အခန်း (၂၈၇၃-၂၈၇၆)
Vol. 123 Ch. 2873-2876
အပိုင်း (၂၈၇၃)
ဘာသာပြန်သူ_တိမ်တိုက်
ဖေးလီမှာ ဘာကိုမှ မပြောရသေးပါသော်ငြား နတ်ဆိုးဘုရင်အားလုံးမှာတော့ တစ်ခုခုမှားယွင်းနေမှန်း သိလိုက်ကြလေသည်။ ထို့ကြောင့် အကုန်လုံး အပေါ်သို့ ပြိုင်တူ မော့ကြည့်လိုက်ကြသည်။ ယခင်က ပေါင်ချီ၏ ပုံမှန်မဟုတ်သည့်အပြုအမူကို သတိထားမိသည့်တိုင် ပေါင်ချီအား အာရုံမစိုက်ခဲ့ရခြင်းမှာ အကုန်လုံးသည် သူတော်စင်မှော်ရတနာအား လုယူရာတွင် အာရုံစိုက်နေသည့် အတွက်ကြောင့်ပင်။
ယခု လူတိုင်းသည် တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်လေပြီ။ ထို့အတွက်ကြောင့် ပေါင်ချီသည် အခြားသူများနှင့်မတူညီစွာ ထူးထူးခြားခြားကို တည်ငြိမ်နေကြောင်း သတိပြုမိသွားခဲ့ကြသည်။
“ပေါင်ချီ… ဒီကိစ္စအတွက် မင်း ငါတို့ကို ဖြေရှင်းချက်ပေးသင့်တယ်နော်…” ဖေးလီက ဒေါမာန်တကြီးဖြင့် လှမ်းအော်ပြောလိုက်သည်။ “မင်း ဘာဖြစ်လို့ ငါတို့ အချင်းချင်းတိုက်ခိုက်လာအောင် လုပ်ရတာလဲ… ငါတို့အချင်းချင်းတိုက်ခိုက်လို့ မင်းအတွက် ဘာအကျိုးရှိမှာမို့လို့လဲ…”
သူတော်စင်မှော်ရတနာသည် အတော်လေးကိုမှ အံ့ဩဖွယ်ကောင်းပါသော်ငြား ထိုသူတော်စင်မှော်ရတနာမှာ သူတို့နတ်ဆိုးဘုရင်အားလုံးကို အချင်းချင်းတိုက်ခိုက်လာအောင် လှုံ့ဆော်ပေးနေသည့် လှည့်ကွက်တစ်ခုဖြစ်သည်ဟုသာ ဖေးလီစိတ်ထဲ ခံစားနေခဲ့ရသည်။
သို့သော်ငြား ပေါင်ချီ ဘာကြောင့် ဤကဲ့သို့ လုပ်ရသလဲ ဆိုသည်ကိုတော့ သူ နားမလည်နိုင်ချေ။ သူတို့အချင်းချင်း တိုက်ခိုက်၍ ပေါင်ချီအတွက် ဘာများ အကျိုးရှိမှာမို့လို့နည်း။
အခြားသောနတ်ဆိုးဘုရင်များသည်လည်း မျက်မှောင်ကြုတ်နေခဲ့ကြလေသည်။ သူတို့စိတ်ထဲ သူတော်စင်မှော်ရတနာအား သွားလုချင်စိတ်များ ရှိနေသေးပါသော်ငြား ထိုလုချင်စိတ်ကို အတတ်နိုင်ဆုံးချုပ်တည်းထားပြီး ပေါင်ချီကိုသာ လှမ်းကြည့်လိုက်ကြသည်။ ပေါင်ချီသာ ယခုကိစ္စအတွက် သူတို့အား သူတို့ကျေနပ်လောက်စေမည့် ဖြေရှင်းချက်တစ်ခု မပေးပါက အကုန်လုံး အတူပူးပေါင်း၍ ပေါင်ချီအား သင်ခန်းစာပေးရန်ပင် စဉ်းစားထားပြီးသွားလေပြီ။
“ဟမ့်…” ပေါင်ချီသည် အောက်ဘက်ရှိ နတ်ဆိုးဘုရင်များကိုကြည့်ရင်း လှောင်ပြုံးပြုံးလိုက်လေသည်။ ထို့နောက်တွင် ဆက်၍ပြောလိုက်လေ၏။ “မင်းတို့အားလုံး နောက်ဆုံး တစ်ယောက်ပဲ အသက်ရှင်တဲ့ထိ တိုက်ခိုက်ကြမယ်လို့ ငါထင်ထားတာ… မင်းတို့ထဲမှာ အခြားသူတွေထက် ပိုဉာဏ်ကောင်းနေတဲ့ လူတစ်ယောက်ရှိသွားတာ ဆိုးတာပဲ…”
ပေါင်ချီမှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးဘုရင်များ၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ ပေါင်ချီ၏စကားသည် သူတို့ရင်ထဲရှိသံသယကို ပို၍ ခိုင်မာသွားစေခဲ့လေသည်။
ဤကိစ္စကြီးတစ်ခုလုံးမှာ ထောင်ချောက်သာ ဖြစ်လေသည်။ သူတို့အားလုံး အချင်းချင်း တိုက်ခိုက်လာစေဖို့ရာ သူတော်စင်မှော်ရတနာကိုပင် ငါးစာအဖြစ် အသုံးပြုရလောက်သည်အထိ ပေါင်ချီ မည်ကဲ့သို့သောကိစ္စအား ကြံစည်နေသလဲဆိုသည်ကို မည်သူမျှ မသိကြချေ။
သို့သော်ငြား သူတို့အားလုံး ပေါင်ချီကြိုးဆွဲရာအတိုင်း လိုက်ကရသည့်အကြောင်း စဉ်းစားမိလိုက်သော် နတ်ဆိုးဘုရင်များ ဒေါသထွက်သွားကုန်ကြလေ၏။
ဖေးလီက အေးစက်စက်အမူအယာဖြင့် “ပေါင်ချီ… မင်း သေချင်နေတာလား…”
ပေါင်ချီက ရယ်သွမ်းသွေးလျက် “မင်းမှာ ငါ့ကို သတ်နိုင်တဲ့ အရည်အချင်း ရှိလို့လား…”
“မင်း သိရမှာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ဖေးလီ၏အရိုးများ အစိမ်းရောင်မီးတောက်တို့ဖြင့် လောင်မြိုက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ပေါင်ချီရှေ့၌ ရုတ်တရက်ပေါ်လာခဲ့လေ၏။ ထို့နောက်တွင် ပေါင်ချီ၏လည်ပင်းဆီသို့ သူ့လက်ကို လှမ်းလိုက်လေသည်။
ပေါင်ချီမှာ ရှယထက် ပိုအားကောင်းပါသော်ငြား ဖေးလီထက်တော့ တစ်ဆင့်နိမ့်နေပေသေးသည်။ လူရိုင်းများ၏ အဆင့်ခွဲဝေပုံအရ ရှယသည် အဆင့်နိမ့်မှော်ဘုရင်ဖြစ်မည်ဆိုလျှင် ပေါင်ချီသည် အလယ်အလတ်အဆင့် မှော်ဘုရင်တစ်ဦးဖြစ်သည်။ သို့သော်ငြား ဖေးလီမှာတော့ အဆင့်မြင့်မှော်ဘုရင်တစ်ပါး ဖြစ်လေသည်။
ထိုမျှကြီးမားလှသော ခွန်အားကွာခြားချက်ကြောင့် ပေါင်ချီ သူ့အား ယှဉ်တိုက်နိုင်လိမ့်မည်မဟုတ်ဟု ဖေးလီယုံကြည်နေသည်။
ဖေးလီ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်တိုင် ပေါင်ချီမှာတော့ အနည်းငယ်မျှပင် ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြုံး၍ ရပ်နေခဲ့လေသည်။
ဖေးလီစိတ်ထဲ တစ်ခုခုမှားယွင်းနေသည်ဟု အလိုလိုခံစားလိုက်ရသည်။ သို့သော်ငြား ဘာမှားလို့မှားနေမှန်း မပြောနိုင်ခဲ့။ မည်သို့ပင်ဖြစ်စေကာမူ မြားမှာ လေးကိုင်းမှ ပစ်လွှတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပြန်ဆွဲယူ၍ မရတော့လေရာ ဖေးလီမှာလည်း တုံ့ဆိုင်းမနေတော့ဘဲ သူ့လက်ထဲသို့ စွမ်းအား ပိုထည့်လိုက်လေသည်။
သို့သော်ငြား မကြာမီတွင် ဖေးလီမျက်လုံးထဲရှိ တစ္ဆေမီးတောက်တို့ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ရလေသည်။
အကြောင်းမှာ သူ့လက်သည် ပေါင်ချီနှင့် လက်တစ်ဝါးအကွာတွင် ရပ်တန့်သွားသည့် အတွက်ကြောင့်ပင်။ သူ့အနေဖြင့် မည်သို့ပင် ရှေ့ဆက်တိုးနေစေကာမူ သူ့လက်အား ရှေ့တိုး၍မရတော့ကြောင်း တွေ့လိုက်ရသည်။
ထို့နောက်တွင် ပုံရိပ်တစ်ခုသည် သူရှေ့၌ တစ္ဆေသရဲတစ်ကောင်ပမာ ပေါ်လာခဲ့လေသည်။ ထိုလူငယ်လေး၏ တစ်ကိုယ်လုံးကိုမူ သိပ်သည်းလှသည့် နတ်ဆိုးချီများမှာ လွှမ်းခြုံထားလေ၏။
လူငယ်လေး၏ပုံစံမှာ ထူးမခြားနားဟန်ဖြင့်သာ ရှိနေပြီး သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း မှုလောက်စရာ မဟုတ်ပါသော်ငြား ထိုလူငယ်လေးကိုမြင်လိုက်သည့်အခိုက် ဖေးလီစိတ်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ သူ့အနေဖြင့် ဤကဲ့သို့ မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ ယခုကဲ့သို့ ခံစားရသည့် နောက်ဆုံးအကြိမ်မှာ လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က ဖြစ်ပေသည်။ ထိုစဉ်က သူသည် အလွန်တရာကိုမှ အားနည်းလှသည့် နတ်ဆိုးလေးတစ်ကောင်သာ ဖြစ်ပေသေးသည်။
ထိုအချိန်က ဖေးလီမှာ အရိုးခြွေသားရဲတစ်ကောင်နှင့် သွားတိုးလေသည်။ အရိုးခြွေသားရဲမှာ အရိုးနတ်ဆိုးကလန်၏ အိပ်မက်ဆိုးဖြစ်ကာ ထိုစဉ်က ဖေးလီသည် အရိုးခြွေသားရဲ သူ့အား မတွေ့စေရန် ခြုံပုတ်ထဲတွင် ငြိမ်ငြိမ်လေး ပုန်းနေခဲ့ရလေသည်။
ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း သူ့စိတ်ထဲ မသက်မသာ ဖြစ်ရသည်။ ဖေးလီတွင် အသွေးအသားတို့ မရှိပါသော်ငြား ထိုစဉ်က ခံစားခဲ့ရသည့် အကြောက်တရားကို သေသေချာချာ မှတ်မိနေပေသေးသည်။
ထိုလူငယ်လေး သူ့ရှေ့တွင် မည်ကဲ့သို့ ပေါ်လာလို့ပေါ်လာမှန်း ဖေးလီမသိပေ။ ထို့အစား ထိုလူငယ်လေးသည် ဤနေရာ၌ တစ်ချိန်လုံးရပ်နေသည်ဟုသာ ဖေးလီခံစားနေခဲ့ရသည်။
ရုတ်တရက်ပေါ်လာသည့်လူကို ကြည့်ရင်း အခြားနတ်ဆိုးဘုရင်များ၏ အမူအယာများမှာလည်း ပြောင်းလဲသွားကုန်ကြလေသည်။ ရုတ်ချည်းဆိုသလို အကြည့်ပေါင်းများစွာသည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာကြသည်။ ယခင်က သူသေကိုယ်သေ တိုက်ခိုက်နေခဲ့ကြသော နတ်ဆိုးဘုရင်အားလုံးမှာ ယခုအချိန်တွင်တော့ စည်းစည်းလုံးလုံး ရှိနေကြလေသည်။ ထိုစဉ် မှော်ရတနာကို လုယူသွားသော အရိပ်နတ်ဆိုးမိုခဲတော့သည်ပင်လျှင် အခြားသောနတ်ဆိုးဘုရင်များအနားသို့ တဖြည်းဖြည်း ပြန်ကပ်လာခဲ့လေ၏။
“ဆရာ…” ပေါင်ချီက ရန်ကိုင်အား ဦးညွှတ်၍ အလေးပြုလိုက်လေသည်။
“ဆရာ…” ပေါင်ချီ၏ လူငယ်လေးအပေါ် ခေါ်ဝေါ်ပုံကို ကြားသိလိုက်ရသည့်နောက် အံ့အားသင့်လွန်းသဖြင့် ဖေးလီ၏မျက်လုံးထဲရှိ တစ္ဆေမီးတောက်တို့ တဝုန်းဝုန်း လှုပ်ခါသွားခဲ့ရလေသည်။
နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အလျောက် သူတို့သည် နတ်ဆိုးသူတော်စင်များကိုသာ ယခုကဲ့သို့ ခေါ်ဝေါ်ကြလေသည်။ သို့သော်ငြား သူ့ရှေ့တွင် ရှိနေသော လူငယ်လေးသည် နတ်ဆိုးသူတော်စင်တစ်ပါး၏ အရှိန်အဝါအား အနည်းငယ်မျှပင် ပိုင်ဆိုင်ထားခြင်းမရှိ။ ထို့အစား သူသည် နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းမျိုးနွယ်တစ်ဦးနှင့်ပင် တူနေပေသေးလေရာ ပေါင်ချီသည် ထိုလူငယ်လေးအား မည်ကဲ့သို့များ ဆရာဟု ခေါ်ဝေါ်ရလေသနည်။
ရှင်းရှင်းပြောရသော် နတ်ဆိုးအသွင်ပြောင်သွားသည့် လူရိုင်းများသည် နတ်ဆိုးမျိုးနွယ်ထဲတွင် အဆင့်အတန်းအနိမ့်ဆုံးပင်။ ထိုလူများသည် နတ်ဆိုးသားရဲများထက်ပင် ပို၍ အဆင့်နိမ့်ကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးမျိုးနွယ်များမှာ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများကို စစ်ပွဲများတိုက်ခိုက်ရာတွင် ရှေ့တန်းမှ အသေခံစစ်သားအဖြစ် အသုံးချခြင်းသာ ဖြစ်လေသည်။ အချို့ ကံမကောင်းလှသည့် လူများဆိုလျှင် နတ်ဆိုးသားရဲများ၏ အစာများပင် ဖြစ်သွားကြရသည်။
“မင်းဘယ်သူလဲ…” ဖေးလီက မေးခွန်းထုတ်လိုက်သည်။
ရန်ကိုင်သည် ဖေးလီအား ယဲ့ယဲ့လေးသာ ပြုံးပြလိုက်သည်။ ထို့အတွက်ကြောင့် ဖေးလီ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရလေ၏။ သို့သော်ငြား သူ့ခမျာ ကြောင်အနေရန် အချိန်အကြာကြီး မရခဲ့ပေ။ အကြောင်းမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားတစ်ရပ် သူ့မျက်နှာဆီသို့ တိုးဝင်လာနေသည့် အတွက်ကြောင့်ပင်။ အဆင့်မြင့်နတ်ဆိုးဘုရင်တစ်ပါး ဖြစ်နေသည့်တိုင် ဖေးလီမှာ ထိုစွမ်းအားအောက်ဝယ် အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်းမရှိ။ ထိုစွမ်းအား၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက် ဖေးလီ၏အရိုးများ အက်ကွဲကုန်ကာ တစ်စစီ ကျိုးကြေလုမတတ် ဖြစ်သွားခဲ့ရလေသည်။
