အခန်း (၁၄၈၆-၁၄၉၀)
Vol. 78 Ch. 1486-1490
Chapter 1486
တစ်ညကုန်ဆုံးသွားပြီးနောက် လုယွီ နိုးထလာသည်။စူးရှရှနာကျင်မှုကြောင့် သူသည် ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်ရ၏။
"ငါ သတိလက်လွတ် လုပ်ခဲ့မိတာပါလား...အနက်ရောင်ပုံရိပ်ရဲ့ အစစ်အမှန်စိတ်ဝိညာဥ်က ဒီလောက်ထိအစွမ်းထက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုယွီက ခါးသက်သက်အပြုံးနှင့် ရေရွတ်လိုက်သည်။
သူသည် အလွန်ပင် သတိလက်လွတ်လုပ်ဆောင်ခဲ့မိ၏။သူ၏တာအိုသခင်စိတ်ဝိညာဥ်သည် လုံလောက်စွာသန်မာနေပြီဟု သူ တွေးထင်ခဲ့မိသည်။သို့ရာတွင် ရှေးခေတ်မှအစွမ်းထက်ကျင့်ကြံသူများရှေ့တွင်မူ သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်မျှဖြင့် အားကောင်းသည်ဟု မဆိုနိုင်ချေ။
ခပ်ဖျော့ဖျော့မွှေးရနံတစ်ခုက သင်းပျံ့နေပေ၏။လုယွီသည် အိပ်ယာအတွင်း၌ သူ လဲလျောင်းနေမိသည်ကို ရုတ်တရက်သိနားလည်သွားသည်။ထိုမွှေးရနံသည် ခြုံစောင်များထံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
"ရှင် နိုးလာပြီလား"
အခန်းတံခါးသည် ရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး အောင်းချမ်က စိတ်လှုပ်ရှားသောအမူအယာဖြင့် အတွင်းသို့ဝင်လာသည်။
လုယွီ၏အသိစိတ် နိုးထနေသည်ကိုကြည့်ပြီး အောင်းချမ်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
"မနေ့ညက ရှင် ကျင့်ကြံနေရင်းနဲ့ အခန်းထဲကပြတင်းပေါက်တွေအကုန်လုံး ကျိုးပဲ့ပျက်စီးသွားတယ်...ရှင်က ကြမ်းပြင်ပေါ်မှာ သတိလစ်မေ့မျောနေတာကိုတွေ့လို့ ကျွန်မ ရှင့်ကို အိပ်ယာပေါ်တင်ပေးခဲ့တာ"
လုယွီက ပတ်ဝန်းကျင်အား စောင်းငဲ့၍ကြည့်လိုက်၏။အခန်းအတွင်းရှိအရာအားလုံး သန့်ရှင်းနေသော်လည်း ထိခိုက်ပျက်စီးထားပုံရသည်ကို သူ တွေ့မြင်မိသည်။
ဤတစ်ကြိမ် သူ အဆင့်ချိုးဖျက်စဥ်တွင် ကြီးမားသောပွက်လောရိုက်မှုများ ဖြစ်ပျက်သွားသည်ကို သိရှိလိုက်မိသည်။
ထိုအချိန်မှာပင် အခန်းတံခါးအားတွန်းဖွင့်ပြီး အစေခံတစ်ယောက်က စိတ်လှုပ်ရှားသောအမူအယာဖြင့် တဟုန်ထိုးပြေးဝင်လာကာပြောဆိုသည်။
"ပထမမင်းသမီး...ကျွန်တော်တို့အလှည့်က မကြာခင်ရောက်တော့မယ်"
"မြန်မြန်သွားပြောလိုက်စမ်း...ငါတို့ မြောက်ပင်လယ်နဂါးမျိုးနွယ်က ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ပြီဆိုတာ သူတို့ကို ပြောလိုက်တော့"
အောင်းချမ်က မာဆတ်ဆတ်လေသံဖြင့် ပြောဆိုသည်။
အစေခံသည် အံ့အားသင့် တုန်လှုပ်သွားပေ၏။
"ဒါပေမယ့်....."
အောင်းချမ်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘာမှထပ်ပြောနေစရာမလိုတော့ဘူး...တကယ်လို့ အောင်းကွမ်းကသာ နဂါးဧကရာဇ်ဖြစ်ချင်နေတာဆိုရင်...ငါတို့မျိုးနွယ်တစ်ခုတည်းနဲ့ သူ့ကိုဟန့်တားနိုင်မှာမဟုတ်ဘူး"
"အားကြီးသူက အားနည်းသူကိုစားတဲ့ တောရိုင်းဥပဒေသက ကျင့်ကြံခြင်းလောကနဲ့အတူတူပဲ....ငါတို့မြောက်ပင်လယ်နဂါးမျိုးနွယ်က အရမ်းအားနည်းနေတယ်...တကယ်လို့ ဒီတစ်ကြိမ်မှာ ငါတို့အသက်ရှင်လွတ်မြောက်နိုင်ရင်တောင်...နောက်တစ်ကြိမ်တော့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ဤရက်များအတွင်း အောင်းချမ်သည် ကိစ္စများကို တွေးတောနေခဲ့သည်။သူမတို့၏မျိုးနွယ်အတွက် ယခုလက်ရှိအခြေအနေအားပြောင်းလဲနိုင်ရန်မှာ ဖြစ်နိုင်ချေမရှိသလောက်နီးပါးပင်။
လုယွီထံ၌ အစွမ်းထက်သောမှော်ရတနာများရှိပြီး တောင်ပေါ်နဂါးမျိုးနွယ်မှလူ အံ့အားသင့်နေချိန်တွင် အနိုင်ယူနိုင်ခဲ့သည်။သို့ရာတွင် နဂါးမျိုးနွယ်ဘက်မှအစွမ်းထက်မှော်လက်နက် ကိုင်ဆောင်ထားသူဖြင့်သာ လုယွီရင်ဆိုင်ရပါက သူ မလွဲမသွေ ရှုံးနိမ့်သွားပေလိမ့်မည်။
ထို့ပြင် လုယွီသည် သူမအား ကယ်တင်ခဲ့သူဖြစ်သည်။မည်သည့်နည်းဖြင့် လုယွီ သေဆုံးသွားနိုင်သည့်ကိစ္စကို သူမ ခွင့်ပြုနိုင်မည်နည်း။
"ဘာမှစိုးရိမ်မနေနဲ့...ငါ့ကို အဲ့ဒီကိုခေါ်သွားပေးကြ"
လုယွီသည် အိပ်ယာထက်မှထလိုက်သော်လည်း သူ၏ခန္ဓာကိုယ်က တုန်ခါသွားသည်။သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးအဆစ်နှင့်ကြွက်သားများ ထပ်မံ၍ပုံသွင်းခံထားရသည်ကို ချက်ချင်းပင်ခံစားမိသွားသည်။
သူ၏အရိုးအဆစ်နှင့်ကြွက်သားများသည် ပို၍တောင့်တင်းသန်မာလာသော်လည်း ယခုလက်ရှိအချိန်၌ ပြန်လည်ကုသနေဆဲဖြစ်စဥ်တွင်သာရှိသေးသည်။သူ၏ခွန်အားအား အပြည့်အဝသုံးစွဲနိုင်မည် မဟုတ်သေးချေ။
