အခန်း (၁၄၅၆-၁၄၆၀)
Vol. 76 Ch. 1456-1460
Chapter 1456
လုဝူယာသည် တံဆိပ်ပြားပူလောင်သည်ကို သတိထားမိသည်နှင့် သူ၏ခါးမှ အလျှင်အမြန်ဖြုတ်ယူလိုက်၏။
ထိုတံဆိပ်ပြားမှနေ၍ အလင်းရောင်တန်းများ ထွက်ပေါ်လာလာသည်။ထို့နောက် သူတော်စင်ယန်၏ပုံရိပ်သည် အလင်းတန်းများအကြားမှ တဖြည်းဖြည်း ထွက်ပေါ်လာပေ၏။
"ကျွန်တော်က သူတော်စင်ယန်ကို အရိုအသေပြုပါတယ်"
လုဝူယာက ဦးညွှတ်၍အရိုအသေပြုပြီး ရိုသေလေးစားစွာ ပြောဆိုသည်။
သူတော်စင်ယန်၏မျက်နှာက သုန်မှုန်နေပြီး သူက ပြောဆိုလိုက်၏။
"မင်း အရင်ကပြောခဲ့တာတွေက အမှန်ဖြစ်နေတာပဲ...လင်ရှောင်းဂိုဏ်းကလူတွေက တကယ့်ကို မျှော်လင့်ချက်မဲ့နေပြီ...ဒီလိုမျိုး သနားကြင်နာမှုမရှိ အရှက်တရားကင်းမဲ့တဲ့ ဂိုဏ်းမျိုးကသာ သွေးဆာနေတဲ့တပည့်မျိုးကို မွေးထုတ်ပေးနိုင်မှာ"
လုဝူယာက အလျှင်အမြန် ပြောဆိုလေသည်။
"သူတော်စင်ယန်ပြောတာ အမှန်ပဲ...လုယွီက အရမ်းမောက်မာလွန်းတယ်"
လုယွီသည် သူ ပြုလုပ်ခဲ့သောတချို့အရာများကို သူတော်စင်ယန်အား ထုတ်ဖော်ပြောဆိုခဲ့သည်။အကယ်၍ ယခင်ကသာ ထိုကိစ္စများအား သူတော်စင်ယန် သိရှိသွားပါက သူမြှုပ်နှံစရာပင်မြေမရှိဘဲ သေဆုံးရပေမည်။ကံကောင်းထောက်မစွာဖြင့် သူတော်စင်ယန်သည် ထိုကိစ္စအား အလေးထားပုံမရချေ။
သူတော်စင်ယန်က ဒေါသတကြီး ဆက်လက်ပြောဆိုသည်။
"အဲ့ဒီကောင်က သတ်ဖြတ်ရတာကို အရမ်းမွေ့လျော်နေပုံရတယ်...သူ ကောင်းကင်ဘုံလမ်းကြောင်းကိုဝင်တဲ့အခါကျရင် မိုးကောင်းကင်ရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်"
လုဝူယာသည် အလျှင်အမြန် ခေါင်းညိမ့်ပြပြီး ပြောဆိုသည်။
"သူတော်စင်ယန်ပြောတာ အရမ်းမှန်တယ်...အဲ့ဒီလိုလူရမ်းကားမျိုးက အချိန်ခဏလေးပဲ မောက်မာနိုင်မှာ...အဆုံးသတ်ကျရင် သူက တန်ကြေးပြန်ပေးဆပ်ရမှာပဲ"
"အင်း..."
သူတော်စင်ယန်သည် စိတ်ကျေနပ်မှုရသွားပုံဖြင့် ခေါင်းညိမ့်နေလေ၏။သူသည် လုဝူယာ၏မြှောက်ပင့်ပြောဆိုမှုကို သဘောကျနှစ်ခြိုက်နေသည်မှာ သိသာထင်ရှားလှသည်။
ထို့နောက် သူက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"လုံဝူကျီးက သေသွားမှတော့...အဲ့ဒီနေရာသုံးနေရာအတွက် မင်းဟာမင်း ဆုံးဖြတ်ချက်ချနိုင်တယ်...ဟိုအရူးကောင် ပြောသွားတဲ့စကားတွေအတွက်လည်း မင်း ဘာမှစိုးရိမ်နေစရာမလိုဘူး...ဒီနှစ်တွေမှာ မင်းလုပ်ခဲ့သမျှ ကိစ္စအားလုံးကို ငါ သိပြီးပြီ"
ထိုစကားများကိုကြားချိန်တွင် လုဝူယာက အပျော်လွန်သွားပေ၏။သူတော်စင်ယန် စိတ်ကျေနပ်စေရန်အတွက် လင်ရှောင်းမြို့အား အနောက်ပိုင်းခြင်္သေ့နယ်မြေမှ လာရောက်တိုက်ခိုက်စဥ်တွင် လုမိသားစုခွဲမှလူများအားလုံး မြို့မှထွက်ခွါ၍ ကျန်းအိမ်တော်အနီးတစ်ဝိုက်၌ စောင့်ကြပ်ပေးခဲ့ရသည်။
သို့ရာတွင် အဆုံးသတ်၌ အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်သည် ကျန်းအိမ်တော်အား တိုက်ခိုက်ခြင်းမရှိသေးမီမှာပင် ရှုံးနိမ့်သွားခဲ့ရာ လုမိသားစုခွဲအတွက် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ချေ။သို့သော် ထိုလှုပ်ရှားမှုသည် သူတော်စင်ယန်အား စိတ်ကျေနပ်မှုရရှိသွားစေသည်မှာ သံသယဖြစ်စရာမရှိပေ။
ထို့ကြောင့် နောက်ဆုံး၌ သူတော်စင်ယန်သည် ကောင်းကင်ဘုံလမ်းကြောင်းဝင်ခွင့်သုံးနေရာစာအား ချုပ်ကိုင်နိုင်သည့် အခွင့်အာဏာကို လုဝူယာအား ပေးအပ်လိုက်ခြင်းဖြစ်သည်။
"မင်းလုပ်ရမယ့်အလုပ်ကိုသာ ကောင်းကောင်းလုပ်...ငါတို့ ကောင်းကင်ဘုံနယ်မြေကိုရောက်တဲ့အခါကျရင် ငါ မင်းကိုစောင့်ရှောက်ပေးမယ်"
သူတော်စင်ယန်က အပြုံးနှင့်ပြောဆိုသည်။
ထို့နောက် သူတော်စင်ယန်၏ပုံရိပ်သည် လေထုအတွင်း၌ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"နေရာသုံးနေရာ..."
