အစီအရင်ပညာအကြောင်းသုံးသပ်လေ့လာ
Vol. 19 Ch. 255
အခန်း (၂၅၅) အစီအရင်ပညာအကြောင်းသုံးသပ်လေ့လာ
မြောက်ပိုင်းစွန့်ပစ်နယ်မြေ ၊ နယ်စပ်နေရာ။
မှော်ဝင်တိမ်တိုက်တောင်၏ အနောက်ဘက်ဂိုဏ်းခွဲ။
အစိမ်းရောင်မျက်နှာရှိသည့် တစ္ဆေကျင့်ကြံသူများက သစ်ပင်မိစ္ဆာများနှင့် တိုက်ခိုက်လျှက် ရှိသည်။
"ဘုန်း"
အချိန်တိုအတွင်း သစ်ပင်မိစ္ဆာများအားလုံးကို တစ္ဆေကျင့်ကြံသူများက သတ်ဖြတ်ပစ်လိုက်သည်။
ဤနေရာက တစ္ဆေတိုင်းပြည်၏ ထောက်ပံ့ရေးဌာနခွဲရှိရာနေရာဖြစ်သည်။
"ဘန်း"
လူငယ်လေးတစ်ယောက်က သစ်ပင်မိစ္ဆာများကို လက်သီးတစ်ချက်တည်းဖြင့် ထိုးနှက်သတ်ဖြတ်နေသည်။
"လက်သီးနတ်ဘုရား ၊ မြောက်ပိုင်းစွန့်ပစ်နယ်မြေက နတ်မိစ္ဆာတွေကို သတ်ဖြတ်ပစ်နိုင်ဖို့ ၊ အတားအဆီးများအားလုံးကို ဖြတ်ကျော်နိုင်ဖို့ ကျွန်တော့်ကို ကာကွယ်ပေးပါ"
"သေစမ်း"
"ဘန်း"
ဆုတောင်းပြီးသည်နှင့် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
ရန်သူတစ်ယောက်မှ အသက်မရှင်တော့သည်ကို တွေ့မြင်ရပြီးနောက် ချင်းမုက သူ့လည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားလေးကို ထုတ်ယူလိုက်ပြီး လက်ပေါ်တင်လိုက်သည်။
ထိုစဉ် တစ္ဆေကျင့်ကြံသူ လူငယ်တစ်ယောက် သူ့အနားရောက်လာသည်။
သူ့အမည်က ကွေကျန်း ဖြစ်၏။
ကွေကျန်းက ချင်းမုကို မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
ချင်းမုက…
"ကျုပ် လက်သီးနတ်ဘုရားကို ဂါရဝပြုနေတာ ၊ သူက ကျုပ်ရဲ့ လက်သီးချက်တိုင်းကို ကာကွယ်ပေးပြီး နတ်မိစ္ဆာတွေကို သတ်ဖြတ်နိုင်စေခဲ့တယ် ၊ လက်သီးနတ်ဘုရား သေဆုံးသွားတဲ့တစ်နေ့ကျ ကျုပ်က နောက်ထပ် လက်သီးနတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ် ၊ လောလောဆယ်တော့ ကျုပ်ရဲ့ ရည်မှန်းချက်က တစ္ဆေတိုင်းပြည်မှာ ထိပ်တန်းလက်သီးစွမ်းအားရှင်တစ်ယောက် ဖြစ်လာဖို့ပဲ"
ခဏနားပြီးနောက် ချင်းမုက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
"လက်သီးနတ်ဘုရားကို ကိုးကွယ်ကြသူတွေကြားထဲမှာ ကျုပ်က အတော်ဆုံး ဖြစ်စေရမယ် ၊ တိုက်ပွဲတိုင်း အောင်ပွဲခံနိုင်ပြီး အောင်ပွဲအဆက်ဆက် အနိုင်ရလိမ့်မယ်"
သူပြောသမျှ အရာရာတိုင်း အမှန်တကယ်ဖြစ်လာတော့မည့်အလား ယုံကြည်မှုက ပြင်းထန်လျှက် ရှိသည်။