ဖေးလီသည် စူးစူးဝါးဝါးအော်ဟစ်ရင်း အခြားသော နတ်ဆိုးဘုရင်များဘေးနားသို့ ပြုတ်ကျလာခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အခြားသောနတ်ဆိုးဘုရင်များမှာလည်း မင်သက်နေကုန်ကြလေသည်။ ထို့နောက် အကုန်လုံးသည် ရန်ကိုင်ဆီသို့ အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။ လူတိုင်းမှာ လက်ရှိ သူတို့မြင်နေရသည့် အရာအပေါ် မယုံကြည်နိုင် ဖြစ်နေကြလေ၏။
“အဲ့ကောင်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်…” ဖေးလီက အလန့်တကြား ထအော်လေသည်။
အမှန်တကယ်ကို ထူးဆန်းလွန်းလှပေသည်။ ထိုလူငယ်လေး၏ အရှိန်အဝါမှာ အားကောင်းခြင်း မရှိပါသော်ငြား သူ့အား တိုက်ကွက်တစ်ကွက်နှင့် လွင့်စင်ထွက်သွားအောင် လုပ်နိုင်လေသည်။ ထိုလူငယ်လေးသာ သူ့အသက်ကို လိုချင်ပါက ဖေးလီအနေဖြင့် ပြန်လည်ခုခံနိုင်မည်လား။
“ပေါင်ချီ… ဒါဘာသဘောလဲ…” ရှယသည် ရပ်ကြည့်နေရာမှ မကျေမနပ်ဖြင့် ထအော်လေသည်။ “နင်ဘာလုပ်ချင်နေတာလဲ…”
တကယ်တော့ ကဝေနတ်ဆိုးများသည် သရုပ်ဆောင်ရာတွင် အလွန်ကိုမှ တော်လွန်းသည်ဟု ပြော၍ရပေသည်။ လက်ရှိအချိန်တွင် ရှယ၏ပုံစံနှင့် လေသံမှာ အလွန်တရာကိုမှ ဒေါသထွက်နေသည့် ပုံစံမျိုးဖြင့် ပေါက်နေလေ၏။ ထို့အတွက်ကြောင့် အခြားသော နတ်ဆိုးဘုရင်များမှာ ရှယအား အနည်းငယ်မျှပင် သံသယဝင်ခြင်းမရှိချေ။ ထို့အစား ရှယမေးလိုက်သည့် မေးခွန်းသည် သူတို့အားလုံး သိချင်နေသည့် မေးခွန်းတစ်ခုလည်း ဖြစ်ပေသည်။
ပေါင်ချီကမူ ယဲ့ယဲ့လေးပြုံးလျက် “ရှယ ရှယ… နင် လူမှားမေးနေပြီ… ငါ့ကိုမေးရမှာမဟုတ်ဘူး… ငါ့ဆရာကိုမေးရမှာ…”
ရှယက လှောင်ပြုံးပြုံးလျက် “နင့်ဆရာ… နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်လောက်ပဲ အားကောင်းတဲ့ အမှိုက်တစ်ကောင်က ငါတို့ရှေ့မှာ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို ဆရာလို့ ခေါ်ရဲနေတာလဲ…”
ပေါင်ချီ၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “နင့်စကားနင် သတိထား… နင့်အသိဉာဏ်လောက်နဲ့ ငါ့ဆရာ ဘယ်လောက်အားကောင်းလဲဆိုတာကို နင်သိမှာမဟုတ်ဘူး…”
ဤကဲ့သို့သောစကားမျိုးနှင့် အလားသဏ္ဍာန်ဆင်တူသည့် စကားမျိုးကို လွန်ခဲ့သော လအနည်းငယ်ခန့်က ရှယမှ သူ့အား ပြောခဲ့ဖူးပေသည်။ လက်ရှိအချိန်တွင် ထိုစကားကို ပြောလိုက်ပြီးသည့်နောက် ပေါင်ချီမှာ ထူးဆန်းသည့် ခံစားချက်တစ်ခု ရလာခဲ့သည်။ သူကိုယ်တိုင်သည် ရှယဖြစ်သွားပြီး အောက်ဘက်တွင်ရှိနေသည့် နတ်ဆိုးများမှာ ထိုစဉ်က သူဖြစ်သွားခဲ့သည့်အလား။
ကြည့်ရသလောက် ရန်ကိုင်သည် ဤနေရာ၌ သူ့စွမ်းအားနှင့် ဩဇာအာဏာကို အကုန်လုံးသိသွားအောင် ထုတ်ပြချင်နေသည့်ပုံပင်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ရုတ်တရက် သူ့လက်ကို အသာအယာ မြှောက်လိုက်လေသည်။ ချက်ချင်းဆိုသလို နတ်ဆိုးဘုရင်များအနားတွင် ရှိနေသော အရိပ်နတ်ဆိုးမိုခဲတော့မှာ ထိတ်လန့်တကြားအော်ဟစ်ရင်း လေပေါ်သို့ အလိုလို ပျံတက်သွားခဲ့လေ၏။ လေပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်မိုခဲတော့၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေသည့် နတ်ဆိုးချီများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သေးသွယ်သွယ် ပုံရိပ်တစ်ခု အစားထိုးဝင်ရောက်လာခဲ့လေသည်။
နတ်ဆိုးနယ်မြေထဲ နာမည်ကျော်ကြားပြီး လူပေါင်းများစွာ၏ရင်ထဲ အကြောက်တရားကို ကိန်းအောင်းသွားစေအောင် လုပ်နိုင်ခဲ့ပြီး ရုပ်ရည်အစစ်အမှန်ကို တစ်ခါမှပင် ထုတ်ဖော်ပြသခဲ့ခြင်းမရှိသည့် ဤအရိပ်နတ်ဆိုးသည် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့လေသည်။ ထို့အပြင် သာမန်အမျိုးသမီးပင်မဟုတ်။ အတော်လေးကိုမှ အကောင်သေးသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အခြားသော လူကောင်ထွားထွားအားကောင်းလှသည့် နတ်ဆိုးများနှင့် ယှဉ်လိုက်သော် အရိပ်နတ်ဆိုးမှာ အတော်လေးကိုမှ လူကောင်သေးသည်ဟု ပြောနိုင်ပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း နတ်ဆိုးဘုရင်များ မှင်တက်ကုန်ကြလေသည်။
မိုခဲတော့သည် နတ်ဆိုးဘုရင်များကြား အတော်လေးကိုမှ အဆင့်မြင့်ပေသည်။ သူမသာ ရန်သူဘက်၌ ရှိနေမည်ဆိုပါက မည်သူမျှ သူမအား ကျောပေး၍ မတိုက်ခိုက်ရဲကြပေ။ ရှင်းရှင်းပြောရသော် လက်ရှိမိုခဲတော့၏ အစစ်အမှန်ပုံစံကို နတ်ဆိုးသူတော်စင်များမှလွဲ၍ အခြား မည်သူမျှ မသိကြချေ။
ယခုအချိန်မတိုင်ခင်အထိသာ ဖြစ်လေသည်။
ထို့အတွက်ကြောင့် အရိပ်နတ်ဆိုးမိုခဲတော့၏ အစစ်အမှန်ပုံစံကို မြင်လိုက်သည့်နောက် အကုန်လုံးမှာ အံ့အားသင့်သွားကုန်ကြလေသည်။ သူတို့ အတော်လေးကိုမှ ထိတ်လန့်ခဲ့ကြသည့် အရိပ်နတ်ဆိုးသည် ဤကဲ့သို့ သေးသွယ်သွယ်ကောင်မလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားကြချေ။ ရှင်းရှင်းပြောရသော် သူမခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည့် နတ်ဆိုးချီမှလွဲ၍ အရိပ်နတ်ဆိုးမိုခဲတော့သည် သာမန်နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေသေးသည်။ သူမနှင့်ပတ်သက်၍ မည်သည့်ထူးခြားသည့်ပုံစံမှ မရှိ။
မိုခဲတော့မှာတော့ အခြားလူများထက်ပင် ပို၍ထိတ်လန့်နေခဲ့လေသည်။
သူမ၏ ကိုယ်ပျောက်ပညာရပ်ကို သူမဘာသာသူမ ဖယ်ရှားလိုက်ခြင်းမဟုတ်ချေ။ ထိုလူငယ်လေးမှ ဖယ်ရှားလိုက်ခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား မိုခဲတော့အား အမှန်တကယ် ကြောက်ရွံ့သွားစေခဲ့သည်မှာ ထိုလူငယ်လေးမှ သူမ၏ ကိုယ်ပျောက်ပညာရပ်အား ဖယ်ရှားလိုက်သည်ကို သူမအနေဖြင့် အနည်းငယ်မျှပင် မခုခံနိုင်ခြင်းပင်။
မည်ကဲ့သို့များ ထိုကဲ့သို့ ဖြစ်ရလေသနည်း။ ပုန်းကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ရာတွင် အထူးကျွမ်းကျင်သည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်နှင့်အညီ အရိပ်နတ်ဆိုးမိုခဲတော့သည် နတ်ဆိုးသူတော်စင်များနှင့် ရင်ဆိုင်နေရသည့် အခါမျိုးတွင်ပင် ဤမျှ ကူကယ်ရာမမဲ့ရ။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူမ၏ကံတရားသည်ပင်လျှင် သူမလက်ထဲ၌ ရှိမနေတော့ဟု ခံစားနေခဲ့ရလေသည်။
ယခုအချိန်မတိုင်ခင်အထိ သူမကသည်သာ အခြားလူများ၏ကံတရားကို စိတ်ကြိုက် ထိန်းချုပ်ခြယ်လှယ်ခဲ့သူတစ်ဦး ဖြစ်လေသည်။
နတ်ဆိုးဘုရင်များ၏ ဇဝေဇဝါအကြည့်အောက်တွင် မိုခဲတော့၏ ခန္ဓာကိုယ်သည် ရန်ကိုင်ဆီသို့ အလိုလို ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။ မိုခဲတော့မှာ သေရမည်ကို ထိုင်မစောင့်လိုပေ။ ထို့အတွက်ကြောင့် ကြိုးစား၍ ခုခံလေသည်။ သို့တိုင် အချည်းအနှီးသည်သာ။ သူမ မည်သို့ပင် ကြိုးစားနေစေကာမူ သူမခန္ဓာကိုယ်အား လှုပ်မရအောင် ချုပ်ထားသည့် စွမ်းအားသည် အနည်းငယ်မျှပင် လျော့ကျသွားခဲ့ခြင်းမရှိချေ။
မိုခဲတော့၏မျက်နှာ ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီး သူမရှေ့တွင်ရပ်နေသော လူငယ်လေးအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်လေသည်။
သို့သော်ငြား လူငယ်လေးက သူမအား တပြုံးပြုံးဖြင့် ကြည့်နေသည့်အတွက်ကြောင့် မိုခဲတော့မှာ ပို၍ပင် ကြောက်လန့်သွားရလေသည်။ ဤပြုံးနေသည့် လူငယ်လေးမှာ ဖော်ရွေသည့်ပုံ ပေါက်ပါသော်ငြား မိုခဲတော့၏ အမြင်တွင်တော့ လူငယ်လေးမှာ အနည်းငယ်မျှပင် ဖော်ရွေနေခြင်းမရှိဘဲ သူမ၏အသည်းထဲကို အကြောက်တရားတို့ ကိန်းအောင်းသွားစေနိုင်သည့် သားရဲကြီးတစ်ကောင်နှင့်ပင် ဆင်တူနေပေသေးသည်။
“ဒါ ငါ့အပိုင်ပဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ မိုခဲတော့၏နဖူးကို ထိလိုက်လေသည်။
မိုးကြိုးပစ်ချခံလိုက်ရသည့်အလား မိုခဲတော့သည် တစ်ချက် ညီးတွားလျက် ကောင်းကင်ထက်မှ ဥက္ကာခဲတစ်စင်း ကြွေဆင်းလာသည့်ပမာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားခဲ့ပြီး သွေးအပွက်ပွက် ထိုးအန်လိုက်ရလေ၏။
မိုခဲတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အခြားသော နတ်ဆိုးဘုရင်များမှာတော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေကြလေသည်။
ထိုလူငယ်လေးပေါ်လာသည်မှာ ခနလေးသာ ရှိပါသော်ငြား သူမည်မျှအားကောင်းကြောင်းကို နတ်ဆိုးဘုရင်များ သိနားလည်သွားခဲ့ရလေသည်။ ဤကမ္ဘာကြီးထဲတွင် ထိုလူငယ်လေးသည် နတ်ဘုရားတစ်ပါးပမာ။ ဤနေရာတွင် ရှိနေသည့်လူတိုင်း၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်နေခဲ့လေသည်။
ယခင်က မိုခဲတော့ကိုင်ထားသည့် သူတော်စင်လက်နက်မှာလည်း ယခုအချိန်တွင် လေထဲ ငြိမ်သက်စွာ ဝဲနေခဲ့လေသည်။ ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသူတော်စင်လက်နက်သည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး အားလုံး၏မြင်ကွင်းမှ ပဉ္စလက်ဆန်ဆန် ပျောက်ကွယ်သွားခဲ့လေသည်။
ထိုလူငယ်လေး သူတော်စင်လက်နက်ကို မည်သည့်နေရာသို့ ပို့လိုက်လို့ ပို့လိုက်မှန်း မည်သူမျှမသိကြ။ သို့သော်ငြား မည်သူမှလည်း ဂရုစိုက်မနေခဲ့ပေ။ အကုန်လုံးတွေးနေသည်မှာ သူတို့အတူပူးပေါင်း၍ တိုက်ခိုက်ပါက ဤလူငယ်လေးအား ယှဉ်ပြိုင်နိုင်မည်လား ဆိုသည်ကိုပင်။ သူတို့ဘာသာတစ်ယောက်တည်း သွားရောက်ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျှင်တော့ နိုင်နိုင်ချေမရှိမှန်း လူတိုင်းသိထားကြသည်။ ဖေးလီနှင့် မိုခဲတော့တို့သည်ပင်လျှင် ထိုလူငယ်လေး၏ တိုက်ကွက်တစ်ကွက်ကိုမှ မခံနိုင်ခဲ့လေဘဲ။ ထိုနှစ်ဦးသည်ပင်လျှင် ကူကယ်ရာမဲ့ရလေရာ သူတို့သာဆိုလျှင်ရော တစ်ယောက်တည်း ဘာလုပ်နိုင်ပါမည်နည်း။