လုဝူယာ၏မျက်လုံးများသည် လောဘအရိပ်အယောင်များဖြင့် ဝင်းလက်တောက်ပနေပေ၏။
သူသည် လုံဝူကျီးထံမှ စိတ်ဝိညာဥ်ကျောက်တုံးများကိုပင် လှည့်ဖျားယူရန်ကြိုးပမ်းနိုင်ခဲ့ရာ တခြားသူများကိုလည်း ထိုနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပေမည်။
သူသည် ထိုနည်းလမ်းအားပြုလုပ်ခဲ့ပြီးဖြစ်သဖြင့် ပို၍ပြည့်စုံကောင်းမွန်စွာ လုပ်ဆောင်နိုင်လေပြီ။
"ဒီတစ်ကြိမ်တော့ နေရာတစ်နေရာကို စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာလောက် တောင်းရမယ်...ပြီးတော့ ငါ စိတ်ဝိညာဥ်ကျောက်တုံးတွေကို မြန်မြန်ရမှဖြစ်မယ်..မဟုတ်ရင် အပြောင်းအလဲတစ်ခုခုဖြစ်လာရင် ငါ အခက်တွေ့လိမ့်မယ်"
လုဝူယာသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ်အစီအစဥ်ဆွဲနေပြီး သူ၏မျက်လုံးများတွင် လောဘအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
သူက ထွက်ခွါရန်ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏အနီးပတ်ဝန်းကျင်သို့ အားကောင်းသောဖိအားအရှိန်အဝါတစ်ရပ် ကျရောက်လာခြင်းကို ခံစားမိသည်။
ဤနေရာပတ်ဝန်းကျင်ရှိ တောင်ကုန်းများပင် ပြင်းထန်သော ဖိအားအရှိန်အဝါအောက်၌ တုန်ခါသွားပေ၏။
"ဟိုကောင် ငါ့ကိုများ လိုက်ဖမ်းတာလား"
လုဝူယာ၏စိတ်နှလုံးသား တုန်ရီသွားပြီး သူက အလျင်စလို ခေါင်းမော့ကြည့်လိုက်သည်။
သူ၏ခေါင်းထက်ရှိ ကြည်လင်နေသောမိုးကောင်းကင်ယံမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ထို့နောက် ရွှေရောင်အလင်းတန်းများလွှမ်းခြုံထားသော ပုံရိပ်တစ်ခုက လေထုအတွင်းမှ တဖြည်းဖြည်းဆင်းသက်လာသည်။
ထိုလူသည် ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏နောက်၌ ဧရာမအလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေသည်။
သူသည် လုယွီအား နတ်ဘုရားနယ်မြေ၌ ဒဏ်ရာရရှိစေခဲ့သော နတ်ဘုရားစစ်ဗိုလ်ချုပ်ရှကွေ့ယန်ဖြစ်သည်။
"ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်လား"
ရှကွေ့ရန်ကို ချက်ချင်းပင်ဒူးထောက်၍ အရိုအသေပေးလိုက်သည်။
"မင်းက သီကျန်းရဲ့တပည့်လား"
နတ်ဘုရားစစ်ဗိုလ်ချုပ်ရှကွေ့ယန်က မေးမြန်းသည်။
လုဝူယာက အလျှင်အမြန် ဖြေဆိုလေ၏။
"ဟုတ်ပါတယ်"
သီကျန်းသည် ကောင်းကင်နန်းတော်ပြိုင်ပွဲတွင် လုဝူယာအား တပည့်အဖြစ်ခေါ်ယူခဲ့သော နတ်ဘုရားစစ်ဗိုလ်ချုပ်ဖြစ်သည်။
သို့ရာတွင် သူ လုဝူယာအား တပည့်အဖြစ်ခေါ်ယူခဲ့ရသော အကြောင်းအရင်းမှာ လုမိသားစု၏ဘိုးဘေးတစ်ယောက်ဖြစ်သော လုချင်သည် သူ၏တပည့်ဟောင်းတစ်ယောက် ဖြစ်ခဲ့သောကြောင့်ပင်။
ရှကွေ့ယန်က လုဝူယာကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းမှာ ကောင်းကင်ဘုံလမ်းကြောင်းအတွက် နေရာသုံးနေရာစာရှိသေးလား"
Chapter 1457
လုဝူယာသည် အံ့အားသင့်သွားသော်လည်း အလျှင်အမြန်ပင် တုံ့ပြန်ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့...ကျွန်တော်မှာ နေရာသုံးနေရာစာရှိပါတယ်"
ရှကွေ့ယန်က ပြောဆိုသည်။
"အရမ်းကောင်းတယ်...ငါ အဲ့ဒီနေရာသုံးနေရာကို လိုချင်တယ်"
စကားဆုံးသည်နှင့် ရှကွေ့ယန်၏လက်က အောက်သို့ကျဆင်းလာပြီး အနက်ရောင်ပုံရိပ်သုံးခုက လုဝူယာ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုလူသုံးယောက်၏ခန္ဓာကိုယ်များပေါ်တွင် လေးလံသောသံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏မျက်နှာသွင်ပြင်များကိုပင် မမြင်ရချေ။
သို့ရာတွင် လုဝူယာအား ထိတ်လန့်ကြောက်ရွံစေသည့် တစ်ခုတည်းသောအရာမှ ထိုလူသုံးယောက်ထံမှ ထူးဆန်းသောအရှိန်အဝါမျိုး ထွက်ပေါ်နေခြင်းဖြစ်သည်။
ထိုအရှိန်အဝါသည် သူ့အား ထိတ်လန့်ကြောက်ရွံမှုနှင့်တုန်လှုပ်ချောက်ချားမှုကို ရောယှက်၍ ခံစားရစေသည်။
"ငါက တာယွီအင်ပါယာရဲ့ နတ်ဘုရားစစ်ဗိုလ်ချုပ် ရှကွေ့ယန်ပဲ..မင်းက ကောင်းကင်ဘုံလမ်းကြောင်းဆီ ဒီလူသုံးယောက်ကို ခေါ်သွားရမယ်...မင်းက သူတို့ကိုခေါ်သွားနိုင်တာနဲ့ ငါ့ကိုကူညီပေးနိုင်တာပဲ...မင်း ကောင်းကင်ဘုံနယ်မြေကိုရောက်တဲ့အချိန်ကျရင် ငါက မင်းကို ပဉ္စမအဆင့်အရာရှိရာထူး ခန့်အပ်ပေးမယ်"
ရှကွေ့ယန်၏တိုးညှင်းပြီး တည်ငြိမ်သောအသံက ပတ်ဝန်းကျင်နံဘေးပတ်လည်၌ ပဲ့တင်ထပ်နေသည်။
ဘယ်လို.....
