အခန်း (၁၄၄၆-၁၄၅၀)
Vol. 76 Ch. 1446-1450
Chapter 1446
သို့ရာတွင် သူတို့နှစ်ယောက်၏သံသယစိတ်များသည် အချိန်တခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
မည်သည်ကြောင့် ဖြစ်နိုင်မနည်း။လင်ရှောင်းဂိုဏ်းချုပ်သည် သူ၏မျိုးဆက်တွင် နာမည်ကျော်ကြားသောကျင့်ကြံသူတစ်ယောက်ဖြစ်သည်။မည်သည့်ကိစ္စဖြစ်နေပါစေ သူ လုယွီအား ရိုရိုသေသေဆက်ဆံနေရန် မလိုအပ်ချေ။
"ခင်ဗျားတို့လင်ရှောင်းဂိုဏ်းက ကျွန်တော်တို့လုမိသားစုရဲ့တောင်းဆိုချက်တွေကို သဘောတူတာလား မတူဘူးလားဆိုတာသာပြောပါ...နေရာသုံးနေရာအတွက်ကတော့ တကယ်လို့လင်ရှောင်းဂိုဏ်းကမလိုချင်ဘူးဆိုရင်...လူတချို့ကတော့ လိုချင်နေကြမှာပဲ"
လုဝူယာက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
"ငါ မင်းကို တစ်ခုမေးပါရစေ...မင်းက ပိုင်ဆုချင်ကို လက်ထပ်ခွင့်တောင်းဖို့ ရောက်လာတာလား"
လုယွီ၏အသံသည် ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
အခြေအနေအား အချိန်အတော်ကြာ စောင့်ကြည့်နေသော ပိုင်ဆုချင်သည် လုယွီ၏စကားအား ကြားချိန်တွင် သူမ၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားပြီး နှလုံးခုန်နှုန်း မြန်လာပေ၏။
သူမ၏သေးသွယ်သောလက်လေးဖြင့် သူမ့ဝတ်စုံထောင့်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။သူမ၏ဆွဲဆောင်မှုရှိသော မျက်လုံးတစ်စုံဖြင့် လုယွီကိုသာ တိတ်တဆိတ်စူးစိုက်ကြည့်နေပေ၏။
လုဝူယာသည် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ သူက ရယ်မောလိုက်သည်။
"မင်းက ဘာမို့လို့လဲ....ဒီလို ဝင်ပြောနိုင်ရအောင်......"
ဖြောင်း.....
သူ၏စကားမဆုံးမီမှာပင် လုယွီက သူ့အား ပါးဖြတ်ရိုက်လိုက်သည်။
ဖြောင်းခနဲအသံကိုကြားလိုက်ရပြီးနောက် လုဝူယာသည် လေထုအတွင်းသို့မြောက်တက်သွားကာ တစ်ပတ်လည်သွားပြီးမှ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာပေ၏။
"သောက်ကောင်စုတ်...မင်းက သေချင်နေတာလား"
လုဝူယာသည် အော်ဟစ်ကြုံးဝါးပြီး မတ်တတ်ထရပ်ရန် ရုန်းကန်လိုက်သည်။သို့ရာတွင် သူရင်ဆိုင်ရသည်က သူ၏ဗိုက်ပေါ်သို့ကျရောက်လာသော ခြေထောက်တစ်ဖက်ပင်။
"ငါ မင်းကို ထခိုင်းလို့လား"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုပြီးနောက် လုဝူယာ၏ဝမ်းဗိုက်ပေါ်သို့ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။
လုဝူယာ၏အောက်ရှိကြမ်းပြင်သည် ရုတ်တရက် အက်ကွဲသွားပြီး နက်ရှိုင်းသောအက်ကွဲကြောင်းများအဖြစ် ကျန်ရစ်ခဲ့သည်။
"ရပ်လိုက်စမ်း"
သူမ၏တပည့် အနာတရဖြစ်နေသည်ကိုမြင်သော လုကျစ်ယန်သည် အလွန်အမင်းဒေါသထွက်သွားပြီး သူမက လုယွီအား ဟန့်တားရန်အတွက် ရှေ့သို့တဟုန်ထိုး ပြေးဝင်လာသည်။
လုယွီက သူမကို တစ်ချက်ကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်၏။
"ဟမ့်....ခင်ဗျားက လှုပ်ရှားရဲမှတော့...ခင်ဗျားကိုလည်း ကောင်းကောင်းဖိနှိပ်ပေးရမှာပေါ့"
စကားဆုံးသည်နှင့် လုယွီက လက်ဝါးဖြန့်လိုက်ရာ သူ၏မှော်စွမ်းအင်များမှနေ၍ ဧရာမမှော်စွမ်းအင်လက်ဝါးကြီးအသွင် သိပ်သည်းသွားသည်။ထို့နောက် လုကျစ်ယန်ထံဦးတည်၍ လက်ဝါးရိုက်ချက်တစ်ချက် ကျဆင်းသွားပေ၏။
ထိုလက်ဝါးရိုက်ချက်တွင် အထက်ကိုးကောင်းကင်ဘုံမှနတ်ဘုရားတစ်ပါး မြေပြင်ပေါ်သို့ဆင်းသက်လာသကဲ့သို့ ခမ်းနားထည်ဝါသောမှော်စွမ်းအားများပါဝင်ပြီး လုကျစ်ယန်အား ဦးတည်၍ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ခြင်းဖြစ်သည်။
လုယွီကိုဗဟိုပြု၍ တုန်လှုပ်ချောက်ချားဖွယ်လေလှိုင်းများက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လုယွီ၏နောက်၌ မတ်တတ်ရပ်နေသောအကြီးအကဲများသည် တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါကို ခံစားမိသဖြင့် အလျင်စလို နောက်ဆုတ်လိုက်ကြသည်။
ဝုန်း.....
