မင်္ဂလာဆောင်ဝတ်စုံ (၃)
Vol. 4 Ch. 185
အစီအရင်ပြီးတဲ့နောက်မှာတော့ ညနေစောင်းနေပါပြီ။
ရန်သူကို ခြေရာခံနိုင်မယ့်နည်းကို အသင့်ပြင်ပြီးတဲ့ နောက်မှာတော့ ကျွန်မတို့တွေ လမ်းမပေါ် ရောက်နေကြပြီ။ ရိုစယ်လီယာကတော့ လက်ထဲမှာ ပါရီမြို့ မြေပုံတစ်ပုံရှိနေပြီး မြေပုံပေါ်မှာတော့ ပြာမှုန့်တွေက မှော်ဆန်ဆန်ရွေ့လျားနေပါတယ်။
“ဒီဘက်လမ်း....” ရိုသယ်လီယာက ကျွန်မတို့ကိုဦးဆောင်ပြီး လမ်းကြားတစ်ခုထဲကို ဦးဆောင်ဝင်လိုက်တယ်။ ကျွန်မနဲ့ ပါစီဗယ်ကလည်း နောက်ကနေလိုက်ရတာပေါ့။
“နက်ဆန်ရဲ့မီးခိုးတလူလူထွက်နေတဲ့ ဖယောင်းတိုင် မှော်အစီအရင်ကြီးနဲ့ယှဥ်ရင်တော့ ဒါကပိုကြည့်လို့ ကောင်းသားပဲ။”
ကျွန်မ မနေနိုင်မထိုင်နိုင် နှိုင်းယှဥ်လိုက်မိတာ။ ဖယောင်းတိုင်ကြီးကိုင်ပြီးပြေးနေတာထက် မြေပုံကြည့်ပြေးနေတာက ပိုကြည့်ကောင်းတယ်လေ။ ပါစီဗယ်က ကျွန်မနောက်ကနေ ပြေးလိုက်နေရင်း ကျွန်မကိုကြည့်ကာ အံ့ဩနေတဲ့လေသံနဲ့...
“မဒမ်မူဆဲဆယ်ဗီ၊ ဘယ်တုန်းက ဒီလောက်ထိ အပြေးမြန် သွားတာလဲ။”
သူပြောရင်လည်း ပြောချင်စရာပဲ။ ကျွန်မက အရင်က သွေးပူလေ့ကျင့်ခန်းလောက်ပဲ လုပ်ဖူးတဲ့သူမလို့ ပါစီဗယ်နဲ့ နက်ဆန်လိုမျိုး အမြဲတစေတိုက်ခိုက်နေတဲ့ သူတွေနဲ့ယှဥ်ရင် ဒီလောက်ကြီး သက်လုံမကောင်းပါဘူး။ အခုကျ ကျွန်မက တကယ့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့ ရိုစယ်လီယာနောက်ကို အမီပြေးလိုက်နေနိုင်ပြီးတော့ ပါစီဗယ်က နောက်မှာပြတ်ကျန်တော့မလိုဖြစ်နေပြီ။
“မသိဘူး... ရောမမြို့ကနေ ထွက်လာကတည်းက အဲဒီလို ဖြစ်နေတာပဲ။”
ကျွန်မ အဲဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ ကိုယ့်ဗိုက်နေရာကို ပြန်စမ်းသပ်လိုက်မိတယ်။ အဲဒီအမြင်ကပ်စရာကောင်းတဲ့ ဓားသူတော်စင်ရဲ့ဓားသွား ကျွန်မခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အချိန်ကိုမှတ်မိနေသေးတယ်။
“ပြောခါမှ ပထမဆုံးတစ်ခါသေသွားတုန်းကလည်း မှော်စွမ်းအားတွေ မြင့်တက်လာသေးတယ်မဟုတ်လား။”
ကျွန်မကိုယ်ထဲက နတ်ဘုရားအကြောင်းကို သေချာမသိဘူး ဆိုပေမဲ့လို့ ကျွန်မတစ်ခါသေပြီးတဲ့အခါတိုင်းမှာ သူ့စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုလာနိုင်သလိုမျိုး ခံစားမိတယ်။ နောက်တော့ စိတ်ကူးပေါက်လာပြီး
“ပါစီဗယ်... လက်ရှိငါ့စွမ်းအားအဆင့်က လယ်လောက်ရှိလဲ။”
“.....” ပါစီဗယ်က တစ်ချက်စဥ်းစားလိုက်ရင်းနဲ့
“ဆီနိတ်တာတစ်ယောက်အတွက် သင့်တော်တဲ့မှော်နဲ့ ခန္ဓာကိုယ်သန်မာမှုမျိုးရှိတယ်ပြောရမှာပဲ။ အဲဒီဓားထဲက ဘီယန်ကာနဲ့ပေါင်းလိုက်ရင်တော့ အယ်ဒါတစ်ယောက်ကို အလစ်အငိုက်အနိုင်ယူနိုင်လောက်တယ်။ အထူးသဖြင့် အဲဒီလူက....”