လုဝူယာ၏စိတ်နှလုံးသား တုန်ရီသွားပြီး လေထုအတွင်းရှိပုံရိပ်ကို မော့ကြည့်လိုက်မိသည်။သူသည် သီကျန်း၏တပည့်အဖြစ် ခံယူထားသော်လည်း ကောင်းကင်ဘုံနယ်မြေမှ တာယွီအင်ပါယာအကြောင်းကို ကောင်းစွာသိရှိနားလည်ထားသည်။
သီမိသားစု၏စစ်တပ်၌ ဝင်ရောက်တိုက်ခိုက်ပေးပြီး ထူးချွန်ထက်မြက်သောအရည်အချင်းရှိကာ လုံလောက်သောစစ်ရေးကျွမ်းကျင်မှုရှိမှသာလျှင် သူ အရာရှိအဖြစ်ခန့်အပ်ခြင်း ခံရပေမည်။
ကောလဟာလများအရ ကျင့်ကြံသူအမြောက်အများသည် သူတို့၏ဘဝတစ်ခုလုံး ကြိုးစားခဲ့သည့်တိုင် တာယွီအင်ပါယာတွင် အရာရှိဖြစ်မလာခဲ့ကြောင်း သူ ကြားသိခဲ့ရ၏။
ပဉ္စမအဆင့်အရာရှိနေရာသည် မြောက်များစွာသောအစွမ်းထက်ကျင့်ကြံသူများ လိုချင်တပ်မက်သည့်နေရာဖြစ်သည်။
"ဟုတ်ကဲ့...ကျွန်တော်က နတ်ဘုရားစစ်ဗိုလ်ချုပ်ရဲ့အမိန့်အတိုင်း တာဝန်ထမ်းဆောင်ပါ့မယ်"
လုဝူယာက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကတိပေးလိုက်သည်။သူသည် သီကျန်း၏တပည့်ဖြစ်သည့်တိုင် တာယွီအင်ပါယာ၌ အရာရှိတစ်ယောက်ဖြစ်ရန် လွယ်ကူမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ နတ်ဘုရားစစ်ဗိုလ်ချုပ်ရှကွေ့ယန်၏ကတိစကားနှင့်အတူ သူသည် ပဉ္စမအဆင့်အရာရှိအဖြစ် တိုက်ရိုက်နေရာရပေလိမ့်မည်။
အကယ်၍ သူ ထိုနေရာသုံးနေရာအတွက် စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများရရှိလျှင်ပင် သူ၏အနာဂတ်အတွက် အရေးပါမည်မဟုတ်ချေ။
ဤကိစ္စရပ်အပေါ်၌ လုဝူယာသည် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေ၏။
ရှကွေ့ယန်က ပြောဆိုသည်။
"ဒီလူသုံးယောက်အတွက်...မင်း ဘာမှစီစဥ်ပေးစရာမလိုဘူး...အချိန်ကျရင် သူတို့ မင်းဆီကို အလိုလိုရောက်လာလိမ့်မယ်"
စကားဆုံးသည်နှင့် လေထုအတွင်းရှိ ရှကွေ့ယန်၏ပုံရိပ် တဖြည်းဖြည်းဝေဝါးလာပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
လုဝူယာသည် သူ၏စိတ်နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ပြီး သူရှေ့ရှိ လူသုံးယောက်အားကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းတို့သုံးယောက်...ငါ......"
သို့ရာတွင် သူ၏စကားမဆုံးမီမှာပင် လူသုံးယောက်က ထွက်ခွါသွားလေရာ လုဝူယာ ပါးစပ်အဟောင်းသားဖြစ် ကျန်ရစ်ခဲ့လေ၏။
……
လုံဝူကျီးကို သတ်ဖြတ်ပြီးနောက် လုယွီသည် လုထျန်းကန်နှင့်အကြီးအကဲရှင်းတို့ထံသို့ ပြန်လည်ရောက်ရှိလာသည်။
"ငါ့ရဲ့ရွှေစည်းတံဆိပ်ကိုယူပြီး မြောက်ပိုင်းပင်လယ်နယ်မြေနဲ့အနောက်ပိုင်းပင်လယ်နယ်မြေကိုသွားပြီး သူတို့ရဲ့နယ်မြေတွေကို လွှဲပြောင်းယူလိုက်တော့"
လုယွီက လုထျန်းကန်အား ပြောဆိုသည်။
လုထျန်းကန်က မျက်မှောင်ကြုတ်နေပေ၏။
"သခင်လေး...ဒါက နည်းနည်းတော့ခက်ခဲမှာကို ကျွန်တော်စိုးရိမ်မိတယ်"
လုယွီက သူ့အားကြည့်နေသည်ကိုမြင်သည်နှင့် လုထျန်းကန်က အလျှင်အမြန် ဆက်လက်ပြောဆိုလေ၏။
"ကျွန်တော် အဲ့ဒီကို မသွားချင်လို့ပြောတာ မဟုတ်ဘူးနော်...ဒါပေမယ့် ခုလတ်တလောမှာ ပင်လယ်လေးခုကလူတွေက ကိစ္စကြီးတစ်ခုလုပ်ဖို့ စီစဥ်နေကြတယ်"
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"ဘာကိစ္စကြီးလဲ"
လုထျန်းကန်က ပြောဆိုသည်။
"အရင်တုန်းက အနောက်ပိုင်းပင်လယ်ဘုရင်နဲ့မြောက်ပိုင်းပင်လယ်နယ်မြေဘုရင် နှစ်ယောက်စလုံးကို ယင်လော့ဂိုဏ်းကလူတွေက သတ်ဖြတ်ပြီး သူတို့ကို အရိုးစုနဂါးတွေဖြစ်အောင် ပြုလုပ်သွားခဲ့တယ်...အခုချိန်မှာ တခြားပင်လယ်နယ်မြေနှစ်ခုက နဂါးမျိုးနွယ်တွေက ဒီနဂါးနန်းတော်နှစ်ခုကို မျက်စေ့ကျနေကြတယ်"
"အခုချိန်မှာ နဂါးမျိုးနွယ်ဝင်တွေအားလုံး မြောက်ပိုင်းပင်လယ်နယ်မြေရဲ့နဂါးနန်းတော်မှာ စုရုံးရောက်ရှိနေပြီးတော့...နဂါးဧကရာဇ်အသစ်ရွေးချယ်ဖို့ စီစဥ်နေကြတယ်"
နဂါးဧကရာဇ်သည် နဂါးမျိုးနွယ်ဝင်များတွင် အမြင့်မားဆုံးအဆင့်အတန်းဖြစ်သည်။
ပင်လယ်လေးခုမှနဂါးဘုရင်များပင်လျှင် နဂါးဧကရာဇ်အား တွေ့မြင်ချိန်တွင် ဦးညွှတ်၍အရိုအသေပြုရသည်။
သို့ရာတွင် ပင်လယ်လေးခုမှနဂါးမျိုးနွယ်ဝင်များသည် တကွဲတပြားဆီဖြစ်နေကြပြီး နယ်မြေတစ်ခုစီတွင် ဘုရင်တစ်ပါးရှိနေသည်။နဂါးဧကရာဇ်ဟူ၍ မရှိတော့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"နဂါးမျိုးနွယ်ဝင်တွေ အကုန်လုံး စုဝေးနေတာလား"
လုယွီက အချိန်တခဏကြာ တွေးတောပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားသည်။
သူသည် ပင်လယ်နယ်မြေလေးခုလုံးမှ နဂါးမျိုးနွယ်ဝင်များအား သူ၏လက်အောက်ခံအဖြစ်သိမ်းသွင်းရန် ရည်ရွယ်ထားပြီးဖြစ်သည်။
ထို့ကြောင့် နဂါးမျိုးနွယ်ဝင်များအားလုံး အတူတကွစုဝေးနေသည့် အခွင့်အရေးအား သူ လက်လွတ်မခံနိုင်ချေ။
Chapter 1458
နောက်တစ်နေ့မနက်...မြောက်ပိုင်းနယ်မြေ၌...