ထုတ်ပြောနေစရာမလိုပဲနှင့်ပင် နတ်ဆိုးဘုရင်အားလုံးမှာ အကြည့်ချင်းဖလှယ်ရင်းမှ နောက်ဘာဆက်လုပ်ရမလဲဆိုသည်ကို အကုန်လုံး သိနေကြလေပြီ။
“ကျုပ်နာမည်က မှော်ဆရာညိုပဲ…” ရန်ကိုင်က လေထဲတွင်ဝဲ၍ နတ်ဆိုးဘုရင်များကို ငုံ့ကြည့်ရင်းမှ အော်ပြောလိုက်သည်။ “အခု ခင်ဗျားတို့လည်း မြင်ပြီးသွားပြီ… ပေါင်ချီက ငါ့ရဲ့လက်အောက်ငယ်သားပဲ…”
နတ်ဆိုးဘုရင်အားလုံးမှာ ထိုအချက်ကို သိပြီးသားဖြစ်သဖြင့် ဆိတ်ဆိတ်သာ နေကြလေသည်။
“ရှင် ဘာလိုချင်နေတာလဲ…” ရှယက ဒေါမာန်တကြီးဖြင့် မေးလိုက်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားတို့အားလုံးကို ပေါင်ချီလိုပဲ ကျုပ်ရဲ့လက်အောက်ငယ်သားဖြစ်စေချင်တယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၇၄)
ဘာသာပြန်သူ_တိမ်တိုက်
“ဘာလဲကွ… မင်း လာနောက်နေတာလား…”
“အိပ်မက်သာ မက်နေလိုက်…”
“ကောင်လေး… မင်း ခေါင်းမကောင်းတော့ဘူးလား…”
နတ်ဆိုးဘုရင်များမှာ တစ်ယောက်တစ်ပေါက် ထအော်ကြတော့လေသည်။ မှော်ဆရာညိုဆိုသည့်လူမှာ အလွန်တရာကိုမှ အားကောင်းလှပါသော်ငြား သူတို့အနေဖြင့် ဘာမှမတိုက်ခိုက်ပဲနှင့်တော့ အညံ့ခံရန် မဖြစ်နိုင်ပေ။
ပေါင်ချီကမူ ရန်ကိုင်ဘေးနားတွင် ရပ်လျက် ထိုလူများအား လှောင်ပြုံးပြုံးရင်းသာ ကြည့်နေခဲ့လေသည်။
သူ့အလှည့်တုန်းကလည်း ထိုနတ်ဆိုးဘုရင်များကဲ့သို့ပင် ရန်ကိုင်အား လုံးဝအညံ့မခံလိုခဲ့ပေ။ သို့သော်ငြား အဆုံးတွင်တော့ ဘာဖြစ်သွားလေသနည်း။ မှော်ဆရာညိုသည် သူလက်ခံမခံကို ဂရုစိုက်မနေခဲ့ဘဲ သူ့အသိစိတ်ပင်လယ်ကို အတင်းအကြပ်ချိုးဖြတ်၍ သူ့ဝိဉာဉ်အမှတ်အသားကို တံဆိပ်ကပ်ကာ ခတ်နှိပ်ခဲ့သည်။
ကိုယ်ကိုယ်တိုင် သင်ခန်းစာရထားဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ထိုလူများအား မည်ကဲ့သို့သောကံကြမ္မာမှ စောင့်ကြိုနေသလဲဆိုသည်ကို ပေါင်ချီ သိနေခဲ့လေသည်။ ဤလောကကြီးထဲတွင် မှော်ဆရာညိုအား မည်သူမျှ မယှဉ်ပြိုင်နိုင်ပေ။ ထိုနတ်ဆိုးဘုရင်များသည် အလွန်ကိုမှ အားကောင်းမည်ဆိုလျှင်ပင် ဤကမ္ဘာကြီးထဲသို့ ရောက်လာပြီးသည့်နောက် သူတို့၏ကံကြမ္မာမှာ သတ်မှတ်ပြီးသွားခဲ့လေပြီ။
“ငါတို့ကို ပေါင်ချီလိုမျိုး မင်းရဲ့အစေခံ ဖြစ်စေချင်တယ် ဟုတ်လား…” ဖေးလီက ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “မင်းရဲ့အိပ်မက်တွေက တကယ်ကို ကြီးကျယ်တာပဲ…”
“မင်းမှာအရည်အချင်းရှိရင် ငါတို့အားလုံးကို သတ်ပစ်လိုက်…” အခြားသော နတ်ဆိုးဘုရင်တစ်ပါးကလည်း ဝင်အော်ပြောလိုက်သည်။
အခြားအစီအစဉ်များ ရှိနေသည့် ရှယမှလွဲ၍ မည်သည့်နတ်ဆိုးဘုရင်မှ ရန်ကိုင်လက်အောက်သို့ အညံ့မခံလိုကြပေ။
ရန်ကိုင်သည် အစောပိုင်းက အော်ပြောလိုက်သည့် နတ်ဆိုးဘုရင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနတ်ဆိုးဘုရင်သည် ရန်ကိုင်အား အကြောက်အရွံ့ကင်းမဲ့စွာဖြင့် ပြန်စိုက်ကြည့်လေသည်။
ထို့နောက်တွင် ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် ပြောလိုက်လေသည်။ “ကောင်းပြီလေ… ခင်ဗျားက သေချင်တယ်ဆိုမှတော့လည်း ကျုပ်ကလည်း ခင်ဗျားကို ကူညီပေးရသေးတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်မှ သူ့လက်ကို မြှောက်လိုက်ရာ အစောပိုင်းက စကားပြောလိုက်သည့် နတ်ဆိုးဘုရင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ခန္ဓာကိုယ်သည် လေပေါ်သို့ အလိုလို မြင့်တက်လာခဲ့လေသည်။ သူ့အနေဖြင့် မည်သို့ပင် ရုန်းကန်နေစေကာမူ လုံးဝ ခုခံနိုင်ခဲ့ခြင်းမရှိပေ။
အခြားသော နတ်ဆိုးဘုရင်များမှာ ရန်ကိုင် သူတို့အား လုပ်ချင်နေသလို လုပ်နေသည်ကို မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက်တွင် နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်၍ ရန်ကိုင်ဆီသို့ ပြေးဝင်သွားရန် လုပ်လိုက်ကြသည်။ သို့သော်ငြား သူတို့ ဘာမှ မလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် အောက်သို့ဖိချလိုက်ရာ အလွန်တရာကိုမှ ပြင်းထန်လှသည့် စွမ်းအားတစ်ရပ် နတ်ဆိုးဘုရင်များအပေါ်သို့ ပြိုဆင်းကျလာခဲ့လေသည်။ ထိုစွမ်းအားသည် လောကတစ်ခုလုံး၏စွမ်းအား ဖြစ်လေရာ နတ်ဆိုးဘုရင်အားလုံးကို မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားအောင် ဖိနှိပ်ထားဖို့ရာ အလွန်တရာကိုမှ လွယ်ကူလှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးဘုရင်အားလုံးမှာ အနည်းငယ်မျှပင် မလှုပ်နိုင်တော့ပဲနှင့် မြဲနေအောင် ကပ်ရိုက်ခံထားရသည့်နှယ် မြေပြင်ပေါ်တွင် တောင့်တောင့်ကြီးသာ လှဲနေကြရလေ၏။
ထိုအဖြစ်အပျက်ကြောင့် နတ်ဆိုးဘုရင်အားလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ မှော်ဆရာညို၏စွမ်းအားကို မြင်တွေ့ဖူးထားပြီး ဖြစ်ပါသော်ငြား သူတို့သာ အတူပူးပေါင်းလျှင်တော့ အခွင့်အရေးရှိသေးသည်ဟု ထင်ခဲ့ပေသေးသည်။ နတ်ဆိုးဘုရင်ပေါင်းများစွာ အတူပူးပေါင်းတိုက်ခိုက်ကြမည်ဖြစ်လေရာ နတ်ဆိုးသူတော်စင်တစ်ပါးသည်ပင်လျှင် ပြဿနာတက်သွားရနိုင်ပေသည်။
သို့သော်ငြား မည်သို့ပင် ဖြစ်နေစေကာမူ လက်တွေ့အမှန်တရားသည် ထိုလူအားလုံးကို အကြောက်ကြီးကို ကြောက်သွားစေခဲ့လေသည်။
နတ်ဆိုးဘုရင်များသည် ရန်သူ၏ လက်တစ်ချက်အဝှေ့နှင့် မြေပြင်ပေါ်တွင် ဖိကပ်ထားခံလိုက်ရလေသည်။ ထို့အပြင် မှော်ဆရာညိုလုပ်သွားသည့်ပုံစံကို ကြည့်ရသလောက် အနည်းငယ်မျှပင် အားစိုက်ရသည့်ပုံစံမျိုး မပေါက်ပေ။ မှော်ဆရာညိုသည် တကယ်ကြီး နတ်ဘုရားလေလော။ နတ်ဘုရားမဟုတ်လျှင် ဘာကြောင့်များ ဤကဲ့သို့ လုပ်နိုင်နေရလေသနည်း။
နတ်ဆိုးဘုရင်များ၏ မျက်လုံးများ တဆတ်ဆတ် တုန်ခါလာပြီး ကောင်းကင်ပေါ်သို့ ခက်ခက်ခဲခဲဖြင့် မော့ကြည့်လိုက်လေသည်။
“ဟူခဲ…” ဖေးလီက အံကြိတ်၍ အော်ပြောလိုက်သည်။ “လုံးဝ အညံ့မခံနဲ့…”
ဖေးလီ၏ အားပေးစကားကို ကြားလိုက်ပြီးသည့်နောက် နတ်ဆိုးဘုရင်ဟူခဲ၏ မျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက် ခိုင်မာတည်ကြည်သည့်လေသံဖြင့် အော်ပြောလိုက်လေ၏။ “ငါ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် ခေါင်းကိုမော့၍ ရန်ကိုင်မျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်မှ သူ့လက်အား တင်းတင်းဆုပ်ချလိုက်ရာ လေပေါ်တွင်ဝဲနေသော ဟူခဲ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဖြစ်ကာ အမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဟူခဲသည် ကျောက်တုံးနတ်ဆိုးတစ်ကောင် ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်မှာ အလွန်ကိုမှ မာကျောလှပေသည်။ ရှင်းရှင်းပြောရသော် ကျောက်တုံးနတ်ဆိုးများသည် နတ်ဆိုးကလန်များကြား အားအကောင်းဆုံးသော ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည့် နတ်ဆိုးများ ဖြစ်ကြပေသည်။ အရိပ်နတ်ဆိုးဖြစ်သော မိုခဲတော့သည်ပင်လျှင် ကျောက်တုံးနတ်ဆိုးဟူခဲ၏ ခန္ဓာကိုယ်အား တစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်မလားဆိုသည်အား မသေချာပေ။
သို့သော်ငြား ထိုကဲ့သို့သော နတ်ဆိုးဘုရင်တစ်ပါးသည် မှော်ဆရာညိုမှ သူ့လက်အား ဆုပ်ချလိုက်ရုံဖြင့် အမှုန်အဖြစ်သို့ ပြောင်းသွားခဲ့ရလေသည်။
တစ်စစီဖြစ်သွားသော ကျောက်မှုန်ကျောက်စများနှင့်အတူ နှလုံးသုံးခု မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။
ထိုအရာများမှာ ဟူခဲ၏နတ်ဆိုးနှလုံးသားများ ဖြစ်ကြလေသည်။
နတ်ဆိုးနှလုံးသားသာ ရှိနေသေးသရွေ့ နတ်ဆိုးကလန်သည် မည်သည့်အခါမှ သေလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် နတ်ဆိုးနှလုံးသားသုံးခုအနက် တစ်ခုခုသာ ရှိနေဦးမည်ဆိုလျှင်ပင် ဟူခဲ အသက်ပြန်ရှင်နိုင်ချေ ရှိပေသည်။
“ဘုန်း… ဘုန်း… ဘုန်း…”
အောက်သို့ပြုတ်ကျနေရင်းမှ နတ်ဆိုးနှလုံးသားသုံးခုစလုံးမှာလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားကုန်ကြလေသည်။ ထို့နောက်တွင် သန့်စင်လှသည့် နတ်ဆိုးချီတို့မှာ ဘေးပတ်ပတ်လည်အနှံ့ ဖြာထွက်လာခဲ့ကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း နတ်ဆိုးဘုရင်များအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။
ဟူခဲမှာ သေသွားခဲ့လေပြီ။ အနည်းငယ်မျှပင် ခုခံချိန် မရလိုက်ဘဲ သေသွားခဲ့ရခြင်း ဖြစ်သည်။ သူ၏ နတ်ဆိုးနှလုံးသား သုံးခုစလုံးသည်ပင်လျှင် တစ်ခါတည်း ဖျက်ဆီးခံလိုက်ရသည်။ ထို့နောက် တစ်နည်းဆိုရသော် မဟာနတ်ဆိုးနတ်ဘုရားသည်ပင်လျှင် ဟူခဲအား အသက်ပြန်သွင်းနိုင်တော့လိမ့်မည်မဟုတ်။
မှော်ဆရာညိုသည် သူ့အမိန့်ကို မနာခံပါက မည်ကဲ့သို့သော အဆုံးသတ်နှင့် ကြုံတွေ့ရမလဲဆိုသည်ကို လူတိုင်းသိသွားအောင် နမူနာလုပ်ပြနေခြင်းဖြစ်မှန်း နတ်ဆိုးဘုရင်အားလုံး သိနေကြသည်။ သို့သော်ငြား ထိုအကြောင်းကို သိသွားသည်ထက်စာလျှင်တော့ သူတို့ရင်ထဲ ကိစ္စတစ်ခုကြောင့် ပို၍ထိတ်လန့်သွားရသည်။ အစောပိုင်းက ရန်ကိုင်သည် သူတို့အားလုံးကို သူ့အစေခံများ ဖြစ်စေချင်သည်ဟု ပြောခဲ့လေသည်။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် တစ်ဖက်လူနှင့် ညှိနှိုင်း၍ရမလား ကြိုးစားချင်မိပေသည်။ သို့သော်ငြား လက်ရှိအဖြစ်အပျက်ကို ကြည့်ရသလောက် သူတို့အနေဖြင့် ရန်ကိုင်နှင့် မည်သို့မှ ညှိုနှိုင်း၍ရမည့်ပုံမပေါ်။
ရန်ကိုင်သည် ဟူခဲကိုပင်လျှင် ညှာတာခြင်းမရှိ သတ်ပစ်ခဲ့လေရာ သူတို့ကိုဆိုလျှင်ရော ညှာတာနေဦးမည်လား။ ထိုသို့မဖြစ်လောက်ပေ။
“အိုး… ကျုပ် ခင်ဗျားတို့ကို ပြောဖို့မေ့သွားတယ်…” ရန်ကိုင်သည် လက်နောက်ပစ်ရင်းမှ အောက်ဘက်တွင်ရှိနေသော နတ်ဆိုးဘုရင်များကို ဝေ့ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ကျုပ်ရဲ့စွမ်းရည်က အကန့်အသတ်နဲ့ရှိတယ်… ဒီတော့ အစေခံဆယ်ယောက်ကိုပဲ လက်ခံနိုင်မှာ… တကယ်တော့ ခင်ဗျားတို့ရဲ့ကျင့်ကြံခြင်းက ကျုပ်ထက်ပိုမြင့်တယ်လေ… ဒီတော့ ဆယ်ယောက်က ကျုပ်အကန့်အသတ်ဖြစ်သွားပြီ… အဲ့ထက်ပိုပြီး လက်မခံနိုင်တော့ဘူး… ဒါပေမယ့် ခင်ဗျားတို့က ဆယ့်ငါးယောက်တောင်ရှိနေတာဆိုတော့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားတို့ထဲက အချို့ကတော့ သေရလိမ့်မယ်…”
