပုံပင်။

ထို့ကြောင့် ယာယီမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်ပေါင်းများစွာသည် ရှယဆီသို့ အလျင်အမြန် ပြေးသွားကြလေသည်။ ထို့နောက်တွင် ရှယဘေးနားတွင် ရပ်လျက် သူတို့၏လက်ကို ဝဲကတော့ထဲသို့ ထိုးထည့်လိုက်လေ၏။

သို့သော်ငြား ဝဲကတော့သို့ ရောက်ပြီးသည့်နောက် မည်သည့်အရာကိုမှ မစမ်းမိသဖြင့် အကုန်လုံးမှာ ရှယအား မယုံသင်္ကာဖြင့် ကြည့်နေလိုက်လေသည်။

ရှယက စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်သည်။ “ငါ့လက်ကိုဆွဲလိုက်…”

ထိုအခါမှသာလျှင် နတ်ဆိုးဘုရင်များ အသိပြန်ဝင်လာကြပြီး ရှယ၏လက်ကို လှမ်းဆွဲကြတော့သည်။ ရှယ၏လက်ကို လှမ်းဆွဲလိုက်သည့်အခိုက် အကုန်လုံး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ အကြောင်းမှာ သူတို့အား ဝဲကတော့ထဲသို့ အတင်းဆွဲခေါ်ရန် ကြိုးစားနေသည့် အလွန်ပြင်းထန်လှသည့် အားတစ်ရပ်ကို ခံစားမိလိုက်သည့်အတွက်ကြောင့်ပင်။

အကုန်လုံးမှာ မာန်သွင်းအော်ဟစ်လျက် နတ်ဆိုးချီကို လှည့်ပတ်ကာ ရှယ၏လက်ကို ဝဲကတော့ထဲမှ အတင်းဆွဲထုတ်ကြတော့လေသည်။ နောက်ဆုံးတွင်တော့ နတ်ဆိုးဘုရင်များ၏ အကူအညီဖြင့် ရှယသည် သူမလက်ကို ဝဲကတော့ထဲမှ ဆွဲထုတ်နိုင်ခဲ့လေ၏။

ချက်ချင်းဆိုသလို ရှယလက်ထဲတွင် ပေါ်လာသည့်ပစ္စည်းကို ကြည့်ရင်း နတ်ဆိုးဘုရင်အားလုံး မှင်တက်သွားကုန်ကြလေသည်။ ရှင်းရှင်းပြောရသော် ထိုပစ္စည်းမှာ ဝဲကတော့ထဲမှ အပြင်သို့ အပြည့်အဝမရောက်သေးဘဲ အစိတ်အပိုင်းတစ်ခုလောက်သာ အပြင်သို့ ရောက်နေခြင်းဖြစ်လေသည်။

အပြင်သို့ရောက်လာသည်မှာ ရှယပြောသည့် သူတော်စင်လက်နက်၏ လက်ကိုင်ဖြစ်လောက်ပေသည်။ သို့သော်ငြား မည်ကဲ့သို့သော လက်နက်တစ်ခု ဖြစ်သလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြချေ။ သို့တိုင် ထိုလက်နက်ဆီမှ အလွန်တရာကိုမှ သိပ်သည်းသန့်စင်လှသည့် နတ်ဆိုးချီတို့ ဖြာထွက်နေခဲ့လေသည်။

ထိုနတ်ဆိုးချီမှာ နတ်ဆိုးဘုရင်တစ်ပါး၏ နတ်ဆိုးချီထက်ပင် ပိုမို၍ သန့်စင်နေပေသေးသည်။

“တကယ်ကြီး သူတော်စင်မှော်ရတနာပဲ…” နတ်ဆိုးဘုရင်တစ်ပါးက တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူ့မျက်လုံးများ ရုတ်ချည်း နီရဲလာခဲ့လေ၏။ အခြားသောနတ်ဆိုးဘုရင်များမှာလည်း အလားတူ စိတ်လှုပ်ရှားနေကြလေသည်။

ထိုမှော်ရတနာ၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်ရသေးခြင်း ဖြစ်ပါသော်ငြား ထိုတစ်စိတ်တစ်ပိုင်းသည်ကပင်လျှင် နတ်ဆိုးဘုရင်အားလုံး၏ သံသယကို ရှင်းလင်းသွားစေခဲ့လေသည်။

