← Chapters

အခန်း (၁၄၉၁-၁၄၉၅)

Vol. 78 Ch. 1491-1495

အခန်း (၁၄၉၁-၁၄၉၅)

Vol. 78 Ch. 1491-1495

Chapter 1491

လုယွီ၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။

"ငါ ပြောထားတယ်လေ...မင်းတို့အားလုံး အတူလှုပ်ရှားလို့ရတယ်"

အောင်းရှင်းထျန်း၏ကျင့်ကြံဆင့်သည် မြင့်မြတ်သူကျွမ်းထက် ပို၍မြင့်မားသည်ကို သူ တွေ့မြင်ပြီးဖြစ်သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီသည် အလေးမစိုက်ချေ။

"ဟား ဟား ဟား...မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"

အောင်းရှင်းထျန်သည် သူ၏လက်ကိုဝှေ့ယမ်း၍ အူလှိုက်သည်းလှိုက်ရယ်မောပြီး ပြောဆိုသည်။

"လူတိုင်း တိုက်ခိုက်ကြစမ်း...အဲ့ဒီကောင်လေးကိုသတ်နိုင်တဲ့ဘယ်သူမဆို..ငါက မြောက်ပင်လယ်နဂါးမျိုးနွယ်ခေါင်းဆောင်နေရာကို အစားထိုးပေးပြီး တော်ဝင်နဂါးမျိုးနွယ်လေးခုထဲကတစ်ခု ဖြစ်စေရမယ်"

တိုက်ပွဲကွင်းပြင်အတွင်းရှိ နဂါးမျိုးနွယ်အစွမ်းထက်ကျင့်ကြံသူများ၏မျက်လုံးများ တပြိုင်နက်တည်းတောက်ပသွားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်နဂါးမျိုးနွယ်ခေါင်းဆောင်ဖြစ်လာပါက သူ၏မျိုးနွယ်သည် အရည်အချင်းမြှင့်တင်ပြီးဖြစ်သွားပေမည်။သူ၏မျိုးနွယ်အတွင်းရှိ နဂါးများအားလုံး၏အရည်အချင်းနှင့်ကျင့်ကြံဆင့် အလွန်လျှင်မြန်သောအရှိန်ဖြင့် မြင့်တက်သွားနိုင်သည်။

အောင်းကွမ်းသည် နဂါးဧကရာဇ်အသစ်ဖြစ်မည်ဟု သူတို့အားလုံး ကြိုတင်ကောက်ချက်ချပြီးဖြစ်သည်။နောက်ဆုံးအချိန်၌ သူတို့က အရှုံးကိုဝန်ခံရန် ရည်ရွယ်ထားပြီးလေပြီ။သို့ရာတွင် မမျှော်လင့်ဘဲ တိုက်ပွဲအား လုယွီက ဝင်ရောက်နှောက်ယှက်ခဲ့သည်။

ထိုကိစ္စသည် ဆန့်ကျင်ဘက်အနေဖြင့် သူတို့အတွက် ကောင်းမွန်သောအရာပင်။

"တိုက်ခိုက်ကြစို့"

နဂါးမျိုးနွယ်များ၏မျက်လုံးများအတွင်းမှ အေးစက်စက်အလင်းရောင်များဖြာထွက်နေပြီး သူတို့က လုယွီကိုဦးတည်၍ တိုက်ခိုက်လိုက်ကြသည်။

ဤအဆင့်ထိရောက်လာသောနဂါးမျိုးနွယ်တစ်ယောက်ချင်းစီသည် ယှဥ်ပြိုင်သူများအနက်မှ အသန်မာဆုံးသူများဖြစ်သည်။ယခုလက်ရှိချိန်၌ သူတို့အားလုံး တပြိုင်နက်တည်း တိုက်ခိုက်ကြလေရာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး မြောက်များစွာသော တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းများဖြင့် လွှမ်းခြုံသွားသည်။

