အခန်း (၁၄၅၁-၁၄၅၅)
Vol. 76 Ch. 1451-1455
Chapter 1451
ထိုအသံသည်အလွန်ကျယ်လောင်သဖြင့် တော်ဝင်မြို့တော်အတွင်းရှိ လူအားလုံးနီးပါး ကြားနေရသည်။
လုံဝူကျီးသည် သူ၏လက်ညှိုးဖြင့် ကျောက်စိမ်းစည်းတံဆိပ်ကိုတောက်နေရာမှ ဤအချိန်အခိုက်အတန့်တွင်ရပ်တန့်လိုက်ပြီး သူက မျက်မှောင်ကြုတ်လိုက်၏။
"လာကြစမ်း"
လုံဝူကျီးသည် သူ့နောက်ရှိကန့်လန့်ကာထံဦးတည်၍ လက်ဝှေ့ယမ်းပြလေသည်။
ရုတ်ချည်းဆိုသလိုပင် ကိုယ်ကျပ်ဝတ်စုံဝတ်ဆင်ထားသောမိန်းမစိုးနှစ်ယောက်သည် လုံဝူကျီး၏ရှေ့၌ ထွက်ပေါ်လာပြီး ရိုသေလေးစားစွာ ပြောဆိုသည်။
"အရှင်မင်းကြီးကို အရိုအသေပြုပါတယ်"
ထိုမိန်းမစိုးနှစ်ယောက်ကိုကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း သူတို့နှစ်ယောက်မတ်တတ်ရပ်နေစဥ်တွင် ကျော်လွှား၍မရနိုင်သောတောင်ကြီးတစ်လုံးကဲ့သို့ လူအများအားလေးလံသောဖိအားကို ခံစားရစေသည်။
လုံဝူကျီး၏နံဘေး၌ထိုင်နေသော လုဝူယာသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အံ့အားသင့်တုန်လှုပ်သွားသည်။ထိုမိန်းမစိုးနှစ်ယောက်ရှိနေမှုကို သူ သတိမပြုမိခဲ့ချေ။
"အရှင်မင်းကြီးရဲ့နန်းတော်ကတော့ ကျားတွေနဂါးတွေ ပုန်းအောင်းနေတဲ့နေရာပဲ"
လုဝူယာက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"ဒါက ကျေးကျွန်နှစ်ယောက်လေးပါပဲ"
လုံဝူကျီးက ပြောဆိုလေ၏။
သူတို့နှစ်ယောက် စကားပြောဆိုနေစဥ်မှာပင် မိန်းမစိုးနှစ်ယောက်သည် နန်းတော်အတွင်းမှ တဟုန်ထိုးပြေးထွက်သွားသည်။
"သူတို့နှစ်ယောက်က သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့်တွေ...သူတို့နှစ်ယောက်အတူပူးပေါင်းပြီး ဖိနှိပ်လိုက်ရုံနဲ့ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်...စိတ်ဝိညာဥ်ကျောက်တုံးတွေကို ခဏလေးနဲ့စုဆောင်းနိုင်မှာ သေချာတယ်"
လုံဝူကျီးသည် အလွန်အကျွံအရေးတယူမရှိသည့်ပုံမျိုးဖြင့် ပြောဆိုသော်လည်း ထိုမိန်းမစိုးနှစ်ယောက်အား ယုံကြည်ချက်ရှိသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် အချိန်အတော်ကြာသည့်တိုင် မိန်းမစိုးတစ်ယောက်မျှ ပြန်ရောက်လာခြင်းမရှိချေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ပြင်ပမှ အော်ဟစ်သံနှင့် သတ်ဖြတ်သံများ တိတ်ဆိတ်ငြိမ်သက်သွားသည်။ကြည့်ရသည်မှာ ပဋိပက္ခကိစ္စများ ပြန်လည်တည်ငြိမ်သွားပုံရသည်။
လုံဝူကျီးက စိတ်သက်သာရာရသွားသောအမူအယာဖြင့် ပြောဆိုလိုက်၏။
"ဒီကျွန်နှစ်ယောက်ကတော့...ကြည့်ရတာ သူတို့က အချိန်အတော်ကြာငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ရတော့ လှုပ်ရှားမှုတွေ နှေးကွေးသွားပုံပဲ"
ဘုန်း...ဘုန်း...
သူ၏စကားမဆုံးမီမှာပင် ကျယ်လောင်သောဆူညံသံကြီးနှစ်သံက နန်းတော်အထက်မှ ထွက်ပေါ်လာသည်။
တော်ဝင်နန်းတော်၏ခေါင်မိုး ချက်ချင်းဆိုသလို ပြိုကျသွားပြီး မရေမတွက်နိုင်သော အုတ်စအုတ်နများ ပြုတ်ကျလာပေ၏။
ဘုန်း....ဘုန်း...
ဆူညံသံနှစ်သံနှင့်အတူ မိန်းမစိုးနှစ်ယောက်သည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။
သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ အပြင်းအထန် ဒဏ်ရာရရှိထားပုံရသည်။သူတို့၏ရင်ဘတ်များ ချိုင့်ဝင်နေပြီး သူတို့၏ပါးစပ်မှ သွေးများအဆက်မပြတ် ယိုစီးကျနေသည်။
"ဘယ်သူလဲ"
လုံဝူကျီးက နဂါးပလ္လင်ကိုရိုက်ပုတ်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
တော်ဝင်မြို့တော်အတွင်းရှိ သူ၏လူများအား ဒဏ်ရာအနာတရဖြစ်အောင်လုပ်ဝံ့သည့် တစ်စုံတစ်ယောက် ရှိနေလေပြီ။
ထိုအချိန်မှာပင် တော်ဝင်နန်းတော်တစ်ခုလုံး ရုတ်တရက်တုန်ခါသွားသည်။
ဝုန်း...