ထိုအရာသည် ကျိန်းသေကို သူတော်စင်မှော်ရတနာတစ်ခုဖြစ်သည်။ နတ်ဆိုးသူတော်စင်တစ်ပါးသာ ထိန်းချုပ်နိုင်သည့် သူတော်စင်မှော်ရတနာပင်။

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ပို၍အားကောင်းလှသည့် ဆွဲအားတစ်ရပ် ဝဲကတော့ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုဆွဲအားမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှလေရာ နတ်ဆိုးဘုရင်ပေါင်းများသည်ပင်လျှင် ထိုဆွဲအားအောက် လိုက်ပါသွားရတော့မလို ဖြစ်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးဘုရင်များမှာ ချက်ချင်း မာန်သွင်းအော်ဟစ်၍ သူတို့၏နတ်ဆိုးချီကို အရူးအမူး ထပ်မံ၍ လှည့်ပတ်လိုက်ကြသည်။

ရှယမှာ စူးစူးဝါးဝါးအော်ဟစ်ရင်း နောက်သို့ လန်ကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် သွေးများမှာ သူမလက်ဆီမှ ဖြာထွက်လာခဲ့လေသည်။ သူမအား ဝင်ရောက်ကူညီပေးနေကြသည့် နတ်ဆိုးဘုရင်များသည်ပင်လျှင် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားကြရလေသည်။

ဝဲကတော့အပြင်ဘက်သို့ ရောက်လာသော သူတော်စင်မှော်ရတနာ၏ တစ်စိတ်တစ်ပိုင်းမှာလည်း သဲလွန်စမကျန် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထိုသို့ဖြစ်သွားသည့်နောက် ဝဲကတော့ကြီးမှာ ယခင်ကကဲ့သို့ ဝရုန်းသုန်းကား ဖြစ်နေခြင်း မရှိတော့ဘဲ တစ်ဖန်ပြန်လည် ငြိမ်သက်သွားခဲ့လေသည်။

နတ်ဆိုးဘုရင်များမှာတော့ ဝဲကတော့ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြရင်း သူတော်စင်မှော်ရတနာ၏ အရိပ်အယောင်ကို လိုက်လံရှာဖွေနေကြလေသည်။

ရုတ်တရက် ရှယ၏ ပင့်သက်ရှိုက်သံသည် အကုန်လုံးအား အသိပြန်ဝင်လာစေခဲ့ပြီး နတ်ဆိုးဘုရင်အားလုံးမှာ ချက်ချင်းဆိုသလို ရှယဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။

ရှယ၏ လက်တစ်ချောင်းလုံးမှာ သွင်သွင်ကျိုးနေခဲ့ပြီး အရိုးများမှာ အပြင်သို့ ငေါထွက်နေခဲ့သည်။ ကြည့်ရသလောက် ရှယသည် သူတော်စင်မှော်ရတနာ၏ တန်ပြန်တိုက်ခိုက်ခြင်း ခံခဲ့ရသည့်ပုံပင်။ ထိုဒဏ်ရာများမှာ အတော်လေးကိုမှ ပြင်းပါသော်ငြား နတ်ဆိုးဘုရင်တစ်ပါးအတွက်တော့ ဘာမှမပြောပလောက်ပေ။ သူတို့အာရုံစိုက်နေသည်မှာ ရှယ၏ဒဏ်ရာတွင် ကပ်ညိနေသော နတ်ဆိုးချီပင် ဖြစ်လေသည်။

ရှယ၏လက်တွင် ကပ်ညိနေသည့် နတ်ဆိုးချီကိုကြည့်ရင်း နတ်ဆိုးဘုရင်များ စတင်၍ စိတ်လှုပ်ရှားလာကြလေသည်။ ထိုနတ်ဆိုးချီသည် သူတော်စင်မှော်ရတနာဆီမှ ကျန်ခဲ့သည့် နတ်ဆိုးချီဖြစ်ကြောင်း လူတိုင်းသိနေကြလေသည်။ တစ်နည်းဆိုရသော် အစောပိုင်းက သူတို့ကြုံတွေ့ခဲ့သည့်အရာသည် ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့်အစစ်အမှန်ဖြစ်လေသည်။

