အခန်း (၁၄၇၆-၁၄၈၀)
Vol. 77 Ch. 1476-1480
Chapter 1476
ခန်းမအတွင်း၌ရှိနေသူများအားလုံး ဤအပြောင်းအလဲကြောင့် ကြက်သေသေသွားကြ၏။
ဟန်လီ၏မျက်လုံးအတွင်း၌လည်း အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။မကြာမီမှာပင် သူက မနှစ်မြို့သည့်အပြုံးမျိုးပြုံးရင်း သူ၏ခန္ဓာကိုယ်သည်လည်း ပျောက်ကွယ်သွားတော့သည်။
"ဘာလို့...ဘာလို့ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားတာလဲ"
အောင်းဖန်းက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
သူတို့သည် စင်မြင့်အောက်မှ ကြည့်နေရသဖြင့် လေထုအားထွင်းဖောက်သွားသော အသံများကိုသာ ကြားနိုင်ပြီး ထိုလူနှစ်ယောက် မည်သို့တိုက်ခိုက်နေသည်ကို မမြင်နိုင်ချေ။
လုယွီက တည်ငြိမ်စွာ စောင့်ကြည့်နေပေ၏။သူ့စိတ်ဝိညာဥ်၏စွမ်းအားသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်များထက် များစွာပို၍မြင့်မားသဖြင့် ထိုလူနှစ်ယောက်၏တိုက်ခိုက်မှုများကို ဖမ်းဆုပ်နိုင်ပေ၏။
သူတို့နှစ်ယောက်သည် အလွန်အမင်းလျှင်မြန်စွာ တိုက်ခိုက်နေကြသဖြင့် သာမာန်မျက်လုံးများဖြင့် သူတို့၏တည်ရှိမှုကို ဖမ်းဆုပ်နိုင်မည်မဟုတ်ချေ။
ဘန်း...ဘန်း...ဘန်း...
လက်သီး လက်ဝါးအချင်းချင်း ထိခတ်သံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ဟန်လီ၏ပုံရိပ် ရုတ်တရက်လွင့်ထွက်သွားပြီး တိုက်ပွဲကွင်းပြင်နံဘေးပတ်လည်ရှိ အလင်းအကာအကွယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
"လူအိုကြီး...ခင်ဗျားက ခုထိအစွမ်းထက်တုန်းပါပဲလား"
ဟန်လီကိုကြည့်ရသည့်မှာ တုန်လှုပ်ချောက်ချားနေပုံရသည်။
မြောက်ပင်လယ်နဂါးမျိုးနွယ်၏နဝမအကြီးအကဲသည် အရှိန်အဟုန်ဖြင့်နိုင်ပွဲဆက်နေပေ၏။နဝမအကြီးအကဲသည် အိုမင်းနေသဖြင့် ကြောက်ရွံစရာမလိုအပ်ဟု ဟန်လီက တွေးထင်ခဲ့မိသည်။
ဝှစ်...
နဝမအကြီးအကဲ၏ပုံရိပ်က စင်မြင့်ပေါ်၌ ပြန်လည်ထွက်ပေါ်လာပေ၏။
အောင်းချမ်သည် အလျှင်အမြန်ပြေးသွား၍ နဝမအကြီးအကဲအား ကူညီပေးလိုက်သော်လည်း ရုတ်တရက် သူမက ခေါင်းမော့ကြည့်ပြီး ပြောဆိုလိုက်သည်။
"နဝမအကြီးအကဲ...အကြီးအကဲရဲ့ခန္ဓာကိုယ် ဘာလို့အရမ်းတုန်ရီနေတာလဲ"
ဤအချိန်တွင် နဝမအကြီးအကဲ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူက အလွန်အမင်းအားနည်းနေပေ၏။ထိုမြင်ကွင်းကို မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင်များမြင်ချိန်တွင် သူတို့၏စိတ်နှလုံးသားများ ဆို့နင့်သွားကြသည်။
ကြည့်ရသည်မှာ ဤတိုက်ပွဲအားအနိုင်ရရန် နဝမအကြီးအကဲသည် တန်ကြေးများစွာ ပေးဆပ်ခဲ့ရပုံရှိသည်။နောက်လာမည့်တိုက်ပွဲများတွင် သူ ဝင်ရောက်တိုက်ခိုက်နိုင်တော့မည့်ပုံ မပေါ်တော့ချေ။
လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးလုံးတစ်လုံးကိုထုတ်ယူပြီး အောင်းချမ်အား လက်ကမ်းပေးလိုက်၏။
"သူ့ကို ဒါတိုက်လိုက် မဟုတ်ရင် သူ သေသွားလိမ့်မယ်"
အောင်းဖန်းက ထိုအခြင်းအရာကိုမြင်ချိန်၌ အော်ဟစ်ပြောဆိုလေသည်။
"မင်းကိုယ်မင်း ဘာထင်နေတာလဲ...နဝမအကြီးအကဲက မင်းရဲ့ဆေးလုံးကို သောက်စရာလား...မင်းတို့လူသားမျိုးနွယ်တွေက အရမ်းကောက်ကျစ်တယ်...အဲ့ဆေးလုံးက အဆိပ်တောင်ဖြစ်ချင်ဖြစ်နေမှာ"
အောင်းချမ်သည် အောင်းဖန်းအား လျစ်လျုရှုထားပြီး ဆေးလုံးကို နဝမအကြီးအကဲအား တိုက်လိုက်၏။လုယွီသည် နဝမအကြီးအကဲအား ထိခိုက်နစ်နာအောင်လုပ်ရန် မည်သည့်အကြောင်းပြချက်မျှမရှိချေ။တခြားစကားပြောင်းဆိုရလျှင် မြောက်ပင်လယ်နဂါးမျိုးနွယ်အား ယခုလက်ရှိအချိန်၌ တခြားသူများ လှည့်ဖျားစရာအကြောင်းအရင်းမရှိပေ။
ဆေးလုံးကိုသောက်သုံးပြီးနောက် နဝမအကြီးအကဲ၏မျက်လုံးများ ကြည်လင်တောက်ပလာသည်။သူက လုယွီကိုကြည့်ပြီး တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်၏။
"ကောင်းကောင်း အိပ်ပျော်ပါစေ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
နဝမအကြီးအကဲသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏မျက်တောင်များမှေးစင်းလာကာ သူ၏မျက်လုံး တဖြည်းဖြည်း ပိတ်သွားတော့သည်။
ထိုမြင်ကွင်းကိုမြင်သော မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင်များအားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။
အောင်းဖန်းက အော်ငေါက်လိုက်သည်။
"အတင့်ရဲလိုက်တဲ့လူသား...မင်းက နဝမအကြီးအကဲကို ထိခိုက်နစ်နာအောင် လုပ်ဝံ့တယ်ပေါ့လေ"
သူက လက်ကိုဆန့်ထုတ်ပြီး လုယွီ၏ပခုံးကိုကိုင်ကာ ဖိနှိပ်ရန်ကြိုးပမ်းလိုက်သည်။
သို့ရာတွင် သူ၏လက်အား လုယွီ၏ပခုံးပေါ်သို့ တင်လိုက်စဥ်မှာပင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က လုယွီ၏ပခုံးမှ ထွက်ပေါ်လာပေ၏။
ဘုန်း...