"ဂရုစိုက်"

အောင်းချမ်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

သူထံသို့ချဥ်းကပ်လာသော မြောက်များစွာသည့် မှော်စွမ်းအင်လှိုင်းများကိုကြည့်ပြီး လုယွီက ခြေလှမ်းကျဲကြီးဖြင့် ရှေ့တိုးကာ အေးစက်တင်းမာသောလေသံဖြင့်ပြောဆိုသည်။

"အောက်ဆင်းသွားကြစမ်း"

လုယွီ၏လက်ဖဝါးသည် ရုတ်တရက် မြောက်မြားစွာသော ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။သူက ခြေတစ်လှမ်းထပ်မံရှေ့တိုးပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအင်များကို အဆက်မပြတ်စုစည်းကာ သူ၏လက်ဖဝါးအတွင်း၌ သိပ်သည်းလိုက်သည်။ထို့နောက် သူက ထိုလက်ဖဝါးဖြင့် သူ့ရှေ့ရှိ နဂါးမျိုးနွယ်ကျင့်ကြံသူများအားလုံးကို ရိုက်ချလိုက်၏။

ဘုန်း...

ကျယ်လောင်သောဆူညံသံကြီး တွက်ပေါ်လာခြင်းနှင့်အတူ အစောပိုင်းက လုယွီထံတိုးဝင်လာသော နဂါးမျိုးနွယ်ကျင့်ကြံသူများအားလုံး သူ၏လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့လဲကျသွားကြသည်။

"ဖူး"

နဂါးမျိုးနွယ်မှကျင့်ကြံသူများသည် ပြင်းထန်သောအားလှိုင်းကို တောင့်မခံနိုင်သဖြင့် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် သွေးများအန်ထုတ်လိုက်ရပြီး သတိလစ်မေ့မျောသွားတော့သည်။

လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် နဂါးမျိုးနွယ်ကျင့်ကြံသူများအားလုံး ရှုံးနိမ့်သွားလေပြီ။

ထိုအချိန်မှာပင် အောင်းရှင်းထျန်းသည် ရုတ်တရက် ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။

"သေစမ်း"

အောင်းရှင်းထျန်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးနေပေ၏။သူက ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လုယွီအား ထိုးစိုက်လိုက်သည်။

"ဂရုစိုက်"

အောင်းချမ်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လေသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး နောက်သို့လှည့်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။စူးရှရှနာကျင်မှုက သူ၏ခန္ဓာကိုယ်အနှံ ပျံ့နှံ့လာပေ၏။

"ဒါက ဒီအချိန်ကျမှဖြစ်ရလား...."

လုယွီက ညည်းတွားပြီး သူ၏ခန္ဓာကိုယ်ကို ဘေးဘက်သို့ရွေ့လျားကာ တိုက်ခိုက်ခံရမှုအား ရှောင်တိမ်းလိုက်သည်။

ရွှပ်...

ဓားမြှောင်၏ဓားသွားသည် လုယွီ၏အရေပြားအား ထိုးစိုက်မိသွား၏။

သို့ရာတွင် လုယွီ၏ရုပ်ခန္ဓာကိုယ်သည် အလွန်တောင့်တင်းသန်မာသည်။အလွန်အမင်းစူးရှထက်မြက်ပုံရသော စူးရှရှဓားသွားသည် လုယွီ၏အရေပြားကို ဖြတ်တောက်သွားနိုင်သည့်တိုင် အသားအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိချေ။

"ပြောင်းပြန်အကြေးခွံဆူးချွန်ကတောင် မင်းရဲ့အသားထဲထိ မရောက်နိုင်ဘူးလား"

အောင်းရှင်းထျန်၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများ ထင်ဟပ်သွားသည်။သူ၏လက်အတွင်းရှိဓားမြှောင်သည် နဂါးဘုရင်တစ်ယောက်၏အကြေးခွံကိုပင် ထွင်းဖောက်နိုင်သည်။

လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ အောင်းရှင်းထျန်းကိုထိမှန်ပြီး လွင့်ထွက်သွားစေသည်။သူ၏မျက်လုံးများက အေးစက်တင်းမာနေပေ၏။

လက်စွပ်အတွင်းမှ ရှေးဟောင်းကျင့်ကြံသူသည် သူ၏ခန္ဓာကိုယ်အား တစ်စုံတစ်ခုပြုလုပ်ထားပုံရသည်။သို့မဟုတ်ပါက သူ မည်သည်ကြောင့် ဤသို့ထိခိုက်ဒဏ်ရာရရှိမည်နည်း။

"ဟား ဟား ဟား ဟား"

အောင်းရှင်းထျန်သည် ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာကို သတိပြုမိသွားပြီး အော်ဟစ်ရယ်မောလိုက်၏။

"မင်းရဲ့ဒဏ်ရာက သွေးထွက်နေမှတော့ မင်း သေရတော့မှာပဲ...မင်း ငါ့ရဲ့တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးနိုင်တော့လည်း ဘာထူးလာမှာမလို့လဲ...နဂါးဘုရင်တစ်ယောက်တောင် ဒီဓားမြှောင်ပေါ်ကအဆိပ်ကို တောင့်မခံနိုင်ဘူး...မင်း သေရမှာသေချာနေပြီ"

"အောင်းရှင်းထျန်...နင်က အနောက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်...နင် တကယ်ကို အရှက်မရှိတာပဲ"

အောင်းချမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

အောင်းရှင်းထျန်က အပြုံးနှင့်ပြောဆိုသည်။

"ငါက စည်းမျဥ်းကိုချိုးဖျက်တာမှမဟုတ်တာ...သူ မရှောင်နိုင်တာလေ...ဒါက သူ့ရဲ့အရည်အချင်း မပြည့်ဝမှုပဲ"

လုယွီက အောင်းရှင်းထျန်းကို လျစ်လျှူရှုပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။

"ဘယ်သူကျန်သေးလဲ....ထွက်လာခဲ့စမ်း"

ဤအချိန်အခိုက်အတန့်တွင် လုယွီထံမှနေ၍ ပြိုင်ဘက်ကင်းအရှိန်အဝါမျိုးထွက်ပေါ်နေပြီး အဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။

Chapter 1492

ဤအချိန်အခိုက်အတန့်တွင် အစောပိုင်းက စိတ်အားထက်သန်နေကြသော နဂါးမျိုးနွယ်ဝင်များအားလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

လုယွီ၏လှုပ်ရှားမှုများသည် ယခုလက်ရှိနေရာတွင်ရှိနေသူများအား အပြည့်အဝခြိမ်းခြောက်နိုင်စွမ်းရှိသည်။

မြင့်မြတ်သူကျွမ်းဖြစ်စေ နဂါးမျိုးနွယ်ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးသည် အစွမ်းထက်သူများဖြစ်သည်။

သို့ရာတွင် သူတို့ အလွန်သန်မာအားကောင်းသည့်တိုင် လုယွီသည် လှုပ်ရှားမှုတစ်ခုဖြင့်သာ အနိုင်ယူခဲ့သည်။

နဂါးမျိုးနွယ်များ၏ လုယွီကိုကြည့်သောအကြည့်များသည် အထင်သေးမှုများမှသည် ထိတ်လန့်ကြောက်ရွံခြင်းအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"လူသားမျိုးနွယ်ကောင်လေး...ငါတို့က မင်း ဒီအတိုင်းဆက်ပြီး အနိုင်ယူနေဖို့ကို ခွင့်မပြုနိုင်တော့ဘူး"

ဧရာမပုံရိပ်ကြီးသုံးရိပ်က ရုတ်တရက် တိုက်ပွဲကွင်းပြင်၌ ထွက်ပေါ်လာသည်။

အရှေ့ပင်လယ်နဂါးဘုရင် အောင်းကွမ်း...

