အခန်း (၁၄၃၆-၁၄၄၀)
Vol. 75 Ch. 1436-1440
Chapter 1436
ဘန်း...
နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် သူ၏လက်ကိုဆန့်ထုတ်ပြီး သူ့ထံတိုးဝင်လာသောတောင်ဝှေးကို ရိုက်ထုတ်လိုက်၏။
သို့ရာတွင် တောင်ဝှေးထံမှ တုန်လှုပ်ချောက်ချားဖွယ်တန်ပြန်အားကြောင့် သူ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
"ဟမ်..."
ပိန်လှီလှီအဖိုးအိုက မျက်မှောင်ကြုတ်နေလေသည်။သူသည် လေလွင့်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တစ်ဖက်လူသည် သိုင်းသူတော်စင်နယ်ပယ်သာရှိသည်။ပိန်လှီလှီအဖိုးအိုသည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးအား အပြည့်အဝဖိနှိပ်ထားနိုင်သင့်သည်။
သို့ရာတွင် ယခုထွက်ပေါ်လာသောရလဒ်သည် ဆန့်ကျင်ဘက်ဖြစ်နေပေ၏။နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် တောင်ဝှေးရိုက်ချက်ကို အပြည့်အဝကာကွယ်နိုင်ပြီး သူကိုကြည့်ရသည်မှာ သက်တောင့်သက်သာအနေအထား၌ ရှိနေဆဲပင်။
"ကြည့်ရတာတော့ တတိယခန်းမသခင်က အခက်အခဲနဲ့ ရင်ဆိုင်နေရပုံပဲ...မင်းတို့အားလုံး ဝင်တိုက်ခိုက်ပြီး ဒီကိစ္စကို မြန်မြန်အဆုံးသတ်ကြရအောင်"
ယင်လော့သခင်လေးက အမိန့်ပေးလေသည်။သူသည် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးနှင့် ပက်သတ်၍ စိုးရိမ်ပူပန်ခြင်းမရှိချေ။
ကောင်းကင်နန်းတော်ပြိုင်ပွဲတွင် သူ ရှုံးနိမ့်ခဲ့ရစဥ်မှစ၍ ယင်လော့သခင်လေး၏စိတ်နှလုံးသားအတွင်း၌ လုယွီကို မုန်းတီးစိတ်များ ကြီးစိုးနေသည်။ယခုလက်ရှိအချိန်တွင် ငရဲနယ်မြေအတွင်း၌ သူက လုယွီနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးကို ရရှိခဲ့သည်။အမှန်အားဖြင့် ယင်လော့သခင်လေးသည် ဤအခွင့်အရေးအား လက်လွတ်မခံနိုင်ချေ။
ယင်လော့သခင်လေးသည် လုယွီအားဖမ်းဆီး၍ သူ၏ခန္ဓာကိုယ်မှကံကြမ္မာကောင်းများကိုယူဆောင်ကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကိုဖျက်ဆီးပြီးနောက် သူ့ကို ညှင်းပန်းနှိပ်စက်ရန် ရည်ရွယ်ထားသည်။
ထိုနည်းလမ်းဖြင့်သာ သူ၏စိတ်နှလုံးသားအတွင်းမှ ရှက်ရွံမှုများကို ဖယ်ရှားနိုင်ပေမည်။
"ကြည့်ရတာတော့ တတိယခန်းမသခင်က အချိန်ယူပြီးကျင့်ကြံဖို့ လိုနေပုံပဲ...သူက သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး"
ယင်လော့သခင်လေး၏အမိန့်ကိုရသည်နှင့် တခြားခန်းမသခင်များသည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။
ခန်းမသခင်ခြောက်ယောက်လုံးသည် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး သူတို့အားလုံးသည် အတူပူးပေါင်း၍ နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးအား တိုက်ခိုက်နေကြသည်။
ဘုန်း...ဘုန်း...ဘုန်း...
လေထုအတွင်း၌ ကျယ်လောင်သော ဆူညံသံများထွက်ပေါ်လာသည်။ထိုအသံများသည် ပို၍ကျယ်လောင်လာပြီး တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ဆင်းသက်လာကြ၏။
"မဖြစ်သေးဘူး...ဒီတိုင်းဆက်သွားမယ်ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်"
နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် ယခုလက်ရှိအချိန်၌ အကျဥ်းအကျပ်အတွင်း ကျရောက်နေသည်။
သူ၏ဖုတ်ကောင်ဘုရင်ခန္ဓာကိုယ်ဖြင့် အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်သော်လည်း လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူခြောက်ယောက်သည် သူ၏ကန့်သတ်ချက်ထက် ကျော်လွန်နေပေ၏။
ယခုလက်ရှိအချိန်၌ သူသည် လုယွီအဆင့်ချိုးဖျက်မှု ပြီးဆုံးရန်အား ခါးသည်းစွာနှင့်စောင့်ဆိုင်းနေရုံသာ တက်နိုင်တော့သည်။
"ဘိုးဘေးလေး...မင်း အဆင့်မြန်မြန်ချိုးဖျက်သင့်တယ်...ဒီအတိုင်းဆက်သွားမယ်ဆိုရင် ငါ တကယ်သေသွားလိမ့်မယ်"
နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးက တုန်ရီနေသောအသံဖြင့် ရေရွတ်လေသည်။
သူ၏စကားကို တုံ့ပြန်သည့်အလား လုယွီ၏ခန္ဓာကိူယ်အား လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများ ပို၍တောက်ပလာသည်။
ဤအချိန်တွင် လုယွီသည် အလွန်မြင့်မားသောလေထုအတွင်း၌ရှိနေပြီး သူ့အောက်ရှိငရဲနယ်မြေအတွင်း၌ ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ထွက်ပေါ်နေသည်။
ထိုသဘာဝလွန်ပုံရိပ်များသည် သာမာန်နေ့ရက်များတွင် ထွက်ပေါ်လေ့မရှိသော်လည်း ယနေ့တွင်မူ လုယွီအဆင့်ချိုးဖျက်နေမှုကြောင့် တစ်ခုပြီးတစ်ခုထွက်ပေါ်နေသည်။
ယင်လော့သခင်လေးသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူ၏မျက်စိသူငယ်အိမ်များ ကျုံဝင်သွားပြီး စူးရှကျယ်လောင်စွာအော်ဟစ်လိုက်၏။
"လူသုံးယောက်ခွဲသွားပြီး အဲ့ဒီကောင်ကိုသတ်ကြ...သူ့ကို အဆင့်ချိုးဖျက်ခွင့်မပေးနဲ့"
သူ ပြောစရာမလိုအောင်ပင် ခန်းမသခင်များသည် လုယွီထံသို့ တဟုန်ထိုးပြေးဝင်သွားကြသည်။သူတို့သည် လုယွီထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိပေ၏။
ထိုကဲ့သို့ခံစားချက်မျိုးသည် သူတို့အား အနည်းငယ်တုန်လှုပ်ချောက်ချားသွားစေသည်။ကြည့်ရသည်မှာ လုယွီ အဆင့်ချိုးဖျက်မှု အောင်မြင်သွားသည်နှင့် သူတို့အားလုံး သေဆုံးသွားနိုင်သည်။
"ကျိုးပျက်စမ်း"
ခန်းမသခင်တစ်ယောက်သည် ကြီးမားသောပုဆိန်ကြီးကိုကိုင်ဆွဲကာ လုယွီကိုဦးတည်၍ ခုတ်ပိုင်းလိုက်သည်။
ဘုန်း....