ပါစီဆယ်က ရှေ့ကနေဦးဆောင်ပြေးနေတဲ့ ရိုစယ်လီယာကို အဓိပ္ပါယ်ပါပါကြည့်လိုက်တယ်။ သူဘာမှဆက်မပြောပေမဲ့ ကျွန်မနားလည်ထားပြီးသား။ ရိုစယ်လီယာက ကျောင်း ခြောက်ကျောင်းမှာ အားအနည်းဆုံးအယ်ဒါလေ။
“နားလည်ပြီ... ဒီတစ်ခေါက်တော့ ငါက နင်တို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတော့မှာမဟုတ်ဘူး။”
ကျွန်မကို ငှက်လေးတစ်ကောင်လိုမျိုး လှောင်အိမ်ထဲ ထည့်မွေးထားချင်တဲ့ နက်ဆန်အကြောင်းကိုတွေးမိတော့ ဒေါသက တလိပ်လိပ်ထွက်လာရော။ အလိုလိုနေရင်းနဲ့ ကျွန်မလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။
“ငါလုပ်နိုင်တယ်... လုပ်နိုင်ကြောင်း... ပြရသေးတာပေါ့။”
...
နာရီဝက်လောက် ပြေးပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ လူပြတ်တဲ့ လမ်းမတစ်ခုပေါ်ကိုရောက်လာပါတယ်။ အရင်က ညနေပိုင်း ကျွန်မမြင်ခဲ့ဖူးတဲ့လမ်းမကြီးလိုပဲ။ ဆိုင်တွေကို ပိတ်ထားပြီးတော့ လမ်းရဲ့ထောင့်ဆုံးမြေကွက်လက်မှာ ရှိနေတဲ့ ဆိုင်တစ်ဆိုင်ပဲပွင့်နေတာပါ။ ဆိုင်ရဲ့မျက်နှာစာမှာ ရေးထားတာကို ဖတ်ကြည့်လိုက်တော့...
“အလင့်အပ်ချုပ်ဆိုင်... နောက်ဆုံးတော့ ရှာတွေ့ပြီပဲ။”
ကျွန်မ ပြုံးလိုက်မိတယ်။ ရိုစယ်လီယာက မှော်တောင်ဝှေးကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆိုင်ထဲပြေးဝင်ဖို့ လုပ်လိုက်ပေမဲ့ ပါစီဗယ်က ချက်ချင်းမျက်နှာပျက်သွားပြီး သူ့ကိုနောက်ကနေ ဖမ်းဆွဲကာ တွန်းလှဲလိုက်တယ်။
“သတိထား....”
ချွမ်း.....