လက်ရှိ ရန်ကိုင်၏အပြုံးသည် နတ်ဆိုးဘုရင်များအတွက်မူ နတ်ဆိုးသူတော်စင်များ၏ ဒေါသထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။
ပေါင်ချီမှာမူ စကားတစ်ခွန်းမှပင် ဝင်မပြောပဲ ရန်ကိုင်ဘေးနားတွင်သာ ရပ်နေခဲ့လေသည်။ ရန်ကိုင် တကယ်ပြောနေခြင်းဟုတ်မဟုတ်တော့ သူလည်း သိချင်နေမိပေသည်။ သို့သော်ငြား သူတွေးသလောက်ဆိုလျှင်တော့ ရန်ကိုင်ပြောသည်မှာ အမှန်ဖြစ်လောက်သည်။ တကယ်တော့ မိမိ၏ဝိဉာဉ်အမှတ်အသားကို တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲ ခပ်နှိတ်ဖို့ရာ မလွယ်ကူလှပေ။ ထို့အပြင် ထိုဝိဉာဉ်အမှတ်အသားများကို ထိန်းထားနိုင်ရန်အတွက်လည်း ထိုက်သင့်သည့်ခွန်အားကို လိုအပ်ပေသေးသည်။ လူတိုင်း၏ စိတ်စွမ်းအင်နှင့် ဝိဉာဉ်စွမ်းအားမှာ အကန့်အသတ်ဖြင့်သာ ရှိလေရာ ရန်ကိုင်အနေဖြင့် ဝိဉာဉ်အမှတ်အသားများကို ကြိုက်သလောက်ခတ်နှိပ်၍ ရနိုင်လိမ့်မည်မဟုတ်ချေ။
မှော်ဆရာညို၏အဆင့်မှာ သိပ်မမြင့်လှ။ ထို့အတွက်ကြောင့် ထိုအဆင့်လေးဖြင့် နတ်ဆိုးဘုရင်ဆယ်ပါးကို အစေခံလုပ်နိုင်သည်မှာ အတော်လေးကိုမှ အံ့အားသင့်ဖွယ်ကောင်းနေပြီဟု ပြော၍ရပေသည်။ မှော်ဆရာညိုသည် အစေခံဆယ်ပါးကိုသာ လက်ခံနိုင်သည့်အတွက်ကြောင့် သူနှင့် ရှယကိုသာ ဖယ်လိုက်ပါက နောက်ထပ်ရှစ်နေရာသာ ရှိတော့သည်ဟု ပြော၍ရပေသည်။ သို့သော်ငြား နတ်ဆိုးဘုရင်များမှာမူ ရှယမပါပါက ဆယ့်လေးဦး ရှိနေလေ၏။ တစ်နည်းဆိုရသော် သူ့အနေဖြင့် နောက်ထပ်ခြောက်ယောက်ကို သတ်ရပေလိမ့်မည်။
သူသည်ပင်လျှင် ထိုအချက်ကို ခန့်မှန်းနိုင်လေရာ အခြားသောနတ်ဆိုးဘုရင်များကလည်း မည်ကဲ့သို့များ မစဉ်းစားမိပဲ နေပါမည်နည်း။ ရုတ်ချည်းဆိုသလို သူတို့၏မျက်နှာများမှာ သုန်မှုန်သွားကုန်ကြလေသည်။
ဟူခဲအား သတ်လိုက်ခြင်းမှာ နမူနာပြလိုသည့် အတွက်ကြောင့်သာမဟုတ် လိုအပ်သည့်အတွက်ကြောင့်လည်း ဖြစ်ပေသည်။ နတ်ဆိုးဘုရင်အရေအတွက်မှာ ရန်ကိုင် လက်သင့်ခံနိုင်သည့် အရေအတွက်ထက် ပိုလွန်နေခဲ့လေရာ ထိုလူများကို ဤအတိုင်း ထိန်းထား၍လည်း သူ့အတွက် အပိုပင်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ ထိုလူများကို မသတ်ပဲ နေရပါမည်နည်း။
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် အချို့သောနတ်ဆိုးဘုရင်များ၏ ဆန္ဒမှာ ယခင်ကလောက် ခိုင်မာပြတ်သားခြင်း မရှိကြတော့ချေ။
ထိုစကားကို မကြားစဉ်က အတူပူးပေါင်း၍ တိုက်ခိုက်ရမည်မှာ သူတို့အတွက်တော့ ဂုဏ်ယူစရာပင်။ တကယ်တော့ သူတို့ရန်သူအား အနည်းငယ်မျှပင် နောက်တွန့်ခြင်းမရှိဘဲ အတူရင်ဆိုင်တိုက်ခိုက်၍ သေဆုံးခဲ့ရခြင်းသည် သူတို့နတ်ဆိုးကလန်အတွက်တော့ ဂုဏ်ယူစရာပင်။ သို့သော်ငြား လက်ရှိအချိန်၍ သူတို့ထဲမှအချို့မှာ အသက်ရှင်နိုင်ပြီး အချို့မှာတော့ သေကြရမည်ဖြစ်လေရာ မည်သူကများ အလကားသက်သက် သေချင်ပါတော့မည်နည်း။ ထို့အတွက်ကြောင့် နတ်ဆိုးများကြား စတင်၍ သဘောထားကွဲလွဲလာကြတော့လေ၏။
ရန်ကိုင်က ထပ်၍ဖိအားပေးလိုက်လေသည်။ “ကျုပ် ပြောဖို့မေ့သွားလို့… ခင်ဗျားတို့ဘက်က အညံ့မခံရင်တောင် ကျုပ် ခင်ဗျားတို့အကုန်လုံးကို ကျုပ်အစေခံဖြစ်အောင် လုပ်ပစ်လို့ရတယ်… ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လိုလိုလားလားနဲ့ အညံ့ခံတဲ့လူတွေကတော့ ပိုကောင်းတာပေါ့… တကယ်တော့ မမှည့်ဘဲနဲ့ အတင်းအကြပ်ခူးထားတဲ့ ဖရဲသီးက ချိုမှမချိုတာ… ဟုတ်တယ်မလား…”
ဖေးလီက အော်ပြောလိုက်လေသည်။ “အဲ့ကောင်ရဲ့မဟုတ်တရုတ်စကားတွေကို သွားနားထောင်မနေနဲ့… ဒီကောင်လိမ်နေတာ… ငါတို့သာ ခုခံနေမယ်ဆိုရင် ဒီကောင် ငါတို့အားလုံးကို သတ်ဖို့ပဲရှိမှာ… နတ်ဆိုးဘုရင်ဆိုတာ အညံ့ခံမယ့်အစား အသေပဲခံမယ်ကွ…”
ဖေးလီမှ ထိုကဲ့သို့ အော်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဘုရင်အတော်များများမှာ ယခင်ကထက်ပို၍ သတ္တိရှိလာကြလေသည်။
ပြင်ပမျိုးနွယ်ဝင်တစ်ဦး၏ အစေခံဖြစ်ရသည်မှာ အလွန်ကိုမှ ရှက်ဖွယ်ကောင်းလှသည်။ ပို၍ရှက်ဖွယ်ကောင်းသည်မှာ ထိုပြင်ပမျိုးနွယ် သူတို့ထက် ပို၍ ကျင့်ကြံခြင်းအဆင့် နိမ့်နေခြင်းပင်။
ရန်ကိုင်ကမူ ဖေးလီအား သွားတားမနေခဲ့ဘဲ ပြုံးသာ ပြုံးနေခဲ့လေသည်။ ဖေးလီစကားပြောပြီးသွားသည့် အချိန်ထိ စောင့်နေပြီးသည့်နောက်မှသာ အနီရောင်မျက်လုံးနှင့် နတ်ဆိုးဘုရင်ကိုကြည့်၍ “ကျုပ် ခင်ဗျားကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်… သေမလား အသက်ရှင်မလားဆိုတာကို ခင်ဗျားဘာသာခင်ဗျား ဆုံးဖြတ်…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်ပါသော်ငြား နတ်ဆိုးဘုရင်မှာမူ ရန်ကိုင်အား အနည်းငယ်မျှပင် အရေးမစိုက်။ ထီမထင်ဟန်အမူအယာဖြင့်ပင် ရန်ကိုင်ဆီသို့ ပြန်၍ တံတွေးထွေးထုတ်လိုက်လေသေးသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လှိမ့်မရအောင် ထိန်းချုပ်ခံထားရသည့်အတွက်ကြောင့် မည်သို့မှ မခုခံနိုင်လေရာ ရန်ကိုင်ဆီသို့ တံတွေးထွေးထုတ်ရုံသာ တတ်နိုင်လေသည်။
ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “အခုမှ မတရားခံရချင်ယောင်တွေ ဘာတွေ ဆောင်မနေနဲ့… ခင်ဗျားတို့အားလုံး ဒီကမ္ဘာကြီးထဲကို အကြောင်းအရင်းမရှိ ကျူးကျော်လာတာ… ဒီမှာရှိနေတဲ့ လူရိုင်းမျိုးနွယ်စုတွေကို သတ်ဖြတ်ပြီးတော့ အိုးအိမ်တွေကို ဖျက်ဆီးပစ်တာ… ခင်ဗျားတို့ကသာ ကျူးကျော်လာတဲ့လူတွေ…”
နတ်ဆိုးဘုရင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆို ငါ့ကို သတ်လိုက်လေ… ငါမင်းတို့လူရိုင်းမျိုးနွယ်တွေအများကြီးကို သတ်ထားတာ… ငါသေသွားလို့လည်း ဘာမှမဖြစ်ဘူး…”
“ကောင်းပြီလေ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ထိုနတ်ဆိုးဘုရင်၏နဖူးကို ထိလိုက်လေသည်။ ‘ဖောက်’ခနဲမြည်သံနှင့်အတူ ထိုနတ်ဆိုးဘုရင်၏ခေါင်း ပေါက်ထွက်သွားခဲ့လေသည်။ ထို့နောက် ပေါက်ကွဲသံအချို့နှင့်အတူ ထိုနတ်ဆိုးဘုရင်၏ နတ်ဆိုးနှလုံးသားအားလုံး တစ်စစီ ကွဲကြေသွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့ရလေသည်။ ထိုနတ်ဆိုးဘုရင်၏မျက်လုံးထဲရှိ အလင်းရောင်တို့မှာလည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။
“နောက်ဆုံးအကန့်အသတ်ရောက်တဲ့ထိတော့ ကျုပ်က တောက်လျှောက်ဆက်မေးနေမှာ… အဲ့မတိုင်ခင်အထိတော့ မလိုလားတဲ့သူမှန်သမျှ အသတ်ခံရမှာပဲ… နောက်ဆုံး ဆယ်ယောက်ပဲကျန်တော့တဲ့ အချိန်ကြရင်တော့ အဲ့လူတွေအကုန်လုံးက ကျုပ်ရဲ့အစေခံတွေ ဖြစ်လာရမှာပေါ့…” ရန်ကိုင်က ထူးမခြားနားလေသံဖြင့် ပြောလိုက်လေသည်။ ကူကယ်ရာမဲ့နေသည့် နတ်ဆိုးဘုရင်များနှင့် ယှဉ်လိုက်သော် ရန်ကိုင်သည် တကယ့်နတ်ဆိုးဘုရင်တစ်ပါးနှင့်ပင် တူနေပေသေးသည်။ သူ့ရှေ့တွင်ရှိနေသည့်လူများမှာ နတ်ဆိုးဘုရင်များ မဟုတ်ကြတော့ဘဲ ရန်ကိုင်သတ်ဖြတ်သည်ကို စောင့်ဆိုင်းနေရသည့် သားကောင်လေးများအလား။
“ကျုပ်အရင်မေးလိုက်တဲ့လူတွေအကုန်လုံး ငြင်းပါစေလို့ ခင်ဗျားတို့ ဆုတောင်းနေသင့်တယ်နော်… အဲ့ဒါဆိုလို့ရှိရင် နောက်ဆုံးကျန်တဲ့လူတွေက အသက်ရှင်ခွင့်ရမှာ… အဲ့လိုမှမဟုတ်ရင်တော့ ခင်ဗျားတို့ရဲ့ကံပဲပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှယဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး မေးလိုက်လေသည်။ “သေမလား ရှင်မလား…”
ရှယ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ နတ်ဆိုးဘုရင်နှစ်ပါးမှာ နမူနာပြပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရှယမှာ အတော်လေးကိုမှ ထိတ်လန့်နေသည့်အလား ရန်ကိုင်၏မေးခွန်းကိုပင် အချိန်မီ တန်းမဖြေနိုင်ခဲ့ချေ။
ထိုအချင်းအရာကိုမြင်သော် ဖေးလီက အော်ပြောလိုက်လေ၏။ “ရှယ… ငါတို့လည်း မကြာခင် နင့်နောက်ကို လိုက်လာရမှာ… သေတယ်ဆိုတာ မဟာနတ်ဆိုးနတ်ဘုရားရဲ့ ရင်ခွင်ဆီ ပြန်သွားတာပဲ… ဘာမှကြောက်နေစရာမလိုဘူး…”
ရှယက အထစ်ထစ်အငေါ့ငေါ့ဖြင့် “ဖေးလီ… နင့်အတွက်ပြောရတာတော့ လွယ်တာပေါ့… အမေးခံနေရတဲ့လူက ငါလေ… နင်မှမဟုတ်တာ… သေတယ်ဆိုတာ တကယ်တော့ ဘာမှမဟုတ်ဘူး… ဒါပေမယ့် ဒီလိုပုံစံကြီးနဲ့သေရတာ ငါတို့နတ်ဆိုးကလန်အတွက်တော့ ရှက်စရာပဲ…”
“နင်…” ဖေးလီ အံ့အားသင့်သွားခဲ့ပြီး ရှယအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “နင် တကယ်ကြီး…”
“ပြန်ဖြေဖို့ ခင်ဗျားမှာ အသက်သုံးရှိုက်စာ အချိန်ရမယ်…” ရန်ကိုင်က ဖြည်းဖြည်းချင်း လက်ညှိုးတစ်ချောင်း ထောင်လိုက်လေသည်။
ရှယသည် ချက်ချင်းပဲ ဒူးထောက်၍ ဦးညွှတ်ကာ ပြောလိုက်လေ၏။ “ရှယ ဆရာ့လက်အောက်မှာ ခစားဖို့ ဆန္ဒရှိပါတယ်…”
ထိုအချင်းအရာကိုမြင်သော် အခြားသောနတ်ဆိုးဘုရင်များ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး နတ်ဆိုးဘုရင်အများစုမှာ ရှယအား အထင်အမြင်တသေး ဒေါသတကြီးဖြင့် စိုက်ကြည့်လာကြလေသည်။ ရှယအား နတ်ဆိုးဘုရင်ဟု ခေါ်ဖို့ရာပင် သူတို့စိတ်ထဲ ရှက်ရွံ့လာကြသည်။ သို့သော်ငြား အခြားနတ်ဆိုးဘုရင်များမှာတော့ ရှယခံစားရသည်နှင့် ပတ်သက်၍ ကိုယ်ချင်းစာမိပေသည်။
ဤလောကကြီးထဲတွင် သေရမည်ကို မကြောက်ကြသည့်လူများ ရှိကြသလို သေရမည်ကို ကြောက်ကြသည့် ငကြောက်များလည်း ရှိကြပေသည်။ နတ်ဆိုးဘုရင်များမှာ အားကောင်းကြသည်မှန်ပါသော်ငြား သူတို့သည်လည်း ထိုအမှန်တရားနှင့် မကင်းကွာနိုင်ကြပေ။