အောင်းဖန်းသည် ဟန်ချက်မထိန်းနိုင်တော့ဘဲ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရကာ သူ၏မျက်နှာပေါ်၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"မင်း...ဘယ်လိုနတ်ဆိုးမှော်နည်းစနစ်တွေကို အသုံးပြုနေတာလဲ"
"ပေါက်ကရစကားတွေမပြောစမ်းနဲ့...နဝမအကြီးအကဲက အိပ်မောကျနေတာ"
အောင်းချမ်သည် နဝမအကြီးအကဲ၏ အသက်ရှုနှုန်းနှင့်သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် အရာအားလုံးပုံမှန်ဖြစ်သည်ကို သူမက တွေ့ရှိမိပေ၏။
ပို၍အံ့အားသင့်ဖွယ်ကောင်းသောအချက်မှာ နဝမအကြီးအကဲ၏ ယခင်ကအိုမင်းပြီးဖြူရော်နေသောမျက်နှာသည် ယခုလက်ရှိချိန်၌ သွေးရောင်လွှမ်းပြီး နီမြန်းလာခြင်းဖြစ်သည်။သူ့အားလွှမ်းခြုံနေသော ပြင်းထန်သည့်သေဆုံးခြင်းအငွေ့အသက်များသည်လည်း ပမာဏအမြောက်အများ လွင့်ပြယ်သွားသည်။
"လုယွီ...ဒီဆေးက......."
အောင်းချမ်က သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။
လုယွီက ပြောဆိုသည်။
"ဒါက ဒဏ်ရာတွေကိုကုသပေးနိုင်တဲ့ ဆေးတစ်မျိုးပဲ...ဒီဆေးကိုသောက်ပြီးတာနဲ့ မင်းအိပ်ပျော်နေသရွေ့ မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒဏ်ရာတွေကို ကုသပေးနိုင်တယ်
ဤဆေးလုံးသည် လုယွီကိုယ်တိုင်သန့်စင်ထားသော ထိပ်တန်းအဆင့်ကုသဆေးလုံးဖြစ်သည်။ထိုဆေးသည် အလွန်အစွမ်းထက်သဖြင့် နဝမအကြီးအကဲ၏ဒဏ်ရာများအား ကုသပေးနိုင်ရန် လုံလောက်သည်ထက်ပင် ကျော်လွန်နေသည်။
ထိုအခြင်းအရာကိုကြည့်ပြီးနောက် မြောက်ပင်လယ်နဂါးမျိုးနွယ်များ၏မျက်နှာပေါ်၌ အနည်းငယ်စိတ်သက်သာရာရသွားသောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"ဟူး...နဝမအကြီးအကဲက အိပ်မောကျနေပြီ...ကြည့်ရတာတော့ ငါတို့မြောက်ပင်လယ်နဂါးမျိုးနွယ်တွေ ပျက်သုဥ်းရတော့မယ့်ပုံပဲ"
အောင်းဖန်းက ခါးသည်းသောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့က ငါတို့မျိုးနွယ်ကိုယ်စားတိုက်ခိုက်ဖို့ ဒီအမှိုက်ကောင်ပေါ်ကိုပဲ မှီခိုကြတော့မလို့လား"
Chapter 1477
အောင်းချမ်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။
"နင်တောင်စင်ပေါ်ကို မတက်ရဲပဲနဲ့...တခြားသူတွေကို လိုက်ပြောမနေနဲ့"
အစမှနေ၍ ယခုချိန်ထိတိုင် အောင်းဖန်သည် နံဘေးမှနေ၍ အဆက်မပြတ်ဆူညံနေခြင်းသည် တခြားသူများအား စိတ်အနှောက်အယှက်ဖြစ်စေ၏။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်...ငါ တိုက်ခိုက်လိုက်မယ်"
သူသည် ထိုနဂါးမျိုးနွယ်များအား များစွာအာရုံစူးစိုက်ခြင်းမရှိချေ။
အောင်းဖန်းက ပြောဆိုလိုက်သည်။
"နဝမအကြီးအကဲ မင်းကို မှာခဲ့တဲ့စကားကို မင်းမကြားဘူးလား...မင်း အခုချက်ချင်း အရှုံးပေးလိုက်တော့...မင်း စင်မြင့်ပေါ်တက်ပြီး တိုက်ခိုက်ကာမှ ရှုံးနိမ့်သွားရင် ငါတို့မြောက်ပင်လယ်နဂါးမျိုးနွယ်အတွက် ပိုပြီးအရှက်ရစရာဖြစ်လိမ့်မယ်"
သူ အော်ဟစ်ပြောဆိုပြီးသွားချိန်တွင် သူ၏နံဘေးပတ်ဝန်းကျင်တစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အောင်းချမ်က မတ်တတ်ထရပ်ပြီး အေးစက်တင်းမာသောလေသံဖြင့် အောင်းဖန်းအား ပြောဆိုသည်။
"အောင်းဖန်း...နင် ဒီနေရာကနေ ထွက်သွားလိုက်တော့"
သူမသည် အောင်းဖန်းအား အလွန်အမင်း ရွံရှာစက်ဆုပ်နေလေပြီ။
အောင်းဖန်း၏မျက်နှာအမူအယာ တောင့်တင်းသွားပြီး သူက မလိုလားဟန်ဖြင့် ပြောဆိုလိုက်၏။
"ဘာလဲ....ငါ ပြောတာမှားလို့လား"
"ဒီနေရာမှာ ငါတို့ကို ဆန့်ကျင်ဘက်လုပ်ပြီး အဆက်မပြတ်ဆူညံနေတဲ့လူမျိုးကို မလိုအပ်ဘူး"
အောင်းချမ်က တံခါးထံသို့ လက်ညှိုးညွှန်ပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"အခုချက်ချင်း...နင် ထွက်သွားတော့"
"ကောင်းတယ်..ကောင်းတယ်.."