တောင်ကြီးတစ်လုံးယိမ်းယိုင်းနေသည့်အလား တော်ဝင်နန်းတော်တစ်ခုလုံးသည် ရှေ့နောက်ယိမ်းထိုးနေပြီး နောက်ဆုံး၌ မြေပြင်ပေါ်မှလွတ်ထွက်သွားကာ ကျွမ်းထိုးမှောက်ခုံဖြစ်သွားပေ၏။
စူးရှပူပြင်းသောနေရောင်ခြည်က လုံဝူကျီး၏မျက်နှာပေါ်သို့ ချက်ချင်းထိုးကျလာသည်။သူက အပေါ်သို့မော့ကြည့်လိုက်ရာ အဝေးတစ်နေရာရှိ လေထုအတွင်း၌ရှိနေသော လုယွီ၏ပုံရိပ်ကို ချက်ချင်းတွေ့မြင်မိသည်။
"လုံဝူကျီး...ထွက်လာပြီး အသေခံစမ်း"
ကျယ်လောင်သောအော်ငေါက်သံက တော်ဝင်မြို့တော်၏အထက်ကောင်းကင်ယံတစ်ခုလုံး၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လုံဝူကျီး၏မျက်လုံး အေးစက်စက်တောက်ပသွားကာ သူက မြေပြင်ပေါ်သို့ ခြေတစ်ဖက်ဆောင့်နင်းပြီး လေထုအတွင်းသို့ ပျံဝဲတက်လိုက်၏။
"ဘယ်သူပါလိမ့်...နဂါးအင်ပါယာရဲ့ဧကရာဇ်ကို ဘယ်ကောင်ကလာပြီး စိန်ခေါ်ဝံ့တာလဲ"
"ကျွတ်...ကျွတ်...ဒါတွေက ဧကရာဇ်မင်းရဲ့အမိန့်စာလွှာကြောင့် စိတ်ဆိုးဒေါသထွက်လို့ လာတိုက်ခိုက်တာပဲဖြစ်မယ်...ကံဆိုးချင်တော့ ဧကရာဇ်လုံဝူကျီးက လေလွင့်အင်မော်တယ်တစ်ယောက်လေ...လောကကြီးထဲမှာရှိတဲ့ ဘယ်သူကမှ သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
"အဲ့ဒီလူရဲ့ပုံပန်းသွင်ပြင်အရ ငါ အကဲဖြတ်ကြည့်တာတော့ လူငယ်တစ်ယောက်ပဲ...သူက သေရွာသွားဖို့ကို ဒီလောက်တောင် အလျင်လိုနေတာလား"
လေထုအတွင်း၌ လုံဝူကျီးသည် လုယွီအား တွေ့မြင်သွားလေပြီ။
"ဘယ်သူများလဲလို့...မင်း ဖြစ်နေတာကိုး...ပြန်တွေးကြည့်ရင် ငါ လိုက်ဖမ်းလို့ ခွေးတစ်ကောင်လိုထွက်ပြေးပြီး လေဟာနယ်အက်ကွဲကြောင်းထဲ ပြေးဝင်သွားတဲ့ကောင်ကများ...ဘာလဲ...အခု ဒီနေရာကိုအပြေးလာပြီး အသေခံတာလား"
လုံဝူကျီးက အထင်အမြင်သေးစွာ ပြောဆိုသည်။
သူသည် လုယွီအား မှတ်မိပေ၏။လုယွီသည် မြောက်ပိုင်းနယ်မြေ၌သာ ပုန်းအောင်းနေအုံးမည်ဟု သူ တွေးထင်ထားခဲ့သော်လည်း ယခုလက်ရှိအချိန်၌ သူရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
"အရင်တစ်ကြိမ်တုန်းကတော့ မင်း လွတ်မြောက်သွားခဲ့တယ်...အခုချိန်မှာ မင်းက ငါ့ရှေ့ကို မင်းသဘောနဲ့မင်း ရောက်လာတယ်ပေါ့လေ...ငါ မင်းကို သေရွာပို့ပေးရမှာပေါ့"
လုံဝူကျီးသည် သရော်ပြုံးပြုံးရင်း လုယွီဆီသို့ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်သွားသည်။
လုံဝူကျီးသည် လုယွီနှင့်နီးကပ်လာသည်နှင့်အမျှ သူ၏လက်ဖဝါးအတွင်း၌ အလွန်များပြားသောမှော်စွမ်းအားများကို သိပ်သည်းထားလေရာ နဂါးဟိန်းဟောက်သံများပင် ထွက်ပေါ်နေသည်။
Chapter 1452
"သေစမ်း"
လုံဝူကျီးသည် လေထုအတွင်းရှိလုယွီထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။မြောက်များစွာသောနဂါးများထွက်ပေါ်လာပြီး သူတို့၏ပါးစပ်ကြီးများကိုဟ၍ လုယွီထံသို့ ဦးတည်ပျံဝဲသွားကြသည်။
လုယွီထံ၌ ထူးဆန်းသောနည်းလမ်းများစွာရှိသည်ကို သူ သိရှိထားပြီးဖြစ်၍ သူ၏အားအကောင်းဆုံးနည်းစနစ်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ရုတ်ချည်းဆိုသလိုပင် တော်ဝင်မြို့တော်၏အထက်ကောင်းကင်ယံတခွင်လုံး မြောက်များစွာသောနဂါးပုံရိပ်များဖြင့် လွှမ်းခြုံသွားပေ၏။
ဤတိုက်ပွဲအား အဝေးတစ်နေရာမှကြည့်နေသောသူများပင် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို ခံစားရသည်။
"နဂါးဧကရာဇ်လုံဝူကျီးက နှစ်တွေအကြာကြီး ကျင့်ကြံရာမှာပဲ သူကိုယ်သူနစ်မြုပ်ထားတာ...သူက ပိုပြီးတောင်အစွမ်းထက်လာတယ်"
"အခု သူသုံးနေတဲ့ မှော်မန္တန်ကိုကြည့်ရတာ...သိုင်းသူတော်စင်တစ်ယောက်တောင် ဒီတိုက်ခိုက်မှုအောက်မှာ သေဆုံးသွားနိုင်တယ်"
နံဘေးမှစောင့်ကြည့်နေသူများသည် တုန်လှုပ်ချောက်ချားဖွယ် မှော်မန္တန်စွမ်းအင်ကို မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရ၏။
လုယွီ အသက်ရှင်သန်နိုင်မည်မဟုတ်ဟုသာ လူတိုင်းက တွေးထင်ထားကြသည်။
"ဟား ဟား ဟား...အဲ့ဒီကောင် ရူးများနေတာလား...သူက ဒီနေရာကိုလာပြီး အသေခံဝံ့တယ်ပေါ့လေ"
လုယွီရောက်ရှိလာသည်ကိုမြင်ချိန်တွင် လုဝူယာသည် စိတ်အလွန်လှုပ်ရှားသွားပြီး လက်ခုပ်လက်ဝါးပင်တီးလိုက်မိသည်။