တောင်ပင်လယ်နဂါးဘုရင် အောင်းချမ်...

အနောက်ပင်လယ်နဂါးဘုရင် အောင်းဟန်...

နဂါးဘုရင်သုံးယောက်သည် လုယွီ၏ရှေ့၌ တပြိုင်နက်တည်း မတ်တတ်ရပ်နေပေ၏။တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အောင်းချမ်သည် အောင်းဟန်ကိုကြည့်င်္ပြး အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ဦးလေး....ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ"

အကယ်၍ မဟာမိတ်ပူးပေါင်းမှု ပျက်စီးသွားသည်ဆိုလျှင်ပင် အောင်းဟန်သည် လုယွီအား မတိုက်ခိုက်သင့်ဟု သူမ တွေးတောမိသည်။

အောင်းဟန်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ပြောဆိုလိုက်၏။

"ပေါက်ကရတွေပြောမနေစမ်းနဲ့...နင်က နဂါးဧကရာဇ်နေရာကို လူသားမျိုးနွယ်တစ်ယောက်ရဲ့လက်ထဲ ကျရောက်သွားတာကို မြင်ချင်လို့လား"

အကယ်၍သာ တစ်စုံတစ်ယောက်သည် နဂါးစည်းဝေးပွဲ၌ ပြိုင်ဘက်များအားလုံးကို အနိုင်ရရှိသွားပါက နဂါးဧကရာဇ်အသစ်ဖြစ်လာပေမည်။မည်သည့်ကိစ္စများ ဖြစ်နေပါစေ သူတို့သည် လူသားမျိုးနွယ်တစ်ယောက်အား နဂါးဧကရာဇ်အသစ်ဖြစ်လာရန် ခွင့်မပြုနိုင်ချေ။

အောင်းချမ်က အံ့ကြိတ်၍ လုယွီအားကြည့်ကာ ပြောဆိုလိုက်သည်။

"လုယွီ...မြန်မြန်နောက်ဆုတ်လိုက်တော့...ရှင် အဲ့ဒီနေရာမှာ ဆက်နေနေမယ်ဆိုရင် ရှင် သေသွားလိမ့်မယ်"

သူမသည် အလွန်အမင်း စိုးရိမ်ပူပန်နေပေ၏။အကယ်၍ လုယွီသာ သူမကြောင့်သေဆုံးသွားပါက သူမကိုယ်သူမ ဘယ်သောအခါမျှ ခွင့်လွှက်နိုင်မည်မဟုတ်ချေ။

လုယွီက ခေါင်းခါယမ်းပြလေသည်။

'ဒီ ရူးသွပ်နေတဲ့ မိန်းကလေးကတော့....."

မြောက်ပိုင်းနဂါးမျိုးနွယ်အား ကူညီခြင်းသည် သူ့အတွက် လမ်းကြုံသဘောမျိုးသာဖြစ်သည်။သူ၏ရည်မှန်းချက်ပန်းတိုင်သည် နဂါးမျိုးနွယ်များအားလုံးကို ဖိနှိပ်နှိမ်နင်း၍ သူ၏လက်အောက်ခံ ဖြစ်စေရန်ပင်။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ခင်ဗျားတို့သုံးယောက်လုံး အတူပေါင်းပြီး တိုက်ခိုက်နိုင်တယ်"

"ကောင်းပြီလေ"

အောင်းကွမ်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။

"မင်းက သတ္တိတော့ကောင်းသားပဲ...မင်း သေသွားတဲ့အခါကျရင် မင်းရဲ့နာမည်ကို နဂါးမျိုးနွယ်ရဲ့သမိုင်းမှာ မှတ်တမ်းတင်ထားပေးမယ်"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။

"တကယ်လို့ ကျုပ်ကသာ ကျုပ်ရဲ့နာမည်ကို သမိုင်းမှာမှတ်တမ်းတင်ချင်ရင်...ခင်ဗျားရဲ့အကူအညီ ဘာလို့လိုအပ်မှာလဲ"

ဘုန်း...

