အခန်း (၂၈၇၇-၂၈၈၀)
Vol. 123 Ch. 2877-2880
အပိုင်း (၂၈၇၇)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် ဘာကြောင့် သူတို့အား ရပ်ခိုင်းလိုက်မှန်း ရန်ကိုင်အဖွဲ့သားများ နားမလည်နိုင်ကြ။ အကုန်လုံးသည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ကြည့်နေသည့် ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်ကြလေသည်။
ရန်ကိုင်ကြည့်နေသည့်ဘက်ဆီသို့ ကြည့်ရင်း လူတိုင်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့ကြသည်။
ရုတ်တရက်ဆိုသလို အနက်ရောင်အစက်ကလေးတစ်စက် မိုးကုပ်စက်ဝိုင်းအောက်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင်အစက်ကလေးမှာ သေးသေးလေးသာ ဖြစ်ပါသော်ငြား အလွန်ကိုမှ သိသာထင်ရှားလွန်းလှပေသည်။
အစပိုင်းတွင် အနက်ရောင်အစက်ကလေးသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်၍ ကောင်းကင်ထက်တွင် ငြိမ်သက်စွာ ဝဲနေခဲ့ခြင်း ဖြစ်ပါသော်ငြား အသက်သုံးရှိုက်စာ ကြာပြီးသည့်နောက်တွင် အနက်ရောင်အစက်ကလေး၏ အရွယ်အစားမှာ ရုတ်တရက်ဆိုသလို ပြန့်ကားထွက်လာခဲ့ရလေသည်။ အနက်ရောင်အစက်ကလေးသည် ဤနေရာတွင် ရှိသမျှအရာအားလုံးကို ဝါးမျိုပစ်တော့မည့် တွင်းနက်ကြီးတစ်ခုပမာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာခဲ့လေသည်။
“အနက်ရောင်အလင်း…” ပေါင်ချီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလန့်တကြား ထအော်လိုက်လေ၏။
ရှယ၏မျက်နှာမှာလည်း တဖြည်းဖြည်း ပြန့်ကားထွက်လာနေသည့် အနက်ရောင်အလင်းကိုကြည့်ရင်း သွေးမရှိတော့သည့်အလား ဖြူလျော်နေခဲ့လေသည်။ ရှယမှာ ထိတ်လန့်လွန်းနေသဖြင့် စကားတစ်ခွန်းပင် မပြောနိုင်တော့။ ရန်ကိုင် သူမဘေးနားတွင် ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ချက်ချင်း လှည့်ပြေးနေလောက်ပေပြီ။
ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။
အနက်ရောင်အလင်း ဘာမှန်း သူမသိပါသော်ငြား ထိုအနက်ရောင်အလင်းဟုခေါ်သည့် အရာဆီမှ အလွန်တရာကိုမှ ဖျက်အားပြင်းထန်လှသည့် အရှိန်အဝါကိုတော့ ခံစားမိနေလေသည်။ အနက်ရောင်အလင်း ရှိနေသည့်နေရာမှာ အမွှာမြစ်နယ်စပ်ဖြစ်လေသည်။ ထိုနေရာသည် တောင်ပိုင်းလူရိုင်းကလန်သားများ စုဝေးနေရာ နေရာဖြစ်လေ၏။
ဤသည်မှာ တောင်ပိုင်းလူရိုင်းကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်မည့် ထောင်ချောက်တစ်ခုသာ ဖြစ်လေ၏။
တောင်ပိုင်းလူရိုင်းကလန်၏ မှော်ဘုရင်များမှာတော့ ထိုအကြောင်းကို မသိကြသလို ထိုနေရာ၌ သွားရောက်စုဝေးနေကြသည့် မှော်ဝိဇ္ဇာများမှာလည်း ထိုအကြောင်းကို မသိကြချေ။ ရန်ကိုင်ကမူ ထိုအကြောင်းကို သိပေပြီ။ သို့သော်ငြား ယခုမှ သိသွားသည့်အတွက်ကြောင့် နောက်ကျသွားပြီဟု ပြော၍ရသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ… ” ပေါင်ချီမှာတော့ အထိတ်တလန့်ဖြင့်သာ ထိုစကားကို ထပ်တလဲလဲ ရေရွတ်နေခဲ့လေ၏။
“အဲ့ဒါ ဘာကြီးလဲ…” ရန်ကိုင်က ပေါင်ချီဘက်သို့လှည့်၍ မေးလိုက်လေသည်။
ပေါင်ချီက အသက်ပြင်းပြင်းရှူသွင်းလျက် ရှင်းပြလိုက်၏။ “ရှင်းရှင်းပြောရရင် အနက်ရောင်အလင်းဆိုတာ နတ်ဆိုးနယ်မြေက သဘာဝကပ်ဘေးတစ်ခုပဲ… အနက်ရောင်အလင်းက အရမ်းကို တိုက်စားနိုင်စွမ်း ပြင်းလွန်းတယ်… နတ်ဆိုးနယ်မြေထဲက ကုန်းမြေတွေတောင် အဲ့အနက်ရောင်အလင်းတိုက်စားတာကို မခံနိုင်ဘူး… အနက်ရောင်အလင်း ပေါ်လာပြီဆိုတာနဲ့ သာမန်နတ်ဆိုးတွေ အဲ့ဒါကို ဘယ်လိုမှမခံနိုင်ဘူး… နတ်ဆိုးဘုရင်တွေတောင် ပြန်ဆုတ်ရတယ်… ဒါပေမယ့် အနက်ရောင်အလင်းက ဒီမှာ ဘယ်လိုလုပ်ပြီး ပေါ်လာရတာလဲ…”
နတ်ဆိုးနယ်မြေသည် လောကကြီး၏ ပစ်ထားခံရသည့် ကမ္ဘာကြီးတစ်ခုနှင့်ပင် ဆင်ပေသေးသည်။ လက်ရှိ ရန်ကိုင်တို့ နေနေသည့် နေရာနှင့် ယှဉ်လိုက်သော် နတ်ဆိုးနယ်မြေမှာ အလွန်ကိုမှ ဆိုးရွားလှပြီး သဘာဝကပ်ဘေးများမှာလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပေသည်။
အနက်ရောင်အလင်းသည် နတ်ဆိုးနယ်မြေ၏ သဘာဝကပ်ဘေးများအနက် တစ်ခုဖြစ်ပေသည်။ အနက်ရောင်အလင်း မည်ကဲ့သို့သော အရာမျိုး ဖြစ်သလဲ အနက်ရောင်အလင်း ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုသည်ကို မည်သူမှ မသိကြပါသော်ငြား အနက်ရောင်အလင်းသည် ပေါ်လာသည့်အချိန်တိုင်း နတ်ဆိုးနယ်မြေထဲရှိ နေရာပေါင်းများစွာကို ဖျက်ဆီးပြီး နတ်ဆိုးပေါင်းများစွာ၏အသက်ကို ခြွေယူသွားလေ့ရှိပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးမျိုးနွယ်စုများမှာ အဆက်မပြတ် တိုက်ခိုက်ရင်း နယ်မြေအသစ်များကို လိုက်လံရှာဖွေနေရခြင်း ဖြစ်လေ၏။ တိုက်ခိုက်ခြင်းမှာ နတ်ဆိုးများ၏ မွေးရာပါဗီဇစိတ် ဖြစ်ပါသော်ငြား ထိုသို့တိုက်ခိုက်ခြင်းသည် သူတို့ အသက်ရှင်သန်နိုင်ရေးနှင့်လည်း ပတ်သက်နေပေသည်။
ပြောစရာမလိုအောင်ပင် နတ်ဆိုးများ အပိုင်သိမ်းလိုက်သည့် မည်သည့်ကမ္ဘာမဆို နှစ်ပေါင်း သောင်းနှင့်ချီအတွင်း တစ်စစီဖြစ်သွားကုန်ကြရလေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးများမှာ ကမ္ဘာအသစ်များကို ထပ်မံရှာဖွေကြရပြန်လေ၏။ ထိုသို့ဖြင့် ထပ်တလဲလဲ သံသရာလည်နေရခြင်း ဖြစ်သည်။
နတ်ဆိုးနယ်မြေ၏ သဘာဝကပ်ဘေးဖြစ်သော အနက်ရောင်အလင်းသည် ဤနေရာတွင် ဘာကြောင့် ပေါ်လာရသလဲ ဆိုသည်ကို ပေါင်ချီ လုံးဝ နားမလည်နိုင်ခဲ့။ သို့သော်ငြား အမှန်တရားသည် သူ့ရှေ့တည့်တည့်တွင် ဖြစ်ပျက်နေခဲ့လေသည်။ အနက်ရောင်အလင်း လွှမ်းခြုံသွားသည့် နယ်မြေအတွင်းတွင် ရှိနေသော မည်သူမျှ အသက်ရှင်နိုင်လောက်လိမ့်မည်မဟုတ်ဟု ပေါင်ချီစိတ်ထဲ တွေးနေခဲ့သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း အနက်ရောင်အလင်းမှာ ကောင်းကင်တစ်ဝက်လောက်ကို လွှမ်းခြုံနေခဲ့လေပြီ။ မသိလျှင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသော ဧရာမ ဥက္ကာခဲကြီးတစ်စင်း မြေပြင်ပေါ်သို့ ကျဆင်းလာနေသလားဟုပင် ထင်ရသည်အထိပင်။
အနက်ရောင်အလင်းဆီမှ မည်သည့်ပုံမှန်မဟုတ်သည့်အသံမှ ထွက်လာခြင်းမရှိ။ ထိုအစား ပတ်ဝန်းကျင်တစ်ခုလုံးကိုသာ အမှောင်ထုမှ တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။ အမှောင်ထုမှာ တဖြည်းဖြည်း ပြန့်ကားထွက်လာနေခဲ့လေရာ ရန်ကိုင်အဖွဲ့ထဲတွင် ရှိနေသော နတ်ဆိုးသားရဲများမှာလည်း ပိုပို၍ ဂနာမငြိမ် ဖြစ်လာကြလေသည်။ ရန်ကိုင်အဖွဲ့သားများသည် နတ်ဆိုးသားရဲများကို ရှေ့သို့ဆက်သွားရန် ခိုင်းစေနေလင့်ကစား နတ်ဆိုးသားရဲများမှာတော့ တုတ်တုတ်မျှမလှုပ်ဘဲ နောက်သို့သာ ပြန်ဆုတ်ရန် ကြိုးစားနေလေ၏။
“တီယာ…” ရန်ကိုင်က အော်ခေါ်လိုက်သည်။
တီယာ ရန်ကိုင်ကို လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ “ငါ တစ်နာရီအတွင်း ပြန်မလာခဲ့ရင် ဒီကလူတွေအကုန်လုံးကို ခေါ်ပြီး ပြန်ဆုတ်သွားပေတော့…”
တီယာ ခေါင်းညိတ်လိုက်လေသည်။
“ဆရာ ဘာလုပ်ချင်နေတာလဲ…” ပေါင်ချီသည် ရန်ကိုင်အား အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။ သို့သော်ငြား မည်သည့်ပြန်ထူးသံမျှ မကြားရ။
ချက်ချင်းဆိုသလို ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။
“သူ…” အနက်ရောင်အလင်း လွှမ်းခြုံထားသည့် နေရာကိုကြည့်ရင်း ရှယာစိတ်ထဲ မသက်မသာ ဖြစ်လာခဲ့ရသည်။ လက်ရှိအချိန်တွင် ထိုအနက်ရောင်အလင်းဆီသို့ အရှိန်ကုန်တင်ကာ ပျံသန်းသွားနေသည့် ပုံရိပ်လေးတစ်ခုကို သူမ လှမ်းမြင်လိုက်ရသည်။
ပေါင်ချီ၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “သူ ဘာလုပ်နေတာလဲ…”
အနက်ရောင်အလင်း လွှမ်းခြုံသွားသည့် နေရာအောက်တွင် ရှိနေသော လူရိုင်းများအားလုံး သေသွားမည်မှာ ဘာမှသံသယဝင်နေစရာ မလိုတော့ချေ။ လက်ရှိအချိန်တွင် အကောင်းဆုံးအစီအစဉ်မှာ ချက်ချင်းပြန်ဆုတ်ရန် ဖြစ်လေသည်။ သို့သော်ငြား စစ်တပ်တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သော မှော်ဆရာညိုသည် ပြန်မဆုတ်ရုံမက အန္တရာယ်တွင်းထဲသို့ပင် ပြေးဝင်သွားနေသဖြင့် ပေါင်ချီမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေရလေသည်။
“သွားပြီ… သွားပြီ…” ရှယမှာတော့ သူမ၏ဝိဉာဉ်ကို ဆုံးရှုံးလိုက်ရသည့်နှယ် ငေးငိုင်ငိုင် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်၏ ဝိဉာဉ်အမှတ်အသားဖြင့်သာ တံဆိပ်ခတ်နှိပ်ခြင်း မခံထားရပါက ရန်ကိုင်သေရတော့မည့်အပေါ် သူမစိတ်ထဲ ကြိတ်၍ ဝမ်းသာနေပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်နှင့် သူမဝိဉာဉ်ကြား ဆက်သွယ်မှုတစ်ခု ရှိနေသည့်အတွက်ကြောင့် သူ့လုံခြုံရေးကို တွေးပူနေရလေသည်။
အနက်ရောင်အလင်းဆီသို့ ပြေးဝင်သွားခြင်းမှာ ဉာဏ်ရှိသည့်လုပ်ရပ်တော့ မဟုတ်ပေ။ အနက်ရောင်အလင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသလဲဆိုသည်ကို ရန်ကိုင် သိလိမ့်မည်မဟုတ်ပါသော်ငြား နတ်ဆိုးမျိုးနွယ်စုကတော့ ကောင်းကောင်းသိပေသည်။
နတ်ဆိုးဘုရင်များသည်ပင်လျှင် အနက်ရောင်အလင်းနှင့်အတွေ့၌ ပြန်ဆုတ်ရလေရာ နတ်ဆိုးဗိုလ်ချုပ်မှူးအဆင့်သာ ရှိသေးသော ရန်ကိုင်သည် ဘာကြောင့်များ အနက်ရောင်အလင်းဆီသို့ မဆင်မခြင် ပြေးဝင်သွားရလေသနည်း။
နတ်ဆိုးဘုရင်နှစ်ဦးမှာ ကူကယ်ရာမဲ့စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ရန်ကိုင် ဘာမှ မဖြစ်ပါစေနှင့်ဟု သူတို့စိတ်ထဲ ကြိတ်၍ ဆုတောင်းနေရုံသာ တတ်နိုင်လေ၏။