"လုယွီ...ရှင် ဆက်ပြီးအနားယူနေတာ ပိုကောင်းလိမ့်မယ်...ရှင် ကျွန်မတို့မြောက်ပိုင်းနဂါးမျိုးနွယ်အတွက် လုပ်ပေးခဲ့တာတွေကို ကျွန်မတို့အားလုံး အမှတ်ရနေမှာပါ"
အောင်းချမ်သည် လုယွီကိုကြည့်ပြီး သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
လုယွီ၏အခြေအနေကိုကြည့်ရသည်မှာ သူ ကျင့်ကြံနေစဥ်အတောအတွင်း၌ တစ်စုံတစ်ခုမှားယွင်းသွားသည်မှာ သိသာထင်ရှားလှ၏။တိုက်ခိုက်ရန်မဆိုထားနှင့် သူ မတ်တတ်ရပ်နိုင်ရန်ပင် အလွန်ခက်ခဲနေသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒါက ပြဿနာမရှိပါဘူး...ငါ့ကို ခန်းမထဲကိုသာ ခေါ်သွားပေးပါ"
သူသည် ကောင်းကင်ဘုံလမ်းကြောင်းမပွင့်မီ လုံလောက်သောအင်အားစုများကို စုဆောင်းလိုသည်။သူ မြောက်ပင်လယ်သို့လာရသည့် အကြောင်းအရင်းမှာ နဂါးမျိုးနွယ်များအား သူ၏လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ရန်ဖြစ်သည်။ယခုလက်ရှိအချိန်ကျမှ မည်သည်ကြောင့် သူ နောက်ဆုတ်နိုင်မည်နည်း။
လုယွီ၏ခေါင်းမာနေမှုကိုကြည့်ပြီး အောင်းချမ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ကောင်းပြီလေ...ရှင်က ခေါင်းမာနေမှတော့ တိုက်ပွဲကျရင် မြန်မြန်အရှုံးပေးလိုက်...မဟုတ်ရင် အဲ့ဒီလူတွေက ရှင့်ကိုသတ်လိမ့်မယ်"
မကြာမီမှာပင် လုယွီသည် အောင်းချမ်နှင့်အတူ ခန်းမအတွင်းသို့ ရောက်ရှိသွားသည်။
"ဘာလို့ မြောက်ပင်လယ်နဂါးမျိုးနွယ်ကလူတွေ ရောက်မလာသေးတာလဲ...ဖြစ်နိုင်တာတော့ သူတို့က မတိုက်ခိုက်ချင်တော့တာများလား"
"ဘာလဲ...သူတို့က ဒီနေရာကိုလာပြီးအရိုက်ခံမယ်လို့ မင်း ထင်နေတာလား...လူသားမျိုးနွယ်ကောင်လေးက သူ့လက်ထဲမှာရှိတဲ့ မှော်ရတနာတွေရဲ့အစွမ်းကိုမှီခိုပြီးအနိုင်ယူသွားတာ....ဒီနေ့ သူရင်ဆိုင်ရမှာက မီးတောင်နဂါးမျိုးနွယ်လေ....သူတို့ကလည်း သူတို့မျိုးနွယ်မှာရှိတဲ့ အစွမ်းထက်မှော်ရတနာကို ယူဆောင်လာခဲ့တယ်...အဲ့ဒီကောင်လေး ဒီနေရာကို ဘယ်လိုလုပ်ပြီး လာဝံ့မှာလဲ"
"နောက်ထပ်အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လို့မှ...အဲ့ဒီကောင်လေး ရောက်မလာရင်...မြင့်မြတ်နဂါးကျမ်းစာအုပ်က သူ့ကို ရှုံးနိမ့်သူအဖြစ် အလိုအလျောက် သတ်မှတ်လိုက်လိမ့်မယ်...မြောက်ပင်လယ်နဂါးမျိုးနွယ်ကလူတွေက တကယ့်ကိုရယ်စရာကောင်းတာပဲ...စောစောအရှုံးပေးလိုက်ရုံပဲကို...ဘာမှမဟုတ်ဘဲနဲ့ ငါတို့ကို ဒီနေရာမှာ စောင့်နေရအောင်လုပ်သေးတယ်"
Chapter 1487
နဂါးမျိုးနွယ်များ ပြက်ရယ်ပြုပြောဆိုနေစဥ်တွင် ခန်းမအတွင်းသို့ ဝင်ရောက်လာသောခြေလှမ်းသံများက သူတို့၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ကျုပ်မလာဘူးလို့ ဘယ်သူပြောတာလဲ"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။နဂါးမျိုးနွယ်များက လမ်းဖွင့်ပေးလိုက်ကြရာ လုယွီက ခန်းမ၏အလယ်ဗဟိုသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။
ဤအချိန်တွင် အစောပိုင်းက လှောင်ပြောင်သရော်နေကြသော နဂါးမျိုးနွယ်များသည် လုယွီကို အံ့အားသင့်မှုအပြည့်ဖြင့် စူးစိုက်ကြည့်နေကြ၏။
ထိုလူသားမျိုးနွယ်သည် မည်သည့်သတ္တိမျိုးဖြင့် ဤနေရာသို့ လာဝံ့သနည်း။
"သူ အသက်မရှင်ချင်တော့တာများလား"
"စိတ်ဝင်စားစရာပဲ...ငါက ခေါင်းမာတဲ့ကောင်တွေအများကြီးကို မြင်ဖူးပါတယ်....ဒါပေမယ့် ဒီလိုမျိုး သေမှာမကြောက်တဲ့ကောင်ကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"
နဂါးမျိုးနွယ်အမြောက်အများသည် လုယွီအား စူးစိုက်ကြည့်ပြီး လှောင်ပြောင်ပြောဆိုနေကြသည်။
ထိုလူသားမျိုးနွယ်သည် သူ၏အစွမ်းထက်သောမှော်ရတနာများကြောင့် ကံကောင်းထောက်မပြီး တိုက်ပွဲကိုအနိုင်ရသွားခြင်းဖြစ်သည်။မြောက်ပင်လယ်နဂါးမျိုးနွယ်များ မည်သို့တွေးတောနေသည်ကို သူတို့အားလုံး မသိကြသော်လည်း အားနည်းသောလူသားမျိုးနွယ်ကို စင်မြင့်ပေါ်၌တိုက်ခိုက်ရန် အမှန်တကယ်ကိုပင် ဖိတ်ကြားခဲ့၏။
"ကောင်လေး...ငါက မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင် ရှို့လီပဲ...မင်းက တောင်ပေါ်နဂါးမျိုးနွယ်ကို ကံကောင်းပြီးအနိုင်ရသွားတာနဲ့ ငါရှေ့မှာလာပြီး မောက်မာလို့ရမယ်မထင်နဲ့"