လွန်ခဲ့သောရက်အနည်းငယ်အကြာက သူ့အား လုယွီက မောင်းထုတ်ခဲ့သဖြင့် သူ အရှက်ရခဲ့ရသည်။မူလက သူ ဤကိစ္စကို နောင်တစ်ချိန်မှသာတဖြည်းဖြည်းဖြေရှင်းရန် တွေးတောထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဤနေရာသို့ရောက်လာပြီး သေလမ်းရှာနေသဖြင့် သူက ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်ရပေမည်။
'ကံဆိုးချင်တော့...ငါက အဲ့ဒီကောင်ကို ငါကိုယ်တိုင်သတ်ဖို့ အခွင့်အရေးမရှိတော့ဘူး...ဒါပေမယ့် အဲ့ဒီကောင်က ပင်မလုမိသားစုကလာတာလို့ ငါကြားထားတယ်...ငါ ကောင်းကင်ဘုံနယ်မြေကိုတက်လှမ်းနိုင်တာနဲ့ ကိုယ်ပွါးပုံရိပ်ယောင်တစ်ခုစေလွှက်ပြီး ပင်မလုမိသားစုက သေမျိုးပုရွတ်ဆိတ်တွေအကုန်လုံးကိုသတ်ပစ်မယ်'
လုဝူယာက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တွေးတောနေသည်။
သို့ရာတွင် သူ၏ခန့်မှန်းတွက်ချက်မှုမှာ အချိန်ကြာကြာမခံလိုက်ချေ။သူက ထပ်မံ၍ခေါင်းမော့ပြီး လေထုအတွင်းရှိမြင်ကွင်းကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်မိသည်။
လုယွီက လက်သီးတစ်ချက်ထိုးနှက်လိုက်ခြင်းနှင့်အတူ လုံဝူကျီး၏မှော်မန္တန်ပျက်ပြယ်သွားပေ၏။ထို့ပြင် လုယွီသည် ဤမျှနှင့် ရပ်တန့်သွားခြင်းမရှိချေ။သူက ခြေတစ်လှမ်းရှေ့တက်လိုက်ပြီးနောက် သူ၏လက်ဖဝါးအတွင်းမှနေ၍ ရှေးဟောင်းဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများထွက်ပေါ်လာပြီး သူ၏လက်နှစ်ဖက်လုံးအား ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။ထို့နောက် ထိုရွှေရောင်အလင်းတန်းများသည် သူ၏လက်အတွင်း၌ စုဝေးသွားပြီး တုန်လှုပ်ချောက်ချားဖွယ်မှော်စွမ်းအားများပါဝင်သည့် လက်စည်းသင်္ကေတတစ်ခုအသွင် ဖွဲ့စည်းသွားပေ၏။
ဘုန်း....
ထိုလက်စည်းသင်္ကေတသည် လုံဝူကျီးထံသို့ ကျရောက်သွားပေ၏။ရုတ်ချည်းဆိုသလိုပင် လုံဝူကျီးသည် နောက်သို့လွင့်စင်သွားပြီး မြေပြင်နှင့်ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိနဂါးဝတ်ရုံသည် ကောင်းမွန်သောမှော်ရတနာတစ်ခုဖြစ်သော်လည်း အလွန်ကြီးမားသောစွမ်းအားလှိုင်းအောက်တွင် ထိုဝတ်ရုံသည် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲပြီး နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။
"မဖြစ်နိုင်ဘူး"
လုံဝူကျီးသည် ကြောက်ရွံမှုနှင့်ဒေါသထွက်မှုတို့ ရောယှက်နေသောအသံဖြင့် အော်ဟစ်ပြီး သူက လေထုအတွင်းသို့ ထပ်မံ၍ပျံဝဲတက်ရန် ကြိုးပမ်းလေ၏။
သို့ရာတွင် လုံဝူကျီးသည် လေထုအတွင်းသို့ မီတာပေါင်းများစွာ ပျံဝဲတက်ပြီးသည်နှင့် လက်စည်းသင်္ကေတ၏ ပြင်းပြင်းထန်ထန်ရိုက်နှက်ခြင်းကို ထပ်မံ၍ခံရပြီး သူက မြေပြင်ပေါ်သို့ပြန်လည်ပြုတ်ကျလာသည်။
"ကျုပ် ခင်ဗျားကို ထခိုင်းလို့လား"
လုယွီ၏ခံစားချက်ကင်းမဲ့သောအသံက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
မည်သို့ ဖြစ်ပျက်သွားသနည်း။
တိုက်ပွဲအားစောင့်ကြည့်နေကြသူများသည် တုန်လှုပ်ချောက်ချားစွာဖြင့် နေရာမှာပင် ကြက်သေသေနေကြ၏။
လုံဝူကျီးသည် လေလွင့်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လူသူအများရှေ့တွင် လုံဝူကျီးသည် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရပြီး မြေပြင်ပေါ်၌ ပုံလျက်သားလဲကျနေသည်။သူသည် မတ်တတ်ပင်ထမရပ်နိုင်တော့ချေ။
"ပင်လယ်နတ်ဘုရားလက်ဝါး...အရာအားလုံး တစ်ခုတည်းအဖြစ်စုစည်းစေ"
လုံဝူကျီးက အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏နောက်၌ အဝါရောင်နဂါးတစ်ကောင်၏ပုံရိပ်ထွက်ပေါ်လာသည်။ထိုနဂါးထံမှနေ၍ လျှို့ဝှက်ဆန်းကြယ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှက်ထားပေ၏။
နဂါးအင်ပါယာ၏ဧကရာဇ်မင်းဖြစ်သဖြင့် လုံဝူကျီးသည် တော်ဝင်မြို့တော်အတွင်း၌ အားသာချက်များရှိသည်။ဤအချိန်တွင် သူ၏အားအကောင်းဆုံးမှော်မန္တန်ကို အသုံးပြုထားပြီး တော်ဝင်မြို့တော်အတွင်းရှိစွမ်းအားလှိုင်းများကို သူ့ထံသို့ဆွဲယူနေပေ၏။
ဝီ....ဝီ...