ဤလောကကြီးမှာ သူတို့၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနေသည့်အလား ကောင်းကင်တစ်ခုလုံးနီးပါးကို လွှမ်းခြုံထားသည့် အနက်ရောင်အလင်းသည် အမွှေးတိုင်တစ်ချောင်းစာ မရှိတတ်သေးခင်မှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ပေါင်ချီနှင့် ရှယတို့နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ရသည်။ အကြောင်းမှာ နတ်ဆိုးနယ်မြေထဲတွင် အနက်ရောင်အလင်း တစ်ခါပေါ်လာပါက ရက်အနည်းငယ်မှ လနှင့်ချီသည်ထိ ကြာမြင့်လေ့ရှိသည့် အတွက်ကြောင့်ပင်။ ထိုအချိန်အတောအတွင်း နတ်ဆိုးနယ်မြေထဲရှိ ကုန်းမြေများ ပျက်စီးရပြီး နတ်ဆိုးပေါင်းများစွာ သေဆုံးကြရလေသည်။ နတ်ဆိုးနယ်မြေထဲရှိ လောကနိယာမများသည်ပင်လျှင် ပျက်စီးကုန်ကြရသည်။ ရှင်းရှင်းပြောရသော် နတ်ဆိုးနယ်မြေ ဤမျှ ခြောက်ကပ်ပျက်စီးနေရခြင်းသည် အနက်ရောင်အလင်းကြောင့် ဖြစ်သည်ဟုလည်း ပြော၍ရပေသည်။
သို့သော်ငြား ဤသည်မှာ သူတို့အဖို့ အလွန်ကိုမှ အချိန်တိုသည့် အနက်ရောင်အလင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ဤအနက်ရောင်အလင်းသည် အမွှေးတိုင်တစ်ချောင်းစာပင် မကြာခဲ့ပေ။ သူတို့တစ်ဘဝလုံးတွင် ဤမျှ ခဏလေး ဖြစ်ပေါ်လာလေ့ရှိသည့် အနက်ရောင်အလင်းအကြောင်းကို တစ်ခါမှ မကြားဖူးကြ။ သို့သော်ငြား အနက်ရောင်အလင်း ထိုသို့ဖြစ်သည်မှာလည်း အရမ်းကြီးတော့ ထူးဆန်းမနေတော့ပေ။ အနက်ရောင်အလင်း ဤကမ္ဘာထဲတွင် ပေါ်လာသည်ကပင်လျှင် အလွန်ကိုမှ ထူးဆန်းနေလေပြီ။ ထို့အတွက်ကြောင့် အနက်ရောင်အလင်း တစ်ခဏလေးအတွင်း ပြန်လည်ပျောက်ကွယ်သွားရခြင်းမှာ အနက်ရောင်အလင်းသည် ဤကမ္ဘာထဲတွင် ပေါ်လာသည့်အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု ပေါင်ချီနှင့် ရှယတို့ စဉ်းစားမိလိုက်ကြလေသည်။ ထိုအနက်ရောင်အလင်းသည် နတ်ဆိုးသူတော်စင်မိုတော့နှင့် ဆက်စပ်နေလျှင်ဆက်စပ် မဆက်စပ်နေလျှင် နတ်ဆိုးနယ်မြေထဲ ပေါ်လာသည့် အနက်ရောင်အလင်းကို မဟာနတ်ဆိုးနတ်ဘုရားမှ ဤကမ္ဘာထဲသို့ ကူးပြောင်းလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် အနက်ရောင်အလင်းမှာ နတ်ဆိုးနယ်မြေထဲတွင် မဟုတ်တော့သည့်အတွက်ကြောင့် ကြာကြာမခံခဲ့ဘဲ တစ်ခဏလေးအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်သည်လည်း အနက်ရောင်အလင်းပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်ပြီး အကြောက်အရွံ့ကင်းမဲ့စွာဖြင့် ဦးတည်ရာဆီသို့ အရှိန်ကုန်တင်ကာ ပျံသန်းသွားလေသည်။ ထိုနေရာတွင် နတ်ဆိုးသူတော်စင်တစ်ပါး ရှိနေမည်ကို ကြိုသိထားသည့်တိုင် ကြောက်ရွံ့နေခြင်း မရှိခဲ့ပေ။ ဘာကြောင့်မှန်းမသိ အသက်ရှင်ကျန်ရစ်သူ ရှိမရှိကို သိလိုစိတ်ဖြင့် ထိုနေရာဆီသို့သာ အမြန်သွားချင်နေမိသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့ကိုယ်သူ ဤကမ္ဘာကြီးနှင့် အပြည့်အဝ ပေါင်းစပ်သွားပြီလားဟုပင် တွေးမိသွားရသည်အထိပင်။
သို့သော်ငြား ထိုအတွေးများကို ခေါင်းခါ၍ ခေါင်းထဲမှ ရှင်းထုတ်ပစ်လိုက်ပြီးသည့်နောက် သူ့ရှေ့တည့်တည့်ရှိ မြေနေရာကို သေချာအာရုံစိုက်ကာ စစ်ဆေးကြည့်လိုက်သည်။ ပုံရိပ်ပေါင်းများစွာ ဝိုင်းရံနေသည့် ဧရာမတွင်းပေါက်ကြီးပင် ဖြစ်လေသည်။
ထိုတွင်းပေါက်ကြီးမှာ ရန်ကိုင်ရှိနေရာဆီမှ အလွန်ကိုမှ ဝေးလွန်းသည့်အတွက်ကြောင့် လက်ရှိရန်ကိုင်၏ အမြင်အာရုံနှင့်ပင်လျှင် ထိုနေရာရှိ အခြေအနေကို အသေးစိတ် မမြင်နိုင်ပေ။
သို့သော်ငြား တောင်ပိုင်းလူရိုင်းကလန်သားအားလုံး မသေသေးမှန်းတော့ ရန်ကိုင်သိပေသည်။ ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူအချို့ ရှိနေရပေလိမ့်မည်။ နတ်ဆိုးများသည် ယခုကဲ့သို့ ဖြစ်မည်ကို ကြိုတင်မျှော်လင့်ထားပြီးသည့်အလား အနက်ရောင်တွင်းပေါက်ကြီးအား ဘက်ပေါင်းစုံမှ ဝိုင်းရံထားကြလေသည်။ တွင်းထဲမှ ပျံထွက်လာသည့် မည်သည့်လူရိုင်းမျိုးနွယ်စုဝင်ကိုမဆို တစ်ခါတည်းသတ်ပစ်ရန် အကြံအစည်နှင့်ပင်။
လေဟာနယ်နိယာမစွမ်းအားတို့ လှုပ်ခါလာခဲ့ပြီး ရန်ကိုင်သည် တောက်လျှောက်ကို တည်နေရာခုန်ကူးသွားလိုက်သည်။
အနက်ရောင်အလင်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တွင်းပေါက်အနီး၌ စုဝေးနေကြသော နတ်ဆိုးများမှာ တွင်းထဲသို့ ခုန်ဝင်သွားကုန်ကြလေသည်။
အသက်ရှင်ကျန်ရစ်သော လူရိုင်းများမှာလည်း ခေါင်းဆောင်အသီးသီး၏ ကာကွယ်မှုအောက်တွင် တတ်စွမ်းသမျှ ပြန်လည်ခုခံတိုက်ခိုက်ကြလေသည်။
မကြာမီ တိုက်ခိုက်သံတို့ ဆူဝေသွားခဲ့လေသည်။
အနက်ရောင်အလင်း၏ တိုက်စားခံရရာမှ ဖြစ်ပေါ်လာသော ဧရာမတွင်းပေါက်ကြီးသည် ရုတ်ချည်းဆိုသလို သွေးသံတရဲရဲ စစ်မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။ နတ်ဆိုးများသည် ဘက်ပေါင်းစုံမှ လူရိုင်းများဆီသို့ ချဉ်းကပ်လာကြလေသည်။ ထို့အတွက်ကြောင့် အသက်ရှင်ကြသေးသော တောင်ပိုင်းလူရိုင်းကလန်သားများသည် အတူတကွ စုဝေးရင်း အသည်းအသန် ပြန်လည်ခုခံတိုက်ခိုက်ကြရသည်။
သို့သော်ငြား အရေအတွက် ကွာခြားသည်ကတစ်ကြောင်း၊ အနက်ရောင်အလင်းကြောင့် ဒဏ်ရာအသီးသီးရထားသည်ကတစ်ကြောင်း၊ ထို့ကြောင့် တောင်ပိုင်းလူရိုင်းကလန်မှာ တိုက်ပွဲစပြီး မကြာခင်မှာပင် အောက်စည်းသို့ ရောက်သွားခဲ့ရလေသည်။
ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက အနှေးနှင့်အမြန်ဆိုသလို တောင်ပိုင်းလူရိုင်းကလန်တစ်ခုလုံး ရှင်းပစ်ခံရပေလိမ့်မည်။
ထိုစဉ် ရန်ကိုင် စစ်မြေပြင်ဆီသို့ ရောက်လာခဲ့လေသည်။
ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် အနန္တဓါးကို ကိုင်စွဲရင်း တွင်းပေါက်ကြီး၏ အပြင်ဘက်နားဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။ ဓါးအလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးများအားလုံး အတုန်းအရုန်း သေဆုံးကုန်ကြရလေသည်။ ထိုနည်းဖြင့် ရန်ကိုင်သည် သူဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးများကို တစ်ယောက်မကျန် အကုန်သတ်ပစ်ခဲ့လေ၏။
နတ်ဆိုးများမှာလည်း ရန်ကိုင်အား သတိထားမိသွားကြလေသည်။ ထိုသို့ဖြင် နတ်ဆိုးကလန်အသီးသီးမှ ပညာရှင်ပေါင်းများစွာသည် ရန်ကိုင်ဆီသို့ အကြောက်အရွံ့ကင်းမဲ့စွာ ပြေးဝင်လာကြလေ၏။ သို့သော်ငြား ထိုနတ်ဆိုးအားလုံးမှာ ရန်ကိုင်အား အနည်းငယ်မျှပင် တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ရန်ကိုင်၏ ဓါးချက်ကြောင့်သာ အသက်ပျောက်ခဲ့ရလေသည်။ အားကောင်းလှသည့် နတ်ဆိုးဗိုလ်ချုပ်များသည်ပင်လျှင် ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်ကို မခုခံနိုင်ခဲ့ပေ။
ရန်ကိုင်ရှိနေသည့် နေရာဆီမှ မိုင်သုံးဆယ်ခန့်အကွာတွင် လူတစ်ဦး ရပ်နေခဲ့လေသည်။ ထိုလူမှာ အရပ်ရှည်ရှည်နှင့် အသားဖြူဖြူ လူငယ်လေးတစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုလူမှာ ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့လေသည်။
ထိုလူနားတွင်တော့ နတ်ဆိုးဘုရင်ပေါင်းများစွာ တလေးတစားဖြင့် ရပ်နေကြပြီး ထိုလူ၏အမူအယာကို အံ့ဩတကြီးဖြင့် ဆန်းစစ်ကြည့်နေကြလေသည်။
နတ်ဆိုးဘုရင်များပင်လျှင် တလေးတစားဖြင့် ဆက်ဆံနေရသည့်လူမှာ မည်သူများ ဖြစ်ပါမည်နည်း။ နတ်ဆိုးသူတော်စင်မိုတော့သာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြား နတ်ဆိုးသူတော်စင်မိုတော့၏ ပုံစံသည် အနက်ရောင်အလင်းကို ဤကမ္ဘာထဲသို့ ခေါ်လာပြီး တောင်ပိုင်းလူရိုင်းကလန်သား နှစ်သိန်းသုံးသိန်းခန့်ကို ခဏအတွင်း သတ်ပစ်သွားသည့် လူသတ်သမားတစ်ဦး၏ ပုံစံနှင့် လုံးဝကို မတူပေ။ မသိလျှင် နတ်ဆိုးသူတော်စင်မိုတော့သည် သာမန်လူငယ်လေးတစ်ဦးဖြစ်သည်ဟုသာ ထင်ရပေသည်။
သူ့ခန္ဓာဆီမှ မည်သည့်နတ်ဆိုးချီမှ ဖြာထွက်နေခြင်းမရှိ။ ထို့အတွက်ကြောင့် နတ်ဆိုးသူတော်စင်မိုတော့မှာ သာမန်လူတစ်ဦးနှင့် အလွန်ကိုမှ ဆင်တူလှပေသည်။
သို့သော်ငြား သူ့အကြောင်း သိကြသည့် နတ်ဆိုးဘုရင်များမှာတော့ နတ်ဆိုးသူတော်စင်မိုတော့၏ ထိုပုံစံသည် ဟန်ပြသက်သက်သာဖြစ်ကြောင်း သိထားကြလေသည်။ နတ်ဆိုးဘုရင်တစ်ပါးသည် မိုတော့၏အမူအယာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သော် သတိထား၍ မေးလိုက်လေ၏။ “ဆရာ… ကျုပ် အဲ့ကောင်ကို သွားသင်ခန်းစာ ပေးလိုက်ရမလား…”
ဤတိုက်ပွဲသည် နတ်ဆိုးမျိုးနွယ်စု၏ ဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ ဤနေရာ၌ စုဝေးနေကြသော ပြင်ပမျိုးနွယ်ဝင်အများစုမှာ သေကုန်ကြလေပြီ။ အောက်ဘက်ရှိတိုက်ပွဲမှာ ပြင်ပမျိုးနွယ်စုများ၏ရင်ထဲ အကြောက်တရား ရိုက်သွင်းကာ သူတို့နတ်ဆိုးမျိုးနွယ်စုအား ခုခံပါက မည်ကဲ့သို့သော အကျိုးဆက်နှင့် ရင်ဆိုင်ရမလဲဆိုသည်ကို ပြလိုသည့် တိုက်ပွဲသက်သက်တစ်ခုသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဤတိုက်ပွဲတွင် ပြင်ပမျိုးနွယ်စုများအား အနည်းငယ်မျှပင် အသာရခွင့် မပေးနိုင်ပေ။ သို့သော်ငြား ထိုလူငယ်လေးမှာ တိုက်ပွဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏နတ်ဆိုးများကို တရစပ် သတ်ဖြတ်ပစ်နေခဲ့သည်။ မည်သည့်နတ်ဆိုးမှ ထိုလူငယ်လေးအား တားဆီးနိုင်ခဲ့ခြင်းမရှိချေ။
မိုတော့က ခေါင်းခါလျက် ယဲ့ယဲ့လေးပြုံးကာ ပြန်ပြောလိုက်သည်။ “ရတယ် ထားလိုက်…”
နတ်ဆိုးဘုရင်လည်း ဘာမှပြန်ပြောမနေတော့ဘဲ စစ်မြေပြင်ကိုသာ အေးစက်စက်အကြည့်ဖြင့် ပြန်လည်စိုက်ကြည့်နေလိုက်သည်။ ရန်ကိုင် မည်ကဲ့သို့သေမလဲဆိုသည်ကို သူ့စိတ်ထဲ ကြိတ်၍လည်း စဉ်းစားနေမိပေသေးသည်။
