အခန်း (၁၄၆၆-၁၄၇၀)
Vol. 77 Ch. 1466-1470
Chapter 1466
ဟမ့်...
ထိုအဖြေကိုကြားသည်နှင့် အောင်းဟန်သည် သူ၏စိတ်နှလုံးသားအတွင်း၌ရှိနေသော ဒေါသများကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ချေ။
"ငါ မျက်လုံးကန်းနေတယ်လို့ မင်း ထင်နေတာလား"
အောင်းဟန်က လုယွီကို လက်ညှိုးညွှန်လိုက်သည်။
"တကယ်လို့မင်းက အစစ်အမှန်အားကောင်းတဲ့ လူသားကျင့်ကြံသူကို ဖိတ်ခေါ်လာမယ်ဆိုရင် ငါ ဘာမှပြောမှာမဟုတ်ဘူး...ဒါပေမယ့် မင်း အဲ့ဒီကောင်လေးကိုကြည့်ကြည့်ပါအုံး..သူ့ခန္ဓာကိုယ်မှာ ဘာမှော်စွမ်းအင်လှုပ်ခတ်မှုမှ မရှိဘူး...သူက သာမာန်သေမျိုးတစ်ယောက်ပဲ"
"မင်းက မြောက်ပင်လယ်နဂါးမျိုးနွယ်ကို ပျက်စီးစေချင်လို့ ဒီလိုကောင်လေးမျိုးကို ခေါ်လာတာလား"
အရှေ့ပင်လယ်နှင့်တောင်ပင်လယ် နဂါးမျိုးနွယ်နှစ်ခုကြောင့် အောင်းဟန်သည် အလွန်အမင်းစိုးရိမ်ပူပန်နေရ၏။သူ အလွန်စိတ်ပူပန်နေသည့်တိုင် ရောက်ရှိလာတော့မည့် ဘေးအန္တရာယ်ကိုရင်ဆိုင်ရန်အတွက် သူ အောင်းချမ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်။သို့ရာတွင် အောင်းချမ်သည် သာမာန်သေမျိုး လူသားမျိုးနွယ်တစ်ယောက်ကို ခေါ်ဆောင်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်က လက်လျှော့အရှုံးပေးသည်ဟု ကြိုတင်ဝန်ခံလိုက်ခြင်းမျိုး မဟုတ်လော။
"ဦးလေး...ဒါက ဦးလေးတွေးထားသလိုမျိုး မဟုတ်ပါဘူး...ဒီလုယွီ...သူက တကယ့်ကို အားကောင်းတဲ့သူပါ...ကျွန်မတို့ လေပြင်းမုန်တိုင်းကို ဖြတ်ကျော်တဲ့အချိန်တုန်းက...."
အောင်းချမ်သည် သူမတို့၏အပြန်လမ်းခရီးတွင် ကြုံတွေ့ခဲ့ရသော ကိစ္စများကို အောင်းဟန်အား ပြောပြလိုက်၏။
ထိုသို့ပြောဆိုပြီးသည့်တိုင် အောင်းဟန်၏မျက်လုံးအတွင်းမှ အေးစက်တင်းမာမှုများ ပို၍ပင်ထင်ရှားလာမည်ဟု မည်သူက တွေးတောမိမည်နည်း။
"အဲ့ဒီကိစ္စတွေပြီးတော့ အထီးကျန်နတ်ဘုရားလှေနဲ့ ကျွန်မတို့အားလုံး မြောက်ပင်လယ်နဂါးနန်းတော်ကို ပြန်လာခဲ့တယ်"
အောင်းချမ်၏စကားမဆုံးမီမှာပင် အောင်းဟန်၏ကြားဖြတ်နှောက်ယှက်ခြင်း ခံလိုက်ရသည်။
အောင်းဟန်က အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေပြောနေလို့ ဘာအသုံးဝင်မှာလဲ...မင်းက အရာအားလုံးကို ဆုံးရှုံးခံဖို့ ဆုံးဖြတ်ပြီးမှတော့ ဒီလူအိုကြီးကလည်း မင်းကို ဂရုမစိုက်တော့ဘူး...မင်းတို့မြောက်ပင်လယ်နဂါးနန်းတော်ကလူတွေရဲ့ ကံကြမ္မာကို ငါ ဂရုမစိုက်တော့ဘူး"
အောင်းချမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဦးလေး...ကျွန်မပြောသမျှ ကိစ္စအားလုံးက အမှန်တွေပါ"
ထိုအခြင်းအရာကို နံဘေးဘက်ရှိ အစေခံများမြင်ချိန်တွင် သူတို့လည်းသိရှိကြောင်း တစ်ယောက်ပြီးတစ်ယောက် ကျိန်ဆို၍ပြောကြသည်။သူတို့သည်လည်း ထိုကိစ္စအား ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသဖြင့် ရှင်းပြလိုနေကြ၏။
"တော်သင့်ပြီ"
အောင်းဟန်က ရုတ်တရက် ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ငါက အရူးတစ်ယောက်လို့ မင်းတို့ထင်နေကြတာလား....အထီးကျန်နတ်ဘုရားလှေကို ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတာ...တကယ်လို့ အတိတ်က နဂါးဘုရင်တောင် အထီးကျန်နတ်ဘုရားလှေကို နည်းနည်းမှလှုပ်ခတ်အောင် မစွမ်းဆောင်နိုင်ဘူး...သေးငယ်တဲ့လူသားမျိုးနွယ်က လေပြင်းမုန်တိုင်းကြားမှာ အသက်ရှင်နေတာတောင် ကံတော်တော်ကောင်းနေပြီ...မင်းတို့အားလုံးက ယုတ္တိမရှိတဲ့အလိမ်အညာတွေနဲ့ ငါ့ကို လှည့်ဖျားနေကြတယ်ပေါ့လေ"
အောင်းဟန်က အေးစက်တင်းမာသောအကြည့်ဖြင့် အောင်းချမ်ကို ကြည့်လိုက်သည်။
"တကယ်လို့ မင်းရဲ့အသက်ငယ်သေးတာကြောင့် မသိနားမလည်မှုလို့သာ သက်မှတ်မထားရင် ငါက မင်းကို အခုချက်ချင်း သတ်ပစ်လိုက်ပြီ...တကယ်လို့ မင်း ငါ့ကိုထပ်ပြီးလိမ်ညာလှည့်ဖျားနေအုံးမယ်ဆိုရင် ငါတို့ရဲ့အတိတ်က ပတ်သက်ဆက်နွယ်မှုကိုမထောက်ဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့"