လုယွီသည် နယ်မြေအက်ကွဲကြောင်းတစ်ခု၏အစွန်းဘက်၌ မတ်တတ်ရပ်နေသည်။အေးစက်သောလေများက သူ၏မျက်နှာအား ဖြတ်သန်းတိုက်ခတ်နေပေ၏။
ထိုအက်ကွဲကြောင်းနှင့်မနီးမဝေးအကွာအဝေးတွင် အကန့်အသတ်မရှိကျယ်ပြောသော ပင်လယ်ပြင်ကြီးရှိသည်။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုပင်လယ်ပြင်အထက်တွင် မြူခိုးလွှာတစ်လွှာရှိနေခြင်းကို တွေ့မြင်ရပေမည်။ပင်လယ်ကြီး၏မျက်နှာပြင်တစ်ခုလုံး မြူခိုးများကြောင့် အုံ့မှိုင်းနေသဖြင့် လူအများသည် အဝေးရှိမြင်ကွင်းကို မမြင်ရနိုင်ချေ။
"သခင်လေး...မြောက်ပိုင်းပင်လယ်က အဲ့ဒီနေရာမှာပါ"
လုမိသားစုဝင်တစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။
မြောက်ပိုင်းပင်လယ်သည် မြောက်ပိုင်းဒေသ၏အနောက်မြောက်အရပ်တွင် တည်ရှိသည်။ထိုနေရာနှစ်ခုကြားတွင် မည်သည့်ချောက်နက်ကြီးနှင့်မျှ ပိုင်းခြားထားခြင်းမရှိသော်လည်း ကမ်းလွန်ဒေသတစ်ခု ရှိနေသည်။
ပင်လယ်မျက်နှာပြင်ကိုကြည့်ရသည်မှာ တည်ငြိမ်ပုံရသော်လည်း ကျင့်ကြံသူများနှင့်မှော်သင်္ဘောများသည် မြောက်ပိုင်းနယ်မြေမှထွက်ခွါ၍ မြောက်ပိုင်းပင်လယ်သို့ ဝင်ရောက်စဥ်တွင် မြောက်များစွာသော လေဟာနယ်အက်ကွဲကြောင်းများနှင့် ရင်ဆိုင်ရသည့်အပြင် လေဟာနယ်မုန်တိုင်းများကိုပင် ကြုံတွေ့ရတတ်သည်။
ကံကောင်းသူတချို့မှာမူ မတူကွဲပြားသောနေရာဒေသများသို့ ပို့ဆောင်ခြင်းခံရသည်။သို့ရာတွင် လူအများစုမှာမူ လေဟာနယ်၏ကျင်းနက်ကြီးများအတွင်းသို့ ဝင်ရောက်သွားကြပြီး မည်သည့်အချိန်မျှ ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့ချေ။
လုယွီသည် အလယ်ပိုင်းကုန်းမြေမှထွက်ခွါလာပြီး ဤနေရာသို့ရောက်ရှိသည်နှင့် ဒေသခံလုမိသားစုဝင်တစ်ယောက်ကို ခေါ်ယူကာ လမ်းပြစေသည်။
"သခင်လေး...ဒီနယ်မြေနှစ်ခုရဲ့ကြားနေရာက အရမ်းအန္တရာယ်များတယ်...ကျွန်တော်တို့ ကိစ္စရှိလို့ မြောက်ပိုင်းပင်လယ်ကို သွားမယ်ဆိုရင်တောင် အထီးကျန်နတ်ဘုရားလှေနဲ့ဖြတ်သန်းဖို့ လိုအပ်တယ်...အထီးကျန်နတ်ဘုရားလှေက ဒီမနက်အစောမှ ထွက်ခွာသွားတာ...နောက်တစ်ခေါက် ထွက်ခွာဖို့က အချိန်သုံးရက်ကြာလိမ့်မယ်"
လုမိသားစုဝင်က ရိုသေလေးစားစွာ ပြောဆိုသည်။
သုံးရက်....
လုယွီက ခေါင်းခါပြလေသည်။
"မင်း အရင်ဆုံးပြန်သွားလိုက်တော့...ငါ နည်းလမ်းတစ်ခု စဥ်းစားလိုက်မယ်"
လုထျန်းကန်၏စုံစမ်းထောက်လှမ်းမှုအရ နဂါးမျိုးနွယ်ဝင်များ၏အကြား ယှဥ်ပြိုင်မှုသည် ရေဆူမှတ်သို့ရောက်ရှိနေလေပြီ။နောက်ထပ်ရက်အနည်းငယ်အကြာတွင် အရာအားလုံး အခြေကျပြီးဖြစ်ပေလိမ့်မည်။
အကယ်၍ နဂါးဧကရာဇ်ကိုသာ ရွေးချယ်တင်မြှောက်ပြီးပါက လုယွီသည် နဂါးမျိုးနွယ်အား လက်အောက်ခံအဖြစ် သိမ်းသွင်းလိုသောကိစ္စမှာ ပို၍ပင်ခက်ခဲသွားနိုင်သည်။
လုမိသားစုဝင်သည် နယ်မြေနှစ်ခုကြားရှိအက်ကွဲကြောင်းများ၏ အန္တရာယ်ကြီးမားပုံကို လုယွီအား အလျင်စလိုရှင်းပြရန် ပြင်ဆင်လိုက်သည်။
သို့ရာတွင် သူ့စကားမပြောရသေးမီမှာပင် လုယွီက အက်ကွဲကြောင်းအတွင်းသို့ ခြေတစ်လှမ်းချပြီး ရေမျက်နှာပြင်ပေါ်၌လျှောက်လှမ်းကာ မြူခိုးများအတွင်းသို့ဝင်သွားလေ၏။လုယွီအား ကြည့်နေသော လုမိသားစုဝင်မှာ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေနေသည်။
မြူခိုးများအကြား၌...