မြေပြင်ထက်တွင် ဖြစ်ပေါ်နေသော တွင်းပေါက်ကြီးမှာ အလွန်တရာကိုမှ ကျယ်ဝန်းလှကာ အချင်းဝက်နှင့်ပင် မိုင်တစ်ရာနီးပါးခန့် ရှိပေသည်။ ရှင်းရှင်းပြောရသော် မိုင်တစ်ရာနီးပါးခန့်ရှိသော အကျယ်အဝန်းတစ်ခုလုံးသည် စစ်မြေပြင်ဖြစ်သည်ဟု ပြော၍ရပေသည်။
မှော်ဘုရင်များ၏အမိန့်အရ တောင်ပိုင်းလူရိုင်းကလန်၏ အဖွဲ့သားအားလုံးနီးပါးမှာ ဤနေရာ၌ စုဝေးနေကြလေသည်။ အနက်ရောင်အလင်း ရုတ်တရက် ပေါက်ကွဲထွက်လာသည့်အခါ စုဝေးနေသည့်လူများအနက် သုံးပုံနှစ်ပုံလောက်မှာ တစ်ခါတည်း အသက်ပျောက်သွားခဲ့ရပြီး ကျန်သည့်လူများမှာတော့ ဒဏ်ရာအသီးသီး ရသွားကုန်ကြလေသည်။
နတ်ဆိုးမျိုးနွယ်စုဝင်အရေအတွက်မှာလည်း မနည်းလှချေ။ နတ်ဆိုးဘုရင်ပေါင်းများစွာ၏ တပ်သားများကို စုဝေးထားသည့်အတွက်ကြောင့် စုစုပေါင်း အဖွဲ့သားသိန်းဂဏန်းခန့် ရှိနေလေ၏။
လက်ရှိအချိန်တွင် နတ်ဆိုးအဖွဲ့သားပေါင်း နှစ်သိန်းခန့် စုဝေးနေသည့် ဤနေရာကြီးသည် ဖြစ်ခဲ့သမျှ စစ်ပွဲများအနက် အကြီးဆုံးစစ်ပွဲ ဖြစ်သည်ဟုပင် ပြော၍ရပေသည်။ သို့တိုင် ဤစစ်ပွဲသည် လူရိုင်းမျိုးနွယ်ဘက် အလေးသာနေခြင်းမရှိပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၇၈)
ဘာသာပြန်သူ_တိမ်တိုက်
ဓါးအလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးများအားလုံး နှစ်ပိုင်းပြတ်ထွက်ကုန်ကြလေသည်။ အသွေးအသားတို့ ပန်းထွက်လာခဲ့ကြပြီး ရန်ကိုင်၏ဓါးလှိုင်းကြောင့် ပတ်ဝန်းကျင်အနီးအနားတစ်ခုလုံးတွင် ရှိနေသော နတ်ဆိုးများအားလုံး အပိုင်းပိုင်းပြတ်ထွက်ကုန်ကြရလေသည်။
ရန်ကိုင်နှင့် မလှမ်းမကမ်းတွင်တော့ လူရိုင်းတစ်ဦး ရပ်နေခဲ့လေသည်။
ထိုလူရိုင်း၏ခန္ဓာကိုယ်မှာ မှော်ဒိုင်းကာပညာရပ်ကြောင့် အရောင်တလက်လက်တောက်နေခဲ့သည်။ သို့သော်ငြား သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာတော့ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေလေကာ အရည်ပျော်ကျနေခဲ့လေသည်။ ရန်ကိုင်ရောက်မလာခင်တည်းက ထိုလူရိုင်းသည် နတ်ဆိုးဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်မှူးပေါင်းများစွာကို သတ်ပစ်ခဲ့လေသည်။ ယခု သူ့ခန္ဓာကိုယ်အား ဆက်လက်ထောက်တည်ပေးထားသည်မှာ လောင်ကျွမ်းနေသည့် သူ၏အသက်စွမ်းအင်များသာ ဖြစ်ကြတော့သည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် ထိုလူရိုင်းက ပြုံးဖြီးလျက် လှမ်းအော်ခေါ်လိုက်သည်။ “ဟဲဟဲ… မှော်ဆရာညို…”
“မှော်ဆရာတု…” ရန်ကိုင်သည် သူ့ရှေ့တွင် ရှိနေသည့် မှော်ဝိဇ္ဇာကိုကြည့်ရင်း ပြန်ပြောလိုက်လေသည်။
လွန်ခဲ့သောလအနည်းငယ်ခန့်က တောင်ပိုင်းလူရိုင်းကလန်၏ ဘုရင့်မြို့တော်ထဲတွင် ရန်ကိုင်နှင့် မှော်ဆရာတုတို့ ပြဿနာဖြစ်ခဲ့ကြသည်။ အခု လအနည်းငယ် ကြာသွားသည့်တိုင် မှော်ဆရာတုမှာ ရန်ကိုင်အပေါ် ဖော်ရွေခြင်းမရှိသေး။ သူ့မျက်လုံးထဲ ပြိုင်ဆိုင်လိုသည့်စိတ်တို့ကို အထင်းသား မြင်တွေ့နေခဲ့ရသည်။
“မင်းမလာဘူးလို့ ငါမှတ်နေတာ… ဒါပေမယ့် ရောက်လာတာပဲ…” မှော်ဆရာတုက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။ အရည်ပျော်ကျနေသော သူ့ခန္ဓာကိုယ်တစ်ခြမ်းကိုတော့ လုံးဝမမှူသည့်ပုံပင်။ ထိုသို့ဖြစ်ရခြင်းမှာ အနက်ရောင်အလင်းကြောင့်သာ ဖြစ်လေသည်။ အနက်ရောင်အလင်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခြမ်း အရည်ပျော်ကျသွားခဲ့ရပြီး အရိုးများ ငေါထွက်လာကာ အချို့သောကိုယ်တွင်းအင်္ဂါများကိုပင် မြင်နေခဲ့ရလေသည်။
“အခုလေးတင်ရောက်လာတာ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ်…” မှော်ဆရာတု၏မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ “လွန်ခဲ့တဲ့လတွေတုန်းက ငါ နတ်ဆိုးခုနှစ်ထောင်ကျော်ကို သတ်ပစ်ခဲ့တယ်… မင်းရော…”
“မင်းလောက်တော့မများဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
မှော်ဆရာတုက အော်ရယ်မောလျက် “ဒါဆိုရင် ငါနိုင်တာပေါ့… ဟား ဟား ဟား…”
အခုချိန်ထိတိုင် ရန်ကိုင်နှင့်လုပ်ခဲ့သည့် အလောင်းအစားကို မှတ်မိနေပေသေးသည်။
ရန်ကိုင်က သဘောတူလိုက်သည်။ “ဟုတ်တယ်… မင်းနိုင်တယ်…”
တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေသည်။ “မင်း ဆက်ထိန်းထားနိုင်သေးလား…”
မှော်ဆရာတုက ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “မထိန်းနိုင်တော့ဘူး… မင်းလည်းမြင်နေတာပဲ… ငါ့ကလန်သားတွေအားလုံး သေသွားပြီ… အခု ငါတစ်ယောက်တည်းပဲ ကျန်တော့တာ… ငါ သူတို့ကို မကြာခင် သွားတွေ့ရတော့မယ်…”
“ဒါဆိုရင် နှုတ်ဆက်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်၍ သူ့ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ ပြောလိုက်လေသည်။
မှော်ဆရာတုသည် အရိုးသာ ကျန်တော့သော သူ့လက်ဖြင့် ရင်ဘတ်ပေါ်ကိုတင်၍ ပြန်ပြောလိုက်လေ၏။ “မှော်ဘုရင်ကို သွားရှာလိုက်… တောင်ပိုင်းလူရိုင်းကလန် ဒီနေရာမှာ ပျောက်ကွယ်သွားလို့မဖြစ်ဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် အခြားသောနတ်ဆိုးများဆီသို့ လျှောက်သွားလေသည်။ တစ်ချိန်တည်းတွင် မှော်ဆရာတုသည် ဘာမှန်းမသိရသော မှော်မန္တန်တစ်ခုကို ရွတ်ဆိုသွားလေ၏။ တစ်ခဏအကြာ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့် စတင်၍ လောင်မြိုက်လာတော့လေသည်။
ဤသည်မှာ အသက်စတေးခြင်းသာ ဖြစ်လေသည်။
အသက်စတေးခြင်းပညာရပ်သည် မှော်ပညာရပ်များအနက် တားမြစ်ပညာရပ်တစ်ခုလည်း ဖြစ်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ မှော်ဆရာတုသည် သူ၏နောက်ဆုံးလက်ကျန်အသက်စွမ်းအင်ကို သုံး၍ အသက်စတေးခြင်းပညာရပ်ကို အသုံးပြုလိုက်တော့လေသည်။
ဤကမ္ဘာကြီးတွင် လူရိုင်းများ ယုံကြည်ထားကြသည်မှာ သူတို့သေသွားသည်ဆိုပါက လူရိုင်းနတ်ဘုရား၏ ရင်ခွင်ဆီသို့ ပြန်သွားနိုင်သည်ဟူ၍ပင်။ သူတို့၏ဝိဉာဉ်သည် မှော်ကျောင်းတော်သို့ ပြန်သွားပြီး ပြန်လည်ဝင်စားကြပေလိမ့်မည်။ ထို့အတွက်ကြောင့် သေဆုံးခြင်းသည် သူတို့အတွက်တော့ အဆုံးသတ်မဟုတ်ဘဲ ဘဝသစ်အစသာ ဖြစ်လေသည်။
သို့သော်ငြား မှော်ဆရာများအနက် ပြန်လည်ဝင်စားရန် မသင့်တော်သည့်လူများမှာတော့ တားမြစ်ပညာရပ်ဖြစ်သည့် အသက်စတေးခြင်းပညာရပ်ကို အသုံးပြုသည့် မှော်ဆရာများသာ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် သာမန်အခြေအနေမျိုး၌ မှော်ဆရာတစ်ဦးသည် သေရတော့မည်ဆိုလျှင်ပင် အသက်စတေးခြင်းပညာရပ်ကို အသုံးပြုလိမ့်မည်မဟုတ်ချေ။ အသက်စတေးခြင်းပညာရပ်ကိုသာ အသုံးပြုလိုက်မည်ဆိုပါက လူရိုင်းနတ်ဘုရား၏ ရင်ခွင်တော်ဆီသို့ ပြန်သွားနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရမည်ဖြစ်ကာ သူတို့၏ဝိဉာဉ်သည်လည်း မှော်ကျောင်းတော်ဆီသို့ ပြန်သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုအရာသည် မည်သူမျှ လက်သင့်မခံနိုင်သည့် ကံတရားတစ်ခု ဖြစ်ပေသည်။
သို့သော်ငြား သူတို့၏အိမ်ကို ကျူးကျော်လာသည့် နတ်ဆိုးမျိုးနွယ်များနှင့် အတွေ့တွင် မှော်ဆရာတုမှာ အသက်စတေးခြင်းပညာရပ်ကို အသုံးပြုရန် တုံ့ဆိုင်းမနေတော့ချေ။ သူ့အနေဖြင့် တစ္ဆေသရဲတစ်ကောင် ဖြစ်လာရမည်ဆိုလျှင်ပင် အနည်းဆုံးတော့ သူ့ကလန်သားများအတွက် အကျိုးပြုပေးသွားရပေလိမ့်မည်။
မှော်ဆရာတု ဘာလုပ်လို့လုပ်နေမှန်းမသိသည့် နတ်ဆိုးများမှာတော့ မှော်ဆရာတုအား ဝိုင်းအုံတိုက်ခိုက်လာခဲ့ကြလေသည်။ မှော်ဆရာတုမှာတော့ အော်ရယ်မောရင်းဖြင့်သာ နတ်ဆိုးများတိုက်ခိုက်နေသည်ကို ဤအတိုင်း ငြိမ်ခံနေခဲ့လေသည်။ သို့သော်ငြား သူ့ခန္ဓာထက်တွင် လောင်ကျွမ်းနေသည့် မီးတောက်များမှာတော့ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့လေ၏။
နောက်ဆုံးတွင် မှော်ဆရာတုအနား၌ ဝိုင်းအုံနေကြသော နတ်ဆိုးများမှာ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိသွားပြီး ထွက်ပြေးရန် ကြိုးစားကြလေသည်။ သို့သော်ငြား နောက်ကျလွန်းသွားခဲ့သည်။
ပေါက်ကွဲသံကြီးနှင့်အတူ မှော်ဆရာတုရှိနေသည့်နေရာဆီမှ အလင်းတန်းများ ပြိုးပြိုးပြက်ပြက် လင်းလက် ပေါက်ကွဲထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ဘေးပတ်လည်၌ ရှိနေသော နတ်ဆိုးများအားလုံးမှာလည်း မှော်ဆရာတုနှင့်အတူ တစ်ပါတည်း ပျောက်ကွယ်သွားကုန်ကြလေ၏။
ရှင်းရှင်းပြောရသော် မီတာတစ်ထောင်အတွင်းတွင် ရှိနေသော နတ်ဆိုးများအားလုံး အပြီးတိုင် ရှင်းပစ်ခံလိုက်ရလေသည်။
လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် စစ်မြေပြင်၏ အလယ်ဗဟိုဆီသို့ သွားနေခဲ့လေသည်။ ထိုနေရာ၌ ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုကို ခံစားရ၏။ ထိုအရှိန်အဝါမှာ မှော်ဘုရင်၏ အရှိန်အဝါသာ ဖြစ်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် မှော်ဘုရင်၏အရှိန်အဝါမှာ အလွန်ကိုမှ အားနည်းနေကာ မတည်မငြိမ် ဖြစ်နေခဲ့သည်။ ကြည့်ရသလောက် မှော်ဘုရင်တန် တော်တော်လေး အခြေအနေဆိုးနေသည့်ပုံပင်။
အနက်ရောင်အလင်း ပေါက်ကွဲထွက်လာပြီးသည့်နောက်တွင် ဤနေရာ၌ စုဝေးနေကြသော တောင်ပိုင်းလူရိုင်းကလန်မှ လူရိုင်းပေါင်းများစွာအနက် သောင်းဂဏန်းဝန်းကျင်လောက်သာ အသက်ရှင်ကျန်ရစ်တော့သည်။ သို့သော်ငြား ထိုသောင်းဂဏန်းဝန်းကျင်မှာလည်း နတ်ဆိုးမျိုးနွယ်များ၏ တိုက်ခိုက်မှုကြောင့် တရစပ် လျော့ကျလာနေခဲ့ရလေသည်။ အရေအတွက်အားဖြင့် မသာသည့်အပြင် အနက်ရောင်အလင်းကြောင့် ဒဏ်ရာပါ ရထားသေးလေရာ တောင်ပိုင်းလူရိုင်းကလန်မှ မှော်ဆရာများမှာ သူတို့ကျွမ်းကျင်ထားသော မှော်ပညာရပ်များကို အတတ်နိုင်ဆုံးထုတ်သုံး၍ ပြန်လည်တိုက်ခိုက်နေခဲ့ကြသည့်တိုင် နတ်ဆိုးများကို တွန်းလှန်နိုင်ခဲ့ခြင်း မရှိပေ။