တစ္ဆေကျင့်ကြံသူတစ်ယောက်က…
"ထိပ်တန်းလက်သီးစွမ်းအားရှင်က မင်းဖြစ်လာမှာ မဟုတ်ဘူး ၊ ကျုပ်ဖြစ်လာမှာကွ"
အခြားတစ္ဆေကျင့်ကြံသူတစ်ယောက်ကလည်း…
"မဟုတ်ဘူး ၊ ကျုပ်ဖြစ်လာမှာကွ ၊ ကျုပ် လက်သီးနတ်ဘုရားကို ကိုးကွယ်နေတာ (၃)နှစ်တောင် ရှိပြီ"
ချင်းမုက…
"ကျုပ်က လက်သီးနတ်ဘုရားကို ကိုးကွယ်လာတာ (၁၀)နှစ် ကျော်နေပြီ"
"ကျုပ်လည်း လက်သီးနတ်ဘုရားကို ကိုးကွယ်တာ (၁၀)နှစ်ကျော်နေပြီ ၊ အိမ်မှာ ရုပ်တုတောင် ထုထားသေးတယ်"
ချင်းမုက သူ့လည်ပင်းထက်တွင်ဆွဲထားသည့် သစ်သားပြားလေးကို ပြလိုက်ရင်း…
"ဒါဖြင့် မင်းတို့မှာ ဒါမျိုးရှိလား ပြောလေ ၊ ကျုပ်က တစ္ဆေတိုင်းပြည်မှာ လက်သီးနတ်ဘုရားကို သစ်သားပြားထက်မှာ ထွင်းထုကိုးကွယ်တဲ့ တစ်ယောက်တည်းသောသူပဲ"
အားလုံးက သစ်သားပြားလေးကိုကြည့်ပြီး အံ့အားသင့်သွားကြသည်။
"ဒါက…"
သူတို့က ချင်းမုလည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားလေးကို ဝိုင်းဝန်းကြည့်လိုက်ကြသည်။
လက်သီးနတ်ဘုရား လက်သီးထိုးနှက်နေဟန်ကို ထွင်းထုထားသည်မှာ အတော်လေး ထူးခြားပြီး အားမန်ပါလှသလို အသက်လည်းဝင်လှသည်။
"ချင်းမု… ကျုပ်အတွက်လည်း တစ်ခု ထွင်းပေးပါလား"
"ငါ့အတွက်ရောပဲ ငါ့အတွက်ရောပဲ"
ချင်းမုက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်…
"ဒါဖြင့် တစ္ဆေတိုင်းပြည်ရဲ့ စွမ်းအားမြင့်မားဆုံး လက်သီးစွမ်းအားရှင်က ဘယ်သူလဲ"
"မင်းပါ… ချင်းမု ၊ မင်းက တစ္ဆေတိုင်းပြည်မှာ စွမ်းအားအမြင့်မားဆုံး လက်သီးစွမ်းအားရှင်ပါ"
ထိုစဉ်…
တစ္ဆေစစ်ဗိုလ်ချုပ်တစ်ယောက်က သူတို့ရှိရာသို့ လှမ်းကြည့်လိုက်ရင်း…
"အမြန်လုပ်ကြဟေ့… ၊ ချင်းမု … မင်းက အလယ်ပိုင်းအဖွဲ့ကို ဦးဆောင်ပါ"
ချင်းမုက ချက်ချင်းပင် အမိန့်နာခံလိုက်သည်။
"ဟုတ်ကဲ့ စစ်ဗိုလ်ချုပ်"
***
ခွန်လွန်တောင်နှင့် အလွန်ဝေးကွာသည့်နေရာ။
အနောက်ဘက်စွန့်ပစ်နယ်မြေ၏ မြောက်ဖျားဒေသ။
ဒဏ်ရာရထားသည့်လူတစ်ယောက်က သေလုမျောပါးဖြစ်နေသည့်လူငယ်လေးတစ်ယောက်ကို ကျောပိုးပြီး ခက်ခက်ခဲခဲ လမ်းလျှောက်လာသည်။
သူ လုံး၀ အနားမယူရဲပေ။
မဟုတ်ပါက သူတို့နောက်မှရန်သူက အချိန်မရွေး လိုက်လာနိုင်လေသည်။
ထိုသူ (၂)ယောက်သည်ကား ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် လုန်ရဲ့နှင့် အဋ္ဌမမင်းသားလုန်မန်တို့ပင် ဖြစ်သည်။