ကျွန်မျက်စိရှေ့မှာတင် ငွေရောင်အလင်းတစ်ချက် လက်သွားပြီး ရိုစယ်လီယာရပ်နေခဲ့တဲ့ လမ်းမပေါ်မှာ လူတစ်ရပ်စာလောက်ရှိတဲ့ ကပ်ကြေးကြီးစိုက်ဝင်နေတာ သတိထားလိုက်မိပါတယ်။
“ဘန်နီကို အမှောင်ကျောင်းတော်ထဲက တစ်ယောက်ယောက် မြင်သွားတယ်ဆိုကတည်းက ငါတို့ကိုလာရှာတော့မယ်ဆိုတာ သိသားပဲ။”
လှောင်သံသဲ့သဲ့ပါတဲ့စကားသံကို ကျွန်မကြားလိုက်ရပြီး တိုက်တစ်ခုရဲ့ခေါင်မိုးပေါ်ကို ကြည့်လိုက်မိတော့ မနေ့ညက မြင်ခဲ့တဲ့ ပင့်ကူတစ်ပိုင်းမိန်းမဖြစ်နေတာ တွေ့ရပါတယ်။ ဒီတော့သူက အလင့်စ်ပေါ့။
ဘုန်း...
အလင့်စ်က တိုက်ပေါ်ကနေခုန်ချပြီး ကပ်ကြေးကို မြေကြီးထဲကနေ ပြန်ထုတ်လိုက်တယ်။ ရိုစယ်လီယာနဲ့ ကျွန်မတို့တွေ နောက်ကိုနည်းနည်းဆုတ်လိုက်ပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ကနေပြီးတော့ စကားသံတစ်သံ ထွက်ပေါ်လာပြန်တယ်။
“မီးလျှံကျောင်းအယ်ဒါနဲ့ အမှောင်ကျောင်းရဲ့ဆီနိတ်တာ နှစ်ယောက်လုံးရောက်လာတယ်ဆိုတော့ ကျောင်းခြောက်ကျောင်းက EUOCနဲ့မျှော်စင်ကလူတွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့သူတွေ မဟုတ်ဘူးပဲ။ ဒီတော့ဘန်နီလည်း စိတ်ရှိလက်ရှိကြမ်းလို့ရတာပေါ့။”
ကျွန်မတို့လှည့်ကြည့်လိုက်တော့ ချိုင်းပြတ် မျက်လှည့်ဆရာ အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့ ဘန်နီကို မြင်ရပါပြီ။ သူ့အနားမှာ သစ်သားနဲ့ပြုလုပ်ထားတဲ့ ရုပ်သေးရုပ်တွေ ဒါဇင်ပေါင်းများစွာ ရှိနေပြီးတော့ လက်ထဲကိုင်ထားတဲ့ မှော်နှင်တံနဲ့ စည်းချက်ကျကျလှုပ်ရှားနေတယ်။
“တတိယတစ်ယောက်ကိုလည်း အထင်သေးလို့မရဘူး။ တိုက်ပွဲပေါင်းများစွာကိုဖြတ်ကျော်ခဲ့ပြီး တစ္ဆေဘုရင် ဖြစ်လာခဲ့တဲ့သူ။ ကသုလူရဲ့မျိုးဆက်တွေအတွက် အကောင်းဆုံးပြိုင်ဘက်ပဲ။”
နောက်တစ်ယောက်ကလည်း အိမ်တစ်အိမ်ထဲကနေ ထွက်လာပြန်ပြီ။ ဒီတစ်ယောက်ကတော့ စစ်ဝတ်စစ်စားတွေ ဝတ်ဆင်ထားပြီး လက်ထဲမှာ ဓားကောက်ကြီးနဲ့။
“ သူတို့ကျွန်မတို့လာမှာကို ကြိုသိနေတာလား။” ကျွန်မလည်း အားလုံးကိုမေးလိုက်တယ်။