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုကျစ်ယန်၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသောစွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး ကျောက်တုံးကြီးတစ်တုံးနှင့် ရိုက်ခတ်မိသည်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုကျောက်တုံးကြီးအတွင်း နစ်မြုပ်လုနီးပါးဖြစ်နေပြီး သူမအရိုးများလည်း ကျိုးပဲ့သွားပေ၏။
အလယ်ပိုင်းကုန်းမြေမဟာမိတ်အဖွဲ့ရှိ ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်က မည်ကဲ့သို့စွမ်းအားမျိုး ဖြစ်သနည်း။
လုဝူယာကို ဘေးဖယ်ထားလျှင်ပင် လုကျစ်ယန်သည် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည်။မည်သည်ကြောင့် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် လွင့်ထွက်သွားရသနည်း။
"မင်းရဲ့လူတွေကိုခေါ်ပြီး ထွက်သွားတော့...တကယ်လို့ ငါရှေ့မှာ နောက်တစ်ကြိမ်ထပ်ပေါ်လာမယ်ဆိုရင် မင်းတို့အားလုံးသေရမယ်"
လုယွီက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။
လုဝူယာ၏ခန္ဓာကိုယ်တစ်ခုလုံးမှအရိုးများ ကျိုးပဲ့သွားပုံပေါ်သည်။သူက လုယွီကို အညှိုးအတေးထားသောအကြည့်ဖြင့် စူးစူးဝါးဝါးကြည့်နေပြီး သူ၏ပါးစပ်မှနေ၍ မလိုလားသောညည်းတွားသံများ ထွက်ပေါ်နေသည်။
"ဆူလိုက်တာ"
ဖြောင်း...
လုယွီ၏နောက်ထပ်ပါးရိုက်ချက်ကြောင့် လုဝူယာသည် ထပ်မံ၍လွင့်ထွက်သွားပြီး သတိလစ်မေ့မျောသွားတော့သည်။
အလယ်ပိုင်းကုန်းမြေမဟာမိတ်မှလူများသည် လုဝူယာအား အလျှင်အမြန်ဆွဲထူပေးပြီး သူ့ကိုခေါ်ဆောင်ကာ လုကျစ်ယန်နှင့်အတူ လင်ရှောင်းဂိုဏ်းပင်မခန်းမမှ ထွက်ခွါသွားတော့သည်။
ထိုလူစုအား လုယွီ ပညာပေးပြီးနောက် ပင်မခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပြန်တွေးကြည့်ပါက လင်ရှောင်းမြို့ပြင်ပရှိ တိုက်ပွဲတွင်လည်း လုယွီ၏ခွန်အားကြောင့် လူအများ တုန်လှုပ်ချောက်ချားခဲ့ရသည်။
လင်ရှောင်းဂိုဏ်းချုပ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"မင်းက အရမ်းမဆင်မခြင် လုပ်လိုက်တာပဲ...ဒါက ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းလေ...တကယ်လို့ မင်းသာ မူအစောင့်အရှောက်အရှင်ရဲ့ ကူညီထောက်ပံမှုမရဘူးဆိုရင်...တကယ်လို့ မင်းက သူတော်စင်ရဲ့တပည့်ဖြစ်နေရင်တောင် ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်မှာမဟုတ်ဘူး"
"မူအစောင့်အရှောက်ရွှေစည်းတံဆိပ်လား"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ကျွန်တော်ဆီမှာ ရှိတယ်လေ"
Chapter 1447
ခန်းမအတွင်းရှိ လင်ရှောင်းဂိုဏ်းမှလူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။လုယွီက သူထံ၌ မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ရှိသည်ဟု ဆိုလိုက်သလော။
လင်ရှောင်းဂိုဏ်းချုပ်က သက်ပြင်းရှိုက်လိုက်သည်။
"မူအစောင့်အရှောက်ရွှေစည်းတံဆိပ်က နယ်မြေတစ်ခုရဲ့အရှင်သခင်ကိုဖော်ပြတဲ့ အထိမ်းအမှတ်သင်္ကေတပဲ ...လုယွီ ဘယ်လိုပဲဖြစ်ဖြစ် မင်းအသက်ကငယ်သေးတယ်...တချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမသိသေးဘူး"
လင်ရှောင်းဂိုဏ်းသည် အလွန်အားကောင်းသော်လည်း မူအစောင့်အရှောက်အရှင်၏ရှေ့တွင် ဦးညွှတ်၍အရိုအသေပြုရပေမည်။
မူအစောင့်အရှောက်ရာထူးကို ဆက်ခံနိုင်ရန်အတွက် ကျင့်ကြံသူတစ်ယောက်သည် အစွမ်းထက်ရန်လိုအပ်ရုံသာမက မိုးကောင်းကင်တာအို၏အသိအမှတ်ပြုမှုကို ရယူနိုင်ရန်လည်းလိုအပ်သည်။
ယခုလက်ရှိချိန်၌ လုယွီ၏ခွန်အားသည် အလွန်အားကောင်းနေသည့်တိုင် မည်သို့ပင်ဆိုစေကာမူ သူသည် လူငယ်တစ်ယောက်သာဖြစ်ပေ၏။အကယ်၍ လုယွီသည် မူအစောင့်အရှောက်ရာထူးကို ဆက်ခံလိုပါက သူ၏အရည်အချင်းမှာ မလုံလောက်သေးချေ။
အကြီးအကဲရှင်းက ပြောဆိုသည်။
"ငါက တောင်ပိုင်းတောင်တန်းနယ်မြေရဲ့မူအစောင့်အရှောက်နဲ့ မိတ်ဆွေဆက်ဆံရေးမျိုးရှိတယ်...တကယ်လို့ ငါတို့က အကူအညီသွားတောင်းမယ်ဆိုရင် နေရာတစ်နေရာတော့ရလောက်တယ်...လုယွီ မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး...မင်းက ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းသင့်တယ်"
ထိုသို့ပြောဆိုသည့်တိုင် ဤသည်မှာဖြစ်နိုင်ချေမရှိသောကိစ္စမှန်း လူတိုင်းသိထားကြ၏။ကောင်းကင်ဘုံလမ်းကြောင်းဝင်ခွင့်နေရာသည် အလွန်အမင်းအရေးကြီးပေ၏။မူအစောင့်အရှောက်တစ်ယောက်သည် သူ၏ကိုယ်ပိုင်ခွဲတမ်းနေရာများကို သူစိမ်းများအတွက် မည်သည်ကြောင့်ပေးမည်နည်း။
လင်ရှောင်းဂိုဏ်းမှလူများ စိတ်ဓာတ်ကျနေချိန်တွင် လုယွီက ပြောဆိုလိုက်၏။
"ကျွန်တော်ပြောပြီးပြီလေ...ကျွန်တော်မှာ ခွဲတမ်းနေရာအလုံအလောက်ရှိတယ်ဆိုတာ"
လုယွီ၏အင်္ကျီလက်မောင်းကြားမှနေ၍ မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ငါးခု ပျံဝဲထွက်လာပြီး သူ့ရှေ့၌ မျောလွင့်နေသည်။
မြောက်ပိုင်းနယ်မြေ...ရေခဲနယ်မြေ...အနောက်ပိုင်း ခြင်္သေ့နယ်မြေ...အနောက်ပိုင်းပင်လယ်နယ်မြေနှင့် မြောက်ပိုင်းပင်လယ်နယ်မြေ...