တော်ဝင်မြို့တော်၏အထက်ကောင်းကင်ယံအတွင်းရှိ လေဟာနယ်ပင် တွန့်လိမ်စပြုလာသည်။
"ဒီလက်ဝါးရိုက်ချက်အောက်မှာ မင်း သေကိုသေရမယ်"
လုံဝူကျီးသည် သူ၏လက်ဝါးအတွင်း၌ စုစည်းထားသော စွမ်းအားလှိုင်းများကို လုယွီထံဦးတည်၍ တွန်းထုတ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်တွင် လေလွင့်အင်မော်တယ်တစ်ယောက်၏စွမ်းအားအကုန်အစင် ပါဝင်နေလေရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်များပင် ပုံပျက်သွားခဲ့သည်။
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်နည်းစနစ်ကို အသက်သွင်းလိုက်၏။သူ၏လက်ဖဝါးအတွင်း၌ ရှေးဟောင်းအရှိန်အဝါများစုဝေးလာပြီး လုံဝူကျီးထံဦးတည်၍ရိုက်နှက်လိုက်သည်။
တောင်ကြီးတစ်လုံးကဲ့သို့လေးလံသော ဖိအားအရှိန်အဝါသည် လုံဝူကျီးအား ချက်ချင်းပင်ရိုက်ခတ်မိသည်။
လုံဝူကျီးသည် သူ၏ခန္ဓာကိုယ်မှသွေးကြောများ ပေါက်ကွဲထွက်သွားသည်ကို ရုတ်တရက်ခံစားမိသည်။သူသည် လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤအရှိန်အဝါအောက်တွင် အဆက်မပြတ်နောက်ဆုတ်နေရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးများစိုရွှဲနေသည်။
Chapter 1453
"မဖြစ်နိုင်ဘူး...လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက သူက ငါလိုက်ဖမ်းလို့ ထွက်တောင်ပြေးရတဲ့ ဂျူနီယာတစ်ယောက်လေ...ဘယ်လိုလုပ်ပြီး အချိန်တိုလေးအတွင်းမှာ သူက ဒီလောက်ထိအားကောင်းလာရတာလဲ"
လုံဝူကျီးသည် အဆက်မပြတ်နောက်ဆုတ်နေရပြီး သူ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသည်။
ဘုန်း...
လုယွီ၏လက်ဝါးရိုက်ချက် ထပ်မံ၍ကျဆင်းလာပြန်ရာ လုံဝူကျီးသည် မီတာရာပေါင်းများစွာအကွာအဝေးသို့ လွင့်ထွက်သွားပေ၏။
လုံဝူကျီးလွင့်ထွက်သွားမှုကြောင့် မြေပြင်ပေါ်၌ နက်ရှိုင်းသောစွက်ကြောင်းရာကြီး ထင်ကျန်ရစ်ခဲ့သည်။သူက နံရံတစ်ခုနှင့်ဝင်ဆောင့်မိရာ နံရံပေါ်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။
"မင်းက လက်စားချေဖို့ ဒီနေရာကို ရောက်လာတာလား"
လုံဝူကျီးက လုယွီကိုစူးစိုက်ကြည့်ပြီး မေးမြန်းသည်။
လုယွီက လုံဝူကျီးထံသို့ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်သွားပြီး တည်ငြိမ်သောအသံဖြင့်ပြောဆိုလိုက်၏။
"ခင်ဗျားက ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးနေတာပဲ...တကယ်လို့ ခင်ဗျားသာ ပြဿနာထပ်မရှာဘူးဆိုရင်...ကျုပ် ခင်ဗျားကို ဘယ်တော့မှလာရှာမှာမဟုတ်ဘူး"
လုယွီက လုံဝူကျီးကိုကြည့်ပြီး လေးနက်တည်ကြည်သောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ခင်ဗျားရဲ့နဂါးအင်ပါယာအတွင်းမှာ ခင်ဗျားဟာခင်ဗျား ဘယ်လောက်ဆိုးရွားတဲ့ကိစ္စတွေလုပ်နေနေ ကျုပ်နဲ့ဘာမှမဆိုင်ဘူး...တကယ်လို့ ခင်ဗျားက အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်နဲ့ ပူးပေါင်းထားတယ်ဆိုရင်တောင် ကျုပ် မမြင်ချင်ယောင်ဆောင်နေလို့ရတယ်...ဒါပေမယ့် ခင်ဗျားက မလုပ်သင့်ဆုံးကိစ္စက ကျီးချန်ယွီကို ထိပါးခဲ့တာပဲ"
ဘုန်း...
လုယွီက ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ခြေဆောင့်နင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်မှနေ၍ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
"မိုးကောင်းကင်တောင် အရောင်ပြောင်းသွားပါလား",
"ဒါက တုန်လှုပ်ချောက်ချားစရာပဲ...သူ လူဘယ်လောက်များများတောင် သတ်ဖြတ်ပြီးပြီလဲ"
လူအုပ်ကြီးသည် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကိုကြည့်ပြီး တုန်လှုပ်ချောက်ချားနေကြ၏။
ဤအပြောင်းအလဲများသည် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အလွန်အားကောင်းနေခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ကျီးချန်ယွီဟု ဆိုလိုက်သလော...
လုံဝူကျီး၏မျက်လုံးအတွင်း၌ ဝေခွဲရခက်သော အရိပ်အယောင်များ ထင်ဟပ်သွားသည်။ရုတ်ချည်းဆိုသလိုပင် သူက တစ်စုံတစ်ခုကိုတွေးတောမိကာ သူ၏စိတ်နှလုံးသား တုန်ခါသွားပေ၏။
"ဒါက သူ့ကြောင့်လား"
ကျီးချန်ယွီသည် သူ၏လက်အောက်ငယ်သား သစ္စာဖောက်တစ်ယောက်မှကျန်ရစ်သော မျိုးဆက်ဖြစ်သည်။
ထိုအချိန်တုန်းက အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အား အလိုရှိနေရာ လုံဝူကျီးသည် ကျီးချန်ယွီအကြောင်းကို တွေးတောမိသည်။အကယ်၍ သူမသေဆုံးသွားလျှင်ပင် သူ့အတွက် မည်သည့်ထိခိုက်နစ်နာမှုမျှရှိမည်မဟုတ်ဟု လုံဝူကျီးက တွေးထင်ခဲ့သည်။
"သေစမ်း"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပသွားပြီး သူက လုံဝူကျီးထံဦးတည်၍ လက်ဝါးတစ်ချက် ထပ်မံရိုက်ထုတ်လိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်....