အောင်းဟန်သည် နဂါးဘုရင်တစ်ပါးဖြစ်သည်။သူစကားပြောဆိုနေစဥ်တွင် သူ၏အရှိန်အဝါသည် အနီးပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်များအားလုံးအား ဆွံအသွားစေသည်။
လုယွီ၏မျက်နှာအမူအယာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ဤဖိအားအရှိန်အဝါသည် သူ့အား မည်သည့်သက်ရောက်မှုမျှ မရှိချေ။
ဤကဲ့သို့အခြေအနေမျိုးတွင် အောင်းဟန်၏အမြင်၌ လုယွီက တည်ငြိမ်ယောင်ဆောင်နေသည်ဟုသာ တွေးထင်မိသည်။သူသည် လုယွီ၏အပြုအမူကိုကြည့်၍ ပို၍ပင် အထင်အမြင်သေးသွားပေ၏။
"နဂါးမျိုးနွယ်စည်းဝေးပွဲက နောက်ထပ်အချိန်တစ်နာရီအတွင်းမှာ စတော့မယ်....ဘယ်လိုပဲဖြစ်ဖြစ် မင်းက မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့ပထမမင်းသမီးလေ...ငါ မင်းကို မြင့်မြတ်သူကျွမ်းနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်...သူ့ရှေ့မှာတော့ ငါ့ကိုအခက်တွေ့အောင်မလုပ်နဲ့"
အောင်းဟန်က သတိပေး၍ ဤနေရာမှထွက်ခွါရန် ဟန်ပြင်လိုက်သည်။သူက အောင်းချမ်၏အဓိပ္ပါယ်မဲ့သောစကားများကို ထပ်မံ၍နားထောင်လိုစိတ်မရှိတော့ချေ။
"ကျွန်မ တောင်းပန်ပါတယ်....မြောက်ပင်လယ်နဂါးမျိုးနွယ်စုအတွက် ဒီလိုလုပ်မှဖြစ်မှာမလို့ပါ"
အောင်းချမ်က လုယွီကို အလေးအနက်ထား၍ တောင်းပန်လေသည်။
သူမသည် လုယွီအား မည်သည့်အကျိုးအမြတ်မှ မပေးနိုင်သည့်အပြင် သူ့အပေါ်၌ လေးစားမှုပင် ကင်းမဲ့သကဲ့သို့ ဖြစ်သွားခဲ့သည်။
လုယွီက ခေါင်းခါပြလိုက်သည်။
"ဒါက ပြဿနာမရှိပါဘူး...သွားကြစို့"
သူသည် နဂါးစည်းဝေးပွဲအကြောင်း ကြားဖူးပေ၏။နဂါးစည်းဝေးပွဲ ကျင်းပချိန်သည် နဂါးမျိုးနွယ်များအတွင်း၌ အရေးကြီးကိစ္စတစ်စုံတစ်ခုဖြစ်ပျက်နေသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။
နဂါးစည်းဝေးပွဲကျင်းပချိန်တွင် ဤနေရာ၌ နဂါးမျိုးနွယ်များအားလုံး စုဝေးရောက်ရှိနေပေမည်။
ဤသည်က လုယွီအတွက် အခွင့်အရေးကြီးပင်။သူသည် နဂါးမျိုးနွယ်များအားလုံးကို တစ်ချက်တည်းဖြင့် အမိဖမ်းနိုင်ပေ၏။
သူသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို ကယ်တင်ပေးရန် ဤနေရာသို့လာခဲ့ခြင်းမဟုတ်ချေ။
ရှေးဟောင်းကောင်းကင်ဘုံလမ်းကြောင်း ပွင့်တော့မည်ဖြစ်ရာ သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကို ဆက်ခံနိုင်ရန် သူ့အားကူညီမည့် အစွမ်းထက်အင်အားစုများကို စုစည်းနိုင်ရန်လိုအပ်သည်။
Chapter 1467
မြောက်ပင်လယ်နဂါးနန်းတော်၏ကြီးမားသောသလင်းကျောက်ခန်းမအတွင်း၌...
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်သည် ငယ်ရွယ်ချောမောသော နဂါးအစေခံမလေးများ ခြံရံ၍ ခန်းမအတွင်းရှိ ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်နေသည်။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် ထိုင်နေသော်လည်း သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကြောင့် နံဘေးရှိနဂါးအစေခံများထက် ပို၍အရပ်မြင့်မားနေသည်။
သူ့ရှေ့ရှိစားပွဲပေါ်၌ ဝိုင်အိုးအမြောက်အများရှိနေပေ၏။သာမာန်လူများသည် ထိုဝိုင်အား အနံ့ရရုံဖြင့်ပင် မူးဝေသွားပေမည်။သို့ရာတွင် ထိုအနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် ဝိုင်အိုးများကိုမ၍ သူ၏ပါးစပ်အတွင်းလောင်းထည့်ကာ ဝိုင်ပမာဏအား လျစ်လျှူရှုထားသည်။
ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ပင် ဝိုင်ရနံ့များ သင်းပျံနေသည်။
"ဟား ဟား ဟား....ဆရာသခင်ကျွမ်း စောင့်ဆိုင်းနေရတဲ့အတွက် တောင်းပန်ပါတယ်...ဒါတွေအားလုံးက ငါရဲ့စိတ်ပျက်စရာကောင်းတဲ့ တူမလေးကြောင့်လေ....သူက အပြင်ထွက်တိုင်း အမြဲတမ်းပြဿနာရှာရှာလာတယ်"
အောင်းဟန်ကရယ်မောရင်း ခန်းမအတွင်းသို့ ဝင်လာသည်။
အောင်းဟန်ဝင်လာသည်ကိုမြင်သော်လည်း မြင့်မြတ်သူကျွမ်းသည် အနည်းငယ်မျှပင်အာရုံမစိုက်သည့်အပြင် မတ်တတ်ထ၍နှုတ်ဆက်ခြင်းပင် မပြုချေ။