စင်မြင့်ပေါ်၌ မီးတောက်များတစ်ကိုယ်လုံး လွှမ်းခြုံထားသော အဖိုးအိုတစ်ယောက်ရှိနေပြီး သူက သရော်တော်တော် ပြောဆိုသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ခြစ်ခြစ်တောက်ပူပြင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ထိုအပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိလေထုပင် မတည်ငြိမ်တော့ချေ။
"စကားအများကြီးပြောနေစရာ မလိုအပ်ပါဘူး...တိုက်ခိုက်ကြတာပေါ့"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
အဖိုးအိုက ရယ်မောလိုက်၏။
"ဟား ဟား ဟား...ကောင်လေး...မင်းဆီမှာပဲ မှော်ရတနာတွေရှိတယ်လို့ မင်း ထင်နေတာလား"
သူ၏စကားမဆုံးမီမှာပင် ပုံရိပ်တစ်ရိပ် ပျံဝဲဝင်လာသည်ကို သူ မြင်လိုက်ရပြီးနောက် သူ၏လည်ပင်းအား ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။
"ထွက်သွားစမ်း"
လုယွီက သူ၏လက်ကောက်ဝတ်ကိုလှုပ်ခတ်ပြီး အဖိုးအိုအား တိုက်ပွဲကွင်းပြင်ပြင်ပသို့ ပစ်ထုတ်လိုက်သည်။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အဖိုးအိုသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျလာပြီး သူ၏ခန္ဓာကိုယ်မှမီးတောက်များ ပျက်ပြယ်သွားတော့သည်။
ဘာ...
ခန်းမအတွင်း၌ရှိနေသူများအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာ ကြည့်နေကြ၏။
အဖိုးအိုသည် စိတ်အနှောက်အယှက်ဖြစ်စေသောလူသားမျိုးနွယ်ကောင်စုတ်လေးကို သတ်ဖြတ်ပစ်မည်အား သူတို့က စောင့်ကြည့်ရန် ကြံရွယ်ခဲ့ကြသည်။သို့ရာတွင် လုယွီသည် မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင်အား မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တိုက်ပွဲကွင်းပြင်ပြင်ပသို့ လွှင့်ပစ်လိုက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
အစောပိုင်းက မည်သို့ဖြစ်ပျက်သွားခဲ့သနည်း။
ဝီ....
စူးရှတောက်ပသောအလင်းတန်းများနှင့်အတူ မြောက်ပင်လယ်နဂါးမျိုးနွယ်၏အနိုင်ရရှိသွားသောစာကြောင်းသည် မြင့်မြတ်နဂါးကျမ်းစာအုပ်ပေါ်၌ ထွက်ပေါ်လာသည်။
"ခွေးမသား...မင်း ဘယ်လိုမျိုး နတ်ဆိုးမှော်နည်းစနစ်တွေကို အသုံးပြုလိုက်တာလဲ"
မီးတောင်နဂါးခေါင်းဆောင်၏မျက်နှာတပြင်လုံး နီမြန်းနေပေ၏။
သူသည် တိုက်ခိုက်ခြင်းပင်မပြုရသေးဘဲ လူသားမျိုးနွယ်၏ လွှင့်ပစ်ခြင်းကို ခံခဲ့ရသည်။ဤကဲ့သို့ကိစ္စများ ဖြစ်ပျက်သွားသဖြင့် နောင်အနာဂတ်တွင် နဂါးမျိုးနွယ်များကြား၌ သူ အရှက်ရစရာဖြစ်သွားလေပြီ။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ခင်ဗျားက လက်မခံနိုင်ဘူးလား"
"ငါ လက်မခံနိုင်ဘူး...မင်း ငါ့ကို စင်မြင့်အောက်လွှင့်ပစ်လိုက်ပေမယ့်...ငါ ဒါကို လုံးဝလက်မခံနိုင်ဘူး"
မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင်သည် အော်ဟစ်ကြုံးဝါးပြီး လုယွီထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
"မလုပ်နဲ့"
"မဆင်မခြင်မလုပ်နဲ့"
ယခုလက်ရှိနေရာ၌ရှိနေသော နဂါးမျိုးနွယ်များအားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
နဂါးမျိုးနွယ်စည်းဝေးပွဲ၏စည်းမျဥ်းများအရ တိုက်ပွဲမှထွက်ခွါသွားရသော တစ်စုံတစ်ယောက်သည် အတင်းအကျပ်ဖိအားပေး၍ ပြန်လည်ဝင်ရောက်ခွင့်မပြုချေ။သို့မဟုတ်ပါက ထိုသူသည် မြင့်မြတ်နဂါးကျမ်းစာအုပ်၏ အပြစ်ဒဏ်ပေးခြင်းခံရပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင်သည် သူ၏စိတ်နှလုံးသားအတွင်း၌ ရှက်ရွံမှုနှင့်ဒေါသများ ကြီးစိုးနေသဖြင့် ထိုမျှများပြားစွာ မတွေးတောနိုင်တော့ချေ။
"တကယ်လို့ ခင်ဗျားလက်မခံနိုင်ရင်....လက်ခံလာတဲ့အထိ ကျုပ် ရိုက်နှက်ပြမယ်"
လုယွီသည် အလင်းတန်းအကာအကွယ်၏ပြင်ပသို့ ထွက်လိုက်သည်။
သူက ခြေထောက်တစ်ဖက်ဆန့်ထုတ်ပြီး မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင်အား ကန်ကျောက်လိုက်၏။
လူအုပ်ကြီးသည် ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရပြီးနောက် မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင်သည် အမြှောက်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံကြီးက တောက်ပရောင်စဥ်ခန်းမတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မီးတောင်နဂါးမျိုးနွယ်ခေါင်းဆောင်သည် မီတာပေါင်းများစွာဝေးကွာသောနေရာအထိ လွင့်ထွက်သွားပြီး နံရံတစ်ခုနှင့်ဝင်ဆောင့်မိရာ ထိုနံရံပေါ်၌ အက်ကွဲကြောင်းကြီးများ စွဲထင်ကျန်ရစ်ခဲ့သည်။
ဝုန်း...