လုန်ရဲ့က…
"လုန်မန်… ဒီလမ်းအတိုင်း မှန်လား"
လုန်ရဲ့၏ အမေးစကားကြောင့် လုန်မန်က မျက်လုံးများကို ကြိုးစားပြီး ဖွင့်လိုက်သည်။
ထို့နောက် အရှေ့ဆီသို့ တစ်ချက်လှမ်းမျှော်ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုနိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
သူ သေလုမျောပါး ခံစားနေရလေသည်။
လုန်ရဲ့က…
"အားတင်းထားစမ်းပါကွာ ၊ မင်းက မွေးရာပါအင်မော်တယ်တစ်ပါးပဲကို ၊ မင်း ဒီစမ်းသပ်မှုကို ခံနိုင်ရင် အစစ်အမှန်အင်မော်တယ် ဖြစ်လာတော့မှာကွ"
လုန်ရဲ့က တစ်ချက်ပင် အရှိန်မလျှော့ရဲဘဲ ရှေ့ဆက်သွားနေသည်။
လုန်မန်က အားနည်းဖျော့တော့သည့် လေသံဖြင့်…
"ဦးလေးလုန်ရဲ့ ၊ ကျွန်တော့်ကို ထားခဲ့တော့ ၊ ကိုယ့်ဟာကိုယ်ပဲ လွတ်အောင်ပြေးတော့"
"ကျုပ်က သာမန်နဂါးမျိုးနွယ်တစ်ယောက်ပါကွာ ၊ အရက်စွဲနေတဲ့ နဂါးအိုကြီးပါ ၊ ဒါပေမဲ့ မင်းကတော့ မတူဘူး ၊ မင်းက မွေးရာပါအင်မော်တယ်တစ်ပါးဖြစ်သလို နဂါးမျိုးနွယ်တွေရဲ့ အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်တယ်"
"မွေးရာပါအင်မော်တယ်ဆိုတာကလည်း တကယ်တော့ သာမန်ပါပဲ"
ထိုစဉ်…
"ဘုန်း"
လုန်ရဲ့ အံတင်းတင်းကြိတ်လိုက်ရင်း…
"သူတို့နောက်ကလိုက်လာကြပြီ"
ထို့နောက် သူက နဂါးမျိုးနွယ်များ၏ လျှို့ဝှက်နည်းလမ်းကို အသုံးပြုလိုက်ပြီး အရှိန်မြှင့်ကာ ရှေ့ဆက်သွားသည်။
ပင်လယ် (၄)ခုသို့ အပြန်လမ်းကိုသာ ပိတ်ဆို့ခံမထားရလျှင် သူတို့ ဤမျှ အခြေအနေဆိုးရွားမည် မဟုတ်ပေ။
သေလုမျောပါးဖြစ်နေသည့် လုန်မန်ကိုကြည့်ရင်း လုန်ရဲ့က ပြောလိုက်သည်။
"ဒီကနေ ခွန်လွန်တောင်ကိုရောက်ဖို့ နှစ်နည်းနည်းလောက်ပဲ သွားရတော့မှာ ၊ မကြာတော့ဘူး… မကြာတော့ဘူး"
"အင်းပါ…"
***
ခွန်လွန်ဝတ်ကျောင်းတော်။
ကောင်းကင်ထက်လွင့်မျောနေသည့် စြင်္ကံငယ်ထက်တွင် ကျန်းလန် တင်ပျဉ်ခွေ ထိုင်နေ၏။
သူက ခွန်လွန်စိတ်ကျမ်းကို နားလည်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ စနစ်မှရရှိထားသည့် တောင်နှင့်ပင်လယ် ကြေးမုံမှန်ကို လေ့လာနေခြင်း ဖြစ်သည်။
သူ့စိတ်အာရုံထဲတွင် ရေကဲ့သို့ကြည်လင်နေသည့် ကြေးမုံမှန်တစ်ချပ်ထွက်ပေါ်လာသည်။ မှန်ထဲတွင်တော့ မညီမညာရှိနေသည့် တောင်တန်းများနှင့်ပင်လယ်များ၏ ပုံရိပ်ကို တွေ့မြင်ရသည်။