ယခုကဲ့သို့သော ကူကယ်ရာမဲ့နေသည့် အခြေအနေမျိုးတွင် မှော်ဆရာတုတစ်ဦးသည်သာ အသက်စတေးခြင်းပညာရပ်ကို ထုတ်သုံးခဲ့ခြင်းမဟုတ်။ အခြားသောမှော်ဝိဇ္ဇာတော်တော်များများမှာလည်း အသက်စတေးခြင်းပညာရပ်ကို သုံးကာ နတ်ဆိုးများစွာကို သူတို့နှင့် အပါဆွဲခေါ်သွားခဲ့လေသည်။
ဘေးပတ်ပတ်လည်တွင်ရှိနေသော လူရိုင်းအားလုံးမှာတော့ အသတ်ခံလိုက်ရပြီဖြစ်ကာ လက်ရှိအချိန်တွင် အသက်ရှင်ကျန်နေသည့်လူဆို၍ စစ်မြေပြင်အလယ်တွင် စုဝေးနေကြသည့် သောင်းနှင့်ချီသည့် လူရိုင်းများသာ ဖြစ်ကြတော့လေသည်။ အနက်ရောင်အလင်းကြောင့် ဒဏ်ရာရထားကြသလို အရေအတွက်လည်း မသာသည့်တိုင် ထိုလူရိုင်းများမှာတော့ တတ်နိုင်သမျှ ကြိုးစား၍ ခုခံနေခဲ့ကြလေသည်။
နတ်ဆိုးများကို အသည်းအသန် ခုခံတိုက်ခိုက်နေရင်းမှ ရုတ်တရက် ပေါ်လာသည့် ရန်ကိုင်ကို မြင်ပြီးသည့်နောက် အကုန်လုံး ကြောင်သွားခဲ့ကြလေသည်။ လူရိုင်းများသာလျှင်မဟုတ် နတ်ဆိုးများသည်လည်း သွေးလမ်းကိုဖောက်၍ သူတို့ဆီသို့လာနေသော ရန်ကိုင်ကိုမြင်ပြီး အံ့အားသင့်ကုန်ကြလေသည်။
ရန်ကိုင်မှ အလယ်၌ ရှိနေသော အဖွဲ့ဆီသို့ ရောက်လာသည့်အခါ မှော်ဘုရင်တန်ကို အလျင်အမြန် ရှာတွေ့သွားခဲ့လေသည်။
“ဆရာ…”
မှော်ဘုရင်တန်အခြေအနေမှာ အတော်လေးကိုမှ ဆိုးသည်ဟု ပြော၍ရပေသည်။ သူ့ခဗျာ မျက်လုံးတစ်လုံးကန်းနေပြီး ခန္ဓာကိုယ်မှာလည်း အနက်ရောင်အလင်း၏ တိုက်စားခြင်း ခံထားရသည်။ လက်ရှိ မှော်ဘုရင်တန်အခြေအနေမှာ မှော်ဆရာတုကဲ့သို့ပင် ဖြစ်နေလေ၏။ သို့သော်ငြား အခြားမှော်ဝိဇ္ဇာများ၏ အခြေအနေမှာတော့ မှော်ဘုရင်တန်ထက်ပင် ပိုဆိုးလို့နေခဲ့သည်။
မှော်ဘုရင်တန်သည် ခေါ်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ရန်ကိုင်ဖြစ်နေကြောင်း တွေ့လိုက်ရပြီးသည့်နောက် မဲ့ပြုံးပြုံး၍ မေးလိုက်လေ၏။ “မင်း ဘာလို့ ဒီကိုရောက်လာတာလဲ…”
ရန်ကိုင်က အလျင်အမြန် ပြန်ရှင်းပြလိုက်လေသည်။ “ကျုပ်အဖွဲ့သားတွေမပါဘူး… ကျုပ်ဘာသာတစ်ယောက်တည်းလာခဲ့တာ…”
ထိုစကားကိုကြားသော် မှော်ဘုရင်တန်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကောင်းတယ် ကောင်းတယ်…” ထိုသို့ပြောနေရင်းမှ မှော်ဘုရင်တန်သည် သစ်သားဖြင့်လုပ်ထားဟန်ပေါက်သည့် ပစ္စည်းတစ်ခုကို ထုတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်ပြီးသည့်နောက် အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဒါ ငါတို့တောင်ပိုင်းလူရိုင်းကလန်ရဲ့ ထွဋ်မြတ်ရတနာပဲ… ဒါကိုယူပြီး ထွက်သွားပေတော့… တောင်ပိုင်းလူရိုင်းကလန် ဒီမှာ ပျောက်ကွယ်သွားလို့မဖြစ်ဘူး…”
လူရိုင်းမျိုးနွယ်စု၏ ကလန်တစ်ခုချင်းစီတိုင်းတွင် ထွဋ်မြတ်ရတနာတစ်ခုစီ ရှိကြသည်။ ထိုထွဋ်မြတ်ရတနာများသည် တကယ်ကို အဖိုးတန်ကြသည့် ရတနာများ မဟုတ်ကြ။ ထို့အစား အဖွဲ့၏ဩဇာအာဏာကို ကိုယ်စားပြုသည့် အမှတ်သင်္ကေတသာ ဖြစ်လေသည်။ ထွဋ်မြတ်ရတနာကို ကိုင်စွဲထားသည့်လူသည် ကလန်တစ်ခုလုံးကို အမိန့်ပေးနိုင်လေ၏။
ပုံမှန်အားဖြင့် ထွဋ်မြတ်ရတနာများသည် ကလန်တစ်ခုလုံး၏ အားအကောင်းဆုံးသော မှော်ဘုရင်များ၏ လက်ထဲတွင်သာ ရှိနေလေ့ရှိကြသည်။
မှော်ဘုရင်တန်သည် တောင်ပိုင်းလူရိုင်းကလန်၏ ခြောက်ယောက်မြောက်မှော်ဘုရင်ဖြစ်သည့်အတွက်ကြောင့် ထွဋ်မြတ်ရတနာသည် ပုံမှန်အားဖြင့် သူ့လက်ထဲတွင် ရှိမနေသင့်ပေ။ ယခု ထွဋ်မြတ်ရတနာ သူ့လက်ထဲတွင် ရှိနေရခြင်းမှာ ရှင်းပြချက်တစ်ခုသာ ရှိတော့လေသည်။ အခြားသောမှော်ဘုရင်အားလုံး သေသွားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
မှော်ဘုရင်တန်သည် တောင်ပိုင်းလူရိုင်းကလန်၏ နောက်ဆုံးကျန်ရစ်သည့် မှော်ဘုရင်ဖြစ်ပေသည်။ သို့သော်ငြား သူကိုယ်တိုင်သည်လည်း ကြာကြာအသက်ရှင်ရတော့လိမ့်မည်မဟုတ်မှန်း သိနေခဲ့သည်။
လက်ရှိအချိန်တွင် ဒဏ်ရာမရဘဲ ရှိနေသေးသည့်လူဆို၍ ရန်ကိုင်တစ်ဦးသာ ရှိသည့်အတွက်ကြောင့် မှော်ဘုရင်တန်မှာ ထိုရတနာကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးရုံသာ တတ်နိုင်ခဲ့လေသည်။
“မင်းလုပ်နိုင်လား…” မှော်ဘုရင်တန်သည် ရန်ကိုင်၏ပုခုံးကိုကိုင်ရင်းမှ ရန်ကိုင်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်၍ ကတိပေးလိုက်၏။ “တောင်ပိုင်းလူရိုင်းကလန် ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် မှော်ဘုရင်တန်က ပြုံး၍ ပြောလိုက်လေ၏။ “အဲ့ဒါဆိုလုံလောက်ပြီ…” ထိုသို့ပြောပြီးသည့်နောက်တွင် မှော်ဘုရင်တန်ဆီမှ ရန်ကိုင်မှ မှော်ဘုရင်တန်အား ပထမဦးဆုံးအကြိမ် တွေ့ခဲ့စဉ်က အရှိန်အဝါမျိုး ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် မှော်ဘုရင်တန်သည် ရန်ကိုင်အား ကြည့်၍ ပြောလိုက်လေသည်။ “ငါတို့ မင်းထွက်ပြေးဖို့ လမ်းကြောင်းတစ်ခု ဖန်တီးပေးမယ်… ထွက်သွားပြီးတာနဲ့ မင်းရဲ့အဖွဲ့သားတွေကိုခေါ်ပြီး အခြားကလန်တွေဆီသွား… ပြီးတော့ ဒီမှာဖြစ်သွားတဲ့ကိစ္စတွေကို ပြောပြလိုက်… အဲ့ဒါမှပဲ သူတို့ ဒီကအကြောင်းတွေကို သူတို့ သိမှာ…”
ရန်ကိုင်မှာ ဤနေရာအနီးတစ်ဝိုက်တွင် အခြားသောမှော်သူတော်စင်တစ်ပါး ရှိနေသေးကြောင်း ပြောလိုခဲ့သည်။ မှော်ဘုရင်တန်သည် သူတို့ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ မှော်သူတော်စင်တစ်ပါး၏ လုပ်ရပ်ကြောင့်မှန်း မသိချေ။ ထို့အတွက်ကြောင့် ရန်ကိုင်အတွက် ပြေးပေါက်တစ်ခု ဖန်တီးပေးမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောလာခြင်း ဖြစ်လေသည်။ သူသာသိမည်ဆိုလျှင်တော့ ယခုကဲ့သို့ ပြောနိုင်တော့လိမ့်မည်မဟုတ်ချေ။
သို့သော်ငြား ရန်ကိုင်သည် သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်သည် လောကဓာတ်လုံးကိုသုံး၍ ဤနေရာရှိ လူအားလုံးကို ခေါ်သွားချင်ခဲ့သည်။
သို့သော်ငြား သူ့ဘက်မှ ကူညီပေးချင်လျှင်ပင် ထိုသို့မကူညီပေးနိုင်တော့ချေ။ အကြောင်းမှာ လက်ရှိ သူမြင်ကွင်းတွင်ရှိနေသော တောင်ပိုင်းလူရိုင်းကလန်သားအားလုံးမှာ မှော်ဆရာတုကဲ့သို့ သူတို့၏ခန္ဓာကိုယ်များမှာ အနက်ရောင်အလင်းကြောင့် အရည်ပျော်နေကြသည့်အတွက်ကြောင့်ပင်။ အားအကောင်းဆုံးသော မှော်ဘုရင်တန်သည်ပင်လျှင် အနက်ရောင်အလင်း၏ တိုက်စားမှုကြောင့် သူ့ခန္ဓာကိုယ်မှာ တတိတိနှင့် အရည်ပျော်ကျနေခဲ့လေသည်။
ရန်ကိုင်အနေဖြင့် ဤနေရာရှိလူအားလုံးကို လောကဓာတ်လုံးထဲသို့ထည့်၍ ခေါ်သွားမည်ဆိုလျှင်ပင် နောက်ဆုံး သူပြန်ရလိုက်မည်မှာ အရည်ပျော်ကျနေသည့် သွေးအိုင်များသာ ဖြစ်ပေလိမ့်မည်။
အသက်ချိန်းကြိုးပညာရပ်ကို ထုတ်သုံး၍လည်း အသုံးမဝင်ချေ။ အသက်ချိန်းကြိုးပညာရပ်သည် ထိုလူများ၏အသက်ကို မကယ်နိုင်တော့ဘဲ သူတို့၏အသက်ကို ယာယီဆွဲဆန့်ပေးထားရုံသာ တတ်နိုင်တော့သည်။
ရန်ကိုင်သည် မှော်ဘုရင်တန်မှ ပေးလာသည့် ထွဋ်မြတ်ရတနာကို တင်းတင်းဆုပ်ကိုင်ရင်း အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျုပ် ကတိပေးတယ်… တောင်ပိုင်းလူရိုင်းကလန် တစ်နေ့ ပြာပုံထဲကနေ ပြန်နိုးထလာနိုင်လိမ့်မယ်… အဲ့အချိန်ကြရင် တောင်ပိုင်းလူရိုင်းကလန်က လက်ရှိတောင်ပိုင်းလူရိုင်းကလန်ထက် အများကြီး ပိုအားကောင်းနေလိမ့်မယ်…”
မှော်ဘုရင်တန်က အော်ရယ်မောလျက် ရုတ်တရက် မေးလိုက်လေသည်။ “ယွဲ့နဲ့လု…”
“သူတို့ အဆင်ပြေတယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီစစ်ပွဲကြောင့် သူတို့လည်း တော်တော်လေး အတွေ့အကြုံရသွားတယ်… သူတို့ မှော်ဝိဇ္ဇာတွေဖြစ်လာဖို့ သိပ်မကြာတော့ဘူး… ဆရာ…သူတို့ဆီ ပါးချင်တဲ့ သတင်းလေးဘာလေး ရှိသေးလား…”
“မရှိတော့ဘူး…” မှော်ဘုရင်တန်က လက်ဝှေ့ယမ်းလျက် “သူတို့လုပ်ရမယ့်အရာကို သူတို့သိပြီးသား… ငါ သူတို့အတွက် စိတ်ပူနေစရာမလိုဘူး…” ထိုသို့ပြောပြီးသည့်နောက် အသက်ကိုပြင်းပြင်းရှူသွင်း၍ ဆက်ပြောလိုက်လေသည်။ “မင်း အဆင်သင့်ဖြစ်ပြီလား…”
ရန်ကိုင် ခေါင်းညိတ်လိုက်၏။
ထိုသို့ပြောပြီးသည့်နောက်တွင် မှော်ဘုရင်တန်သည် သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ လျှပ်စီးတန်းများ သူ့လက်ချောင်းများထက် တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်း ထိုလျှပ်ပန်းလျှပ်နွယ်တို့သည် လျှပ်စီးစပါးအုံးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး နတ်ဆိုးအုပ်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
တဖုန်းဖုန်းပေါက်ကွဲသံများနှင့်အတူ နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြလေသည်။
လျှပ်စီးစပါးအုံးကြီးသည် ရှေ့မှဦးဆောင်ကာ နတ်ဆိုးများကို ရှင်းလင်းပစ်ရင်း လက်ကျန်တောင်ပိုင်းလူရိုင်းကလန်သားများအတွက် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးနေလေ၏။ အခြားသောမှော်ဆရာများသည်လည်း မှော်မန္တန်အသီးသီးကို ပြိုင်တူ ရွတ်လိုက်ကြလေသည်။ လက်ရှိအချိန်တွင် ကလန်သားအားလုံးသည် မှော်ဘုရင်တန်ကို အလယ်ဗဟိုတွင်ထား၍ အတူတကွ ပူးပေါင်းကာ မှော်မန္တန်များကို ရွတ်ဆိုဖန်တီးရင်း ရန်ကိုင်အတွက် ပြေးလမ်းကြောင်းကို ဖန်တီပေးနေလေ၏။
