← Chapters

အခန်း (၁၄၃၁-၁၄၃၅)

Vol. 75 Ch. 1431-1435

အခန်း (၁၄၃၁-၁၄၃၅)

Vol. 75 Ch. 1431-1435

Chapter 1431

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် လုယွီအား သစ္စာစောင့်သိကြောင်းကို ပြသသည့်အနေဖြင့် သူ၏စိတ်ဝိညာဥ်အမှတ်အသားကိုပင် ပေးအပ်ထားပြီးလေပြီ။

အကယ်၍ လုယွီသာ သေဆုံးသွားပါက သူလည်း ပျောက်ကွယ်သွားရပေမည်။

လူတစ်စုသည် လုယွီအား ထိခိုက်ဒဏ်ရာရစေရန် ပြုလုပ်လိုသည်နှင့် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် သိုလှောင်အိတ်အတွင်းမှ ထွက်လိုက်ခဲ့ခြင်းပင်။

"ဒီနေရာက ထွက်သွားကြစမ်း...သူ့အနားကို ချဥ်းကပ်ဝံ့တဲ့ဘယ်သူမဆို ငါ သတ်ပစ်မယ်"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ဖုတ်ကောင်ဘုရင်အဆင့်နီးပါးဖြစ်နေပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူအဆင့်ရှိသည်။အကယ်၍ အစစ်အမှန်သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်ကျင့်ကြံသူပင်လျှင် သူ့ရှေ့၌မတ်တတ်ရပ်နေပါက သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

ဖုတ်ကောင်ဘုရင်၏ခန္ဓာကိုယ်သည် ဒြပ်စင်ငါးခုဖြင့် ပိုင်းခြားထားပြီး နှိုင်းယှဥ်ပြစရာမရှိသည်အထိ တောင့်တင်းသန်မာပေ၏။

အကယ်၍ သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုကို ခံယူရလျှင်ပင် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိပေမည်။

"သခင်လေး...ဒီနေရာကနေ မြန်မြန်သွားကြရအောင်"

အနက်ရောင်ဝတ်စုံနှင့်လူများသည် ယင်လော့သခင်လေးကိုကာကွယ်၍ မေ့လျော့ခံကောင်းကင်မြို့တော်၏ နယ်မြေအတွင်းမှ အလျင်စလိုထွက်ပြေးကြတော့သည်။

သူတို့သည် ယင်လော့သခင်လေး၏ နောက်လိုက်ခွေးအဆင့်သာရှိပြီး သူတို့အနက်မှအသန်မာဆုံးလူပင် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံဆင့်သာရှိသည်။

ထိုကျင့်ကြံဆင့်ဖြင့် သူတို့သည် ကျင့်ကြံဆင့်နိမ့်ပါးသူတို့အား အနိုင်ကျင့်ရာတွင် အဆင်ပြေနိုင်သော်လည်း အစစ်အမှန်အစွမ်းထက်ကျင့်ကြံသူနှင့် ရင်ဆိုင်တွေ့ရချိန်တွင်မူ သူတို့တွင် မည်သို့မျှ ခုခံတိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

ယင်လော့သခင်လေးတို့လူစုသည် မီတာထောင်ပေါင်းများစွာ အကွာအဝေးထိ ထွက်ပြေးခဲ့ကြပြီးနောက် ရပ်တန့်လိုက်ကြသည်။

"အဲ့ဒီအဖိုးကြီးကို မြေအောက်လောကရဲ့ စိတ်ဝိညာဥ်သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းထားတာဖြစ်မယ်....သူ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိ အစွမ်းထက်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ပြန်တွေးကြည့်တော့ အဲ့ဒီအဖိုးကြီးက တစ်ချိန်လုံး သူ့ရဲ့နောက်မှာရှိနေတာကိုး"

ယင်လော့သခင်လေး၏မျက်လုံးအတွင်း၌ ဝေခွဲရခက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် ယင်လော့ဂိုဏ်း၏သခင်လေးဖြစ်နေသည့်တိုင် ယင်လော့ဧကရာဇ်၏မရေမတွက်နိုင်သော မွေးစားသားတော်များအနက်မှ တစ်ယောက်သာဖြစ်သည်။

သူသည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူထံ၌ သင်ယူရသော်လည်း သူ၏ဆရာသခင်သည် ကျင့်ကြံရန် အချိန်လိုအပ်သေးသည်။ယင်လော့သခင်လေးဟူသော အဆင့်အတန်းသည် မြင့်မားသည့်တိုင် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူသည် သူ့နောက်သို့ တစ်ချိန်လုံးမလိုက်နိုင်ချေ။

ထို့ကြောင့် ယင်လော့သခင်လေးသည် သူ၏မသိစိတ်မှနေ၍ သူနှင့်လုယွီကြား ကွာဟချက်များကို ခွဲခြမ်းစိတ်ဖြာနေမိသည်။အမှန်အားဖြင့် မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်ကမျှ သူ့အား ဂရုတစိုက်သင်ကြားပေးနေခြင်းမရှိချေ။

"သူ့ရဲ့ပုံစံကို ကြည့်ရရင်...သူ အပြင်းအထန်ဒဏ်ရာရထားတယ်ဆိုတာ သိသာထင်ရှားတယ်...ဒါပေမယ့် မေ့လျော့ခံကောင်းကင်မြို့တော်က ဒီလိုအခြေအနေထိရောက်အောင်တောင်ပျက်စီးသွားပြီ...ဘာလို့ ဆရာသခင်က ဂရုမစိုက်တာလဲ"

ယင်လော့သခင်လေးသည် ရုတ်တရက်အကြံတစ်ခုရသွားပြီး သူက ပြောဆိုလိုက်၏။

"သွားကြမယ်...စိတ်ဝိညာဥ်ခန်းမကို သွားကြစို့"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ပြောဆိုသည်။

"သခင်လေး...တကယ်လို့ ဆရာသခင်ရဲ့အမိန့်မရှိဘူးဆိုရင် ကျွန်တော်တို့က စိတ်ဝိညာဥ်ခန်းမကို ဝင်လို့မရဘူး"