ကောင်းကင်နှင့်မြေပြင်အကြားမှနေ၍ စူးရှတောက်ပသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီထံသို့ ရောက်ရှိသွားသည်။
ဒေါင်...
ထိုအားလှိုင်းသည် လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသော်လည်း သတ္တုနှင့်ကျောက်တုံးဝင်တိုက်မိသောအသံမျိုးသာ ထွက်ပေါ်လာသည်။
လုယွီ၏ခန္ဓာကိုယ်သည် မည်သည့်ထိခိုက်ဒဏ်ရာရရှိမှုမျှမရှိဘဲ အကောင်းပကတိရှိနေဆဲပင်။
"ဒါက ထူးဆန်းလိုက်တာ"
အစောပိုင်းက တိုက်ခိုက်မှုအား ပြုလုပ်လိုက်သော ခန်းမသခင်သည် ထိုဖြစ်ရပ်အားမယုံကြည်နိုင်ဘဲ သူ၏လက်အတွင်းမှပုဆိန်ကြီးဖြင့် ထပ်မံ၍ခုတ်ပိုင်းလိုက်၏။
ပုဆိန်ကြီး၏မျက်နှာပြင်မှနေ၍ စူးရှတောက်ပသော အလင်းတန်းများထွက်ပေါ်နေပြီး သာမာန်ထက်ထူးကဲသော မှော်လက်နက်ဖြစ်ပုံရသည်။
သို့ရာတွင် ထိုပုဆိန် လုယွီအနီးသို့ ရောက်ရှိလုဆဲဆဲအချိန်မှာပင် သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။
Chapter 1437
"ယင်လော့ဂိုဏ်းက လူတွေလား"
လုယွီထံမှ အေးစက်တင်းမာသောအသံ ထွက်ပေါ်လာသည်။သူက လက်ကိုဆန့်ထုတ်ပြီး သူ့ထံတိုးဝင်လာသော ပုဆိန်ကြီးအား လက်ညှိုးညွှန်လိုက်သည်။
ခရက်....
အက်ကွဲသံတစ်သံနှင့်အတူ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်မှော်လက်နက်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။
ဤသည်က လက်ညှိုးတစ်ချောင်း သက်သက်ဖြင့်ပင်။
လူတိုင်း တုန်လှုပ်ချောက်ချားသွားပေ၏။ပုဆိန်ကြီးအား ပစ်လွှက်လိုက်သော ခန်းမသခင်ပင်လျှင် ဤအချိန်အခိုက်အတန့်၌ ကြက်သေသေနေပြီး သူရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။ထိုမှော်လက်နက်၏စွမ်းအားကို သူ့ထက်ပို၍ မည်သူမျှမသိနိုင်ချေ။
အကယ်၍ သာမာန်လေလွင့်အင်မော်တယ်တစ်ယောက်ပင် ဤတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရပါက အစွမ်းကုန်ထုတ်၍ ကာကွယ်ရပေမည်။
ဤကဲ့သို့ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုမျိုးဖြင့် သူက ပုဆိန်ကြီးအား ကွဲအက်စေခဲ့သလော။နတ်ဘုရားများ...ဤသည်က လူသားတစ်ယောက်၏ခွန်အားမျိုးဖြစ်သလော။
လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်နေစဥ်မှာပင် လုယွီက ပုဆိန်ပစ်လွှက်လိုက်သောခန်းမသခင်ထံ လျှောက်လှမ်းလာပြီး သူ၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
"ဝူး......"