လုယွီက သူ၏ညာခြေထောက်ကို မြေပြင်ပေါ်သို့ဆောင့်နင်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေးညှို့မှလွှက်လိုက်သောမြှားတစ်စင်းအလား ရှေ့သို့တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

လွန်ခဲ့သောတိုက်ပွဲများတွင် လုယွီသည် မလှုပ်မယှက်နေခဲ့သော်လည်း ယခုချိန်တွင်မူ သူက စတင်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

နဂါးဘုရင်သုံးယောက်သည် မဟာရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည်ကဲ့သို့ အသင့်ပြင်ထားကြပြီး အောင်းကွမ်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"အားလုံးပဲ...မင်းတို့ရဲ့ဝှက်ဖဲတွေပါမကျန် ထုတ်သုံးပြီး ဒီကောင်လေးကို ဖိနှိပ်ကြစမ်း"

နဂါးဘုရင်သုံးယောက်သည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီးနောက် သူတို့ထံမှ အစွမ်းထက်သောမှော်စွမ်းအားများ ထွက်ပေါ်လာသည်။

သူတို့၏နောက်မှနေ၍ လက်သည်းငါးချောင်းရွှေရောင်နဂါးပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး လေထုအတွင်း၌ လှည့်ပတ်ပျံသန်းနေကာ လုယွီအား စူးစိုက်ကြည့်နေကြ၏။

"ဒါ...ဒါက တော်ဝင်နဂါးမျိုးနွယ်တွေပဲ အသုံးပြုနိုင်တဲ့ နတ်ဘုရားနည်းစနစ်မဟုတ်လား"

"ဒီကောင်လေးက ဘာများပါလိမ့်...နဂါးဘုရင်သုံးပါးကိုတောင် ဒီနည်းစနစ်ထုတ်သုံးရတဲ့အထိ ဖိအားပေးနိုင်တယ်"

"တိုက်ကြစို့"

နဂါးဘုရင်သုံးပါးသည် တပြိုင်နက်တည်းအော်ငေါက်ပြီးနောက် သူတို့၏နောက်ရှိ လက်သည်းငါးချောင်းရွှေရောင်နဂါးပုံရိပ်ယောင်သုံးခုက လုယွီကို ခုန်အုပ်လိုက်ကြ၏။

ဝေါင်း....

လောကကြီးတခွင်လုံးကိုပင် တုန်ခါသွားလုမတတ် ကျယ်လောင်သောဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမရွှေရောင်နဂါးပုံရိပ်များက လုယွီထံသို့ ချဥ်းကပ်လာသည်။

"ဒါက ခင်ဗျားတို့ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုလား"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအင်များ ပွင့်အံထွက်လာသည်။သူ၏မိုးပြာရောင်ဝတ်စုံသည် ပြင်းထန်သော မှော်စွမ်းအင်လှိုင်းများကြောင့် အဆက်မပြတ်လူးလွန့်နေပေ၏။

သူ၏လက်ဖဝါးအတွင်းမှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှေရောင်နဂါးပုံရိပ်ယောင်သုံးခုထံဦးတည်၍ လက်ဝါးသုံးချက် ရိုက်ထုတ်လိုက်သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်...