စိတ်ဝိညာဥ်ခန်းမသည် ယင်လော့ဂိုဏ်း၏တားမြစ်နယ်မြေဖြစ်သည်။ထိုခန်းမအတွင်းတွင် စိတ်ဝိညာဥ်များ၏အမှတ်အသားများကို လုံခြုံစိတ်ချရသောနေရာ၌ ယာယီထိန်းသိမ်းထားသည်။

ယင်လော့ဂိုဏ်း၏အသက်ကျောက်ပြားများကိုလည်း ထိုခန်းမ၌ သိမ်းဆည်းထားပေ၏။အကယ်၍ ယင်လော့ဂိုဏ်းသားတစ်ယောက် သေဆုံးသွားပါက ထိုလူ၏အသက်ကျောက်ပြားသည် အလိုအလျောက်ကျိုးပဲ့သွားပေမည်။

ယင်လော့သခင်လေးက အော်ငေါက်လိုက်သည်။

"မင်းတို့က ဘာတွေကြောက်နေကြတာလဲ...တကယ်လို့ ပြဿနာတစ်ခုခုဖြစ်ရင် ငါ တာဝန်ယူမယ်...မြန်မြန်သွားရအောင်"

အနက်ရောင်ဝတ်စုံဝတ်လူများသည် အထွန့်မတက်ဝံ့ကြချေ။သူတို့သည် ယင်လော့သခင်လေးကို စောင့်ကြပ်၍ စိတ်ဝိညာဥ်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည် အလွန်မှောင်မည်းသောနန်းတော်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား တောင်ကုန်းများက ဝိုင်းရံထားသည်။လူစိမ်းများအနေဖြင့် ဤနန်းတော်အား ရှာဖွေတွေ့နိုင်ရန် အလွန်ခက်ခဲပေ၏။

"ထူးဆန်းလိုက်တာ...ဒီနေရာကိုစောင့်ကြပ်တဲ့သူတွေ ဘယ်ရောက်သွားပါလိမ့်"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် တီးတိုးရေရွတ်ရင်းမှ တစ်စုံတစ်ခုကို တက်နင်းမိသဖြင့် ခြေချော်လဲသွားသည်။

သူက မတ်တတ်ပြန်ရပ်ရင်းမှ ဆဲဆိုလိုက်သော်လည်း သူ တက်နင်းမိသောအရာသည် အရိုးစုတစ်ခုဖြစ်နေသည်ကို တွေ့ရှိမိချိန်တွင် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ထိုအရိုးစု၏ခန္ဓာကိုယ်ပေါ်တွင် ယင်လော့ဂိုဏ်း၏သံချပ်ကာအင်္ကျီအား ဝတ်ဆင်ထားဆဲပင်။ဤအရိုးစုများသည် စိတ်ဝိညာဥ်ခန်းမမှ အစောအကြပ်များသာ ဖြစ်ပေမည်။

ယခင်ရက်က နတ်ဘုရားစ၀်ဗိုလ်ချုပ်ရှကွေ့ဆင်းသက်လာချိန်တွင် သူ ထုတ်လွှက်လိုက်သော နတ်ဘုရားအလင်းတန်း​၏ရိုက်ခတ်ခြင်းအား အစောင့်များအားလုံး ခံခဲ့ရပြီး သေဆုံးသွားကြရ၏။

"ကြည့်ရတာတော့ သူတို့အားလုံး တစ်ချိန်တည်း အသတ်ခံလိုက်ရပုံပဲ...သံချပ်ကာတွေမှာတော့ ထိခိုက်ပျက်စီးထားတဲ့ လက္ခဏာမျိုးရှိမနေဘူး...တဖက်လူတွေက အစောင့်တွေအားလုံးကို ချက်ချင်းသတ်ဖို့ စီစဥ်ခဲ့တာများလား"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် သံချပ်ကာဝတ်စုံတစ်စုံကို ထိတွေ့ကြည့်ပြီး တုန်လှုပ်ချောက်ချားစွာ ပြောဆိုသည်။

ဤနေရာ၌ စောင့်ကြပ်နေသော အစောင့်များ၏ကျင့်ကြံဆင့်သည် နိမ့်ပါးခြင်းမရှိချေ။သို့ရာတွင် သူတို့ရှေ့၌ အစောင့်များအားလုံး သေဆုံးနေသောမြင်ကွင်းသည် သူတို့အား အကြီးအကျယ်အံ့အားသင့်တုန်လှုပ်စေ၏။

"သွားကြမယ်...စိတ်ဝိညာဥ်ခန်းမထဲကို ဝင်ကြရအောင်"

ယင်လော့သခင်လေးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

Chapter 1432

စိတ်ဝိညာဥ်ခန်းမ....

ဘန်းခနဲမြည်သံနှင့်အတူ တင်းတင်းကြပ်ကြပ်ပိတ်ထားသောတံခါးကြီးအား ကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရသည်။

ယင်လော့သခင်လေးသည် ခြေလှမ်းကျဲကြီးများဖြင့် ခန်းမအတွင်းသို့ဝင်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လေသည်။ထို့နောက် သူက မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်၏။

"ဘာလို့ အသက်ကျောက်ပြားတွေအများကြီး ကွဲကြေနေတာလဲ"

အသက်ကျောက်ပြားတစ်ခုစီ၏ရှေ့၌ မီးအိမ်တစ်ခုစီရှိသည်။မီးအိမ် တောက်လောင်နေသမျှ ထိုလူအသက်ရှင်နေသည်ဟု ဆိုလိုသည်။အသက်ကျောက်ပြားအားကိုယ်စားပြုသူ သေဆုံးသွားပါက မီးအိမ်သည်လည်း အလိုအလျောက်မီးငြိမ်းသွားပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ယင်လော့ဂိုဏ်းသားများ၏အသက်မီးအိမ် အမြောက်အများ မီးငြိမ်းနေပြီး မှောင်မည်းနေသည့်အခြေအနေ၌ရှိနေသည်။

ယင်လော့သခင်လေးသည် ခြေလှမ်းကျဲကြီးများဖြင့် ခန်းမအတွင်းသို့ဝင်သွားရာ အလယ်ဗဟိုရှိ အသက်ကျောက်ပြားပေါ်သို့ သူ၏မျက်လုံးအကြည့်က အခိုင်အမာကျရောက်သွားသည်။