ထိုခန်းမသခင်သည် ရုန်းကန်နေပြီး သူ၏လေလွင့်အင်မော်တယ်နယ်ပယ်စွမ်းအားများကို အကုန်အစင်ထုတ်သုံးလေသည်။ထိုစွမ်းအားမျိုးသည် တောင်များကိုရွေ့လျား၍ ပင်လယ်များကိုခမ်းခြောက်နိုင်စေသော်လည်း လုယွီ၏ရှေ့တွင်မူ အလွန်အမင်း အားနည်းနေသည်။
လုယွီ၏လက်ကောက်ဝတ်အနည်းငယ် လှုပ်ရှားလိုက်မှုနှင့်အတူ ခန်းမသခင်၏လည်ပင်းကျိုးပဲ့သွားတော့သည်။
ဘုန်းခနဲအသံနှင့်အတူ ခန်းမသခင်၏အလောင်းသည် မြေပြင်ပေါ်သို့ အမှိုက်တစ်စအလား ပြိုလဲကျသွားပေ၏။
"နောက်ထပ်က...မင်းရဲ့အလှည့်ပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်တင်းမာသောအရိပ်အယောင်များ ထင်ဟပ်နေသည်။ကျီးချန်ယွီသေဆုံးသွားမှုသည် သူ့အားအပြည့်အဝပြောင်းလဲသွားစေ၏။
အကယ်၍ သူ၏အနီးပတ်ဝန်းကျင်ရှိလူများကို သူ ထပ်၍ထိခိုက်နာကျင်မှုမဖြစ်စေလိုပါက သူရှေ့၌မတ်တတ်ရပ်နေသောလူအားလုံးကို သူ သတ်ဖြတ်ရပေမည်။
ဤယင်လော့ဂိုဏ်းအား သူ မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။
တခြားခန်းမသခင်ငါးယောက်သည် မဟာရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့်အလား အတူပူးပေါင်း၍မတ်တတ်ရပ်နေကြ၏။
"ဒီကောင်လေးက တစ်ခုခုတော့မှားယွင်းနေသလိုပဲ"
ခန်းမသခင်တစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။ထိုလူငယ်က လက်တစ်ဖက်ဖြင့်ပင် ခန်းမသခင်တစ်ယောက်၏လည်ပင်းကို လိမ်ချိုးခဲ့သည်ဟု သူတို့ပြောဆိုကြပါက မည်သူကယုံကြည်ကြမည်နည်း။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့အားလုံးသည် လုယွီထံမှတုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါကို ခံစားမိပေ၏။
တတိယခန်းမသခင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"သူက တစ်ယောက်တည်းလေ...ငါတို့က ငါးယောက်တောင်ရှိတာ...ငါတို့က ဘာလို့ကြောက်နေရမှာလဲ"
"လောကကြီးထဲမှာ အစွမ်းထက်ဆုံးကျင့်ကြံသူတောင် လောကီအင်မော်တယ်နယ်ပယ်စွမ်းအားပဲရှိတာ...အဲ့ဒီကောင်လေးရဲ့အသက်နဲ့ လေလွင့်အင်မော်တယ်တောင်မဖြစ်သေးတာ သေချာတယ်...ငါတို့ငါးယောက် အတူစုပေါင်းပြီးတိုက်ခိုက်မယ်ဆိုရင် သူ့ကိုဖိနှိပ်ဖို့လုံလောက်ပြီ"
သူတို့သည် လူအရေအတွက်သာလွန်နေခြင်းကို အခွင့်အရေးယူရပေမည်။ထိုအကြောင်းကို တွေးတောမိသည်နှင့် ခန်းမသခင်များ စိတ်သက်သာရာရသွားသည်။
"မင်းတို့အားလုံးပဲ...အဲ့ဒီကောင်စုတ်လေးကိုသတ်ဖြတ်ဖို့ မင်းတို့ရဲ့အစွမ်းထက်ဆုံး မှော်နည်းစနစ်တွေကို အသုံးပြုကြတော့"
တတိယခန်းမသခင်သည် အော်ဟစ်ကြုံးဝါးပြီးသည်နှင့် သူ၏တောင်ဝှေးမှနေ၍ မှော်စွမ်းအားများ ထွက်ပေါ်လာကာ ရှည်လျားသောအစိမ်းရင့်ရောင်မြွေတစ်ကောင်အဖြစ် သိပ်သည်းသွားပေ၏။ထိုမြွေသည် လုယွီကိုကိုက်ခဲရန်အတွက် တဟုန်ထိုးပြေးထွက်သွားသည်။
တခြားခန်းမသခင်များသည်လည်း သူတို့၏အစွမ်းထက်ဆုံးမှော်နည်းစနစ်များကို အသုံးပြုလိုက်ကြ၏။ဤအချိန်တွင် မိုးကောင်းကင်ယံတခွင်လုံး၌ အရောင်အသွေးစုံလင်သော မှော်မန္တန်များနှင့် ပြည့်နှက်နေသည်။
သူ့ရှေ့ရှိမှော်နည်းစနစ်များကိုကြည့်ပြီး လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်...
ခန်းမသခင်များ၏မည်သည့်မှော်နည်းစနစ်ထက်မဆို ပို၍ကြီးမားသော လက်စည်းသင်္ကေတတစ်ခုက လုယွီ၏လက်ဖဝါးအတွင်း၌ သိပ်သည်းလာသည်။ထို့နောက် လုယွီသည် သူ့ရှေ့ရှိခန်းမသခင်ငါးယောက်ထံသို့ လက်စည်းသင်္ကေတအား တွန်းပို့လိုက်၏။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဧရာမလက်စည်းတံဆိပ်ကြီး ကျဆင်းလာသည်နှင့် ချက်ချင်းဆိုသလိုပင် ခန်းမသခင်ငါးယောက်သည် မြေပြင်ပေါ်သို့ ဖိနှိပ်ခံလိုက်ရသည်။
ထိုလက်စည်းတံဆိပ်သည် သူတို့အား တောင်ကြီးတစ်လုံးကဲ့သို့ဖိနှိပ်နေလေရာ ခန်းမသခင်ငါးယောက်လုံး တောင့်မခံနိုင်တော့ဘဲ လဲကျသွားတော့သည်။
ဘုန်း....ဘုန်း...ဘုန်း..
ထိုလက်ဝါးရိုက်ချက်၏စွမ်းအားအရှိန်ကြောင့် အနီးပတ်ဝန်းကျင်ရှိ တောင်တန်းများအားလုံးပင် ပြိုလဲကျသွားသည်။
ခရက်...ခရက်...ခရက်....