ရှယသည် အထဲသို့ ဝင်သွားပြီးသည့်နောက် သူတော်စင်မှော်ရတနာတစ်ခုကို အမှန်တကယ်ကြီး ရှာတွေ့ခဲ့သည်။ သို့သော်ငြား သူတော်စင်မှော်ရတနာကို အပြင်သို့ရောက်အောင် ဆွဲထုတ်ယူမလာနိုင်ခဲ့ပေ။

“ရှယ… အဲ့ဒါ ဘယ်လိုသူတော်စင်မှော်ရတနာလဲ…” အရိပ်နတ်ဆိုးက ဝင်မေးလိုက်လေသည်။ အမြဲလိုလို တည်တည်ငြိမ်ငြိမ်နေတတ်သော အရိပ်နတ်ဆိုးသည် ယခုအချိန်တွင်တော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။

ရှယက ပြန်ပြောလိုက်သည်။ “တိုက်ပွဲတူတစ်ခုနဲ့တူတယ်…”

“တိုက်ပွဲတူ…” နတ်ဆိုးဘုရင်များ ပင့်သက်ရှိုက်လိုက်ကြလေသည်။

ပေါင်ချီက အလျင်အမြန် မေးခွန်းထုတ်လိုက်သည်။ “နင် ဘာတွေ့ခဲ့လဲ… အထဲမှာ အန္တရာယ်များလား…”

ရှယက ခေါင်းခါလိုက်၏။ “အဲ့လောက် အန္တရာယ်မများဘူး… အထဲကပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေတာပဲ… ငါ နည်းနည်းပါးပါး လျှောက်ပတ်ရှာကြည့်ရင်းနဲ့ အဲ့သူတော်စင်မှော်ရတနာကို ရှာတွေ့သွားတာ… ပြီးတော့ နတ်ဆိုးသူတော်စင်ရဲ့ ခန္ဓာကိုယ်ကိုပါ တွေ့ခဲ့သေးတယ်…”

ထိုစကားကိုကြားသည့်အခါ အကုန်လုံး၏မျက်လုံးများ တောက်ပလာကြပြီး ဝဲကတော့ရှိရာဆီသို့ လှမ်းကြည့်လိုက်လေသည်။

ရှယပြောသွားသည်မှာ သိပ်မများလှပါသော်ငြား အကုန်လုံးအတွက်တော့ ထိုမျှလောက်မှာ လုံလောက်သွားလေပြီ။ သူတော်စင်မှော်ရတနာ၏ တစ်စိတ်တစ်ပိုင်းကို မြင်တွေ့လိုက်ရသည်ကပင်လျှင် နတ်ဆိုးဘုရင်ပေါင်းများစွာကို စိတ်ကျေနပ်သွားအောင် လုပ်နိုင်လေ၏။

ပေါင်ချီသည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ “အထဲမှာ အန္တရာယ်တွေမရှိမှန်း သိရပြီဆိုမှတော့…”

သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် အရိပ်နတ်ဆိုး၏အော်ရယ်သံ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ထိုအော်သံမှာ သူတို့အနီးအနားဆီမှ လာခြင်းမဟုတ်ဘဲ အခြားတစ်နေရာဆီမှ လာနေခြင်း ဖြစ်သည့်အတွက်ကြောင့် နတ်ဆိုးဘုရင်များ အံ့အားသင့်သွားကုန်ကြလေ၏။ အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ အရိပ်နတ်ဆိုးမှာ ဝဲကတော့ထဲသို့ ပြေးဝင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

“မိုခဲတော့…” အရိုးနတ်ဆိုးသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရင်း အရိပ်နတ်ဆိုးနောက်သို့ ပြေးလိုက်သွားလေ၏။

ထိုအချင်းအရာကိုမြင်သော် အခြားသောနတ်ဆိုးဘုရင်များမှာ ပေါင်ချီပြောသည့်စကားကို အချိန်ကုန်ခံ နားထောင်မနေတော့ဘဲ ချက်ချင်းဆိုသလို ဝဲကတော့ထဲသို့ သူ့ထက်ငါ အလုအယက် ပြေးသွားကြလေ၏။