လူအားလုံး၏တုန်လှုပ်ချောက်ချားနေသော အကြည့်များအောက်တွင် မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ငါးခုသည် ရွှေရောင်များလင်းလက်တောက်ပနေပေ၏။
"မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ငါးခုလား...ဒါ...ဒါက...."
လင်ရှောင်းဂိုဏ်းချုပ်၏အသံ တုန်ရီနေသည်။
ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။မူအစောင့်အရှောက်ရွှေစည်းတံဆိပ်တစ်ခုအား ကိုင်ဆောင်ထားသူသည် သက်ဆိုင်ရာနယ်မြေအတွင်းရှိ ကောင်းကင်နှင့်မြေပြင်အကြားမှ သက်ရှိမျိုးနွယ်များ၏ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီတစ်ယောက်တည်းထံ၌ ရွှေစည်းတံဆိပ်ငါးခုရှိနေသည်။
"ဒီရွှေစည်းတံဆိပ်တွေကိုကြည့်ရတာ အစစ်အမှန်ဖြစ်ပုံရတယ်"
လင်ရှောင်းဂိုဏ်းချုပ်သည် သူ၏ရှေ့၌မျောလွင့်နေသော ရွှေစည်းတံဆိပ်များကိုကြည့်ပြီး သူ၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။
"လင်ရှောင်းဂိုဏ်းအတွက် ကျွန်တော် နေရာဆယ့်ရှစ်နေရာပေးမယ်...ကျွန်တော်နဲ့အတူလိုက်မယ့် ကျင့်ကြံသူတွေကို ကျွန်တော်ကိုယ်တိုင်ရွေးချယ်မယ်...ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းက အတိတ်တုန်းကနဲ့တူမှာမဟုတ်ဘူး....လူအများအပြား သေကြေပျက်စီးမှုတွေဖြစ်နိုင်တယ်"
လုယွီက တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုသည်။
သူသည် ကောင်းကင်ဘုံလမ်းကြောင်းအတွင်းသို့ တစ်ကြိမ်တစ်ခါမျှမဝင်ရောက်ဖူးသော်လည်း ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်နယ်မြေ ထွက်ပေါ်လာမှုကြောင့် ကောင်းကင်ဘုံနယ်မြေသို့ လွယ်လင့်တကူ တက်လှမ်းနိုင်တော့မည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
လုယွီသည် သူ့အားအကူအညီပေးနိုင်သော အစွမ်းထက်ကျင့်ကြံသူများ လိုအပ်နေပေ၏။
"ငါတို့ သိပါပြီ"
ယခုလက်ရှိနေရာသို့ရောက်ရှိနေကြသော ကျင့်ကြံသူများအားလုံး အပျော်လွန်သွားကြသည်။
ယခင်က အနောက်ပိုင်းကုန်းမြေမဟာမိတ်သည် တောင်းဆိုချက်များနှင့်အတူ သူတို့အား နေရာသုံးနေရာသာ ပေးခဲ့သော်လည်း ယခုလက်ရှိအချိန်၌ လုယွီက နေရာတစ်ဆယ့်ရှစ်နေရာပေးနေလေရာ သူတို့အားလုံး အလွန်ပျော်ရွှင်နေပေ၏။
လုယွီသည် နေရာတစ်ဆယ့်ရှစ်နေရာအား အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ခွဲတမ်းမှ ပေးလိုက်ခြင်းဖြစ်သည်။သူသည် အနောက်ပိုင်းခြင်္သေ့နယ်မြေမှနေ၍ သူနှင့်အတူခေါ်ဆောင်သွားရန် နတ်ဆရာကြီးနှစ်ယောက်သာရှိပေရာ ကျန်ရှိနေသောနေရာများမှာ အလွတ်ဖြစ်နေသည်။
……
လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံး ပျော်ရွှင်ဝမ်းမြောက်နေချိန်တွင် အလယ်ပိုင်းကုန်းမြေမဟာမိတ်မှလူများသည် ဒဏ်ရာရရှိထားသော လုဝူယာနှင့်လုကျစ်ယန်ကို ခေါ်ဆောင်၍ လင်ရှောင်းမြို့မှအလျှင်အမြန် ထွက်ခွါသွားခဲ့သည်။
လုယွီ လိုက်လံဖမ်းဆီးမည်ကို စိုးရွံကြသဖြင့် သူတို့လူစုသည် မိုင်ပေါင်းများစွာအကွာအဝေးထိ ထွက်ပြေးပြီးမှ ရပ်တန့်လိုက်ကြ၏။
လုမိသားစုခွဲမှလူများသည် သူတို့၏မိသားစုခေါင်းဆောင်နှင့်လုဝူယာတို့အား အလျှင်အမြန်ကုသပေးလိုက်ကြသည်။
"သခင်လေး...ကျွန်တော်တို့ လွတ်မြောက်လာပြီ"
လုမိသားစုခွဲမှနောက်လိုက်များသည် ယခုထိတိုင် ကြောက်စိတ်မပြယ်ကြသေးချေ။
"ထွက်သွားကြစမ်း"
လုဝူယာ၏စိတ်နှလုံးသားတစ်ခုလုံး ရှက်ရွံမှုနှင့်ဒေါသများသာ ကြီးစိုးနေပြီး ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ချေ။သူက အစေခံများ၏မျက်နှာများကို ဖြတ်ရိုက်လိုက်၏။
"မင်းတို့အမှိုက်တစ်သိုက်က ငါ့ကိုပြက်ရယ်ပြုနေကြတာလား"
လုဝူယာ၏စိတ်အခြေအနေသည် အလွန်ရှုပ်ထွေးနေသဖြင့် သူက နောက်လိုက်များအား အဆက်မပြတ် ရိုက်ပုတ်ကန်ကျောက်နေသည်။
ထိုနောက်လိုက်များ၏ကျင့်ကြံဆင့်သည် မြင့်မားခြင်းမရှိသဖြင့် လုဝူယာ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။အချိန်တခဏအတွင်းမှာပင် သူတို့အားလုံး မြေပြင်ပေါ်၌ လူးလိမ့်နေရပြီး သူတို့၏ခန္ဓာကိုယ်မှသွေးများယိုစီးကျနေသည်။
"ဒီကျွန်ကောင်တွေကို ဆွဲထုတ်သွားစမ်း"
လုဝူယာသည် သူ၏ဒေါသများကိုဖွင့်ထုတ်ပြီးနောက် ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးအတွင်း၌ အငြှိုးအမျက်ထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"မင်းတို့က ကိုယ့်နေရာကိုယ်မသိမှတော့...ငါ့ကို အပြစ်မတင်နဲ့"
Chapter 1448
"တစ်ယောက်ယောက်...ငါ့ကိုစုတ်တံနဲ့စာရွက် ယူပေးကြစမ်း"
လုဝူယာက အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် အစေခံတချို့သည် စုတ်တံနှင့်စာရွက်ယူဆောင်လာပြီး လုဝူယာ၏ရှေ့၌ နေရာချထားပေးလေ၏။
လုဝူယာသည် စုတ်တံကိုကိုင်ဆောင်ပြီး စာရွက်ပေါ်၌ စတင်ရေးသားတော့သည်။
"သူတော်စင်ယန်...ဒီငယ်သားက အရှင်ရဲ့အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပေမယ့် လင်ရှောင်းဂိုဏ်းကလူတွေက မလိုက်နာကြဘူး......."