လုယွီက ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေပြီး သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည်။
သူ ပို၍ဝေးဝေးသွားလေလေ လေဟာနယ်မုန်တိုင်းများပို၍ပြင်းထန်လာလေလေပင်။ပြင်ပမှကြည့်လျှင် ကြည်လင်သောမိုးကောင်းကင်ကြီးကို မြင်တွေ့ရသော်လည်း တစ်စုံတစ်ယောက်သည် အတွင်းသို့ဝင်ရောက်သွားသည်နှင့် တိမ်မည်းများ မိုးကြိုးမုန်တိုင်းများနှင့် ပြည့်နှက်နေသောကောင်းကင်ကို တွေ့မြင်ရပေမည်။
ထိုလေဟာနယ်အက်ကွဲကြောင်းများသည် လေလွင့်အင်မော်တယ်များအတွက်ပင် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော်လည်း လုယွီ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား မည်သည့်သက်ရောက်မှုမျှ မဖြစ်စေချေ။
အကယ်၍ လေဟာနယ်ကျင်းနက်ကြီးတစ်ခုမှ သူ့အားဆွဲငင်လာပါက လုယွီသည် ပေသုံးသောင်းကျော်မြင့်မားသောရွှေရောင်ဓမ္မရုပ်ထုကြီးအသွင်ပြောင်းလဲပြီး ဖြတ်ကျော်လိုက်၏။
"မြောက်ပိုင်းပင်လယ်နဂါးနန်းတော်က ဒီနေရာနဲ့နည်းနည်းဝေးနေသေးတယ်"
လုယွီက တိတ်ဆိတ်ငြိမ်သက်စွာ စဥ်းစားတွေးတောပြီးနောက် သူ၏အရှိန်နှုန်းကို မြှင့်တင်လိုက်သည်။
နှစ်နာရီခန့်ကြာပြီးနောက်...
လုယွီ၏ရှေ၌ ကျွန်းငယ်တချို့ တဖြည်းဖြည်းထွက်ပေါ်လာသည်။သူက ကျွန်းငယ်ပေါ်သို့ခြေချလိုက်ပြီး သူ့စိတ်ဝိညာဥ်၏စွမ်းအားကိုထုတ်လွှတ်ကာ ပတ်ဝန်းကျင်အား အာရုံခံလိုက်၏။
"ဒီနေရာပတ်ဝန်းကျင်မှာ ဖုန်းရွှေဝင်္ကပါတစ်ခု ရှိနေပုံရတယ်"
လုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူသည် အချိန်အတော်ကြာ ပျံသန်းလာသည့်တိုင် နဂါးနန်းတော်၏တည်နေရာအား ရှာဖွေနိုင်ခြင်းမရှိသေးချေ။
အကယ်၍ သူ ဤနည်းအတိုင်းသာ ဆက်လက်၍ပျံသန်းနေပါက ဤနေရာ၌ ထာဝရချောင်ပိတ်မိနေနိုင်သည်။
ဘုန်း....
ရုတ်တရက် လုယွီ၏ခြေထောက်အောက်ရှိမြေပြင် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
ထို့နောက် သူရပ်နေသော ကျွန်းငယ်လေး ရုတ်တရက်မြင့်တက်သွားပြီး ကြီးမားသောအရာတစ်ခုက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုအရာသည် လိပ်နက်ကြီးတစ်ကောင်၏ဦးခေါင်းပင်။
မူလက လုယွီ တည်ရှိနေသောနေရာသည် လိပ်နက်ကြီး၏ကျောပေါ်တွင် ဖြစ်ပေ၏။
"ဝေါင်း....."
လိပ်နက်ကြီးက အော်မြည်သံပြုပြီး သူ၏ပါးစပ်ကိုဖွင့်ဟကာ လုယွီအားဝါးမြိုရန် တိုးဝင်လာသည်။
သူ၏ဧရာမခန္ဓာကိုယ်ကြီးကြောင့် လှုပ်ရှားမှုပြုလိုက်စဥ်တွင် အလွန်အမင်းအစွမ်းထက်လှပြီး နေရောင်ကိုပင်ပိတ်ဖုံးလုမတက် ကာဆီးသွားသည်။
"ဆိုးသွမ်းတဲ့ သတ္တဝါကများ"
လုယွီက အေးစက်စက်နှာမှုတ်ပြီး လိပ်နက်ကြီးထံသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
Chapter 1459
ဘုန်း...
ကျယ်လောင်သောဆူညံသံနှင့်အတူ ဧရာမလိပ်နက်ကြီးသည် နောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်ပြီး လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။
အမ်...
လုယွီ၏မျက်ခုံး ပင့်တက်သွားသည်။ဧရာမလိပ်နက်မှော်သားရဲ၏ခုခံမှုစွမ်းအား ဤမျှထိမြင့်မားမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒါက ရှေးခေတ်ကနေဆင်းသက်လာတဲ့ ထူဆန်းတဲ့မှော်သားရဲတစ်ကောင် ဖြစ်နေတာပဲ...အံ့အားသင့်စရာမရှိတော့ဘူး"
သူ၏လက်သီးချက်အား လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင် တောင့်ခံနိုင်မည်မဟုတ်ချေ။သို့ရာတွင် ရှေးဟောင်းမှော်သားရဲများမှာမူ သူတို့၏သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်အရေပြား အသွေးအသားများမှာ လူသားမျိုးနွယ်များထက် များစွာပို၍အားကောင်းသည်။
လိပ်နက်မှော်သားရဲသည် ဟိန်းဟောက်နေသော်လည်း လှုပ်ရှားခြင်းမပြုချေ။သူသည်လည်း လုယွီ၏ခွန်အားကြောင့် စိုးရွံနေသည်မှာ သိသာထင်ရှားလှ၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းက ဒီအဆင့်ထိရောက်အောင် အသက်ရှင်သန်လာမှတော့...မင်းမှာ အသိဥာဏ်တော့ရှိမှာပဲ...ငါ မင်းကို မသတ်ချင်ဘူး...ဒီနေရာက ထွက်သွားစမ်း"
အကယ်၍ လုယွီသာ အနည်းငယ်ပို၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ပါက လိပ်နက်မှော်သားရဲ၏ခုခံမှုမြင့်မားနေလျှင်ပင် အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
ရုတ်တရက် ကြည်လင်နေသောမိုးကောင်းကင်၌ တိမ်မည်းများက စုဝေးစပြုလာသည်။
ကောင်းကင်နှင့်မြေပြင်အကြားမှနေ၍ ပုံသဏ္ဌာန်မဲ့ပြီးပြင်းထန်သော ဖိအားတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပေ၏။
အဝေးတစ်နေရာမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး လုယွီရီနေသောနေရာထံသို့ ဦးတည်၍ ရွေ့လျားလာသည်။
ဝုန်း....ဝုန်း....