ပေါင်ချီကမူ ထိုနတ်ဆိုးဘုရင်များကို ထူးထူးဆန်းဆန်းအမူအယာဖြင့်သာ ကြည့်နေလေသည်။ သူ့စိတ်ထဲ ဘာမှပြောချင်နေစိတ်မရှိတော့။ အကုန်လုံးထွက်သွားသည့်အခါမှသာ ရှယဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “အဲ့ဒါဘာကြီးလဲ…”

ထိုအရာသည် သူတော်စင်လက်နက်ဖြစ်လိမ့်မည်ဟု သူတကယ် မယုံကြည်နိုင်ပေ။ သို့သော်ငြား ထိုအရာသည် သူတော်စင်လက်နက်မဟုတ်လျှင် မည်ကဲ့သို့သောလက်နက်မျိုး ဖြစ်ပါမည်နည်း။

ရှယ တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ အရိုးငေါငေါထွက်နေသော သူမ၏လက်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေခဲ့လေ၏။

နောက်ဆုံးတွင် ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေ၏။ “နင်ကိုယ်တိုင် မြင်လိုက်တယ်မဟုတ်ဘူးလား…”

ပေါင်ချီ မျက်မှောင်ကျုံ့သွားခဲ့သည်။ “ဒါပေမယ့်…”

ဒါပေမယ့် မှော်ဆရာညိုသည် ထိုသူတော်စင်လက်နက်ကို မည်သည့်နေရာမှ ရလာလေသနည်း။ ယခုတစ်ကြိမ် ဤကမ္ဘာထဲသို့ ကျူးကျော်လာသည့်အထဲတွင် နတ်ဆိုးသူတော်စင်အနည်းငယ်သာ ပါခဲ့သည်။ ထိုနတ်ဆိုးသူတော်စင်များသည် လူရိုင်းမျိုးနွယ်၏ မှော်သူတော်စင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပြီး ဒဏ်ရာရသွားခဲ့ပါသော်ငြား ထိုတိုက်ပွဲတွင် မည်သူမျှ သေဆုံးခြင်းမရှိခဲ့။ ထို့အတွက်ကြောင့် မည်သည့်သူတော်စင်လက်နက်မှ ပျောက်ဆုံးသွားခဲ့ခြင်းမရှိချေ။

“အဲ့ဒါဆို အထဲဝင်သွားပြီး နင့်ဘာသာနင် ကြည့်ကြည့်လိုက်လေ…” ရှယက တခစ်ခစ်ရယ်သွမ်းသွေးလျက် ဝဲကတော့ထဲသို့ ဝင်သွားလိုက်လေသည်။

ပေါင်ချီမှာတော့ ရှယနောက်သို့လိုက်သွားရန် တုံ့ဆိုင်းနေခဲ့လေသည်။ တကယ်တော့ ထိုနတ်ဆိုးများကို ထောင်ချောက်ထဲသို့ ဆွဲခေါ်ခဲ့သည်မှာ သူပင်လျှင် မဟုတ်ပေလော။ ရန်ကိုင်၏အမိန့်ကြောင့် လုပ်ရခြင်းသာ ဖြစ်ပါသော်ငြား ထိုလူများနှင့် သွား၍ မျက်နှာချင်းမဆိုင်ရဲခဲ့ပေ။ သို့သော်ငြား သိချင်စိတ်ကိုလည်း မထိန်းနိုင်ပြန်။ ထို့အတွက်ကြောင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် အံကြိတ်ကာ ဝဲကတော့ထဲသို့ လျှောက်ဝင်သွားလေသည်။

လောကဓာတ်လုံးထဲ၌ နတ်ဆိုးဘုရင်များသည် စတင်၍ တိုက်ခိုက်နေကြလေသည်။ အကုန်လုံးမှာ တစ်ဦးကိုတစ်ဦး ရန်သူသဖွယ် သဘောထားနေကြသည်။ အားကောင်းလှသည့် နတ်ဆိုးချီနှင့် ကောင်းကင်စိတ်အာရုံတို့ တဝုန်းဝုန်း ဖြာထွက်နေခဲ့လေသည်။