“ဖြစ်နိုင်တယ်... ဆယ်ဗီ၊ မင်းက အလင့်စ်ကို ဝင်တိုက်။ မင်းရဲ့ဓားက သူ့ချည်မျှင်တွေနဲ့ကပ်ကြေးကို ကြောက်စရာမလိုဘူး။ ငါက ဘန်နီကိုတိုက်ပြီး မြူမြူချင်း၊ အရေအတွက်ချင်းပြိုင်မယ်။ ရို့စ်... မင်းကတော့ အဲဒီစစ်ဝတ်စုံနဲ့ဟာမကို လက်ရည်စမ်းပြီးတိုက်ကြည့်။”
ကျွန်မတို့တွေက ရန်သူသုံးယောက်ထဲမှာ အလင့်စ်နဲ့ ဘီယန်ကာကိုသိပေမဲ့ တခြားတစ်ယောက်ကိုတော့ မသိပါဘူး။
“စကြတာပေါ့....” ကျွန်မက ခွဲစိတ်ဓားကို ကိုင်လိုက်တယ်။
ဘီယန်ကာ ကျွန်မဂုတ်ကိုခွစီးလျက်သားပေါ်လာပေမဲ့ ဒီတစ်ခါတော့ အရင်လိုမျိုးလေးလံပြီး အားအင်ယုတ်လျော့သွားတာမျိုး မခံစားရတော့ဘူး။ ကိုယ့်ခြေကိုယ့်လက်လိုမျိုး ထိန်းချုပ်မှုအောက်မှာရှိနေတယ်။
“ချီတက်ကြ....” ပါစီဗယ်ကလည်း သူ့တပ်သားတွေကို ထုတ်လိုက်ပြီးတော့ ဘန်နီရဲ့ရုပ်သေးတွေနဲ့ယှဥ်ဖို့ပြင်တယ်။ ရိုစယ်လီယာကတော့ တောင်ဝှေးကနေတစ်ဆင့် မီးတွေနဲ့ ဖန်တီးထားတဲ့ နဂါးကြီးတစ်ကောင်ကို ဖော်ထုတ်လိုက်တယ်။
“မီးလျှံနဂါးအထွတ်အမြတ်မှော်....”
ပထမကတော့ ကျွန်မတို့တွေ သက်သောင့်သက်သာ ဖြတ်ကျော်နိုင်တော့မယ်ထင်ခဲ့ပေမဲ့...
“တပ်မှူးတစ်ယောက်ဆိုတဲ့အတိုင်းပဲ တကယ်တော်တာပဲ။ ဒါပေမဲ့ နင့်ဗျူဟာတွေကို ငါ့ခေါင်းထဲမှာ အတိုင်းသား ကြားနေရတယ်။”
ရုတ်တရက် ကသုလုရဲ့မျိုးဆက်ဆိုတဲ့ စစ်ဝတ်စုံနဲ့ အမျိုးသမီးက ပါစီဗယ်ကိုဝင်ရောက် တိုက်ခိုက်လိုက်တယ်။ သူ့ဓားချက်တွေကိုပါစီဗယ်က ဆေဘာနဲ့ပြန်ခုခံလိုက်ရပြီး တပ်သားတွေကတော့ တစ်စစီဖြစ်ကုန်တယ်။
“မဟုတ်သေးဘူးလေ....” ကျွန်မကိုတော့ လက်နက်မျိုးစုံ ကိုင်ထားတဲ့ ရုပ်သေးတွေက ဝိုင်းထားလိုက်ပြီး ဘီယန်ကာရဲ့စကားကြောင့် ကျွန်မဆွံအသွားတော့တာပဲ။
“ဒီရုပ်သေးတွေက မာနာကြိုးနဲ့ထိန်းချုပ်ထားတာမဟုတ်ဘူး။ အတွင်းထဲက စွမ်းအင်ဗဟိုချုပ်နဲ့အလုပ်လုပ်နေတာ။ အခွံက မာလွန်းလို့ ငါတစ်ခါတည်းဖြတ်လို့မရဘူး။”
ဆိုလိုတာက နည်းနည်းတော့မျှော်လင့်ချက်ရှိသေးတဲ့သဘော။ ဒါပေမဲ့ ဘန်နီက ငြိမ်မနေဘဲ မှော်ဦးထုပ်ကိုခါလည်လှည့်ပြီးတော့ နောက်ထပ်ဝှက်ဖဲတွေထုတ်နေပြန်ပြီ။
“ပရိသတ်ကြီးတို့ရေ၊ ဦးထုပ်ထဲကနေထွက်လာတဲ့ ချိုးငှက်လေးတွေကို ချစ်ကြလား....”