“ကောင်းတယ်…” ရန်ကိုင်က ပြုံးလျက် ရှယ၏နဖူးပေါ် သူ့လက်ကိုတင်လိုက်သည်။ မကြာမီတွင် ရှယသည် ခေါင်းမော့၍ ရန်ကိုင်အား အံ့အားသင့်နေသည့်အမူအယာဖြင့် ကြည့်လျက် “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ပေါင်ချီအနောက်နားနေရာ၌ သွားရပ်နေလေသည်။
ပေါင်ချီသည် ရှယအား ငါသိနေပါတယ်ဟူသော အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ရှင်းရှင်းပြောရသော် ရှယအကြောင်းကိုသာ မသိပါက သူသည်လည်း ရှယ၏ အရူးလုပ်ခြင်း ခံရပေလိမ့်မည်။
“ငါ နင့်ကို အစောကြီးတည်းက သတ်ပစ်လိုက်သင့်တာ…” ဖေးလီက အံကြိတ်၍ အော်ပြောလိုက်လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် သူ့အနေဖြင့် ရှယအား ဤလူရိုင်းမျိုးနွယ်၏ အစေခံဖြစ်လာခိုင်းမည့်အစား သူကိုယ်တိုင်သာ သတ်ပစ်လိုက်ပေလိမ့်မည်။ ရှယ တစ်ဖက်လူ၏ အစေခံလုပ်လိုက်ခြင်းသည် နတ်ဆိုးဘုရင်များအတွက်တော့ ကျက်သရေယုတ်စရာပင်။
ထို့နောက်တွင် ရန်ကိုင်သည် နတ်ဆိုးဘုရင်များဘက်သို့လှည့်၍ အလေးအနက်အမူအယာဖြင့် အော်ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားတို့ကို နောက်ဆုံးတစ်ကြိမ် မေးမယ်… ခင်ဗျားတို့ အသက်ရှင်ချင်လား သေချင်လား…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၇၅)
ဘာသာပြန်သူ_တိမ်တိုက်
“နောက်ဆုံးအကြိမ် ထပ်မေးမယ်… ခင်ဗျားတို့ အသက်ရှင်ချင်လား သေချင်လား… ဘယ်သူမှ အညံ့မခံချင်ဘူးဆိုရင် ရတယ်… ကျုပ် ခင်ဗျားတို့အကုန်လုံးကို သတ်ပစ်ပေးမယ်… ဒီမှာ နတ်ဆိုးဘုရင်တွေဆိုလို့ ခင်ဗျားတို့ပဲ ရှိတာမဟုတ်ဘူး… အခြားလူတွေ အများကြီးရှိသေးတယ်… ပြီးတော့ ကျုပ်လက်အောက်မှာ အညံ့ခံလိုက်လို့လည်း ခင်ဗျားတို့အတွက် ဘာမှ ရှက်နေစရာမလိုဘူး… အညံ့မခံတဲ့လူတွေက သေမှာ… အညံ့ခံတဲ့လူတွေပဲ အသက်ရှင်မှာ… ဒီတော့ ခင်ဗျားတို့ ကျုပ်လက်အောက်မှာ အညံ့ခံလိုက်တယ်ဆိုတာကို ခင်ဗျားတို့ကလွဲပြီးတော့ အခြားဘယ်သူမှ သိမှာမဟုတ်ဘူး… အခု ခင်ဗျားတို့အားလုံး အသက်သုံးရှိုက်စာ အချိန်ရမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် စိတ်မရှည်ဖြစ်လာသည့်အလား နောက်ဆုံးရာဇသံကို ပေးချင်နေသည့် ပုံစံမျိုးဖြင့် လက်သုံးချောင်းထောင်လိုက်လေသည်။ ထို့နောက် အေးစက်စက်အမူအယာဖြင့် စတင်ရေရွတ်တော့လေ၏။ “သုံး…”
တစ်ချက်ရပ်ပြီးသည့်နောက် ဆက်ပြောလိုက်သည်။ “နှစ်…”
နတ်ဆိုးဘုရင်များ၏အမူအယာ လေးနက်တည်ကြည်သွားကုန်ကြလေသည်။
နောက်ဆုံးနံပါတ်နားသို့ မရောက်ခင် မျက်နှာထက်တွင် အမာရွတ်များရှိနေသော နတ်ဆိုးဘုရင်တစ်ဦးသည် ထရပ်၍ အထစ်ထစ် အငေါ့ငေါ့လေသံဖြင့် ပြောလိုက်လေ၏။ “ကျုပ်… ကျုပ် ဆရာ့လက်အောက်မှာ ခစားဖို့ ဆန္ဒရှိပါတယ်…”
ထိုနတ်ဆိုးဘုရင်သည် အံကိုတင်းတင်းကြိတ်၍ ထိုစကားကိုပြောလိုက်သည်။ မျက်နှာအမူအယာမှာတော့ အတော်လေးကိုမှ ရုန်းကန်နေရသည့်ပုံစံမျိုးအလား။ ကြည့်ရသလောက် ထိုဆုံးဖြတ်ချက်ကို ချရန်အတွက် ထိုနတ်ဆိုးဘုရင်သည် အတော်လေးကိုမှ ဝေခွဲမရ ဖြစ်ခဲ့သည့်ပုံပင်။
အရိုးနတ်ဆိုးဖေးလီမှာတော့ ထိုမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်နေခြင်း မရှိတော့ချေ။ ရှယ ရန်ကိုင်ဆီသို့ အညံ့ခံသွားသည့် အချိန်မှစ၍ ယခုကဲ့သို့ဖြစ်မည်မှန်း သူ ကြိုမျှော်လင့်ထားပြီးသားပင်။ ထို့အတွက်ကြောင့် ထိုလူများကို သွားရောက်အပြစ်တင်နေခြင်း မရှိခဲ့။
အသေခံမလား၊ ဒူးထောက်ပြီး အညံ့ခံမလား ဆိုသည်မှာ သူတို့ဆုံးဖြတ်ရမည့် သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ဖြစ်ကြလေသည်။ အချို့ကမူ ဂုဏ်သိက္ခာကို ဂရုစိုက်မနေတော့ဘဲ တစ်ဖက်လူ၏လက်အောက်သို့ ခိုဝင်ချင်ကြသည်။ ထိုလူများကို သူ သွားတားနေလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ဤနေရာတွင်ရှိနေသည့် နတ်ဆိုးဘုရင်အများစုမှာ ထိုကဲ့သို့သော ငကြောက်များ မဟုတ်မှန်းတော့ ဖေးလီသိနေခဲ့သည်။ သူတို့သည် နတ်ဆိုးဘုရင်များ ဖြစ်ကြလေသည်။
ဖေးလီထင်နေသည်မှာလည်း တကယ်ကိုမှန်ပေသည်။ သူနှင့် နတ်ဆိုးဘုရင်အများစုသည် အခြားသောနတ်ဆိုးဘုရင်များ ရန်ကိုင်ဆီသို့ အညံ့ခံသွားသည်ကို ရှက်ရှက်ဖြင့် ကြည့်နေကြလေသည်။
“ငါးယောက်… အင်း…” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးရင်း သူ့ရှေ့တွင် ဒူးထောက်နေသော နတ်ဆိုးဘုရင်များကို ကြည့်လိုက်သည်။ ထို့နောက် အနောက်ဘက်၌ရှိနေသော နတ်ဆိုးဘုရင်ရှစ်ပါးကို လှမ်းကြည့်ပြီးသည့်နောက် ပြုံး၍ မှတ်ချက်ပေးလိုက်လေသည်။ “ကြည့်ရတာ ခင်ဗျားတို့အားလုံး ဆုံးဖြတ်လို့ ပြီးသွားပြီနဲ့တူတယ်…”
ဖေးလီသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်ရှေ့တွင် ဒူးထောက်နေသော နတ်ဆိုးဘုရင်ငါးပါးအား အထင်အမြင်တသေးဖြင့် လှမ်းကြည့်လိုက်လေသည်။
“အင်း… အရေအတွက်ကတော့ ကွက်တိပါပဲ…” ရန်ကိုင် ပြုံးဖြီးလိုက်လေသည်။
ရန်ကိုင်၏စကားသည် နတ်ဆိုးဘုရင်များကို ဇဝေဇဝါ ဖြစ်သွားစေခဲ့လေသည်။
ရန်ကိုင်က ဖြည်းဖြည်းချင်း သူ့လက်ကိုမြှောက်လျက် ထူးမခြားနားဟန်ဖြင့် “ကဲ… အခု ခင်ဗျားတို့အားလုံး သေလို့ရပြီ…”
“နတ်ဆိုးမျိုးနွယ်စုက ဘယ်တော့မှမသေဘူးကွ…” ဖေးလီက အော်ပြောလိုက်လေသည်။
အခြားသောနတ်ဆိုးဘုရင်များသည်လည်း ဖေးလီနှင့်အတူ သံပြိုင် အော်ဟစ်လိုက်ကြသည်။
တဖုန်းဖုန်းမြည်သံများနှင့်အတူ နတ်ဆိုးဘုရင်တစ်ကောင်ချင်းစီ ပေါက်ကွဲထွက်ကုန်ကြလေသည်။ ၎င်းတို့၏ကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးနှလုံးသားအားလုံးမှာလည်း အငွေ့ပျံ ပျောက်ကွယ်သွားကြကုန်ရလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှယ၏အပြုံး တောင့်တင်းသွားခဲ့သည်။ ပေါင်ချီသည်လည်း ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေမိလေသည်။
အခြားသောနတ်ဆိုးဘုရင်များမှာလည်း မှင်တက်နေကုန်ကြလေ၏။
အကြောင်းမှာ ရန်ကိုင်သတ်လိုက်သည့်နတ်ဆိုးဘုရင်များသည် အညံ့မခံသေးသည့် နတ်ဆိုးဘုရင်များ မဟုတ်ကြဘဲ သူ့လက်အောက်သို့ အညံ့ခံလာသည့် နတ်ဆိုးဘုရင်များ ဖြစ်နေကြသည့် အတွက်ကြောင့်ပင်။
(သူ လူမှားသတ်လိုက်တာလား…)
ထိုအတွေးသည် နတ်ဆိုးဘုရင်များ၏စိတ်ထဲ အလိုလိုပေါ်လာခဲ့လေသည်။ သို့သော်ငြား မည်ကဲ့သို့များ ဖြစ်နိုင်ပါမည်နည်း။ ရန်ကိုင်အမှားလုပ်လိုက်ခြင်းသာ မဟုတ်ပါက ရှင်းပြချက်တစ်ခုသာ ရှိတော့လေသည်။
ထိုပြင်ပမျိုးနွယ်စုဝင်ကောင်သည် ယခုကိစ္စကို တမင်တကာ လုပ်လိုက်ခြင်းသာ ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်မှ သူ့လက်အောက်သို့ ခိုဝင်စေလိုသည့်လူများမှာ ထိုငကြောက်များမဟုတ်ကြ။ ထို့အစား အညံ့မခံသေးသည့် နတ်ဆိုးဘုရင်များသာ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် အရေအတွက်မှာ ကွက်တိဖြစ်သည်ဟု ရန်ကိုင်ပြောလိုက်ခြင်းမှာ အထူးအဆန်းမဟုတ်တော့။ ပေါင်ချီနှင့် ရှယတို့မှာ ရန်ကိုင်၏လက်အောက်သို့ ရောက်နေပြီး ဖြစ်သည့်အတွက်ကြောင့် နောက်ထပ် လူရှစ်ဦးသာ သူထပ်လက်ခံနိုင်တော့သည်။ အညံ့မခံသေးသည့် နတ်ဆိုးဘုရင် အရေအတွက်မှာလည်း ရှစ်ယောက် ရှိနေသည့်အတွက် အရေအတွက်မှာ ကွက်တိ ဖြစ်သည်ဟု ရန်ကိုင်မှ ပြောလိုက်ခြင်း ဖြစ်သည်။
“မင်း ဘာလုပ်ချင်နေတာလဲ…” ဖေးလီသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် မေးလိုက်လေသည်။
“ကျုပ်ဘာလုပ်ချင်နေလဲ ခင်ဗျားမသိဘူးလား…” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်သည်။
ဖေးလီက ပြန်ပြောလိုက်သည်။ “ငါတို့ ဘယ်တော့မှအညံ့ခံမှာမဟုတ်ဘူး… မင်း ငါတို့ကို သတ်ချင်သတ်ပစ်လိုက်…”
ရန်ကိုင်က ခေါင်းညိတ်၍ “ကျုပ်သိပါတယ်… ခင်ဗျားကိုယ်တိုင်လည်း ကျုပ်ဆီမှာ အညံ့ခံချင်တာမှမဟုတ်တာ… ဒါပေမယ့် ကျုပ်ပြောထားပြီးသားလေ… ခင်ဗျားဘာသာ အညံ့ခံချင်ချင် မခံချင်ချင် ကျုပ်မှာ ခင်ဗျားတို့ကို ကျုပ်ရဲ့အစေခံတွေဖြစ်အောင် လုပ်နိုင်မယ့်နည်းလမ်း ရှိပြီးသားလို့… ရှင်းရှင်းပြောရရင် ကျုပ်က ခင်ဗျားတို့လို ပညာရှင်တွေကို လိုအပ်နေတာ… ဒီအညံ့ခံလာတဲ့ကောင်တွေက ဘာမှအသုံးမဝင်တဲ့ကောင်တွေ…”
ထိုစကားကိုကြားသော် ရှယ ရှက်သွားခဲ့လေသည်။ သူမသည် အနည်းငယ်မျှပင်လျှင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း ရန်ကိုင်ဆီ အညံ့ခံခဲ့သည် မဟုတ်ပေလော။ တစ်ချိန်တည်းတွင် ရန်ကိုင်ဆီသို့ ပထမဦးဆုံး အညံ့ခံခဲ့သည့် နတ်ဆိုးဖြစ်ရသည့်အပေါ်လည်း ဝမ်းသာမိသွားခဲ့လေသည်။ သူမသည်သာ ဤနတ်ဆိုးများနှင့်အတူတကွ အညံ့ခံရမည်ဆိုပါက ရန်ကိုင်၏သတ်ပစ်ခြင်း ခံနေရလောက်ပေပြီ။
“အဲ့ဒါကြောင့်ပဲ မင်း သူတို့ကို အရှက်ခွဲပြီးတော့ သတ်ပစ်လိုက်တာလား…” ဖေးလီ၏ခံစားချက်များ စတင်၍ ဆူပွက်လာခဲ့လေသည်။ သေသွားသည့်နတ်ဆိုးဘုရင်များသည် ငကြောက်များ ဖြစ်ကြပါသော်ငြား ရန်ကိုင်၏လုပ်ရပ်သည် သူ့အား ဒေါသူပုန်ထသွားစေခဲ့သည်။
“ဟုတ်တယ်… အဲ့အကြောင်းကြောင့်ပဲ…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “အဲ့နည်းလမ်းနဲ့ပဲ အဲ့လိုအမှိုက်ကောင်တွေကို ရှင်းနိုင်မှာ…”
ဖေးလီသည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား ရန်ကိုင်မှ သူ့လက်အား ကောက်ဝှေ့ယမ်း၍ ဖေးလီအား စကားပြောခွင့်မပေးဘဲ စိတ်မရှည်ဟန်ဖြင့် ဆက်ပြောလိုက်သည်။ “အခု ခင်ဗျားတို့အလှည့်ပဲ…”
ထို့နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ နတ်ဆိုးဘုရင်တစ်ပါးကို သူ့ဆီသို့ ဆွဲခေါ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်၏ဘယ်ဘက်မျက်လုံးမှာ ရွှေရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး နတ်ဆိုးဘုရင်တည့်တည့်အား စိုက်ကြည့်လိုက်လေသည်။
နတ်ဆိုးဘုရင်သည် အပြင်းအထန် ရုန်းကန်နေခဲ့ပါသော်ငြား အချည်းအနှီးသည်သာ။ ဤကမ္ဘာကြီးတစ်ခုလုံးမှ သူ့အပေါ် ဖိနှိပ်ထားသလို ရန်ကိုင်၏ကောင်းကင်စိတ်အာရုံမှာလည်း အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် နတ်ဆိုးဘုရင်မှာ ရုန်းကန်နိုင်ခဲ့ခြင်း မရှိဘဲ မကြာမီ ရန်ကိုင်လက်တွင်းသို့သာ သက်ဆင်းသွားခဲ့ရလေသည်။