လောကဓာတ်လုံးထဲသို့ ဝင်လာသည့် ပေါင်ချီမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်သွားခဲ့လေသည်။ သူများ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု အထင်ရောက်လျက် မျက်လုံးကိုပွတ်ကာ သေချာ ပြန်ကြည့်ကြည့်ပါသော်ငြား အထင်မှားနေခြင်းမဟုတ်ကြောင်း တွေ့လိုက်ရသည်။ အစောပိုင်းက စည်းစည်းလုံးလုံးနှင့် ရှိခဲ့ကြသော နတ်ဆိုးဘုရင်များမှာ ယခုအချိန်တွင်တော့ ကမ္ဘာမကြေရန်သူများအလား ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေခဲ့ကြသည်။

ပေါင်ချီ ငေးကြောင်ကြောင် ဖြစ်နေစဉ်မှာပင် သူ့အကြည့်သည် လေထဲတွင်ဝဲနေသည့် တိုက်ပွဲတူတစ်ခုဆီသို့ ရောက်သွားခဲ့လေသည်။ ထိုတိုက်ပွဲတူ၏ လက်ကိုင်မှာ အစောပိုင်းက ဝဲကတော့အပြင်ဘက်၌ သူမြင်ခဲ့ရသည့် လက်ကိုင်နှင့် တစ်ထေရာတည်း ဖြစ်ပေသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ တိုက်ပွဲတူ၏ ကိုယ်ထည်တစ်ခုလုံးကို သေချာ မြင်နေခဲ့ရသည်။ ထိုတိုက်ပွဲတူမှာ သူတော်စင်မှော်ရတနာတစ်ခုဖြစ်မှန်းလည်း ပေါင်ချီ အတော်လေးသေချာသွားတော့သည်။ အကြောင်းမှာ ထိုတိုက်ပွဲတူဆီမှ ဖြာထွက်နေသည့် အလွန်တရာကိုမှ သန့်စင်လှသော နတ်ဆိုးချီကြောင့်ပင်။

လက်ရှိအချိန်တွင်‌ သူတော်စင်မှော်ရတနာဖြစ်သည့် တိုက်ပွဲတူကြီးသည် မကြာခဏဆိုသလို ပိုင်ရှင်ပြောင်းနေခဲ့လေသည်။ သူတော်စင်မှော်ရတနာကို ရသွားသည့် မည်သည့်နတ်ဆိုးဘုရင်မဆို အခြားသောနတ်ဆိုးဘုရင်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရသည်။ ထို့အတွက်ကြောင့် မည်သူတစ်ဦးတစ်ယောက်မှ တိုက်ပွဲတူကို အချိန်အကြာကြီး ယူမထားကြနိုင်ပေ။ နတ်ဆိုးဘုရင်များထဲ အလွန်ကိုမှ အားကောင်းကြသော အရိပ်နတ်ဆိုးမိုခဲတော့နှင့် အရိုးနတ်ဆိုးဖေးလီတို့သည်ပင်လျှင် ထိုတိုက်ပွဲတူကို အချိန်အကြာကြီး ယူမထားနိုင်ကြပေ။

“အရူးကောင်တွေ…” ရှယကမူ စိတ်ထဲမှနေ၍ ကြိတ်ကာ လှောင်ပြောင်နေခဲ့လေသည်။

ပေါင်ချီသည် သူ့ဘေးသို့ လှမ်းကြည့်လိုက်ရာ မှော်ဆရာညိုနှင့် ရှယတို့ကို တွေ့လိုက်လေသည်။ မှော်ဆရာညို မည်သည့်အချိန်တည်းက သူ့ဘေးနားသို့ ရောက်လို့ရောက်နေမှန်း ပေါင်ချီမသိရ။ ရှယသည် အချင်းချင်းတိုက်ခိုက်နေကြသည့် နတ်ဆိုးဘုရင်များကို လှောင်ပြုံးပြုံးကာ စိုက်ကြည့်နေပြီး မှော်ဆရာညိုကမူ ကလေးများတိုက်ခိုက်နေသည်ကို ကြည့်နေသည့်အလား ထူးမခြားနားဟန်ဖြင့်သာ ကြည့်နေခဲ့လေသည်။