ထိုအသက်ကျောက်ပြားသည် အနီးပတ်ဝန်းကျင်ရှိအသက်ကျောက်ပြားများနှင့် အလွန်ကွဲပြားခြားနားပေ၏။ထိုအရာပေါ်၌ ပြိုင်ဘက်ကင်းလက်ရာဖြင့် နဂါးတစ်ကောင်၏ပုံသဏ္ဍာန်ကို ရေးထွင်းထားသည်။

ဤသည်က ယင်လော့သားတော်၏အသက်ကျောက်ပြားဖြစ်သည်။

ယင်လော့သားတော်သည် ယင်လော့ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အစွမ်းထက်သောသူဖြစ်သော်လည်း ယခုလက်ရှိအချိန်၌ သူမ၏အသက်ကျောက်ပြားရှေ့ရှိမီးအိမ်သည် မီးငြိမ်းသေနေသည်။

"ဆရာသခင်က သေသွားပြီလား"

ယင်လော့သခင်လေးနောက်သို့ လိုက်ပါသွားသည် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်သည်။

ယင်လော့သားတော်သည် သာမာန်မဟုတ်သော အင်အားရှိသူဖြစ်သည်။သူမ၏လက်တစ်ဖက်တည်းဖြင့် မြောက်များစွာသောကျင့်ကြံသူတွေကို ဖိနှိပ်ထားနိုင်ရာ သူမ သေဆုံးသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

"ဆရာသခင်က ခုဏကတွေ့ခဲ့တဲ့ လူငယ်သတ်တာကို ခံလိုက်ရတာလား...ဒါက မဖြစ်နိုင်ဘူး...သူ့ရဲ့နောက်လိုက်အဖိုးကြီးက သတ်လိုက်တာပဲဖြစ်မယ်"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ညည်းတွားပြောဆိုသည်။

ယင်လော့သခင်လေးသည် မီးငြိမ်းသေနေသော မီးအိမ်ကိုကြည့်၍ သူ၏မျက်လုံးအတွင်း၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။သူက နောက်သို့လှည့်၍ ပြောဆိုလိုက်သည်။

"ဆက်ခံသူသံတမန်လီ...ခင်ဗျားက အရင်ဂိုဏ်းချုပ်ကျန်ခဲ့တဲ့ ပစ္စည်းတွေအားလုံးကို တာဝန်ယူထိန်းသိမ်းလိုက်ပါ"

ဆက်ခံသူသံတမန်လီက အလျှင်အမြန် ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့"

ယင်လော့သခင်လေးက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"ဆရာသခင်ရဲ့တံဆိပ်ပြားကို သွားရှာကြစမ်း...ဂိုဏ်းရဲ့စည်းမျဥ်းတွေအရ ဂိုဏ်းချုပ်မရှိတော့ဘူးဆိုရင် ဂိုဏ်းထဲမှာရှိတဲ့လူအားလုံး ငါ့အမိန့်ကိုနာခံကြရမယ်...ဂိုဏ်းချုပ်နာမည်ကိုသုံးပြီး ခန်းမသခင်တွေအားလုံးကို ဆင့်ခေါ်လိုက်တော့"

ယခုလက်ရှိချိန်၌ ယင်လော့ဂိုဏ်းချုပ် သေဆုံးသွားပြီဖြစ်ရာ ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ယင်လော့ဂိုဏ်းတစ်ဂိုဏ်းလုံးအား ထိန်းချုပ်နိုင်မည့် အခွင့်အာဏာကို အခိုင်အမာရယူထားရပေမည်။

အနက်ရောင်ဝတ်စုံဝတ်လူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် အလျှင်အမြန်ခေါင်းညိမ့်ကာ ပြောဆိုလိုက်ကြ၏။

"ကျွန်တော်တို့က သခင်လေးရဲ့အမိန့်ကို နာခံပါမယ်"

......

မေ့လျော့ခံကောင်းကင်မြို့တော်အတွင်း၌..

ယင်လော့သခင်လေးသည် ဂိုဏ်း၏အခွင့်အာဏာကို ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေချိန်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ နောက်ထပ်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

မူလက သူ့ထံမှ တလိမ့်လိမ့်ထွက်ပေါ်နေသော အရှိန်အဝါများသည် ဤအချိန်အခိုက်အတန့်တွင် ထိန်းချုပ်ဟန့်တားပြီးဖြစ်သွားသည်။

လုယွီ၏ခန္ဓာကိုယ်သည် လေထုအတွင်း၌ အလိုအလျောက် မျောလွင့်နေပေ၏။သူ၏ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ရပ်က စတင်၍ပျံ့နှံ့လာသည်။

"ထူးဆန်းတယ်...ထူးဆန်းလိုက်တာ...သူက ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ်ရဲ့လက်ဝါးရိုက်ချက်တွေကို ခံယူခဲ့ရတယ်...တကယ်လို့ မှော်ရတနာတွေနဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ထားတယ်ဆိုရင်တောင် သူက သေသွားသင့်တယ်"

"ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က အရိုးအရွတ်တွေအားလုံး ကြေမွပျက်စီးသွားတာတောင် ဒီလောက်ထိအားကောင်းတဲ့ အသက်ဓာတ်ကို ထိန်းသိမ်းထားနိုင်တာ အရမ်းထူးဆန်းနေတယ်"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် လုယွီ၏နံဘေး၌မတ်တတ်ရပ်ပြီး ဘယ်ညာလှည့်ပတ်ကြည့်နေသည်။သူသည် ဖုတ်ကောင်တစ်ကောင်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်သည် အလွန်တောင့်တင်းသန်မာပေ၏။

သို့ရာတွင် လုယွီသည် သေမျိုးတစ်ယောက်ဖြစ်သည့်အပြင် အသက်အရွယ်အိုမင်းခြင်းလည်းမရှိသေးချေ။မည်သည်ကြောင့် သူက ဤမျှထိအစွမ်းထက်သောရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသနည်း။ဤခွန်အားမျိုးသည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး စိတ်ကူးပင်ယဥ်မကြည့်ဖူးသောအရာမျိုးဖြစ်သည်။