အောင်းဖန်းသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ပြီးနောက် သူ၏မျက်လုံးအတွင်းရှိ မောက်မာမှုများ ပို၍ပင်ထင်ရှားလာပေ၏။
"မင်းတို့က ငါ့ကိုစွန့်ပစ်လိုက်ပြီဆိုမှတော့...ငါက မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့မျိုးနွယ်ဝင်မဟုတ်တော့ဘူး...လောကကြီးက အကျယ်ကြီးပါ...ငါ နေလို့ရမယ့်နေရာတစ်နေရာတော့ ရှိမှာပဲ"
ယခုလက်ရှိအနေအထားဖြင့် အကဲဖြတ်ကြည့်ပါက မြောက်ပင်လယ်နဂါးမျိုးနွယ်သည် ဆိုးရွားသောအခြေအနေများအား ပြောင်းပြန်လှန်ရန် အစွမ်းအစကင်းမဲ့နေသည်။
ယခုလက်ရှိချိန်၌ သူ့အတွက်အကောင်းဆုံးနည်းလမ်းမှာ မြောက်ပင်လယ်နဂါးမျိုးနွယ်မှထွက်ခွာသွားရန်ဖြစ်သည်။ထိုသို့မဟုတ်ဘဲ ဤနေရာ၌ သူ ဆက်နေနေပါက မြောက်ပင်လယ်နဂါးမျိုးနွယ်နှင့်အတူ ပျက်သုဥ်းသွားနိုင်သည်။
အောင်းချမ်သည် အောင်းဖန်း၏အတွေးများကို မှန်းဆနိုင်သဖြင့် သူမ၏မျက်လုံးအတွင်း၌ စိတ်ဓာတ်ကျဆင်းမှုများ ပြည့်နှက်နေပေ၏။
"တကယ်လို့ နင် သွားမှာဆိုရင်...ဒီနေရာကနေ နင် တက်နိုင်သလောက် ဝေးဝေးကိုထွက်သွားစမ်း...မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့ပထမမင်းသမီး ငါက အောင်းဖန်းရဲ့မြောက်ပင်လယ်နဂါးမျိုးနွယ်ဆိုတဲ့ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ပြီ"
အောင်းချမ်က သူမ၏လက်ကိုဝှေ့ယမ်းပြီးနောက် တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ အောင်းဖန်း၏မျက်နှာရှေ့သို့ ပစ်လွှက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အောင်းဖန်း၏ခန္ဓာကိုယ်မှနေ၍ သွေးစက်တချို့ပျံဝဲထွက်လာပြီး တံဆိပ်ပြားမှစုပ်ယူသွားလေ၏။
အောင်းဖန်းက အောင်းချမ်ကိုကြည့်ပြီး သရော်တော်တော်လေသံဖြင့် ပြောဆိုလေသည်။
"ဟား ဟား ဟား...ဘယ်သူကလည်း မင်းတို့ရဲ့မြောက်ပင်လယ်နဂါးမျိုးနွယ်မှာနေဖို့ ဆန္ဒရှိလို့လဲ...မင်းတို့ကိုယ် မင်းတို့လည်း ပြန်ကြည့်ပါအုံး...လူအိုကြီးတွေရယ်..အစွမ်းအစမရှိတဲ့လူတွေရယ်ပဲရှိတာ...အနှေးနဲ့အမြန် မြောက်ပင်လယ်နဂါးမျိုးနွယ်ကို တခြားနဂါးမျိုးနွယ်တွေဝါးမြိုတာခံရမှာပဲ"
"ငါကို မျိုးနွယ်ကနေမောင်းထုတ်တဲ့အတွက် ငါ မင်းကို ကျေးဇူးတောင်တင်ရဦးမယ်...ငါက ငါ့ကိုယ်ငါအားကိုးပြီး ငါ့နာမည်ကို လောကကြီးတခွင်လုံးမှတ်မိနေအောင်လုပ်ပြမယ်"
ယခုလက်ရှိချိန်တွင် သူသည် အဆင့်အတန်းအား ဂရုစိုက်ရန်မလိုတော့သဖြင့် သူ့စိတ်အတွင်း၌ရှိသမျှအရာအားလုံးကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်လေပြီ။
အောင်းချမ်သည် အောင်းဖန်းကို လက်ညှိုးညွှန်၍ ဒေါသတကြီး အော်ငေါက်လိုက်၏။
"နင်...ထွက်သွားစမ်း"
"အမှန်တော့ ငါက ဒီအတိုင်းထွက်မသွားချင်သေးဘူး...နဂါးစည်းဝေးပွဲက နှစ်ရာချီကြာပြီးမှတစ်ကြိမ်ပြုလုပ်တဲ့ မဟာအခမ်းအနားကြီးလေ...မြောက်ပင်လယ်နဂါးမျိုးနွယ်တွေ အဆင့်ဆင့် ပျက်စီးရှုံးနိမ့်သွားတာကို ငါ မြင်ချင်သေးတယ်"
အောင်းဖန်းသည် ကျောက်တုံးထိုင်ခုံတစ်လုံးထံသို့လျှောက်လှမ်းသွားကာ သူ၏မျက်နှာပေါ်၌ ပြပွဲကောင်းတစ်ခုကိုကြည့်တော့မည့်အမူအယာမျိုးရှိနေသည်။
ဤနေရာ၌ဖြစ်ပျက်သွားသော ကိစ္စများကို တခြားနဂါးမျိုးနွယ်များလည်း တွေ့မြင်ပေ၏။သို့ရာတွင် ထိုနဂါးမျိုးနွယ်များသည် ပြပွဲကောင်းတစ်ခုကြည့်နေသကဲ့သို့ မြောက်ပင်လယ်နဂါးမျိုးနွယ်အားကြည့်နေပြီး လှောင်ပြောင်သရော်နေကြသည်။
ဤသည်က တစ်စုံတစ်ယောက်သည် တော်ဝင်နဂါးမျိုးနွယ်မှနေ၍ ထုတ်ပယ်ခံရသော ပထမဆုံးအကြိမ်ဖြစ်သည်။ယခုလက်ရှိချိန်၌ မြောက်ပင်လယ်နဂါးမျိုးနွယ်သည် နဂါးမျိုးနွယ်များအားလုံးကြား၌ လှောင်ပြောင်ရယ်မောစရာကြီးဖြစ်နေသည်။
"နောက်ထပ်ပွဲစဥ်...မြောက်ပင်လယ်နဂါးမျိုးနွယ်နဲ့တောင်ပေါ်နဂါးမျိုးနွယ်..."