မကြာမီမှာပင် စာရွက်တစ်ရွက်လုံး လင်ရှောင်ဂိုဏ်းအကြောင်းရေးသားသည့် စာလုံးများဖြင့်ပြည့်နှက်သွားသည်။
ထိုစာအတွင်းတွင် လုဝူယာသည် လင်ရှောင်းဂိုဏ်းအား မျှော်လင့်ချက်မဲ့နေသောလူရမ်းကားများအဖြစ် ဖော်ပြထားသည်။သူတော်စင်ယန်သည် လင်ရှောင်းဂိုဏ်းအား သနားကြင်နာသောအားဖြင့် နေရာသုံးနေရာပေးခဲ့သော်လည်း ထိုသူတို့က အရှင့်ကိုကျေးဇူးတင်ခြင်းမရှိဘဲ ကျိန်ဆဲနေကြကြောင်း စာအတွင်း၌ရေးသားထားပေ၏။
လုဝူယာသည် စာရွက်ကိုမီးပုံအတွင်းသို့ ပစ်ချလိုက်သော်လည်း လောင်ကျွမ်းသွားခြင်းမရှိချေ။ထိုအစား စာရွက်သည် မီးတောက်များအကြား၌ တစတစ ပျောက်ကွယ်သွားသည်။
အမွှေးတိုင်တစ်တိုင်စာအချိန်မတိုင်မီမှာပင် မီးပုံရှိ မီးတောက်များ ရုတ်တရက် မြင့်တက်လာသည်။
မီးတောက်များအကြားမှ စာရွက်တစ်ရွက်ထွက်ပေါ်လာပြီး ထိုစာပေါ်၌ စာလုံးတချို့ရှိနေသည်။
"ကျန်နေတဲ့ခွဲတမ်းနေရာကို...နဂါးအင်ပါယာကိုပေးလိုက်"
ကြွင်းကျန်သောခွဲတမ်းနေရာသုံးခုလုံးအား နဂါးဧကရာဇ်လုံဝူကျီးအား ပေးအပ်လိုက်လေပြီ။
လုဝူယာက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကျိန်ဆဲနေသည်။
"နေနှင့်ဦးပေါ့...မင်းတို့က ငါ့ကိုရန်စဝံ့မှတော့...အဆင့်နိမ့်နယ်မြေမှာပဲ သေတဲ့အထိနေသွားကြပေတော့...ငါက ကောင်းကင်ဘုံနယ်မြေကိုရောက်တာနဲ့ ကံကြမ္မာကောင်းတွေပိုင်ဆိုင်ရတော့မှာ"
သူကဲ့သို့မာနကြီးသူသည် မည်သည်ကြောင့် လူအများရှေ့၌ ပါးရိုက်ခံရသနည်း။သူ ပြန်လည်တွေးမိချိန်တွင် သူသည် လုယွီအား ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့ရရုံမက လူပုံအလယ်တွင်လည်း ပါးဖြတ်ရိုက်ခြင်းခံခဲ့ရသည်။
အမှန်အားဖြင့် ထိုကဲ့သို့နာကျည်းမုန်းတီးမှုမျိုးကို လက်လွှက်ပေးရန် သူ ဆန္ဒမရှိချေ။
"ထွက်ခွါဖို့ ပြင်ဆင်ကြစမ်း...ငါ နဂါးအင်ပါယာကိုသွားမယ်"
လုဝူယာက အမိန့်ပေးလိုက်၏။
……
လင်ရှောင်းဂိုဏ်းအတွင်း၌...
လင်ရှောင်းဂိုဏ်းချုပ်၏ရွေးချယ်မှုအရ အကြီးအကဲတစ်ဆယ့်ရှစ်ယောက် စုဝေးနေပြီး ပင်မခန်းမအတွင်း၌ မတ်တတ်ရပ်နေသည်။
ထိုအကြီးအကဲများအနက်မှ အများစုသည် သိုင်းသူတော်စင်နယ်ပယ်အလယ်အလတ်အဆင့်ကျင့်ကြံသူများ ဖြစ်သည်။ပိုင်ဆုချင်အတွက်ကမူ လုယွီသည် သူမအား လင်ရှောင်းဂိုဏ်း၏ခွဲတမ်းနေရာကို ယူခွင့်မပြုချေ။ထိုအစား သူသည် မြောက်ပိုင်းနယ်မြေမှနေရာတစ်နေရာစာကို သူမအား ပေးအပ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လုယွီသည် ကောင်းကင်ဘုံလမ်းကြောင်းဖွင့်လှစ်တော့မည့်ကိစ္စနှင့် ပတ်သက်၍ ရေခဲနယ်မြေနှင့်မြောက်ပိုင်းနယ်မြေကို သတင်းစကားများ ပေးပို့လိုက်သည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏ အမွေအနှစ်ကို ဆက်ခံနိုင်ရန်အတွက် ထိုနယ်မြေနှစ်ခုမှထိပ်သီးကျင့်ကြံသူများ သူနှင့်အတူပူးပေါင်းရန်လိုအပ်သည်။
ယခုလက်ရှိချိန်၌ လူအားလုံးနီးပါးသည် ကောင်းကင်ဘုံလမ်းကြောင်း၏စမ်းသပ်မှုမှာ သာမာန်အတိုင်းဖြစ်သည်ဟုသာ တွေးတောနေကြပေမည်။ဤသည်က အမှန်အားဖြင့် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်နယ်မြေ ထွက်ပေါ်လာခြင်းကြောင့် အပြောင်းအလဲများစွာဖြစ်သွားကြောင်း မည်သူမျှသိရှိမည်မဟုတ်ချေ။
ဤတစ်ကြိမ်တွင် သူ အမွေအနှစ်အား ဆက်ခံနိုင်မည်မှာ သေချာပေ၏။
လင်ရှောင်းဂိုဏ်း...ကြိုးကြာဖြူတောင်...