ရန်ကိုင်မှ လွှင့်ပစ်လိုက်ချိန် နတ်ဆိုးဘုရင်သည် နေရထိုင်ရ အဆင်မပြေသည့် ပုံစံမျိုးဖြင့် ခေါင်းကို အဆက်မပြတ် ခါနေခဲ့သည်။ သို့သော်ငြား ခေါင်းပြန်မော့လာချိန်တွင် သူ့မျက်လုံးထဲ ရန်ကိုင်အပေါ် မည်သည့်ရန်လိုစိတ်မှ ရှိမနေတော့ချေ။ ရန်ကိုင်အား တလေးတစားဖြင့် ဦးညွှတ်ပြီးသည့်နောက် ပေါင်ချီနှင့် ရှယဘေးနားတွင် သွားရပ်နေလေသည်။
“ကြိုဆိုပါတယ် ခွန်အားနတ်ဆိုးရို့လာ…” ပေါင်ချီက ပြုံး၍ ပြောလိုက်လေသည်။
ခွန်အားနတ်ဆိုးသည် ပေါင်ချီအား တစ်ချက်သာကြည့်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
“ဟေး… ဒါကြီးက သိပ်တော့အဆင်မပြေဘူးနော်…” အရိပ်နတ်ဆိုးမိုခဲတော့သည် စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ် မျိုချလိုက်လေသည်။ သူမ၏ ကိုယ်ပျောက်ပညာရပ်ကိုပင် အသုံးပြုထားခြင်း မရှိတော့ချေ။ အလွန်ကိုမှ ခေါင်းမာလှသည့် နတ်ဆိုးဘုရင်တစ်ပါးကို ဤပြင်ပမျိုးနွယ်စုဝင်မှ အလွယ်တကူ အစေခံဖြစ်အောင် လုပ်လိုက်သည်ကိုကြည့်ရင်း မိုခဲတော့ရင်ထဲ ထိတ်လန့်မိသလို စိုးလည်းစိုးရိမ်လာမိလေသည်။
အခြားသောနတ်ဆိုးဘုရင်များမှာလည်း ထိုနည်းတူ ခံစားနေကြရသည်။
သူတို့သည် သေရမည်ကို မကြောက်ကြပေ။ သေရမည်ကိုသာ ကြောက်နေပါက ယခုကဲ့သို့ အညံ့မခံဘဲ နေနေလိမ့်မည်မဟုတ်။ သူတို့တကယ်ကြောက်ရသည်မှာ တစ်ဖက်လူ၏ အစေခံ ဖြစ်လာရမည်ကိုပင်။
နတ်ဆိုးသူတော်စင်များသည်ပင် သူတို့အား ယခုကဲ့သို့ ကျွန်မပြုနိုင်ချေ။
ဤလောကကြီးမှ သူတို့အပေါ် ဖိနှိပ်နေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ထိုနတ်ဆိုးများမှာ နတ်ဆိုးချီဖြင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန်သာ ကြိုးစားကြပေလိမ့်မည်။ တစ်ဖက်လူ၏အစေခံတော့ လုပ်လိမ့်မည်မဟုတ်ပေ။
နတ်ဆိုးဘုရင်တစ်ပါးပြီးတစ်ပါး ထိုကောင်လေးရှေ့သို့ ရောက်သွားကြပြီး သူ့အစေခံများ ဖြစ်လာနေကြရသည်။
“ဆရာ… ဆရာပဲ ခုနတုန်းက မမှည့်ဘဲခူးတဲ့ ဖရဲသီးတွေက မချိုဘူးလို့ ပြောတယ်မလား… အခု ဘာဖြစ်လို့ ဒါမျိုးလုပ်နေရတာလဲ… ဘာဖြစ်လို့ ကျုပ်တို့ကိုပဲ အသေမခံခိုင်းရတာလဲ…” မိုခဲတော့သည် ရန်ကိုင်အား ကြည့်၍ လှမ်းအော်ပြောလိုက်လေသည်။
ရန်ကိုင်က ပြုံးဖြီးလျက် “ဟုတ်တယ်… မမှည့်ဘဲခူးတဲ့ ဖရဲသီးတွေက မချိုဘူး… ဒါပေမယ့် အနည်းဆုံးတော့ ရေငတ်ပြေစေသေးတယ်လေ…”
မိုခဲတော့၏မျက်နှာကြီး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။
သူမစိတ်ထဲ ဒေါသူပုန်ထနေစဉ်မှာပင် ရန်ကိုင်သည် သူမအား သူ့ဆီသို့ ဆွဲခေါ်လိုက်သည်။
သူမသည်လည်း အစောပိုင်းက နတ်ဆိုးဘုရင်များကဲ့သို့ ဖြစ်ရတော့မည်မှန်း သိလိုက်သော် မိုခဲတော့မှာ ကူကယ်ရာမဲ့နေဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
နတ်ဆိုးဘုရင်များ တစ်ပါးပြီးတစ်ပါး ရန်ကိုင်၏ဝိဉာဉ်အမှတ်အသားဖြင့် ခတ်နှိပ်ခြင်း ခံရပြီးသည့်နောက် အဆုံးတွင် ဖေးလီအလှည့်သို့ ရောက်လာခဲ့လေသည်။
ရှင်းရှင်းပြောရလျှင် ဤနေရာတွင် ရှိနေသည့် နတ်ဆိုးဘုရင်များအနက် ဖေးလီသည် ထိုနတ်ဆိုးဘုရင်အားလုံး၏ ခေါင်းဆောင်ဖြစ်သည်ဟုပင် ပြော၍ရလေသည်။ ထိုကဲ့သို့ ခေါင်းဆောင်ဖြစ်ရသည့်အပေါ်လည်း ဖေးလီ ဂုဏ်ယူသင့်ပေသည်။ ရန်ကိုင်မှ သူ့ဝိဉာဉ်အမှတ်အသားကို ဖေးလီအပေါ် ခတ်နှိပ်နေစဉ်တွင်ပင် ဖေးလီသည် အသည်းအသန်ကို ခုခံနေခဲ့သေးသည်။ ကံမကောင်းစွာဖြင့် သူ၏ခုခံမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။
အမွေးတိုင်တစ်ချောင်းစာအတွင်း ဖေးလီအပါအဝင် နတ်ဆိုးဘုရင်ရှစ်ပါးစလုံး ရန်ကိုင်၏လက်အောက်သို့ ရောက်လာခဲ့ရလေ၏။
အကုန်လုံး မတ်တပ်ပြန်ရပ်လာကြပြီး အကုန်လုံးသည် ကသိကအောက်အမူအယာများဖြင့် အကြည့်ချင်းဖလှယ်နေကြလေသည်။
ရှယကမူ နတ်ဆိုးဘုရင်များဆီ လျှောက်ပတ်သွားရင်းမှ ရန်ကိုင်မည်မျှ အားကောင်းကြောင်းကို တဖွဖွချီးကျူးပြောဆိုလေ၏။
နတ်ဆိုးဘုရင်များအပေါ် သူ၏ဝိဉာဉ်အမှတ်အသားကို တံဆိပ်ခတ်နှိပ်နိုင်ရန်အတွက် ရန်ကိုင်သည် စိတ်စွမ်းအားများစွာကို အသုံးပြုခဲ့ရပါသော်ငြား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ အကူအညီကြောင့် ထိုအတိုင်းအတာသည် သူလက်သင့်ခံနိုင်သည့် ဘောင်အတွင်းတွင် ရှိနေပေသေးသည်။ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ ကျေးဇူးကြောင့် သူ့အနေဖြင့် ခဏလောက်အနားယူလိုက်မည်ဆိုပါက ကုန်ဆုံးသွားသည့်စိတ်စွမ်းအင်များ ပြန်ပြည့်လာပေလိမ့်မည်။
လောကဓာတ်လုံးအတွင်း၌ နတ်ဆိုးဘုရင်ဆယ်ပါးသည် ရန်ကိုင်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်နေကြလေသည်။
ရန်ကိုင်သည် နတ်ဆိုးဘုရင်များကို ဝေ့ကြည့်လျက် အမိန့်ပေးလိုက်လေ၏။ “ကျုပ် ခင်ဗျားတို့ကို လုပ်ခိုင်းစရာအချို့ရှိတယ်…”
“ကျေးဇူးပြုပြီး ပြောပါဆရာ…” ဖေးလီက ပြောလိုက်သည်။
“ပထမဦးဆုံး ခင်ဗျားတို့လက်အောက်မှာရှိနေတဲ့ နတ်ဆိုးအသွင်ပြောင်းထားတဲ့လူရိုင်းတွေကို ကျုပ်ဆီကို ခေါ်လာပေး… ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်းမှာ နတ်ဆိုးအသွင်ပြောင်းသွားတဲ့လူရိုင်းတွေ အနည်းနဲ့အများတော့ရှိမှန်း ကျုပ်သိပြီးသား… ကျုပ် အဲ့လူတွေကို လိုအပ်တယ်…”
ဖေးလီ ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့…”
နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများသည် နတ်ဆိုးမျိုးနွယ်စုထဲတွင် အဆင့်အတန်းအနိမ့်ဆုံးလူများ ဖြစ်ကြကာ ထိုလူများကို နတ်ဆိုးဘုရင်များက ဂရုစိုက်ခြင်း မရှိကြပေ။
“ဒုတိယက ကျုပ် ခင်ဗျားတို့ရဲ့ နတ်ဆိုးသားရဲတွေကို လိုချင်တယ်…” ရန်ကိုင်က ထပ်ပြောလိုက်သည်။
ပထမတစ်ခုနှင့် ယှဉ်လိုက်သော် ဤတစ်ခုမှာ ဖြည့်ဆည်းပေးဖို့ရာ ပိုမိုခက်ခဲလှသည်။ သို့သော်ငြား မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ နတ်ဆိုးသူတော်စင်များမှာ အနားယူအားပြန်ဖြည့်နေသည့် အချိန်အခါတွင် ရှိနေသေးသည့်အတွက်ကြောင့် နတ်ဆိုးဘုရင်များကို သူတို့ပိုင်နက်အတွင်း မည်သူမျှ သွားရောက်ထိန်းချုပ်နိုင်ခြင်း မရှိကြချေ။ နတ်ဆိုးဘုရင်များသာ နတ်ဆိုးသားရဲများကို အခြားတစ်ယောက်ဆီ ပေးပစ်မည်ဆိုပါက ထိုနတ်ဆိုးဘုရင်၏ လက်အောက်ငယ်သားများသည်ပင်လျှင် ဘာမှပြောနိုင်လိမ့်မည်မဟုတ်။
“တတိယက ဒီနေ့ ကျုပ်သတ်လိုက်တဲ့ နတ်ဆိုးဘုရင်တွေရဲ့ လက်အောက်ငယ်သားတွေကို စုဆောင်းထားလိုက်… သူတို့သေသွားတယ်ဆိုတဲ့အကြောင်း လုံးဝ သတင်းမပြန့်စေနဲ့နော်…”
နတ်ဆိုးဘုရင်အားလုံး ခေါင်းညိတ်လိုက်ကြလေသည်။
“ဆရာ… ဒါတွေလုပ်ပြီးသွားလို့ရှိရင် ကျုပ်တို့ ဆရာ့ဆီလာဖို့လိုလား…” ဖေးလီက မေးလိုက်လေသည်။
“မလိုဘူး…” ရန်ကိုင်က ခေါင်းခါလျက် “အဲ့ဒါတွေပြီးသွားလို့ရှိရင် ခင်ဗျားတို့ဘာသာ လုပ်ချင်တာလုပ်နေ… ကျုပ် တစ်ခုခုလိုအပ်လာရင် ခင်ဗျားတို့ကို လှမ်းပြောလိုက်မယ်…”
မိုခဲတော့က မေးလိုက်လေသည်။ “ဒါဆိုရင်လေ ပြင်ပမျိုးနွယ်စုတွေကသာ ကျွန်မတို့ကို လာတိုက်ခိုက်မယ်ဆိုရင်ရော… ဆရာလည်းသိတာပဲ… ဆရာတို့ရဲ့လူတွေက ကျွန်မတို့ကို ပြန်ပြီးတော့ တိုက်ခိုက်နေကြတာလေ…”
ရန်ကိုင်က သူမအား ကြည့်၍ ပြန်ပြောလိုက်သည်။ “ခင်ဗျားရဲ့လက်အောက်ငယ်သားတွေကို အသေခံခိုင်းဖို့ အဲ့လောက်ခက်တာမှမဟုတ်တာ…”
ထိုစကားထွက်လာသည့်နောက် နတ်ဆိုးဘုရင်ရှစ်ပါးစလုံး၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ကြလေသည်။ ယခုအချိန်တွင် သူတို့မှာ ရန်ကိုင်၏ ဝိဉာဉ်အမှတ်အသား ခတ်နှိပ်ထားခံရသည့်အတွက်ကြောင့် ရန်ကိုင်၏အစေခံများ ဖြစ်လာကြပြီ ဖြစ်ပါသော်ငြား သူတို့၏လက်အောက်ငယ်သားများကို ဤအတိုင်း သေပစ်ခိုင်းဖို့ရာ ဆန္ဒမရှိကြချေ။
သူတို့၏အတွေးများ မည်သို့ပင်ဖြစ်နေစေကာမူ အမိန့်ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုလူအားလုံးကို လောကဓာတ်လုံးအပြင်ဘက်သို့ ပြန်ပို့လိုက်လေ၏။
လောကဓာတ်လုံးထဲမှ ထွက်လာပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်ရှစ်ပါးသည် သူတို့ပိုင်နက်အသီးသီးဆီသို့ ပြန်သွားလိုက်ကြလေသည်။
ထွက်ခွာသွားသည့် နတ်ဆိုးဘုရင်များကိုကြည့်ရင်း ရှယက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ငါ အစကတွေးနေတာ… ဆရာက အရင်နည်းအတိုင်း သူတို့ရဲ့လက်အောက်ငယ်သားတွေကို ရှင်းပစ်မယ်လို့ ထင်ထားခဲ့တာ…”
“အရမ်းကြီးအားကောင်းတယ်ဆိုတိုင်း ကောင်းလွန်းတာတော့မဟုတ်ဘူး… ပြီးတော့ ကျုပ်အနားယူဖို့လိုသေးတယ်…”
အစက လူသုံးထောင်ခန့်သာ ရှိခဲ့သော မှော်ဆရာညို၏အဖွဲ့သည် ယခုဆိုလျှင် နတ်ဆိုးဘုရင်နှစ်ပါးလုံး၏ စစ်တပ်များကို ရှင်းပစ်ပြီးသွားခဲ့လေပြီ။ သူတို့သည်သာ ဤနှုန်းအတိုင်း ဆက်သွားနေမည်ဆိုပါက မှော်ဆရာညို၏အဖွဲ့သည် အချိန်တိုအတွင်း အလွန်တရာကိုမှ အားကောင်းလာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ နတ်ဆိုးမျိုးနွယ်စု၏အာရုံကို ဆွဲဆောင်သွားနိုင်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၇၆)
ဘာသာပြန်သူ_တိမ်တိုက်
အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ရာ မကြာမီ တစ်လပြည့်သွားခဲ့သည်။
ထိုတစ်လအတွင်း ရန်ကိုင်အဖွဲ့နှင့်ပတ်သက်၍ အချို့သောပြောင်းလဲမှုများ ဖြစ်ခဲ့ရလေသည်။
အသိသာဆုံးသော ပြောင်းလဲမှုမှာ လူအရေအတွက် တိုးလာခြင်းပင်။
တိုက်ပွဲမစခင်က လူသုံးထောင်သာ ရှိခဲ့သော ရန်ကိုင်၏အဖွဲ့သည် သုံးလဟူသော တိုက်ပွဲအတွင်းတွင် လူငါးထောင်အထိ တိုးလာခဲ့ပြီး ပေါင်ချီ၏မြို့ကို အပိုင်သိမ်းပြီးသည့်နောက် ခုနှစ်ထောင်အထိ တိုးလာခဲ့ရလေသည်။