မြင်ကွင်းများက ရိုးရှင်းပြီး ကျယ်ပြန့်သည်။
ဤသည်က မိုးနဲ့မြေကိုဖန်ဆင်းခြင်း ၊ တောင်နှင့်ပင်လယ်ကြေးမုံမှန်ပင် ဖြစ်၏။
ထိုရတနာပစ္စည်းကို အာရုံခံကြည့်လိုက်သည်နှင့် "ပျက်သုဉ်းတစ်စပြင်လောကကြီး၏ မည်သည့်နေရာကိုမဆို ကြည့်ရှုနိုင်မည်" ဟု ကျန်းလန် ခံစားလိုက်ရသည်။
သို့သော် ထိုသို့ ကြည့်ရှုလိုသည်ဆိုလျှင် လုံလောက်သည့် တန်ဖိုးတစ်ခုတော့ ပေးရမည် ဖြစ်သည်။
ကံတရား ၊ ရောင်ဝါ ၊ မှော်ဝင်ပစ္စည်း တစ်စံတစ်ခု…
ထိုအရာများထဲမှ တစ်ခုခု ၊ သို့မဟုတ် အရာအားလုံး ဖြစ်နိုင်လေသည်။
"သိပ်တော့ အသုံးဝင်တဲ့ပုံ မပေါ်ပါဘူး"
ကျန်းလန် တွေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူ ကြည့်ချင်သည့်အရာ တစ်ခုမှ ရှိမနေသောကြောင့်ပင်။
လောလောဆယ်တွင်လည်း ထိုကြေးမုံမှန်ကို စမ်းသပ်အသုံးပြုကြည့်ရန် ရည်ရွယ်ချက် မရှိပေ။ ဤနေရာက အလွန်တရာ အန္တရယ်များသည် မဟုတ်ပါလား။
ခွန်လွန်ဝတ်ကျောင်းတော်ပြင်ပသို့ရောက်မှ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ကျန်းလန်ခေါင်းထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။ ခွန်လွန်ဝတ်ကျောင်းတော်က ဘယ်လောက်ကြာအောင် ဖွင့်ထားမည်လဲ။
မည်သူမှ ထိုအကြောင်းကို ပြောဆိုကြခြင်း မရှိပေ။
ဝတ်ကျောင်းတော်ထဲ လမ်းပျောက်သွားလျှင်သာ အပြင်ဘက်သို့ ရောက်ရှိသွားမည်ဆိုသည့်အကြောင်း ပြောဆိုကြသည်။
"……………"
ကျင့်ကြံသူများအတွက် (၁၀)နှစ်ဆိုသည့်အချိန်က မျက်စိတစ်မှိတ်မျှသာ ဖြစ်သည်။
ထို့ကြောင့် ခွန်လွန်ဝတ်ကျောင်းတော် (၁၀)နှစ်ကြာ ဖွင့်လှစ်ထားမည်ဆိုလျှင်လည်း ထူးခြားသည်ဟု မဆိုသာပေ။
ကျန်းလန်က အခြားသူများ သံသယဝင်သွားစေမည့် အလုပ်များကို တစ်ခုမှ မပြုလုပ်ခဲ့ပေ။ စြင်္ကံငယ်ထက်တွင်သာ ထိုင်နေရင်း မျက်လုံးများကိုမှိတ်ကာ တာအိုနားလည်ခြင်းအကြောင်း ပြန်လည်သုံးသပ်နေခဲ့သည်။
တာအိုနားလည်ခြင်းအကြောင်း သုံးသပ်ပြီးနောက် အစီအရင်ပညာအကြောင်းကို ထပ်မံသုံးသပ်လေ့လာနေသည်။
ခွန်လွန်စိတ်ကျမ်းကို လေ့လာခြင်းမရှိသည့်တိုင် သူလုပ်နိုင်သည့်အရာများစွာရှိနေလေရာ အချိန်ဖြုန်းတီးခြင်းမရှိဘဲ ကျင့်ကြံနေခဲ့သည်။
ကျင့်ကြံနေရင်း အခြားသူများ သူ့နံဘေးမှ ဖြတ်သန်းသွားလာနေသည်များကို သိရှိခံစားနေရသည်။