မီးတောက်နဂါးမျိုးနွယ်ခေါင်းဆောင်၏ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးနေပြီး သူက မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
"မျိုးနွယ်ခေါင်းဆောင်...."
မီးတောင်နဂါးမျိုးနွယ်ဝင်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အလျှင်အမြန်သွားရောက်၍ စစ်ဆေးလိုက်ကြသည်။သူတို့မျိုးနွယ်ခေါင်းဆောင်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေပေ၏။လုယွီ၏ကန်ချက်တစ်ချက်သည် သူတို့မျိုးနွယ်ခေါင်းဆောင်၏ခုခံကာကွယ်မှုအား ချိုးဖျက်ပစ်နိုင်ခဲ့သည်။
Chapter 1488
"အင်အားကြီးလိုက်တာ"
လူအုပ်ကြီးသည် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြ၏။သူတို့နဂါးမျိုးနွယ်များသည် ခွန်အားကိုသာ လေးစားဖွယ်ရာအဖြစ် အစဥ်အမြဲ သတ်မှတ်ထားကြသည်။
သဘာဝသွေးမျိုးဆက်စွမ်းအားကြောင့် လူသားမျိုးနွယ်များမည်မျှပင် သန်မာအားကောင်းနေပါစေ သူတို့နဂါးမျိုးနွယ်များနှင့် နှိုင်းယှဥ်ပါက ကြီးမားသောကွာဟချက်ကြီးရှိနေသည်။
ရုတ်ချည်းဆိုသလိုပင် နဂါးမျိုးနွယ်များအားလုံးသည် ယခင်နှင့်မတူကွဲပြားသည့်အကြည့်ဖြင့် စူးစိုက်ကြည့်နေကြသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"နောက်ထပ် ပွဲစဥ်တစ်ခုအတွက် ဆက်ပြီးပြင်ဆင်ပေးပါ"
သူသည် တိုက်ပွဲစင်မြင့်ပေါ်၌ မတ်တတ်ရပ်လိုက်ချိန်မှစ၍ အောက်သို့ပြန်ဆင်းရန် ရည်ရွယ်ချက်မရှိချေ။
"လုယွီ မြန်မြန်ဆင်းလာခဲ့တော့...ရှင် တိုက်ပွဲတစ်ပွဲပြီးတိုင်း အနားယူဖို့ လဖက်ရည်တစ်ခွက်စာအချိန်ရှိတယ်...အဲ့ဒီအချိန်ကတိုတောင်းပေမယ့်...ရှင့်ရဲ့မှော်စွမ်းအားတချို့တော့ ပြန်ဖြည့်တင်းလို့ရတယ်"
အောင်းချမ်သည် စင်မြင့်အောက်မှနေ၍ စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။
လုယွီက ခေါင်းခါယမ်းပြပြီး သူ၏လက်ကို သူ၏စိမ်းပြာရောင်ဝတ်စုံအတွင်းသို့ ပြန်လည်ဆွဲသွင်းလိုက်သည်။
အစောပိုင်းကတိုက်ပွဲတွင် လုယွီ၏မှော်စွမ်းအင်ကုန်ဆုံးသွားမှုပမာဏာသည် မရှိသလောက်နည်းပါးပေ၏။
"ဟိုလူအိုကြီးက တစ်ခုခုလုပ်ထားပုံရတယ်....ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားတွေ အများကြီးကုန်ခမ်းသွားတယ်....ပြန်လည်ဖြည့်တင်းဖို့အတွက် ငါ အချိန်ယူရလိမ့်မယ်"
လုယွီ၏မျက်နှာအမူအယာ သုန်မှုန်နေပေ၏။
သာမာန်လူတစ်ယောက် ခရီးရှည်ကြီးပြေးလိုက်သည်နှင့် အလားတူအခြေအနေမျိုးသို့ ယခုလက်ရှိချိန်၌ လုယွီ ရောက်ရှိနေသည်။
သူ၏ကျင့်ကြံဆင့်နှင့်ခွန်အားသည် ယခင်အတိုင်းရှိနေသော်လည်း ရုပ်ပိုင်းဆိုင်ရာခွန်အားများစွာ ကုန်ခမ်းသွားသဖြင့် ယခုလက်ရှိချိန်၌ သူ၏အထွတ်အထိပ်ခွန်အားကို အသုံးပြုနိုင်ရန် လွန်စွာခက်ခဲနေသည်။
"တိုက်ပွဲတွေကို မြန်မြန်အဆုံးသတ်မှဖြစ်မယ်"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
သူ၏ခန္ဓာကိုယ်အား ဤပုံစံအတိုင်းကြာရှည်ထိန်းသိမ်းထားနိုင်မည်မဟုတ်ဟု သူ အာရုံခံမိသည်။
လဖက်ရည်တစ်ခွက်စာအချိန်အား သူ အနားယူနေမည့်အစား နဂါးမျိုးနွယ်များကို တိုက်ခိုက်၍ဖိနှိပ်နေခြင်းက ပို၍ကောင်းမွန်ပေမည်။
ဒေါင်....ဒေါင်...