တစ်ချိန်တည်းမှာပင် ခန်းမသခင်ငါးယောက်အား ကိုယ်စားပြုသော အသက်ကျောက်ပြားများ ကျိုးပဲ့သွားပေ၏။
လက်ဝါးတစ်ချက်တည်းဖြင့် ခန်းမသခင်ငါးယောက်လုံး သေဆုံးသွားရလေပြီ။
ဤအချိန်တွင် ယင်လော့သခင်လေးသည် တုန်လှုပ်ချောက်ချားနေသည်။သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်၍ သူက ထိတ်လန့်တကြားအော်ဟစ်ပြီး နောက်ပြန်လှည့်ကာ ထွက်ပြေးသွားတော့သည်။
မည်သည့်နည်းဖြင့် သူ လုယွီအား ရင်ဆိုင်တိုက်ခိုက်နိုင်မည်နည်း။ခန်းမသခင်ငါးယောက်ပင်လျှင် လုယွီ၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။သူသည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူသာဖြစ်ရာ လုယွီနှင့်တိုက်ခိုက်ရန် သူ့အတွက် မည်သို့မျှမဖြစ်နိုင်ချေ။
Chapter 1438
"တကယ်လို့ ငါသာကြိုသိခဲ့ရင်...ဒီလိုနတ်ဆိုးမျိုးကို ရန်မစခဲ့ပါဘူး"
ဤအချိန်တွင် ယင်လော့သခင်လေး၏စိတ်နှလုံးသားတစ်ခုလုံး နောင်တတရားများဖြင့် ပြည့်နှက်နေသည်။
အချိန်တစ်ခုသို့ရောက်လျှင် သူသည် ကောင်းကင်ဘုံနယ်မြေသို့တက်လှမ်းပြီး ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်၏ အစေခံတပည့်တစ်ယောက် ဖြစ်လာပေမည်။
ကောင်းကင်ဘုံလမ်းကြောင်း ပွင့်ခါနီးအချိန်တွင်မှ သူက ဤနေရာသို့လာရောက်ပြီး လုယွီကို ရန်စခဲ့မိသည်။
ယင်လော့ဂိုဏ်း ရှင်သန်နေသည်ဖြစ်စေ ပျက်စီးပြိုလဲသွားသည်ဖြစ်စေ သူ့အတွက် အရေးမပါချေ။သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားသည်နှင့် ကမ္ဘာလောကခြင်း အပြည့်အဝခြားနားသွားပြီဖြစ်ရာ သူနှင့်ယင်လော့ဂိုဏ်း မည်သို့မျှပတ်သက်မှုရှိမည် မဟုတ်တော့ပေ။
ထိုအချိန်မှာပင် သူက လုယွီ၏အေးစက်စက်အသံအား ရုတ်တရက်ကြားလိုက်ရသည်။
"ပျက်စီးစမ်း"
အော်ငေါက်သံတစ်သံ သက်သက်မျှပင်။ယင်လော့သခင်လေးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှခွန်အားများ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏စိတ်ဝိညာဥ်သည် ချက်ချင်းပင် ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားသည်။သူက နောက်ပြန်လှည့်ကြည့်လိုက်စဥ်တွင် သူ၏ခန္ဓာကိုယ်ကြီးပေါက်ကွဲပြီး သွေးမြူများအဖြစ်ပြောင်းလဲသွားသည်ကို တွေ့မြင်မိ၏။
"ဘယ်လိုလုပ်ပြီး...."
ယင်လော့သခင်လေး၏မှတ်ဥာဏ်များ ဝေဝါးသွားပြီး သူ၏စိတ်ဝိညာဥ်သည် တစတစလေထုအတွင်း၌ လွင့်ပြယ်သွားတော့သည်။လုယွီ ဤမျှထိအစွမ်းထက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ကောင်းကင်နန်းတော်ပြိုင်ပွဲပြီးနောက် အချိန်တိုအတွင်းမှာပင် မည်သည်ကြောင့် လုယွီသည် လေလွင့်အင်မော်တယ်တစ်ယောက်အား သတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်သွားသနည်း။
သို့ရာတွင် ယင်လော့သခင်လေး၏သံသယများသည် ကြာရှည်ခံခြင်းမရှိချေ။မကြာမီမှာပင် သူ၏အသိစိတ်သည် သူ၏အသက်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ယင်လော့သခင်လေးအား သတ်ဖြတ်ပြီးနောက် လုယွီက စိတ်ဝိညာဥ်ခန်းမအတွင်းသို့ ခြေချလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီရောက်ရှိလာမှုကြောင့် ခန်းမအတွင်းရှိ အသက်ကျောက်ပြားများရှေ့မှ အသက်မီးအိမ်များအားလုံး တောက်ပနေရာမှ မှိန်ဖျော့သွားသည်။
လုယွီက ခက်ထန်တင်းမာသောအကြည့်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ခန်းမ၏အလယ်ဗဟိုရှိ ရုပ်ထုတစ်ခုကို သတိပြုမိသည်။
သူက အေးစက်စက်နှာမှုတ်ပြီး သူ့ရှေ့ရှိရုပ်ထုကို သူ၏လက်ဝါးဖြင့်ရိုက်ကာ အော်ဟစ်လိုက်သည်။
"ကျိုးပျက်စမ်း"
ဘုန်း...
ကျယ်လောင်သောဆူညံသံနှင့်အတူ ရုပ်ထုကြီးပြိုလဲသွားပြီး အမှုန်အမွှားများအဖြစ်လွင့်စင်သွားတော့သည်။
ထို့နောက် အားလှိုင်းတစ်ရပ်က အဘက်ဘက်သို့ စတင်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ယင်လော့ဂိုဏ်းမှကျင့်ကြံသူများအားလုံးသည် သူတို့၏ခန္ဓာကိုယ်မှ တစ်စုံတစ်ခုပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဘာဖြစ်သွားတာလဲ"
ယင်လော့ဂိုဏ်းမှကျင့်ကြံသူတစ်ယောက်သည် သူ၏တံဆိပ်ပြားကို တုန်ရီနေသောလက်ဖြင့်ထုတ်ယူလိုက်ရာ ထိုအရာသည် အက်ကွဲနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
ယင်လော့ဂိုဏ်းမှကျင့်ကြံသူများသည် မည်သည့်နေရာတွင်ရှိနေပါစေ သူတို့အားလုံး၏တံဆိပ်ပြားများ အက်ကွဲပြီးပျက်စီးသွားသည်။
ထို့ပြင် ယင်လော့ဂိုဏ်းမှ အကျဥ်းချခြင်းခံထားရသော သရဲတစ္ဆေများအားလုံးသည် သူတို့ရှေ့မှအရာရာတိုင်း ပုံမှန်ပြန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"အဝါရောင်စမ်းချောင်းမြစ်ရဲ့ဦးတည်ရာ ပြောင်းလဲသွားပြီ"
သရဲတစ္ဆေများသည် အံ့အားသင့်နေကြပြီး သူတို့ရှေ့ရှိ ပြောင်းလဲသွားသောအရာများကို စူးစိုက်ကြည့်နေကြ၏။
အဝါရောင်စမ်းချောင်းမြစ်၏အဆုံး၌ တောက်ပသောတံခါးတစ်ချပ် ပွင့်လာသည်။ဤသည်က ပြန်လည်ဝင်စားခြင်းတံခါးဝပင်။
ပြန်လည်ဝင်စားခြင်းတံခါးအား မူလက ယင်လော့ဂိုဏ်းမှ ချိပ်ပိတ်ထားပြီး ယခုပြန်ဖွင့်လိုက်လေပြီ။ယခင်က ဤနေရာသို့ရောက်ရှိလာသော သရဲတစ္ဆေများအားလုံးသည် အဝါရောင်စမ်းချောင်းမြစ်အတွင်း ပိတ်မိနေပြီး ပြန်လည်ဝင်စားခြင်း မပြုနိုင်ကြချေ။
သို့ရာတွင် ယခုအချိန်၌ ပြန်လည်ဝင်စားခြင်းတံခါး ပြန်ပွင့်လာပြီဖြစ်ရာ သူတို့အားလုံး ပြန်လည်မွေးဖွားနိုင်လေပြီ။
"ဒါက ပြောင်းလဲသွားခဲ့ပြီ...."
နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေး၏စိတ်နှလုံးသား အဆက်မပြတ်တုန်ရီနေသည်။အစောပိုင်းက လုယွီ၏မိုးကြိုးပစ်ချသကဲ့သို့ တိုက်ခိုက်မှုများကလည်း သူ့အား တုန်လှုပ်ချောက်ချားစေပေ၏။
ဤသည်က လေလွင့်အင်မော်တယ်ငါးယောက် ဖြစ်သည်။ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်အား ပိုင်ဆိုင်ထားသူမျိုးသည် ငါးယောက်မဆိုထားနှင့် တစ်ယောက်တည်းဖြင့်ပင် ခြေတစ်ဖက်ဆောင့်နင်းရုံပင် လောကကြီးတစ်ခုလုံးအား ကျွမ်းထိုးမှောက်ခုံဖြစ်စေသူများဖြစ်ပေ၏။
သို့သော် လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် လေလွင့်အင်မော်တယ်ငါးယောက်လုံး သေဆုံးသွားခဲ့သည်။
လုယွီက ငရဲနယ်မြေကိုတစ်ချက်ကြည့်ပြီးနောက် ဤနေရာ၌ဆက်၍နေနေရန် အကြောင်းမရှိတော့သဖြင့် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးအား ခေါ်၍ထွက်ခွာခဲ့တော့သည်။
ဝှစ်...ဝှစ်...
သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ တပြိုင်နက်တည်းဆင်းသက်လိုက်ကြ၏။သူတို့သည် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ယဇ်ပလ္လင်ရှေ့၌ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဤအချိန်တွင် ယဇ်ပလ္လင်နေရာအား အပြည့်အဝချိပ်ပိတ်ထားပြီး မည်သူကိုမျှ ဖြတ်သန်းသွားလာခွင့်မပြုချေ။
လူနှစ်ယောက် ရုတ်တရက်ထွက်ပေါ်လာခြင်းသည် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ အစောင့်အကြပ်များအား သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပေ၏။
Chapter 1439
"အတင့်ရဲလိုက်တာ...မင်းတို့က ဘယ်သူတွေလဲ"
အစောင့်များသည် လုယွီတို့နှစ်ယောက်အားမြင်သည်နှင့် အလျင်အမြန်မေးမြန်းလိုက်၏။
လုယွီ၏အမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်သောအသံဖြင့်ပြောဆိုသည်။
"မင်းတို့ရဲ့နန်းတော်က တာဝန်ရှိသူကို သွားခေါ်ခဲ့စမ်း"
အစောင့်တစ်ယောက်က လေသံမာမာဖြင့် တုံ့ပြန်ပြောဆိုသည်။
"မင်းကိုယ်မင်း ဘာထင်နေတာလဲ..ငါက ဘာလို့ ခေါ်ပေး....."