မကြာခင်မှာပဲ ချိုးငှက်အုပ်လိုက်ကြီးက ကျွန်မကိုဝိုင်းဆိတ်နေပြီး ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်နိုင်တော့တဲ့အတွက် ဘယ်လိုမှ တိုက်မရတော့ဘူး။
“ရိုစယ်လီယာ....” ကျွန်မ တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပေမဲ့ ရိုစယ်လီယာကိုယ်တိုင်လည်း ပင့်ကူကို မနည်းခုခံနေရတဲ့ပုံပဲ။ ပြန်တောင်မဖြေနိုင်ဘူး။
“ဟုတ်သားပဲ... မနေ့ကညကတောင် သူရှုံးမလိုဖြစ်နေတာ။”
ကျွန်မ စိတ်ဓာတ်က မြောင်းထဲရောက်သွားပြီ။ ဘာလို့ ရန်သူ့နေရာကို မပြင်မဆင်ဘဲ ရောက်လာမိတာပါလိမ့်။ နက်ဆန်သာ အနားမှာရှိနေရင် ကျွန်မကိုဆူနေလောက်ပြီ။
...
“တော်လောက်ပြီ....”
ရုတ်တရက် ခြင်္သေ့တစ်ကောင်ဆီက ဟိန်းသံလိုမျိုး စကားတစ်ခွန်းက လမ်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ကျယ်လောင်လွန်းလို့ ကျွန်မဒူးထောက်ချလိုက်မိတဲ့အထိပဲ။ မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တော့...
“သေ.... သေကုန်ပြီ....”
ကျွန်မမျက်လုံးကို ကျွန်မ မယုံနိုင်ဘူး။ ကျွန်မကို ထိုးဆိတ်ခဲ့တဲ့ ချိုးငှက်တွေက လမ်းမပေါ်မှာ ဒီအတိုင်း ပြုတ်ကျသေဆုံးနေကြတယ်။ ရုပ်သေးတွေကလည်းပဲ စက်ချို့ယွင်းနေသလိုမျိုးဖြစ်နေပြီး ဘန်နီကိုယ်တိုင်က တုန်ယင်နေတဲ့ဒူးနှစ်ဖက်ကို ပူးကပ်ထားပြီး လက်နဲ့ဒူးကို ထောက်ထားရပါတယ်။
“ဒီ... ဒီစွမ်းအားကဘာလဲ... ကြောက်စရာကောင်းလွန်းလို့ ချက်ချင်းနှလုံးရပ် သေတော့မယ့်အတိုင်းပဲ။”
ဘန်နီက နဖူးကချွေးစေးတွေကို ဖယ်ရှားလိုက်ရင်း ရေရွတ်နေတာ ကျွန်မတွေ့ရတယ်။
ကလန်...