"အနောက်ပင်လယ်နဂါးဘုရင်...ငါတို့ရဲ့ဘိုးဘေးတွေက ငါတို့လိပ်နက်မျိုးနွယ်စုတွေအားလုံး တံခါးပိတ်ကျင့်ကြံနေတယ်လို့ မင်းကို သတင်းစကားပေးပို့ခိုင်းတာ...ဒါပေမယ့် ငါက မင်းကိုကူညီဖို့ စွန့်စားပြီးခိုးထွက်လာခဲ့တာ....ငါတို့အရင်က သဘောတူထားတာထက်နှစ်ဆ မင်း ငါ့ကိုပေးရမယ်"
လိပ်နက်မျိုးနွယ်စုအကြားတွင် မျိုးနွယ်စုခေါင်းဆောင်မှလွဲ၍ မြင့်မြတ်သူလေးယောက်သည် အမြင့်မားဆုံးအဆင့်အတန်းရှိသူများဖြစ်သည်။
မြင့်မြတ်သူအဆင့်အတန်းရှိသူတိုင်းသည် လိပ်နက်မျိုးနွယ်စု၏ အားအကောင်းဆုံးသူများဖြစ်ပေ၏။သူတို့၏ခြေတစ်ချက်ဆောင့်နင်းလိုက်ရုံဖြင့် လောကကြီးအား အရောင်ပြောင်းလဲစေသူများပင်။
အောင်းဟန်သည် အနောက်ပင်လယ်နဂါးဘုရင်ဖြစ်သည့်တိုင် သူသည် မြင့်မြတ်သူကျွမ်း၏အရိုအသေပြုခြင်းကိုခံယူရန် အရည်အချင်းမပြည့်မီချေ။
မြင့်မြတ်သူကျွမ်းက အလွန်မောက်မာစွာ စကားပြောဆိုနေသည့်တိုင် အောင်းဟန်က အလေးထားပုံမရဘဲ သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလေသည်။
"ဒါက ဖြစ်သင့်တာပါပဲ...မြင့်မြတ်သူကျွမ်းက ငါ့ကို နဂါးဧကရာဇ်ဖြစ်အောင် ကူညီပေးနိုင်ရင် နှစ်ဆမကဘူး ဆယ်ဆဆိုလည်း ငါ ပေးမယ်"
အောင်းချမ်က မယုံကြည်နိုင်သောအကြည့်ဖြင့် အောင်းဟန်ကို ကြည့်လိုက်သည်။
"ဦးလေးက နဂါးဧကရာဇ်နေရာအတွက် ယှဥ်ပြိုင်ချင်နေတာလား"
သူမသည် ထိုကိစ္စအကြောင်းကို အောင်းဟန်ထံမှ မကြားဖူးချေ။
"ငါက ဘာလို့ နဂါးဧကရာဇ်မဖြစ်နိုင်ရမှာလဲ"
အောင်းဟန်က ခေါင်းမော့ပြီး အေးစက်စက်အသံဖြင့်ပြောဆိုသည်။သူသည် နဂါးဘုရင်လေးပါးအနက်မှတစ်ပါးဖြစ်၍ နဂါးဧကရာဇ်ဖြစ်ရန် အရည်အချင်းပြည့်မီသည်။
သူ၏ခွန်အားသည် တခြားနဂါးဘုရင်နှစ်ပါးထက် လျော့နည်းသည့်တိုင် မြင့်မြတ်သူကျွမ်း၏ထောက်ပံကူညီမှုဖြင့်ဆိုပါက သူ့အတွက် အာမခံချက်တချို့ရှိသည်မှာ သေချာပေ၏။
"မြင့်မြတ်သူကျွမ်း....သူက မင်းကို ငါပြောထားတဲ့ မြောက်ပင်လယ်နဂါးနန်းတော်ရဲ့မင်းသမီးအောင်းချမ်ပဲ...ငါ့ရဲ့တူမက ခေါင်းမာလွန်းတယ်...ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"
အောင်းဟန်က ယဥ်ကျေးပျူငှါစွာ ပြောဆိုသည်။
မြင့်မြတ်သူကျွမ်း၏မှေးစင်းနေသောမျက်တောင်များ အနည်းငယ်မြင့်တက်သွားပြီး သူက အောင်းချမ်ကို စောင်းငဲ့ကြည့်၍ ပြောဆိုလေ၏။
"မင်းတို့မြောက်ပင်လယ်နဂါးနန်းတော်မှာ ဒီတစ်ကြိမ်တိုက်ခိုက်ဖို့အတွက် ဘယ်သူ့ကိုရှာဖွေထားလဲ"
မြင့်မြတ်သူကျွမ်းကိုကြည့်ရသည်မှာ ထူးချွန်ထက်မြက်ပုံမပေါ်သော်လည်း သူသည် မြောက်မြားစွာသောသတ်ဖြတ်မှုများ တွေ့ကြုံပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။သူ၏စကားလုံးများအတွင်း၌ အစွမ်းထက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်ပါဝင်နေသည်။
သူ စကားပြောဆိုနေစဥ်တွင် အောင်းချမ်သည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ လေးလံသောဖိအားတစ်ရပ်ကျဆင်းလာသည်ကို ခံစားမိပြီး သူမအား အသက်ရှုမွန်းကျပ်စေသည်။
အောင်းချမ်သည် ထိုဖိအားကိုတောင့်ခံနိုင်ရန် သူမ၏အံ့ကိုတင်းတင်းကြိတ်ထားရာ သူမ၏ခန္ဓာကိုယ်ပင် တုန်ခါနေသည်။
ထိုအချိန်မှာပင် လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး တည်ငြိမ်စွာပြောဆိုသည်။
"ဒါက ကျုပ်ပဲ"
လုယွီ၏အသံထွက်ပေါ်လာသည်နှင့် အောင်းချမ်ပေါ်သို့ သက်ရောက်နေသော ဖိအားအရှိန်အဝါပျက်ပြယ်သွားပေ၏။အောင်းချမ်သည် လုယွီအား အံ့အားသင့်သောအကြည့်ဖြင့် ကြည့်လိုက်သော်လည်း မည်သည့်စကားမျှမဆိုချေ။
"ဟား ဟား ဟား ဟား ဟား"
မြင့်မြတ်သူကျွမ်းသည် လုယွီအားကြည့်ပြီး ရယ်မောလိုက်၏။
"မြောက်ပင်လယ်နဂါးနန်းတော်မှာ အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်မှမရှိတော့ဘူးလို့တော့ ငါ ကြားထားပြီးသားပါ...ဒါပေမယ့် သေမျိုးလူသားတစ်ယောက်ကို ဖိတ်ခေါ်ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
သူက လုယွီကိုလက်ညှိုးညွှန်၍ ဆက်လက်ပြောဆိုသည်။
"အနောက်ပင်လယ်နဂါးဘုရင်...မင်းရဲ့တူမကို ကြည့်ပါအုံး...ဒါက ကလေးတွေကစားမယ့်ပွဲမျိုး မဟုတ်ဘူးနော်...နဂါးစည်းဝေးပွဲက နဂါးမျိုးနွယ်တိုင်းရဲ့ကံကြမ္မာနဲ့ဆက်စပ်နေတယ်...မင်းတို့တွေက မြောက်ပင်လယ်နဂါးမျိုးနွယ်တွေအားလုံး ပျက်သုဥ်းစီစဥ်နေကြတာလား"