အကုန်လုံး အတူပူးပေါင်းတိုက်ခိုက်လိုက်သည့်နောက်တွင် သူတို့ထက် အရေအတွက်ပိုမိုများပြားသော နတ်ဆိုးများသည်ပင်လျှင် တောင်ပိုင်းလူရိုင်းကလန်သားများအား တားဆီးနိုင်ခြင်း မရှိတော့ချေ။ ကံမကောင်းစွာဖြင့် မကြာမီတွင် တောင်ပိုင်းလူရိုင်းကလန်သားများအားလုံး ရပ်တန့်ခံလိုက်ရလေသည်။ အကြောင်းမှာ တစ်ချိန်လုံးရပ်ကြည့်နေကြသော နတ်ဆိုးဘုရင်များ ရောက်လာကြသည့်အတွက်ကြောင့်ပင်။
မှော်ဘုရင်တန်သည် လေထဲသို့ ပျံတက်သွားခဲ့ပြီး နတ်ဆိုးဘုရင်များကို တစ်ကိုယ်တော်ရင်ဆိုင်ရင်းမှ ရန်ကိုင်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏။ “မင်းဘာသာမင်း လမ်းကြောင်းရှာပြီးတော့ ထွက်သွားပေတော့…”
သူ့အနေဖြင့် ရန်ကိုင်အား ဆက်၍ ကာကွယ်မပေးနိုင်တော့ချေ။ ဤနေရာမှ ထွက်ပြေးနိုင်မလား ထွက်မပြေးနိုင်ဘူးလား ဆိုသည်မှာ ရန်ကိုင်အပေါ်တွင်သာ မူတည်နေတော့သည်။ မျှော်လင့်ချက်မှာ ရှိနေသေးပါသော်ငြား ထိုမျှော်လင့်ချက် အမှန်တကယ်ဖြစ်လာနိုင်ပါစေဟု မှော်ဘုရင်တန် ကြိတ်၍ ဆုတောင်းနေရုံသာ တတ်နိုင်ခဲ့သည်။
ရန်ကိုင်သည်လည်း မှော်ဘုရင်တန်အား ခေါင်းညိတ်ပြလိုက်လေသည်။ လက်ရှိအချိန်တွင်တော့ သူ့ခွန်အားကို ထုတ်မပြချင်သေးပေ။ သူ့အား တစ်ချိန်လုံးစောင့်ကြည့်နေသော အကြည့်တစ်စုံကို ရန်ကိုင် အတိုင်းသား ခံစားမိနေလေသည်။ ထိုအကြည့်ပိုင်ရှင်မှာ အခြားမဟုတ် နတ်ဆိုးသူတော်စင်မိုတော့သာ ဖြစ်လေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်မှာ သူ့ခွန်အားကို တစ်ချိန်လုံး ထိမ်ချန်ထားခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးသူတော်စင်တစ်ပါး၏ စွမ်းအားကို ရန်ကိုင်အနေဖြင့် တစ်ခါမှ လက်တွေ့မကြုံဖူးပါသော်ငြား လက်ရှိ သူသည် ထိုကဲ့သို့သော ပညာရှင်တစ်ဦး၏ ပြိုင်ဘက် မဖြစ်နိုင်သေးမှန်းတော့ သိနေလေသည်။ သူသာ နတ်ဆိုးသူတော်စင်အား သွားရန်စမိလိုက်မည်ဆိုပါက ဤနေရာမှ ထွက်ပြေးနိုင်တော့လောက်လိမ့်မည်မဟုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၇၉)
ဘာသာပြန်သူ_တိမ်တိုက်
အနက်ရောင်အလင်းကြောင့် အနီးတစ်ဝိုက်တွင် ရှိနေကြသော လောကနိယာမများမှာ ပျက်စီးနေရသဖြင့် ဟင်းလင်းပြင်မှာ မတည်မငြိမ် ဖြစ်နေကာ တည်နေရာကူးပြောင်းဖို့ရာ ဤနေရာ၌ အဆင်မပြေချေ။ ထို့ကြောင့် ရန်ကိုင်သည်သာ တွင်းပေါက်ကြီးထဲမှ ထွက်သွားနိုင်မည် ဆိုလျှင်တော့ သူကျွမ်းကျင်သည့် လေဟာနယ်ပညာရပ်များကို ကောင်းကောင်း ထုတ်သုံးနိုင်ပေလိမ့်မည်။
သို့ရာတွင် မိုင်းတစ်ရာအချင်းဝက်ရှိသော တွင်းပေါက်ကြီးမှာ အတော့်ကိုမှကျယ်လှပေသည်။ ရန်ကိုင်သည် မည်သူမှ သတိမထားမိဘဲ တိုးတိုးတိတ်တိတ် ထွက်သွားချင်ပါသော်ငြား အဆုံးတွင်တော့ သူ့အား တစ်စုံတစ်ဦးမှ မြင်သွားခဲ့လေသည်။
ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် အပြုအမူသည် ထိုလူ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ အစပိုင်းတွင်တော့ ရန်ကိုင် ထွက်ပြေးနေသည်ကို စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့သော်ငြား အချိန်ကြာလာသည့်နောက် မျက်နှာပျက်လာရတော့သည်။ အကြောင်းမှာ ထိုပြင်ပမျိုးနွယ်ကောင်သည် သူ့အား လာတားသည့် နတ်ဆိုးမှန်သမျှကို သတ်ပစ်နိုင်ခဲ့သည့် အတွက်ကြောင့်ပင်။ လက်ရှိအချိန်တွင် ရန်ကိုင်ကြောင့် အနည်းဆုံး နတ်ဆိုးပေါင်း ရာနှင့်ချီကာ သေဆုံးထားရပေပြီ။
ရန်ကိုင်မှ နောက်ထပ်နတ်ဆိုးတစ်ကောင်အား ထပ်သတ်တော့မည်ကို မြင်သော် တောင်ပံနတ်ဆိုးဘုရင်လည်း ဆက်၍ ရပ်ကြည့်မနေနိုင်တော့ဘဲ ၎င်း၏ တောင်ပံများကို ခတ်၍ ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲပ ကိုင်ဆွဲထားသော လှံတံဖြင့် ရန်ကိုင်အား ထိုးချလိုက်သည်။ လှံတံထိပ်ဖျားတွင် အနက်ရောင်စွမ်းအင်လုံးတစ်ခု စုဝေးလာခဲ့လေ၏။
ရန်ကိုင်သည် ခန္ဓာကိုယ်ကို တစ်ပတ်လည်ချလိုက်ရင်း ပျာယာခတ်နေဟန်ဖြင့် အနန္တဓါးကိုမြှောက်၍ ကပျာကယာဖြင့် တိုးဝင်လာနေသည့် လှံချက်ကို ခုခံလိုက်သည်။
နတ်ဆိုးဘုရင် မျက်မှောင်ကြုတ်သွားလေ၏။ သူ့တိုက်ကွက်ကြောင့် ရန်ကိုင် သေသွားလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ရန်ကိုင်သည် သေမသွားသည့်အပြင် သူ့တိုက်ကွက်၏ တွန်းကန်အားကိုသုံး၍ နောက်သို့ပင် ခုန်ဆုတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏ “ကံကောင်လိုက်တဲ့ကောင်”
ရန်ကိုင် လွတ်မြောက်သွားရခြင်းမှာ ကံကောင်းသွားသည့် အတွက်ကြောင့်သာ ဖြစ်ပြီး ရန်ကိုင် အားကောင်းသည့် အတွက်ကြောင့် မဟုတ်ဟု နတ်ဆိုးဘုရင် မှတ်ယူထား၏။ ထိုသို့ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်နောက်သို့ ပြေးလိုက်တော့သည်။
မှော်ဝိဇ္ဇာအဆင့်လေးတစ်ယောက်ကို သူ့အနေဖြင့် တစ်ချက်တည်းနှင့် မသတ်ပစ်နိုင်ခဲ့သော်ငြား သူ့သားကောင်ကို လွတ်သွားစေလို့တော့ မဖြစ်ချေ။ ဤတိုက်ပွဲကို စီနီယာမိုတော့ကိုယ်တိုင် စောင့်ကြည့်နေသဖြင့် နတ်ဆိုးများမှာ မိမိ၏ စွမ်းရည်ကို တတ်နိုင်သလောက် ထုတ်ပြချင်နေကြသည်။ သူသည် မှော်ဝိဇ္ဇာတစ်ပါးကို လွတ်သွားစေလိုက်မည်ဆိုပါက စီနီယာမိုတော့၏ အပြစ်ပေးခြင်း ခံရသွားနိုင်ပေသည်။
ထို့အတွက်ကြောင့် နတ်ဆိုးဘုရင်သည် အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်း မရှိတော့ဘဲ တောင်ပံများကို တဖျတ်ဖျတ်ခတ်၍ တစ်ဟုန်ထိုး ပျံသန်းသွားလိုက်ရာ ရန်ကိုင်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်လာခဲ့လေသည်။ ထို့နောက် သူ့လှံဖြင့် ရန်ကိုင်အား ထိုးချလိုက်လေ၏။
ယခုတစ်ကြိမ်တွင်တော့ လှံထိပ်ဖျားရှိ အနက်ရောင်အလုံးမှာ ယခင်ကကဲ့သို့ သေးသေးလေး မဟုတ်တော့ဘဲ လက်ဆေးဇလုံး အရွယ်အစားခန့် ရှိနေခဲ့၏။
ရန်ကိုင်မှာမူ သူ့ခေါင်းထက်တွင် ပေါ်လာသည့် နတ်ဆိုးဘုရင်အား သတိပြုမိဟန် မရဘဲ သူ့ရှေ့တွင် ရှိနေသည့် အခြားသော နတ်ဆိုးများကိုသာ အာရုံစိုက်နေခဲ့လေသည်။ သို့သော်ငြား လှံချက် သူ့အား ထိခါနီးတွင်၊ အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသည့် အလား လှံချက်ကို သူ့ဓါးဖြင့် ကောက်ခံလိုက်လေသည်။
စွမ်းအင်လုံး ပေါက်ကွဲထွက်သွားခဲ့လေ၏။
နတ်ဆိုးဘုရင်မှာ အလစ်အငိုက်မိပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။ သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်နိုင်ချိန် ပြင်ပမျိုးနွယ်မှ ကောင်းလေးသည် သူနှင့် မီတာ တစ်ထောင်အကွာသို့ ရောက်နေကြောင်း တွေ့လိုက်ရ၏။ လက်ရှိအချိန်၌ ထိုကောင်လေးသည် ယခင်ကထက်ပင် ပိုမြန်သည့်နှုန်းဖြင့် ထွက်ပြေးနေပြီး မည်သည့် နတ်ဆိုးမှ သူ့အား တားဆီးနိုင်ခြင်း မရှိချေ။
သူ့တိုက်ကွက် နှစ်ကွက်စလုံးကို နှစ်ကြိမ်တိုင်တိုင် ခုခံပြသွားပြီး သူ့လှံထိုးချက်၏ တွန်းအားကို အသုံးချ၍ ထွက်ပြေးသွားနိုင်သည်မှာ ကံကောင်ဖြစ်သည်ဟု ပြော၍ မရတော့ချေ။
နတ်ဆိုးဘုရင်၏ အမူအရာ ပြောင်းလဲသွားပြီး ဒေါမာန်တကြီးဖြင့် ထအော်လေသည် “ငါမင်းကိုသတ်မယ်”
တစ်ဖက်လူသည် သူ့အား အရူးလုပ်သွားသည်ဟု နတ်ဆိုးဘုရင် ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့စိတ်ထဲ ရှက်သွားပြီး ဒေါသလည်း ထွက်လာခဲ့ရကာ ဒေါမာန်တကြီးဖြင့် အရှိန်ကုန်တင်ကာ ရန်ကိုင်နောက်သို့ ပြေးလိုက်တော့လေ၏။
ယခုတစ်ကြိမ် တိုက်ခိုက်ရာတွင်တော့ နတ်ဆိုးဘုရင်သည် သူ့ခွန်အားကို စိုးစဉ်းမျှပင် ထိန်ချန်ထားခြင်း မရှိတော့ချေ။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်လည်း နတ်ဆိုးဘုရင်ဘက်သို့လှည့်၍ သေချာ ခုခံရတော့သည်။ အန္တဓါးဖြင့် လှံချက်ကို လှမ်းတားရင်းမှ အားနေသည့် ကျန်လက်တစ်ဖက်ဖြင့် လက်ကွက်များကို ဖန်တီးကာ မှော်မန္တန်များကို ရွတ်ဆိုလိုက်၏။ မျက်စိကျိန်းမတတ် အလင်းတန်းတို့နှင့်အတူ တိုက်ကွက်နှစ်ခု ထိပ်တိုက် တွေ့သွားလေသည်။
ယခုတစ်ကြိမ် တိုက်ပွဲသည် ရန်ကိုင်အတွက် အလွန်ကိုမှ ခက်လှပေသည်။ သူ့ပြိုင်ဘက် အားကောင်းလွန်းသည့် အတွက်ကြောင့်တော့ မဟုတ်။ ရန်ကိုင်သည် မှော်ဝိဇ္ဇာအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသူတစ်ဦး ဖြစ်သည်။ ထို့အပြင် သူ့လက်ရှိအဆင့်သည် မှော်ဝိဇ္ဇာအဆင့်သာ ဖြစ်ပါသော်ငြား ယခင်က ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင် တစ်ဦး ဖြစ်ခဲ့ဖူးသူဖြစ်ကာ သာမန် မှော်ဝိဇ္ဇာများ ပိုင်ဆိုင်ထားလေ့ မရှိသည့် ပုံမှန်မဟုတ်သော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။
ထို့အတွက်ကြောင့် သူသာ တကယ်တမ်း အလေးအနက် တိုက်ခိုက်မည်ဆိုပါက သူ့နောက်သို့ အရိပ်ပမာ လိုက်နေသော ဤနတ်ဆိုးဘုရင်ကိုပင် ရှင်းပစ်နိုင်သည်။ သို့သော် ထိုသို့ လုပ်လိုက်ပါက နတ်ဆိုးသူတော်စင်သည် သူ့အား အာရုံစိုက်လာပေလိမ့်မည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် သူ့ခွန်အား အတန်အသင့်ကိုသာ ထုတ်သုံးရင်း နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုများကို အလူးအလဲ ခုခံချင်ယောင်ဆောင်လျက် တစ်ဖက်လူ၏ တိုက်ကွက်ကို အခွင့်ကောင်းယူကာ ထွက်ပြေးနေသည့် ပုံစံမျိုးပေါက်အောင် လုပ်နေခြင်း ဖြစ်သည်။ သို့သော် စစ်ဖြစ်နေသည့် စစ်တလင်းထဲ ဤကဲ့သို့ လုပ်ဖို့ရာမှာ မလွယ်ကူလှချေ။
ကံကောင်းစွာဖြင့် ရန်ကိုင် အတော်လေး ဟန်ဆောင်ကောင်းသည်ဟု ပြော၍ရသည်။ နတ်ဆိုးသူတော်စင်သည် ရန်ကိုင်အား စောင့်ကြည့်နေသော်ငြား ရန်ကိုင်အား အပြည့်အဝ အာရုံစိုက်လာခြင်း မရှိသေးချေ။ ရန်ကိုင်သည် နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်နေရင်းမှ နောက်သို့ဆုတ်ချင်ယောင်ဆောင်လျက် ကျင်းပေါက်ကြီး၏ အစွန်ဖျားနားဆီသို့ တရွေ့ရွေ့ ဆုတ်သွားနေခဲ့လေသည်။
