အခန်း (၁၄၇၁-၁၄၇၅)
Vol. 77 Ch. 1471-1475
Chapter 1471
နောက်တစ်နေ့မနက်...မြောက်ပင်လယ်နဂါးနန်းတော်၏တောက်ပရောင်စဥ်ခန်းမအတွင်း၌...
ဤနေရာသည် အတိတ်တွင် မြောက်ပင်လယ်နဂါးဘုရင်သည် သူ့အပိုင်စားရသော နယ်မြေများအတွင်းမှ အစွမ်းထက်ကျင့်ကြံသူများအား ဆင့်ခေါ်၍တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရာ၌ အသုံးပြုသောနေရာဖြစ်သည်။
ခန်းမကြီးသည် အလွန်အမင်းကျယ်ဝန်းပြီး မြင့်မားသောတိုင်လုံးကြီးတစ်ဆယ့်ရှစ်လုံးဖြင့် ခန်းမ၏ခေါင်မိုးကို ထောက်ကန်ထားသည်။
ဤအချိန်အခိုက်အတန့်တွင် တောက်ပရောင်စဥ်ခန်းမအတွင်း၌ အစွမ်းထက်ကျင့်ကြံသူတချို့ ရောက်ရှိနေလေပြီ။အကယ်၍ တစ်စုံတစ်ယောက်မှ ခွဲခြမ်းစိတ်ဖြာကြည့်နေပါက ဤနေရာသို့ရောက်ရှိနေသူများအားလုံးသည် အရပ်မြင့်မားပြီး သူတို့၏ခန္ဓာကိုယ်မှ ဖော်ပြရန်မစွမ်းသော မြင့်မြတ်သည့်အရှိန်အဝါများ ထွက်ပေါ်နေသည်ကို တွေ့မြင်ရပေမည်။
နဂါးမျိုးနွယ်များသည် ရှေးခေတ်ဦးအချိန်ကာလများမှနေ၍ ဆင်းသက်လာသော ရှေးဟောင်းနတ်ဆိုးသားရဲမျိုးနွယ်ဖြစ်သည်။သူတို့အား တခြားမျိုးနွယ်များနှင့် နှိုင်းယှဥ်ရန် အလွန်အလှမ်းကွာဟသည်။သူတို့အားလုံး အတူတကွစုဝေးနေမှုကြောင့် မိုးကောင်းကင်၌ သဘာဝလွန်ပုံရိပ်တစ်ခု ဝိုးတဝါးထွက်ပေါ်နေပေ၏။အကယ်၍ သာမာန်နတ်ဆိုးသားရဲများသာ ဤနေရာသို့ရောက်လာပါက သွေးမျိုးဆက်ဖိအားကြောင့် သူတို့အားလုံး မြေပြင်ပေါ်၌ ဒူးထောက်နေရပေမည်။
နဂါးမျိုးနွယ်များသည် သူတို့၏သက်ဆိုင်ရာမျိုးနွယ်အလိုက် မတ်တတ်ရပ်နေကြသည်။သူတို့၏နောက်ရှိ အလံတံခွန်များက လေထုအတွင်း၌ လူးလွန့်နေသည်။သူတို့၏သက်ဆိုင်ရာမျိုးနွယ်အလိုက် မတူကွဲပြားသော နဂါးပုံစံများကို အလံတံခွန်များပေါ်၌ ရေးဆွဲထားသည်။
နဂါးစည်းဝေးပွဲသည် အနာဂတ်နဂါးဧကရာဇ်ကိုရွေးချယ်မည့် မဟာအခမ်းအနားကြီးတစ်ခုဖြစ်ပေ၏။
အကျိုးဆက်အနေဖြင့် နဂါးမျိုးနွယ်တိုင်းသည် သူတို့ တက်နိုင်သမျှ အစွမ်းထက်ဆုံးကျင့်ကြံသူများကိုသာ ရွေးချယ်ထားကြသည်။တခြားနဂါးမျိုးနွယ်များနှင့် နှိုင်းယှဥ်ပါက မြောက်ပင်လယ်နဂါးမျိုးနွယ်သည် များစွာပို၍အားနည်းနေပေ၏။
မြောက်ပင်လယ်နဂါးမျိုးနွယ်၏ရှေ့ဆုံး၌ထိုင်နေသော နဝမအကြီးအကဲနှင့် အနည်းငယ်ကွာဝေးသောနေရာတွင် နဂါးလူငယ်မျိုးဆက်သစ်များရှိနေပြီး သူ၏နံဘေးကပ်ရပ်နေရာ၌ လုယွီရှိနေသည်။
"ကြည့်ကြအုံး...ဒါက မြောက်ပိုင်းနဂါးမျိုးနွယ်မလား"
"ဟူး...အရင်တုန်းက မဟာနဂါးမျိုးနွယ်လေးခုထဲမှာပါတဲ့ မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့အင်အားက မှန်းဆလို့တောင်မရဘူး...သူတို့ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်လို့ ဘယ်သူက ကြိုသိမှာလဲ...လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုတစ်ခုရဲ့ တိုက်ခိုက်တာကို ခံရပြီးတဲ့နောက်မှာ မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေအားလုံးနီးပါး သေဆုံးခဲ့ရပြီးတော့ မူအစောင့်အရှောက်ရွှေစည်းတံဆိပ်လည်း ပျောက်ဆုံးသွားခဲ့တယ်"
"ဟား ဟား ဟား....မြောက်ပင်လယ်နဂါးမျိုးနွယ်တွေ ခုလက်တလော အခြေအနေသိပ်မကောင်းဘူးလို့ ငါ ကြားထားတယ်...ပြန်တွေးကြည့်တော့ သူတို့နယ်မြေရဲ့မူအစောင့်အရှောက်ရွှေစည်းတံဆိပ် ပျောက်ကွယ်သွားလို့ ဖြစ်နေတာပဲ...ဒီရွှေစည်းတံဆိပ်သာမရှိရင် သူတို့ကလည်း သာမာန်နဂါးမျိုးနွယ်တွေနဲ့ ဘာကွာခြားချက်ရှိလို့လဲ"
မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ ပြောင်ပြောင်တင်းတင်းလှောင်ပြောင်သရော်နေသံများသည် မြောက်ပင်လယ်နဂါးမျိုးနွယ်များ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