ဘန်း...ဘန်း...ဘန်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျယ်လောင်သောမြည်ဟီးသံသုံးသံက လေထုအတွင်း၌ ပဲ့တင်ထပ်သွားသည်။

စင်မြင့်အောက်မှနဂါးမျိုးနွယ်များသည် တိုက်ပွဲအား စိတ်အားထက်သန်စွာ ကြည့်နေကြ၏။မူလက သူတို့၏အစွယ်များကိုဖြဲဟပြီး သူတို့၏လက်သည်းခြေသည်းများကို ဝှေ့ယမ်းနေသည့် ရွှေရောင်နဂါးပုံရိပ်ယောင်သုံးခုသည် ရိုက်နှက်ခံရပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ပြုတ်ကျကာ ပေါက်ကွဲသွားခဲ့သည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။

ရွှေရောင်နဂါးပုံရိပ်ယောင်သုံးခုအား ထိန်းချုပ်နေသော နဂါးဘုရင်သုံးပါးသည် တပြိုင်နက်တည်း သွေးအန်ထုတ်လိုက်ရပြီး နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရသည်။သူတို့သုံးယောက်လုံးသည် တုန်လှုပ်ချောက်ချားသောအကြည့်ဖြင့် လုယွီအား စူးစိုက်ကြည့်နေကြ၏။

Chapter 1493

"မင်းအသုံးပြုတဲ့မှော်မန္တန်မျိုးကို ငါ မကြားဖူးဘူး"

အောင်းကွမ်းသည် မည်သို့မျှမယုံကြည်နိုင်သောအကြည့်မျိုးဖြင့် လုယွီအား စူးစိုက်ကြည့်နေသည်။

သူတို့၏တော်ဝင်နတ်ဘုရားနည်းစနစ်သည် ရှေးခေတ်ကာလများမှစတင်၍ လက်ဆင့်ကမ်းဆင်းသက်လာခြင်းဖြစ်သည်။

လူသားမျိုးနွယ်များအကြား၌ ယခင်ကလည်း အစွမ်းထက်ကျင့်ကြံသူတချို့ ထွက်ပေါ်ခဲ့ဖူးသည်။သို့ရာတွင် သူတို့သည် နဂါးမျိုးနွယ်များ၏တော်ဝင်နတ်ဘုရားနည်းစနစ်နှင့် ရင်ဆိုင်တွေ့ချိန်တွင် ချွင်းချက်မရှိ ရှုံးနိမ့်ခဲ့ရ၏။

သို့ရာတွင် လုယွီကမူ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူတို့၏တော်ဝင်နတ်ဘုရားနည်းစနစ်ကို ချိုးဖျက်ခဲ့သည်။

"မင်း...မင်း ဘယ်သူလဲ"

အောင်းကွမ်းက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။

လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။

"ခင်ဗျားတို့နဂါးမျိုးနွယ်တွေက လောကကြီးတခွင်လုံးမှာ ပျံ့နှံ့နေတာမဟုတ်ဘူးလား...ဒါတောင် ခုထိ ကျုပ်ဘယ်သူလဲဆိုတာ မသိသေးဘူးလား"

လုယွီက ရုတ်တရက် သူ၏လက်ကိုလှုပ်ရှားလိုက်ရာ မြောက်ပင်လယ်နှင့်အနောက်ပင်လယ် ရွှေရောင်စည်းတံဆိပ်နှစ်ခုက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ဘာ...

နဂါးမျိုးနွယ်များသည် လုယွီ၏လက်ပေါ်ရှိ ရွှေရောင်စည်းတံဆိပ်နှစ်ခုကိုကြည့်ပြီး ကြက်သေသေနေကြ၏။

ထိုအရာများသည် သေဆုံးသွားသောနဂါးဘုရင်နှစ်ပါးထံမှနေ၍ တခြားသူများ၏ လုယက်ယူဆောင်သွားခြင်း ခံလိုက်ရသည်မဟုတ်လော။

လုယွီက ခေါင်းမော့ပြီး ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။

"မကြာသေးမီတုန်းက ယင်လော့ဂိုဏ်းက ခင်ဗျားတို့နဂါးမျိုးနွယ်ရဲ့နဂါးဘုရင်နှစ်ပါးကိုသတ်ဖြတ်ပြီး ဒီရွှေစည်းတံဆိပ်နှစ်ခုကို ယူဆောင်သွားခဲ့တယ်"

