← Chapters

ထျန်ရှန်းတောင်ပေါ်မှ လထွက်လာခြင်း

Vol. 5 Ch. 50

ထျန်ရှန်းတောင်ပေါ်မှ လထွက်လာခြင်း

Vol. 5 Ch. 50

စာအုပ်တစ်အုပ်၏ တန်ဖိုးကို တကယ် လိုအပ်မှသာ နားလည်၏။

ချန်ဟွိုက်အန် ရုတ်တရက် ခံစားလိုက်ရသည်မှာ ဝေါဟာရကြွယ်ဝမှုက အလွန်အမင်း အကန့်အသတ် ရှိနေခြင်းပင်။ သူက တစ်ခုခုကို ထုတ်ပြောရန် အတင်း ကြိုးစားလိုက်ရသည်။

သူ စကားပြောလိုက်သည်နှင့် ချင်းယွန်ဂိုဏ်း ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

တာအိုပညာရှင် ချင်းရွှမ်း တိတ်ဆိတ်စွာပင် ရှိနေပြီး ချင်းရွှမ်းဓားကို ဆွဲထုတ်လိုက်၏။

အခြေတည်ဝိညာဉ်အဆင့် နှောင်းပိုင်း ကျင့်ကြံသူ၏ လွှမ်းမိုးထားသော အရှိန်အဟုန်က ဒီရေလှိုင်းလုံးကဲ့သို့ မြင့်တက်လာပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အပြင်းအထန် လှုပ်ခါသွားစေသည်။ သူ၏ဦးထုပ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဝတ်ရုံနှင့် ဆံပင်များက မမြင်ရသော အင်အားကြောင့် လွင့်ပျံနေလေသည်။

“အကြီးအကဲ ချင်းရွှမ်း။ ဒီကိစ္စကို ဆွေးနွေးကြည့်ရအောင်။” ဝူတွမ်ထျန်းက ကျင့်ကြံသူ နှစ်ဦးကြား တိုက်ပွဲဖြစ်ပွားသည်ကို မမြင်ချင်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ယခုက ချင်းယွန်ဂိုဏ်း၌ ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားပါက သူသာ ထိခိုက်နစ်နာမည့်သူ ဖြစ်လိမ့်သည်။ ထို့အပြင် ကျောက်လင်ထျန်း၏ ပျက်စီးနေသော ဒန်တျန်ကို ကုသပေးရန် ထို လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူကို သူ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ အခု ရန်သူတွေ ဖြစ်သွားလျှင် နောက်ပိုင်း မည်သို့ ညှိနှိုင်းရမည်နည်း...

“လုချန်ထျန်က ငါ့ရဲ့ ကိုယ်ပိုင်တပည့်ပဲ။ သူ့ဒန်တျန် ဖျက်ဆီးခံရတာကို ငါက ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ...” တာအိုပညာရှင် ချင်းရွှမ်း၏ အသံက စူးရှလာပြီး သူ၏ စကားများကို ဝူတွမ်ထျန်း ဘက်သို့ ဦးတည်လိုက်သည်။ “သူက သေချာပေါက် ပေါင်းစည်းခြင်းနယ်ပယ် မဟုတ်ဘူး။ လီချင်းရန်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို ကြည့်ရရင် သူတို့ နာမည်ခံ ဆရာတပည့် မဟုတ်ရင်တောင် တစ်သားတည်း ဖြစ်နေတဲ့ သံယောဇဉ် ရှိတယ်။ သူက တကယ် ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ကြီးမြတ်တဲ့ ကျင့်ကြံသူဆိုရင် ဒီလို ကွေ့ဝိုက်လုပ်နေစရာလိုလို့လား...”

သူ၏ လေသံသည် ပြတ်သား၏။ သူက လုချန်ထျန်ကို မည်သို့ ပေးဆပ်ရပါစေ ကာကွယ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ဝူတွမ်ထျန်း သက်ပြင်းချလိုက်၏။

တာအိုပညာရှင် ချင်းရွှမ်း၏ ကျိုးကြောင်းဆီလျော်မှုကို သူ နားလည်၏။ လူတိုင်း မျက်စိကန်းနေသည် မဟုတ်ပေ။

တစ်ဖက်လူကလည်း ချင်းယွန်ဂိုဏ်း၏ အင်အားကို သတိထားနေ၍ ပေါ့ပေါ့ဆဆ မလုပ်ဆောင်ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။

သို့သော် ဝူတွမ်ထျန်း ထိုအရာကို လုံးဝ ဂရုမစိုက်ပေ။ ပြိုင်ဘက်က မည်သည့်အဆင့် ရှိနေသည်က သူ့အတွက် မည်သည့် အဓိပ္ပာယ်မှ မရှိပေ။

အရေးကြီးသည်မှာ ကျောက်လင်ထျန်း၏ ဒန်တျန်ကို သူ ကုသပေးနိုင်မလား ဆိုသည်ပင်။

“ငါတို့ ထိုင်ပြီးတော့ သေသေချာချာ စကားပြောလို့ မရဘူးလား...”