အောင်းဟန်သည် သူ၏ဒေါသများကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့သဖြင့် ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။
"ဒါက သူ့အသက်ကငယ်သေးတော့ မသိနားမလည်တာကြောင့်ပါ...ကျေးဇူးပြုပြီး မြင့်မြတ်သူကျွမ်းက နားလည်ပေးစေချင်တယ်"
Chapter 1468
ထိုစကားကိုကြားသည်နှင့် အောင်းချမ်က ခေါင်းမော့၍ ပြောဆိုလိုက်သည်။
"ဦးလေး....ကျွန်မဖိတ်ကြားလာတဲ့သူက တကယ့်ကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပါ"
လုယွီသည် အထီးကျန်နတ်ဘုရားလှေအား တွန်းထုတ်ခဲ့ခြင်းကို သူမမျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။နဂါးဘုရင်တစ်ယောက်ပင်လျှင် ဤကဲ့သို့ကိစ္စမျိုးအား ပြုလုပ်နိုင်မည်မဟုတ်ချေ။
"ပါးစပ်ပိတ်ထားစမ်း...မင်းဒီနေရာမှာ ဝင်ပြောစရာ ဘာအကြောင်းမှမရှိဘူး"
အောင်းဟန်က ခါးခါးသည်းသည်း ငြင်းဆန်လေသည်။
သူက မြင့်မြတ်သူကျွမ်းဘက်သို့လှည့်၍ နှိမ့်ချသောလေသံဖြင့် တောင်းပန်စကားဆိုလိုက်၏။
"မြင့်မြတ်သူကျွမ်းက အဆင့်အတန်းမြင့်မားသူပါ...ဒီဂျူနီယာလေးတွေပြောတာကို စိတ်ထဲမထားပါနဲ့"
"ငါ အဲ့ဒီလိုလုပ်မှာမဟုတ်ဘူး"
မြင့်မြတ်သူကျွမ်းက သူ၏လက်ကိုဝှေ့ယမ်းပြီး ဆက်လက်ပြောဆိုသည်။
"ငါ တိုက်ခိုက်တဲ့အချိန်မှာ...ငါ့ကိုကူညီနိုင်မယ့် နတ်ဆိုးသားရဲမျိုးကိုပဲ လိုအပ်တယ်...ငါ့လက်နဲ့ထိလိုက်ရုံနဲ့သေသွားမယ့် သေမျိုးလူသားကို ငါ မလိုအပ်ဘူး...နဂါးစည်းဝေးပွဲရဲ့အကြားက ယှဥ်ပြိုင်မှုပြင်းထန်ပုံကို ငါ ကြားထားပြီးပြီ...ငါ နည်းနည်းလောက် သတိလက်လွတ်နေမိတာနဲ့ သေဆုံးသွားနိုင်တယ်"
"ငါ့ကိုဆွဲချမယ့် အသုံးမကျတဲ့တွဲဖက်မျိုးကို ငါ မလိုချင်ဘူး...စင်မြင့်ပေါ်ကိုရောက်တဲ့အချိန်ကျရင် ငါ့ကသာ သူကိုဂရုစိုက်ပေးနေရအုံးမယ်ဆို ငါခွန်အားပြည့်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"
မြင့်မြတ်သူကျွမ်းက စကားပြောဆိုပြီးသည်နှင့် ဝိုင်အိုးကိုမော့သောက်ကာ အောင်းဟန်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။
အောင်းဟန်၏မျက်နှာပေါ်၌ ဝေခွဲရခက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူက နောက်လှည့်၍ အောင်းချမ်အားကြည့်ကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"အောင်းချမ်...ငါ မင်းကို အရင်ကတည်းက အကြိမ်ပေါင်းများစွာ သတိပေးပြီးပြီ....ဒီတစ်ကြိမ်နဂါးစည်းဝေးပွဲက သာမာန်ကိစ္စမျိုးမဟုတ်ဘူး...မင်း သတိထားသင့်တယ်"
"တကယ်လို့ မင်းက ယှဥ်ပြိုင်ပွဲမှာပါဝင်ဖို့ အားနည်းတဲ့ကျင့်ကြံသူတစ်ယောက်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တောင် ငါ နားလည်ပေးနိုင်တယ်...ဒါပေမယ့် မင်းက ဘာမှော်စွမ်းအင်လှုပ်ခတ်မှုမှမရှိတဲ့ သေမျိုးအမှိုက်ကို ရွေးချယ်ခဲ့တယ်...မင်းကိုကြည့်ရတာ နဂါးစည်းဝေးပွဲကို အာရုံစိုက်မှုမရှိဘူးလို့ ငါ ထင်တယ်"
အောင်းချမ်က ဖြူရော်နေသောမျက်နှာနှင့် တုံ့ပြန်ပြောဆိုသည်။
"ကျွန်မပြောနေတာတွေအားလုံးက အမှန်တွေချည်းပဲ...ဘာတစ်ခုမှ အလိမ်အညာမပါဘူး"
"တော်သင့်ပြီ"
အောင်းဟန်က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"မင်းရဲ့အပြုအမူတွေကိုကြည့်ပြီးတော့ ငါက မြောက်ပင်လယ်နဂါးမျိုးနွယ်နဲ့ ပူးပေါင်းဖို့ကိစ္စကိုရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ...နဂါးစည်းဝေးပွဲကျရင် မင်း ကံကြမ္မာကောင်းရှိဖို့သာ ဆုတောင်းထားပေတော့"
အောင်းချန်သည် ချက်ချင်းပင် အလွန်အမင်း စိတ်ဓာတ်ကျဆင်းသွားပေ၏။အောင်းဟန်သည် မြင့်မြတ်သူကျွမ်း စိတ်ကျေနပ်စေမည့် မည့်သည့်အရာကိုမဆိုပြုလုပ်မည်အား သူမ မြင်နေရသည်။
နဂါးဧကရာဇ်နေရာအတွက် တိုက်ခိုက်ရန်အလို့ငှာ အောင်းဟန်သည် မည်သည့်အရာကိုမဆို စွန့်လွှက်နိုင်ပေသည်။သူသည် မြောက်ပင်လယ်နဂါးမျိုးနွယ်အား မှီခိုရန်မလိုအပ်ရာ မည်သည့်ကြောင့် ပူးပေါင်းရန်လိုအပ်မည်နည်း။