ဖြတ်သွားဖြတ်လာများက မည်သည့်စကားမှ ပြောဆိုကြခြင်း မရှိပေ။ အချို့ဆိုလျှင် ခွန်လွန်စိမ်းကျမ်း ရေးသားထားသည့် ကျောက်စာတိုင်ကို အချိန် (၂)ရက်ခန့် လေ့လာပြီးမှ ပြန်လည်ထွက်ခွာသွားကြ၏။
အချိန် (၁)လခန့် ခွန်လွန်စိတ်ကျမ်းကို နားလည်ရန် ကြိုးစားနေကြသူများလည်း ရှိသည်။ သို့သော် နားမလည်နိုင်သည့်အဆုံး အချိန်မဖြုန်းတီးတော့ဘဲ ပြန်သွားကြသည်သာပင်။
မည်သူမှ ကျန်းလန်ကို နှောက်ယှက်ခြင်း မရှိကြပေ။
ခွန်လွန်စိတ်ကျမ်းက နားလည်ရန်ခက်ခဲကြောင်း လူတိုင်း သိရှိကြသည်။ ထို့ပြင် ခွန်လွန်စိတ်ကျမ်းကို သင်ယူလေ့လာခြင်းက ကျင့်စဉ်လမ်းအတွက် အထောက်အကူလည်း သိပ်မဖြစ်ပေ။
ကျင့်စဉ်လမ်းတွင် ခရီးရောက်အောင် လျှင်လျှင်မြန်မြန် လျှောက်လှမ်းနိုင်ရန်မှာ ကိုယ့်အားကိုယ်ကိုးရန်သာ ဖြစ်သည်။
မဟာတာအိုကို နက်ရှိုင်းစွာနားလည်လာလေ ကျင့်စဉ်လမ်းက လျှင်မြန်လာလေပဲ ဖြစ်သည်။ ခွန်လွန်စိတ်ကျမ်းက တာအိုကိုနားလည်ရန်အတွက် မည်သည့်အကူအညီမှ ပေးစွမ်းမည် မဟုတ်ပေ။
ကျန်းလန်က တာအိုနားလည်ခြင်းများ ၊ မန္တန်များနှင့် တန်ခိုးစွမ်းအားများကို အပြန်ပြန်အလှန်လှန် လေ့လာသုံးသပ်ပြီးနောက် အစီအရင်ပညာကို စတင်လေ့လာလိုက်သည်။
အစီအရင်ပညာကို လေ့လာနေရင်း သူ ဈာန်ဝင်စားသည့်အဆင့် ရောက်ရှိသွားသည်။ ကျင့်ကြံခြင်းတွင် နစ်မျောသွားပြီး သူ သင်ယူခဲ့သမျှ ၊ လေ့လာခဲ့သမျှ အစီအရင်ပညာများအားလုံး ခေါင်းထဲတွင် အစီအစဉ်တကျ ပြန်ပေါ်လာသည်။
အချိန်မည်မျှကြာသွားသည် မသိပေ။
အချိန်ကြာမြင့်စွာ နားမလည်နိုင်ဖြစ်နေသည့်အရာများကိုပင် ကျန်းလန် ထိုးထွင်းသိမြင်လာခဲ့သည်။ သူ၏ အစီအရင်ပညာကျွမ်းကျင်မှုက နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းလန် သတိပြန်ဝင်လာပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
သူ့မျက်ဝန်းရှေ့တွင် ကျောက်စာတိုင်ကိုသာ တွေ့မြင်ရပြီး ပတ်ဝန်းကျင်တွင် မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရပေ။
"အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲ"
ကျန်းလန် ရေရွတ်လိုက်သည်။
အစီအရင်ပညာနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နေမိသဖြင့် အချိန်ကိုပင် မေ့လျော့နေခဲ့မိသည်။ ကြည့်ရသည်မှာ အတော်လေး အချိန်ကြာသွားဟန် ရှိသည်။