“ပြောစရာ ဘာမှ မရှိဘူး...” တာအိုပညာရှင် ချင်းရွှမ်း၏ မျက်နှာအမူအရာ အေးစက်နေပြီး ပြတ်သားစွာ ပြန်ဖြေလိုက်၏။

“ကောင်းပြီလေ။ ကောင်းပြီ။ ဒါဆို တိုက်ကြတာပေါ့။” ဝူတွမ်ထျန်းက ဖျောင်းဖျမရသည်ကို မြင်သော် လုံးဝကို လက်လျှော့လိုက်သည်။ “ဂိုဏ်းတံခါးတွေကို ဖျက်။ ဘိုးဘေးကို အပြင်ထွက်လာအောင် လုပ်။ ပြီးတော့ ချန်းယွန်ဘုံ တစ်ခုလုံးက ဖြောင့်မတ်သောလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းတွေက ငါတို့ ချင်းယွန်ဂိုဏ်းကို လှောင်ကြပါစေ....”

“ကောင်းပြီလေ။ ဒါဆို ဒီနေ့ ဒီကိစ္စမှာ မင်းတို့ထဲက ဘယ်သူက ဝင်ရောက်စွက်ဖက်ခွင့် ရှိလဲဆိုတာ ကြည့်ကြတာပေါ့”

လီချင်းရန် နောက်ကွယ်ရှိ လေဟာနယ်က တွန့်လိမ်သွားခဲ့သည်။

ဒေါသဖြင့် ပြည့်နေသော အေးစက်စက် နှာခေါင်းရှုံ့သံက အတွင်းမှ ပဲ့တင်ထပ်လာ၏။

တာအိုပညာရှင် ချင်းရွှမ်းထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု လူတိုင်းအပေါ်သို့ ကျရောက်လာသည်။

ပုံရိပ်တစ်ခုက လေဟာနယ်ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ်စုံ၊ ဆံပင်ဖြူအရှည်နှင့် သူက အနက်ရောင် အကြေးခွံပါသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။ သူ၏ မျက်နှာက မြင့်မြတ်သော အလင်းရောင်ဖြင့် ဖုံးလွှမ်းနေရာ ရုပ်သွင်ပြင်ကို မသဲကွဲသော်လည်း သူ၏ တင့်တယ်ခြင်း အရှိန်အဝါကို ငြင်းဆို၍ မရနိုင်ပေ။ သို့သော် အထူးခြားဆုံး အင်္ဂါရပ်မှာ သူ၏ ရွှေရောင်အက်ကွဲကြောင်း မျက်ဆံပါသော မျက်လုံးတစ်စုံ ဖြစ်ပြီး ပြိုင်ဘက်ကင်း အခွင့်အာဏာအာရုံကို ထုတ်လွှတ်နေသည်။ သူ့ကို မျက်လုံးချင်း ဆုံမိသွားရုံဖြင့် ကျောချမ်းသွားစေရန် လုံလောက်၏။

သူက လီချင်းရန်၏ အနောက်တွင် ပျံဝဲနေသည်။

သူ၏ ခန္ဓာကိုယ် လုံးဝ ပေါ်လာသည်နှင့်...

ဂါး...

မိုးခြိမ်းသံတစ်ခုက ကောင်းကင်ကို ခွဲလိုက်သည်။

ကြီးမားသော နဂါးနက်၏ ပုံရိပ်ယောင်က သူ၏ နောက်ကွယ်မှ ထွက်ပေါ်လာပြီး ခန့်ညားထည်ဝါသော စွမ်းအားဖြင့် သူ့ပတ်လည်တွင် ရစ်ခွေနေ၏။ ၎င်း၏ အစွယ်များ ဖော်နေပြီး လက်သည်းများကို ဆန့်ထုတ်ထားကာ ကြောက်မက်ဖွယ် တည်ရှိမှုက ကောင်းကင်ကို တုန်ခါစေပြီးနောက် လက်နက်၏ ဝိညာဉ်ကဲ့သို့ ကြေးခွံနက်ဓားထဲသို့ တစ်စိတ်တစ်ပိုင်း ပေါင်းစပ်သွားသည်။

“စီ..စီနီယာ..”