ကျယ်လောင်သောဆူညံသံများ အဆက်မပြတ်ထွက်ပေါ်လာပြီးနောက် အစွမ်းထက်သောနဂါးမျိုးနွယ်ကျင့်ကြံသူတချို့သည်လည်း သူတို့၏ပြိုင်ဘက်များကို အနိုင်ယူလိုက်ကြသည်။
အချိန်တခဏကြာပြီးနောက် တိုက်ပွဲ၌အနိုင်ရရှိသွားသော နဂါးမျိုးနွယ်ခုနစ်ယောက် ရှစ်ယောက်သာ ကျန်ရှိတော့သည်။
ဤအဆင့်သို့ရောက်ရှိလာသူတိုင်းသည် နဂါးမျိုးနွယ်များ၏လက်ရွေးစင်ကျင့်ကြံသူများဖြစ်၍ တစ်ယောက်စီတိုင်းတွင် သာမာန်မဟုတ်သောခွန်အားများ ပိုင်ဆိုင်ထားသည်။
"ဟား ဟား ဟား...အရင်တုန်းက ဒီလူအိုကြီး မင်းကိုခန့်မှန်းတာ မှားယွင်းသွားခဲ့တယ်...လူသားမျိုးနွယ်ကောင်လေး...မင်းရဲ့ခွန်အားက မဆိုးဘူး....ပြီးတော့ မင်းဆီမှာ မှော်ရတနာတွေအမြောက်အများရှိပုံရတယ်...မြောက်ပင်လယ်နဂါးမျိုးနွယ်အတွက် မင်းအသက်ကိုပေးပြီး တိုက်ခိုက်မနေနဲ့တော့...ငါ့အမိန့်ကိုနာခံပြီး ငါ့လက်အောက်ခံလုပ်ပါလား"
မြင့်မြတ်သူကျွမ်းက ရယ်မောပြီးပြောဆိုသည်။
သူ၏ခန္ဓာကိုယ်သည် တချို့နဂါးမျိုးနွယ်ထက် ပို၍ကြီးမားသည်။တိုက်ပွဲများစွာတိုက်ခိုက်ပြီးသည့်တိုင် မြင့်မြတ်သူကျွမ်း၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်ထိခိုက်ဒဏ်ရါမျှမရှိချေ။သူသည် တိုက်ပွဲများအား လွယ်လင့်တကူအနိုင်ရရှိခဲ့ကြောင်း သိသာထင်ရှားလှ၏။
မြင့်မြတ်သူကျွမ်း၏နံဘေးနားရှိ နဂါးမျိုးနွယ်များသည် လုယွီအား မနှစ်မျို့ဖွယ်အကြည့်ဖြင့် စူးစိုက်ကြည့်နေကြသည်။
နဂါးမျိုးနွယ်များဖြစ်စေ မြင့်မြတ်သူကျွမ်းဖြစ်စေ သူတို့အားလုံးကို နတ်ဆိုးသားရဲတစ်ဝက်လူသားများဟု ယူဆနိုင်သည်။
လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်သည် အစဥ်အမြဲသဘောထားကွဲလွဲနေလေ့ရှိသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့၏နဂါးစည်းဝေးပွဲကျင်းပရာနေရာဖြစ်သော အတွင်းစည်းနေရာသို့ လူသားမျိုးနွယ်တစ်ယောက် ဝင်ရောက်ယှဥ်ပြိုင်ပြီး နိုင်ပွဲဆက်နေခြင်းသည် သူတို့မျိုးနွယ်အား အရှက်ရစရာဖြစ်ပေ၏။
"ကောင်လေး...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်....မင်းရဲ့မှော်ရတနာတွေအားလုံး ငါ့ကိုပေးရင်...ငါ မင်းကို ဒီနေရာကနေ အသက်ရှင်ရက်ထွက်သွားနိုင်ဖို့ အာမခံတယ်...မင်း ဘယ်လိုသဘောရလဲ"
အောင်းရှင်းထျန်က ရုတ်တရက် ပြောဆိုလိုက်၏။
"မဟုတ်လို့ကတော့ မင်း ဒီနေရာမှာပဲ သေဆုံးရလိမ့်မယ်"
တခြားနဂါးမျိုးနွယ်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။မည်သူကမျှ လုယွီအကြောင်း မပြောဆိုကြတော့ပေ။သူတို့သည် မြင့်မြတ်သောနဂါးမျိုးနွယ်များဖြစ်ပြီး တခြားမျိုးနွယ်များထက် မြင့်မားသောအဆင့်အတန်းရှိသည်။လူသားမျိုးနွယ်ထံ၌ အစွမ်းထက်သောမှော်ရတနာများရှိနေလျှင်ပင် မည်သည်ကြောင့် သူတို့က ဂရုစိုက်ရမည်နည်း။
အောင်းချမ်က ပြောဆိုလိုက်သည်။
"အောင်းရှင်းထျန်...နင်တော်တော် အရှက်မရှိတာပဲ...လုယွီက ငါတို့မျိုးနွယ်ကို ကူညီပေးဖို့ ငါ ဖိတ်ခေါ်လာခဲ့တာ...နင်က သူ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့လေ"
အောင်းရှင်းထျန်သည် အောင်းချမ်အား အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်ပြီး သူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"ဒီမင်းသား ဘာပဲလိုချင်နေပါစေ မင်းကိစ္စမဟုတ်ဘူး....မင်းတို့မြောက်ပင်လယ်နဂါးမျိုးနွယ်တွေက ပိုပိုပြီး ရိုင်းစိုင်းလာတာပါလား"
ထို့နောက် သူက စိတ်ကြီးဝင်မောက်မာသောအကြည့်ဖြင့် လုယွီအား ကြည့်လိုက်သည်။
"ငါ ကောင်းကောင်းပြောနေတုန်း....မင်း သေချာစဥ်းစားစမ်း"
လုယွီက အောင်းရှင်းထျန်အား စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။
"ငါလည်း မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းအခုချက်ချင်းဒူးထောက်ပြီး ငါကိုတောင်းပန်စမ်း...ငါ မင်းကို အလွတ်ပေးလိုက်မယ်"
Chapter 1489
"ငါ့ကို ဒူးထောက်ပြီးတောင်းပန်ခိုင်းတာလား...မင်းလိုကောင်ကလေ...ဟား ဟား ဟား"
အောင်းရှင်းထျန်သည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ အူလှိုက်သည်းလှိုက် ရယ်မောနေပေ၏။
အောင်းရှင်းထျန်၏ခေါင်းထက်ရှိ ရွှေရောင်သရဖူက လင်းလက်တောက်ပနေပြီး သူ၏ပိုးထည်ဝတ်စုံကို ခါယမ်းကာ ပြောဆိုလေသည်။