ယခုဆိုလျှင် ထိုခုနှစ်ထောင်ဟူသော လူအရေအတွက်မှာ သုံးဆနီးပါးခန့် ဖြစ်လာခဲ့လေရာ နှစ်သောင်းနီးပါးသို့ ရောက်ရှိလာခဲ့လေသည်။
ဤအရေအတွက်သည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် အရေအတွက် ဖြစ်ပေသည်။ ဤကဲ့သို့သော စစ်တပ်ကြီးကို သာမန်မှော်ဝိဇ္ဇာတစ်ပါးမှ ဦးဆောင်ရန် မသင့်တော်။ မှော်ဘုရင်တစ်ပါးကသာ ထိုမျှများပြားလှသည့် လူအရေအတွက်ကို ဦးဆောင်ရန် သင့်တော်ပေသည်။
အသစ်တိုးလာသည့်လူများကို နတ်ဆိုးဘုရင်အသီးသီးမှ ပို့လိုက်ခြင်း ဖြစ်ပေသည်။ မှော်ဆရာများ၏ အကူအညီဖြင့် ထိုနတ်ဆိုးအသွင်ပြောင်းသွားသော လူရိုင်းများကို ပုံမှန်လူရိုင်းများအဖြစ်သို့ ပြန်လည်ပြောင်းလဲပစ်နိုင်ခဲ့ကာ ရန်ကိုင်၏အဖွဲ့သားအရေအတွက်မှာ သိသိသာသာကို တိုးများလာခဲ့ရလေသည်။
ရန်ကိုင်အဖွဲ့ထဲရှိ လူများမှာတော့ ထိုနတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများ မည်သည့်နေရာမှ ရောက်လာသလဲဆိုသည်ကို သူတို့ မသိကြ။ သို့သော်ငြား ရန်ကိုင်၏အမိန့်အတိုင်း သူတို့ကို ခေါ်ယူထားပြီး ကုသပေးလိုက်လေသည်။ ပေါင်ချီနှင့် ရှယတို့မှာလည်း တတ်နိုင်သလောက် ဝင်ရောက်ကူညီပေးခဲ့သည်။ သူတို့နှစ်ဦး၏အကူအညီကြောင့် ထိုနတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများကို ကုသရသည်မှာ ပို၍ လွယ်ကူအဆင်ပြေခဲ့ရလေသည်။
မှော်သခင်တိုင်းသည် လုံးဝကို မအားလပ်နိုင်အောင် ဖြစ်နေခဲ့ကြသည်။ သို့တိုင် သူတို့ရင်ထဲတော့ အတော်လေးကိုမှ ပျော်နေမိကြလေသည်။
နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများအနက် မှော်ဆရာများလည်း ပါဝင်နေခဲ့လေသဖြင့် ရန်ကိုင်အဖွဲ့ထဲရှိ မှော်ဆရာအရေအတွက်မှာ တဖြည်းဖြည်းနှင့် တိုးများလာရတော့သည်။
မူလက ဆယ်ယောက်ကျော်ကျော်လောက်သာ ရှိခဲ့သော မှော်ဆရာအရေအတွက်မှာ ယခုဆိုလျှင် အယောက်ငါးဆယ်နီးပါးခန့် ရှိလာခဲ့လေပြီ။ အများစုမှာ မှော်အတတ်သင်များနှင့် မှော်စစ်သည်တော်များ ဖြစ်ကြပြီး မှော်သခင်အရေအတွက်မှာတော့ အနည်းငယ်သာ ပါဝင်ပေသည်။ မှော်ဝိဇ္ဇာမှာမူ တစ်ဦးပင် မပါခဲ့ပေ။
ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတာ့မဟုတ်။ မှော်ဝိဇ္ဇာများသည် မိမိကိုယ်ကို ကာကွယ်နိုင်သည့် မှော်ပညာရပ်များကို ပိုင်ဆိုင်ထားသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်များနှင့် ရင်ဆိုင်တွေ့မည်ဆိုလျှင်ပင် နတ်ဆိုးအသွင်ပြောင်းသွားလိမ့်မည်မဟုတ်ဘဲ အသတ်ခံရ၍သာ သေသွားပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင် နတ်ဆိုးအသွင်ပြောင်းသွားသည့် မည်သည့်မှော်ဝိဇ္ဇာမှ ရှိမနေခြင်းပင်။
ထိုလူများအပြင် နတ်ဆိုးဘုရင်အသီးသီး၏ လက်အောက်တွင် ရှိနေသော နတ်ဆိုးသားရဲများမှာလည်း ရန်ကိုင်ဆီသို့ ရောက်ရှိလာကုန်ကြလေသည်။
မူလက ရန်ကိုင်၏ နတ်ဆိုးသားရဲစစ်တပ်အဖွဲ့အသားအရေအတွက်မှာ အနည်းအကျဉ်းလောက်သာ ရှိခဲ့ပါသော်ငြား ယခုမူ တစ်ထောင်နီးပါးခန့် ရောက်ရှိလာခဲ့သည်။ နတ်ဆိုးသားရဲများကို စီးနင်းထားသည့် လူတစ်ထောင်စစ်တပ်မှာ လုံးဝကို အထင်သေး၍မရသည့် စစ်တပ်မျိုးဖြစ်ကာ နောက်လာမည့်တိုက်ပွဲတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာပေလိမ့်မည်။
လူအရေအတွက် တိုးလာသည့်အလျောက် အဖွဲ့တစ်ဖွဲ့ချင်းစီကိုလည်း ပြန်လည်စီမံခန့်ခွဲရန် လိုအပ်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုကိစ္စများကို ဝင်ပါမနေခဲ့ဘဲ ယွဲ့နှင့်လုတို့၏ လက်ထဲသို့သာ ထည့်ထားခဲ့လေသည်။
ဝေဟင်စစ်တပ်မှာလည်း မြေပြင်အခြေအနေကို လိုက်လံစုံစမ်းစစ်ဆေးကြလေသည်။ တစ်နေ့ထက်တစ်နေ့ သူတို့စစ်ဆေးနိုင်သည့် အကွာအဝေးမှာ ပိုပို၍ ကျယ်ဝန်းလာခဲ့ရလေ၏။
သူတို့ရရှိလိုက်သည့် သတင်းများအရ လူရိုင်းမျိုးနွယ်စုများ၏ တန်ပြန်တိုက်ခိုက်မှုမှာ အတော်လေးကိုမှ အကျိုးသက်ရောက်မှုရှိပေသည်။ ယခုဆိုလျှင် ဆုံးရှုံးသွားသော နေရာတော်တော်များများကိုပင်လျှင် ပြန်လည်ရရှိနိုင်ခဲ့သည်။ အချိန်နှင့်အမျှ လူရိုင်းမျိုးနွယ်စုများမှာ အောင်ပွဲများ အလီလီ ဆင်နွှဲလာခဲ့ရပြီး နတ်ဆိုးစစ်တပ်များမှာ တဖြည်းဖြည်းနှင့် နောက်ဘက်သို့ ပြန်ပြန်ဆုတ်သွားနေကြရလေသည်။
နယ်မြေအရေအတွက် ကျဉ်းမြောင်းလာသည်နှင့်အမျှ ကလန်သားများသည် အတူတကွ သွားရောက်စုဝေးကြလေရာ နတ်ဆိုးစစ်တပ်တစ်ဖွဲ့ချင်းစီတိုင်း၏ အရေအတွက်မှာ ပိုပို၍ ကြီးမားလာရတော့လေသည်။ ထို့အတွက်ကြောင့် လူရိုင်းမျိုးနွယ်စုများ ကြုံနေရသည့် နတ်ဆိုးစစ်တပ်များမှာလည်း ပိုပို၍ အားကောင်းလာခဲ့ရလေသည်။ တိုက်ပွဲတစ်ပွဲချင်းစီတိုင်းသည် အချိန်နှင့်အမျှ ပိုပို၍ ပြင်းထန်လာကြလေရာ ကလန်ပေါင်းများစွာမှ ခွန်အားအကုန်အစင်ကို ထုတ်သုံး၍ နတ်ဆိုးမျိုးနွယ်များကို ရင်ဆိုင်ကြရလေသည်။ သို့သော်ငြား အသာစီးမှ မဖိနှိပ်နိုင်ခဲ့ဘဲ လက်ရည်တူလောက်သာ ရှိနေကြသည်။
ထို့အတွက်ကြောင့် ပြန့်ကျဲနေသော နတ်ဆိုးမျိုးနွယ်စုဝင်များမှာ အတူတကွ စတင်စုဝေးသွားကုန်ကြပြီ ဖြစ်လေရာ တကယ့်စစ်ပွဲကြီးများ ဖြစ်လာကြတော့မည်မှန်း မည်သူမဆို သိနိုင်ပေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် တစ်လခန့်ကြာပြီးသည့်နောက် မြို့ထဲမှ အချက်ပေးခရာသံ ထွက်ပေါ်လာခဲ့လေသည်။ ထိုခရာသံမှာ အကုန်လုံးအား စုဝေးရန် ဆင့်ခေါ်သည့် ခရာသံသာ ဖြစ်လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်၏အခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး ယွဲ့၏အသံ ပြင်ပမှ ပေါ်လာခဲ့လေသည်။
ရန်ကိုင်လည်း ထိုင်ရာမှထရပ်၍ အခန်းတံခါးကို သွားဖွင့်လိုက်ရာ အခန်းအပြင်ဘက်တွင် ရပ်နေသော ယွဲ့နှင့်လုတို့ကို တွေ့လိုက်ရလေ၏။ ယွဲ့က ချက်ချင်းပဲ အစီရင်ခံလိုက်လေသည်။ “ဆရာ… တောင်ပိုင်းလူရိုင်းကလန်က အဖွဲ့သားတွေအားလုံးကို အမွှာမြစ်နယ်စပ်မှာ စုဝေးဖို့ မှော်ဘုရင်တွေက အမိန့်ပေးလိုက်ပါတယ်…”
ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “ဘယ်နေ့နောက်ဆုံးလဲ…”
“ဆယ်ရက်အတွင်းပါ…”
“အဲ့မှာ စစ်ဖြစ်တော့မလို့လား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
ယွဲ့က ပြန်ပြောလိုက်သည်။ “ကျွန်မတို့ရထားတဲ့ သတင်းအရတော့ အဲ့နေရာမှာ နတ်ဆိုးဘုရင်ဆယ်ပါးကျော် စုဝေးနေတယ်တဲ့… ဒါကြောင့်ပဲ အဲ့နတ်ဆိုးဘုရင်ဆယ်ပါးကို ခုခံဖို့ တောင်ပိုင်းလူရိုင်းကလန်က လူတွေအကုန်လုံးကို ဆင့်ခေါ်လိုက်ရတာ…”
“နတ်ဆိုးဘုရင်ဆယ်ပါးကျော်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ရန်ကိုင် ပထမဦးဆုံး တွေးမိလိုက်သည်မှာ ထိုနတ်ဆိုးဘုရင်ဆယ်ပါးကျော်အနက် သူ၏အစေခံများ ပါနေသလား ဟူ၍ပင်။ ပါနေမည်ဆိုလျှင်တော့ တိုက်ပွဲမှာ လွယ်ကူသွားပြီဟု ပြော၍ရပေသည်။
မြို့ထဲတွင် ခရာသံများ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။ မှော်ဘုရင်မှ အမိန့်ပေးလာခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် တစ်ဖက်လူ၏အမိန့်ကို မလွန်ဆန်နိုင်လေရာ ချက်ချင်းပဲ အော်ပြောလိုက်လေ၏။ “ကလန်သားတွေအကုန်လုံးကို စုလိုက်… နှစ်နာရီအတွင်း ထွက်မယ်လို့ ပြော…”
“ဟုတ်ကဲ့…” အမွှာနှစ်ဦး ပြန်ထွက်သွားကြလေသည်။
နှစ်နာရီခန့် ကြာပြီးသည့်နောက်တွင် လူနှစ်သောင်းနီးပါးခန့်ရှိသော အဖွဲ့သားများအားလုံး မြို့ပြင်ဘက်၌ စုဝေးလာကြလေ၏။ ရန်ကိုင်သည် မူလကကဲ့သို့ သိမ်းငှက်များကို စီးနင်းခြင်းမရှိတော့ဘဲ နတ်ဆိုးသားရဲတစ်ကောင်ကို စီးနင်း၍သာ သူ့လူများကို တစ်ချက်ဝေ့ကြည့်ပြီးသည့်နောက် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေ၏။ “ထွက်ကြမယ်…”
ထို့နောက်တွင် နှစ်သောင်းနီးပါးခန့်ရှိသော ရန်ကိုင်၏အဖွဲ့သားများသည် စုစုပေါင်း အဖွဲ့နှစ်ဆယ်အဖြစ် ခွဲကာ အမွှာမြစ်နယ်စပ်ဆီ ချီတက်ကြတော့သည်။
ခဏအကြာ၌ ရန်ကိုင်သည် ပေါင်ချီဘက်သို့လှည့်၍ တိုးတိုးလေးပြောလိုက်လေ၏။ “ဖေးလီကို ဆက်သွယ်ပြီးတော့ နတ်ဆိုးမျိုးနွယ်စုဘက်က အခြေအနေကို တစ်ချက်မေးကြည့်လိုက်…”
ပေါင်ချီလည်း ခေါင်းညိတ်၍ အနက်ရောင်ကျီးကန်းတစ်ကောင်ကို စေလွှတ်လိုက်လေသည်။ ထိုကျီးကန်းသည် တောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း မိုးကုပ်စက်ဝိုင်းအောက်ဆီသို့ ပျောက်ကွယ်သွားခဲ့လေ၏။ လူရိုင်းများမှာတော့ ထိုကိစ္စနှင့်ပတ်သက်၍ အံ့အားသင့်နေခြင်း မရှိတော့ချေ။
လူနှစ်သောင်းကျော်ကို ဦးဆောင်၍ စစ်ချီနေရသည်မှာ လွယ်သည်တော့မဟုတ်ပေ။ စစ်တပ်တစ်ခုလုံးမှာ အစီအစဉ်ကျကျနှင့် စစ်ချီတက်နိုင်ရန် လိုအပ်ပေသေးသည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်ရန်လည်း လိုပေသေးသည်။ ဤသည်မှာ ရန်ကိုင်အဖို့ မြောက်မြားလှစွာသော လူများကို ပထမဦးဆုံးအကြိမ်အဖြစ် ဦးဆောင်ရခြင်း ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်တစ်ပါး ဖြစ်ခဲ့ဖူးသည်နှင့်အညီ အလွန်ကိုမှ စိတ်ဓာတ်ကြံ့ခိုင်ဟု ပြော၍ရပေသည်။ ထို့အပြင် သူ့ကောင်းကင်စိတ်အာရုံသည် လူပေါင်းများစွာကို လွှမ်းခြုံထားနိုင်သည်အထိ အားကောင်းလှသည့်အတွက်ကြောင့် အစပိုင်းတွင် ရန်ကိုင်ခဗျာ အဆင်မပြေခဲ့ပါသော်ငြား အချိန်ကြာလာသည်နှင့်အမျှ နှစ်သောင်းသောလူအုပ်ကြီးကို အုပ်ချုပ်အမိန့်ပေးရသည်မှာ အဆင်ပြေပြေနှင့် ရှိလာခဲ့လေသည်။
စစ်ချီတက်နေစဉ်အတောအတွင်း ရန်ကိုင်တို့အဖွဲ့သည် နတ်ဆိုးမျိုးနွယ်စုမှ နတ်ဆိုးအချို့နှင့် တွေ့ခဲ့ရပေသည်။ သို့သော်ငြား ထိုနတ်ဆိုးအားလုံးမှာတော့ ရန်ကိုင်တို့အဖွဲ့၏ သုတ်သင်ရှင်းလင်းပစ်ခြင်းလည်း ခံခဲ့ရလေသည်။
သို့သော်ငြား ရန်ကိုင်စိတ်ထဲ တထင့်ထင့်နှင့် ဖြစ်နေခဲ့သည်။