"ကောင်းပြီလေ...သူ သန်မာလေလေ ငါ့ရဲ့အနာဂတ်အောင်မြင်မှု ပိုပြီးမြင့်မားလေလေဖြစ်မှာပဲ...သူက သူတော်စင်ရဲ့တပည့်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...ငါက သူ့နောက်ကိုလိုက်နေသမျှတော့...ငါလည်း ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်မယ့်အခွင့်အရေးရလာနိုင်တယ်"

ထိုအကြောင်းကိုတွေးမိသည်နှင့် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး၏စိတ်နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ကောင်းကင်ဘုံနယ်မြေသို့တက်လှမ်းပြီး ပို၍အဆင့်မြင့်မားသောကျင့်ကြံနည်းစနစ်များကို လေ့လာလိုက်စားရန်ဖြစ်သည်။

သူသည် ကောင်းကင်ဘုံနယ်မြေသို့တက်လှမ်းနိုင်မည့် မည်သည့်နည်းလမ်းကိုမဆို လက်လွတ်ခံမည်မဟုတ်ချေ။ထို့ပြင် လုယွီသည် အလွန်အစွမ်းထက်ပေရာ သူ၏နောက်လိုက်ဖြစ်ရသည်မှာလည်း အလွန်ကောင်းမွန်သောကိစ္စဖြစ်ပေ၏။

"ဒီနေရာမှာ ကျင့်ကြံတာက အလုပ်ဖြစ်မှာမဟုတ်ဘူး...ငါ မင်းကို တခြားနေရာပို့ပေးမယ်"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် လုယွီအား တခြားနေရာသို့ ရွှေ့ပြောင်းပေးရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

Chapter 1433

နတ်ဘုရားစစ်ဗိုလ်ချုပ်ရှကွေ့၏တိုက်ခိုက်ခြင်းကြောင့် လုယွီ၏အဝတ်အစားများ စုတ်ပြဲသွားခဲ့သည်။သူ၏ကျစ်လစ်တောင့်တင်းသော ကြွက်သားများပေါ်တွင် ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်အက္ခရာများ ရုတ်တရက်ထွက်ပေါ်လာပြီး လုယွီ၏ခန္ဓာကိုယ်ပေါ်၌ တက်တူးများကဲ့သို့ သိပ်သည်းသွားသည်။

"ဒါက ဘာတွေလဲ"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး ထိတ်လန့်တုန်လှုပ်သွားပေ၏။

သို့သော် သူ အသိပြန်မဝင်သေးမီမှာပင် လေထုအတွင်းရှိ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးအား ရွှေရောင်အလင်းတန်းများက လွှမ်းခြုံသွားသည်။

မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်က ရုတ်ချည်းဆိုသလို အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ဖုတ်ကောင်ဘုရင်အဆင့်ဖြစ်သည့်တိုင် ဤကြီးမားသောဖိအားအရှိန်အဝါအောက်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဆုတ်ဖြဲနေသကဲ့သို့ ခံစားနေရသည်။

"မဟုတ်သေးဘူး...ဒီအတိုင်းဆက်သွားရင် ငါ သေသွားလိမ့်မယ်"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် အံ့တင်းတင်းကြိတ်၍ နောက်သို့အဆက်မပြတ်ဆုတ်လိုက်သည်။လုယွီနှင့် မီတာရာပေါင်းများစွာကွာဝေးသောနေရာသို့ ရောက်ရှိမှသာ သူက ရပ်တန့်လိုက်၏။

သူက လုယွီကို ထပ်မံ၍ကြည့်လေသည်။လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်များလွှမ်းခြုံထားပြီး လေထုအတွင်း၌မျောလွင့်နေဆဲဖြစ်သည်ကို သူ မြင်တွေ့မိသည်။

သူ၏မျက်လုံးများ စုံမှိတ်ထားဆဲဖြစ်သော်လည်း သူ၏တဟုန်ထိုးတိုးတက်နေသော အရှိန်အဟုန်ကို သက်ရောက်ပုံမရချေ။အချိန်တခဏကြာပြီးနောက် ပုံရိပ်ယောင်တချို့က လုယွီ၏ခေါင်းထက်၌ ထွက်ပေါ်လာသည်။

ထိုပုံရိပ်ယောင်များကိုကြည့်ရသည်မှာ ရှေးခေတ်မှတစ်စုံတစ်ခုအား မှတ်တမ်းတင်ထားပုံရသည်။ဧရာမမှော်သားရဲကြီးတစ်ကောင်သည် လူသားများ၏ကမ္ဘာလောကအား နင်းချေဖျက်ဆီးနေသည်။ထိုအချိန်တွင် နတ်ဘုရားတစ်ပါးသည် မိုးကောင်းကင်ယံမှဆင်းသက်လာပြီး ထိုမှော်သားရဲကြီးအား နှစ်ခြမ်းခွဲပစ်လိုက်၏။

ထိုနတ်ဘုရား၏နောက်ကျောပေါ်တွင် မရေမတွက်နိုင်သောရှေးဟောင်းစည်းတံဆိပ်အက္ခရာများရှိနေပြီး လုယွီ၏နောက်ကျော၌ ရွှေရောင်တောက်ပနေသော သင်္ကေတများနှင့် တူညီနေပေ၏။

"နေပါဦး...သူက အဆင့်ချိုးဖျက်တော့မှာလား"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးက တုန်လှုပ်ချောက်ချားသွားသည်။

တခြားသူများသည် လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို သိရှိမည်မဟုတ်သော်လည်း နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးကမူ ကောင်းစွာသိရှိထားသည်။အကြောင်းအရင်းမှာ သူသည် လုယွီ၏သစ္စာခံတစ်ယောက်ဖြစ်သဖြင့် လုယွီ၏လက်ရှိအခြေအနေကို အလွန်ရှင်းလင်းစွာသိရှိပေ၏။

သိုင်းသူတော်စင်နယ်ပယ် အလယ်အလတ်အဆင့်...