ရန်ကိုင်နှင့် ရင်ဆိုင်နေရသည့် နတ်ဆိုးဘုရင်မှာတော့ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ စိတ်ညစ်လာနေခဲ့သည်။
ဤပြင်ပမျိုးနွယ်မှ သကောင့်သားသည် အလွန်ကိုမှ သတ်ရခက်လှသည်။ အကြိမ်တိုင်း အကြိမ်တိုင်း သူ့တိုက်ကွက်များကို ပွတ်ကာသီကာလေး ရှောင်တိမ်းပြသွားခဲ့သည်။
ဒေါသထွက်ထွက်နှင့် တိုက်ခိုက်နေရလေရာ တောင်ပံနတ်ဆိုး၏ တိုက်ခိုက်မှုများမှာ အချိန်နှင့်အမျှ ပိုပို၍ ပြင်းထန်လာနေခဲ့၏။ သို့သော်ငြား ရန်ကိုင်အား မည်သည့် နည်းနှင့်အမျှ ဒဏ်ရာအနာတရ ရသွားအောင် မလုပ်နိုင်ခဲ့ချေ။ ထို့အစား သူ၏ ပြင်းထန်လှသည့် တိုက်ခိုက်မှုများကြောင့် အနီးနားတွင် ရှိနေသော နတ်ဆိုးများ သေကုန်ကြရလေ၏။
နတ်ဆိုးသူတော်စင် ဘေးနားတွင် ရှိနေသော နတ်ဆိုးဘုရင်များသည် သူ့ဘက်သို့ လက်ညိုးတထိုးထိုးလုပ်ရင်း မှော်ဝိဇ္ဇာတစ်ယောက်ကိုပင် ဤအချိန်အထိ မသတ်နိုင်သေးသော သူ့အား လှောင်ပြောင်နေမှန်း နတ်ဆိုးဘုရင် ခံစားနေရသည်။ နောက်ဆုံးတွင်တော့ နတ်ဆိုးဘုရင်မှာ လုံးဝကို ဆက်၍ သည်းမခံနိုင်တော့ချေ။
ခက်ထန်ကြမ်းကြုတ်သည့် အမူအရာဖြင့် နတ်ဆိုးဘုရင်သည် ရန်ကိုင်အား လှံတံဖြင့် ထိုးချလိုက်လေသည်။ ရန်ကိုင်မှ နတ်ဆိုးဘုရင်၏ လှံချက်ကို ခုခံလို့ ပြီးသွားသည့် အခိုက် နတ်ဆိုးဘုရင်သည် ကြမ်းကြုတ်စွာပြုံးလျက် အော်ပြောလိုက်လေ၏ “သေလိုက်ပေတော့”
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးဘုရင်၏ တောင်ပံပေါ်ရှိ ငှက်မွှေးများ ရုတ်တရက် နီရဲတက်လာခဲ့ပြီး လှံသွားများနှယ် ရန်ကိုင်ဆီသို့ တိုးဝင်လာလေ၏။
ဤသည်မှာ တောင်ပံနတ်ဆိုးဘုရင်၏ မွေးရာပါစွမ်းရည် ဖြစ်ပေသည်။ ရှယ၏ မွေးရာပါ စွမ်းရည်ကဲ့သို့ မဟုတ်ဘဲ ဤနတ်ဆိုး၏စွမ်းရည်သည် ၎င်း၏ တောင်ပံများပေါ်တွင် မှီခိုရသည်။ ထို့အပြင် ရှယ၏ စွမ်းရည်မှာ ထပ်တလဲလဲ သုံး၍ ရပါသော်ငြား တောင်ပံနတ်ဆိုး၏ စွမ်းရည်မှာတော့ တစ်ကြိမ် သုံးပြီးသည်နှင့် သုံးလိုက်သည့် ငှက်မွှေးများ ပျောက်ကွယ်သွားရပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ ဤတောင်ပံနတ်ဆိုး၏ မွေးရာပါစွမ်းရည်သည် အလွန်ကိုမှ အားကောင်းလှပေသည်။
ထပ်ခါတလဲလဲ သုံး၍ မရသည့်အတွက်ကြောင့် တောင်ပံနတ်ဆိုးမှာ ပုံမှန်အားဖြင့် သူ၏ မွေးရာပါစွမ်းရည်ကို ထုတ်သုံးလေ့ မရှိသော်ငြား ရန်ကိုင်သည် သူ့အား ထပ်ခါတလဲလဲ အရှက်ခွဲခဲ့သည့် အတွက်ကြောင့် တောင်ပံနတ်ဆိုးမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ အရှက်ပြေ သွေးရူးသွေးတန်းနှင့် တိုက်ခိုက်တော့လေသည်။
ငှက်မွှေးများ သူ့ဆီသို့ တိုးဝင်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ခေါင်းထဲ အချက်ပေး ခေါင်းလောင်းသံတို့ မြည်ဟည်းသွားခဲ့လေသည်။
သူ့အနေဖြင့် ဤကဲ့သို့ အန္တရာယ်အငွေ့အသက်ကို မခံစားခဲ့ရသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ သူ့ကိုပင် ယခုကဲ့သို့ ဖြစ်သွားအောင် လုပ်နိုင်သည့် တိုက်ခိုက်မှုမျိုးကို ရန်ကိုင် အနေဖြင့် သူ့ခွန်အားအကုန်ကို ထုတ်သုံး၍ ခုခံမှသာ ခုခံနိုင်ပေလိမ့်မည်။
ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ မည်သည့် မှော်ပညာရပ်ကိုမှ ထုတ်မသုံးတော့ချေ။
“ဝဲကတော့”
အရာအားလုံးကို ဝါးမြိုပစ်နိုင်သည့် တွင်းနက်တစ်ခု ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့လေသည်။
ရုတ်တရက်ကြီး ပေါ်လာသည့် တွင်းနက်ကြီးကို ကြည့်ရင်း တောင်ပံနတ်ဆိုး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကြောက်အားလန့်အားဖြင့် ပြန်လှည့်ပြေးလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ဤတွင်းနက်သည် အစောပိုင်းက ပေါ်လာသည့် အနက်ရောင်အလင်းနှင့် ဆင်တူသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ နတ်ဆိုးသူတော်စင် မိုတော့မှ ထိုအနက်ရောင်အလင်းကို ဤကမ္ဘာကြီးထဲသို့ ကူးပြောင်းပေးလိုက်စဉ်က အနက်ရောင်အလင်းကြောင့် ပြင်ပမျိုးနွယ်များ မည်ကဲ့သို့ ဒုက္ခရောက်ခဲ့ရသလဲ ဆိုသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သူကိုယ်တိုင်သည် နတ်ဆိုးဘုရင်တစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် အနက်ရောင်အလင်းကို ကြောက်သည်မှာ သဘာဝသာ ဖြစ်လေသည်။
သို့သော်ငြား မကြာမီတွင် သူအထင်မှားနေကြောင်း သိသွားခဲ့ရသည်။
ထိုအရာသည် အနက်ရောင်အလင်းမဟုတ်။ အကြောင်းမှာ သူ၏ ငှက်မွှေးများသည် ထိုတွင်းနက်ကို တစ်စစီဖြစ်အောင် ဖျက်စီးပစ်လိုက်နိုင်သည့် အတွက်ကြောင့်ပင်။ တွင်းနက်ကို ဖျက်စီးပြီးနောက် ငှက်မွှေး၏ စွမ်းအားမှာ သိသိသာသာ လျော့ကျသွားခဲ့ရပါသော်ငြား ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်သွားနေပေသေးသည်။
အကုန်လုံး ဖြစ်ပျက်သွားသည်မှာ အလွန်ကိုမှ မြန်ဆန်လှပေသည်။ ငှက်မွှေးများသည် တွင်းနက်ကို ဖျက်စီး၍ သူ့ဆီသို့ ဆက်လက် တိုးဝင်လာနေသည်ကို မြင်သော် ရန်ကိုင်လည်း မတတ်သာတော့ဘဲ အော်ဟစ်လိုက်ရလေ၏ “နဂါးအသွင်ပြောင်းလဲခြင်း”
ရုတ်တရက် ရန်ကိုင်၏ နောက်ဘက်တွင် ပုံရိပ်ယောင်ရွှေနဂါးတစ်ကောင် ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ နဂါးဟိန်းသံသည် တိုက်ပွဲသံများကိုပင် လွှမ်းခြုံသွားခဲ့လေသည်။
စစ်မြေပြင်အခြေအနေကို အဝေးမှ စောင့်ကြည့်နေသည့် နတ်ဆိုးသူတော်စင် မိုတော့၏ အမူအရာမှာလည်း ရုတ်ချည်းဆိုသလို လေးနက်တည်ကြည်သွားခဲ့လေသည်။ ဟင်းလင်းပြင်ကိုပင် ထိုးဖောက်နိုင်သယောင် ထင်ရသည့် အကြည့်တစ်စုံသည် ရုတ်ချည်းဆိုသလို ရန်ကိုင်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
ထို့နောက်တွင် ပုံရိပ်ယောင်ရွှေနဂါးသည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
မူလက လူကောင်သေးသေးလေးသာရှိသော ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် နှစ်ဆမက အရွယ်အစားကြီးမားလာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်ထက် အကြေးခွံများလည်း ထွက်ပေါ်လာခဲ့လေ၏။ လက်များမှာလည်း နဂါးလက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချိုပုပုလေး နှစ်ချောင်းမှာလည်း ခေါင်းပေါ်၌ ပေါက်လာခဲ့သည်။
ယခင်က ရန်ကိုင်အတွက် အတော်လေးကိုမှ အရွယ်အစား ကြီးခဲ့သော အန္တဓါးပြားကြီးသည် လက်ရှိအချိန်အတွက် ရန်ကိုင်အတွက် ကလေးကစားစရာသာသာ တစ်ခု ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် အနီရောင်ငှက်မွှေးများမှာ ရန်ကိုင်၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားခဲ့လေသည်။ သို့သော်ငြား တောင်ပံနတ်ဆိုး မျှော်လင့်ထားသကဲ့သို့ ရန်ကိုင်၏ အသက်ကို ချွေယူလိုက်နိုင်ခြင်း မရှိချေ။
နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီးနောက်တွင် ရန်ကိုင် ခန္ဓာကိုယ်၏ မာကျောမှုမှာ အကြီးအကျယ် မြင့်တက်လာခဲ့သည်။ ထို့အပြင် သူ့အရေအပြားကို နဂါးအကြွေးခွံများကပါ ဖုံးအုပ်ထားသည့်အတွက်ကြောင့် တောင်ပံနတ်ဆိုး၏ မွေးရာပါစွမ်းရည်မှာ အတော့်ကိုမှ အားကောင်းပါသော်ငြား ရန်ကိုင်၏ ကိုယ်ထဲသို့ လက်တစ်ချောင်းစာလောက်သာ စိုက်ဝင်နိုင်ခဲ့ပြီး ရပ်တန့်သွားခဲ့ရလေသည်။
ရုတ်တရက်ကြီး အကောင်အကြီးကြီး ဖြစ်လာသည့် သူ့ရှေ့ရှိ ပြင်ပမျိုးနွယ်သားကို ကြည့်ရင်း တောင်ပံနတ်ဆိုး ကြောင်နေခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိုပြင်ပမျိုးနွယ်သားဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူ့ကိုပင် အထိတ်ထိတ် အလန့်လန့် ဖြစ်အောင် လုပ်နေခဲ့လေသည်။
သူသာ ဤပြင်ပမျိုးနွယ်သားအား ထိပ်တိုက်ရင်ဆိုင်ပါက တစ်ဖက်လူ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု သူ့မသိစိတ်က ပြောနေခဲ့သည်။ ထို့ကြောင့် မာန်သွင်း အော်ဟစ်၍ သူ့လှံဖြင့် ရန်ကိုင်အား အယောင်ပြတိုက်ခိုက်ရန် လုပ်ပြီးနောက် ထွက်ပြေးရန် ကြိုးစားတော့လေသည်။
သို့သော်ငြား ရန်ကိုင်သည် သူ့ဆီသို့ တိုးဝင်လာသည့် လှံတံကို ဖမ်းကိုင်၍ သူ့ဆီသို့ ဆောင့်ဆွဲလိုက်သည်။ တောင်ပံနတ်ဆိုးမှာလည်း ရန်ကိုင် ဆွဲရာအတိုင်း ရန်ကိုင်ဆီသို့ ပါလာခဲ့လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် အန္တဓါးကို သိမ်း၍ နဂါးလက်သည်းဖြင့် နတ်ဆိုးဘုရင်၏ ရင်ဘတ်အား ထိုးချလိုက်လေသည်။
စွက်ခနဲ မြည်သံနှင့်အတူ နဂါးလက်သည်း နတ်ဆိုးဘုရင်၏ ရင်ဘတ်ထဲ စိုက်ဝင်သွားခဲ့သည်။ ရန်ကိုင်မှ သူ့လက်အား ပြန်ဆွဲယူလိုက်သည့်အခါ သူ့လက်ထဲ တဒုတ်ဒုတ် ခုန်နေသည့် အနက်ရောင် နတ်ဆိုးနှလုံးသားတစ်ခု ပါလာခဲ့လေ၏။
အကြည့်ချင်း ဆုံးသွားသည့် အချိန်တွင်တော့ နတ်ဆိုးဘုရင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ရန်ကိုင်မှာတော့ အေးစက်စက် မျက်နှာထားဖြင့်သာ ရှိနေ၏။