"သွားကြစို့"
အောင်းချမ်က လေသံဖျော့ဖျော့နှင့် ပြောဆိုသည်။ဤနေရာတွင် သူမ အမှန်တကယ်ကိုပင် စကားပြောဆိုစရာမရှိချေ။
"ကောင်းတယ်...မြန်မြန်သွားကြတော့...ပြန်တွေးကြည့်ရင် မြောက်ပင်လယ်နဂါးမျိုးနွယ်က နာမည်ကျော်ကြားတဲ့မျိုးနွယ်ကြီးဖြစ်တာတောင် ဒီအခြေအနေထိရောက်အောင် နိမ့်ကျသွားတယ်...ဟား ဟား...ဒါက တကယ့်ကိုရယ်စရာပဲ"
မြင့်မြတ်သူကျွမ်းက မောက်မာစွာ ပြက်ရယ်ပြုရယ်မောနေပေ၏။
ထိုအသံသည် လှံစွပ်တစ်ချောင်းကဲ့သို့ အောင်းချမ်၏နှလုံးသားအထွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။သို့ရာတွင် သူမ တုံ့ပြန်နိုင်သောအရာဟူ၍မရှိချေ။
အောင်းချမ်သည် သူမ၏ခေါင်းကို လုယွီဘက်သို့လှည့်၍ အားတင်း၍ပြုံးပြကာ ပြောဆိုလိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ်...ရှင့်ကို ဒီအရှုပ်အထွေးတွေကြား ဝင်ပါစေမိပြီ"
လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်...နဂါးစည်းဝေးပွဲစတင်တဲ့အချိန်ကျရင်...အရာအားလုံး ထင်ရှားလားပါလိမ့်မယ်"
ယခုချိန်၌ သူ မလှုပ်ရှားခြင်းမှာ ရန်သူများကို သတိပေးသကဲ့သို့ဖြစ်သွားမည်ကို စိုးရွံသောကြောင့်ပင်။
နဂါးစည်းဝေးပွဲစတင်ပြီး နဂါးမျိုးနွယ်များအားလုံး စုဝေးနေမှသာ သူ လှုပ်ရှားရန်အချိန်ကောင်းဖြစ်သည်။
"အရင်ဦးဆုံး ကျွန်မတို့နဂါးမျိုးနွယ်ကလူတွေနဲ့ ရှင့်ကိုတွေ့ပေးမယ်...ပြီးတာနဲ့ အရာရာတိုင်းက ရှင့်အပေါ်မူတည်သွားပြီ"
အောင်းချမ်က တောင်းပန်သည့်အပြုံးမျိုးပြုံးရင်း ပြောဆိုလိုက်သည်။
သူမသည် လုယွီအား အကူအညီတောင်းခံခဲ့သော်လည်း သူမတို့၏မြောက်ပင်လယ်နဂါးမျိုးနွယ်သည် အားနည်းနေသဖြင့် လမ်းတလျှောက်လုံး လှောင်ပြောင်သရော်ခံခဲ့ရသည်။
"ပထမမင်းသမီး...နဝမအကြီးအကဲက မင်းသမီးကို စည်းဝေးခန်းမမှာ စောင့်နေပါတယ်"
အစေခံတစ်ယောက်က ရောက်လာပြီး တီးတိုးပြောဆိုလေသည်။
အောင်းချမ်က စိတ်မရှည်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
"ကောင်းပြီလေ...ငါ သိပြီ"
ထိုအစေခံသည် လုယွီအားကြည့်ပြီး ဆက်လက်ပြောဆိုသည်။
"နဝမအကြီးအကဲက မှာကြားလိုက်ပါသေးတယ်...မင်းသမီးဖိတ်ကြားလာတဲ့သူကိုလည်း အတူခေါ်လာရမယ်တဲ့"
အောင်းချမ်က ရုတ်တရက် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းပြီး အော်ဟစ်လိုက်သည်။
"နဝမအကြီးအကဲက တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား...လောကကြီးရဲ့အရေးကိစ္စတွေကို မကြားချင်တော့ဘူးလို့ သူ ပြောခဲ့တာလေ"
အစေခံက လေသံယဲ့ယဲ့ဖြင့် ပြောဆိုသည်။
"နဝမအကြီးအကဲပြောတာက...ခုချိန်က ကျွန်တော်တို့ မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့သေရေးရှင်ရေးအချိန်အခိုက်အတန့် ရောက်နေပြီ...ဒါကြောင့် မင်းသမီးကို မဆင်မခြင်လုပ်ခွင့်မပြုနိုင်ဘူးတဲ့"
Chapter 1469
မြောက်ပင်လယ်နဂါးနန်းတော်...စည်းဝေးခန်းမ..
အောင်းချမ်နှင့်လုယွီတို့ ခန်းမအတွင်းသို့မဝင်မီမှာပင် အတွင်းရှိအငြင်းပွါးနေသံများကို ကြားလိုက်ရ၏။
"နဝမအကြီးအကဲ...ကျွန်တော်တို့က နဂါးစည်းဝေးပွဲမှာ ပထမမင်းသမီးရဲ့သဘောဆန္ဒအတိုင်းလုပ်ဖို့ ဘယ်လိုမှခွင့်မပြုနိုင်ဘူး"
"အမှန်ပဲ...ဒါက ကျွန်တော်တို့မြောက်ပင်လယ်နဂါးမျိုးနွယ်တွေ အသက်ရှင်သန်နိုင်ဖို့အတွက် သေရေးရှင်ရေးအခြေအနေမျိုးကိုရောက်နေပြီ...နောက်ခံဇစ်မြစ်တောင်မသိတဲ့ လူသားမျိုးနွယ်တစ်ယောက်ကို ကျွန်တော်တို့မျိုးနွယ်အတွက် ဘယ်လိုလုပ်ပြီး တိုက်ခိုက်ခိုင်းရမှာလဲ"
ဤအချိန်အခိုက်အတန့်တွင် စည်းဝေးခန်းမအတွင်း၌ မြောက်ပင်လယ်နဂါးမျိုးနွယ်အမြောက်အများစုဝေးနေပြီး သူတို့၏မျက်နှာများသည် ဒေါသကြောင့် နီမြန်းနေပေ၏။
စည်းဝေးခန်းမ၏အလယ်ဗဟိုတွင် အဖိုးအိုတစ်ယောက်က တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေပြီး သူ၏မျက်လုံးများကိုစုံမှိတ်ထားကာ သူ၏နံဘေးပတ်လည်ရှိဆူညံသံများကို ဂရုစိုက်ပုံမရချေ။
ရှပ်...ရှပ်...