ဘုန်း...
ပိုင်ဆုချင်သည် သူမ၏လက်အတွင်းမှကျာပွတ်ကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတတစ်ခုထွက်ပေါ်လာပြီး လုယွီ၏နံဘေးသို့ ကျရောက်သွားသည်။
လုယွီ၏နံဘေးရှိ ကျောက်တုံးကြီးတစ်တုံး ချက်ချင်းပင် ကွဲအက်သွားပေ၏။လုယွီက ရှောင်တိမ်းပြီး ပိုင်ဆုချင်အား ခေါင်းခါပြသည်။
"ချိပ်စည်းသင်္ကေတဖွဲ့စည်းတဲ့အရှိန်က အရမ်းနှေးနေတယ်...ငါ လုပ်တာကိုကြည့်ပြီး ထပ်ကြိုးစားကြည့်အုံး"
လုယွီက ပိုင်ဆုချင်အသုံးပြုသွားသော မှော်မန္တန်ကို ပြန်လည်၍အသုံးပြုပြလိုက်သည်။
ဝီ....
လုယွီ၏လက်မှ ချိပ်စည်းသင်္ကေတ ဖွဲ့စည်းနေခြင်းနှင့်အတူ အဖြူရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
"သွား..."
လုယွီက လက်ညှိုးညွှန်လိုက်ရာ သူ၏ထိန်းချုပ်မှုအောက်၌ ချိပ်စည်းသင်္ကေတရှစ်ခုသည် ကျောက်တုံးကြီးတစ်တုံးထံသို့ ဦးတည်၍ပျံဝဲသွားပေ၏။
ကျယ်လောင်သောဆူညံသံနှင့်အတူ လုယွီ၏ရှေ့ရှိ ကျောက်တုံးကြီးသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။
ပိုင်ဆုချင်၏မျက်လုံးအတွင်း၌ ဥာဏ်အလင်းပွင့်သွားသောအရိပ်အယောင်များ ထင်ဟပ်သွားလေ၏။
လုယွီ၏ချိပ်စည်းသင်္ကေတနည်းစနစ်သည် သူမနှင့် တူညီပုံရသည်။သို့ရာတွင် လုယွီသည် ထိုနည်းစနစ်အား ပို၍ကျွမ်းကျင်နေပြီး သူ၏ခွန်အားထိန်းချုပ်မှုမှာ အလွန်အမင်းနက်နဲသိပ်မွေ့သည်။
'ဒီနည်းစနစ်က ငါ့ရဲ့အဖေဆီကနေ ငါ လက်ဆင့်ကမ်းသင်ယူလာတာ...သူက ဘယ်လိုလုပ်ပြီး သိနေတာပါလိမ့်'
ပိုင်ဆုချင်သည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ လုယွီအကြောင်းအား သိချင်စိတ်ပြင်းပြနေသည်။
ထိုအချိန်မှာပင် လုထျန်းကန်က လုယွီ၏နောက်၌ ရုတ်တရက်ထွက်ပေါ်လာသည်။
"သခင်လေး...သခင်လေးစုံစမ်းခိုင်းတဲ့ကိစ္စ ကျွန်တော်ဆောင်ရွက်လို့ ပြီးသွားပါပြီ"
လုထျန်းကန်က လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုသည်။
ထိုစကားကို လုယွီက ကြားသော်လည်း သူ၏မျက်နှာပေါ်၌ မည်သည့်စိတ်လှုပ်ရှားမှုအရိပ်အယောင်မျှ ရှိမနေချေ။သူက ပိုင်ဆုချင်ကို စကားလုံးအနည်းငယ်ဖြင့် လမ်းညွှန်ပေးပြီးနောက် ကြိုးကြာဖြူတောင်မှ ထွက်ခွာခဲ့တော့သည်။
"ပြော....အဲ့ဒါ ဘယ်သူလဲ"
ကြိုးကြာဖြူတောင်ပြင်ပသို့ရောက်သည်နှင့် လုယွီ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
Chapter 1449
"ဒါက ကျွန်တော်တို့ရဲ့သူလျှိုတွေ စုစည်းရရှိတဲ့ သတင်းတွေပါ...သခင်လေး တစ်ချက်ကြည့်ကြည့်ပါအုံး"
လုထျန်းကန်သည် စာရွက်တချို့အား လုယွီထံသို့ ရိုရိုသေသေ လက်ကမ်းပေးလိုက်သည်။
လုယွီက စာရွက်ပေါ်ရှိအကြောင်းအရာများကို ဖတ်ရှုပြီး သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားပေရာ နံဘေး၌ရပ်နေသော လုထျန်းကန်သည် သူ၏ကျောရိုးအတွင်းမှချမ်းစိမ့်လာမှုကို ချက်ချင်းပင် ခံစားမိပေ၏။
"လုံဝူကျီး....သေစမ်း"
လုယွီသည် သူ၏လက်အတွင်းရှိစာရွက်ကို ချေမွှလိုက်ပြီးနောက် သူ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။
စုံစမ်းစစ်ဆေးမှုများအရ ကျီးချန်ယွီ လင်ရှောင်းဂိုဏ်းအတွင်းမှ ထွက်ခွာသွားခြင်းမှာ စာတစ်စောင်ကြောင့်ဖြစ်သည်။ထိုစာအတွင်း၌ ကျီးချန်ယွီ၏ဖခင်သည် အသက်သေဆုံးခြင်းမရှိသေးဘဲ အနောက်ပိုင်းခြင်္သေ့နယ်မြေအတွင်း၌ ပုန်းအောင်းနေကြောင်းပါရှိသည်။
ထိုစာသည် အမည်မသိလေလွင့်ကျင့်ကြံသူတစ်ယောက်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။သူသည် ကျီးချန်ယွီ၏နံဘေးရှိ အစေခံတစ်ယောက်အား လာဘ်ထိုး၍ သူမသန့်ရှင်းရေးလုပ်ချိန်တွင် စာအားစားပွဲပေါ်သို့ တင်ထားခဲ့စေသည်။
ထိုကိစ္စများအား အလွန်ပိပိရိရိလုပ်ဆောင်ခဲ့သော်လည်း လုထျန်းကန်သည် နည်းလမ်းများစွာဖြင့် စုံစမ်းစစ်ဆေးပြီးနောက် ကိစ္စများအားလုံးနောက်ကွယ်၌ လူတစ်ယောက်ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသူသည် နဂါးအင်ပါယာ၏ဧကရာဇ်လုံဝူကျီး ဖြစ်နေပေ၏။