“ဆရာ… အဲ့သူတော်စင်မှော်ရတနာကလေ…” ပေါင်ချီမှာ သူ၏သိချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။

“အဲ့ဒါ တကယ်အစစ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ပေါင်ချီ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း ထပ်မေးလိုက်ချင်ပါသော်ငြား ထပ်တော့မမေးရဲခဲ့ပေ။

ထိုနတ်ဆိုးတိုက်ပွဲတူသည် တကယ့်အစစ်ဖြစ်ပေသည်။ ထိုအရာကို ရန်ကိုင်သည် မေပယ်မြို့အပြင်ဘက်မှ ရလာခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုနတ်ဆိုးတူသည် မျက်လုံးတစ်လုံး မဟာနတ်ဆိုး ကိုင်စွဲခဲ့သည့် တိုက်ပွဲတူဖြစ်ကာ ရန်ကိုင်မှ သန့်စင်ပြီးသည့်နောက် ကျောက်တုံးကိုယ်ပွား၏လက်ထဲသို့ ရောက်သွားခဲ့ရခြင်း ဖြစ်လေသည်။

သို့သော်ငြား လက်ရှိအချိန်တွင် ကျောက်တုံးကိုယ်ပွားမှာ နတ်သားရဲရှီဟွော့၏ အမြုတေနှင့် ပေါင်းစပ်နေကာ သတိလစ်နေသည့်အတွက်ကြောင့် နတ်ဆိုးတိုက်ပွဲတူမှာ ပိုင်ရှင်မဲ့ ဖြစ်နေလေသည်။

ယနေ့တွင်တော့ ရန်ကိုင်သည် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော နတ်ဆိုးတိုက်ပွဲတူကို နတ်ဆိုးဘုရင်များပင်လျှင် မလွန်ဆန်နိုင်သည့် အလွန်ကိုမှ ကောင်းမွန်လှသည့် အစားအစာအဖြစ် အသုံးပြုခဲ့လေသည်။

“ဆရာ အခုလိုမျိုး ပေါ်လာလို့ အဆင်ပြေပါ့မလား…” ရှယက သိချင်လိုစိတ်ဖြင့် မေးလိုက်သည်။ သူမနှင့်ပေါင်ချီတို့ ရပ်ကြည့်နေသည်မှာ အရမ်းကြီးတော့ ကိစ္စမရှိ။ အခြားနတ်ဆိုးဘုရင်များမှာ သူမတို့အား သံသယဝင်မည်ဆိုလျှင် သူတို့၌ သူမတို့အား လာရောက်စစ်ဆေးနေရန် အချိန်မရှိပေ။

ထူးဆန်းသည့်အချက်မှာတော့ ရန်ကိုင်ရောက်နေသည့်အပေါ် မည်သည့်နတ်ဆိုးဘုရင်ကမှ တုံ့ပြန်မလာခြင်း ဖြစ်လေသည်။ အကုန်လုံးသည် ရန်ကိုင်အား တစ်ချက်ပင် လှည့်မကြည့်ကြပေ။

ရန်ကိုင်က ပြုံးလျက် ရှင်းပြလိုက်လေသည်။ “ဒီနေရာက ငါ့ကမ္ဘာပဲ… ဒီတော့ ငါမမြင်စေချင်ရင် သူတို့ ငါ့ကို မမြင်နိုင်ဘူး…”

ရှယ သက်ပြင်းရှိုက်လိုက်လေ၏။ ယခုသာ သူမ နားလည်သွားရတော့လေသည်။

ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် ကိုယ့်အလုပ်ကိုယ် လုပ်ရမယ့်အချိန် ရောက်ပြီ…”

ရှယက ပြောလိုက်လေ၏။ “ဆရာ… ကျေးဇူးပြုပြီး ကျွန်မကို သေချာလေး ကာကွယ်ပေးနော်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရှယ အသက်ကိုပြင်းပြင်းရှူသွင်းလျက် အော်ပြောလိုက်လေ၏။ “အဲ့သူတော်စင်မှော်ရတနာကို ငါ အရင်ရှာတွေ့ခဲ့တာ… အဲ့ဒါ ငါ့အပိုင်…”