သတ္ထုပစ္စည်းတစ်ခု ပြုတ်ကျတဲ့အသံကြားလို့ လှည့်ကြည့်တော့ ပင့်ကူအလင့်စ်ရဲ့လူလက်နှစ်ဖက်လုံး ပြာဖြစ်သွားပြီး ကပ်ကြေးက မြေပေါ်မှာကျနေတယ်။ အော်သံကြောင့် အာရုံပြန့်သွားတဲ့အချိန် ရိုစယ်လီယာက အခွင့်ကောင်းယူလိုက်နိုင်ပုံပဲ။
“အား... ငါ့လက်တွေ... ငါ့လက်တွေ....” အလင့်စ်က ပြာကျသွားတဲ့ သူ့လက်တွေကိုသူကြည့်ရင်း အသည်းအသန်အော်ဟစ်နေတယ်။
AC&B မှာ အကောင်းအတိုင်းကျန်ခဲ့တာဆိုလို့ ပါစီဗယ်ကို အနိုင်ရလုနီးပါးဖြစ်နေတဲ့ ကသုလုနတ်တစ်ပိုင်းပဲ ကျန်တော့တာပဲ။
“ရှင့်ရဲ့အကြောက်တရားစွမ်းအားက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ ဖုတ်ကောင်ဘုရင်မ။”
ကသုလုနတ်တစ်ပိုင်းက တစ်နေရာကိုကြည့်လိုက်တော့ ကျွန်မလည်း လမ်းမအဝင်ဝကို ပြန်လှည့်ကြည့်လိုက် မိပါတယ်။ အနက်ရောင်ဇာထီးစောင်းထားပြီးတော့ ဇာလက်အိတ်အနက်ကိုဝတ်ထားတဲ့ မော်ဒန်ဗစ်တိုးရီးယား အဝတ်အစားတွေနဲ့မော်လီက နေရာမှာရပ်နေတယ်။
အသားတွေလောင်ကျွမ်းရာက ဖြစ်ပေါ်လာတတ်တဲ့ ညှော်နံကို မော်လီဆီကနေရပေမဲ့ သူ့ကိုကြည့်ရတာ ဘာမှမဖြစ်တဲ့ပုံပေါ်ပြီး လက်ထဲကထီးကို လွှင့်ပစ်လိုက်တယ်။
“နေဝင်သွားပြီ...” ဒဏ်ရာတချို့ရထားတဲ့ ပါစီဗယ်က ပြောလိုက်ရင်းနဲ့ နောက်ပြန်ဆုတ်လာကာ ကျွန်မနားမှာ ရပ်လိုက်ပါတယ်။
ကျွန်မလည်း ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်တော့ နေလုံးကြီးက ကောင်းကင်ပေါ်မှာရှိမနေတော့ဘဲ မဖြစ်စလောက် နေအလင်းရောင်တချို့ပဲရှိတော့တာပဲ။
“မဟုတ်မှလွဲရော... မော်လီက ကျွန်မတို့နောက်ကို တစ်ချိန်လုံး နောက်ယောင်ခံလိုက်နေတာလို့တော့ မပြောနဲ့နော်။”
“ သေချာသလောက်ပဲ..” ရိုစယ်လီယာကလည်း ဖွဲ့စည်းပုံကို ပြန်ပြင်ဖို့အတွက် ကျွန်မတို့နဲ့ပြန်လာပေါင်းတယ်။ ရန်သူသုံးယောက်လည်း သူတို့ဘာသာ လူပြန်စုတယ်။
“ဖုတ်ကောင်ဘုရင်မ... လူသတ်အိမ်စေ၊ အမှောင်ဆီနိတ်တာ မော်လီ။”
ဘန်နီက မော်လီကိုကြည့်နေရင်းနဲ့ တုန်ရီနေတာကို ထိန်းမထားနိုင်တော့ဘူး။ ပင့်ကူအတွက်လည်း အလားတူပါပဲ။
“ဒီလောက်ကြာတဲ့အထိ ငါတို့သူ့နယ်ထဲမှာ လှုပ်ရှားနေတာကို ဝင်မပါလို့ ငါတို့လုပ်ငန်းတွေက သူအာရုံစိုက်လောက်အောင် မကြီးဘူးလို့ထင်နေခဲ့တာ။” ပင့်ကူပလင့်စ်က ကြောက်လန့်တကြားပြောလိုက်တယ်။
ဒေါက်... ဒေါက်... ဒေါက်....