သူ၏စကားမဆုံးမီမှာပင် တခြားအစောင့်တစ်ယောက်က သူ့အားအဝေးသို့ တွန်းဖယ်လိုက်၏။
"တောင်းပန်ပါတယ် စီနီယာ...မြင့်မြတ်တဲ့နတ်ဆရာကြီးတွေက ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားပါတယ်...သူတို့က ကျွန်တော်တို့ကို စီနီယာရောက်လာရင် လေးလေးစားစားစားဆက်ဆံရမယ်လို့ အထူးမှာကြားခဲ့ပါတယ်...ကျေးဇူးပြုပြီး စီနီယာက နန်းတော်မှာခဏလောက်စောင့်ဆိုင်းပေးပါအုံး"
အစောင့်ခေါင်းဆောင်က ရိုသေလေးစားသောအမူအယာဖြင့် ပြောဆိုသည်။
သူသည် ယခုရောက်ရှိလာသောအဖိုးအိုနှင့်လူငယ်၏ သရုပ်မှန်ကို မသိရှိသော်လည်း နတ်ဆရာကြီး၏ညွှန်ကြားချက်အား သူ လက်ခံရစဥ်မှစ၍ ထိုလူငယ်အား အလွန်အမင်းလေးစားနေမိသည်။
လုယွီသည် အစောင့်ခေါင်းဆောင်ကို စောင်းငဲ့ကြည့်ခြင်းပင်မပြုဘဲ သူက ပြောဆိုလိုက်သည်။
"သူတို့နှစ်ယောက်ကိုပြောလိုက်...ငါ သူတို့ကို အချိန်တစ်နာရီပေးမယ်...သူတို့နှစ်ယောက် ဒီနေရာကိုရောက်လာတာ ငါ မြင်ချင်တယ်"
စကားဆုံးသည်နှင့်လုယွီက သူ၏မျက်လုံးကိုစုံမှိတ်၍ ပလ္လင်ခွေထိုင်ကာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေတော့သည်။
အစောင့်ခေါင်းဆောင်သည် တုန်လှုပ်ချောက်ချားသွားပြီး နတ်ဆရာကြီးများထံသို့ အလျင်စလိုသတင်းပို့လိုက်သည်။
အစောင့်များသည် လုယွီ၏သရုပ်မှန်ကို တိတ်တဆိတ် တိုင်ပင်ဆွေးနွေးနေကြ၏။ယခင် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်ပင်လျှင် နတ်ဆရာကြီးများအား ဤလေသံဖြင့် စကားမပြောဝံ့ချေ။
သူတို့ တိုင်ပင်ဆွေးနွေးနေမှာပင် နတ်ဆရာကြီးနှစ်ယောက်သည် လေထုအတွင်းမှဆင်းသက်လာပြီး လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
"စီနီယာ....ပြန်လာပြီလား"
နတ်ဆရာကြီးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။သူတို့သည် တစ်ယောက်မျက်လုံးအတွင်းမှ တုန်လှုပ်ချောက်ချားမှုများကို ကျန်တစ်ယောက်က တွေ့မြင်နေရသည်။
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် ယင်လော့ဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်ရန် ကြိုးစားခဲ့၏။ထို့ကြောင့် အကျိုးဆက်အနေဖြင့် အနောက်ပိုင်းခြင်္သေ့နယ်မြေအတွင်းတွင် ယင်လော့ဂိုဏ်းသားများ အမြောက်အများရှိနေသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ယင်လော့ဂိုဏ်းမှကျင့်ကြံသူအားလုံးသည် ဂိုဏ်းထံမှထောက်ပံမှု ဆုံးရှုံးသွားခဲ့သည်။သူတို့အားလုံးထံမှ တစ်စုံတစ်ခုအား လုယက်ခြင်းခံလိုက်ရသည်။သူတို့၏အဆင့်အတန်းသည် ယင်လော့ဂိုဏ်းအတွင်း၌ မည်မျှမြင့်မားနေသည်ဖြစ်စေ ယခုလက်ရှိအချိန်၌ သူတို့အားလုံး လေလွင့်ကျင့်ကြံသူများ ဖြစ်သွားလေပြီ။
နတ်ဆရာကြီးများက ဤကိစ္စသည် လုယွီနှင့်သက်ဆိုင်နေကြောင်း သူတို့၏မသိစိတ်မှနေ၍ ခန့်မှန်းမိသည်။
လုယွီက တဲ့တိုးပင်ပြောဆိုသည်။
"ယင်လော့ဂိုဏ်းကို ငါ ဖျက်ဆီးပြီးသွားပြီ"
ဘာ....
ထိုစကားကိုကြားချိန်တွင် နတ်ဆရာကြီးနှစ်ယောက်၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန်တုန်ရီသွားပေ၏။သူတို့သည် ဤကိစ္စအား လက်ခံရန်တွန့်ဆုတ်နေသော်လည်း လုယွီ၏အမူအယာကိုကြည့်ခြင်းအားဖြင့် အမှန်ဖြစ်သည်မှာ သိသာထင်ရှားနေသည်။
နယ်မြေတစ်ခုအား နှစ်ပေါင်းအတော်ကြာအုပ်ချုပ်ပြီး အစွမ်းထက်ကျင့်ကြံသူများ တိမ်လိုလေလိုပေါများကာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်းသည် ပြိုလဲပျက်စီးသွားခဲ့ရာ လူအများ ပင့်သက်ရှိုက်စရာကိစ္စဖြစ်ပေ၏။
လုယွီသည် နတ်ဆရာကြီးနှစ်ယောက်အားကြည့်ပြီး ပြောဆိုသည်။
"မင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်...ငါ့ကိုသစ္စာခံ မဟုတ်ရင် သေရမယ်"
ဤသည်က ရွေးချယ်မှုဟုခေါ်သလော။
နတ်ဆရာကြီးနှစ်ယောက်သည် သူတို့၏စိတ်နှလုံးသားအတွင်းမှ ညည်းညူနေပြီး သေဆုံးသွားသော အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်အား အမျှော်အမြင်မရှိသည့်အတွက် ကျိန်ဆဲနေကြသည်။
ထိုကိစ္စများမတိုင်မီက အနောက်ပိုင်းခြင်္သေ့နယ်မြေသည် ငြိမ်းချမ်းသာယာသောနေရာတစ်နေရာ ဖြစ်ခဲ့သည်။တချို့အခက်အခဲများနှင့် ရင်ဆိုင်ရသော်လည်း ပြဿနာကြီးကြီးမားမား ဖြစ်ပွါးခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ အလယ်ပိုင်းကုန်းမြေရှိ ထိပ်သီးအင်အားစုများကို ရန်စထားမိလေရာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တော့မည်မဟုတ်ပေ။