ထိုအချိန်မှာပင် မြင့်မြတ်နဂါးကျမ်းစာအုပ်ပေါ်၌ နောက်ထပ်ယှဥ်ပြိုင်ရမည့်ပွဲစဥ် ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် မြောက်ပင်လယ်နဂါးမျိုးနွယ်များအားလုံး စိတ်ဓာတ်ကျဆင်းသွားကြသည်။
တောင်ပေါ်နဂါးမျိုးနွယ်သည် အရိပ်နဂါးမျိုးနွယ်ထက်ပင် ပို၍အစွမ်းထက်ပေ၏။လုယွီကိုမဆိုထားနှင့် နဝမအကြီးကဲ့သို့ အစွမ်းထက်ကျင့်ကြံသူပင် တော်ပေါ်နဂါးမျိုးနွယ်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
"လုယွီ....တကယ်လို့ ရှင် အခုချက်ချင်းအရှုံးပေးလိုက်မယ်ဆိုရင် ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်"
အောင်းချမ်သည် သူမ၏လက်သီးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီး အံ့တင်းတင်းကြိတ်ကာပြောဆိုသည်။
သူမသည် လုယွီကိုရွေးချယ်ခဲ့သူဖြစ်သည်။သို့ရာတွင် တောင်ပေါ်နဂါးမျိုးနွယ်ကဲ့သို့ပြိုင်ဘက်ဖြင့် ရင်ဆိုင်ရမည်မှာ သူမခန့်မှန်းထားသည်ထက် ကျော်လွန်နေပေ၏။
အကယ်၍ လုယွီ အရှုံးပေးမည်ဟု ပြောဆိုပါက သူမထံ၌ ကန့်ကွက်စရာမရှိချေ။
Chapter 1478
တခြားမြောက်ပင်လယ်နဂါးမျိုးနွယ်ကလူများလည်း တိတ်ဆိတ်ငြိမ်သက်နေပေ၏။အကယ်၍ သူတို့အား စင်မြင့်ပေါ်သို့တက်၍ တောင်ပေါ်နဂါးမျိုးနွယ်နှင့် ရင်ဆိုင်တိုက်ခိုက်ခိုင်းပါက သူတို့လည်း နောက်ဆုတ်အရှုံးပေးမိပေမည်။
ဤသည်က မြောက်ပင်လယ်နဂါးမျိုးနွယ်များသည် တောင်ပေါ်နဂါးမျိုးနွယ်များထက် နိမ့်ကျနေသောကြောင့်မဟုတ်ချေ။
အရေးအကြီးဆုံးအချက်မှာ ယခုလက်ရှိနေရာ၌ရှိနေသော မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင်များသည် လူငယ်မျိုးဆက်သစ်များသာ ဖြစ်နေခြင်းပင်။တစ်စုံတစ်ယောက်သည် ကျင့်ကြံမှုအချိန်ကြာမြင့်လာသည်နှင့်အမျှ သူ၏ခွန်အားမှာလည်း ပို၍အားကောင်းလာသည်။
အကယ်၍ တစ်စုံတစ်ယောက်၌ ထူးချွန်သောပါရမီအရည်အချင်းရှိနေလျှင်ပင် အလွန်အမင်းသန်မာအားကောင်းသူမဟုတ်ချေ။ထိုကျင့်ကြံသူသည် အစွမ်းထက်သောနတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရပါက သူတို့၏အသက်ကိုပင် ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
သူတို့ရှေ့ရှိ လူသားကိုမဆိုထားနှင့် သူတို့ကဲ့သို့ အစွမ်းထက်သောနဂါးမျိုးနွယ်ဝင်များပင် သူတို့ကိုယ်သူတို့ကာကွယ်နိုင်စွမ်းမရှိချေ။
လုယွီက အောင်းချမ်ကိုတည်ငြိမ်စွာကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်...ငါ သူနဲ့တိုက်ခိုက်လိုက်မယ်"
ကြည့်နေရင်းမှပင် လုယွီသည် တိုက်ပွဲကွင်းပြင်ထံသို့ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်သွားပြီး သူ၏မျက်နှာအမူအယာက တည်ငြိမ်အေးဆေးနေသည်။
လုယွီ၏မိုးပြာရောင်ဝတ်စုံသည် မြောက်များစွာသောနဂါးမျိုးနွယ်များကြား၌ အလွန်အမင်းမျက်စေ့ကျဖွယ် ဖြစ်နေပေ၏။
ထိုလူသားမျိုးနွယ်သည် ယှဥ်ပြိုင်ပွဲအား ဝင်ရောက်တိုက်ခိုက်ဝံ့မည်ဟု မည်သူမျှမျှော်လင့်မထားကြချေ။
ဤအချိန်အခိုက်အတန့်တွင် နဂါးမျိုးနွယ်များအားလုံး၏မျက်လုံးအကြည့်များသည် လုယွီထံသို့ စူးစိုက်၍ကျရောက်နေသည်။
မြောက်ပင်လယ်နဂါးမျိုးနွယ်သည် လူသားမျိုးနွယ်တစ်ယောက်အား သူတို့၏အကူအညီအဖြစ် ဖိတ်ကြားခဲ့ခြင်းသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ နဂါးမျိုးနွယ်များကြားတွင် အရယ်ရဆုံးပြက်လုံးတစ်ခုဖြစ်ခဲ့လေ၏။
ထိုလူသားမျိုးနွယ်သည် တိုက်ပွဲအား ချက်ချင်းအရှုံးပေးမည်ဟုသာ နဂါးမျိုးနွယ်များအားလုံးက တွေးထင်ထားကြသည်။သူသည် အစွမ်းထက်သောတောင်ပေါ်နဂါးမျိုးနွယ်အား ယှဥ်ပြိုင်တိုက်ခိုက်ဝံ့မည်ဟု မည်သူမျှမျှော်လင့်မထားကြချေ။
"ဟား ဟား ဟား...ငါက လူသားမျိုးနွယ်အမှိုက်ကောင်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရတဲ့အထိကံကောင်းလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး"
တောင်ပေါ်နဂါးမျိုးနွယ်ဘက်မှနေ၍ တုတ်ခိုင်သောခန္ဓာကိုယ်နှင့်လူလတ်ပိုင်းကြီးတစ်ယောက်က စင်မြင့်ပေါ်သို့ ခုန်တက်လာပေ၏။
ထိုလူလတ်ပိုင်းကြီးတွင် ရှည်လျားသောမုတ်ဆိတ်မွှေးများရှိပြီး သူ၏မျက်နှာပေါ်၌ အမာရွတ်တစ်ခုရှိနေပြီး သူ့အား အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါက်စေသည်။
လူလတ်ပိုင်းကြီးက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သရော်တော်တော်အပြုံးနှင့်ပြောဆိုသည်။
"ကောင်လေး...ငါ့နာမည်က ထိုက်ယွီ...ငါက တောင်ပေါ်နဂါးမျိုးနွယ်ရဲ့ခေါင်းဆောင်ပဲ...မင်းက ဒီစင်ပေါ်ကိုတက်လာရဲမှတော့ ငါက မင်းရဲ့သွားတွေအကုန်လုံးကျွတ်ထွက်သွားတဲ့အထိ ရိုက်နှက်ပြမယ်...ဟား ဟား ဟား"
လုယွီက အမူအယာကင်းမဲ့စွာ ပြောဆိုလေ၏။
"ခင်ဗျား ကြိုးစားကြည့်နိုင်တယ်"
ဘာ....