ယခုလက်ရှိနေရာ၌ရှိနေသော မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင်အများစုမှာ ငယ်ရွယ်သူများဖြစ်သည်။ဤကဲ့သို့လှောင်ပြောင်သရော်ခံရမှုများကို မည်သည့်နည်းဖြင့် သူတို့က သည်းညည်းခံနိုင်မည်နည်း။
အောင်းဖန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။
"မင်းတို့ရဲ့ ပုပ်စော်နံနေတဲ့ပါးစပ်တွေကို ဂရုစိုက်ထားကြစမ်း...သောက်ပေါက်ကရစကားတွေ ပြောဝံ့တယ်ပေါ့လေ....ငါ့လက်နဲ့ မင်းတို့ပါးစပ်တွေကို လာပိတ်ပေးရမလား"
ရုတ်ချည်းဆိုသလိုပင် လှောင်ပြောင်သံများထွက်ပေါ်ခဲ့သော နဂါးမျိုးနွယ်ဝင်များဘက်မှအသံများ ပျောက်ကွယ်သွားသည်။
လူထွားကြီးတစ်ယောက်က အောင်းဖန်ကိုစူးစူးဝါးဝါးကြည့်ပြီး ရှေ့သို့လျှောက်လှမ်းလာကာ ပြောဆိုလိုက်၏။
"ဒါက မင်းအဖိုး ငါပြောတာ...ဘာလဲ...မင်းက လက်မခံချင်ဘူးလား"
လူထွားကြီးသည် မတ်တတ်ရပ်လိုက်စဥ်တွင် အောင်းဖန်ထက် ခေါင်းတစ်လုံးခန့်ပို၍မြင့်မားသည်။ထို့ပြင် သူ့ကိုကြည့်ရသည်မှာ သွေးဆာပြီး ကြမ်းကြုတ်ရက်စက်သူတစ်ယောက် ဖြစ်ပုံရသည်။သူစကားပြောဆိုနေစဥ်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောသတ်ဖြတ်ခြင်းအရှိန်အဝါများ ဖြာထွက်နေပေ၏။
အောင်းဖန်း၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူက လေသံဖျော့ဖျော့နှင့် ပြောဆိုသည်။
"ဒီနေ့ ငါ့ရဲ့အကောင်းဆုံးအခြေအနေမှာ ရှိမနေဘူး...ငါ မင်းကို အခုချိန်မှာ သင်ခန်းစာမပေးနိုင်ဘူး"
အောင်းဖန်း၏သူရဲဘောကြောင်မှုသည် ပတ်ဝန်းကျင်ရှိ လှောင်ပြောင်ရယ်မောနေသံများကို ပို၍ကျယ်လောင်သွားစေသည်။
"တိတ်တိတ်နေကြစမ်း...ဒီလိုလှောင်ပြောင်မှုကို သည်းမခံနိုင်တဲ့ ဘယ်သူမဆို...မြန်မြန်ထွက်သွားတော့"
နဝမအကြီးအကဲ၏မျက်နှာပေါ်၌ တည်ငြိမ်အေးချမ်းသောအရိပ်အယောင်များသာ ထင်ဟပ်နေသည်။
မကြာမီမှာပင် နဂါးစည်းဝေးပွဲ၌ နဂါးမျိုးနွယ်များအားလုံး စုဝေးရောက်ရှိနေလေပြီ။
ဒုန်း....ဒုန်း....ဒုန်း...
ဤအချိန်အခိုက်အတန့်တွင် တောက်ပရောင်စဥ်ခန်းမအတွင်း၌ ကျယ်လောင်သောစစ်ဗုံသံများ ရုတ်တရက်မြည်ဟီးလာသည်။
ထိုဗုံသံများနှင့်အတူ သာယာနာပျော်ဖွယ် တံပိုးခရာသံများလည်း ထွက်ပေါ်လာပေ၏။
ရထားလုံးနှစ်စီးသည် မြောက်မြားစွာသောနဂါးမျိုးနွယ်များခြံရံ၍ ခန်းမအတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာသည်။ရထားလုံးတစ်လုံးစီ၏အတွင်း၌ ထိုင်နေပုံရသော ပုံရိပ်တစ်ခုစီရှိနေသည်။သို့ရာတွင် ရထားလုံးအမိုးအကာများကြောင်း အတွင်းရှိပုံရိပ်အား ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။
"အရှေ့ပင်လယ်နဂါးဘုရင်နဲ့တောင်ပင်လယ်နဂါးဘုရင်တို့ ရောက်ရှိလာပါပြီ"
အခမ်းအနားစီစဥ်ကျင်းပသူ၏အသံ ထွက်ပေါ်လာသည်။
ရထားလုံးနှစ်စီးကိုခြံရံ၍ လိုက်ပါလာကြသော နဂါးမျိုးနွယ်များအားလုံး ဒူးထောက်လိုက်ကြပြီး သူတို့၏ခေါင်းကို မြေပြင်ပေါ်ညွှတ်တွားလိုက်သည်။
မကြာမီမှာပင် နဂါးဝတ်ရုံများဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးနှစ်ယောက်သည် နဂါးမျိုးနွယ်များ၏နောက်ကျောပေါ်မှနင်း၍ ခန်းမ၏အလယ်ဗဟိုသို့ လျှောက်လှမ်းသွားပေ၏။
Chapter 1472
"အရှင်မင်းကြီးကို ကြိုဆိုပါတယ်"
ခန်းမ၏နံဘေးဝဲယာရှိ အရှေ့ပင်လယ်နှင့်တောင်ပင်လယ်မှ နဂါးမျိုးနွယ်များအားလုံး တပြိုင်နက်တည်းဒူးထောက်၍ အရိုအသေပြုလိုက်ကြသည်။
နဂါးဝတ်ရုံများဝတ်ဆင်ထားကြသော လူလတ်ပိုင်းကြီးနှစ်ယောက်သည် နဂါးဘုရင်များဖြစ်ပေ၏။
အရှေ့ပင်လယ်နဂါးဘုရင် အောင်းကွမ်း...
တောင်ပင်လယ်နဂါးဘုရင် အောင်းချင်....