သူလျှိုများထံမှ သတင်းပေးပို့ချက်များအရ လုံဝူကျီးသည် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်နှင့် အငြင်းပွါးမှုများ ဖြစ်ပေါ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တိုက်ခိုက်မှုများသည် နဂါးအင်ပါယာအား အကြီးအကျယ်သက်ရောက်မှုရှိစေသည်။
သို့ရာတွင် လုံဝူကျီးသည် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပုံရသည်။ဤသည်ကြောင့် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တိုက်ခိုက်မှုသည် လုံဝူကျီး၏နဂါးအင်ပါယာအား သိသိသာသာရှောင်ကွင်းသွားခဲ့သည်။
ထိုလူနှစ်ယောက်သည် အလယ်ပိုင်းကုန်းမြေအား ညီတူညီမျှ ပိုင်းခြားယူရန် စီစဥ်ထားခဲ့၏။
"ကောင်းတယ်...ကောင်းတယ်..."
လုယွီက တီးတိုးရေရွတ်ပြီး သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပို၍ အားကောင်းလာသည်။
လုထျန်းကန်က ဦးညွှတ်၍အရိုအသေပြုပြီး ပြောဆိုသည်။
"သခင်လေး...နဂါးအင်ပါယာက အလယ်ပိုင်းကုန်းမြေတစ်ခုလုံးမှာ အားအကောင်းဆုံးကျင့်ကြံခြင်းနိုင်ငံပဲ...ကျွန်တော် အကူအညီတချို့ ခေါ်လိုက်ရမလား"
"မလိုဘူး...ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်"
လုယွီသည် လေထုအတွင်း၌ ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်။
……
နဂါးအင်ပါယာ...
ဤအချိန်တွင် တော်ဝင်နန်းတော်၏ဧည့်ခန်းမအတွင်း၌ လုံဝူကျီးသည် လုဝူယာတို့လူစုအား ကြိုဆိုနှုတ်ဆက်နေသည်။
"သူတော်စင်ယန်က အရှင်မင်းကြီးကို သတင်းပေးပို့လိုက်ပါတယ်...ကောင်းကင်ဘုံလမ်းကြောင်းဝင်ခွင့်တစ်နေရာကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာနဲ့ လဲလှယ်နိုင်ပါတယ်...အရှင်မင်းကြီး ဒီအလဲအလှယ်ကိုလုပ်ဖို့ ဆန္ဒရှိပါသလား"
လုဝူယာသည် ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေပြီး ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ပြောဆိုသည်။
ကောင်းကင်ဘုံလမ်းကြောင်းဝင်ခွင့် နေရာသုံးနေရာကို သူတော်စင်ယန်မှနေ၍ လုံဝူကျီးအား မူလကတည်းက ပေးအပ်ထားပြီးဖြစ်သည်။သို့ရာတွင် လုဝူယာသည် သူ့အတွက် အကျိုးအမြတ်ရရှိစေရန် စိတ်ဝိညာဥ်ကျောက်တုံးများအား တောင်းခံနေသည်။
လုံဝူကျီးက အပြုံးမပျက်ဘဲ ပြောဆိုလေ၏။
"ငါတို့ ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်သရွေ့...ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေက အရေးမပါဘူး"
လုဝူယာသည် သစ်ကြားသီးတစ်လုံးကို အခွံခွါနေရင်းမှ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်သည်။
"စိတ်အေးအေးထားပါ အရှင်မင်းကြီး....တခြားနယ်မြေတွေရဲ့ မူအစောင့်အရှောက်တွေက သူတော်စင်ယန်ရဲ့ဂုဏ်သတင်းကို မီနိုင်မှာလား...ဒီတစ်ကြိမ် အရှင်မင်းကြီးက သူတော်စင်ယန်နဲ့အတူလိုက်ပါသွားမယ်ဆိုရင် ကောင်းကင်ဘုံလမ်းကြောင်းမှာ ကံကောင်းမှုတွေနဲ့ပဲကြုံတွေ့ရမှာ သေချာတယ်"
သူက အမှန်အတိုင်းပြောဆိုခြင်းဖြစ်ပေ၏။သူတော်စင်ယန်သည် သူတော်စင်မိသားစုမှဆင်းသက်လာသူဖြစ်၍ လူတိုင်းနီးပါး သူ့အားလာရောက်၍ အရိုအသေပြုကြရသည်။
လုံဝူကျီးသည် အချိန်တခဏကြာ တွေးတောပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။
"ဘဏ္ဍာထိန်းကို ဆင့်ခေါ်လိုက်စမ်း"
မကြာမီမှာပင် နန်းတွင်းဘဏ္ဍာထိန်းသည် စာအုပ်တစ်အုပ်နှင့်အတူ ရောက်ရှိလာသည်။
"မင်း ဘဏ္ဍာတိုက်ကိုသွားပြီး စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာ ထုတ်ယူခဲ့စမ်း"
လုံဝူကျီးက အမိန့်ပေးသည်။
"အရှင်မင်းကြီး... ဘဏ္ဍာတိုက်ထဲမှာ စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာ မရှိသေးပါဘူး"