"ဒီမင်းသားက လက်ချောင်းလေးတစ်ချောင်း လှုပ်လိုက်ရုံနဲ့ မင်းလိုသူရဲဘောကြောင်တဲ့ကောင်မျိုးကို သတ်ပစ်နိုင်တယ်...မင်းက အမှိုက်ကောင်တချို့ကို အနိုင်ရတာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား"
လုယွီက ပတ်ဝန်းကျင်အား စောင်းငဲ့၍ကြည့်လိုက်သည်။အောင်းရှင်းထျန်နှင့်မြင့်မြတ်သူကျွမ်းအပြင် တခြားနဂါးမျိုးနွယ်ငါးယောက် ခြောက်ယောက်ခန့်သာ ယခုချိန်၌ ကျန်ရှိတော့သည်။
ထိုနဂါးမျိုးနွယ်များသည် အလွန်အစွမ်းထက်ပုံရပြီး သူတို့ထံမှထုတ်လွှက်ထားသော အရှိန်အဝါများမှာလည်း သိမ်မွေ့နက်နဲသည်။
"နောက်ပြိုင်ပွဲမှာ မင်း ငါနဲ့မတွေ့ပါစေနဲ့လို့ ဆုတောင်းထားတာ ပိုကောင်းလိမ့်မယ်...မဟုတ်လို့ကတော့ ဒီမင်းသားက မင်းကို အစအနမကျန်အောင် အမှုန့်ချေပစ်မယ်"
အောင်းရှင်းထျန်က ရက်စက်ကြမ်းကြုတ်သောအပြုံးဖြင့် လုယွီအား ပြောဆိုသည်။
လုယွီသည် သူ့အား ဆန့်ကျင်တိုက်ခိုက်ဝံ့သဖြင့် သူ သေချာပေါတ် သတ်ဖြတ်ရပေမည်။
ထိုအခြင်းအရာကိုမြင်တွေ့ချိန်တွင် လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူက ရုတ်တရက် ခြေတစ်လှမ်းရှေ့တက်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"အချိန်မဖြုန်းကြနဲ့တော့....မင်းတို့အားလုံး အတူတူတက်လာကြစမ်း"
ဘာ....
ယခုလက်ရှိနေရာ၌ရှိနေသော နဂါးမျိုးနွယ်များအားလုံး ကြက်သေသေသွားပေ၏။
သူတို့ နားကြားမှားသွားကြသလော။လုယွီသည် သူတို့အား အတူပူးပေါင်း၍ တိုက်ခိုက်ခိုင်းနေသည်။
"ဟား ဟား ဟား...မင်း ရူးများသွားတာလား...မင်းက ငါ့ကိုတောင် အနိုင်မယူနိုင်ဘဲနဲ့ ငါတို့အားလုံးကိုတောင် စိန်ခေါ်ချင်သေးတာလား"
အောင်းရှင်းထျန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသည်။
အောင်းချမ်က စိုးရိမ်ပူပန်တကြီး အော်ဟစ်ပြောဆိုသည်။
"လုယွီ...ရှင် ရူးနေတာလား...မြန်မြန်ဆင်းလာခဲ့တော့"
လုယွီအတွက် အရှုံးပေးနိုင်ရန် အချိန်ကျန်ရှိနေဆဲပင်။သူမတို့၏မြောက်ပင်လယ်နဂါးမျိုးနွယ်သည် နဂါးဧကရာဇ်နေရာအတွက် တိုက်ခိုက်နေခြင်းမဟုတ်ချေ။
နဂါးစည်းဝေးပွဲ၌ သေချာသောနေရာတစ်နေရာရရှိပြီး သူမတို့မျိုးနွယ်အားကိုယ်စားပြုသူ၏နာမည်ကို ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်တွင် ချန်ထားနိုင်ရန်သာလိုအပ်သည်။ထိုသို့ဆိုလျှင် မြောက်ပင်လယ်နဂါးမျိုးနွယ်သည် ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်၏ကောင်းချီးပေးမှုကို ရရှိသွားလေပြီ။
ထိုအခြေအနေမျိုးသို့ရောက်လာပါက တခြားနဂါးမျိုးနွယ်များသည် မြောက်ပင်လယ်နဂါးမျိုးနွယ်အား တိုက်ခိုက်လိုလျှင်ပင် ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်အား မျက်နှာသာပေးရပေမည်။
ဤသည်က အောင်းချမ် အလိုရှိသောအရာပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် အဆင်အခြင်မဲ့စွာ ပြုမူနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
မြင့်မြတ်သူကျွမ်းသည်လည်း သရော်တော်တော်လေသံဖြင့် ပြောဆိုလေ၏။
"မင်းတို့ လူသားမျိုးနွယ်တွေက လိမ္မာပါးနပ်တယ်လို့ ငါ ကြားထားတယ်...မင်းက ငါတို့အားလုံးနဲ့ တပြိုင်နက်တည်းတိုက်ခိုက်ချင်နေမှတော့ မင်းမှာ အကြံအစည်တစ်ခုခုရှိရမယ်...ငါတို့က မင်းကို သေအောင်ရိုက်နှက်လိုက်မယ်ဆိုရင်...ငါတို့က အားနည်းသူကိုဝိုင်းပြီး အနိုင်ကျင့်ကြတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ အဆုံးသတ်ရလိမ့်မယ်...ဟမ့်...လူသားမျိုးနွယ်ကောင်လေး..မင်းက တကယ့်ကို ကောက်ကျစ်တာပဲ"
လုယွီသည် သူတို့နှင့် ပေါက်ကရစကားများပြော၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သူက ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်ဘက်သို့လှည့်၍ ပြောဆိုလိုက်၏။
"ကျွန်တော်...သူတို့အားလုံးနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ချင်တယ်"
ဝီ....
ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်သည် လုယွီ၏စကားအား ကြားသွားပုံရသည်။
ကျမ်းစာအုပ်ပေါ်၌ 'ခွင့်ပြုသည်'ဟူသောစကားလုံး ထွက်ပေါ်လာပေ၏။ထို့နောက် မြောက်ပင်လယ်နဂါးမျိုးနွယ်ဟူသောစာလုံးသည် တခြားနဂါးမျိုးနွယ်ရှစ်ခု၏စာလုံးများဖြင့် ချက်ချင်းပင် ဆက်စပ်သွားခဲ့သည်။
ရှစ်ယောက် တစ်ယောက်....