နဂါးဘုရင်နှစ်ပါး တစ်ချိန်တည်းရောက်ရှိလာလေရာ မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤကဲ့သို့ဖိအားအရှိန်အဝါမျိုးသည် ဧကရာဇ်မင်းတစ်ပါး ရောက်ရှိလာသည်နှင့်တူညီပြီး သူတို့နှင့်မျက်နှာချင်းဆိုင်မိသော မည်သူမဆို အရိုအသေပြုလိုစိတ်များ ပေါက်ဖွားစေသည်။
အောင်းကွမ်းသည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီး ရုတ်တရက်ပြောဆိုလိုက်၏။
"မြောက်ပင်လယ်နဲ့တောင်ပင်လယ်က နဂါးမျိုးနွယ်တွေ ဘယ်မှာလဲ"
သူ၏အသံသည် တောက်ပရောင်စဥ်ခန်းမတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
အောင်းဟန်က ရှေ့သို့တိုးလာပြီး နှုတ်ဆက်စကားဆိုလိုက်သည်။
"အောင်းဟန်က အကိုတော်ကို နှုတ်ဆက်ပါတယ်"
မကြာမီအချိန်အတွင်းမှာပင် သူတို့သည် ထိပ်တိုက်ရင်ဆိုင်ရတော့မည်ဖြစ်သော်လည်း အောင်းဟန်သည် ကျင့်ဝတ်ထုံးတမ်းကို မစွန့်ပယ်နိုင်ချေ။
အောင်းကွမ်းသည် အောင်းဟန်ကို စောင်းငဲ့ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"မင်းလား...မင်းက နဂါးဧကရာဇ်နေရာအတွက် ငါနဲ့ယှဥ်ပြိုင်ဝံ့တယ်ပေါ့လေ...ဟမ့်"
အော်ဟစ်ကြုံးဝါးသံနှင့်အတူ မမြင်နိုင်သောအားလှိုင်းတစ်ရပ်သည် အောင်းကွမ်း၏ခြေဖဝါးအောက်မှနေ၍ ပွင့်အံထွက်လာသည်။
တောက်ပရောင်စဥ်ခန်းမ၏ကြမ်းခင်းအား ဓား လှံများ တိုးမပေါက်နိုင်သော အထူးပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။သို့ရာတွင် အောင်းကွမ်း၏ပြင်းထန်သော ဖိအားအရှိန်အဝါအောက်တွင် ကြမ်းခင်းပေါ်၌ မြောက်မြားစွာသောအက်ကွဲကြောင်းများ ဖြစ်ပေါ်သွားပေ၏။
အောင်းဟန်သည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး သူ၏မျက်နှာ ချက်ချင်းပင်ဖြူရော်သွားသည်။သူသည် အောင်းကွမ်း၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သိရှိထားပြီးဖြစ်သော်လည်း သူတို့နှစ်ယောက်ကြား ကွာခြားချက်သည် အလွန်ကြီးမားနေမည်ဟု သူ မျှော်လင့်မထားမိချေ။
မူလကတည်းက သူသည် အနောက်ပင်လယ်နဂါးနန်းတော်၏စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။သို့ရာတွင် နဂါးဘုရင်များနှင့်နှိုင်းယှဥ်ပါက သူ၏အသက်မှာအလွန်ငယ်ရွယ်နေဆဲပင်။
ထိုအချိန်မှာပင် အိုမင်းနေသောလက်ကြီးတစ်ဖက်က ရုတ်တရက် အောင်းဟန်၏ပခုံးကို ဖိနှိပ်လိုက်ပြီး သူ၏နောက်ဆုတ်နေရမှုကို ဟန့်တားပေးလိုက်၏။
"ဟား ဟား ဟား...အောင်းကွမ်း...မင်း ဒီလူအိုကြီးကိုမှတ်မိသေးလားလို့ ငါ သိချင်မိတယ်"
မြင့်မြတ်သူကျွမ်း၏အက်ရှရှအသံကြီး ထွက်ပေါ်လာသည်။
အောင်းကွမ်း၏မျက်လုံးများ မှိန်ဖျော့သွားပြီး သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"လိပ်အိုကြီးလား...ဘာလဲ...အဲ့ဒီနှစ်တွေတုန်းက ကျုပ် ခင်ဗျားကို သင်ခန်းစာပေးခဲ့တာ မလုံလောက်သေးလို့လား...ခင်ဗျားက သေလမ်းလာရှာနေတာလား"
မြင့်မြတ်သူကျွမ်းက ခနဲ့တဲ့တဲ့ တုံ့ပြန်ပြောဆိုသည်။
"ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ...အခုချိန်မှာတော့ အောင်းကွမ်း....မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ မလုံလောက်တော့ဘူး"
စကားဆုံးသည်နှင့် မြင့်မြတ်သူကျွမ်းသည် သူ၏ခြေထောက်ကိုဆောင့်နင်းလိုက်ရာ ကြမ်းခင်းအား အက်ကွဲသွားစေပြီး ပြင်းထန်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ အောင်းကွမ်း၏ဖိအားအရှိန်အဝါကို တန်ပြန်တိုက်ခိုက်လိုက်သည်။
"အံ့အားသင့်စရာမရှိတော့ဘူး...ခင်ဗျားက ဒီနှစ်တွေအတွင်းမှာ နည်းနည်းတော့တိုးတက်လာသားပဲ"
အောင်းကွမ်းက ပေါ့ပေါ့ပါးပါးပြောဆိုပြီး သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။
ထို့နောက် သူက မြောက်ပင်လယ်နဂါးမျိုးနွယ်ဘက်သို့ကြည့်၍ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံဖြင့် ပြောဆိုလိုက်သည်။
"အောင်းမင်ကျူး...ခင်ဗျားက ကျုပ်ထက် အသက်ကြီးတယ်...တကယ်လို့ ခင်ဗျားက မြောက်ပင်လယ်နဂါးမျိုးနွယ်ကိုဦးဆောင်ပြီး ကျုပ်ဆီမှာအညံခံမယ်ဆိုရင်....နောင်တစ်ချိန် ကျုပ် နဂါးဧကရာဇ်ဖြစ်လာတဲ့အခါကျရင် ခင်ဗျားအတွက် စိတ်ကျေနပ်စေမယ့် နေရာတစ်နေရာစီစဥ်ပေးပြီး ဘဝသက်တမ်းတလျှောက်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းစေရမယ်"