ခြေလှမ်းသံများထွက်ပေါ်လာခြင်းနှင့်အတူ အောင်းချမ်သည် စည်းဝေးခန်းမအတွင်းသို့ ရောက်ရှိလာသည်။
ခန်းမအတွင်း၌ မူလက ဆူညံနေသောငြင်းခုန်သံများအားလုံး ချက်ချင်းဆိုသလိုပင်ပျောက်ကွယ်သွားပြီး သူတို့အားလုံးက အောင်းချမ်အား ကြည့်လိုက်ကြ၏။
"ပထမမင်းသမီး...."
အစောပိုင်းကဆူညံစွာ ငြင်းခုံဆွေးနွေးနေကြသော မြောက်ပင်လယ်နဂါးမျိုးနွယ်တချို့သည် သူတို့၏ပါးစပ်များကိုပိတ်၍ ထောင့်တစ်နေရာသို့သွား၍ ပုန်းအောင်းနေကြသည်။
သို့ရာတွင် နဂါးမျိုးနွယ်လူငယ်တစ်ယောက်ကမူ သူ၏ခေါင်းကိုမော့ကာ အောင်းချမ်ကို စူးစိုက်ကြည့်နေသည်။သူ့ကိုကြည့်ရသည်မှာ အောင်းချမ်၏ပထမမင်းသမီးဟူသောဂုဏ်ပုဒ်ကို ထိတ်လန့်ကြောက်ရွံပုံမရချေ။
"အောင်းဖန်း...နင့်ဆီမှာ ငါ့ရဲ့ဆုံးဖြတ်ချက်အပေါ် ထင်မြင်ချက်တစ်ခုခုများရှိနေလား"
အောင်းချမ်၏မျက်နှာက သုန်မှုန်နေသည်။
အောင်းဖန်းက အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"အမှန်တော့...ငါ့ဆီမှာ ထင်မြင်ချက်တချို့ရှိနေတယ်...အခုချိန်မှာ မြောင်ပင်လယ်နဂါးမျိုးနွယ်တစ်စုလုံး မင်းကြောင့် မျိုးသုဥ်းလုနီးနီးဖြစ်နေပြီ...တကယ်လို့ မင်းက ပထမမင်းသမီးဖြစ်နေပြီး ငါတို့ထက် အဆင့်အတန်းမြင့်မားနေရင်တောင် မြောက်ပင်လယ်နဂါးမျိုးနွယ်ကို ပျက်စီးစေတဲ့ မင်းလိုအပြစ်သားမျိုးကို ငါ့တို့ကိုဦးဆောင်ခွင့်မပြုနိုင်ဘူး"
အောင်းချမ်၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
"နင်က ဘယ်သူကို အပြစ်သားလို့ ပြောနေတာလဲ"
ပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်များသည် သူတို့၏မသိစိတ်မှနေ၍ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၏။
ယခင်က အောင်းဟန်နှင့်မြင့်မြတ်သူကျွမ်းသည် အောင်းချမ်အား ဖိနှိပ်နိုင်ခဲ့ခြင်းမှာ သူတို့အကြား ကျင့်ကြံဆင့်အလွန်အမင်းကွာဟမှုကြောင့်ဖြစ်သည်။
သို့ရာတွင် အောင်းချမ်သည် တော်ဝင်မိသားစုဝင်ဖြစ်၍ နဂါးမျိုးနွယ်အတွင်း၌ လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်ဖြစ်ပေ၏။
သူမ၏သွေးမျိုးဆက်ဖြင့်ပင် တခြားနဂါးမျိုးနွယ်များကို ဖိနှိပ်နိုင်စွမ်းရှိသည်။ဥပမာအနေဖြင့် အောင်းချမ် စိတ်ဆိုးဒေါသထွက်နေပါက သာမာန်နဂါးမျိုးနွယ်များသည် စကားလုံးတစ်လုံးမျှပင် ပြောဆိုနိုင်စွမ်းမရှိတော့ချေ။
သို့ရာတွင် အောင်းချမ်၏အရှိန်အဝါသည် အောင်းဖန်းအပေါ်၌ မည်သည့်သက်ရောက်မှုမျှရှိပုံမရဘဲ သူက အေးစက်စက်အသံဖြင့်ပြောဆိုသည်။
"မဟုတ်လို့လား...မင်းက သေမျိုးလူသားတစ်ယောက်ကိုဖိတ်ခေါ်လာတာ ရယ်စရာမကောင်းဘူးလား...မင်းက နဂါးမျိုးနွယ်ရဲ့မြင့်မြတ်တဲ့မင်းသမီးတစ်ပါးဖြစ်နေတာတောင် ငါတို့အတွက်တိုက်ခိုက်ပေးဖို့ သေမျိုးလူသားတစ်ယောက်ကိုပဲ ဖိတ်ခေါ်လာခဲ့တယ်...မင်းသိလား...ဒါက တခြားနဂါးမျိုးနွယ်တွေရဲ့ကြားမှာ အရယ်ရဆုံးပြက်လုံးတစ်ခုဖြစ်နေမှာပဲ"
သူက အောင်းချမ်အား မျက်နှာသာပေးရန် ရည်ရွယ်ထားပုံမရချေ။
အောင်းချမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။
"နင်က ဒီလိုပြောလာမှတော့...စည်းဝေးပွဲကို ဘယ်သူသွားမှာလဲ"
အောင်းဖန်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်....ငါတို့မျိုးနွယ်ထဲကဘယ်သူဖြစ်ဖြစ် တစ်ယောက်ယောက်ကိုဆွဲထုတ်ပြီး ယှဥ်ပြိုင်ခိုင်းလိုက်မယ်...သေမျိုးလူသားကိုတော့ ငါတို့အစားယှဥ်ပြိုင်ခိုင်းပြီး ငါတို့မြောက်ပင်လယ်နဂါးမျိုးနွယ်တစ်စုလုံးမျက်နှာပျက်အောင် မလုပ်နိုင်ဘူး"
ယခုလက်ရှိချိန်၌ မြောက်ပင်လယ်နဂါးမျိုးနွယ်တွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများမရှိချေ။