ထိုသို့ပြောပြီးသည့်နောက် ရှယသည်လည်း တိုက်ပွဲထဲသို့ ပြေးဝင်သွားလေသည်။ သို့သော်ငြား သူမ၏ခွန်အားမှာ အားလုံးထဲ၌ အနိမ့်ဆုံး ဖြစ်နေလေရာ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင် သူတော်စင်မှော်ရတနာအနီးအနားသို့ ကပ်မသွားနိုင်ခဲ့ပေ။

နတ်ဆိုးဘုရင်များကြားမှ တိုက်ပွဲသည် အလွန်ကိုမှ ပြင်းထန်လှပေသည်။ နတ်ဆိုးဘုရင်အားလုံးသည် သူတော်စင်မှော်ရတနာကို ရဖို့ရာ ရှိရှိသမျှ စွမ်းအင်အကုန်အစင်ကို ထုတ်သုံးနေခဲ့သည်။ ထို့အတွက်ကြောင့် မကြာမီတွင် နတ်ဆိုးဘုရင်တစ်ပါး ဒဏ်ရာရသွားခဲ့ရလေသည်။ သို့သော်ငြား ထိုဒဏ်ရာသည် ထိုနတ်ဆိုးဘုရင်၏ တိုက်ပွဲဝင်လိုစိတ်ကို အနည်းငယ်မျှပင် လျော့ကျသွားစေခြင်းမရှိဘဲ ထိုနတ်ဆိုးဘုရင်များအား ပို၍ပင် ခက်ထန်လာစေခဲ့သည်။ ထို့အတွက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲမှာ ပိုပို၍ ပြင်းထန်လာတော့လေသည်။

နတ်ဆိုးတိုက်ပွဲတူမှာလည်း မကြာခဏဆိုသလို ပိုင်ရှင်ပြောင်းနေခဲ့သည်။ တိုက်ပွဲစပြီး မကြာမီမှာပင် အတော်လေးကိုမှ အားနည်းလှသည့် နတ်ဆိုးဘုရင်များမှာ နတ်ဆိုးတိုက်ပွဲတူအနီးသို့ပင် မသွားရဲကြတော့ဘဲ ခပ်ဝေးဝေးမှသာ ရပ်ကြည့်နေရတော့လေသည်။ ဤနည်းဖြင့် ရှယမှာ သူမနှင့် အလိုတူအလိုပါအပေါင်းအဖော်များကို တွေ့လိုက်ရတော့လေသည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် တိုက်ခိုက်နေကြသည့် နတ်ဆိုးဘုရင်များကြားမှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “ရပ်လိုက်…”

နတ်ဆိုးဘုရင်အားလုံး ရပ်လိုက်ကြပြီး အော်သံကြားရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ အော်သံထွက်ပေါ်လာရာနေရာတွင် ဖေးလီ ရပ်နေခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ သူ့အရိုးများမှာ လျော့တိလျော့တွဲ ဖြစ်နေခဲ့လေ၏။ တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်ဆီမှ ပစ္စည်းနှစ်ခု အချင်းချင်း ခြစ်နေသည့်အသံမျိုးလည်း ထွက်လာခဲ့သည်။ သူ့မျက်လုံးထဲရှိ တစ္ဆေမီးတောက်သည်ပင်လျှင် သိသိသာသာကို မှိန်ကျနေခဲ့လေသည်။

အခြားသောနတ်ဆိုးဘုရင်များမှာလည်း ထိုနည်းအတိုင်းသာ ဖြစ်နေကြသည်။ မူလက အလွန်ကိုမှ အားကောင်းခဲ့ကြသော နတ်ဆိုးဘုရင်များမှာ ယခုအချိန်တွင် အတော်လေးကိုမှ အားနည်းနေကြလေ၏။

နတ်ဆိုးတိုက်ပွဲတူ၏ လက်ရှိပိုင်ရှင်ဖြစ်သော မိုခဲတော့သည် နတ်ဆိုးတိုက်ပွဲတူကို နတ်ဆိုးချီဖြင့် လွှမ်းခြုံရင်းမှ ခပ်ဝေးဝေးသို့ ဆုတ်သွားလေသည်။

ဖေးလီသည် အခြားသောနတ်ဆိုးဘုရင်များကို ကြည့်မနေဘဲ ပေါင်ချီကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

All Chapters