နဝမအကြီးအကဲသည် သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြီးပြောဆိုသည်။
"အရှေ့ပင်လယ်နဂါးဘုရင်ရဲ့စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်....ဒါပေမယ့် ငါ့ရဲ့အသက်ကအိုမင်းနေပြီးတော့ ငါ့ရဲ့ခြေလက်တွေကလည်း မကောင်းတော့ဘူး...ဒါကြောင့် ငါ ဒူးမထောက်နိုင်တော့ဘူး...ငါ့အတွက် နှစ်တွေအများကြီးလည်း မကျန်တော့ဘူး...ငါက မားမားမတ်မတ် မတ်တတ်ရပ်နေရင်းနဲ့ပဲ သေဆုံးချင်ပါတယ်"
အောင်းကွမ်း၏မျက်လုံးအတွင်း၌ အေးစက်တင်းမာသောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
"ခင်ဗျားက ချီးမြှောက်တာကိုငြင်းဆန်ပြီး အပြစ်ဒဏ်ကို တောင်းဆိုနေတယ်ပေါ့လေ...ကောင်းတယ်...မင်းကိုလည်း သေရွာတစ်ခါတည်း ပို့ပေးရတာပေါ့"
ထို့နောက် သူက ခန်းမ၏အလယ်ဗဟိုဆီသို့ လျှောက်လှမ်းသွားလိုက်သည်။သူ၏နံဘေးပတ်လည်မှနဂါးမျိုးနွယ်များသည် အောင်းကွမ်းအတွက် နဂါးပလ္လင်အား ပြင်ဆင်ထားပြီး နေရာချထားလေ၏။
အောင်းကွမ်းသည် နဂါးပလ္လင်ပေါ်၌ထိုင်၍ နဂါးမျိုးနွယ်များအားလုံးကိုကြည့်ကာ ပြောဆိုလိုက်သည်။
"ဒါဆိုလည်း နဂါးစည်းဝေးပွဲကို စတင်လိုက်ကြစို့"
"မြောက်ပင်လယ်နဲ့အနောက်ပင်လယ်နဂါးမျိုးနွယ်တွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းတို့အားလုံးအသိပဲ....ငါတို့ရဲ့ နဂါးမျိုးနွယ်တွေက အစွမ်းထက်ပေမယ့် ခုလတ်တလောနှစ်တွေအတွင်းမှာ တကွဲတပြားစီဖြစ်နေကြတယ်...ငါတို့ရဲ့လွှမ်းမိုးနိုင်မှုက ရှေးခေတ်အချိန်ကာလတွေနဲ့ ဘယ်လိုမှနှိုင်းယှဥ်လို့မရတော့ဘူး"
"ဒီတစ်ကြိမ် မင်းတို့အားလုံးကို ဒီနေရာဆီခေါ်လိုက်တာက နဂါးဧကရာဇ်အသစ်ရွေးချယ်ဖို့အတွက် ယှဥ်ပြိုင်ကြဖို့ပဲ....ငါတို့ရဲ့နဂါးမျိုးနွယ်တွေက သန်မာမှုကိုအလေးထားတယ်...ဒါကြောင့် ဒီတစ်ကြိမ်နဂါးဧကရာဇ်ကို ယှဥ်ပြိုင်တိုက်ခိုက်ပွဲနဲ့ ဆုံးဖြတ်မယ်"
"ခန်းမရဲ့အလယ်မှာရှိတဲ့ မြေကွက်လပ်က တိုက်ပွဲကွင်းပြင်ပဲ...နဂါးမျိုးနွယ်တိုင်း အခွင့်အရေးနှစ်ကြိမ်ရှိမယ်...တိုက်ပွဲမှာရှုံးနိမ့်သွားသူရဲ့ ကိုယ်စားပြုမျိုးနွယ်က အခွင့်အရေးတစ်ကြိမ်ဆုံးရှုံးမယ်...တကယ်လို့ မျိုးနွယ်တစ်ခုက နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်မယ်ဆိုရင်...အဲ့ဒီမျိုးနွယ်က ရှုံးနိမ့်သွားပြီ"
Chapter 1473
မကြာမီမှာပင် ယခုလက်ရှိနေရာ၌ရှိနေသောသူတိုင်းသည် ခန်းမ၏အလယ်ဗဟို၌ တိုက်ပွဲကွင်းပြင်တစ်ခု ထွက်ပေါ်လာသည်ကို သတိပြုမိသွား၏။
ပင်လယ်လေးခုမှနဂါးမျိုးနွယ်များအပြင် တခြားနဂါးမျိုးနွယ်များလည်း ဤနေရာသို့ ရောက်ရှိနေကြရာ မျိုးနွယ်ပေါင်းရာနှင့်ချီ၍ ခန်းမအတွင်း၌ရှိနေသည်။
နဂါးမျိုးနွယ်များ၏အဓိကနယ်မြေဖြစ်သော ပင်လယ်နယ်မြေများအပြင် အလယ်ပိုင်းကုန်းမြေ စွန့်ပစ်နယ်မြေများနှင့် တောတောင်မြစ်ချောင်းများမှ နဂါးမျိုးနွယ်များအားလုံး စုဝေးရောက်ရှိနေခြင်းဖြစ်သည်။
ထိုနဂါးမျိုးနွယ်များသည် အနည်းနှင့်အများအစွမ်းထက်ကြပေရာ အတူတကွစုဝေးလိုက်ပါက နည်းပါးသောအင်အားစုမဟုတ်ချေ။
ယခုလက်ရှိချိန်၌ နဂါးဧကရာဇ်ကို ရွေးချယ်တော့မည်ဖြစ်ရာ သူတို့လည်း ပါဝင်ယှဥ်ပြိုင်၍တိုက်ခိုက်နိုင်သည်။
"စည်းမျဥ်းတွေကိုပြောပြီးပြီဆိုမှတော့...ဒါဆိုရင် မြင့်မြတ်နဂါးကျမ်းစာအုပ်ကို ဖိတ်ကြားကြရအောင်"
အောင်းကွမ်းက ရုတ်တရက် သူ၏လက်ညှိုးထိပ်အားကိုက်လိုက်ရာ ရွှေရောင်သွေးတစ်စက်က ပျံဝဲထွက်လာပြီး မိုးကောင်းကင်အတွင်းသို့ ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် အောင်းချင် အောင်းဟန်နှင့်အောင်းချမ်တို့သည်လည်း သူတို့၏လက်ညှိုးထိပ်များကိုကိုက်ဖောက်လိုက်ရာ ရွှေရောင်သွေးသုံးစက်က မိုးကောင်းကင်အတွင်းသို့ တိုးဝင်သွားပေ၏။
မကြာမီမှာပင် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ထိုသွေးစက်များသည် လေထုအတွင်း၌စုဝေးသွားပြီး ဧရာမရှေးဟောင်းစာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