အောင်းချမ်က ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"နင်က အရမ်းစိတ်အားတက်ကြွနေမှတော့....စင်မြင့်ပေါ်ကို နင်သွားနိုင်တယ်"
ထိုစကားကိုကြားသည်နှင့် အောင်းဖန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သေမျိုးလူသားတစ်ယောက် စင်မြင့်ပေါ်တက်သွားပါက မြောက်ပင်လယ်နဂါးမျိုးနွယ်အတွက် မျက်နှာပျက်စရာဖြစ်မည်ဟု သူ တွေးတောခဲ့မိသည်။သို့ရာတွင် နဂါးစည်းဝေးပွဲ၌ နဂါးမျိုးနွယ်စုများမှအစွမ်းထက်ဆုံးကျင့်ကြံသူများသာ ပါဝင်ယှဥ်ပြိုင်ကြပေမည်။သူကဲ့သို့ငယ်ရွယ်သူအတွက် အဆုံးသတ်မှာ သေလမ်းသာရှိသည်။
အောင်းဖန်းက ပြောဆိုလိုက်၏။
"ငါ ပါဝင်ယှဥ်ပြိုင်မယ်လို့ ငါ မပြောပါဘူး....ငါတို့မျိုးနွယ်ထဲမှာ သင့်တော်တဲ့သူတွေရှိနေတာပဲလေ...ငါ ပါဝင်စရာမလိုပါဘူး"
မည်သူမဆို သွားနိုင်သော်လည်း သူ မသွားနိုင်ချေ။သူ သွားမည်ဟုသာ စကားကျွံသွားပါက သေလမ်းအားရွေးချယ်လိုက်သည်နှင့် အတူတူသာဖြစ်ပေမည်။
အောင်းချန်က အထင်အမြင်သေးသောအကြည့်ဖြင့် အောင်းဖန်းအားကြည့်လိုက်၏။
"နင် မသွားဘူးဆိုရင်...နင့်ပါးစပ်ကိုပိတ်ထားစမ်း"
အောင်းဖန်းက ဆင်ခြေပေးရန် ဟန်ပြင်လိုက်သည်။သို့သော် ထိုအချိန်မှာပင် ယခင်က မျက်လုံးစုံမှိတ်ပြီးထိုင်နေသော နဝမအကြီးအကဲ၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။
"ဘာမှထပ်ပြီး မဆူညံကြနဲ့တော့"
နဝမအကြီးအကဲ၏လေးနက်တည်ကြည်သောအသံ ထွက်ပေါ်လာပေ၏။
"ငါ ကိုယ်တိုင်စင်မြင့်ပေါ်ကိုသွားမယ်...ပထမမင်းသမီးဖိတ်ကြားလာတဲ့သူကတော့ ငါ့ရဲ့အကူအနေနဲ့ တိုက်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်နိုင်တယ်"
Chapter 1470
ဤအချိန်အခိုက်အတန့်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။နဂါးမျိုးနွယ်များအားလုံးသည် ခန်းမ၏အလယ်ဗဟို၌ထိုင်နေသော အဖိုးအိုကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"နဝမအကြီးအကဲ...အကြီးအကဲရဲ့ဒဏ်ရာတွေက ခုချိန်ထိ ပြန်ကောင်းသေးတာမဟုတ်ဘူး...အကြီးအကဲ မတိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်"
အောင်းဖန်းက အလျင်စလို ပြောဆိုသည်။
ယင်လော့ဂိုဏ်း၏ဝင်ရောက်တိုက်ခိုက်ခြင်းခံရစဥ်တွင် နဝမအကြီးအကဲသည် အဆင့်ချိုးဖျက်မှုကျရှုံး၍ တန်ပြန်ဒဏ်ခံစားနေရသဖြင့် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ထို့ကြောင့်သာ သူသည် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိချိန်၌ သူသည် တံခါးပိတ်ကျင့်ကြံပြီး အဆင့်ထပ်မံချိုးဖျက်နိုင်ရန် ကြိုးပမ်းနေသော်လည်း သူ၏အတွင်းဒဏ်မှာ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးချေ။သူ ထိုင်နေသော ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာပင် ပြင်းထန်သောသေဆုံးခြင်းအရှိန်အဝါများကို ခံစားရနိုင်သည်။
အကယ်၍ နဝမအကြီးအကဲသာ စည်းဝေးပွဲအတွင်း ဝင်ရောက်တိုက်ခိုက်ပါက သူ၏အတွင်းဒဏ်များ အသစ်ပြန်ဖြစ်သွားပေမည်။ထိုသို့သာဖြစ်သွားပါက မြောက်ပင်လယ်နဂါးမျိုးနွယ်၏ နောက်ဆုံးအစွမ်းထက်ကျင့်ကြံသူသည် အသက်ရှင်ကျန်ရစ်တော့မည်မဟုတ်ချေ။
နဝမအကြီးအကဲက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါ့ရဲ့အတွင်းဒဏ်အကြောင်း ငါ အသိဆုံးပါ...ခုချိန်မှာ ငါတို့မြောက်ပင်လယ်နဂါးမျိုးနွယ်က အန္တရာယ်ကြားထဲကျရောက်နေပြီ...တကယ်လို့ ငါ စည်းဝေးပွဲကိုမသွားဘူးဆိုရင် မြောက်ပင်လယ်နဂါးမျိုးနွယ် ရှင်သန်နိုင်တော့မှာမဟုတ်ဘူး...ငါ့ရဲ့အသက်ကိုလောင်းကြေးထပ်ပြီး မင်းတို့တွေ အသက်ရှင်လွတ်မြောက်နိုင်မယ့်အခွင့်အရေးကို ချန်ထားခဲ့မယ်"
"နဝမအကြီးအကဲ....."