ထိုမုန်တိုင်းကြား၌ မြောက်များစွာသောမိုးကြိုးစက်ကွင်းများ ရောယှက်နေပုံရသည်။တိမ်မည်းများ၏ဖိအားအရှိန်အဝါအောက်၌ ကမ္ဘာလောကကြီးတစ်ခုလုံးပင် အဆုံးသတ်ဖြစ်တော့မယောင် ထင်မြင်ရ၏။
လုယွီနောက်ရှိ လိပ်နက်မှော်သားရဲသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် နောက်လှည့်၍ထွက်ပြေးတော့သည်။
ဤကဲ့သို့ ဘေးအန္တရာယ်အောက်တွင် အစွမ်းထက်ဆုံးမှော်သားရဲပင် သူ၏အသက်အန္တရာယ်အား ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နိုင်မှုကို ခံစားရသည်။
တခြားတစ်ဖက်၌....
မုန်တိုင်း၏တစ်ဖက်စွန်းတွင် ဧရာမရှေးဟောင်းမှော်သင်္ဘောကြီးတစ်စီးသည် လေပြင်းမုန်တိုင်းကြား၌ ရုန်းကန်၍ ရှေ့သို့ရွေ့လျားနေသည်။
ထိုရှေးဟောင်းသင်္ဘောတစ်စီးလုံးအား အလင်းလွှာတစ်လွှာက လွှမ်းခြုံထားပြီး ပြင်ပရှိလေနှင့်မိုးများ သက်ရောက်မှုမရှိစေရန် ကာကွယ်ဟန့်တားထားပေ၏။
"မင်းသမီး...တကယ်လို့ ကျွန်တော်တို့ လွတ်လမ်းမရှာနိုင်ရင်...ကျွန်တော်တို့အားလုံး သေဆုံးရမှာကို စိုးရိမ်မိတယ်"
အစေခံအိုကြီးတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
ထိုအစေခံအိုကြီး၏ရှေ့၌ အရပ်ရှည်ပြီးပိန်သွယ်သော မိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေသည်။သူမ၏နှာတံသည် ဖြောင့်စင်းပြီး ရှည်လျားသောမျက်တောင်များက အထက်သို့ကော့တက်နေကာ ရွှေရောင်ဆံနွယ်ရှည်များကို ခါးထိ ဖားလျားချထားသည်။
သူမသည် မြောက်ပိုင်းပင်လယ်နယ်မြေ နဂါးဘုရင်၏တစ်ဦးတည်းသောမျိုးဆက် အောင်းချမ်ဖြစ်ပေ၏။
အောင်းချမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဒါက...ကြည့်ရတာတော့ မိုးကောင်းကင်က ငါတို့မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်စုကို ပျောက်ကွယ်သွားစေချင်ပုံပဲ"
မြောက်ပိုင်းပင်လယ်နဂါးဘုရင် သေဆုံးပြီးနောက် မြောက်ပင်လယ်နဂါးဂိုဏ်းသည် သူတို့၏ခေါင်းဆောင်ကို ဆုံးရှုံးခဲ့ရသည်။
အောင်းချမ်သည် မင်းသမီးတစ်ပါးဖြစ်နေသဖြင့် သူမ၏အဆင့်အတန်းကိုအသုံးပြုကာ ဂိုဏ်းအတွင်းရှိ ဖရိုဖရဲဖြစ်နေမှုများကို ယာယီဖိနှိပ်နိုင်ခဲ့သည်။သို့ရာတွင် သူမ၏ခွန်အားသက်သက်ဖြင့် မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်အားလုံးအား ထိန်းချုပ်နိုင်စွမ်းမရှိသည်ကို အောင်းချမ်က ကောင်းစွာသိရှိပေ၏။
မနက်ဖြန်အရောက်တွင် နဂါးမျိုးနွယ်ဝင်များအားလုံးစုဝေးပြီး နဂါးဧကရာဇ်အသစ်အား ရွေးချယ်တင်မြှောက်ကြပေမည်။သို့ရာတွင် မြောက်ပင်လယ်နဂါးဂိုဏ်း၌ အရည်အချင်းရှိသူများ နည်းပါးပြီး အစွမ်းထက်ကျင့်ကြံသူဟူ၍ အနည်းစုသာရှိသည်။
ဤတစ်ကြိမ်တွင် အောင်းချမ်သည် အစွမ်းထက်ကျင့်ကြံသူများထံမှ အကူအညီရယူနိုင်ရန် ရည်ရွယ်၍ အလယ်ပိုင်းကုန်းမြေသို့ ဦးတည်၍ထွက်ခွာခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ထိုအစွမ်းထက်ကျင့်ကြံသူများသည် မြောက်ပင်လယ်နဂါးဂိုဏ်းမှ အကူအညီတောင်းခံရန်လာသည်ဟု ကြားသည်နှင့် ငြင်းဆန်ကြသည်။တချို့အစွမ်းထက်ကျင့်ကြံသူများသည် သူမတို့အား နောက်လှည့်ပြန်ရန်ပင် မောင်းထုတ်ခဲ့ပေ၏။
ယခုအချိန်၌ အရှေ့ပိုင်းပင်လယ်နှင့်တောင်ပိုင်းပင်လယ်မှ နဂါးမျိုးနွယ်များသည် နဂါးမျိုးနွယ်တစ်ခုလုံးအား ဝါးမြိုရန်ကြံစည်နေသည်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူတိုင်း သိရှိသည်။
ပို၍အရေးကြီးသောအချက်မှာ ထိုနယ်မြေနှစ်ခုလုံးမှနဂါးဘုရင်နှစ်ယောက် သက်ရှိထင်ရှားရှိနေခြင်းပင်။
ထိုနဂါးဘုရင်နှစ်ယောက်သည် ကြောက်မက်ဖွယ်မှော်သားရဲများအဖြစ် ကျော်ကြားနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သာမာန်အားဖြင့် မည်သူကမျှ သူတို့နှင့် ဆန့်ကျင်တိုက်ခိုက်ရန် ဆန္ဒမရှိကြချေ။
ထို့ကြောင့် အောင်းချမ်ထံ၌ ရွေးချယ်စရာမရှိတော့ဘဲ နောက်လှည့်ပြန်ခဲ့ရသည်။
အောင်းချမ်သည် အထီးကျန်နတ်ဘုရားလှေကိုစီးနင်း၍ မြောက်ပိုင်းပင်လယ်နယ်မြေသို့ ချောချောမွေ့မွေ့ပြန်ရောက်မည်ဟု တွေးထင်ခဲ့သော်လည်း လမ်းခရီး၌လေဟာနယ်မုန်တိုင်းဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