ထိုစာအုပ်သည်အလွန်ထူထပ်ပြီး လေထုအတွင်း၌ တည်ငြိမ်စွာမျောလွင့်နေသည်။စာအုပ်၏စာမျက်နှာတိုင်းပေါ်တွင် ရွှေရောင်တောက်ပနေသောစာလုံးများရှိပြီး မြောက်မြားစွာသောနာမည်များကို အရွယ်အစားအမျိုးမျိုးဖြင့် ရေးသားထားခြင်းဖြစ်သည်။
ထိုနာမည်များသည် နဂါးမျိုးနွယ်၏ လွန်လေပြီးသောကာလများမှ နဂါးဧကရာဇ်များ၏နာမည်များပင်။
နဂါးဧကရာဇ် တစ်ပါးမွေးဖွားလာချိန်မှစ၍ ဤစာအုပ်ပေါ်တွင် သူ၏နာမည်အား ချန်ထားနိုင်မည်ဖြစ်သည်။ထို့နောက်စာအုပ်ပေါ်တွင် ထိုနဂါးဧကရာဇ်၏နာမည်နှင့်လုပ်ဆောင်ချက်များကို ထာဝရထိန်းသိမ်းထားပေမည် ။
ဤသည်မှာ နဂါးမျိုးနွယ်များ တကွဲတပြားစီမဖြစ်ခင် ရှေးဟောင်းအချိန်ကာလမှစ၍ ပင်လယ်လေးစင်းရှိ နဂါးမျိုးနွယ်များထံတွင် ချန်ထားခဲ့သော မှော်မန္တန်ဖြစ်ပေ၏။
နဂါးဧကရာဇ်အသစ် ရွေးချယ်တင်မြှောက်သည့်အချိန်တွင် ရွေးချယ်ခြင်းလုပ်ငန်းစဥ်ကို ကြီးကျပ်ရန်အတွက် မြင့်မြတ်နဂါးကျမ်းစာအုပ်ကို ဖိတ်ကြားရသည်။ထိုနည်းလမ်းဖြင့်သာ ရွေးချယ်ခံရသော နဂါးဧကရာဇ်သည် ငြင်းခုံမှုများဖြစ်ပွါးမည့်ရန်မှ ရှောင်လွှဲနိုင်ပေမည်။
"အခု စတင်ကြရအောင်.....တိုက်ပွဲမှာ ပါဝင်မယ့်လူအားလုံး မင်းတို့ရဲ့သွေးစက်ကို မြင့်မြတ်နဂါးကျမ်းစာအုပ်ပေါ်မှာ ချန်ထားခဲ့ရမယ်"
တိုက်ပွဲတွင်ပါဝင်ယှဥ်ပြိုင်မည့်သူများသည် သူတို့၏နေရာအသီးသီးမှနေ၍ ရှေ့သို့ထွက်လာပြီး မတ်တတ်ရပ်လိုက်ကြ၏။သူတို့၏လက်ချောင်းထိပ်များကိုကိုက်ဖောက်လိုက်ကြရာ သွေးစက်များက လေထုအတွင်း၌မျောလွင့်သွားပြီး မြင့်မြတ်နဂါးကျမ်းစာအုပ်နှင့် ရောယှက်သွားသည်။
စာအုပ်ပေါ်သို့ သွေးစက်များကျဆင်းပြီးနောက် အမည်နာမများ စတင်ထွက်ပေါ်လာသည်။
သို့ရာတွင် မည်သူမျှအာရုံမစိုက်မိချိန်၌ လုယွီ၏သွေးတစ်စက်သည် မြင့်မြတ်နဂါးကျမ်းစာအုပ်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့် အတူယှဥ်တွဲ၍ မြင့်မြတ်နဂါးကျမ်းစာအုပ်၏ရွှေရောင်စာမျက်နှာ ရုတ်တရက်တုန်ခါသွားပေ၏။သို့သော် မကြာမီမှာပင် မြင့်မြတ်နဂါးကျမ်းစာအုပ် ပြန်လည်တည်ငြိမ်သွားပြီး လုယွီ၏နာမည်သည်လည်း ရွှေရောင်စာမျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
အမ်...
အောင်းကွမ်းက ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်သည်။ဤအချိန်အခိုက်အတန့်တွင် မြင့်မြတ်နဂါးကျမ်းစာအုပ်သည် သူ၏ထိန်းချုပ်မှုမှလွတ်ကင်းသွားပြီး ပျံဝဲထွက်သွားခဲ့သည်။သို့ရာတွင် မကြာမီမှာပင် စာအုပ်သည် သူ၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာသည်။
အောင်းကွမ်းက ခေါင်းခါယမ်းပြီး သူ၏အတွေးသံယများကို ဖယ်ရှားလိုက်တော့သည်။
တိုက်ပွဲတွင်ပါဝင်ယှဥ်ပြိုင်မည့်သူအားလုံး၏ နာမည်များ စာမျက်နှာများပေါ်သို့ ရောက်ရှိပြီးချိန်တွင် မြင့်မြတ်နဂါးကျမ်းစာအုပ်ထံမှ အလင်းရောင်များထပ်မံ၍တောက်ပလာသည်။ဤတစ်ကြိမ်တွင် လူတချို့၏နာမည်များကို တခြားလူများ၏နာမည်များနှင့် ဆက်နွယ်ထားပေ၏။
"တိုက်ပွဲ စတင်ပြီ"
မြေကွက်လပ်ကြီး၏အထက်သို့ တိုက်ပွဲကွင်းပြင်နေရာတစ်ခုလုံး ရုတ်တရက်မြင့်တက်လာသည်။ထိုတိုက်ပွဲကွင်းပြင်၏နံဘေးပတ်လည်၌ အလင်းလွှာတစ်လွှာရှိနေသည်။
အလင်းလွှာသည် မည်သည့်အကျိုးသက်ရောက်မှုမျှရှိပုံမရသော်လည်း အသက်သွင်းပြီးသည်နှင့် တိုက်ခိုက်ပွဲ၌ရှုံးနိမ့်သူကို အလိုအလျောက်ဆုံးဖြတ်ပေးနိုင်သည်။
"ပထမပွဲစဥ်...မြောက်ပင်လယ်နဂါးမျိုးနွယ်နဲ့ မြောက်ပိုင်းအေးခဲကုန်းမြေနဂါးမျိုးနွယ်"
ထိုစာကြောင်းများထွက်ပေါ်လာသည်နှင့် ဝဖိုင့်သောလူတစ်ယောက်သည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ရာ တိုက်ပွဲကွင်းပြင်တစ်ခုလုံး အကြိမ်အနည်းငယ်တုန်ခါသွားသည်။
ထိုလူဝကြီးကိုကြည့်ရသည်မှာ အလွန်အမင်းရုပ်ဆိုးသည်။ပတ်ဝန်းကျင်ရှိ အဆင့်မြင့်နဂါးများသည် ထိုသူအားမြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်ကြ၏။
အောင်းဖန်းက သရော်တော်တော် ပြောဆိုလိုက်သည်။
"လူသားပုံသဏ္ဍာန်တောင် သေချာမပြောင်းလဲနိုင်သေးတဲ့ အဆင့်နိမ့်နဂါးကများ...နဝမအကြီးအကဲက ရိုးရိုးရှင်းရှင်းလှုပ်ရှားလိုက်တာနဲ့တင် သူ့ကိုသတ်လို့ရတယ်"
Chapter 1474
ဒေါက်...ဒေါက်...ဒေါက်...