နန်းတွင်းဘဏ္ဍာထိန်းက စိတ်ဓာတ်ကျနေသောလေသံဖြင့် ပြောဆိုလေ၏။
ဤဧကရာဇ်မင်းကြီး ရူးများရူးနေသလော။နဂါးအင်ပါယာသည် အင်အားအကောင်းဆုံးကျင့်ကြံခြင်းနိုင်ငံဖြစ်သော်လည်း နှစ်စဥ်အသုံးစရိတ်မှာ လွန်စွာများပြားသည်။
ယခုလက်ရှိအချိန်၌ ဘဏ္ဍာတိုက်အတွင်းတွင် စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာခန့်သာ ရှိနေသည်။ထို့ပြင် ထိုစိတ်ဝိညာဥ်ကျောက်တုံးများအား အကုန်အစင်အသုံးပြု၍လည်း မဖြစ်ချေ။
လုံဝူကျီးက ဒေါသတကြီး အော်ငေါက်လိုက်၏။
"ဘာ...ငါ အခုချက်ချင်း စိတ်ဝိညာဥ်ကျောက်တုံးတွေ လိုအပ်နေတယ်လေ...ဒီလောက်ပမာဏလေးကိုတောင် မင်း ထုတ်မပေးနိုင်မှတော့ မင်းကိုအသက်ရှင်လျက်ထားရတာ ဘာအသုံးဝင်တော့မှာလဲ"
Chapter 1450
နန်းတွင်းဘဏ္ဍာထိန်းသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်စလိုဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး...ဒီနှစ်ထဲမှာ ဘဏ္ဍာတိုက်ထဲကထုတ်သုံးတဲ့ အသုံးစရိတ်က တကယ်ကိုများပြားလွန်းပါတယ်...အထူးသဖြင့် အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့တိုက်ခိုက်မှု ခံရချိန်မှာပါ...သူတို့ရဲ့တိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့က အကာအကွယ်ဝင်္ကပါတွေခင်းကျင်းရတဲ့အပြင် နယ်စပ်က အချက်အချာကျတဲ့မြို့တွေမှာလည်း စိတ်ဝိညာဥ်အမြှောက်တွေကို တပ်ဆင်ရတယ်...ဒါကြောင့် ဘဏ္ဍာရေးအခြေအနေက ကျဥ်းထဲကျပ်ထဲရောက်သွားတာပါ"
ဟမ့်...
လုံဝူကျီးသည် ထိုကိစ္စများကိုသိရှိထားသော်လည်း သူက မျက်မှောင်ကြုတ်နေဆဲပင်။သူသည် အနောက်ပိုင်းခြင်္သေ့နယ်မြေနှင့် ပဋိပက္ခများဖြစ်ပွါးနေခဲ့သော်လည်း အလယ်ပိုင်းကုန်းမြေမဟာမိတ်အဖွဲ့မှလူများအား စိတ်ရှုပ်ထွေးစေရန် ကြိုတင်ပြင်ဆင်မှုအမြောက်အများကို ပြုလုပ်ထားခဲ့သည်။
ထိုကိစ္စများသည် သူ၏ဘဏ္ဍာတိုက်အတွင်းမှ စိတ်ဝိညာဥ်ကျောက်တုံးပမာဏ အလွန်လျော့နည်းသွားစေမည်ဟု သူ မျှော်လင့်မထားမိချေ။
လုံဝူကျီးက အချိန်တခဏကြာတွေဝေစဥ်းစားနေပြီးမှ သူက ပြောဆိုလိုက်၏။
"အခွန်အခတွေကို သုံးဆမြှင့်တင်ပြီး အခုချက်ချင်းစုဆောင်းစမ်း...နယ်မြေထဲကဂိုဏ်းတွေဆီကို လူတချို့စေလွှက်ပြီး သူတို့ကိုပဏ္ဏာဆက်သမလား ဒါမှမဟုတ် တစ်ဂိုဏ်းလုံးအမြစ်ပြတ်သုတ်သင်ခံမလားလို့ မေးလိုက်"
ဘာ....
နန်းတွင်းဘဏ္ဍာထိန်းသည် ကြက်သေသေသွားပြီးနောက် သူက ခက်ခက်ခဲခဲအားယူ၍ လုံဝူကျီးကို မော့ကြည့်လိုက်သည်။
"အရှင်မင်းကြီး...ဒါက ပုန်ကန်မှုတွေဖြစ်လာမှာကို ကျွန်တော် စိုးရွံမိတယ်"
သာမာန်အားဖြင့် နယ်မြေအတွင်းရှိဂိုဏ်းများသည် နဂါးအင်ပါယာကို သစ္စာခံထားကြသော်လည်း အကျိုးအမြတ်အတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်သည့် ပတ်သက်မှုမျိုးဖြစ်သည်။
အကယ်၍ လုံဝူးကျီး အမိန့်ပေးသည်ကိုသာ ပြုလုပ်လိုက်ပါက ပုန်ကန်မှုအမြောက်အများ ဖြစ်လာနိုင်သည်။ဖရိုဖရဲပြဿနာများသာ ဖြစ်ပွါးလာပါက နဂါးအင်ပါယာသည်လည်း ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့ရပေမည်။
လုံဝူကျီးသည် တွေးတောခြင်းပင်မပြုဘဲ ဒေါသတကြီး အော်ငေါက်လိုက်၏။
"ဘာလဲ...ငါ ဘာနည်းလမ်းကိုအသုံးပြုရမယ်ဆိုတာ မင်းက ငါ့ကို သင်ပေးချင်တာလား"
လုံဝူကျီးက သူ၏လက်ကိုဆန့်တန်းလိုက်ရာ အမိန့်စာလွှာတစ်ခု ထွက်ပေါ်လာသည်။ထိုအမိန့်စာလွှာပေါ်၌ ရွှေရောင်အလင်းတန်းများ တောက်ပနေပေ၏။
အမိန့်စာလွှာအတွင်း၌ အခွန်အခတိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အလျင်အမြန်ပေးသွင်းကြရန် ဥပဒေထုတ်ပြန်လိုက်ကြောင်း ရေးသားပါရှိသည်။