လီချင်းရန်၏ မျက်လုံးများက ယခု သူ၏အရှေ့တွင် ရပ်နေသော ချန်ဟွိုက်အန် အပေါ်သို့ စိုက်ကြည့် နေသည်။ ဘေးတိုက် ပုံစံကိုသာ မြင်ရသော်လည်း သူက အသက်ရှူ၍ မရတော့သလို ဖြစ်နေသည်။ သူ၏ မျက်နှာက ပို၍ ပူလာပြီး စိတ်ထဲ၌ လုံးဝကို ဗလာဖြစ်သွားသည်။

“နောက်ဆုတ်နေ ကောင်မလေး။ ငါ... အဟွတ်...ငါ အကွက်ပြတော့မယ် ...အဟွတ်...အဟွတ်... သတ်တော့မယ် ပြောတာ။”

လီချင်းရန် စိတ်လှုပ်ရှားနေသော်လည်း ချန်ဟွိုက်အန်လည်း ထိုနည်းလည်းကောင်းပင်။

သူ၏ အမြင်အာရုံက မျက်စိကျိန်းစေလောက်အောင် ရှုပ်ထွေးနေသော စကေးအိုင်ကွန်များဖြင့် ပြည့်နေပြီး အားလုံး လင်းထိန်နေ၏။ တဝက်လောက်က မည်သည့်အရာဖြစ်ကြေင်း မသိနိုင်ခင်မှာပင် သူက တိုက်ပွဲထဲသို့ ပစ်ချခံလိုက်ရလေပြီ။

ထို့ပြင် အဆိုးဆုံးအပိုင်းမှာ သူက ဗီအာဦးထုပ် ဆောင်းထားခြင်းပင်။ အလွန်အမင်း နစ်မြုပ်မှု အတွေ့အကြုံက သူ၏ ခံစားချက်ကို ပိုမို ပြင်းထန်နေစေသည်။

သူက လီချင်းရန်ကို ကြည့်ပင် မကြည့်ရဲခဲ့ပေ။

လီချင်းရန်ကို သူ ခုနက တစ်ချက် ကြည့်လိုက်၏။ သူက လှလွန်းတယ်။ လုံးဝ ရင်သပ်ရှုမောဖွယ်ရာပင်။

ဗီအာထဲတွင် မြင်ရသည်နှင့် အပြင်တွင် မြင်ရခြင်းတို့၏ ကွာခြားချက်က မိုးနှင့်မြေလိုပင်။ သူက ဆက်ကြည့်နေလျှင် အကြည့်မလွှဲနိုင်တော့မည်ကို စိုးရိမ်နေ၏။

ယခု တကယ့် ပြဿနာမှာ သူ မည်သို့ တိုက်ခိုက်ရမည်နည်း ဆိုသည်ပင်။

လင်းနေတဲ့ဟာတွေကို နှိပ်လိုက်ရမလား။ ဒါပေမဲ့ အကုန်လုံးက...

...လင်းနေတာလေ။

[ လူသစ် တိုက်ခိုက်ရေး သင်ခန်းစာ စတင်ပါပြီ ]

ဂိမ်းဝင်းဒိုးတစ်ခုက ချန်ဟွိုက်အန်၏ အမြင်အာရုံတွင် ပေါ်လာပြီး သူက ချက်ချင်း ဝမ်းသာသွား၏။

“‌တော်သေးတာပေါ့။ လူသစ်အတွက် အဆင်ပြေတဲ့ သင်ခန်းစာပဲ။ အဆင်ပြေပြီ။”

နောက်တစ်စက္ကန့်တွင် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွား၏။

ချန်ဟွိုက်အန်က သူ သင်ခန်းစာထဲ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး ချက်ချင်း ခေါင်းလှည့်ကာ လီချင်းရန်ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာကို မှတ်ဉာဏ်ထဲ သိမ်းထားလိုက်၏။