"ကျွန်တော်တို့က စီနီယာဆီမှာသစ္စာခံဖို့ ဆန္ဒရှိပါတယ်"
နတ်ဆရာကြီးနှစ်ယောက်က ရိုသေလေးစားသောအသံဖြင့် ပြောဆိုသည်။
လုယွီက ပြောဆိုလေ၏။
"ငါ့နာမည်က လုယွီ...ငါက လင်ရှောင်းဂိုဏ်းရဲ့မဟာအကြီးအကဲတစ်ယောက်ပဲ...ရက်နည်းနည်းလောက်ကြာရင် ငါက အနောက်ပိုင်းခြင်္သေ့နယ်မြေကိုအုပ်ချုပ်ဖို့ လူတစ်ယောက်စေလွှက်လိုက်မယ်...မင်းတို့ကတော့ ဒီနေရာမှာပဲ ဆက်ပြီးစောင့်ကြပ်ရမယ်"
"ဟုတ်ကဲ့ပါ"
နတ်ဆရာကြီးနှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်နေကြသည်။သို့ရာတွင် သူတို့၏စိတ်နှလုံးသားအတွင်းတွင်မူ လုယွီနှင့်ပတ်သက်၍ အလွန်အမင်းသိချင်စိတ်ပြင်းပြနေသည်။
ဤလူငယ်လေး၏နောက်ခံသည် မည်သည့်အင်အားစုဖြစ်သနည်း။
သုံးရက်ကြာပြီးနောက် အနောက်ပိုင်းခြင်္သေ့နယ်မြေသည် တော်ဝင်မိသားစုအား ဖျက်သိမ်းကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်၏။
မူလတော်ဝင်မိသားစုဝင်များသည် သူတို့၏အနာဂတ်အတွက် ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်နိုင်သည်။အနောက်ပိုင်းခြင်္သေ့နယ်မြေသည် ယခုလက်ရှိချိန်၌ နတ်ဆရာကြီးနှစ်ယောက်၏အုပ်ချုပ်မှုအောက်သို့ ကျရောက်သွားသည်။
ထိုသတင်းထွက်ပေါ်လာချိန်တွင် အံ့အားတသင့်ပြောဆိုသံများ နေရာအနှံ့အပြား၌ ကြားနေရ၏။
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အလယ်ပိုင်းကုန်းမြေအား တိုက်ခိုက်ရန် စစ်တပ်များစေလွှက်ပြီး မကြာမီမှာပင် သေဆုံးသွားခဲ့ကြောင်း လူတိုင်းသိရှိပြီးဖြစ်သည်။
ယခုလက်ရှိချိန်၌ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင် သေဆုံးသွားပြီးနောက် အလယ်ပိုင်းကုန်းမြေအတွင်းသို့ရောက်ရှိနေသော စစ်တပ်တစ်ခုလုံးသည် နောက်ပြန်ဆုတ်ရန်အမိန့်ရရှိသဖြင့် သူတို့အားလုံး ဆုတ်ခွာခဲ့ကြသည်။
နယ်မြေနှစ်ခုကြားရှိစစ်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။
Chapter 1440
ကလောင်....
လုယွီသည် ကျီးချန်ယွီ၏ရုပ်အလောင်းအားတစ်ချက်ကြည့်ပြီး ခေါင်းတလားအဖုံးကို ညင်သာစွာပိတ်လိုက်သည်။
ကျီးချန်ယွီ၏နံဘေးပတ်လည်၌ မြောက်မြားစွာသောအဖြူရောင်ပန်းပွင့်များ ရှိနေသည်။ထိုပန်းပွင့်ကို 'စိတ်ဝိညာဥ်ကာကွယ်ခြင်းပန်း'ဟုခေါ်ပြီး ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို နဂိုအတိုင်းမပုတ်မသိုးအောင် ထိန်းသိမ်းပေးနိုင်ပေ၏။
လုယွီသည် ခေါင်းတလားကိုမယူပြီး အလယ်ပိုင်းကုန်းမြေထံသို့ ဦးတည်လိုက်သည်။
လင်ရှောင်းမြို့၌....
ဤအချိန်တွင် မြို့၏တစ်ဝက်နီးပါးကို ပြန်လည်ပြုပြင်ပြီးလေပြီ။အနောက်ပိုင်းခြင်္သေ့နယ်မြေမှစစ်တပ်များ ဆုတ်ခွာသွားကြောင်း သတင်းထွက်ပေါ်လာသည်နှင့် လင်ရှောင်းမြို့သည် တဖန်ပြန်၍စည်ကားသိုက်မြိုက်လာသည်။
သို့ရာတွင် လင်ရှောင်းမြို့၏အနီးတစ်ဝိုက်၌ မြောက်များစွာသော စိတ်ဝိညာဥ်အမြှောက်များအား နေရာချထားသည်။ဝင်္ကပါပညာရှင်တချို့သည် မြို့ရိုးများပေါ်၌ ရှေ့နောက်ဥဒဟိုသွားလာနေပြီး အားကောင်းသောဝင်္ကပါများကို ခင်းကျင်းနေကြ၏။
လင်ရှောင်းမြို့၏အကာအကွယ်များအား အပြည့်အဝပြုပြင်နိုင်ရန် အချိန်အတော်ကြာယူရပေမည်။
လုယွီထံ၌ လင်ရှောင်းဂိုဏ်း၏မဟာအကြီးအကဲတံဆိပ်ပြား ရှိနေသဖြင့် လမ်းတလျှောက်လုံး၌ မည်သည့်အတားအဆီးနှင့်မျှ မကြုံတွေ့ရချေ။
သူနှင့်နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် မကြာမီမှာပင် လင်ရှောင်းဂိုဏ်း၏ပင်မခန်းမအတွင်းသို့ ရောက်ရှိလာသည်။
ဤအချိန်တွင် လင်ရှောင်းဂိုဏ်း၏ပင်မခန်းမတွင် အလင်းရောင်များတောက်ပနေပြီး တစ်စုံတစ်ယောက်အား စောင့်ကြိုနေပုံရသည်။
"လုယွီ...မင်း အဆင်ပြေရဲ့လား"
အကြီးအကဲရှင်းနှင့်တခြားလူများသည် လုယွီအား ကြိုဆိုရန်ထွက်လာကြသော်လည်း သူ၏လက်အတွင်းရှိခေါင်းတလားကိုမြင်ချိန်တွင် သူတို့အားလုံး ကြက်သေသေသွားကြ၏။
အကြီးအကဲရှင်းက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဒါက ချန်ယွီလား"
သူက ခေါင်းတလားကို လုယွီထံမှမယူပြီး ခေါင်းတလားအဖုံးကို ညင်သာစွာဖွင့်လိုက်၏။