သူမ၏ အထီးကျန်နတ်ဘုရားလှေသည် ရှေးခေတ်အချိန်ကာလများမှ လက်ဆင့်ကမ်းလာခြင်းဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာကြာသည့်တိုင် လမ်းကြောင်းလွှဲမှားမှုမရှိချေ။
အကယ်၍ လေဟာနယ်မုန်တိုင်းနှင့်ရင်ဆိုင်ရသည့်တိုင် အထီးကျန်နတ်ဘုရားလှေ၏ ဦးတည်ရာလမ်းကြောင်း ပြောင်းလဲသွားမည်မဟုတ်ပေ။
"မင်းသမီး...ကျွန်တော်က အပြင်ထွက်နိုင်တဲ့ လမ်းကြောင်း သွားရှာကြည့်လိုက်အုံးမယ်"
အောင်းချမ်၏နံဘေးရှိ အစေခံအိုကြီးသည် ရုတ်တရက် ဟိန်းဟောက်ပြီး သူ၏လူသားခန္ဓာကိုယ်မှနေ၍ အနီရောင်နဂါးအသွင်ပြောင်းလဲကာ အထီးကျန်နတ်ဘုရားလှေပေါ်မှ ထွက်ခွါသွားတော့သည်။
"မလုပ်နဲ့"
အောင်းချမ်က ဟန့်တားလိုက်သော်လည်း အနီရောင်နဂါးသည် ပျံဝဲ၍ထွက်ခွာသွားလေပြီ။
Chapter 1460
အနီရောင်နဂါးသည် သံရှည်ဆွဲ၍ဟိန်းဟောက်ပြီး သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးနှင့် မုန်တိုင်းအကြားသို့ ဦးတည်ပျံဝဲသွားသည်။
သို့ရာတွင် အထီးကျန်နတ်ဘုရားလှေပေါ်မှ သူ ထွက်ခွာလိုက်သည်နှင့် အနီးပတ်ဝန်းကျင်ရှိ လေပြင်းမုန်တိုင်းက သူ၏ကျောပေါ်သို့ ချက်ချင်းရိုက်ခတ်လာသည်။
ဝုန်း...
မုန်တိုင်းများအကြားရှိ မိုးကြိုးမုန်တိုင်းများက အနီရောင်နဂါး၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပေ၏။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် အနီရောင်နဂါး၏အကြေးခွံများ အက်ကွဲသွားသည်။
အနီရောင်နဂါးသည် အော်ဟစ်ညည်းတွားပြီး သူ၏ကြီးမားသောခန္ဓာကိုယ်အား ထပ်မံ၍မထိန်းချုပ်နိုင်တော့ချေ။သူသည် တဖြည်းဖြည်းနှင့် လေပြင်းမုန်တိုင်း၏ဝါးမြိုခံရတော့မည်ပုံ ပေါ်လွင်နေပေ၏။
"ဂရုစိုက်..."
အောင်းချမ်က ကျယ်လောင်စွာအော်ဟစ်ပြီး လက်သည်းငါးချောင်းပါသော ရွှေရောင်နဂါးတစ်ကောင်အသွင်ပြောင်းလဲကာ အနီရောင်နဂါးအား ဖမ်းဆုပ်လိုက်သည်။
အစေခံအိုကြီးသည် အထီးကျန်နတ်ဘုရားလှေ၏ကုန်းပတ်ပေါ်သို့ ကျဆင်းလာပြီး သူ၏ခန္ဓာကိုယ်အနှံ့ သွေးများဖုံးလွှမ်းနေကာ အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေလေ၏။
"မင်းသမီး ကျွန်တော် တောင်းပန်ပါတယ်...ဒါက ကျွန်တော်ရဲ့ အရည်အချင်းမပြည့်ဝမှုကြောင့်ပါ"
အစေခံအိုကြီး၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ယခုလက်ရှိချိန်၌ မြောက်ပင်လယ်နဂါးဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများသည် မြောက်ပိုင်းပင်လယ်အား စောင့်ကြပ်နေကြရာ အောင်းချမ်၏နောက်သို့ အိုမင်းအားနည်းသောအစေခံတစ်စုသာ လိုက်ပါလာကြသည်။
မြောက်ပိုင်းနဂါးနန်းတော်၏မြင့်မြတ်သောမင်းသမီးသည် ဤကဲ့သို့အခြေအနေမျိုးအတွင်း၌ ကျရောက်မည်ဟု မည်သူက တွေးထင်မိမည်နည်း။
အောင်းချမ်က ခေါင်းခါယမ်းပြီး ခါးသည်းစွာပြောဆိုလိုက်သည်။
"ဒါက ရှင့်ရဲ့အပြစ် မဟုတ်ပါဘူး"
မြောက်ပိုင်းနယ်စပ်အား ဖြတ်ကျော်ရာတွင် လေလွင့်အင်မော်တယ်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူများပင် လေဟာနယ်မုန်တိုင်းများနှင့် ပက်ပင်းရင်ဆိုင်ရပါက သေဆုံးနိုင်ချေမြင့်မားပေ၏။
ယခုလက်ရှိချိန်၌ အထီးကျန်နတ်ဘုရားလှေ၏အနီးပတ်ဝန်းကျင်အား တုန်လှုပ်ချောက်ချားဖွယ်လေပြင်းမုန်တိုင်းများက ဝိုင်းရံထားသည်။ပြင်ပသို့ ထွက်လိုက်ပါက သေလမ်းသာရှိသည်။အကယ်၍ သူတို့ ပြင်ပသို့မထွက်ပါကလည်း လေပြင်းမုန်တိုင်းကြောင့် အထီးကျန်နတ်ဘုရားလှေပျက်စီးသွားပါက သူတို့သေဆုံးရပေမည်။
ဤသည်က သူမတို့ကို ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ကျရောက်စေပေ၏။
အောင်းချမ်သည် စိတ်ပျက်ညှိုးငယ်စွာဖြင့် ပြင်ပသို့ကြည့်လိုက်သော်လည်း ထိုအချိန်မှာပင် မုန်တိုင်းများအကြားရှိ ပုံရိပ်တစ်ခုပေါ်သို့ သူမ၏မျက်လုံးအကြည့် အာရုံစိုက်မိသွားသည်။
အထီးကျန်နတ်ဘုရားလှေနှင့် မလှမ်းမကမ်းအကွာအဝေးတွင် လူတစ်ယောက်သည် မုန်တိုင်းများအကြား၌ မတ်တတ်ရပ်နေပေ၏။