ရုတ်ချည်းဆိုသလိုပင် လက်စည်းသင်္ကေတတစ်ခုက လေထုအတွင်း၌ သိပ်သည်းသွားသည်။လုံဝူကျီးသည် ထိုလက်စည်းသင်္ကေတအား မြင်တွေ့မိသော အချိန်အခိုက်အတန့်၌ သူ့ခေါင်းမှဆံပင်များပင် ထောင်မတ်သွားပေ၏။
သူ၏မသိစိတ်မှနေ၍ ထိုလက်စည်းသင်္ကေတထံမှ အလွန်ကြီးမားသောအန္တရာယ်ပေးနိုင်မှုကို ခံစားမိနေသည်။
ထိုမှော်မန္တန်ကိုသာ သူ ခံယူရပါက သူ သေဆုံးသွားပေလိမ့်မည်။
"လျှို့ဝှက်နည်းစနစ်"
လုံဝူကျီးသည် ထိတ်လန့်တကြားဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏လျှာထိပ်မှနေ၍ သွေးမြူများပန်းထွက်လာကာ သူ့နံဘေးပတ်လည်၌ မျောလွင့်နေပေ၏။
ထိုသွေးမြူများ ထွက်ပေါ်လာသည်နှင့် လုံဝူကျီး၏အရှိန်အဝါ ပို၍အားကောင်းသွားသည်။သူ၏နောက်ရှိ အဝါရောင်နဂါးပုံရိပ်ယောင်ကြီးသည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ်ရစ်ပတ်ကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် သယ်ဆောင်လိုက်သည်။
"သေစမ်း"
လုယွီက လက်ညှိုးတစ်ချက်ညွှန်လိုက်ခြင်းနှင့်အတူ လုံဝူကျီး၏နံဘေးပတ်လည်ရှိလေဟာနယ်အား ပိတ်ဆို့ထားပြီးဖြစ်သည်။
လုယွီသည် သိုင်းသူတော်စင်နယ်ပယ်အလယ်အလတ်အဆင့်သာရှိစဥ်ကပင် လေလွင့်အင်မော်တယ်တစ်ယောက်သည် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။ယခုလက်ရှိချိန်တွင် သူ၏ကျင့်ကြံဆင့်သည် သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ထို့ကြောင့် လေလွင့်အင်မော်တယ်အမြောက်အများ စုစည်းတိုက်ခိုက်လျှင်ပင် လုယွီအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
လုံဝူကျီး၏နံဘေးပတ်လည်ရှိ လေဟာနယ်အားပိတ်ဆို့ခံထားရမှုသည် တစတစပို၍တင်းကြပ်လာပေ၏။
ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ကျဆင်းလာပြီး လုံဝူကျီး၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
"မိတ်ဆွေလေး...ငါ့မျက်နှာကိုထောက်ထားပြီး သူ့ကိုအခက်တွေ့အောင် မလုပ်ပါနဲ့လား"
ကွန်ဖြူးရှပ်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က တဖြည်းဖြည်းရောက်ရှိလာသည်။
သူထွက်ပေါ်လာသည်နှင့် သူအားမြင်မိသည့်မည်သူမဆို နွေဦးလေပြည်ညှင်းဖြတ်၍တိုက်ခတ်သွားသည့်အလား အေးမြမှုကို ခံစားလိုက်ရ၏။
လုယွီ၏မျက်ခုံး ပင့်တက်သွားသည်။
"ခင်ဗျားက ဘယ်သူလဲ"
လူလတ်ပိုင်းကြီးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေ၏။
"ငါ့နာမည်က ကျန်းချွယ်...ဘိုးဘေးတွေရဲ့မျက်နှာသာပေးမှုကို ရရှိပြီး သူတော်စင်ယန်ဆိုတဲ့ ဘွဲ့ဂုဏ်ပုဒ်ကို ချီးမြှင့်ခြင်းခံထားရတယ်"
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ဝိုက်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ယခုရောက်ရှိလာသူမှာ သူတော်စင်မိသားစု၏မျိုးဆက် အလယ်ပိုင်းကုန်းမြေ၏မူအစောင့်အရှောက် သူတော်စင်ယန်ဖြစ်ပေ၏။
ဤအချိန်တခဏမှာပင် ပတ်ဝန်းကျင်ရှိလူအများအပြားသည် ဒူးထောက်ဦးညွှတ်၍ သူတော်စင်ယန်အား အရိုအသေပြုလိုက်ကြ၏။
လုယွီက သူတော်စင်ယန်အား အေးစက်တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားက သူ့ကိုကယ်ချင်တာလား"
သူတော်စင်ယန်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"ဒီလောက်တောင် မင်း လုပ်ခဲ့ပြီးပြီလေ...လုံလောက်သင့်ပြီမဟုတ်ဘူးလား"
"ငါရဲ့လူတွေက မင်းအကြောင်းကိုစုံစမ်းပြီးသွားပြီ...မင်းက လုမိသားစုရဲ့သခင်လေးဖြစ်တဲ့အပြင် ရေခဲနယ်မြေရဲ့မူအစောင့်အရှောက်ပဲ...မင်းရဲ့ခွန်အားက တကယ်ကိုမဆိုးပါဘူး...ဒါပေမယ့် မင်းတို့လုမိသားစုကလူတွေက မင်းကို သင်ပြမထားဘူးလား...အခုချိန်ထိ မင်းက လုံဝူကျီးကို သတ်ချင်နေတုန်းပဲဆိုတော့ မင်းက ငါ့ကိုတကယ်ကို မျက်လုံးထဲထည့်မထားတာပဲ"