နဝမအကြီးအကဲသည် တောင်ဝှေးကိုအားပြု၍ တိုက်ပွဲကွင်းပြင်ထံသို့ တရွေ့ရွေ့လျှောက်လှမ်းသွားသည်။သူနှင့်အတန်ငယ်ဝေးကွာသောနေရာမှလူများပင် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ပြင်းထန်သောသေဆုံးခြင်းအငွေ့အသက်ကို ခံစားနိုင်ပေ၏။
လူဝကြီးက သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟပြီး မနှစ်မြို့ဖွယ်အပြုံးမျိုးပြုံး၍ ပြောဆိုသည်။
"အဖိုးကြီး...မြောက်ပင်လယ်က အစွမ်းထက်ကျင့်ကြံသူတွေတော်တော်များများ သေသွားခဲ့တယ်လို့ ကျုပ် ကြားထားတယ်...သနားစရာပါလား"
နဝမအကြီးအကဲသည် တောင်ဝှေးကိုအားပြုရပ်နေပြီး သူက အိပ်မောကျနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
တစ်ဖက်လူက သူ့အား လျစ်လျှူရှုထားသည်ကိုမြင်တွေ့သော လူဝကြီးသည် အလွန်အမင်းဒေါသထွက်သွားသည်။
"အဖိုးကြီး...ကျုပ် ခင်ဗျားကို ပြောနေတာလေ...ခင်ဗျားက အရိုက်ခံချင်နေတာလား"
သူက မြေပြင်ပေါ်သို့ခြေတစ်ဖက်ဆောင့်နင်းပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်းသို့မြောက်တက်သွားကာ နဝမအကြီးအကဲထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
သူ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပြီးပြင်းထန်ပေရာ လူအများစုသည် ရှင်းရှင်းလင်းလင်းမမြင်တွေ့လိုက်ရခင်မှာပင် သူက နဝမအကြီးအကဲ၏ရှေ့သို့ရောက်ရှိသွားပေ၏။
"မကောင်းတော့ဘူး...ဒါက မဟာနတ်ဆိုးဘုရင်အဆင့်ပဲ"
အောင်းချမ်၏စိတ်နှလုံးသားတစ်ခုလုံး မွန်းကြပ်သွားသည်။
သူတို့အားလုံးသည် လူဝကြီး၏နိမ့်ကျသောသွေးမျိုးဆက်ကြောင့် အထင်သေးခဲ့ကြသည်။သို့ရာတွင် ထိုလူဝကြီး၏ခွန်အား အလွန်ကြီးမားနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
လူဝကြီး၏လက်သီးချက် သူ့ထံ နီးကပ်လာစဥ်တွင် နဝမအကြီးအကဲသည် ရုတ်တရက် သူ၏တောင်ဝှေးကိုဆန့်ထုတ်ပြီး လူဝကြီး၏ပခုံးအား အသာအယာထိတွေ့လိုက်သည်။
ဘုန်း....
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လူဝကြီးသည် သူ၏ပခုံးပေါ်သို့ လေးလံသောတောင်ကြီးတစ်လုံး ဖိစီးလာသကဲ့သို့ ခံစားလိုက်ရ၏။
လူဝကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ဝဖိုင့်သောခန္ဓာကိုယ်ကြီးကြောင့် မြေပြင်ပေါ်၌ နက်ရှိုင်းသောချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
"လူအိုကြီး...."
လူဝကြီးသည် ဒေါသတကြီးအော်ဟစ်ပြီး မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် နဝမအကြီးအကဲသည် သူ၏တောင်ဝှေးကို ထပ်မံ၍ဆန့်ထုတ်ပြီး လူဝကြီး၏ပခုံးပေါ်သို့ ဖိနှိပ်လိုက်၏။
ခရက်....ခရက်...
ရုတ်ချည်းဆိုသလိုပင် လူဝကြီး၏ခန္ဓာကိုယ်မှအရိုးများ ကျိုးပဲ့သွားသည်။တောင်ဝှေးကိုကြည့်ရသည်မှာ ပျော့ပျောင်းပြီးအားနည်းပုံရသော်လည်း သူ့အပေါ်သို့ ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ကျဆင်းလာသည်။
ဖူး....
နောက်ဆုံး၌ လူဝကြီးသည် တောင်ဝှေးထံမှဖိအားဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် သွေးတစ်လုတ်အန်ထုတ်ပြီး သတိလစ်မေ့မျောသွားတော့သည်။
လူဝကြီး သတိလစ်မေ့မျောသွားသည်နှင့် သူ၏နာမည်သည် မြင့်မြတ်နဂါးကျမ်းစာအုပ်အတွင်းမှ ပျောက်ကွယ်သွားသည်။တစ်ချိန်တည်းမှာပင် မြောက်ပိုင်းအေးခဲကုန်းမြေနဂါးမျိုးနွယ်ထံမှ ညည်းတွားသံများ ထွက်ပေါ်လာသည်။
"နဝမအကြီးအကဲ...အဆင်ပြေရဲ့လား"
အောင်းချမ်သည် တဟုန်ထိုးရှေ့သို့ပြေးတက်၍ နဝမအကြီးအကဲအား စင်မြင့်အောက်သို့ဆင်းနိုင်ရန် ကူညီပေးလိုက်၏။
တိုက်ပွဲ၍ နဝမအကြီးအကဲသည် စွမ်းအားများစွာအသုံးမပြုခဲ့ပုံပေါ်သည်။သို့ရာတွင် တိုက်ခိုက်မှုနှစ်ကြိမ်လုံးသည် နဝမအကြီးအကဲ၏စွမ်းအားများကို ကုန်ခမ်းသွားစေသည်အား အောင်းချမ် သိရှိထားသည်။
နဝမအကြီးအကဲသည် လက်ဝှေ့ယမ်းပြပြီး သူ၏ထိုင်ခုံပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာ ပြန်၍ထိုင်ကာ ဆေးလုံးအမြောက်အများထုတ်ယူ၍ သောက်သုံးလိုက်သည်။
ယှဥ်ပြိုင်ပွဲ၏ပထမအကြော့ပွဲစဥ်များ အလွန်လျှင်မြန်စွာဖြင့် ပြီးဆုံးသွားပေ၏။
ရာနှင့်ချီသောနဂါးမျိုးနွယ်စုများသည် သူတို့၏တိုက်ခိုက်မှုနှစ်ကြိမ်လုံးအား ရှုံးနိမ့်ခဲ့ရပြီး ယှဥ်ပြိုင်ပွဲမှထုတ်ပယ်ခြင်း ခံလိုက်ရသည်။
ထို့နောက် မြောက်ပင်လယ်နဂါးမျိုးနွယ်သည် ထပ်မံ၍ သုံးကြိမ်တိုက်ခိုက်ခဲ့ရသည်။ချွင်းချက်မရှိဘဲ နဝမအကြီးအကဲသည် ပြိုင်ဘက်များအားလုံးကို အနိုင်ယူနိုင်ခဲ့၏။တိုက်ပွဲအတွင်း၌ သူသည် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံးနှင့် တူညီနေသည်။တစ်ဖက်လူက မည်သည့်နည်းစနစ်ကိုအသုံးပြုသည့်ဖြစ်စေ သူ့အား တစိုးတစိမျှပင် ထိခိုက်ဒဏ်ရာရအောင်မလုပ်နိုင်ချေ။