နတ်ဆိုးဘုရင်ကို စိုက်ကြည့်နေရင်းမှ ရန်ကိုင်သည် သူ့လက်ထဲတွင် ရှိနေသော နတ်ဆိုးနှလုံးသားကို ချေချပစ်လိုက်ရာ နတ်ဆိုးဘုရင်မှာ စူးစူးဝါးဝါး ထအော်တော့၏။ တစ်ချိန်တည်းတွင် ရန်ကိုင်ဆီမှ ဖြာထွက်လာသည့် နဂါးအရှိန်အဝါကြောင့် နတ်ဆိုးဘုရင်မှာလည်း တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ရပြီး သူ့ကိုယ်ထဲ ရှိနေသည့် နတ်ဆိုးနှလုံးသားသုံးခုအနက် နောက်ထပ်တစ်ခုပါ ထပ်မံ ပျက်စီးသွားရပြီး နတ်ဆိုးနှလုံးသားတစ်ခုသာ ကျန်ရစ်တော့သည်။ ထိုနတ်ဆိုးနှလုံးသားသည် ကိုယ်ပိုင်အသိဥာဏ်ကို ပိုင်ဆိုင်ထားသည့်အလား ရန်ကိုင်လက်မှ အလျင်အမြန် ထွက်ပြေးတော့လေသည်။ နတ်ဆိုးနှလုံးသားထဲတွင် ရှိနေသည်မှာ အသိဥာဏ်ရှိသည့် နတ်ဆိုးချီအမျှင်တန်းတစ်ခု ဖြစ်ပေသည်။ ထို့နတ်ဆိုးချီမျှင်ပင် အရွယ်အစား အဆပေါင်းများစွာ သေးငယ်သွားသည့် တောင်ပံနတ်ဆိုးဘုရင်၏ ဝိဥာဉ်ဖြစ်၏။
ရန်ကိုင်ကမူ ထိုနတ်ဆိုးလုံးသားနောက်သို့ လိုက်မသွားခဲ့ချေ။ လိုက်မသွားချင်သည့် အတွက်ကြောင့်မဟုတ်၊ လိုက်သွားရန် အချိန်မရှိတော့သည့် အတွက်ကြောင့်ပင်။
နတ်ဆိုးဘုရင်သည် နတ်ဆိုးနှလုံးသားနှစ်ခု ပျက်စီးသွားသည့်တိုင် နောက်ဆုံးလက်ကျန် နတ်ဆိုးနှလုံးသားဖြင့် ပြန်အသက်ရှင်လာနိုင်ပါသော်ငြား အသက်ပြန်ရှင်လာလျှင်ပင် သူ့ခွန်အားမှာ အတော်လေး နိမ့်ကျနေမည် ဖြစ်သည့်အတွက်ကြောင့် စိတ်ပူစရာ မလိုတော့ချေ။
ရန်ကိုင်သည် တွင်းပေါက်ကြီး၏ အဖျားနားသို့ ရောက်ခါနီးနေခဲ့လေပြီ။ အသက်ဆယ်ရှိုက်စာကြာပြီး တွင်းပေါက် အပေါ်သို့ ရောက်လာသည့်အခါ တစ်စုံတစ်ဦးသည် သူ့ရှေ့တွင် ပိတ်ရပ်နေကြောင်း တွေ့လိုက်ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၈၀)
ဘာသာပြန်သူ_တိမ်တိုက်
မိုတော့ ဤကမ္ဘာသို့ ရောက်သည်မှာ မကြာသေးပါသော်ငြား ပြင်ပမျိုးနွယ်သားများ အသုံးပြုသည့် ပညာရပ်များအကြောင်းကို နောကြေပြီးသားပင်။ ထို့ကြောင့် ပြင်ပမျိုးနွယ်သားတစ်ဦးမှာ ထူးဆန်းသည့် စွမ်းအားတစ်မျိုးကိုသုံး၍ နတ်ဆိုးဘုရင် တစ်ပါးအား အလွယ်တကူ သတ်ဖြတ်သွားသည်ကို မြင်သော် မိုတော့လည်း ထိုပြင်ပမျိုးနွယ်သားအား စိတ်ဝင်စားသွားတော့လေသည်။
ထို့ကြောင့် ထိုပြင်ပမျိုးနွယ်သားကို ဖမ်း၍ ထိုလူ အသုံးပြုသွားသည့် စွမ်းအားကို စစ်ဆေးကြည့်ရန်အလို့ငှာ သူကိုယ်တိုင် လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီးနောက် မိုတော့သည် သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်အား သေသေချာချာကို စစ်ဆေးကြည့်တော့လေသည်။
သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရန် ကြိုးစားကြည့်လိုက်သည့်အခိုက် မမြင်နိုင်သည့် အလွန်ကိုမှ အားကောင်းလှသော အတားအဆီးတစ်ခုနှင့် သွားတိုးသဖြင့် မိုတော့မှာ အမှန်တကယ်ကို အံ့အားသင့်သွားခဲ့ရလေသည်။ ထိုအတားအဆီး မည်မျှအားကောင်းသလဲ ဆိုလျှင် နတ်ဆိုးသူတော်စင်ဖြစ်သည့် သူပင်လျှင် ဘာမှမလုပ်နိုင်ခဲ့ပေ။
(ထူးဆန်းလိုက်တဲ့ကောင်ပါလား) မိုတော့ ရန်ကိုင်အား ပိုစိတ်ဝင်စားသွားခဲ့ပြီး မေးလိုက်လေသည် “မင်းနာမည် ဘယ်လိုခေါ်လဲ”
ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးထားရင်းမှ သူ့ရှေ့ရှိ လူငယ်လေးကို သတိထား၍ ကြည့်နေခဲ့သည်။ ဤနေရာသို့ ရောက်လာပြီးကတည်းက သူ့အား တောက်လျှောက်စောင့်ကြည့်နေသည့် အကြည့်တစ်စုံကို ရန်ကိုင် သတိထားမိသည်။ သူ့ရှေ့တွင် ရပ်နေသည့်လူသည် အခြားမဟုတ်၊ ထိုအကြည့် ပိုင်ရှင်သာ ဖြစ်လေသည်။
ရန်ကိုင်သည် တွင်းပေါက်ထဲမှ ခုန်ထွက်လိုက်ပြီးနောက် မိုတော့နှင့် ဆယ်မီတာခန့် အကွာတွင် ရပ်လျက် လက်နှစ်ဖက်ကို ပူးကပ်ရင်းမှ ပြုံးဖြီးလျက် ပြောလိုက်၏ “ခင်ဗျား အဖေပဲ”
ထိုသို့ ပြောပြီးသည့်နောက် ပူးထားသည့် သူ့လက်နှစ်ဖက်ကို ဝှေ့ရမ်းချလိုက်ရာ ဧရာမ လဓါးသွားကြီးတစ်စင်း ထွက်ပေါ်လာပြီး မိုတော့ဆီသို့ တိုးဝင်သွားလေသည်။
“အို...” သူ့ဆီသို့ တိုးဝင်လာနေသည့် လဓါးသွားကိုကြည့်ရင်း မိုတော့ အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ရှောင်ရှားခြင်းမရှိဘဲ လဓါးသွားသည် မည်သို့သော အရာဖြစ်သလဲ ဆိုသည်ကို ခံစားချက်နေသည့်အလား လဓါးသွားအား လက်ဖြင့် လှမ်းကိုင်လိုက်လေသည်။
လဓါးသွားသည် မိုတော့၏လက်ကို ပိုင်းဖြတ်သွားရာ မိုတော့၏ လက်မှာ လဓါးသွားနှင့်အတူ ဟင်းလင်းပြင်ထဲသို့ပါကာ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုသို့ပင် ဖြစ်သွားလင့်ကစား မိုတော့မှာတော့ အနည်းငယ်မျှပင် ထိတ်လန့် တုန်လှုပ်သွားခြင်းမရှိဘဲ စိတ်ဝင်စားစရာ အရုပ်သစ်တစ်ခုကို ရလိုက်သည့်ပမာ ပို၍ပင် စိတ်လှုပ်ရှာလာခဲ့ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
ရန်ကိုင်ကမူ ရပ်ကြည့်နေခြင်း မရှိဘဲ လဓါးသွားကို ပစ်လွှတ်ပြီးသည်နှင့် မိုးတော့ဆီသို့ ပြေးဝင်သွားပြီး နဂါးလက်သည်းဖြင့် ကုတ်ချလိုက်လေသည်။
ရွှပ်... ရွှပ်... မြည်သံများနှင့်အတူ မိုတော့၏ ခန္ဓာကိုယ်ထက် ဖြတ်တောက်ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ မကြာမီတွင် သွေးများ ပန်းထွက်ကာ မိုတော့၏ ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့လေ၏။
အသက်သုံးရှိုက်စာ အချိန်အတွင်းမှာပင် နတ်ဆိုးသူတော်စင်မိုတော့သည့် ရန်ကိုင်၏ တစ်စစီဖြစ်အောင် လုပ်ပစ်ခြင်း ခံလိုက်ရလေသည်။
ထိုမြင်ကွင်းကို အဝေးမှ ရပ်ကြည့်နေကြသည့် နတ်ဆိုးဘုရင်များမှာတော့ လုံးဝကို မှင်တက်နေခဲ့ကြလေသည်။ နတ်ဆိုးသူတော်စင်မိုတော့ ထိုကဲ့သို့ သေသွားရသည့် အပေါ် အကုန်လုံးမှာ မယုံကြည်နိုင် ဖြစ်နေကြလေသည်။
(စီနီယာမိုတော့... သေသွားတာလား)
(မှော်ဝိဇ္ဇာအဆင့်ပဲ ရှိသေးတဲ့လူက ဘယ်လိုလုပ်ပြီး စီနီယာမိုတော့ကို သတ်ပစ်နိုင်ရတာလဲ)
ရန်ကိုင်လည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ မိုတော့ သူ့ရှေ့တွင် ပေါ်လာစဉ်က မိုတော့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် မဟာဧကရာဇ် တစ်ပါးနှင့်ပင် ယှဉ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုကဲ့သို့သော လူတစ်ဦးသည် မည်သို့များ ဤကဲ့သို့ အလွယ်တကူ သေသွားနိုင်ပါမည်နည်း။
ထို့အပြင် သေဆုံးသွားသည့် မိုတော့ကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ တထင့်ထင့် ဖြစ်နေခဲ့ရသည်။
မကြာမီ ဘာကြောင့် စိတ်တထင့်ထင့် ဖြစ်နေရသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ သေဆုံးသွားပြီ ဖြစ်သော မိုတော့သည် ဆန်းကြယ်စွာ ရန်ကိုင်၏ နောက်၌ ပြန်ပေါ်လာခဲ့လေသည်။
မိုတော့ အသက်ရှင်နေသေးလျှင် သေဆုံးသွားသည့်လူမှာ မည်သူနည်း။ ပုံရိပ်ယောင်တော့ မဟုတ်ချေ။ အကြောင်းမှာ မိုတော့၏ ခန္ဓာကိုယ်ကို နဂါးလက်သည်းဖြင့် ကုတ်ခြစ်လိုက်စဉ်က သူ့လက်အား လာစင်သည့် ပူနွေးနွေး သွေးများကို ရန်ကိုင် သေချာ ခံစားမိလိုက်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သို့များ ယခုကဲ့သို့ ဖြစ်နေရသနည်း။ ရန်ကိုင်မှာ ထိုကိစ္စအား စဉ်းစားနေရန် အချိန်မရှိ။
သူ့နောက်တွင် ပေါ်လာသည်နှင့် မိုတော့သည် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ နတ်ဆိုးချီတို့သည့် မိုတော့၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး အတူတကွ စုဝေးသွားကာ လှောင်အိမ်တစ်ခုအသွင်သို့ ပြောင်းလျက် ရန်ကိုင်အား ဖမ်းချုပ်နှောင်ရန် ကြိုးစားတော့လေသည်။
ရန်ကိုင်လည်း ရပ်ကြည့်မနေခဲ့ချေ။ မဟာဧကရာဇ်တစ်ပါးတမျှ အားကောင်းလှသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် သူ၏ ဝှက်ဖဲကို ထုတ်သုံး၍ပါ တိုက်ခိုက်ရတော့သည်။
ဒေါင်... ခေါင်းလောင်းမြည်သံနှင့်အတူ ခေါင်းလောင်းသေးသေးလေးတစ်လုံး ရန်ကိုင်လက်ထဲ ပေါ်လာခဲ့သည်။ ခေါင်းလောင်း၏ မျက်နှာပြင်ထက်တောင် တောတောင်များ၊ မြစ်ချောင်းများ၊ ကျေးငှက်တိရစ္ဆာန်များ ပုံများ ထိုးထွင်းထားခဲ့၏။ ဤခေါင်းလောင်းမှာ တောင်နဲ့မြစ်ခေါင်းလောင်းသာ ဖြစ်လေသည်။
ရန်ကိုင်၏ လက်ရှိခွန်အားအရ တောင်နဲ့မြစ်ခေါင်းလောင်းကို ထုတ်သုံးဖို့ရာ အတော်လေး ဝန်ပိလှပေသည်။ သို့သော်ငြား သူ့ရန်သူမှာလည်း အလွန်ကိုမှ အားကောင်းလွန်းလှသည့် အတွက်ကြောင့် ရန်ကိုင်မှာ မတတ်သာတော့ဘဲ သူ၏ အားအကောင်းဆုံး ဝှက်ဖဲကို ထုတ်သုံးရတော့လေသည်။
ခေါင်းလောင်းသံ မြည်လာသည့်အခိုက် မိုတော့၏ လက်ချောင်းများမှ စီးထွက်နေသည့် နတ်ဆိုးချီများ ပြန်ဆုတ်သွားကုန်ကြလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်အား အပြည့်အဝ လွှမ်းခြုံလုနီးပါး ဖြစ်နေသည့် နတ်ဆိုးချီလှောင်အိမ် မျက်နှာပြင်ပေါ်တွင် အပေါက်တစ်ပေါက်လည်း ဖြစ်လာခဲ့သည်။
ရန်ကိုင်သည် ထိုအပေါက်ထဲမှ ပြေးထွက်သွားပြီး ခေါင်းလောင်းကို လေပေါ်သို့ ပစ်တင်လိုက်လေသည်။
မူလက သေးသေးလေးသာ ဖြစ်သော ခေါင်းလောင်းသည် ရုတ်တရက်ဆိုသလို အိမ်တစ်လုံးစာခန့် ကြီးမားလာပြီးနောက် မိုတော့ဆီသို့ ပျံသန်းသွားလေသည်။
မိုတော့သည်လည်း သူ့ဆီသို့ ပြေးဝင်လာနေသည့် ခေါင်းလောင်းကိုကြည့်ရင်း ရပ်နေရာမှ ရှောင်ထွက်ရန် ကြိုးစားလိုက်ပါသော်ငြား သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချိပ်ပိတ်ထားခြင်း ခံရကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ သူ့အနေဖြင့် ချိပ်ပိတ်ထားသည်မှာ ဖောက်ထွက်လိုပါက တန်ရာတန်ကြေး တစ်ခုကို ပေးဆပ်ရပေလိမ့်မည်။
ဘုန်း... သို့သော်ငြား မိုတော့မှ သူ၏ မည်သည့် ပညာရပ်ကိုမှ ထုတ်မသုံးနိုင်သေးခင်မှာပင် တောင်နဲ့မြစ်ခေါင်းလောင်းသည် မိုတော့အား ဖုံးအုပ်သွားခဲ့လေသည်။ ရန်ကိုင်သည်လည်း တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ အပြေးလာပြီး ခေါင်းလောင်း မျက်နှာပြင်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ဒေါင်...