ထိုအမိန့်စာလွှာအား လုံဝူကျီး၏အလွန်အစွမ်းထက်သော မှော်စွမ်းအင်များနှင့် ရောယှက်ထားပြီး လေထုအတွင်းမြောက်တက်သွားကာ ရွှေရောင်အလင်းတန်းများက တောက်ပလင်းလက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် နဂါးအင်ပါယာအတွင်းရှိ ဂိုဏ်းများနှင့်အင်အားစုများအားလုံး အမိန့်စာလွှာအား လက်ခံရရှိကြ၏။
"ငါမြင်တာ မှားများမှားနေတာလား"
"ဧကရာဇ်မင်း ရူးများရူးသွားတာလား...သူက ငါတို့ရဲ့ဂိုဏ်းကို အရင်ထက်အခွန်အခသုံးဆတိုးပေးဖို့ အမိန့်ပေးတယ်....ဒီလိုသာဆိုရင် ငါတို့ဂိုဏ်း ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်မှာလဲ"
အချိန်တခဏကြာပြီးနောက် နဂါးအင်ပါယာတစ်ခုလုံး၌ ညည်းတွားပြောဆိုသံများဖြင့် ပြည့်နှက်နေသည်။
ဂိုဏ်းကြီးဂိုဏ်းငယ်ဟူသမျှမှ ဂိုဏ်းချုပ်များနှင့်အကြီးအကဲများက ထိုမြင်ကွင်းကို ခါးသည်းသောအမူအယာဖြင့် ကြည့်နေကြ၏။
"တကယ်လို့ ငါတို့က ဒီအခွန်အခတွေပေးလိုက်ရင်လည်း ငါတို့ဂိုဏ်းရှင်သန်နိုင်မှာမဟုတ်ဘူး....မပေးပြန်ရင်လည်း ငါတို့အားလုံး သေရမှာ....ဘာလို့ ငါတို့က ဒါတွေကို ပေးနေရမှာတုန်း"
"ဧကရာဇ်မင်းက လေလွင့်အင်မော်တယ်တစ်ယောက် ဖြစ်နေရင်တောင် ဒီလိုမျိုးတော့မလုပ်သင့်ဘူး"
"ငါတို့ နယ်မြေပြောင်းရွှေ့ကြမယ်....နဂါးအင်ပါယာမှာ ဆက်ပြီးမနေတော့ဘူး"
တော်ဝင်နန်းတော်အတွင်း၌ လုံဝူကျီးသည် နဂါးပလ္လင်ပေါ်၌ထိုင်နေပြီး သူ၏မျက်လုံးများကို စုံမှိတ်ထားသည်။သူ၏လက်အတွင်းရှိ ကျောက်စိမ်းစည်းတံဆိပ်မှ အလင်းရောင်သည် တစတစမှိန်ဖျော့စပြုလာသည်။
ကျောက်စိမ်းစည်းတံဆိပ်၏တောက်ပမှုသည် နဂါးအင်ပါယာအတွင်းရှိအင်အားစုများနှင့် သက်ဆိုင်ပေ၏။လုံဝူကျီး၏အမိန့်စာလွှာသည် နဂါးအင်ပါယာ၏လက်အောက်ရှိ မြောက်များစွာသောဂိုဏ်းများအား ထွက်ပြေးသွားစေသည်။
နန်းတွင်းဘဏ္ဍာထိန်းက ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏နှုတ်ခမ်းထောင့်၌ ခါးသက်သက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
နဂါးအင်ပါယာ၏အခွန်အခများသည် အဓိကအားဖြင့် လက်အောက်ခံဂိုဏ်းများထံမှရရှိသည်။နောင်နှစ်ကာလများတွင် နဂါးအင်ပါယာ၏ဘဏ္ဍာရေးအခြေအနေ ဆိုးဆိုးရွားရွား လျော့ကျသွားမည်ကို မည်သူမဆို ခန့်မှန်းနိုင်ပေ၏။
သို့ရာတွင် လုံဝူကျီးသည် မျက်လုံးစုံမှိတ်ထားဆဲဖြစ်ပြီး မည်သည့်ကိစ္စကိုမျှ ဂရုစိုက်ပုံမပေါ်ချေ။အကယ်၍ ယခင်ကသာ ဤကိစ္စမျိုးဖြစ်ပွါးခဲ့ပါက သူ ဂရုတစိုက် ဖြေရှင်းပေမည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ နဂါးအင်ပါယာ၏စည်ပင်ဝပြောမှုသည် သူနှင့် မည်သို့မျှသက်ဆိုင်မည်မဟုတ်တော့ချေ။
သူ၏စိတ်နှလုံးသားအတွင်း၌ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ရန်သာ ကြီးစိုးနေသည်။မည်သည်ကြောင့် သူ နဂါးအင်ပါယာအား ဂရုစိုက်ရမည်နည်း။
လုဝူယာက လဖက်ရည်တစ်ငုံငုံပြီး အပြုံးနှင့်ပြောဆိုသည်။
"အရှင်မင်းကြီးရဲ့စိတ်သဘောထားကြီးမှုကို ကျွန်တော်က လေးစားမိပါတယ်"
သူသည် ဧကရာဇ်လုံဝူကျီးထံမှ စိတ်ဝိညာဥ်ကျောက်တုံးများ လှည့်ဖျားယူနိုင်ရန် သူတော်စင်ယန်၏အမည်နာမကို အသုံးပြုခဲ့သည်။
လုံဝူကျီး၌ တခြားရွေးချယ်စရာမရှိချေ။ဤနေရာသုံးခုအတွက် သူ လုဝူယာထံ၌သာလျှင် အပြည့်အဝဆုံးဖြတ်ပိုင်ခွင့်ရှိသည်။အကယ်၍သာ လုံဝူကျီးသည် အခြေအနေအား နားလည်သဘောပေါက်ခြင်းမရှိပါက သူသည် သူတော်စင်ယန်အား ရှင်းပြပြီး တခြားသူထံနေရာများ ပေးအပ်စေပေမည်။
ထိုအချိန်မှာပင် တော်ဝင်မြို့တော်ပြင်ပရှိ အကာအကွယ်ဝင်္ကပါကြီးထံမှ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။
"တစ်ယောက်ယောက်က မြို့တော်ကိုလာပြီး တိုက်ခိုက်တာများလား"
နန်းတွင်းဘဏ္ဍာထိန်းက တုန်လှုပ်ချောက်ချားသွားပေ၏။
ဧကရာဇ်လုံဝူကျီး၏အမိန့်စာလွှာများသည် ပဋိပက္ခများ ဖြစ်ပွါးစေမည်ဟု သူ သိရှိထားသော်လည်း အလွန်လျှင်မြန်စွာ ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။