သို့ရာတွင် နဝမအကြီးအကဲ၏အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို အောင်းချမ်က သတိပြုမိ၏။
နဝမအကြီးအကဲသည် အလွန်အားကောင်းသော်လည်း နှစ်ကာလများသည် လူများအား မေ့လျော့မထားလေရာ သူသည်လည်း အိုမင်းနေလေပြီ။
"နောက်ထပ်ပွဲစဥ်...မြောက်ပိုင်းနဂါးမျိုးနွယ်နဲ့အရိပ်နဂါးမျိူးနွယ်"
မြင့်မြတ်နဂါးကျမ်းစာအုပ်အတွင်း၌ နဝမအကြီးအကဲ၏နာမည်သည် အရိပ်နဂါးမျိုးနွယ်မှလူ၏နာမည်နှင့် ဆက်နွယ်သွားသည်။
အရိပ်နဂါးမျိုးနွယ်သည် နဂါးမျိုးနွယ်၏သန္ဓေပြောင်းမျိုးနွယ်ဖြစ်သည်။ထိုမျိုးနွယ်ဝင်များ၏ခန္ဓာကိုယ်များသည် နက်မှောင်နေပြီး သူတို့က အမှောင်ထုအတွင်း၌သာ နေထိုင်လေ့ရှိသည်။
အရိပ်နဂါးမျိုးနွယ်များ၏သွေးမျိုးဆက်သည် ပင်လယ်လေးစင်းမှတော်ဝင်နဂါးမျိုးနွယ်များ၏ သွေးမျိုးဆက်ကဲ့သို့ သန့်စင်ခြင်းမရှိချေ။သို့ရာတွင် သူတို့၏သွေးမျိုးဆက်၏သန္ဓေပြောင်းစွမ်းအားသည် အလွန်အမင်းအစွမ်းထက်ပေရာ ပင်လယ်လေးစင်းမှတော်ဝင်နဂါးမျိုးနွယ်များမှာပင် ဤကဲ့သို့စွမ်းအားမျိုးမရှိချေ။
အရိပ်နဂါးမျိုးနွယ်ဘက်မှ လူထွားကြီးတစ်ယောက်ထွက်လာပြီး ပြောဆိုလိုက်၏။
"လာခဲ့လေ...ဒီနှစ်တွေမှာ ကျော်ကြားခဲ့တဲ့ မြောက်ပင်လယ်နဂါးမျိုးနွယ်က နဝမအကြီးအကဲရဲ့စွမ်းအားကို ကြည့်ရသေးတာပေါ့"
ထိုလူသည် အစောပိုင်းက မြောက်ပင်လယ်နဂါးမျိုးနွယ်အား ပြက်ရယ်ပြုပြောဆိုခဲ့သော လူထွားကြီးဖြစ်သည်။
Chapter 1475
အောင်းဖန်းက ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏နှုတ်ခမ်းများကိုတွန့်ကွေးလိုက်၏။
"ခင်ဗျားက ဘာလို့ ဒီလောက်ထိမောက်မာနေတာလဲ...နဝမအကြီးအကဲ စင်မြင့်ပေါ်တက်လာမှာကို စောင့်နေစမ်းပါ...ခင်ဗျားကိုမထနိုင်အောင် ရိုက်ပြလိမ့်မယ်"
"ပါးစပ်ပိတ်ထားစမ်း"
အောင်းချမ်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် အောင်းဖန်းဘက်သို့လှည့်ကာ အော်ငေါက်လေသည်။အောင်းဖန်းသည် သူကိုယ်တိုင် စင်မြင့်ပေါ်သို့ခြေမချဝံ့သည့်အပြင် တခြားသူများအား လှောင်ပြောင်သရော်နေပေရာ အလွန်အမင်းစိတ်ပျက်ဖွယ်ကောင်းပေ၏။
အောင်းဖန်းသည် သူ၏ပါးစပ်ကိုဖွင့်ဟ၍ တစ်စုံတစ်ခု ပြောဆိုလိုသော်လည်း အောင်းချမ်၏အေးစက်စက်အကြည့်ကို မြင်တွေ့ချိန်တွင် သူ၏ပါးစပ်ကိုပိတ်ပြီး မည်သည့်စကားမျှမဆိုတော့ချေ။
အောင်းချမ်က စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
"နဝမအကြီးအကဲ...အဆင်ပြေရဲ့လား"
ယခုချိန်၌ သူတို့နှင့်ရင်ဆိုင်ရမည့် အရိပ်နဂါးမျိုးနွယ်အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် လွယ်ကူမည်မဟုတ်ချေ။
နဝမအကြီးအကဲ၏အတွင်းဒဏ်များမှာ ပျောက်ကင်းခြင်းမရှိသေးပေ။ယခင်တိုက်ပွဲများအား သူ အနိုင်ရရှိခဲ့ခြင်းမှာ သူ၏ပြိုင်ဘက်များ အလွန်အမင်းအားနည်းသောကြောင့်ဖြစ်သည်။
လက်ရှိပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရပါက နဝမအကြီးအကဲသည် ယခင်က တည်ငြိမ်မှုမျိုး ထိန်းသိမ်းထားနိုင်ရန် လွန်စွာခက်ခဲပေမည်။
"ကျွန်တော် သွားမယ်"
လုယွီက ပြောဆိုလိုက်သည်။သူသည် နဝမအကြီးအကဲ၏လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။
နဝမအကြီးအကဲသည် အဆင့်ချိုးဖျက်ရာ၌ ကျရှုံးခဲ့သဖြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ထို့ပြင် သူ အဆင့်ချိုးဖျက်စဥ်၌ ဆေးလုံးအမြောက်အများ သောက်သုံးခဲ့သည်ကိုလည်း လုယွီ သိမြင်နိုင်သည်။အဆင့်ချိုးဖျက်မှုကျရှုံးသဖြင့် ဆေးစွမ်းအားများသည် မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏မရီဒါန်များအတွင်း စုပြုံနေသဖြင့် သူ၏အတွင်းဒဏ်မှ ပြန်လည်ကောင်းမွန်လာမှုမရှိခြင်းဖြစ်သည်။
"မင်း သွားမလို့လား...မင်းကိုယ်မင်း ဘာထင်နေတာလဲ...ခုဏကတင် အရိပ်နဂါးမျိုးနွယ်က ငါတို့ကိုလှောင်ပြောင်နေတာ...တကယ်လို့ မင်း သွားမယ်ဆိုရင် သူတို့ရဲ့လှောင်ပြောင်သံတွေ ပိုပြီးကျယ်လာလိမ့်မယ်"
အောင်းဖန်းက သရော်တော်တော်အသံဖြင့် ပြောဆိုသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ မည်သူကမျှ သူ့အား အာရုံစိုက်ခြင်းမရှိချေ။မြောက်ပင်လယ်နဂါးမျိုးနွယ်များအားလုံးသည် နဝမအကြီးအကဲအား စိုးရိမ်ပူပန်နေကြ၏။သူသည် မြောင်ပင်လယ်နဂါးမျိုးနွယ်၏ တစ်ဦးတည်းသောအစွမ်းထက်ကျင့်ကြံသူဖြစ်သည်။အကယ်၍ ဤနေရာ၌သာ နဝမအကြီးအကဲ သေဆုံးသွားပါက သူတို့မျိုးနွယ်တစ်ခုလုံး အဆုံးသတ်သွားပေမည်။
"ဟူး...ဘာမှစိုးရိမ်မနေကြနဲ့...ငါ သွားလိုက်မယ်"
ရှည်လျားသောသက်ပြင်းချသံနှင့်အတူ နဝမအကြီးအကဲသည် သူ၏တောင်ဝှေးကိုအားပြု၍ တိုက်ပွဲကွင်းပြင်ထံသို့ တရွေ့ရွေ့လျှောက်လှမ်းသွားလေသည်။
ဖြောက်...ဖြောက်...