သူက ၎င်းကို ထုံဆေး လေ့ကျင့်ခန်းဟု ခေါ်သည်။

[ ဤဂိမ်းသည် နောက်ဆုံးပေါ် အာရုံကြောပေါင်းစပ်နည်းပညာကို အသုံးပြုထားပြီး ကစားသမားများအား ဇာတ်ကောင်များကို အတွေးဖြင့် လုံးဝ ထိန်းချုပ်စေနိုင်သည် ]

ရေကဲ့သို့ ကြည်လင်သော မှန်တစ်ချပ်နှင့် လေ့ကျင့်ရေး အရုပ်တစ်ရုပ်က သူ့ရှေ့တွင် ပေါ်လာသည်။

လီချင်းရန်၏ မျက်နှာမှ အကြည့်ကို မခွဲခွာချင်ဘဲ ခွာလိုက်ပြီး ချန်ဟွိုက်အန်က မှန်ဘက်သို့ လှည့်ကာ လက်နှစ်ချောင်းထောင် ထောင်ပြလိုက်သည်။

အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးက ထိုသို့ အမူအရာ ပြုလုပ်နေခြင်းက ရယ်စရာကောင်းလောက်အောင် လွဲမှားနေ၏။ သူက ချက်ချင်းပင် တည်ငြိမ်သော အိပ်မက်ဆန်ဆန် အမူအရာသို့ ပြန်ပြောင်းလိုက်သည်။ ဇာတ်ကောင်ထဲ လုံးဝ နစ်မြုပ်သွားသည်နှင့် သူက သရုပ်ဆောင် နေလိုက်မိသည်။

[ သင် ရရှိနိုင်သော နည်းစနစ်များနှင့် ကျွမ်းကျင်မှုများ အားလုံးကို သင့်စိတ်ထဲသို့ တိုက်ရိုက် ပေါင်းစပ်ထည့်သွင်းပါမည်။ စိတ်မပူပါနှင့်။ သင့်ဦးနှောက်ကို ဝန်ပိစေမည် မဟုတ်ပါ။ ပေါင်းစပ် လုပ်ငန်းစဉ် ဆက်လက် လုပ်ဆောင်သည်နှင့်အမျှ တဖြည်းဖြည်းနှင့် သင်၏ ကြွက်သားမှတ်ဉာဏ် အစိတ်အပိုင်း ဖြစ်လာပါလိမ့်မည် ]

[ ကျေးဇူးပြုပြီး လေ့ကျင့်ရေးအရုပ်ကို တိုက်ခိုက်ပါ ]

ချန်ဟွိုက်အန်က ခဏ စဉ်းစားပြီး အရုပ်ကို ပေါ့ပေါ့ပါးပါး ခုတ်လိုက်သည်။

အရုပ်က ချက်ချင်း ကျိုးပဲ့သွား၏။

ရိုက်ခတ်မှု တုံ့ပြန်ချက် မရှိပေ။ တို့ဖူးကို လှီးဖြတ်လိုက်သလိုပင်။ လွယ်ကူလွန်းလှသည်။

[ ကျေးဇူးပြု၍ စွမ်းရည် တစ်ခုကို သုံးပါ ]

အရုပ် ပြန်လည် ဖြစ်ပေါ်လာကာ ခဏ စဉ်းစားပြီးနောက် ချန်ဟွိုက်အန်က ကြာစိမ်းဓားသိုင်းကျမ်းမှ ပထမပုံစံဖြစ်သော လှိုင်းစီးခြင်းကို အသက်သွင်းလိုက်သည်။

ရွှမ်း...

စူးရှသော ဓားသံနှင့်အတူ သူ၏ ခန္ဓာကိုယ်က ဓားနှင့်အတူ ရွေ့လျားသွားပြီး နဂါးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်လိုက်၏။

တစ်ခဏအတွင်း တလက်လက် ဓားအလင်း လက်ခနဲ ဖြစ်သွားပြီး အရုပ်က လေးပိုင်း ပြတ်သွားခဲ့သည်။

နောက်တစ်ခဏတွင် သူက မူလနေရာသို့ ပြန်ရောက်နေကာ သူ၏ ရေအရိပ်သည် အရုပ်၏ ယခင် နေရာတွင် ကျန်ရစ်ကာ ထိုးနှက်နေသော အနေအထားဖြင့် ရှိနေသည်။