စင်မြင့်အောက်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

နဂါးဘုရင်နှစ်ပါးအား သတ်ဖြတ်သွားသူများသည် ယင်လော့ဂိုဏ်းမှဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"သူတို့ရဲ့မှော်နည်းစနစ်တွေ အရမ်းထူးဆန်းနေတာက အံ့အားသင့်စရာမရှိတော့ဘူး...သူတို့ဆီကနေ ဆိုးညစ်တဲ့အရှိန်အဝါမျိုးတွေ ထွက်ပေါ်နေခဲ့တာ...ငါက ထူးဆန်းတယ်လို့ထင်မိပေမယ့် သူတို့ဖြစ်နေမယ်လို့တော့ မမျှော်လင့်မိဘူး"

"ယင်လော့ဂိုဏ်း....ငါတို့ အနောက်ပင်လယ်နဂါးမျိုးနွယ်က မင်းတို့ကို လုံးဝအခဲမကြေဘူး"

ရုတ်ချည်းဆိုသလိုပင် မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင်များနှင့် အနောက်ပင်လယ်နဂါးမျိုးနွယ်ဝင်များ၏မျက်လုံးများ နီမြန်းသွားပေ၏။

အောင်းကွမ်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒီရွှေစည်းတံဆိပ်တွေကို ယင်လော့ဂိုဏ်းက ယူဆောင်သွားတယ်ဆိုမှတော့...မင်းဆီ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ဒါကလား...ကျုပ်က သူတို့ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ပစ်တာလေ"

နဂါးမျိုးနွယ်များ၏စိတ်နှလုံးသားများ ထပ်မံ၍ လှုတ်ခတ်သွားသည်။သူတို့သည် နတ်ဆိုးသားရဲမျိုးနွယ်များဖြစ်သည့်တိုင် ယင်လော့ဂိုဏ်း၏အမည်နာမကို ယခင်ကတည်းက ကြားဖူးပေ၏။

ထိုဂိုဏ်းသည် ငရဲနယ်မြေအတွင်း၌ လျှို့ဝှက်စွာတည်ရှိနေပြီး သူတို့အား ရန်စဝံ့သော အင်အားစုဟူ၍ အနည်းငယ်သာရှိသည်။

အကယ်၍ ယခင်ကသာဆိုလျှင် သူတို့သည် လုယွီ၏စကားများကို ယုံကြည်မည်မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် လုယွီ၏ လွန်ကဲသောစွမ်းအားများကို မြင်တွေ့ခဲ့ရသည်။ထို့ကြောင့် သူတို့၏စိတ်နှလုံးသားများအတွင်း၌ သံသယမရှိတော့ချေ။

အောင်းကွမ်းက သူ၏လက်ကိုဆန့်ထုတ်ပြီး ပြောဆိုသည်။

"ကိစ္စက ဒီလိုဆိုမှတော့...ကျေးဇူးပြုပြီး ဒီရွှေစည်းတံဆိပ်နှစ်ခုကို ပြန်ပေးပါ...ဒီနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို နားလည်မှုလွဲမှားတာလို့ပဲ ငါ သဘောထားလိုက်မယ်...ဒီနေ့ကနေစပြီး မင်းက ငါတို့နဂါးမျိုးနွယ်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ပဲ",

အောင်းကွမ်းက ကိစ္စအားလုံးအား အဆုံးသတ်ရန် ရည်ရွယ်လိုက်သည်။

သို့ရာတွင် လုယွီသည် ဤနည်းလမ်းဖြင့်အဆုံးသတ်ရန် ရည်ရွယ်မထားချေ။

"ကျုပ်က ဒီနေရာကိုလာတာ ခင်ဗျားတို့ဆီကိုရွှေစည်းတံဆိပ်တွေလာပို့တာလို့ ခင်ဗျားထင်နေတာလား"