အရိပ်နဂါးမျိုးနွယ်မှလူထွားကြီးသည် သူ၏အရိုးအဆစ်များကိုချိုး၍ ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။
"လူအိုကြီး...ခင်ဗျားက တက်လာရဲသေးတယ်ပေါ့လေ...ဒါက ကျုပ်ကို တကယ့်ကိုပဲ အံ့အားသင့်စေတယ်"
"ကျုပ် ဟန်လီက အရိပ်နဂါးမျိုးနွယ်ရဲ့ခေါင်းဆောင်ပဲ..ကျုပ်က တော်ဝင်နဂါးမျိုးနွယ်ကိုသတ်မဲ့သူဆိုတော့ ကျုပ်နာမည်ကို မှတ်ထားလိုက်တော့"
နဂါးမျိုးနွယ်များတွင် သွေးမျိုးဆက်သန့်စင်သောရှေးဟောင်းနဂါးမျိုးနွယ်များသာ မျိုးရိုးနာမည်အောင်းဟူ၍ ခံယူခွင့်ရှိသည်။
ဥပမာအနေဖြင့် အရိပ်နဂါးမျိုးနွယ်နှင့်ကုန်းမြေနဂါးမျိုးနွယ်များသည် နဂါးမျိုးနွယ်ဝင်များဖြစ်သော်လည်း သူတို့၏သွေးမျိုးဆက်သည် သန့်စင်ခြင်းမရှိချေ။သူတို့အား သွေးနှောနဂါးမျိုးနွယ်များဟုသာ ယူဆနိုင်၍ မျိုးရိုးနာမည်အောင်း ခံယူခွင့်မရှိချေ။
နဝမအကြီးအကဲက ခေါင်းညိမ့်ပြလိုက်သည်။
"ကောင်းပြီလေ...စကြတာပေါ့"
နဝမအကြီးအကဲ၏စကားဆုံးသည်နှင့် ဟန်လီသည် ဖျတ်ခနဲလှုပ်ရှားလိုက်မှုနှင့်အတူ လေထုအတွင်း၌ ပျောက်ကွယ်သွားသည်။
စင်မြင့်အောက်မှစောင့်ကြည့်နေကြသော နဂါးမျိုးနွယ်များ အံ့အားသင့်တုန်လှုပ်သွားပေ၏။ဤသည်က မည်ကဲ့သို့နည်းစနစ်မျိုးဖြစ်သနည်း။ဤကဲ့သို့တောင့်တင်းသန်မာသောလူထွားကြီးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ လေထုအတွင်းတွင် မည်သို့ပျောက်ကွယ်သွားသနည်း။
လုယွီ၏အမြင်အာရုံသည် တခြားသူများထက်စူးရှသဖြင့် လေထုအတွင်းရှိလူရိပ်ကို သူက မြင်နေရသည်။
ဟန်လီသည် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ သူ၏နံဘေးပတ်ဝန်းကျင်ရှိလေထုနှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။အကယ်၍ ဂရုတစိုက်ကြည့်ရှုခြင်းမရှိပါက ဟန်လီ၏ပုံရိပ်အား ရှာဖွေတွေ့နိုင်ရန် ခက်ခဲပေမည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီလှုပ်ရှားမှုက နည်းနည်းတော့ပညာသားပါတယ်"
လုယွီက စိတ်အတွင်းမှနေ၍ မှတ်ချက်ပြုလိုက်သည်။
ဟန်လီ၏အရိပ်သည် နဝမအကြီးအကဲ၏အနီးသို့ ချဥ်းကပ်သွားပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ဘန်းခနဲအသံနှင့်အတူ နဝမအကြီးအကဲသည် ထိုလက်သီးချက်ဖြင့်ထိမှန်သွားမှုကြောင့် နောက်သို့ဆယ်မီတာခန့် လွင့်စင်သွားသည်။သူက တိုက်ပွဲကွင်းပြင်၏ပြင်ပသို့ လွင့်ထွက်လုနီးနီးပင်။
"နဝမအကြီးအကဲ"
အောင်းချမ်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
အကယ်၍ စည်းမျဥ်းများကြောင့်သာမဟုတ်ပါက သူမသည် နဝမအကြီးအကဲထံ သွားရောက်၍ကယ်တင်ပေမည်။
နဝမအကြီးအကဲ၏မျက်နှာ တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး သူက ဟန်လီအား ကြည့်လိုက်၏။
"မင်းက အရည်အချင်းနည်းနည်းတော့ရှိသားပဲ...မင်းရဲ့ခွန်အားကလည်း မဆိုးဘူး"
"ဒါက ခင်ဗျားပြောဖို့ လိုအပ်လို့လား"
ဟန်လီက ခနဲ့တဲ့တဲ့ ပြောဆိုသည်။
"ကျုပ် ခင်ဗျားကိုသတ်ပြီးတဲ့အချိန်ကျရင် ကျုပ်တို့ရဲ့အရိပ်နဂါးမျိုးနွယ်က မြောက်ပင်လယ်ရဲ့အရှင်သခင်အသစ်ဖြစ်လာတော့မှာ"
နဝမအကြီးအကဲက ခေါင်းခါယမ်းလိုက်သည်။
"ငါ ဘယ်လောက်ကျော်ကြားခဲ့တယ်ဆိုတာ မင်းမေ့နေမှာ ငါ စိုးရိမ်မိတယ်"
သူက ရုတ်တရက် သူ၏လက်အတွင်းရှိတောင်ဝှေးကို ပစ်ထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်း၌ ပျောက်ကွယ်သွားပေ၏။