လုယွီသည် ခြေတစ်လှမ်းရှေ့တိုးနိုင်သည်နှင့် သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး လောကကြီးတခွင်လုံးရှိ အစွမ်းထက်ဆုံးကျင့်ကြံသူများအနက်မှတစ်ယောက် ဖြစ်သွားပေမည်။

ထို့ပြင် လုယွီ၏ခွန်အားကို သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် တိုင်းတာ၍မရချေ။

လုယွီကဲ့သို့ပါရမီရှင်မျိုးသည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ ပြိုက်ဘက်ကင်းဖြစ်သည်ကို နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးက ကောင်းစွာသိရှိထားသည်။ထို့ပြင် သူ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်ပေ၏။

အကယ်၍ သူ အဆင့်ချိုးဖျက်လိုပါက သူလိုအပ်သောအခြေအနေများသည် ကျင့်ကြံဆင့်နယ်ပယ်တူသူများထက် များစွာပို၍ခက်ခဲကြမ်းတမ်းသည်။

"သူ အောင်မြင်ပါစေလို့ ငါ မျှော်လင့်မိတယ်"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးက တီးတိုးရေရွတ်လိုက်သည်။ရုတ်တရက် သူက မျက်မှောင်ကြုတ်ပြီး ငရဲနယ်မြေနှင့်မလှမ်းမကမ်းအကွာအဝေးရှိ ချောက်နက်ကြီးထံသို့ ကြည့်လိုက်၏။မြောက်မြားစွာသော အစွမ်းထက်အရှိန်အဝါများသည် သူတို့ထံသို့ ဦးတည်၍လာနေကြသည်။

"ခုဏက ငါမောင်းလွှက်လိုက်တဲ့လူတွေရဲ့ စစ်ကူတွေများ ဖြစ်နေမလား"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် အဝေးမှတဟုန်ထိုးပြေးလာသောလူစုကို တစ်ချက်ကြည့်လိုက်၏။

ထိုလူများ၏ခန္ဓာကိုယ်များမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ယင်ချီများ ထွက်ပေါ်နေသည်။သူတို့က မတ်တတ်ရပ်နေရုံဖြင့်ပင် လူများအား မူးဝေမှုကို ခံစားရစေပေမည်။

သူတို့အားလုံးသည် ယင်လော့ဂိုဏ်း၏ခန်းမသခင်များ ဖြစ်ပေ၏။

"ထားလိုက်တော့...အဲ့ဒီလူတွေရဲ့ကိစ္စမှာ ငါ ပါဝင်ပတ်သက်စရာ ဘာအကြောင်းမှမရှိဘူး...သူတို့က အေးအေးဆေးဆေးနေပြီး ငါတို့ကို လာမနှောက်ယှက်တာ ပိုကောင်းလိမ့်မယ်"

နက္ခက်တာရာစိတ်ဝိညာဥ်အဖိုးအိုသည် မျက်မှောင်ကြုတ်လိုက်သော်လည်း လှုပ်ရှားခြင်းမပြုချေ။တစ်ဖက်လူအုပ်စုသည် သူတို့အတွက်နှင့် ဤနေရာသို့ ရောက်လာခဲ့ပုံမပေါ်ပေ။

သူ မျှော်လင့်ထားသကဲ့သို့ပင် ထိုလူစုသည် မေ့လျော့ခံကောင်းကင်မြို့တော်၏ အထက်ကောင်းကင်ယံကိုဖြတ်ကျော်ပြီး မြို့နံဘေးရှိတောင်ကုန်းတစ်ခုဆီသို့ ဦးတည်သွားလေသည်။

"သခင်လေး...မေ့လျော့ခံကောင်းကင်မြို့တော်က ပျက်စီးသွားပြီ...ဂိုဏ်းချုပ်က အခုဘယ်ရောက်နေလဲ"

ခန်းမသခင်တစ်ယောက်က ယင်လော့သခင်လေးအား မေးမြန်းသည်။

ဤနေရာသို့ ခန်းမသခင်ငါးယောက် ခြောက်ယောက်ခန့် ရောက်ရှိလာသည်။သူတို့သည် ယင်လော့ဂိုဏ်းအတွင်း၌ အစွမ်းထက်ဆုံးကျင့်ကြံသူများဖြစ်ပြီး အတူတကွစုဝေးရောက်ရှိလာကြခြင်းဖြစ်သည်။

ယင်လော့သခင်လေး၏မျက်နှာပေါ်၌ ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ငါက သတင်းတစ်ချို့ရခဲ့တယ်...မေ့လျော့ခံကောင်းကင်မြို့တော် ဖျက်ဆီးခံလိုက်ရပြီး ဂိုဏ်းလည်း ပျက်စီးသွားခဲ့ရတယ်ဆိုတဲ့ သတင်းပဲ...အခုချိန်မှာ ဂိုဏ်းချုပ်က သေလား ရှင်လားဆိုတာ မသိရသေးဘူး....ဒီတစ်ကြိမ်တော့ ငါတို့ ပြဿနာကြီးတစ်ခုနဲ့ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်"

Chapter 1434

"ဘယ်သူလုပ်တာလဲ...ငါတို့ယင်လော့ဂိုဏ်းကလူတွေကို ဘယ်သူကထိပါးဝံ့တာလဲ...ငါက ဒီနေ့ပဲ မှော်နည်းစနစ်တစ်ခုကို လေ့ကျင့်ပြီးခဲ့တာ...ငါ .အဲ့ဒါကိုစမ်းသပ်ဖို့ အခွင့်အရေးလိုအပ်တယ်"

ပိန်လှီနေသောအဖိုးအိုတစ်ယောက်သည် တောင်ဝှေးတစ်ချောင်းကိုကိုင်ဆောင်ပြီး မတ်တတ်ရပ်နေရာမှ နတ်ဆိုးဆန်သောအပြုံးနှင့်ပြောဆိုသည်။

သူ ရယ်မောလိုက်ချိန်တိုင်း သူ၏မုတ်ဆိတ်မွှေးများက တသိမ့်သိမ့်တုန်နေလေရာ လူအများအား စိတ်မသက်မသာဖြစ်မှုကို ခံစားရစေသည်။