ကျယ်လောင်သည့် ခေါင်းလောင်းသံနှင့်အတူ စွမ်းအင်လှိုင်းတစ်လှိုင်း တောင်နဲ့မြစ် ခေါင်းလောင်းဆီမှ အဘက်ဘက်သို့ ပျံထွက်လာခဲ့သည်။ ရန်ကိုင်အား တိုက်ခိုက်ရန် ရောက်လာကြသော နတ်ဆိုးဘုရင်မှာ အသံလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးနောက် အတောင်ကျိုးသွားသည့် ငှက်များပမာ ကောင်းကင်ပေါ်မှ ခွေးကျဝက်ကျ ပြုတ်ကျကုန်လေ၏။ အားနည်းသည့် နတ်ဆိုးဘုရင်များဆိုလျှင် သွေးအပွက်ပွက်ပင် အန်ထွက်ကုန်ကြလေသည်။
တောင်ပိုင်းလူရိုင်းကလန်သားများ တိုက်ခိုက်နေကြသည့် နတ်ဆိုးများမှာတော့ ခေါင်းလောင်းနှင့်အတူ ဘဝတစ်ပါးသို့ တစ်ခါတည်း ကူးပြောင်းသွားရကြလေ၏။ နတ်ဆိုးဗိုလ်ချုပ်မှူးဖြစ်စေ၊ နတ်ဆိုးဗိုလ်ချုပ်ဖြစ်စေ၊ နတ်ဆိုးဘုရင်အဆင့်အောက်ရှိ မည်သည့်နတ်ဆိုးမှ ခေါင်းလောင်းသံကို ခုခံနိုင်ခဲ့ခြင်း မရှိချေ။
ခေါင်းလောင်းသံတစ်သံသည် သောင်းနှင့်ချီသော နတ်ဆိုးများ၏ အသက်ကို ချွေယူသွားခဲ့၏။
နတ်ဆိုးများစွာကို သတ်လိုက်နိုင်ပါသော်ငြား ရန်ကိုင်မှာတော့ ဝမ်းသာနေခြင်း မရှိခဲ့။ အကြောင်းမှာ ခေါင်းလောင်းထဲ ပိတ်မိသွားသော မိုတော့သည့် ခေါင်းလောင်းထဲ ပိတ်မိချင်းချင်းမှာပင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်ကို သတိပြုမိလိုက်သည့်အတွက်ကြောင့်ပင်။
“စိတ်ဝင်စားစရာပဲ။ မင်းဘယ်သူလဲ။ လူရိုင်းမျိုးနွယ်လို့တော့ ငါ့ကို လာမပြောနဲ့။ မင်းလူရိုင်းမျိုးနွယ်က မဟုတ်မှန်း ငါသိတယ်”
မိုတော့၏အသံ ရန်ကိုင်နောက်မှ ပြန်ပေါ်လာခဲ့လေသည်။ မိုတော့သည် အင်မော်တယ် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့်အလား သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီးတိုင်း အမြဲတမ်း အကောင်း ပြန်ပြန် ဖြစ်လာခဲ့သည်။
“ခင်ဗျားအဖေလို့ကျုပ်ပြောပြီးသားလေ” ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ပြန်သိမ်းရင်းမှ ပြောလိုက်၏။
မိုတော့သည် ရန်ကိုင်နှင့် စကားနိုင်လုရန် ပျင်းလွန်းနေခဲ့သည်။ ထို့ကြောင့် ပြိုင်ငြင်းမနေတော့ဘဲ ရန်ကိုင်ကိုသာ အသေးစိတ် လေ့လာကြည့်လေ၏။ မကြာမီ တစ်ခုခုအား နားလည်သွားဟန်ဖြင့် မေးလိုက်လေ၏ “မင်းဘယ်ကမ္ဘာကနေလာတာလဲ”
ရန်ကိုင် ထုတ်သုံးသွားသည့် မှော်ရတနာများ၊ ပညာရပ်များသည် ရှေးခေတ် လူရိုင်းမျိုးနွယ်စုဝင်များ အသုံးပြုသည့် မှော်ပညာရပ်များနှင့် လားလားမျှမဆင်ချေ။ ထို့ကြောင့် ရန်ကိုင်သည် သူတို့ နတ်ဆိုးမျိုးနွယ်စုကဲ့သို့ပင်၊ အခြား ကမ္ဘာတစ်ခုမှ ဤကမ္ဘာထဲသို့ ရောက်လာသည့်လူဟု မိုတော့ ယူဆလိုက်ခြင်းပင်။
ရန်ကိုင်ကမူ မိုတော့၏ အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည် “ခင်ဗျားက အားကောင်းတဲ့ပုံသာ ပေါက်နေတာ။ တကယ်တမ်း ဒီလောက် အားမကောင်းဘူးပေါ့”
နှစ်ကြိမ်ခန့် တိုက်ခိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ့ရှေ့တွင် ရှိနေသည့် နတ်ဆိုးသူတော်စင်နှင့် ပက်သက်၍ တစ်ခုခုကို သိသွားခဲ့လေပြီ။ မိုတော့သည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည့် ပညာရှင်တစ်ပါး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင် သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးနိုင်ချေ။ ထို့ကြောင့်သာ မဟုတ်ပါက ရန်ကိုင်ကဲ့သို့ လူတစ်ဦး မိုတော့ရှေ့၌ ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ပေါင်ချီ ပြောသည်မှာ မှန်ပေသည်။ မိုတော့သည် ဤကမ္ဘာသို့ လာရန်အတွက် တစ်ခုခုကို ပေးဆပ်ခဲ့ရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် အားကောင်းသင့်သလောက် အားမကောင်းရခြင်း ဖြစ်လောက်သည်။ ထို့အပြင် အစောပိုင်းက ရန်ကိုင် မြင်တွေ့ခဲ့ရသည့် အနက်ရောင်အလင်းကို ထုတ်ဖော်ရန်အတွက် မိုတော့သည် သူ့စွမ်းအင် များစွာကို သုံးစွဲခဲ့ရပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင် လက်ရှိ ရန်ကိုင် ရင်ဆိုင်နေရသည့် မိုတော့သည် မဟာဧကရာဇ်တစ်ပါးကဲ့သို့ အားကောင်းသည့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား လက်ရှိ အချိန်တွင်တော့ ထိုစွမ်းအားများကို ထုတ်သုံးနိုင်ခြင်း မရှိခဲ့ချေ။ မိုတော့ ပုံစံသည် လက်ရှိ ရန်ကိုင်၏ ပုံစံနှင့် ဆင်တူပေသည်။
“မင်းငါ့မေးခွန်းကို မဖြေရသေးဘူးနော်” မိုတော့သည် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ မိတ်ဆွေတစ်ဦးနှင့် စကားစမြည် ပြောနေသည့်ပုံစံနှင့် ရန်ကိုင်နှင့် စကား ပြောနေခဲ့သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည် “ကျုပ်က တောင်ပိုင်းလူရိုင်းကလန်ရဲ့ မှော်ဆရာညိုပဲ”
မိုတော့ ခေါင်းခါလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်၍ ပြောလိုက်၏ “ငါ့ဘက်ကို လာခဲ့။ လူရိုင်းမျိုးနွယ် မင်းကို ပေးထားတာမျိုး ငါပေးနိုင်တယ်။ မင်းကို အခြားကမ္ဘာတွေဆီလည်း ခေါ်သွားပေလိမ့်ရတယ်။ လူရိုင်းမျိုးနွယ်က အဲ့ဒါမျိုးတွေ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”
ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် မိုတော့အား နဂါးလက်သည်းဖြင့် ချိန်ရွယ်ရင်းမှ “ခင်ဗျားလူတွေကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက်၊ မဟုတ်ရင် ခင်ဗျားတို့အားလုံး ပျောက်ကွယ်သွားရလိမ့်မယ်”
မိုတော့ သက်ပြင်းချလိုက်လေသည်။ သူ့လက်ကို ပြန်ရုတ်သိမ်းလျက် တွင်းပေါက်ထဲသို့ ငုံ့ကြည့်ရင်းမှ ပြောလိုက်၏ “အခု အဲ့မှာ ရုန်းကန်နေတဲ့လူတွေက မင်းရဲ့ ကလန်သားတွေပဲ။ သူတို့အားလုံး သေကြရတော့မှာ။ မင်းငါ့ကို လာခြိမ်းခြောက်နေလည်း အပိုပဲ”
ရန်ကိုင်က ပြန်ပြောလိုက်၏ “ကျုပ်သူတို့အတွက် လက်စားချေပေးလို့ရတယ်။ ဒီနေ့ တောင်ပိုင်းလူရိုင်းကလန်က အဖွဲ့သား အသုံးသိန်း အသတ်ခံလိုက်ရတယ်။ ဒီတော့ နတ်ဆိုးမျိုးနွယ်ကလည်း အလားတူပဲ ပြန်သေပေးရလိမ့်မယ်”
မိုတော့က ပြုံးလျက် “သူတို့ သေတာကတော့ သေမှာပေါ့။ ဒါပေမယ့် မင်းကြောင့်တော့ မဟုတ်လောက်ဘူး။ ငါဒီမှာ ရှိနေတာကို မင်းငါ့လက်နေ လွတ်နိုင်မှာလား”
“ကျုပ်သာ ထွက်သွားချင်ရင် ခင်ဗျားကျုပ်ကို တားလို့မရဘူး” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်သည်။
မိုတော့မှာ ရန်ကိုင်နှင့် စကားနိုင်လုရန် စိတ်မရှည်တော့ချေ။ သူ့အနေဖြင့် ရန်ကိုင်အား စိတ်လိုလက်ရဖြင့် ဖိတ်ခေါ်ရခြင်းမှာ ရန်ကိုင် အသုံးပြုနေသည့် စွမ်းအားကို လေ့လာလိုသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်က သဘော မတူသည့်အတွက်ကြောင့် မိုတော့လည်း အကြမ်းနည်းသုံး၍ ရန်ကိုင်အား ဖျက်စီးပစ်ရန်သာ ရျိတော့လေသည်။
မိုတော့သည် သူ့လက်တစ်ချောင်းကို မြှောက်လိုက်၏။ အနက်ရောင်စွမ်းအင်လုံး တစ်လုံးသည် သူ့လက်ချောင်းထိပ်၌ စုဝေးလာခဲ့လေ၏။ မိုတော့မှ နတ်ဆိုးချီကို အနက်ရောင်စွမ်းအင်လုံးထဲသို့ ထည့်သွင်းနေသည်နှင့်အမျှ စွမ်းအင်လုံးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် စွမ်းအင်လုံးကို ရန်ကိုင် တည့်တည့်သို့ ချိန်ရွယ်၍ ပစ်လိုက်လေ၏။
ရန်ကိုင်ကမူ အနည်းငယ်မျှပင် ရှောင်တိမ်ခြင်းမရှိဘဲ အနက်ရောင်စွမ်းအင်လုံး သူ့ဆီသို့ တိုးဝင်လာနေသည်ကိုသာ ပြုံး၍ ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း မိုတော့ မျက်မှောင်ကြုတ်သွားခဲ့၏။
စွမ်းအင်လုံး ရန်ကိုင်အား ထိခါနီးတွင် ရန်ကိုင်၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
“တည်နေရာခုန်ကူးတာလား” မိုတော့၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး တစ်ခုသောဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ထိုအရပ်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ မိုတော့၏ လက်ဝါးချက်သည် အလွန်ကိုမှ ရိုးရှင်းပါသော်ငြား တကယ့်တကယ်တွင် သူ့လက်ဝါးချက်သည် ဟင်းလင်းပြင်ကိုပင် ကွဲကြေသွားစေနိုင်ပေသည်။
ငြီးသံတစ်ချက်နှင့်အတူ မှော်ဆရာညို၏ အသံ ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွားခဲ့၏။
“ဒီနေ့လုပ်ခဲ့တာတွေအတွက် နတ်ဆိုးမျိုးနွယ်စု ပြန်ပေးဆပ်ရမယ်။ အခုကစပြီး နတ်ဆိုးတွေအားလုံး ကြောက်ကြောက်လန့်လန့်နဲ့ နေသွားကြရလိမ့်မယ်”
ရန်ကိုင်၏ အသံ ပျောက်ကွယ်သွားသည့်နောက်တွင် မိုတော့ ရန်ကိုင်အား မည်သည့် နေရာတွင်မှ ရှာလို့မတော့ချေ။
မိုတော့ မျက်နှာပျက်သွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်လေသည်။
သူ့သာ ဒဏ်ရာရမနေပါက သူ့ရန်သူသည် တည်နေရာခုန်ကူး၍ ထွက်သွားသည့်တိုင် သူ့အနေဖြင့် တစ်ဖက်လူအား ဟင်းလင်းပြင်ထဲမှ အပြင်သို့ ပြန်ဆွဲခေါ်နိုင်ပေသည်။ သို့သော်ငြား အမှန်တရားမှာတော့ ရန်ကိုင် ထင်ထားသလို ဖြစ်နေခဲ့သည်။ မိုတော့သည် မှော်သူတော်စင်တစ်ပါး ဖြစ်သည့်အတွက် နတ်ဆိုးသူတော်စင်တစ်ပါး၏ ခွန်အား အကုန်အစင်ကို ထုတ်မသုံးနိုင်ချေ။ ထို့ကြောင့် ရန်ကိုင် ထွက်ပြေးသွားသည်ကို မတားဆီးနိုင်ခဲ့ခြင်းပင်။
ရန်ကိုင်၏ အသံကို တိုက်ခိုက်နေသည့် နတ်ဆိုးများနှင့်တကွ လူရိုင်းမျိုးနွယ်အားလုံး ကြားလိုက်ကြရလေသည်။
လက်ရှိအချိန်တွင်တွင် မှော်ဘုရင်တန်သည် မသေသေးဘဲ နတ်ဆိုးဘုရင်ပေါင်းများစွာနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့လေသည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး အကောင်းအတိုင်း မရှိတော့ဘဲ ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်မှာ ပြတ်နေခဲ့လေသည်။
သူ့ဘေးနားတွင်မူ လူရိုင်းအချို့ ရှိနေခဲ့သည်။ သို့သော်ငြား ထိုလူရိုင်းများမှာလည်း အနှေးနှင့်အမြန်ဆိုသလို သေသွားကြရပေလိမ့်မည်။ ရန်ကိုင်၏ စကားကိုကြားသော် မှော်ဘုရင်တန်သည် ကျေနပ်စွာပြုံးလျက် အသက်စတေးခြင်းပညာရပ်ကို ထုတ်သုံး၍ နောက်ဆုံး အသက်စွမ်းအင်ကို လောင်မြိုက်ပစ်လိုက်လေသည်။