ခေါင်းတလားအတွင်းရှိ ကျီးချန်ယွီ၏မျက်နှာလေး ထွက်ပေါ်လာပေ၏။သူမကိုကြည့်ရသည်မှာ နှစ်ခြိုက်စွာအိပ်မောကျနေပုံရသည်။အကြီးအကဲရှင်းသည် သူ့မျက်လုံးရှေ့၌ ကျီးချန်ယွီရှိနေသော်လည်း သူ သူမအား နိုးထလာအောင်မလုပ်နိုင်ချေ။
ကျီးချန်ယွီသည် အကြီးအကဲရှင်း၏တပည့်တစ်ယောက်ဖြစ်သည့်အပြင် သူ့မိတ်ဆွေဟောင်း၏တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် မျိုးဆက်လည်းဖြစ်ပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကျီးချန်ယွီသည် သူ့မျက်စိရှေ့၌ သေဆုံးနေလေပြီ။အကြီးအကဲရှင်း၏ဆံပင်ဖြူများပင် ပြန်လည်နက်မှောင်သွားသည်။
"သူ့ကို ဘယ်သူသတ်တာလဲ"
အကြီးအကဲရှင်းသည် ခေါင်းမော့ပြီးမေးမြန်းလိုက်ရာ သူ၏မျက်လုံးများက နီမြန်းနေပေ၏။အမြဲတစေ ကြင်နာသနားတက်ပုံရသော အဖိုးအိုထံမှ ဤအချိန်အခိုက်အတန့်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံထွက်လာသည်။
လုယွီက ပြောဆိုသည်။
"သူ့ကိုသတ်တဲ့သူတွေကို ကျွန်တော်တစ်ယောက်ပြီးတစ်ယောက်သတ်ပစ်မှာ....ကျေးဇူးပြုပြီး သူမရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပေးပါ...သူ့ကိုထပ်ပြီး ဘယ်လိုနာကျင်မှုမျိုးမှ မခံစားရပါစေနဲ့"
အကြီးအကဲရှင်းသည် လုယွီကိုစူးစိုက်ကြည့်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများကို ကြည့်လိုက်သည်။မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူ မှန်းဆပြီးဖြစ်ပေ၏။
လုယွီ၏လက်ရှိခွန်အားဖြင့်ပင် ကျီးချန်ယွီအား မကာကွယ်နိုင်ခဲ့သဖြင့် တစ်ဖက်လူ၏စွမ်းအားသည် သူ စိတ်ကူးယဥ်တွေးတောနိုင်သည်ထက် အဆများစွာကျော်လွန်နေပေမည်။
"ဟူး...."
အကြီးအကဲရှင်းသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ဝင်္ကပါတစ်ခုခင်းကျင်း၍ အတွင်း၌ခေါင်းတလားကို နေရာချထားလိုက်သည်။
သူ ခင်းကျင်းလိုက်သောဝင်္ကပါ၏ ကာကွယ်နိုင်မှုစွမ်းအားသည် အလွန်မြင့်မားပြီး လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံး၏ အကာအကွယ်မဟာဝင်္ကပါကြီးနှင့်ပင် နှိုင်းယှဥ်၍ရနိုင်သည်။
ပိုင်ဆုချင်သည် နှုတ်ခမ်းကိုက်ထားပေ၏။သူမသည် လုယွီအား တစ်စုံတစ်ခုပြောဆိုလိုသော်လည်း အဆုံးသတ်၌ သူမ မည်သည့်စကားမျှ ပြောမထွက်ချေ။
ယခုလက်ရှိချိန်၌ လုယွီ၏ခန္ဓာကိုယ်မှ အရိုးအရွတ်နှင့်ကြွက်သားများ ပြန်လည်တည်ဆောက်ပြီးဖြစ်သော်လည်း သူ၏ကျိုးပဲ့သွားခဲ့သောအရိုးများမှနေ၍ သွေးများယိုစီးကျနေဆဲပင်။
သူ၏ခန္ဓာကိုယ်အနှံ့သွေးများစိုရွှဲနေလေရာ မြင်ရသူများအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်စေ၏။
"ငါ့ကို တိတ်ဆိတ်တဲ့အခန်းတစ်ခန်း စီစဥ်ပေးပါ...ငါ အချိန်တစ်ခုလောက်ထိ တံခါးပိတ်ကျင့်ကြံဖို့လိုအပ်တယ်"
လုယွီသည် တခြားသူများအား ယဥ်ကျေးပြနေခြင်းမရှိတော့ဘဲ အလျှင်အမြန်ပင် ထွက်ခွာခဲ့တော့သည်။
လင်ရှောင်းဂိုဏ်း...အေးခဲလှိုက်ဂူ၏၉၉ထပ်၌...
ဤနေရာသည် အေးခဲလှိုဏ်ဂူတစ်ခုလုံး၏ အနက်ရှိုင်းဆုံးနေရာဖြစ်ပြီး မြောက်များစွာသောယင်ချီများ စုဝေးနေသည်။
အေးခဲလှိုဏ်ဂူ၏နက်ရှိုင်းသောနေရာသို့ ပို၍ဝင်ရောက်လေလေ အအေးဓာတ်ပို၍ပြင်းထန်လာပြီး တောင့်ခံရမည့်ဖိအားမှာလည်း ပို၍အားကောင်းလာလေလေပင်။
လုယွီ ဤနေရာသို့ဝင်ရောက်လာသည်နှင့် သူ၏ခန္ဓာကိုယ်မှဒဏ်ရာများအား ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။
သူ၏ပါးစပ်မှသွေးများယိုစီးကျနေသည်နှင့်အမျှ လုယွီ၏မျက်နှာ အလွန်အမင်းဖြူရော်သွားသည်။
သူ၏ခန္ဓာကိုယ်မှ အရိုးအရွတ်နှင့်ကြွက်သားများအား ပြန်လည်တည်ဆောက်ပြီးဖြစ်သော်လည်း သူ၏ဒဏ်ရာများ အပြည့်အဝပြန်လည်ကောင်းမွန်သွားပြီဟု ဆိုလိုခြင်းမဟုတ်ချေ။
လုယွီသည် ကံကြမ္မာဆိုးအတွင်းမှနေ၍ ကောင်းချီးပေးမှုကိုရရှိခဲ့ပြီး သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။သို့ရာတွင် သူရရှိခဲ့သော ဒဏ်ရာများကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစမ်းရေအိုင်မှ မြေအောက်လောကနိုင်ငံတော်တွင် ထင်သာမြင်သာသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်လာမှုနှင့်အတူ သူ၏ဒဏ်ရာများမှာလည်း ပို၍ပို၍ သိသာလာသည်။