ထိုက်ယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...တည်ငြိမ်ချင်ယောင်ဆောင်နေတဲ့ကောင်ကများ...မင်း ငါ့ရဲ့ရှေ့မှာ ဒူးထောက်ရတဲ့အချိန်ကျမှ မင်း ငါ့အကြောင်းသိစေရမယ်"
စကားဆုံးသည်နှင့် ထိုက်ယွီက ခြေတစ်ဖက်ဆောင့်နင်းလိုက်ရာ တိုက်ပွဲကွင်းပြင်၏မြေပြင် ကွဲအက်သွားပေ၏။
ပြင်းထန်သောအားလှိုင်းကြောင့် မြောက်များစွာသော မြေစိုင်မြေခဲများ လေထုအတွင်းသို့ လွင့်ပျံတက်လာသည်။ထိုက်ယွီသည် ထိုမြေစိုင်ခဲများအနက်မှတစ်ခုကို ကျပန်းရွေးချယ်ကာ လုယွီထံ ပစ်လွှက်လိုက်၏။
ဝှစ်....
တိုက်ဆိုင်မှုတစ်ခုကဲ့သို့ပင် လုယွီက နံဘေးဘက်သို့ ခြေတစ်လှမ်းခန့် ရွေ့လျားလိုက်သည်။ထိုခြေတစ်လှမ်းဖြင့်ပင် လုယွီသည် သူ့ထံတိုးဝင်သောမြေစိုင်ခဲအား အောင်မြင်စွာရှောင်ရှားနိုင်စေခဲ့သည်။
"ဟမ့်...မင်းက ကံတော်တော်ကောင်းတာပဲ"
ထိုက်ယွီသည် အေးစက်စက်နှာမှုတ်ပြီး သူက လုယွီထံဦးတည်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လေသည်။
ထိုလက်ဝါးရိုက်ချက်နှင့်အတူ ပေါက်ကွဲသံတစ်သံသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေပေ၏။တိုက်ပွဲကွင်းပြင်၏အနီးပတ်လည်၌ရှိနေသော လူများသည် သူတို့၏နားအတွင်း၌ ကျောက်တုံးများကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။တုန်ခါနေသောအသံများကြား၌ လူအမြောက်အများ မူးဝေမှုကို ခံစားနေရ၏။
ထို့နောက် ဧရာမလက်ဝါးပုံရိပ်ကြီးသည် ပတ်ဝန်းကျင်ရှိလေထုအားဖိနှိပ်ပြီး လုယွီထံဦးတည်၍ ကျရောက်လာသည်။
"အဲ့ဒီကောင်လေးအတွက်တော့ မတွေးဝံ့စရာပဲ"
"သူက တောင်ပေါ်နဂါးမျိုးနွယ်ခေါင်းဆောင်ကို တကယ်ကြီးရင်ဆိုင်တိုက်ခိုက်ဝံ့တယ်....အစောပိုင်းက တိုက်ခိုက်မှုကိုတောင် သူ ကံကောင်းပြီးရှောင်နိုင်ခဲ့တာ...အခုတော့ သူ လူသားအသားပြားဖြစ်သွားလောက်တယ်"
စင်မြင့်အောက်ရှိနဂါးမျိုးနွယ်များတွင် လုယွီအား အကောင်းမြင်သူဟူ၍ မရှိသလောက်နီးပါးပင်။
ဧရာမလက်ဝါးပုံရိပ်ကြီးကျဆင်းလာသော ပြင်းထန်သည့်လေအရှိန်ကြောင့် လုယွီ၏စိမ်းပြာရောင်ဝတ်စုံ လှုပ်ခတ်သွားသည်။
ဘုန်း...
လုယွီသည် ထိုလက်ဝါးရိုက်ချက်ကို အပြည့်အဝခံယူလိုက်သည့်တိုင် သူ၏ခန္ဓာကိုယ်ယိမ်းယိုင်သွားခြင်းပင်မရှိချေ။
အလွန်အင်အားကြီးမားပုံရသော ဧရာမလက်ဝါးပုံရိပ်ကြီးသည် လုယွီအား တစိုးတစ်မျှပင် ထိခိုက်မှုမရှိဘဲ တဖြည်းဖြည်း လွင့်ပြယ်သွားတော့သည်။
"ဒါက ခင်ဗျားရဲ့စွမ်းအားပြည့် တိုက်ခိုက်မှုလား"
လုယွီ၏မျက်လုံးအတွင်း၌ စိတ်ပျက်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
သူ စတင်မတိုက်ခိုက်သည့်အကြောင်းအရင်းမှာ နဂါးမျိုးနွယ်များ၏အစစ်အမှန်ခွန်အားကို တွေ့မြင်လိုသောကြောင့်ဖြစ်သည်။
ကံဆိုးစွာဖြင့် ထိုလက်ဝါးရိုက်ချက်သည် အားကောင်းပုံရသော်လည်း ယခင် သူ့အား နွားခေါင်းတစ္ဆေတိုက်ခိုက်ခဲ့သည့် လက်သီးချက်ပြင်းအား၏ထက်ဝက်ပင်မရှိချေ။
Chapter 1479
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။လုယွီသည် ဤလက်ဝါးပုံရိပ်ကြီးအောက်၌ သွေးမြူများအဖြစ် ပြောင်းလဲသွားမည်ဟုသာ သူတို့အားလုံး တွေးထင်ထားကြသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် စင်မြင့်ပေါ်၌ မည်သည့်ထိခိုက်ဒဏ်ရာရရှိမှုမျှမရှိဘဲ အကောင်းပကတိ မတ်တတ်ရပ်နေသည်။
ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ရှက်ရွံမှုအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။နဂါးမျိုးနွယ်များအားလုံးသည် သူတို့၏ပါးများအား ဖြတ်ရိုက်ခံရသကဲ့သို့ ခံစားနေရ၏။
"မဖြစ်နိုင်ဘူး"
ထိုက်ယွီက အော်ဟစ်ကြုံးဝါးလိုက်သည်။
သူသည် မြောက်မြားစွာသောအစွမ်းထက်ကျင့်ကြံသူများကို အနိုင်ယူပြီး နောက်ဆုံးမှသာ တောင်ပေါ်နဂါးမျိုးနွယ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။