ခန်းမအတွင်းရှိနဂါးမျိုးနွယ်များထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်သည် ဤတိုက်ပွဲအား အမှန်တကယ်ကိုပင် ခွင့်ပြုလိုက်ပေ၏။
"အဓိပ္ပါယ်မရှိလိုက်တာ"
နဂါးပလ္လင်ပေါ်၌ထိုင်နေသော အောင်းကွမ်းသည် တစ်ချက်စောင်းငဲ့ကြည့်ပြီး သူ၏မျက်လုံးများကို ဆက်လက်၍စုံမှိတ်ထားလေသည်။
သူ့အတွက် လုယွီ၏အပြုအမူသည် လူသားမျိုးနွယ်များ၏ရူးနှမ်းမှုသာဖြစ်သည်။အနာဂတ်တွင် နဂါးဧကရာဇ်ဖြစ်လာမည့် သူသည် လူသားမျိုးနွယ်တစ်ယောက်အား ဂရုစိုက်နေရန် မလိုအပ်ချေ။
ဝုန်း...
လုယွီနှင့်နဂါးမျိုးနွယ်များ တိုက်ပွဲကွင်းပြင် ရုတ်တရက် မြင့်တက်သွားသည်။
လုယွီနှင့်ယှဥ်ပြိုင်တိုက်ခိုက်ရမည့် နဂါးမျိုးနွယ်ဝင်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။မည်ကဲ့သို့ ဆက်လုပ်ရမည်မှန်း သူတို့အားလုံး မသိကြတော့ချေ။
ရှစ်ယောက် တစ်ယောက် တိုက်ခိုက်ရမည်ဖြစ်ရာ မည်သူ စတင်၍လှုပ်ရှားပါစေ ထိုလူသည် အားနည်းသူအား အနိုင်ကျင့်သူအဖြစ် အရှက်ရစရာဖြစ်ပေမည်။
"ဒီစ်တ်ပျက်စရာကောင်လေးကို မြန်မြန်ရှင်းထုတ်ရအောင်...ငါက အောင်းကွမ်းနဲ့ တိုက်ခိုက်ချင်သေးတယ်"
မြင့်မြတ်သူကျွမ်းသည် စိတ်မရှည်တော့သဖြင့် ရုတ်တရက် ရှေ့သို့လှမ်းတက်ပြီး သူထံမှ ပြင်းထန်သောအားလှိုင်းများ ထွက်ပေါ်လာသည်။
ဘုန်း...
တိုက်ပွဲကွင်းပြင်တစ်ခုလုံး ချက်ချင်းပင် တုန်ခါသွားသည်။အောင်းရှင်းထျန်မှလွဲ၍ တခြားနဂါးမျိုးနွယ်ဝင်များ တုန်လှုပ်ချောက်ချားသွားသည်။
မြင့်မြတ်သူကျွမ်းသည် လိပ်နက်မျိုးနွယ်စု၏မြင့်မြတ်သူလေးယောက်အနက်မှ တစ်ယောက်ဖြစ်သည့်အားလျော်စွာ အမှန်တကယ်ပင် အစွမ်းထက်လှ၏။
"သေစမ်း"
မြင့်မြတ်သူကျွမ်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏ခွန်အားများကိုထိန်းချုပ်ကာ လုယွီထံသို့ဦးတည်၍ ပျံဝဲသွားလေသည်။
Chapter 1490
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြင့်မြတ်သူကျွမ်းထံမှ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးအား လွှမ်းခြုံသွားပေ၏။
စင်မြင့်ပေါ်ရှိ နဂါးမျိုးနွယ်များပင်လျှင် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြသည်။
အောင်းရှင်းထျန်း၏မျက်နှာပေါ်၌ပင် အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"လိပ်နက်မျိုးနွယ်စုရဲ့မြင့်မြတ်သူလေးယောက်က သူတို့ရဲ့နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"
အောင်းရှင်းထျန်းသည် သူ့ကိုယ်သူအထင်ကြီးပြီး မောက်မာသူဖြစ်သည့်တိုင် ဤတုန်လှုပ်ချောက်ချားဖွယ်စွမ်းအားအောက်တွင် သူ့အားခြိမ်းခြောက်နိုင်မှုကို ခံစားရ၏။
ဤမျှတုန်လှုပ်ချောက်ချားဖွယ်စွမ်းအားနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီက ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။ထိုအစား သူက မြင့်မြတ်သူကျွမ်းကိုဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဘန်း...
မြေပြင်အက်ကွဲလုမတက်တုန်ခါသံကြီးနှင့်အတူ နဂါးမျိုးနွယ်များ၏အကြည့်များအောက်မှာပင် မြင့်မြတ်သူကျွမ်းသည် နောက်သို့လွင့်ထွက်သွားပြီး တိုက်ပွဲကွင်းပြင်၏ပြင်ပသို့ ရောက်လုနီးနီးပင်။
ခန်းမတစ်ခုလုံးမှ နဂါးမျိုးနွယ်များအားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။
အစောပိုင်းက လုယွီသည် မီးတောင်နဂါးမျိုးနွယ်ဝင်အား အနိုင်ယူလိုက်သောမြင်ကွင်းကို သူတို့အားလုံး ရှင်းရှင်းလင်းလင်းမမြင်လိုက်ရချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် မြင့်မြတ်သူကျွမ်းအား လွင့်ထွက်သွားစေရာ သူတို့က သူတို့၏မျက်စိကိုပင် မယုံနိုင်တော့ပေ။
ဤသည်က လူသားတစ်ယောက်၏စွမ်းအားမျိုး ဖြစ်နိုင်သလော။
"ကောင်လေး...ငါ မင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်မယ်"
မြင့်မြတ်သူကျွမ်းသည် ဒေါသတကြီးဖြင့် သူ၏လက်ဝါးကို မြှောက်လိုက်၏။အစွမ်းထက်သောစွမ်းအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ချက်ချင်းပင် လွှမ်းခြုံသွားသည်။
အကန့်အသတ်မဲ့သောမှော်စွမ်းအင်လှိုင်းများသည် မြင့်မြတ်သူကျွမ်း၏ခေါင်းထက်၌ မျောလွင့်နေပြီး ကြီးမားသောကျောက်ပြားကြီးတစ်ချပ်က ရုတ်တရက်လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ကျောက်ပြားကြီးပေါ်၌ မြောက်များစွာသောအမှတ်သင်္ကေတများနှင့်စည်းတံဆိပ်အက္ခရာများကို ရေးထွင်းထားသည်။ထိုကျောက်ပြားထွက်ပေါ်လာသည်နှင့် ရှေးဟောင်းအရှိန်အဝါတစ်ရပ်သည်လည်း ပျံ့နှံ့စပြုလာသည်။