ထိုအချိန်တွင် လှိုင်းစီးခြင်း၏ ဒုတိယအပိုင်း လင်းလာခဲ့သည်။

[ အရိပ်တိုက်ခိုက်မှု။ သင့်အရိပ်ဆီသို့ ချက်ချင်း တယ်လီပို့လုပ်ပြီး ထပ်မံ တိုက်ခိုက်ပါ ]

“သောက်ရမ်း မိုက်တယ်..” ချန်ဟွိုက်အန်က စာဖတ်များသူ မဟုတ်သော်လည်း အံ့မခန်း အရာတစ်ခုကို မည်သို့ တန်ဖိုးထားရမည်ဖြစ်ကြောင်း သိလေသည်။

ကြာစိမ်းဓားသိုင်းကျမ်းရဲ့ ပထမဆုံးသိုင်းကွက်က ဒီလောက် ရူးလောက်စရာ ကောင်းမယ်လို့ ဘယ်သူ ထင်မိမှာလဲ...

သူက ၎င်းကို ကျွမ်းကျင်အောင် လုပ်ပြီး လီချင်းရန်ကို သင်ပေးရပေမည်။

[ သင်ခန်းစာ ပြီးဆုံးပါပြီ။ ဂိမ်းထဲတွင် ပျော်ရွှင်ပါစေ ]

...

သူ့ပတ်ဝန်းကျင်ရှိ ရပ်တန့်နေသော ကမ္ဘာက ပြန်လည် အသက်ဝင်လာသည်။

ချန်ဟွိုက်အန်၏ အကြည့်က လုချန်ထျန်းနှင့် တာအိုပညာရှင် ချင်းရွှမ်း အပေါ်သို့ စိုက်ကြည့်နေသည်။

သူ၏ မျက်လုံးများထဲမှ တုံ့ဆိုင်းမှု ပျောက်ကွယ်သွားပြီး မယိမ်းမယိုင်သော ယုံကြည်မှုများဖြင့် အစားထိုးလိုက်သည်။

တာအိုပညာရှင် ချင်းရွှမ်း...

ဒီတော့ မင်းက စွက်ဖက်ရတာ ကြိုက်တယ်ပေါ့။

ချန်ဟွိုက်အန် အေးစက်စက်နှင့် ရွဲ့ပြုံး ပြုံးလိုက်သည်။

သူလို ခေါင်းမာသော ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများအတွက် ဖြေရှင်းနည်း တစ်ခုသာ ရှိသည်။

၎င်းမှာ အဆုံးစွန်တိုက်ခိုက်မှုကို သုံးလိုက်ရုံပင်။

သူ၏ စိတ်ထဲတွင် ကြာစိမ်း ဓားသိုင်းကျမ်း၏ ဒသမပုံစံဖြစ်သော ထျန်ရှန်းတောင်ပေါ်မှလထွက်လာခြင်း ပေါ်လာ၏။

ဧကာဒသမ နှင့် ဒွါဒသမပုံစံများက သော့ခတ်ထားနေဆဲ ဖြစ်သည်။ အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်က ၎င်းတို့ကို အသုံးပြုရန် မလုံလောက်ပေ။

မဟုတ်လျှင် သူက နဂါးငွေ့တန်း တစ်ခုလုံးကို တာအိုပညာရှင် ချင်းရွှမ်း၏ မျက်နှာပေါ်သို့ ပစ်ထည့်လိုက်မည် ဖြစ်သည်။

သူ၏ ကြေးခွံနက်ဓားက ဓားအိမ်မှ လက်မဝက်ခန့် လျောထွက်လာပြီး ၎င်း၏ အလင်းရောင်က မှိန်နေသော်လည်း ထက်မြက်နေခဲ့သည်။

ဓားအသိမုန်တိုင်းတစ်ခု လျှံထွက်လာပြီး လေထုကို ကြောက်မက်ဖွယ်အသံဖြင့် ဖြတ်တောက်လိုက်၏။

ဒီတော့ မင်းရဲ့ တပည့်ကို ကာကွယ်ချင်တယ်ပေါ့။ ချင်းရွှမ်း...

ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

ဒါဆိုရင် ဒီဓားကို လက်ခံလိုက်...

ချွမ်း..

မိုးခြိမ်းသံကဲ့သို့ ဓားသံများ ပဲ့တင်ထပ်သွား၏။

ချင်းယွန်ဂိုဏ်း၏ ခန်းမဆောင်ကြီး အထက်တွင်....

လခြမ်းတစ်ခုက မြေပြင်မှ ထွက်ပေါ်လာ၏။

All Chapters