လုယွီကဲ့သို့ လူသားမျိုးနွယ်တစ်ယောက်ကို မဆိုထားနှင့် မြောက်များစွာသောနဂါးအိုကြီးများပင် သူ၏လက်ဝါးရိုက်ချက်အား ရှောင်ရှားနိုင်ခြင်းမရှိချေ။
"ကြည့်ရတာတော့ မင်းဝတ်ဆင်ထားတဲ့ဝတ်စုံက အကာအကွယ်မှော်ရတနာကောင်းတစ်ခု ဖြစ်ပုံရတယ်....အရမ်းကောင်းတယ်...မင်းတို့လူသားမျိုးနွယ်တွေက မှော်ရတနာတွေသန့်စင်တဲ့နေရာမှာ အရမ်းထူးချွန်တယ်...ငါ ဒီဝတ်စုံကို ယူရလိမ့်မယ်"
ထိုက်ယွီသည် လုယွီ၏စိမ်းပြာရောင်ဝတ်စုံကိုကြည့်ပြီး သူ၏မျက်လုံးများက တဖြည်းဖြည်းနီမြန်းလာသည်။
ယခုအချိန်၌ ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသောအကြောင်းပြချက်မှာ လုယွီသည် အလွန်အဆင့်မြင့်သော အကာအကွယ်မှော်ရတနာဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူ၏စွမ်းအားပြည့်တိုက်ခိုက်မှုကို ကာကွယ်နိုင်ခြင်းဖြစ်ပေမည်။
"မှော်ရတနာတွေဆိုတာ ခွန်အားကြီးသူပဲပိုင်ဆိုင်ရမှာ...မင်း ဒီဝတ်စုံ ငါ့ကိုပေးသင့်တယ်"
ထိုက်ယွီက ရှေ့သို့တဟုန်ထိုးပြေးတက်သွားပြီး လုယွီထံဦးတည်၍ ဖမ်းဆုပ်လိုက်၏။
ဘုန်း...
လေထုအတွင်း၌ ပြင်းထန်သောဖိအားအရှိန်အဝါများ စုဝေးသွားပြီး တောင်နံရံများနှင့်တူညီသော နဂါးကြေးခွံများသည် ထိုက်ယွီ၏ခန္ဓာကိုယ်အရေပြားပေါ်၌ ထွက်ပေါ်လာသည်။
"တောင်ပေါ်နဂါးမျိုးနွယ်ရဲ့ တောင်တန်းချီလင်သံချပ်ကာပါလား"
"သူ့ရဲ့ခန္ဓာကိုယ်ပေါ်က ဒီနဂါးကြေးခွံတွေနဲ့ဆိုရင် သူက ပြိုင်ဘက်ကင်းသလောက်နီးပါးပဲ...ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းမှာ ဘယ်သူကမှ သူ့ရဲ့ခုခံမှုကို မချိုးဖျက်နိုင်ဘူး"
"လူသားမျိုးနွယ်ကောင်လေးမှာ အကာအကွယ်မှော်ရတနာကောင်းတစ်ခုရှိနေတယ်...ကံဆိုးချင်တော့ သူ့ရဲ့အကာအကွယ်မှော်ရတနာအတွက် သူ့ရဲ့မှော်စွမ်းအင်တွေအများကြီး ကုန်ခမ်းသွားမှာ...ထိုက်ယွီရဲ့ တောင်တန်းချီလင်သံချပ်ကာက သူ့ရဲ့သွေးမျိုးဆက်စွမ်းအားလေ...လူသားမျိုးနွယ်တွေလိုမျိုး စွမ်းအင်ကုန်ခမ်းသွားမှာမဟုတ်ဘူး"
နဂါးမျိုးနွယ်များအားလုံးသည် တိုက်ပွဲအားကြည့်၍ ပြောဆိုနေကြချိန်တွင် ထိုက်ယွီသည် သူ၏လက်သီးကိုမြှောက်၍ လုယွီ၏ရှေ့သို့ ရောက်ရှိနေလေပြီ။
"ကောင်လေး...မင်းကို ငါ လက်သီးတစ်ချက်နဲ့ အမှုန့်ဖြစ်အောင်လုပ်ပစ်မယ်"
ထိုက်ယွီသည် စူးရှရှအော်ငေါက်လိုက်၏။ထို့နောက် သူ၏လက်သီးမှ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများ ပွင့်အံထွက်လာလေရာ ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပင် ပုံပျက်သွားစေသည်။
လုယွီက သူ့ထံသို့ချဥ်းကပ်လာသော ထိုက်ယွီ၏လက်သီးချက်ကို မြင်နေရသော်လည်း သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။
သူက သိုလှောင်အိတ်အတွင်းမှ ယန်ကြွယ်ဆေဘာဓားကိုထုတ်ယူ၍ ထိုက်ယွီထံဦးတည်ကာ ဝှေ့ယမ်းလိုက်သည်။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် ဧရာမမီးနဂါးတစ်ကောင်သည် ထိုက်ယွီထံသို့ တိုးဝင်သွားပေ၏။ဧရာမမီးနဂါးကြီးရုတ်တရက်ထွက်ပေါ်လာမှုကြောင့် ထိုက်ယွီသည် သတိလက်လွတ်ဖြစ်သွားပြီး မီးနဂါး၏ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
"အရူး..ငါ့ရဲ့တောင်တန်းချီလင်သံချပ်ကာက မှော်လက်နက်တွေကိုခုခံနိုင်ရုံတင်မကဘူး...ဘယ်မှော်မန္တန်မျိုးကမှ ငါ့ကိုဒဏ်ရာရအောင်မလုပ်နိုင်ဘူး"
ထိုက်ယွီက လှောင်ပြောင်ရယ်မောလိုက်၏။သူ မျှော်လင့်ထားသကဲ့သို့ပင် မီးတောက်များသည် သူ၏ခန္ဓာကိုယ်အား ဝိုင်းရံထားသော်လည်း မည်သည့်နာကျင်မှုမျိုးမျှမခံစားရချေ။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ကောင်းပြီလေ...ခင်ဗျား ထပ်ကြည့်ကြည့်ပါအုံး"
မီးနဂါးကြီး၏ဦးတည်ချက် ရုတ်တရက်ပြောင်းလဲသွားပေ၏။လေထု၏အလယ်ဗဟို၌ မီးတောက်များ တလိမ့်လိမ့်တက်လာပြီး နောက်ဆုံး၌ အလွန်ခမ်းနားကြီးကျယ်သော မီးတောက်လေဆင်နှာမောင်းကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ဝှီး....ဝှီး...