ထိုလူသည် မိုးပြာရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး လေပြင်းများ အဆက်မပြတ်တိုက်ခတ်နေသည့်တိုင် သူ၏ပုံရိပ်က မည်သို့မျှယိမ်းယိုင်သွားခြင်းမရှိချေ။
"မင်းသမီး...ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"
အစေခံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
အောင်းချမ်က အသိစိတ်ပြန်ဝင်သွားသည်။သူမက မိုးပြာရောင်ဝတ်စုံဝတ်လူငယ်ကို ထပ်မံ၍ကြည့်လိုက်ရာ လေပြင်းမုန်တိုင်းကိုသာ တွေ့မြင်မိပြီး လူငယ်က ပျောက်ကွယ်သွားပေ၏။
"ကြည့်ရတာတော့ ငါ အမြင်မှားတာပဲနေမှာ"
အောင်းချမ်က သူမကိုယ်သူမ ပြက်ရယ်ပြုလိုက်သည်။ဤမျှ ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် အစွမ်းထက်သောနဂါးတစ်ကောင်ပင် လေပြင်းမုန်တိုင်းများအကြား၌ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
လူသားတစ်ယောက်အနေဖြင့် မည်သို့ဖြစ်နိုင်မည်နည်း။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိလေပြင်းမုန်တိုင်းသည် ပို၍ပို၍ပြင်းထန်လာပြီး အထီးကျန်နတ်ဘုရားလှေပင် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
မူလက အထီးကျန်နတ်ဘုရားလှေအား လွှမ်းခြုံထားသော အကာအကွယ်အလင်းလွှာ မှေးမှိန်စပြုလာပြီး နောက်ထပ်အချိန်အနည်းငယ်အတွင်းမှာပင် ပြိုကွဲသွားတော့မည့်ပုံ ပေါ်လွင်နေသည်။
အောင်းချမ်၏မျက်လုံးအတွင်း၌ ဆုံးဖြတ်ချက်ချလိုက်သော အရိပ်အယောင်များထင်ဟပ်လာပြီး သူမက အင်္ကျီလက်မောင်းကြားမှ ရွှေရောင်ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။
"ကျွန်မက ပင်လယ်နတ်ဘုရားပုလဲကို အသက်သွင်းတော့မယ်...နတ်ဘုရားအလင်းထွက်ပေါ်လာတာကို အခွင့်ကောင်းယူပြီး ရှင်တို့အားလုံး မြန်မြန်ထွက်ပြေးကြတော့"
အစေခံများအားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့က အလျှင်အမြန်ဒူးထောက်ကာ ပြောဆိုသည်။
"မလုပ်ပါနဲ့ မင်းသမီးလေး"
အစေခံအိုကြီးက အက်ရှရှအသံဖြင့် ပြောဆိုလေ၏။
"ကျွန်တော်တို့အားလုံး သေဆုံးသွားရင်တောင်...မင်းသမီးကို အန္တရာယ်ထဲ မရောက်စေရဘူး...ပြီးတော့ ပင်လယ်နတ်ဘုရားပုလဲက ကျွန်တော်တို့မြောက်ပိုင်းပင်လယ်နဂါးနန်းတော်ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ရတနာပဲ...ကျွန်တော်တို့အတွက်နဲ့ အလဟဿအဖြစ်မခံနိုင်ဘူး"
အောင်းချမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"တကယ်လို့ ငါ ပြန်သွားနိုင်ရင်တောင်...ဒီရတနာကို ကာကွယ်စောင့်ရှောက်နိုင်မှာမလို့လား"
သူတို့သည် မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်ဝင်များဖြစ်သည်။သူတို့၏ခွန်အားနည်းပါးမှုကြောင့် တခြားနဂါးမျိုးနွယ်နှစ်ခု၏ တိုက်ခိုက်မှုအား ခုခံနိုင်မည်မဟုတ်ချေ။
ဘိုးဘေးများလက်ဆင့်ကမ်းခဲ့သော ရတနာကိုလည်း သူမ ကာကွယ်စောင့်ရှောက်နိုင်မည် မဟုတ်ပေ။
ပင်လယ်နတ်ဘုရားပုလဲအား တစ်ကြိမ်အသက်သွင်းပြီးသည်နှင့် နောက်တစ်ကြိမ်အသုံးပြုနိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းရပေမည်။
ပင်လယ်နတ်ဘုရားပုလဲ၏ကာကွယ်ပေးမှုသာမရှိပါက သူတို့၏မြောက်ပင်လယ်နဂါးဂိုဏ်းသည် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ချေ။
ထိုအချိန်မှာပင် အောင်းချန်သည် မုန်တိုင်း၏ဗဟိုချက်ရှိ ပုံရိပ်တစ်ခုကို သတိပြုမိသွားသည်။
ထိုလူသည် မုန်တိုင်းများအကြား၌ရှိနေပြီး အပန်းဖြေလမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူ လျှောက်လှမ်းသွားနေသည်။
"ငါ ထင်ယောင်ထင်မှားဖြစ်နေတာများလား"
ထိုအတွေးက သူမ၏စိတ်နှလုံးသားအတွင်းသို့ ဝင်ရောက်လာသည်။အောင်းချမ်က ခေါင်းခါယမ်းပြီး ပင်လယ်နတ်ဘုရားပုလဲကို အသက်သွင်းရန် ပြင်ဆင်လိုက်တော့သည်။
သို့သော် ထိုအချိန်မှာပင်...
သူမမြင်တွေ့မိသော လူငယ်သည် အထီးကျန်နတ်ဘုရားလှေထံဦးတည်၍ တရွေ့ရွေ့လျှောက်လှမ်းလာပေ၏။