"အချိန် (၃)နှစ် ကုန်သွားခဲ့ပြီ"
ရုတ်တရက် သူ့နောက်မှ စကားသံတစ်သံထွက်ပေါ်လာလေရာ ကျန်းလန် ချက်ချင်းပင် နောက်လှည့်ကြည့်လိုက်သည်။
ထိုအခါ…
အဖြူရောင်ဝတ်စုံတွင် အနီရောင်အနားသတ်များပါဝင်သည့် အဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူရွယ်တစ်ယောက်ကို ကျန်းလန် တွေ့လိုက်ရသည်။
ရုတ်တရက်ကြည့်လျှင် သာမန်လူတစ်ယောက်ပမာ ထင်မှတ်ရသော်လည်း ထိုသူထံမှ အကန့်အသတ်မဲ့သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။
ကျန်းလန်က စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး…
"အကြီးအကဲက ဘယ်သူများလဲဗျ"
ဤပုဂ္ဂိုလ်က ခွန်လွန်ဝတ်ကျောင်းတော်မှ အကြီးအကဲတစ်ယောက် ဖြစ်ဟန်တူသည်။
ရန်သူသာဆိုလျှင် သူ ကျင့်ကြံခြင်းပြီးဆုံးသည်အထိ စောင့်နေမည်မဟုတ်ဘဲ လှုပ်ရှားမှုပြုလုပ်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျန်းလန် သတိတော့ထားနေလိုက်သည်။
ကျန်းလန်အနေဖြင့် တစ်စုံတစ်ယောက် သူ့အနားရောက်နေလျှင် အာရုံခံမိမည် ဖြစ်သော်လည်း ထိုသူရောက်နေသည်ကို လုံးဝသိရှိခဲ့ခြင်း မရှိပေ။
လူရွယ်က ကျန်းလန်ကို မေးမြန်းလိုက်သည်။
"မင်း အခု ဘာတွေကျင့်ကြံနေတာလဲ"
"တာအိုကျင့်စဉ်တွေကို ပြန်လည်သုံးသပ်နေတာပါ ၊ နောက်ဆုံး အစီအရင်ပညာအကြောင့် ပြန်လည်သုံးသပ်နေရင်းနဲ့ ဈာန်ဝင်သွားတာ"
ကျန်းလန်က အမှန်အတိုင်းပင် ပြောလိုက်သည်။
လူရွယ်က…
"မင်းက ပဉ္စမတောင်ထွတ်က တပည့်လား"
ကျန်းလန်က…
"နဝမတောင်ထွတ်က ကျန်းလန်ပါ"
"နဝမတောင်ထွတ် ဟုတ်လား ၊ မင်း ဒီနေရာမှာ အကြာကြီးထိုင်နေနိုင်တာ မအံ့သြတော့ပါဘူး"
လူရွယ်က တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်ရင်း…
"ခွန်လွန်စိတ်ကျမ်းက လူတစ်ယောက်ရဲ့စိတ်ကို လှုံ့ဆော်နိုင်စွမ်းရှိတယ် ၊ ဒီကျမ်းစာကို နားလည်နိုင်ဖို့မပြောနဲ့ ဒီနေရာမှာ (၃)လထက်ပိုပြီး နေနိုင်တဲ့သူတောင် ခပ်ရှားရှားပဲ"
လူရွယ်က ကျန်းလန်ကို အကဲခတ်လိုက်ရင်း စကားဆက်ပြောသည်။
"မင်းကတော့ ဒီနေရာမှာ (၃)နှစ်တိတိ တစ်ချက်မှမလှုပ်ဘဲ ထိုင်နေတာလေ ၊ ဒီတော့ ကျုပ်က သိချင်လွန်းလို့ လာမေးရတာ"
ကျန်းလန် : "……………"
သူကတော့ ဤနေရာတွင် ထိုင်နေရင်း မည်သည့်လှုံ့ဆော်မှုကိုမှ မခံစားခဲ့ရပေ။