ယခုလက်ရှိနေရာ၌ရှိနေသော မြောက်ပင်လယ်နဂါးမျိုးနွယ်မှလူများအားလုံး အလွန်အမင်းစိတ်လှုပ်ရှားသွားကြ၏။တစ်ချိန်တည်းမှာပင် သူတို့က ကြေကွဲဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
အကယ်၍ အတိတ်နေ့ရက်များတွင်သာ ဤကိစ္စမျိုးဖြစ်ပွါးခဲ့ပါက မြောက်ပင်လယ်နဂါးမျိုးနွယ်၌ အစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိပေရာ နဝမအကြီးအကဲ မည်သည်ကြောင့် အကြီးအကျယ်စွန့်စားစရာလိုအပ်မည်နည်း။
"ဒါတွေအားလုံးက မင်းရဲ့အပြစ်တွေပဲ... မင်းက မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့ပထမမင်းသမီးလေ...ဘာလို့ လူသားအမှိုက်ကောင်ကို ဒီနေရာခေါ်လာတာလဲ...တကယ်လို့ မင်းသာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်လာရင် နဝမအကြီးအကဲ တိုက်ခိုက်ဖို့လိုအပ်အုံးမှာလား"
အောင်းဖန်းက အောင်းချမ်ကိုကြည့်၍ ပြစ်တင်ရှုတ်ချလိုက်သည်။
အောင်းချမ်က အောင်းဖန်းကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"နင် ထပ်ပြောလိုက်စမ်း"
"တော်ကြတော့"
နဝမအကြီးအကဲက လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ပထမမင်းသမီး ကြုံတွေ့ခဲ့ရတာတွေကို ငါ ရှင်းရှင်းလင်းလင်းသိပြီးသွားပြီ...ငါတို့ မြောက်ပင်လယ်နဂါးမျိုးနွယ် အင်အားနိမ့်ပါးသွားတဲ့ကိစ္စက လောကကြီးတခွင်လုံးမှာ ပျံ့နှံ့နေပြီ...အရှေ့ပင်လယ်နဂါးဘုရင်အောင်းကွမ်းကလည်း ငါတို့ကို ကျားချောင်းသလိုချောင်းနေတာ....ဘယ်အစွမ်းထက်ကျင့်ကြံသူမှ ငါတို့ကို ကူညီရဲမှာမဟုတ်ဘူး....ငါတို့က ကံကြမ္မာကောင်းရဖို့ ဆုတောင်းရုံပဲ တက်နိုင်တော့တယ်"
နဝမအကြီးအကဲက သက်ပြင်းတစ်ချက်ရှိုက်ပြီး လုယွီကို လက်ယပ်၍ခေါ်လိုက်၏။
"လူငယ်လေး...ဒီနေရာကို လာပါအုံး"
လုယွီ သူ့ရှေ့သို့ရောက်လာချိန်တွင် နဝမအကြီးအကဲက ဆက်လက်ပြောဆိုသည်။
"မနက်ဖြန်တိုက်ခိုက်ပွဲမှာ မင်းက ငါ့ရဲ့အစားထိုးဝင်ရမယ့်သူပဲ...တကယ်လို့ ငါ ရှုံးနိမ့်သွားတာနဲ့ မင်း ချက်ချင်းအရှုံးပေးလိုက်တော့...မင်းက နဂါးမျိုးနွယ်ကလူမဟုတ်တော့ သူတို့ မင်းကိုအခက်တွေ့စေမှာမဟုတ်ဘူး"
"ပထမမင်းသမီးက မင်းကို ဘာလို့သဘောကျနေတယ်ဆိုတာ ငါ မသိပေမယ့်...မြောက်ပင်လယ်နဂါးမျိုးနွယ်က ဘယ့်သူကိုမှ အကြွေးမတင်ချင်ဘူး...ဒီအဖိုးကြီးမှာ ဘာမှတန်ကြေးကြီးတာမရှိပေမယ့် ရှေးခေတ်အချိန်ကတည်းက လက်ဆင့်ကမ်းလာတဲ့ လက်စွပ်တစ်ကွင်းတော့ရှိတယ်...ငါက အဲ့ဒီလက်စွပ်ရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို မထုတ်ဖော်နိုင်ခဲ့ပေမယ့် ဒါက ရတနာတစ်ခုပဲ...ငါ မင်းကို အဲ့ဒီလက်စွပ်ပေးမယ်"
နဝမအကြီးအကဲသည် ရိုးရှင်းပြီးသာမာန်ဆန်သော လက်စွပ်တစ်ကွင်းကိုထုတ်ယူ၍ လုယွီထံ လက်ကမ်းပေးလိုက်သည်။
လုယွီသည် ထိုလက်စွပ်အားကြည့်ပြီး အချိန်တခဏကြာ စေ့စေ့စပ်စပ်ကြည့်ပြီးနောက် အတွင်း၌ဝင်္ကပါငယ်တစ်ခုရှိနေသည်ကို တွေ့မြင်မိပေ၏။ဝင်္ကပါအတွင်း၌ ရှေးဟောင်းစည်းတံဆိပ်အက္ခရာရှစ်လုံးက ရွှေရောင်တောက်ပနေသည်။
"ကိုးကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်မှု...မိုးကြိုးငါးသွယ်သမာဓိအပ်နှင်းခြင်း"
လုယွီသည် ထိုစကားလုံးရှစ်လုံးကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရေရွတ်လိုက်သည်။ထိုစကားလုံးများ၏ဆိုလိုရင်းကို သူမသိသော်လည်း သာမာန်မဟုတ်ဟု သူ တွေးထင်မိသည်။
"ကောင်းပြီလေ...ကျွန်တော် ဒါကိုယူလိုက်မယ်...အကြီးအကဲရဲ့မြောက်ပင်လယ်နဂါးမျိုးနွယ်က ဒီတစ်ကြိမ်မှာ ဘေးကင်းလုံခြုံစေရမယ်လို့ ကျွန်တော် အာမခံချက်ပေးနိုင်တယ်"
လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။နဝမအကြီးအကဲသည် သူ မရည်ရွယ်ဘဲလုပ်လိုက်သော အရာတစ်ခုသည် မြောက်ပင်လယ်နဂါးမျိုးနွယ်အား အသက်ရှင်ရန်အခွင့်အရေးရရှိသွားစေမည်ဟု သိရှိမည်မဟုတ်ချေ။
လုယွီက ထိုစကားအားပြောဆိုလိုက်ချိန်တွင် သူ၏နံဘေးပတ်လည်ရှိ နဂါးမျိုးနွယ်များက သူ့အား လှောင်ပြောင်သရော်ချင်ဟန်ဖြင့် ကြည့်နေကြ၏။
အောင်းဖန်းက တခြားသူများထက်ပိုသော သရော်တော်တော်အမူအယာဖြင့် ပြောဆိုသည်။
"ဘယ်လို ဟာသမျိုးလဲကွာ...နောက်ဆုံးတော့ နဝမအကြီးအကဲကိုမှီခိုရမယ့်ကောင်ကများ...မင်းက တကယ့်ကိုအရေထူတဲ့ကောင်ပဲ"
သူ၏စိတ်နှလုံးသားအတွင်း၌ မနာလိုအားကျမှုများ ကြီးစိုးနေသည်။သေမျိုးလူသားသည် နဝမအကြီးအကဲ၏အစားထိုးခံရသူအဖြစ် ဆောင်ရွက်ရုံဖြင့် ရတနာအားရရှိသွားမည်ဟု သူ မျှော်လင့်မထားမိချေ။