အကြောင်းမှာ ဖေးလီမှ သူ့အား အကြောင်းမပြန်သည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် တစ်ခုခုမှားယွင်းနေပြီဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ဖေးလီသည် သူ့ဝိဉာဉ်အမှတ်အသား ခတ်နှိပ်ထားခြင်း ခံရပြီး သူ့အစေခံတစ်ဦး ဖြစ်လာခဲ့ရသည်။ သူတို့နှစ်ဦးကြား အကွာအဝေး အလွန်ကိုမှ ခြားနေသည့်အတွက်ကြောင့် ဖေးလီ၏အတွေးများကို အာရုံမခံမိပါသော်ငြား ဖေးလီ သူ့အား သစ္စာဖောက်လိမ့်မည်မဟုတ်ဟုတော့ ရန်ကိုင်သိနေလေသည်။
သို့သော်ငြား ရက်အနည်းငယ်ကြာသွားသည့်တိုင် ဖေးလီဆီမှ မည်သည့်အကြောင်းပြန်စာမှ ရောက်မလာခဲ့ပေ။ သို့သော်ငြား ဖေးလီမသေသေးမှန်းတော့ ရန်ကိုင်သိနေခဲ့သည်။
ခုနှစ်ရက်မြောက်နေ့ ရောက်မှသာ မိုးကုပ်စက်ဝိုင်းအောက် အနက်ရောင်အစက်ကလေးတစ်စက် ပေါ်လာခဲ့လေသည်။ လှမ်းကြည့်လိုက်ရာ ထိုအရာသည် နတ်ဆိုးချီများဖြင့် ဖွဲ့စည်းထားသည့် ကျီးကန်းတစ်ကောင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုကျီးကန်းများသည် နတ်ဆိုးဘုရင်များမှ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် အသုံးပြုကြသည့် ဆက်သွယ်ရေးကိရိယာတစ်မျိုးလည်း ဖြစ်ပေသည်။
ထိုကျီးကန်းသည် ရန်ကိုင်တို့ဆီသို့ ပျံသန်းလာပြီး ကောင်းကင်ထက်တွင် တစ်ခဏမျှ ဝဲနေပြီးသည့်နောက် ပေါင်ချီ၏ပုခုံးဆီသို့ ဆင်းလိုက်လေသည်။
ပေါင်ချီသည် အနက်ရောင်ကျီးကန်းကို လှမ်းဖမ်းလိုက်ရာ ကျီးကန်းမှာ နတ်ဆိုးချီအဖြစ်သို့ ပြောင်းလဲသွားပြီး ပေါင်ချီကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့လေ၏။ ထို့နောက်တွင် ပေါင်ချီခန္ဓာကိုယ် တစ်ချက် တုန်တက်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာဖြင့် ရန်ကိုင်ဘက်သို့လှည့်၍ “မိုတော့ လာနေပြီတဲ့…”
“ဘယ်လို…” ရှယ၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ပေါင်ချီအား အထိတ်တလန့်ဖြင့် ကြည့်၍ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
ရန်ကိုင်မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။ “မိုတော့က ဘယ်သူလဲ…”
နတ်ဆိုးဘုရင်နှစ်ပါး၏ တုံ့ပြန်ပုံအရ မိုတော့ဆိုသည့်လူမှာ အလွန်တရာကိုမှ အဆင့်အတန်းမြင့်မားကာ အားကောင်းလှသည့်လူမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထိုသို့သာမဟုတ်ပါက သူ၏နတ်ဆိုးဘုရင်နှစ်ပါး ဤမျှထိတ်လန့်နေစရာအကြောင်းအရင်း မရှိချေ။ ပေါင်ချီနှင့် ရှယတို့ကိုပင်လျှင် ဤမျှထိတ်လန့်သွားအောင် လုပ်နိုင်သည်ကိုကြည့်လျှင် ထိုမိုတော့ဆိုသည့်လူသည်…။
“မိုတော့က နတ်ဆိုးသူတော်စင်တစ်ပါးပဲ…” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေ၏။
ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေ၏။ “နတ်ဆိုးသူတော်စင်တွေအကုန်လုံး ဒဏ်ရာရလို့ အနားယူနေကြတာမဟုတ်ဘူးလား… မိုတော့က ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ…” ရန်ကိုင်သည် ရှယဘက်သို့လှည့်၍ မေးလိုက်လေသည်။ နတ်ဆိုးသူတော်စင်များနှင့် ပတ်သက်သည့် သတင်းအားလုံးကို ရှယမှ ပြောပြထားခြင်း ဖြစ်လေသည်။ မူလကတော့ ရှယပြောသည်မှာ နတ်ဆိုးသူတော်စင်များသည် ဒဏ်ရာရထားသဖြင့် အနားယူနေသည်ဟူ၍ပင်။ လူရိုင်းမျိုးနွယ်စုဘက်မှ ပြောပြလာသော သတင်းများမှာလည်း ထိုအတိုင်းသာ ဖြစ်လေသည်။
နတ်ဆိုးသူတော်စင်အားလုံး ဒဏ်ရာရနေသည်ဆိုပါက လအနည်းငယ်အတွင်းတော့ ပြန်ကောင်းလာနိုင်လိမ့်မည်မဟုတ်ချေ။
ရှယက ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် “စီနီယာမိုတော့… သူက ဒီကို အသစ်ရောက်လာတာ ဖြစ်လောက်တယ်…”
“အသစ်ရောက်လာတာ…”
ပေါင်ချီက ရှင်းပြလိုက်လေ၏။ “မကြာသေးခင်ကပဲ ရောက်လာတာ…”
ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ “အဲ့လိုကြီး လုပ်လို့ရလို့လား… ခင်ဗျားတို့နတ်ဆိုးနယ်မြေကနေ နတ်ဆိုးသူတော်စင်တစ်ပါးကို ဒီနေရာကို အချိန်မရွေး ပို့လို့ရလို့လား…”
ထိုသို့ဆိုလျှင်တော့ လူရိုင်းမျိုးနွယ်စုအတွက် မျှော်လင့်ချက်မရှိတော့ချေ။ နတ်ဆိုးသူတော်စင်များသည် စစ်ပွဲတစ်ပွဲတွင် အလွန်ကိုမှ အရေးပါသည်ဟု ပြော၍ရပေသည်။ သို့သော်ငြား နတ်ဆိုးမျိုးနွယ်စုဘက်တွင် ရှိနေသော နတ်ဆိုးသူတော်စင်များမှာ လူရိုင်းမျိုးနွယ်ဘက်တွင် ရှိနေသော မှော်သူတော်စင်များနှင့် တိုက်ခိုက်ရင်း ဒဏ်ရာရသွားခဲ့ကြသည်။ နှစ်ဖက်လုံး ဒဏ်ရာရသွားပြီးသည့်နောက်တွင် နှစ်ဖက်အဖွဲ့များမှ သူတော်စင်များသည် သူတို့၏ဒဏ်ရာများကို ပြန်လည်ကုစားရန် အတတ်နိုင်ဆုံး ကြိုးစားကြလေ၏။ ထို့အတွက်ကြောင့် လအနည်းငယ်အတွင်း နတ်ဆိုးမျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်ကြားရှိ စစ်ပွဲတွင် သူတော်စင်များ ပါလာနိုင်ကြလိမ့်မည်မဟုတ်ချေ။
သို့သော်ငြား နတ်ဆိုးနယ်မြေသည်သာ အခြားသောနတ်ဆိုးသူတော်စင်များကို ဤနေရာသို့ စေလွှတ်နိုင်မည်ဆိုပါက လူရိုင်းမျိုးနွယ်စုမှာ ထိုဖိအားကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။
ပေါင်ချီက ခေါင်းခါလျက် “ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့ မဖြစ်နိုင်ဘူး… မဟာနတ်ဆိုးဘုရားက ဖန်တီးပေးထားတဲ့ လမ်းကြောင်းက အကန့်အသတ်ကို ရောက်နေပြီလို့တောင် ပြောလို့ရတယ်… အဲ့လမ်းကြောင်းကနေတစ်ဆင့် နတ်ဆိုးတွေ ထပ်လာဦးမယ်ဆိုရင် အဲ့လမ်းကြောင်းတစ်ခုလုံး ပြိုကျသွားလိမ့်မယ်… အဲ့လိုဆိုရင် ကျုပ်တို့လည်း ပြန်လို့ရတော့မှာမဟုတ်ဘူး… ဒါပေမယ့် စီနီယာမိုတော့ ဒီကို ရောက်လာနိုင်တဲ့ပုံကို ကြည့်ရရင်တော့ သူ့အနေနဲ့ ဒီကိုလာဖို့ တစ်ခုခု ပေးဆပ်ခဲ့ရတယ်နဲ့တူတယ်…”
ရှယက ဆက်ပြောလိုက်သည်။ “နတ်ဆိုးသူတော်စင်တွေရဲ့ စွမ်းရည်က ကျွန်မတို့နားလည်နိုင်တဲ့အရာမျိုးမဟုတ်ဘူး… ကြည့်ရတာ ကျွန်မတို့မသိတဲ့ နည်းလမ်းတစ်ခုခုကို သုံးပြီး သူ ဒီကို လာခဲ့တာနဲ့တူတယ်…”
ပေါင်ချီက အသက်ပြင်းပြင်း ရှူသွင်းလျက် “ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးသူတော်စင်မိုတော့က အခုမှ ဒီကိုရောက်တာ… ပြီးရင် သူ့ပစ်မှတ်က တောင်ပိုင်းလူရိုင်းကလန်ပဲ…”
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
“ဆရာ… ကျွန်မတို့ ဆက်သွားလို့ မဖြစ်ဘူးနော်… ဖေးလီ ချက်ချင်း ပြန်မပြောတာက နတ်ဆိုးသူတော်စင်မိုတော့ ရောက်နေတဲ့အကြောင်းကို သတင်းပျံ့သွားမှာစိုးလို့… ဒါပေမယ့် သူရထားတဲ့ သတင်းအရဆိုရင်တော့ နတ်ဆိုးသူတော်စင်မိုတော့က လူရိုင်းကလန်တစ်ခုကို ဖျက်ဆီးပြီးတော့ နတ်ဆိုးမျိုးနွယ်စုကို ဆန့်ကျင်ရင် ဘယ်လိုအကျိုးဆက်နဲ့ ရင်ဆိုင်ရမလဲဆိုတာကို သက်သေပြချင်နေတာ… သူဘာလို့ အခုထိ မလှုပ်ရှားရသေးလဲဆိုတာကတော့ ဆရာတို့အဖွဲ့သားတွေအကုန်လုံးကို တစ်နေရာတည်းမှာ စုဝေးစေချင်လို့ပဲ… လူစုံသွားပြီဆိုတော့မှ သူကိုယ်တိုင်လှုပ်ရှားပြီးတော့ ကလန်တစ်ခုလုံးကို ရှင်းပစ်မှာ…” ရှယက ရန်ကိုင်အား ဖြောင်းဖြရန် ကြိုးစားလိုက်သည်။ “ဆရာ… ကျွန်မတို့ ပြန်ဆုတ်မှ အဆင်ပြေလိမ့်မယ်နော်…”
ရန်ကိုင်သည် ရှယကိုကြည့်၍ ပြန်ပြောလိုက်သည်။ “ခင်ဗျားသာ ကျုပ်နေရာမှာဆိုရင် ရှေ့ဆက်သွားမှာလား ပြန်ဆုတ်မှာလား…”
နှစ်ဦးစလုံး ပြန်မဖြေကြချေ။ ရှယဘာလုပ်မလဲဆိုသည်ကို ဖြေစရာမလိုသော်ငြား ရှယနေရာတွင်သာ ပေါင်ချီဖြစ်မည်ဆိုလျှင်တော့ လုံးဝ ပြန်ဆုတ်လိမ့်မည်မဟုတ်ဘဲ ရဲရဲဝံ့ဝံ့နှင့်သာ ရှေ့ဆက်တက်သွားပေလိမ့်မည်။ လူနှစ်သောင်းဟူသော ပမာဏမှာ မနည်းလှချေ။ သူတို့သည်သာ တောင်ပိုင်းလူရိုင်းကလန်၏ အခြားသောအဖွဲ့သားများနှင့် အတူပူးပေါင်းနိုင်မည်ဆိုပါက မမျှော်လင့်ထားသော အကျိုးရလဒ်များ ဖြစ်လာနိုင်ပေသည်။ သူတို့ရောက်လာသည့်တိုင် တောင်ပိုင်းလူရိုင်းကလန်မှာ နိုင်နိုင်လိမ့်မည် မဟုတ်ပါသော်ငြား အနည်းဆုံးတော့ တောင်ပိုင်းလူရိုင်းကလန်၏ အဖွဲ့သားအရေအတွက်ကို ကျိန်းသေ တိုးသွားစေပေလိမ့်မည်။
နှစ်ဦးစလုံးမှာ ရန်ကိုင်၏ရွေးချယ်မှုနှင့်ပတ်သက်၍ သိနေကြလေပြီ။
“အရှိန်တင်မယ်…” ရန်ကိုင်က အော်ပြောလိုက်သည်။
မှော်ဆရာများမှာ မှော်မန္တန်များကို စတင်ရွတ်ဆိုကြတော့သည်။ အလင်းရောင်များ တစ်ခုပြီးတစ်ခု တောက်ပလာပြီးသည့်နောက် အလင်းခန္ဓာကိုယ်ပညာရပ်သည် စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။ ထိုသို့ဖြင့် အဖွဲ့သားများ စစ်ချီနေသည့်နှုန်းမှာ သိသိသာသာကို မြန်ဆန်လာခဲ့ရလေသည်။
သူတို့၏ပန်းတိုင်မှာ သိပ်မဝေးလှသည့်အတွက်ကြောင့် နှစ်ရက်သွားရမည့်ခရီးကို တစ်ရက်အတွင်းရောက်အောင် သွားနိုင်ခဲ့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် ပုံမှန်မဟုတ်သည့် အရှိန်အဝါတစ်ရပ်သည် ဘက်ပေါင်းစုံမှ အကုန်လုံးအပေါ်သို့ လွှမ်းခြုံလာခဲ့လေသည်။ ကြည့်ရသလောက်သည် ကမ္ဘာကြီးသည် ပုံမှန်မဟုတ်သည့် ကိစ္စတစ်ခုခုအား သတိပြုမိသွားပြီး ဤကမ္ဘာကြီးထဲ နေထိုင်နေကြသော သက်ရှိအားလုံးကို သတိပေးနေသည့်အလား။
ရန်ကိုင်တို့အဖွဲ့သားများ စီးနင်းလာကြသည့် နတ်ဆိုးသားရဲများသည်ပင်လျှင် ပုံမှန်မဟုတ်သည့် အရာကို သတိပြုမိသွားကြပြီး ထိန်းမနိုင်သိမ်းမရ အော်ဟစ်ကြတော့လေသည်။ အချို့သောနတ်ဆိုးသားရဲများဆိုလျှင် အရူးအမူးသောင်းကျန်းရင်း ထွက်ပြေးရန်ပင် ကြိုးစားကြလေသည်။ ထို့ကြောင့် အစီအစဉ်တကျ စစ်ချီတက်လာနေသော စစ်တပ်ကြီးမှာ ရုတ်တရက်ဆိုသလို ဝရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း တစ်ခုခုအား သတိပြုမိသွားသည့်အတွက်ကြောင့် မျက်မှောင်ကြုတ်လျက် ရှေ့တည့်တည့်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လုံးမှေးစင်းသွားပြီး စစ်ချီတက်နေသည့် စစ်တပ်ကြီးအား ရပ်ရန် အချက်ပြလိုက်လေသည်။
နတ်ဆိုးသားရဲများမှာ ပိုပို၍ ဂနာမငြိမ် ဖြစ်လာကြသည်။ ရန်ကိုင်အဖွဲ့သားများမှာ ထိုနတ်ဆိုးသားရဲများကို ငြိမ်သွားအောင် ထိန်းချုပ်ရန် ကြိုးစားနေကြပါသော်ငြား အချည်းနှီးသည်သာ။