Chapter 1454
"လုံဝူကျီး လုဝူယာတို့နဲ့မင်းကြားမှာ ဘာပြဿနာရှိလို့ ဒီလောက်ထိ လွန်လွန်ကျူးကျူးလုပ်ချင်နေတာလဲ...မင်းတို့တွေကြားမှာ အရင်က ရန်ငြှိုးတွေရှိခဲ့ရင်တောင် ဒီလိုလုပ်တာက အရမ်းမလွန်လွန်းဘူးလား"
"ငါက သူတော်စင်တွေရေးသားခဲ့တဲ့စာအုပ်တွေကို အမြဲတမ်းဖတ်ခဲ့တော့ ဘယ်ဟာက ဖြောင့်မတ်မှန်ကန်ပြီး လူသားဆန်တယ်ဆိုတာကိုသိတယ်...မင်းက ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်လို့လည်း ငါ ကြားထားတယ်...မင်းရဲ့ခုအပြုအမူတွေကတော့ တကယ့်ကိုလူမဆန်ဘူး"
သူတော်စင်ယန်၏စကားလုံးများသည် ပို၍ပို၍ကြမ်းတမ်းလာပြီး သူ၏အသံသည်လည်း တစတစပို၍ကျယ်လောင်လာသည်။သူက လုယွီကို ခွှင့်လွှတ်၍မရနိုင်သော အပြစ်သားတစ်ယောက်ဖြစ်ပြီး အလွန်ဆိုးသွမ်းသူအဖြစ်ပြစ်တင်ရှုံချနေပေ၏။
သူက လုယွီအားကြည့်ပြီး ဆက်လက်ပြောဆိုလေ၏။
"အလယ်ပိုင်းကုန်းမြေရဲ့မူအစောင့်အရှောက်တစ်ယောက်အနေနဲ့ ငါက နယ်မြေအတွင်းကလူတွေကိုကာကွယ်ပေးဖို့ တာဝန်ရှိတယ်...မင်း မဆင်မခြင်လုပ်နေတာကို ငါ ခွင့်ပြုမပေးနိုင်ဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ခင်ဗျားက လုံဝူကျီးကို ကာကွယ်ဖို့ရောက်လာတယ်ဆိုမှတော့...သူ ဘာတွေလုပ်ခဲ့လဲဆိုတာ ခင်ဗျားသိလား"
ထို့နောက် လုယွီက သူနှင့်မလှမ်းမကမ်းအကွာအဝေးရှိ လုဝူယာအား လက်ညှိုးညွှန်လိုက်၏။
"ခင်ဗျားက အဲ့ဒီကောင်ကို စုံစမ်းစစ်ဆေးရေးမှူးရာထူးပေးပြီး စေလွှက်လိုက်တယ်...ခင်ဗျားရဲ့နောက်ကွယ်မှာ သူ ဘာတွေလုပ်နေလဲဆိုတာရော ခင်ဗျားသိရဲ့လား"
"ခင်ဗျားက သူတို့ ဘာတွေလုပ်ခဲ့လဲဆိုတာတောင် မသိခဲ့ဘဲနဲ့...ကျုပ်ကိုလာပြီး စွပ်စွဲပြစ်တင်နေတယ်...သူတို့ပြောသမျှကို ခင်ဗျားက မျက်စိစုံမှိတ်ပြီး ယုံကြည်နေခဲ့တယ်...ခင်ဗျားက ကိုယ့်ကိုကိုယ် သူတော်စင်တစ်ယောက်ဆိုပြီး အမှားအမှန်ကိုတောင် ကွဲကွဲပြားပြားမသိဘဲနဲ့ ကျုပ်ကိုတောင် သင်ခန်းစာပေးရဲသေးတယ်...ခင်ဗျား မရှက်ဘူးလား...ထွက်သွားစမ်း"
လုယွီက ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အားကောင်းသောအရှိန်အဝါများထွက်ပေါ်လာကာ သူတော်စင်ယန်၏အရှိန်အဝါကို ချိုးနှိမ်လိုက်၏။
"မင်း...."
သူတော်စင်ယန်၏မျက်နှာ နီမြန်းသွားပြီး သူက ဒေါသတကြီးဖြင့် လုယွီအား လက်ညှိုးညွှန်လိုက်သည်။သူသည် သူတော်စင်မိသားစု၏မျိုးဆက်ဖြစ်သဖြင့် တစ်ပါးသူများကိုသာ အစဥ်အမြဲပြစ်တင်ရှုံချခဲ့သူဖြစ်သည်။မည်သည့်အချိန်မှစ၍ တစ်ဖက်လူမှ သူ့အား ဝေဖန်ပြောဆိုခွင့် ရှိသွားရသနည်း။
ဤအချိန်တွင် သူတော်စင်ယန်သည် အလွန်အမင်းဒေါသထွက်နေမှုကြောင့် သူ၏မျက်နှာတစ်ခုလုံးနီမြန်းနေပြီး သူ့နှုတ်ခမ်းများပင် တုန်ရီနေပေ၏။နောက်ဆုံး၌ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက တကယ့်ကို မျှော်လင့်ချက်မဲ့နေတဲ့ကောင်ပဲ"
လုယွီက ခက်ထန်တင်းမာသောအသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"ကျုပ်ဆီမှာ ခင်ဗျားကိုမျက်နှာသာပေးမယ့် ရည်ရွယ်ချက်မျိုးမရှိဘူး...ခင်ဗျားက ဘာကောင်မှမဟုတ်ဘူး"
စကားဆုံးသည်နှင့် လုယွီသည် သူ၏လက်ကိုမြှောက်၍ နဂါးဖမ်းလက်အား အသုံးပြုလိုက်သည်။ထိုမှော်စွမ်းအားသည် သူတော်စင်ယန်ကိုဖြတ်သန်းသွားပြီး သူ့နောက်ရှိလုံဝူကျီးအား ဖမ်းဆုပ်လေ၏။
လုံဝူကျီးသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လျှို့ဝှက်နည်းစနစ်ကို အဆုံးစွန်ထိမြှင့်တင်ကာ နောက်လှည့်၍ ထွက်ပြေးလိုက်တော့သည်။
လုယွီ၏အကြည့်က အေးစက်နေသည်။သူက လုံဝူကျီးထွက်ပြေးသည်ကိုမြင်သည်နှင့် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
ဘုန်း...
လုံဝူကျီးသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လွင့်စင်ကျလာသည်။လုယွီက လုံဝူကျီး၏နောက်မှ ထပ်ချပ်မကွာလိုက်နေပြီး သူ၏မျက်နှာပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အထင်းသားထင်ဟပ်နေပေ၏။
လုံဝူကျီးက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ငါ...ငါက အဲ့ဒီမိန်းကလေး ဘယ်သူလဲဆိုတာ မသိခဲ့လို့ပါ...ငါ့ကို အခွင့်အရေးတစ်ခုပေးပါ...မင်း ငါ့ကိုလွှက်ပေးမယ်ဆိုရင်...ငါ မင်းကို နဂါးအင်ပါယာတစ်ခုလုံး ပေးပါ့မယ်"
လုံဝူကျီးသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အမှန်တကယ်ကိုပင် တုန်လှုပ်ချောက်ချားနေမိသည်။သူက နောင်တကြီးစွာရနေပေ၏။နောက်ထပ်ရက်အနည်းငယ်အကြာတွင် သူသည် သူတော်စင်ယန်နောက်သို့လိုက်၍ ကောင်းကင်ဘုံလမ်းကြောင်းသို့ဝင်ရောက်ကာ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ပေမည်။
ရက်အနည်းငယ်သာ လိုအပ်ပေ၏။ကံဆိုးစွာဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှ လောဘစိတ်များအား မထိန်းချုပ်နိုင်ခဲ့ချေ။အကယ်၍သာ သူသည်အနောက်ပိုင်းခြင်္သေ့နယ်မြေမှ ကမ်းလှမ်းချက်များကို လိုချင်တပ်မက်ခြင်းမရှိခဲ့ပါက ကျီးချန်ယွီအားသွေးဆောင်၍ခေါ်ထုတ်ရန် ကြိုးပမ်းမိမည်မဟုတ်ချေ။
အရာအားလုံး သူ၏လောဘစိတ်ကြောင့် ဖြစ်တည်လာခြင်းပင်။
"ငါ မင်းကို အခွင့်အရေးပေးရမှာလား...ကျီးချန်ယွီတုန်းကရော ဘယ်သူက သူ့ကိုအခွင့်အရေးပေးခဲ့လဲ"
ထိုသနားစဖွယ်မိန်းကလေးသည် သူမ၏အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေပြီး သူက လုံဝူကျီး၏လည်ပင်းပေါ်သို့ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။
ဂျွတ်ခနဲမြည်သံနှင့်အတူ လုံဝူကျီး၏လည်ပင်း ချက်ချင်းပင် ကျိုးကြေသွားတော့သည်။
"မင်း လုပ်ရဲလား"
သူတော်စင်ယန်သည် ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုကို ရောယှက်၍ခံစားနေရပြီး သူက လုယွီထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။
လုယွီသည် သူတော်စင်ယန်နှင့် ပဋိပက္ခဖြစ်ရန် ရည်ရွယ်ချက်မရှိချေ။ထို့ကြောင့် သူက နံဘေးသို့တိမ်းရှောင်၍ ထိုလက်သီးချက်အား ရှောင်ရှားလိုက်သည်။
"ဒီနေ့ဖြစ်ခဲ့သမျှ ကိစ္စအားလုံးက အကြောင်းကြောင့်အကျိုးဖြစ်လာတာ...ကျုပ် ခင်ဗျားနဲ့ အငြင်းမပွါးချင်ဘူး...ကောင်းကင်ဘုံလမ်းကြောင်းက မကြာခင်ပွင့်တော့မှာ ခင်ဗျားကိုယ်ခင်ဗျား ဒုက္ခရောက်အောင်မလုပ်နဲ့"
လုယွီက သူတော်စင်ယန်အား စူးစိုက်ကြည့်ပြီး တည်ကြည်လေးနက်သောအသံဖြင့်ပြောဆိုသည်။
သူတော်စင်ယန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကိုတွေးတောနေပုံရပြီး သူ၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
လုယွီသည် သူတော်စင်ယန် မည်သည့်အရာအား တွေးတောနေသည်ကို ဂရုမစိုက်ချေ။သူက လက်ဆန့်တန်းပြီး လုံဝူကျီး၏စိတ်ဝိညာဥ်ကို ဖမ်းဆုပ်လိုက်သည်။
Chapter 1455
"အား....အား...အား...."
စူးရှနာကျင်စွာအော်ဟစ်သံနှင့်အတူ လုံဝူကျီး၏စိတ်ဝိညာဥ်သည် လုယွီ၏လက်အတွင်း၌ ဖမ်းဆုပ်ခြင်းခံလိုက်ရ၏။
လုယွီသည် လုံဝူကျီးအား စိတ်သက်သာရာရရန်ပင် အခွင့်အရေးမပေးချေ။သူ၏လက်ဖြင့် လုံဝူကျီး၏စိတ်ဝိညာဥ်အားခေါင်းထက်မှ အုပ်မိုးကိုင်ကာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်အား အသုံးပြုလိုက်သည်။
"ငါ....ငါက ဧကရာဇ်မင်းလေ...."
"ဟား ဟား ဟား ဟား...ငါက သေမှာမဟုတ်ဘူး....ငါက လေလွင့်အင်မော်တယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီးသေနိုင်မှာလဲ"
"ငါက လေလွင့်အင်မော်တယ်...အစစ်အမှန်မသေမျိုးတစ်ယောက်ပဲ....မင်းတို့အားလုံးပဲသေရမှာ...မင်းတို့အားလုံးပဲ"
စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်သည် တစ်ဖက်လူ၏စိတ်ဝိညာဥ်အား တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။
ယခုလက်ရှိချိန်၌ လုံဝူကျီးသည် တခြားသူများအား အရူးများဟု ထင်မြင်နေသည်။အမှန်အားဖြင့် သူသာလျှင် ရူးသွပ်သွားခြင်းဖြစ်ပေ၏။
စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်အောက်၌ လုံဝူကျီး၏မြောက်မြားလှသော မှတ်ဥာဏ်များသည် လုယွိ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
သူသည် ဧကရာဇ်မင်းတစ်ပါးဖြစ်ရန် ရက်စက်ကြမ်းကြုတ်သောကိစ္စအမြောက်အများကို ပြုလုပ်ခဲ့ပေ၏။
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။သူသည် ကျီးချန်ယွီ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို မြင်တွေ့ရရုံသာမက လုံဝူကျီး လုပ်ဆောင်ခဲ့သော မကောင်းမှုအမြောက်အများကိုပါ တွေ့မြင်မိသည်။