ယင်လော့သခင်လေး၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူက မေ့လျော့ခံကောင်းကင်မြို့တော်၏ အထက်ကောင်းကင်ယံ၌ တောက်ပနေသော ရွှေရောင်အလင်းတန်းကို လက်ညှိုးညွှန်လိုက်၏။

"ရန်သူက အဲ့ဒီနေရာမှာရှိတယ်"

လုယွီ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများသည် တခြားလူများ၏အာရုံစူးစိုက်မှုအား ဆွဲဆောင်နိုင်ရန်လိုအပ်သည်။

ယင်လော့သခင်လေး လက်ညှိုးညွှန်လိုက်သည့် အချိန်တခဏတွင် လူတိုင်း၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားသည်။

"အဲ့ဒီကောင်လေးက အဆင့်ချိုးဖျက်နေတာပဲ...ဘယ်လောက်တောင် အားကောင်းတဲ့ အရှိန်အဝါတွေလဲ"

ခန်းမသခင်တစ်ယောက်က အံ့အားတသင့်ရေရွတ်လိုက်သည်။

သူတို့သည် ယင်လော့ဂိုဏ်း၏ခန်းမသခင်များဖြစ်ပြီး သူတို့အနက်မှအများစုသည် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။သို့သော် ထိုသို့ဆိုလျှင်ပင် လုယွီ၏အဆင့်ချိုးဖျက်နေသောမြင်ကွင်းကိုမြင်ရချိန်တွင် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

ယင်လော့သခင်လေးက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"အဲ့ဒီကောင်က အရင်ကောင်းကင်နန်းတော်ရဲ့အနိုင်ရရှိသူ လင်ရှောင်းဂိုဏ်းရဲ့မဟာအကြီးအကဲ လုယွီပဲ...ငါတို့ယင်လော့ဂိုဏ်းက အနောက်ပိုင်းခြင်္သေ့နယ်မြေကိုထိန်းချုပ်ပြီး အလယ်ပိုင်းကုန်းမြေကိုတိုက်ခိုက်ခဲ့လို့ သူက လက်စားလာပြန်ချေတာလို့ ငါ သံသယဝင်မိတယ်"

"ကံဆိုးချင်တော့...ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေတာလို့ ငါ ကြားထားတယ်...သူ့ရဲ့ကျင့်ကြံမှုအရေးကြီးနေတဲ့အချိန်မှာ အဲ့ဒီခွေးမသားက အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့လို့ ဂိုဏ်းချုပ်သေဆုံးသွားတာပဲဖြစ်မယ်"

ယင်လော့သခင်လေးသည် နာကျည်းမုန်းတီးမှုများပြည့်နှက်နေသော မျက်နှာအမူအယာဖြင့် ယင်လော့ဂိုဏ်းချုပ်၏အသက်ကျောက်ပြားကို ဆွဲထုတ်လိုက်သည်။

ဤအချိန်တွင် ယင်လော့ဂိုဏ်းချုပ်၏အသက်ကျောက်ပြားသည် ကွဲကြေနေပေ၏။လောကကြီးတခွင်လုံးအား လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ယင်လော့ဂိုဏ်းချုပ် သေဆုံးသွားသည်မှာ သိသာထင်ရှားနေလေပြီ။

ခန်းမသခင်များ၏မျက်နှာများပေါ်၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သို့ရာတွင် သူတို့က ကြေကွဲဝမ်းနည်းစွာ ခံစားနေရပုံမပေါ်ချေ။ထိုအစား လူတချို့၏မျက်နှာများပေါ်၌ ပျော်ရွှင်ဝမ်းမြောက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ယင်လော့သားတော်သည် အစွမ်းအလွန်ထက်သဖြင့် သူမသည် ယင်လော့ဂိုဏ်းတစ်ဂိုဏ်းလုံးအား တည်ငြိမ်စွာထိန်းချုပ်ထားနိုင်သည်။

သို့ရာတွင် ယင်လော့ဂိုဏ်းချုပ်သေဆုံးသွားပြီး ယင်လော့သခင်လေးသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းတော့မည်ဖြစ်ရာ သူတို့က ဂိုဏ်းကိုညီတူညီမျှ ခွဲဝေ၍အုပ်ချုပ်နိုင်ပေမည်။

"အဲ့ဒီကောင်လေးရဲ့ပါရမီအရည်အချင်းနဲ့ သူကိုသာဒီချိန်မှာ အမြစ်ပြတ်မသုတ်သင်ဘူးဆိုရင်...နောင်တစ်ချိန်မှာ ဘေးဒုက္ခကြီးဖြစ်လာလိမ့်မယ်"

ခန်းမသခင်များ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

သူတို့သည် လုယွီ၏အမည်နာမအား ကြားဖူးပေ၏။ယခုလက်ရှိချိန်၌ ယင်လော့ဂိုဏ်းသည် လောကကြီးတစ်ခုလုံးအား လွှမ်းမိုးနိုင်ရန် စီစဥ်နေပေရာ လင်ရှောင်းဂိုဏ်း၏မဟာအကြီးအကဲဖြစ်သော လုယွီသည် သူတို့၏ပစ်မှတ်များအတွင်း၌ပါဝင်သည်။

ခန်းမသခင်များသည် လင်ရှောင်းဂိုဏ်းမှနေ၍ နောက်ထပ်လီသောက်ရီတစ်ယောက် ထွက်ပေါ်လာမည်ကို ခွင့်ပြုနိုင်ခြင်းမရှိချေ။

"ပျက်ဆီးစမ်း"

ခန်းမသခင်တစ်ယောက်သည် အေးစက်စက်နှာမှုတ်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ထိုလက်ဝါးရိုက်ချက်သည် ဧရာမမှော်စွမ်းအင်စုပ်ဝဲကြီးအသွင် ဖွဲ့စည်းသွားသည်။ထိုစုပ်ဝဲကြီးသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ရွေ့လျားသွားပြီး လုယွီကျင့်ကြံနေသောရွှေရောင်အလင်းတန်းအား အပြည့်အဝဖုံးအုပ်သွားပေ၏။