ထိုမီးတောက်လေဆင်နှာမောင်းကြီးသည် ထိုက်ယွီကိုသယ်ဆောင်၍ တိုက်ပွဲကွင်းပြင်၏ပြင်ပသို့ ပစ်လွှက်လိုက်ကာ သူ့အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားစေသည်။
ဘုန်း...
ထိုက်ယွီ၏ခန္ဓာကိုယ်ပေါ်ရှိ တောင်တန်းချီလင်သံချပ်ကာသည် မြေပြင်နှင့်ရိုက်ခတ်မိသဖြင့် မူလကပြန့်ပြူးသောမြေပြင်ပေါ်၌ ချက်ချင်းပင် ကျင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
မီးတောက်များက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။လုယွီက ယန်ကြွယ်ဆေဘာဓားကို တိတ်တဆိတ်ပြန်လည်သိမ်းဆည်းပြီး သူက ထိုက်ယွီအား ကြည့်လိုက်၏။
ဒါက....
လုယွီ ရှုံးနိမ့်မည်ကို စောင့်ကြည့်နေကြသော နဂါး မျိုးနွယ်များသည် ပါးစပ်အဟောင်းသားဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။
သူတို့၏နဂါးမျိုးနွယ်များသည် ယှဥ်ပြိုင်တိုက်ခိုက်ရာ၌ အစဥ်အမြဲခွန်အားသီးသန့်ကိုသာ အသုံးပြုလေ့ရှိသည်။ဤကဲ့သို့ကိစ္စမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
ခွန်အားအရဆိုပါက ထိုက်ယွီ၏လက်သီးတစ်ချက်ကိုပင် ထိုလူသားမျိုးနွယ် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
သို့ရာတွင် ထိုလူသားမျိုးနွယ်၏လက်အတွင်း၌ ခုခံရာ၌ဖြစ်စေ တိုက်ခိုက်ရာ၌ဖြစ်စေ အသုံးပြုနိုင်သော မှော်ရတနာများရှိနေသည်။ထို့ကြောင့် ထိုက်ယွီသည် ခွန်အားအလွန်ကောင်းသော်လည်း အသုံးချနိုင်ခြင်းမရှိတော့ချေ။
"ငါ လက်မခံနိုင်ဘူး"
ထိုက်ယွီက အော်ဟစ်ကြုံးဝါးလိုက်သည်။
"မင်းက လှည့်ဖျားပြီး အနိုင်ယူခဲ့တာပဲ"
Chapter 1480
လုယွီက တည်ငြိမ်နေဆဲဖြစ်ပြီး သူက ထိုက်ယွီကိုကြည့်၍ ပြောဆိုလိုက်သည်။
"ကျုပ်က ဘယ်နေရာမှာများ လှည့်ဖျားလိုက်လို့လဲ...နဂါးမျိုးနွယ်ရဲ့ မြင့်မြတ်နဂါးကျမ်းစာအုပ်ထဲမှာ မှော်လက်နက်တွေအသုံးပြုခွင့်မရှိဘူးလို့မပါဘူးလေ...ဟုတ်တယ်မလား"
ထိုက်ယွီသည် အလွန်အမင်းဒေါသထွက်နေသော်လည်း ထိုစကားကို ပြန်လည်ချေပနိုင်စွမ်းမရှိချေ။
လုယွီပြောသည်မှာ မှန်ကန်ပေ၏။မြင့်မြတ်နဂါးကျမ်းစာအုပ်တွင် မှော်ရတနာများအသုံးပြုခွင့်မရှိဟု မပါဝင်သည်မှာ သိသာထင်ရှားနေသည်။
ရွှေရောင်အလင်းတန်းများ ကျဆင်းလာပြီးနောက် ထိုက်ယွီ၏နာမည်သည် မြင့်မြတ်နဂါးကျမ်းစာအုပ်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။
"ကလိမ်ကကျစ်ကျလိုက်တဲ့ လူသားမျိုးနွယ်"
"အရှက်မဲ့လိုက်တာ...ဒါပေမယ့် သူပြောတာက အမှန်ဖြစ်ပုံရတယ်"
"မြန်မြန်လာကြစမ်း...မျိုးနွယ်ထဲမှာ အစွမ်းထက်တဲ့မှော်လက်နက်တစ်ခုခုရှိနေလားဆိုတာ တစ်ယောက်ယောက် သွားရှာခဲ့စမ်း"
အောင်းချမ်၏မျက်လုံးများက ကြယ်ရောင်တောက်ပနေပြီး သူမက လက်ခုပ်လက်ဝါးတီးနေလေ၏။
"ကောင်းလိုက်တာ"
မြောက်ပင်လယ်နဂါးမျိုးနွယ်များသည်လည်း အံ့အားသင့်တုန်လှုပ်နေရာမှ အသိပြန်ဝင်လာကြပြီး လက်ခုပ်တီး၍ လုယွီအား အားပေးဂုဏ်ပြုလိုက်ကြသည်။
လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကို တစိုးတစိမျှပင် အသုံးပြုသွားခြင်းမရှိချေ။သူ အလွန်တည်ငြိမ်နေသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။သူထံ၌ မှော်ရတနာများ ရှိနေပေ၏။
ဤအချိန်အခိုက်အတန့်၌ မြောက်ပင်လယ်နဂါးမျိုးနွယ်များသည် ပျော်ရွှင်ရမည်လော ဝမ်းနည်းရမည်လောကိုပင် မသိတော့ချေ။
"ဟမ့်...မင်းဆီမှာမှော်ရတနာတွေရှိနေလည်း အရည်အချင်းမှမရှိတာ...မင်း ဒီခန်းမထဲကနေ အသက်ရှင်ရက် ထွက်သွားနိုင်မလားဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
အောင်းဖန်းသည် လုယွီကို စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးအတွင်း၌ မနာလိုသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။သူထံ၌ မည်သည့်မှော်ရတနာမျှမရှိချေ။
အကယ်၍သာ တောင်ပေါ်နဂါးမျိုးနွယ်၏စွမ်းအားပြည့်တိုက်ခိုက်မှုကို ခုခံနိုင်သောမှော်ရတနာနှင့် အလွန်ကြီးမားသောမီးတောက်များကို ထုတ်လွှက်ပေးနိုင်သော မှော်ရတနာမျိုးသာ သူ၏လက်အတွင်းရှိနေပါက သူ၏ခွန်အားသည် အဆင့်တစ်ခုထိမြင့်မားသွားမည်မှာ သေချာပေ၏။