"ခင်ဗျားကိုသတ်ပစ်တာက ကျုပ်မမှားဘူး"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
ထိုပြစ်မှုများနှင့်ဆိုပါက လုံဝူကျီးအား ဆယ်ကြိမ်မကသတ်ဖြတ်ရန် လုံလောက်ပေ၏။ဘန်းခနဲမြည်သံနှင့်အတူ လုံဝူကျီး၏စိတ်ဝိညာဥ်သည် လုယွီ၏ချေမွှဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။
"မင်း....မင်း ဒီလောက်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေများပြားနေမှတော့ အနှေးနဲ့အမြန် အပြစ်ပေးခံရမှာပဲ"
သူတော်စင်ယန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေ၏။
"တကယ်လို့ ခင်ဗျားက လုံဝူကျီးအတွက်လက်စားချေချင်တယ်ဆိုရင်...အခုချက်ချင်း လှုပ်ရှားလို့ရတယ်"
သူတော်စင်ယန်သည် လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေသော်လည်း သူက လှုပ်ရှားခြင်းမပြုချေ။
လုယွီသည် လုံဝူကျီးကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။သူ၏ခွန်အားကို မှန်းဆ၍မရနိုင်ချေ။
မကြာမီအချိန်တွင် ကောင်းကင်ဘုံလမ်းကြောင်းပွင့်တော့မည်ဖြစ်ရာ ဤအချိန်သည် သူ လုယွီနှင့်တိုက်ခိုက်နေရမည့်အချိန်မျိုး မဟုတ်ချေ။
"ဟမ့်"
သူတော်စင်ယန်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ထွက်ခွါသွားတော့သည်။
သူတော်စင်ယန်၏ထွက်ခွါသွားခြင်းနှင့်အတူ ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။မြောက်များစွာသောလူများသည် လုယွီ၏မျက်နှာကိုစူးစိုက်ကြည့်ပြီး မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနေကြသည်။
အချိန်တခဏအကြာမှာပင် တစ်စုံတစ်ယောက်သည် လုယွီကို မှတ်မိသွားပြီး အံ့အားသင့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။
"သူက အရင်တုန်းကလျှို့ဝှက်နဂါးစာရင်းရဲ့နံပါက်တစ် ကောင်းကင်နန်းတော်ပြိုင်ပွဲမှာအနိုင်ရသွားတဲ့ မြေအောက်လောကပဲ"
"အဲ့ဒီအချိန်တုန်းက သူ လူငယ်မျိုးဆက်သစ်တွေကြားမှာ ထိပ်ဆုံးတစ်ယောက်ဖြစ်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...တစ်နှစ်ဆိုတဲ့အချိန်တိုလေအတွင်းမှာ သူက ဒီလောက်ထိတောင် အားကောင်းနေပြီ"
လူအများသည် လုယွီ၏လက်ရှိခွန်အားကိုကြည့်ပြီး အံ့အားသင့်စွာဖြင့် ပြောဆိုဆွေးနွေးနေကြသည်။
လုယွီက အနီးပတ်ဝန်းကျင်ရှိအသံများကို မကြားသကဲ့သို့သာ ပြုမူနေသည်။
သူက တော်ဝင်မြို့တော်အား စူးစိုက်ကြည့်ပြီး သူ့စိတ်ဝိညာဥ်၏စွမ်းအားကိုထုတ်လွှက်ကာ လူတချို့အား တစ်ယောက်ပြီးတစ်ယောက် လိုက်လံဖမ်းဆီးလိုက်သည်။
ထိုလူများသည် ကျီးချန်ယွီအား အနောက်ပိုင်းခြင်္သေ့နယ်မြေသို့ ဆွဲဆောင်ခေါ်ယူခဲ့သော ဖြစ်စဥ်အတွင်း၌ ပါဝင်ပတ်သက်ခဲ့ကြသူများဖြစ်သည်။
"မင်းတို့က အခုထိ ထွက်ပြေးဖို့စဥ်းစားနေကြတုန်းလား"
လုယွီက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်ပြီးနောက် မမြင်နိုင်သောအားလှိုင်းတစ်ရပ်သည် လေထုအားဖြတ်တောက်၍ ထိုလူများပေါ်သို့ ကျရောက်သွားပေ၏။
ဘန်း...ဘန်း...ဘန်း...
ရုတ်ချည်းဆိုသလိုပင် ထိုလူများအားလုံးသည် လုယွီထံမှစွမ်းအားလှိုင်း၏ရိုက်ခတ်ခြင်းကိုခံရပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
လုယွီသည် သူနှင့် မလှမ်းမကမ်းအကွာအဝေးရှိ လုဝူယာကို တစ်ချက်ကြည့်လိုက်သော်လည်း လျစ်လျှူရှုကာ နဂါးအင်ပါယာမှ ထွက်ခွာခဲ့တော့သည်။
ဤအချိန်တွင် နဂါးအင်ပါယာ၏တော်ဝင်မြို့တော်အတွင်း၌ နက်ရှိုင်းပြီးကြီးမားသော ချိုင့်နက်ကြီးများ ကျန်ရစ်ခဲ့သည်။ယခင်က နဂါးအင်ပါယာ၏ဧကရာဇ်မင်းဖြစ်သော လုံဝူကျီးသည် ချိုင့်နက်ကြီးတစ်ခုအတွင်း၌ လဲကျသေဆုံးနေပြီး သူ၏လည်ပင်းက ကျိုးပဲ့ကြေမွနေကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် ဤကဲ့သို့အဆုံးသတ်ဖြင့်ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မိမည်မဟုတ်ချေ။
"မဟုတ်သေးဘူး...ငါ ဒီနေရာကနေ မြန်မြန်ထွက်ပြေးရမယ်...တကယ်လို့ သူသာ ငါ့ကိုသတ်ချင်တယ်ဆိုရင် ငါ သေသွားလိမ့်မယ်"
လုဝူယာသည် လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံနေသည်။သူသည် လုယွီ၏ရှေ့၌ လှောင်ပြောင်ရှုံချခဲ့မိသည်ကို ပြန်လည်တွေးတောမိချိန်တွင် သူ၏ခန္ဓာကိုယ်မှ သတ္တိများအားလုံး ပျောက်ဆုံးသွားပေ၏။
သူသည် ဖရိုဖရဲဖြစ်နေသော တော်ဝင်မြို့တော်မှ အလျှင်အမြန်ထွက်ပြေးပြီး မိုင်ပေါင်းများစွာကွာဝေးသော နေရာသို့ရောက်မှသာ ရပ်တန့်လိုက်သည်။
"အဲ့ဒီကောင်က ဘာလို့ ဒီလောက်ထိအားကောင်းသွားတာလဲ...ပြီးတော့ သူက မူအစောင့်အရှောက်တစ်ယောက်လား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လုဝူယာ၏စိတ်နှလုံးသားတစ်ခုလုံး မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်မှာပင် လုဝူယာ၏ခါး၌ချိတ်ထားသည့် တံဆိပ်ပြား ရုတ်တရက်ပူလောင်လာသည်။