"သောက်ချေးပဲ...ဒါက လေလွင့်အင်မော်တယ်တွေဟ"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ကျောက်ရေတွင်းတစ်ခု၌ ပုန်းအောင်းနေပြီး သူက ကူကယ်ရာမဲ့စွာဖြင့် ဆဲဆိုလိုက်သည်။သို့သော် ထိုသို့ဆိုလျှင်ပင် သူကိုယ်သူအားတင်း၍ ပြင်ပသို့ထွက်ကာ လုယွီ၏ရှေ့၌ ကာကွယ်ဟန့်တားလိုက်၏။ဘုန်းခနဲမြည်သံနှင့်အတူ နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရသော်လည်း တိုက်ခိုက်မှုများကို ဆက်လက်၍ တားဆီးကာကွယ်နေဆဲပင်။

"ဒီကောင်လေးမှာ တကယ့်ကိုတာအိုအစောင့်အရှောက်တစ်ယောက် ရှိနေတာပါလား"

ခန်းမသခင်များသည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးကိုကြည့်ပြီး သူတို့၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်သွားသည်။

အစောပိုင်းက စကားပြောလိုက်သော ပိန်လှီလှီအဖိုးအိုသည် အက်ရှရှအသံဖြင့် ဆက်လက်ပြောဆိုသည်။

"လူတိုင်းပဲ ခဏရပ်ကြပါအုံး...ငါက ခုလတ်တလောမှာ နတ်ဆိုးမှော်နည်းစနစ်အသစ်တစ်ခုကို လေ့ကျင့်ထားတယ်...အဲ့ဒါကို အသုံးပြုဖို့ နေရာမရှိသေးဘူး...ဒီလူကိုကြည့်ရတာ မဆိုးဘူး...သူ့ရဲ့အရိုးအရွတ်တွေက တောင့်တင်းသန်မာပုံရတယ်...သူက ငါ့ရဲ့နတ်ဆိုးမှော်နည်းစနစ်ကို တောင့်ခံနိုင်လောက်တယ်"

ထိုစကားနှင့်အတူ ပိန်လှီလှီအဖိုးအိုသည် သူ၏လက်ကိုဆန့်တန်းလိုက်ပြီး သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ မီးခိုးရောင်စန္ဒကူးသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

ထိုသေတ္တာကိုဖွင့်လိုက်သည်နှင့် အနက်ရောင်အရိပ်တစ်ရိပ်က ချက်ချင်းဆိုသလို ပျံဝဲထွက်လာသည်။

"ဒါက ဘာကြီးလဲ"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် မျက်မှောင်ကြုတ်ပြီး ထိုအနက်ရောင်အရိပ်အား သူ၏လက်ဖြင့် ဖမ်းဆုပ်လိုက်၏။သူ၏လက်အား ဖြန့်ကြည့်လိုက်ရာတွင် အနက်ရောင်​မြွေတစ်ကောင်အား တွေ့မြင်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုမြွေနက်သည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး၏လက်ကောက်ဝတ်အား ကိုက်လိုက်သည်။

Chapter 1435

"ဟမ့်...."

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် သူ၏လက်ကိုဝှေ့ယမ်းပြီး သူ့လက်ပေါ်ရှိမြွေနက်ကို အဝေးသို့လွှင့်ပစ်လိုက်သည်။

မြွေနက်သည် အဝေးသို့လွင့်စင်သွားသော်လည်း ထွက်ပြေးသွားခြင်းမရှိချေ။ထိုအစား သူက နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးကို ကျားတစ်ကောင်သည် သားကောင်အားကြည့်သောအကြည့်မျိုးဖြင့် စူးစိုက်ကြည့်နေသည်။

ပိန်လှီလှီအဖိုးအိုက ထိုမြင်ကွင်းကိုမြင်ချိန်တွင် ခနဲ့တဲ့တဲ့ပြောဆိုသည်။

"ဒါက ငါ လေးဆယ့်ကိုးရက်လုံး အချိန်ယူသန့်စင်ထားတဲ့ နတ်ဆိုးမှော်သားရဲပဲ...ဒီမြွေနက်ကို ကူကောင်တွေသန့်စင်တဲ့နည်းစနစ်အတိုင်း သန့်စင်ထားတာ....သူ့ဆီကအဆိပ်ကို ငါတောင်မှပြန်ပြီး ကြောက်ရွံမိတယ်"

သူက ခေါင်းကိုမော့ပြီး သနားသည့်အမူအယာမျိုးဖြင့် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးအားကြည့်ကာ ဆက်လက်ပြောဆိုသည်။

"မင်းရဲ့ကျင့်ကြံဆင့် ဘယ်လောက်မြင့်မားနေပါစေ ဒီမြွေနက်ကိုက်တာခံရတာနဲ့ မင်းသေရမှာ အသေအချာပဲ...အမွှေးတိုင်တစ်တိုင်စာအတွင်းမှာ မင်းရဲ့ခန္ဓာကိုယ်တွင်းက ကလီစာတွေအားလုံး အဆိပ်မိသွားမယ်...ပြီးတော့ မင်းရဲ့စိတ်ဝိညာဥ်တောင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး...အဆိပ်ဒဏ်ကြောင့် စိတ်ဝိညာဥ်လည်း ပြာအဖြစ်လောင်ကျွမ်းသွားလိမ့်မယ်"

"မင်း အခု နေရတာသက်တောင့်သက်သာမရှိသလို ခံစားနေရတယ်မလား....တကယ့်အစစ်အမှန်ပြကွက်ကောင်းက နောက်မှာလာတော့မယ်"

ပိန်လှီလှီအဖိုးအိုကိုကြည့်ရသည်မှာ အဆိပ်အသုံးပြုရာ၌ ကျွမ်းကျင်ပုံရသည်။

တခြားခန်းမသခင်များသည် ဤအချိန်အခိုက်အတန့်၌ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုကြချေ။သူတို့က နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး မည်သို့ဖြစ်ပျက်သွားမည်ကိုသာ စိတ်ဝင်တစားစောင့်ကြည့်နေကြ၏။

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် မျက်မှောင်ကြုတ်ရင်းမှ သူ၏ခန္ဓာကိုယ်ကိုလှုပ်ရှားကာ သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုသည်။

"ဒါပဲလား"