မော်လီက ကျွန်မတို့နားကို စည်းချက်ကျကျ ခြေလှမ်းတွေနဲ့ လျှောက်လာနေတယ်။ လေဒီရှူးဖိနပ်က ကွန်ကရစ်လမ်းကို ထိလိုက်တဲ့အခါတိုင်းမှာ သိမ်မွေ့ကျက်သရေရှိတဲ့ ခြေသံက ထွက်ပေါ်လာတယ်။
“နင်တို့ပထမဆုံးသားကောင်ရဲ့အသက်ကို ရယူပြီးကတည်းက ငါနင်တို့ကို စုံစမ်းနေခဲ့တာပဲ။ နင်တို့ရဲ့ဖုံးကွယ်နိုင်စွမ်းနဲ့ နေရာရွေ့နိုင်စွမ်းကို လျှော့တွက်ခဲ့မိရုံပဲ။”
မော်လီက ကျွန်မတို့နားကိုရောက်လာပေမဲ့ မရပ်နေဘဲ ကျွန်မတို့ကိုကျော်ကာ ရှေ့ကိုဆက်သွားတယ်။ သူ့လက်ထဲ ကြိုးတပ်တံစဥ်ပေါ်လာပြီးနောက်မှာ ရပ်လိုက်ပြီး...
“ဒါပေမဲ့ တစ်ယောက်ယောက်က ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပုံပဲ။”
ကျွန်မ အံ့ဩလို့မဆုံးဘူး။ ဒါဆိုရင် မော်လီကျွန်မတို့ကို မကူညီဘူးလို့ပြောနေတာတွေက အလိမ်အညာတွေပဲပေါ့။ သူက ကျွန်မတို့ဒုက္ခရောက်ရင်ထွက်လာဖို့ အဆင်သင့် ရှိနေခဲ့တာပဲ။
“အယ်ဒါအဆင့်ရောက်နေရုံနဲ့ ဒီတိုက်ပွဲကိုထိန်းချုပ်လို့ ရပြီလို့မထင်နဲ့။ သောက်အိမ်ဖော်မရဲ့....”
ကသုလုနတ်တစ်ပိုင်းက ဓားကောက်ကိုကိုင်ရင်းနဲ့ ရှေ့ကိုပြေးထွက်လာတယ်။ သူ့ပုံစံကရူးသွပ်နေပုံရပြီး ပတ်ဝန်းကျင်တစ်ခုလုံး နားမလည်နိုင်တဲ့အသံတွေနဲ့ ပြည့်နှက်လာခဲ့ပြီး ပါစီဗယ်နဲ့ရိုစယ်လီယာတို့ နားတွေပိတ်ထားရင်း ဒူးထောက်ကျကုန်တယ်။ သူတို့ကိုကြည့်ရင် အတော်နာကျင်နေပုံပေါ်ပေမဲ့ ကျွန်မတော့ ဘာမှဖြစ်မနေဘူး။ မော်လီလည်းအလားတူပါပဲ။
“AC&Bရဲ့ဒါရိုက်တာ၊ ကသုလုရဲ့သမီးတော် ကေသီ ကွန်ဝဲလ်က ရှင့်ကိုစိန်ခေါ်တယ်။”
မော်လီကတော့ အဲဒီတစ်ယောက်ပြေးလာတာကို ထူးမခြားနားစွာကြည့်နေရင်း ကြိုးတပ်တံစဥ်ကို ဝေ့ယမ်းကာ တန်ပြန်လှုပ်ရှားလိုက်တယ်။
“သခင်အမိန့်ပေးထားတဲ့အတိုင်းပဲ... အမှောင်ထုကို အသုံးချပြီး မကောင်းမှုပြုနေသူတိုင်းကို ခွင့်မလွှတ်တမ်း ဖယ်ရှားပစ်မယ်။”
ထန်း...
နောက်တော့ လက်နက်ချင်းထိခတ်သံနဲ့အတူ ကြောက်ရွံမှု စွမ်းအားနဲ့ ရူးသွပ်မှုစွမ်းအားနှစ်ခုတို့ဟာ စတင်ပြီး အားပြိုင်ပါတော့တယ်။