"မကောင်းတော့ဘူး...ဒါက လိပ်နက်မျိုးနွယ်ရဲ့အထီးကျန်နတ်ဘုရားကျောက်စာပဲ"
"လိပ်အိုကြီးက တော်တော်ဒေါသထွက်နေပုံပဲ..ဒီမှော်မန္တန်ကို အသုံးပြုလိုက်တာနဲ့ ကောင်းကင်နဲ့မြေကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်...ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကိုလည်း အကြီးအကျယ် ထိခိုက်ဒဏ်ရာရစေလိမ့်မယ်"
"သနားစရာပဲ...အဲ့ဒီကောင်လေးမှာ အစွမ်းထက်တဲ့မှော်ရတနာတွေရှိနေရင်တောင် ဒီတိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်ဘူး"
တိုက်ပွဲကွင်းပြင်အတွင်းရှိ နဂါးမျိုးနွယ်ဝင်များသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူတို့က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ကာကွယ်နိုင်ရန် အကာအကွယ်မှော်မန္တန်များကို အသုံးပြုလိုက်ကြသည်။
တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါသည် လုယွီအား လွှမ်းခြုံထားပေ၏။
"ကောင်လေး...ငါတို့လိပ်နက်မျိုးနွယ်ရဲ့အမွေခံရတနာအောက်မှာ သေဆုံးခွင့်ရတာ....မင်း တကယ့်ကို ကံကောင်းတာပဲ"
အော်ဟစ်ကြုံးဝါးသံနှင့်အတူ မြင့်မြတ်သူကျွမ်းသည် သူ၏ခေါင်းထက်ရှိ အထီးကျန်နတ်ဘုရားကျောက်စာကိုထိန်းချုပ်၍ လုယွီထံသို့ ကျရောက်သွားစေရန် ပြင်ဆင်လိုက်သည်။
"ခင်ဗျားက တစ်ခု နှစ်ခုလောက် သင်ယူထားရုံနဲ့များ...ကျုပ်ရှေ့မှာလာပြီး မောက်မာဝံ့သေးတယ်"
လုယွီသည် ကျောက်စာကိုတစ်ချက်ကြည့်ပြီး ရှေ့တိုးလိုက်သည်။သူ၏ခြေထောက်အောက်ရှိမြေပြင်ပေါ်၌ မြောက်များစွာသောအက်ကွဲကြောင်းများ စွဲထင်ကျန်ရစ်ခဲ့၏။
သူက လေထုအတွင်းသို့ပျံဝဲတက်ပြီး ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးဟောင်းနတ်ဘုရားများ ကောင်းကင်ဘုံသို့ခြေချခြင်း....
လုယွီသည် အထီးကျန်နတ်ဘုရားကျောက်စာပေါ်သို့ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။
ကျယ်လောင်သောဆူညံသံနှင့်အတူ တိုက်ပွဲကွင်းပြင်တစ်ခုလုံး အောက်သို့သုံးပေခန့် ကျွံကျသွားသည်။
မြင့်မြတ်သူကျွမ်းအားဗဟိုပြု၍ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများက တိုက်ပွဲကွင်းပြင်ပေါ်၌ ထွက်ပေါ်လာသည်။အကယ်၍ ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်၏အကာအကွယ်သာမရှိပါက တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြိုကျပျက်စီးသွားပေမည်။
မြင့်မြတ်သူကျွမ်းသည် မြေပြင်ပေါ်၌ ဒူးထောက်ရက်အနေအထားဖြင့်ရှိနေပြီး အထီးကျန်နတ်ဘုရားကျောက်စာသည် ကြေမွပျက်စီးသွားပေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးများစိုရွှဲနေပြီး သွေးလူသားကြီးအသွင်ဖြစ်နေသည်။
ဝေါင်း ..
မြင့်မြတ်သူကျွမ်းသည် ခေါင်းမော့၍ ဟိန်းဟောက်ကြုံးဝါးလိုက်သည်။သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ်ပြောင်းလဲနေပြီး သူ၏အစစ်အမှန်အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲစပြုလာသည်။
"ဟမ့်....ပြန်သွားစမ်း"
လုယွီက အေးစက်စက်နှာမှုတ်ပြီး ထပ်မံ၍ ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။
ဘန်းခနဲမြည်သံနှင့်အတူ မြင့်မြတ်သူကျွမ်း၏ခန္ဓာကိုယ်အကာအကွယ်များ ချက်ချင်းကျိုးပျက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။ သူ သေသလော ရှင်သလောကိုပင် မည်သူမျှမသိနိုင်ချေ။
လုယွီသည် မြင့်မြတ်သူကျွမ်းအား တိုက်ပွဲကွင်းပြင်၏ပြင်ပသို့ ကန်ထုတ်လိုက်၏။ထို့နောက် သူက ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"မင်းတို့အားလုံး...အတူတူလာခဲ့ကြစမ်း"
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။မူလက အလွန်ဖရိုဖရဲနိုင်ပြီး ဆူညံနေသော နဂါးစည်းဝေးပွဲသည် ယခုအချိန်၌ တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးနေပေ၏။
မြောက်များစွာသော နဂါးမျိုးနွယ်များသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီအား စူးစိုက်ကြည့်နေကြသည်။မှော်ရတနာများ၏စွမ်းအားကို မှီခိုနေသော လူသားမျိုးနွယ်ထံ၌ မည်သည်ကြောင့် ဤကဲ့သို့စွမ်းအားမျိုးရှိနေသည်ကို သူတို့အားလုံး နားမလည်နိုင်ချေ။
"ဟား ဟား ဟား...အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ကိုယ့်ကိုကိုယ်ဖုံးကွယ်ပြီး ဒီနေရာကိုရောက်လာတာပါလား"
အောင်းရှင်းထျန်းက ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုလေသည်။
"ဒါပေမယ့် ဒါက ပြဿနာမရှိပါဘူး...ငါ အနှစ်သက်ဆုံးကလည်း မင်းတို့လို လူသားမျိုးနွယ်ပါရမီရှင်တွေကို သတ်ဖြတ်ရတာပဲ"