သူ မည်သည့် ထူးခြားမှုကိုမျှ မခံစားရချေ။နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ဖုတ်ကောင်ဘုရင်အဆင့်ခန္ဓာကိုယ်ရှိပြီး စစ်ဗိုလ်ချုပ်တစ်ယောက်၏ကျင့်ကြံနည်းစနစ်ကို လေ့ကျင့်သူဖြစ်သည်။

မြွေနက်၏ကိုက်ခံရခြင်း​ကို မဆိုထားနှင့် ထိုမြွေထံမှအဆိပ်များအားလုံး သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလျှင်ပင် သူ မည်သည့်နာကျင်မှုမျှ ခံစားရမည်မဟုတ်ချေ။

အမွှေးတိုင်တစ်တိုင်စာအချိန် ကုန်ဆုံးသွားလေပြီ။

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသောအမူအယာမျိုး ထင်ဟပ်နေသည်။

"မင်းရဲ့အဆိပ်က အသုံးမဝင်ဘူးလား"

"ဟား ဟား ဟား...တတိယခန်းမသခင်ရဲ့အဆိပ်က ကောင်းကင်ဘုံနယ်မြေရဲ့အောက်မှာ အကျော်ကြားဆုံးပဲဆို...ပြန်တွေးကြည့်ရင် ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်တွေတောင် မင်းရဲ့အဆိပ်အောက်မှာသေဆုံးခဲ့ရတယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား...ဒါပေမယ့် အခုချိန်မှာကျတော့ လူအိုကြီးတစ်ယောက်ကိုတောင် မင်း အဆိပ်မိအောင်မလုပ်နိုင်ပါလား"

ခန်းမသခင်များသည် ပိန်လှီလှီအဖိုးအိုအားကြည့်၍ သရော်တော်တော် ပြောဆိုနေကြသည်။

ပိန်လှီလှီအဖိုးအို၏အထက်တွင် အပြာရောင်သွေးကြောကြီး ထောင်ထလာပြီး သူက ဒေါသတကြီး ပြောဆိုလိုက်၏။

"မဖြစ်နိုင်ဘူး...နောက်ထပ်အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးရင်...သူ သေရမယ်ဆိုတာ သံသယရှိစရာမလိုဘူး"

သို့ရာတွင် သူ၏အသံအဆုံးသတ်သွားချိန်မှာပင် သူရှေ့ရှိ မြွေနက်သည် ပြောင်းလဲစပြုလာသည်။ယခင်က မြွေနက်သည် အသက်ဓာတ်များပြည့်ဖြိုး၍ တက်ကြွနေသော်လည်း ရုတ်တရက် အပြင်းအထန် တွန့်လိမ်စပြုလာသည်။

ခရက်...

မြွေနက်၏ခန္ဓာကိုယ်မှ အက်ကွဲသံများထွက်ပေါ်လာခြင်းနှင့်အတူ ထိုမြွေ၏ခန္ဓာကိုယ်တစ်ခုလုံး ပုံပျက်ပန်းပျက်ဖြစ်လာပေ၏။

ကျယ်လောင်သောဆူညံသံနှင့်အတူ မြွေနက်၏ခန္ဓာကိုယ် ရုတ်တရက်ဖောင်းကားသွားပြီး ပေါက်ကွဲကာ သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။

"မဟုတ်ဘူး"

ပိန်လှီလှီအဖိုးအိုသည် အော်ဟစ်ပြီး မြေနက်ထံသို့ တဟုန်ထိုးပြေးသွားသည်။

သို့ရာတွင် မြွေနက်သည် သွေးစသွေးနများအဖြစ်မြေပြင်ပေါ်၌ ပြန့်ကျဲနေခြင်းသာ ကျန်ရှိတော့သည်။

မြွေနက်၏သွေးသည် အလွန်အမင်းအဆိပ်ပြင်းသည်။ထိုမြွေ၏သွေးစသွေးနများ မြေပြင်နှင့်ထိတွေ့ချိန်တွင် တရှဲရှဲအသံများ ထွက်ပေါ်နေပေ၏။

"မင်းက ငါ့ရဲ့မှော်သားရဲကို သတ်လိုက်တယ်ပေါ့"

ပိန်လှီလှီအဖိုးအို၏မျက်လုံးများ နီမြန်းနေပြီး သူက ဒေါသတကြီး အော်ဟစ်လေသည်။

"မင်းရဲ့သားရဲက ငါ့ကိုကိုက်ပြီး သေသွားတယ်ဆိုတာ မင်းနားလည်ရင် ပိုကောင်းမယ်"

သူသည် ဖုတ်ကောင်ဘုရင်ဖြစ်၍ သူ၏သွေးများအတွင်း၌ အလောင်းကောင်အဆိပ်များရှိနေသည်။မြွေနက်သည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးအားကိုက်လိုက်ချိန်တွင် ထိုမြွေ၏အဆိပ်ကြောင့် သူ မည်သည့်နာကျင်မှုမျှ မခံစားရသော်လည်း သူ့ထံမှ အလောင်းကောင်အဆိပ်၏တန်ပြန်သက်ရောက်မှုကြောင့် မြွေသေဆုံးသွားခဲ့သည်။

"ငါ ဒီလောက်အားနည်းတဲ့မှော်သားရဲမျိုးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပဲ...ငါ့ကိုကိုက်ပြီး အဲ့ဒီမြွေက သေသွားသေးတယ်"

နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးက အထင်အမြင်သေးစွာ ပြောဆိုသည်။

ထိုစကားသည် ပိန်လှီလှီအဖိုးအို၏နားအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူက ခေါင်းကိုမော့လိုက်ရာ သူ၏မျက်လုံးများက နီမြန်းနေသည်။

"ငါ မင်းကို သတ်မယ်"

ပိန်လှီလှီအဖိုးအိုသည် သူ၏တောင်ဝှေးကိုဝှေ့ယမ်းပြီး နက္ခက်တာရာစိတ်ဝိညာဥ်အဖိုးအိုထံသို့ ပြေးဝင်သွားသည်။

ဝှီးခနဲအသံနှင့်အတူ တောင်ဝှေးသည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး၏ရှေ့၌ ချက်ချင်းထွက်ပေါ်လာသည်။

All Chapters