ယခုလက်ရှိနေရာ၌ရှိနေသော နဂါးမျိုးနွယ်အများစု၏စိတ်နှလုံးသားများအတွင်း၌လည်း ထိုကဲ့သို့အတွေးမျိုးရှိနေသည်။
နဂါးမျိုးနွယ်တစ်ယောက်ပြီးတစ်ယောက်၏ လောဘတက်နေသော မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်နေသော်လည်း သူက ဂရုမစိုက်ချေ။
"ဒီနေ့အတွက် ယှဥ်ပြိုင်ပွဲက အဆုံးသတ်သွားပြီ....မနက်ဖြန်ကျမှ နဂါးဧကရာဇ်အသစ်ရွေးချယ်မှုကို ဆက်လုပ်မယ်"
အောင်းကွမ်းက မတ်တတ်ထရပ်ပြီးနောက် သူက ခန့်ညားထည်ဝါသောအသံဖြင့် ပြောဆိုသည်။
"နဂါးဧကရာဇ်အသစ်ကို ကြိုဆိုနှုတ်ဆက်နိုင်ဖို့အတွက် မနက်ဖြန်ခါကျရင်လည်း နဂါးမျိုးနွယ်တွေအားလုံး ဒီနေရာမှာစုဝေးရောက်ရှိနေဖို့ ငါ မျှော်လင့်တယ်"
မြောက်များစွာသောနဂါးမျိုးနွယ်များသည် ချက်ချင်းပင်ဒူးထောက်၍ အောင်းကွမ်းအား အရိုအသေပြုလိုက်ကြ၏။အောင်းကွမ်းသည် နဂါးဧကရာဇ်အသစ် ဖြစ်လာနိုင်သည်ကို မြောက်မြားစွာသောနဂါးမျိုးနွယ်များက သတိပြုမိသည်။
အရှေ့ပင်လယ်နဂါးမျိုးနွယ်မှ အိမ်ရှေ့စံမင်းသား အောင်းရှင်းထျန်သည် ယှဥ်ပြိုင်ပွဲအတွင်းဝင်ရောက်တိုက်ခိုက်လေရာ အောင်းကွမ်း ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ရန်ပင် မလိုအပ်ချေ။
နဂါးမျိုးနွယ်အားလုံးသည် အောင်းရှင်းထျန်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ရမည်ဟူသည်နှင့် သူတို့က မည်မျှပင် သန်မာအားကောင်းနေပါစေ ချက်ချင်းပင် အရှုံးပေးလိုက်ကြ၏။
နဂါးမျိုးနွယ်အများစုသည် အောင်းရှင်းထျန်ကိုမြင်သည်နှင့် သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ ပြည့်နှက်နေသည်။
"သွားကြစို့"
အောင်းချမ်၏မျက်လုံးများက အေးစက်တောက်ပနေသည်။သူမသည် အောင်းကွမ်းအား ဒူးထောက်၍အရိုအသေပြုခြင်းမပြုဘဲ ခန်းမအတွင်းမှ ထွက်ခွာလိုက်သည်။
မြောက်ပင်လယ်နဂါးနန်းတော်၏အိပ်ဆောင်တစ်ခုအတွင်း၌....
အောင်းချမ်က လုယွီကိုကြည့်ပြီး တောင်းပန်စကားဆိုလေ၏။
"လုယွီ...ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်...ရှင် အနားယူဖို့အတွက် အခန်းကောင်းကောင်း စီစဥ်မပေးနိုင်ခဲ့ဘူး...ကျွန်မ ရှင့်ကို အခက်တွေ့စေမိပြီ...အခုတော့ ဒီနေရာမှာပဲ ရှင် အနားယူလိုက်ပါအုံး"
ရယ်ရွှင်ဖွယ်ကောင်းသည်မှာ ခမ်းနားကြီးကျယ်သောမြောက်ပင်လယ်နဂါးနန်းတော်အား တခြားနဂါးမျိုးနွယ်များမှ အပိုင်စီးနေရာယူထားခြင်းဖြစ်သည်။မြောက်ပင်လယ်နဂါးမျိုးနွယ်သည် နန်းတော်၏သေးငယ်သော ထောင့်တစ်နေရာ၌သာ နေထိုင်နေရသည်။
လုယွီကကြည့်လိုက်ရာ သူ့ရှေ့ရှိအခန်းသည် အလွန်ခမ်းနားထည်ဝါသည်ကို တွေ့မြင်မိသည်။သူ့အား ပြုစုပေးမည့် အစေခံတချို့လည်းရှိနေပြီး သူတို့က လုယွီအားမြင်သည်နှင့် တပြိုင်နက်တည်း အရိုအသေပြုလိုက်ကြ၏။
လုယွီက အောင်းချမ်ကို ခေါင်းညိမ့်ပြလိုက်၏။
"ဒါဆိုလည်း ငါ မင်းကို အခက်တွေ့စေမိပြီ"
သူသည် ဤနေရာ၌ တစ်ညတာ အနားယူရပေမည်။နောက်တစ်နေ့၌ သူသည် ထိုနဂါးမျိုးနွယ်များအားလုံးအား ဖိနှိပ်ရပေမည်။
အောင်းချမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် လုယွီကိုကြည့်ပြီး ပြောဆိုသည်။
"ပြောရမယ်ဆိုရင် မြောင်ပင်လယ်ကို ရှင် ဘာလာလုပ်တာလဲဆိုတာ ကျွန်မ သိချင်နေမိတယ်...ရှင်က နဂါးစည်းဝေးပွဲကို လာပြီးနှောက်ယှက်တဲ့သူများ ဖြစ်နေမလား"
လုယွီက အမှန်အတိုင်း ပြောဆိုလိုက်၏။
"ငါက ဒီနေရာကို နဂါးစည်းဝေးပွဲအတွက် လာခဲ့တာပဲလေ"
"ကောင်းပြီလေ....ရှင် စောစောအနားယူပါ....မနက်ဖြန်ခါကျရင် ကျွန်မတို့မျိုးနွယ်ရဲ့အနာဂတ်က ရှင့်အပေါ်မူတည်သွားပြီ"
အောင်းချမ်က ခါးသက်သက်အပြုံးနှင့် သူမ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလေသည်။
လုယွီသည် နဂါးစည်းဝေးပွဲအတွက်ဖြင့် မြောက်ပင်လယ်သို့ လာခဲ့သည်ကို သူမ မှန်းဆပြီးဖြစ်သည်။သို့ရာတွင် လုယွီကဲ့သို့အစွမ်းထက်ကျင့်ကြံသူမျိုး၌ မည်ကဲ့သို့အစီအစဥ်မျိုးရှိနေသည်ကို သူမ ဖွင့်ဟ၍မမေးမြန်းနိုင်ချေ။