လုယွီက တည်ငြိမ်စွာပြောဆိုပြီး အောင်းကွမ်းအား လက်ညှိုးညွှန်လိုက်၏။

"ကျုပ်က ခင်ဗျားတို့ကို ကျုပ်ရဲ့လက်အောက်ခံဖြစ်စေချင်တယ်"

အောင်းကွမ်း၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"မင်းရဲ့ခွန်အားက တကယ့်ကိုအစွမ်းထက်ပါတယ်...ဒါပေမယ့် မင်းသိထားရမှာက ဒီနေရာက နဂါးမျိုးနွယ်တွေရဲ့ပိုင်နက်နော်"

တခြားနဂါးမျိုးနွယ်ဝင်များသည်လည်း ရုတ်တရက် ကျယ်လောင်စွာဟိန်းဟောက်၍ လုယွီအား မနှစ်မျို့သောအကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့သည် မည်သည့်နည်းဖြင့် လူသားမျိုးနွယ်တစ်ယောက်အား နဂါးဧကရာဇ်အဖြစ် ရိုသေလေးစားနိုင်မည်နည်း။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ခင်ဗျားတို့နဂါးမျိုးနွယ်တွေရဲ့ စည်းမျဥ်းတွေအရ...တကယ်လို့ ခင်ဗျားတို့က ကျုပ်ရဲ့လက်အောက်ခံမဖြစ်ချင်ဘူးဆိုရင်...တိုက်ပွဲကွင်းပြင်အတွင်းမှာ ကျုပ်ကို အနိုင်ယူနိုင်တယ်"

လုယွီ၏လက်နောက်ပစ်ရက်အနေအထားဖြင့် မတ်တတ်ရပ်နေပြီး ကျော်လွှားမရသောတောင်ကြီးတစ်လုံးကဲ့သို့ နဂါးမျိုးနွယ်များအား ခံစားရစေသည်။

"ကောင်လေး...မင်းက အရမ်းမောက်မာလွန်းတယ် ...တကယ်လို့ မင်းက ပါရမီရှင်တစ်ယောက်ဖြစ်နေရင်တောင် ငါတို့နဂါးမျိုးနွယ်ရဲ့ရှည်လျားတဲ့သမိုင်းကြောင်းကို မင်း စိတ်ကူးတောင်ယဥ်လို့ရမှာမဟုတ်ဘူး"

အောင်းကွမ်းက ရုတ်တရက် သူ၏လက်ညှိုးထိပ်ကို ကိုက်ဖောက်လာပြီး သူ၏မျက်နှာပေါ်၌ ရှေးဟောင်းသင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။

အောင်းဟန်နှင့်အောင်းချမ်တို့သည် ထိုမြင်ကွင်းကိုမြင်သည်နှင့် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားသည်။

"မင်း အဲ့ဒီနည်းလမ်းကို အသုံးပြုတော့မလို့လား"

"ဒါက ငါတို့နဂါးမျိုးနွယ်တွေရဲ့ သေရေးရှင်ရေးအချိန်အခိုက်အတန့်ပဲ...တကယ်လို့ ငါရဲ့အသက်စွမ်းအားတွေ ကုန်ခမ်းသွားရင်တောင် ငါ ဒီကောင်လေးကို သတ်ပစ်ရမယ်"

အောင်းကွမ်း၏မျက်နှာက သုန်မှုန်နေပြီး သူက ရုတ်တရက် ရှေးကျပြီးရှုပ်ထွေးသော မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။

ထိုမန္တန်ရွတ်ဆိုသံထွက်ပေါ်လာချိန်တွင် နဂါးမျိုးနွယ်များအားလုံးသည် သူတို့အားလျှပ်စီးနှင့်ရိုက်ခတ်ခံလိုက်ရသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

အောင်းဟန်နှင့်အောင်းချွမ်ပင် ချွင်းချက်မရှိ ဒူးထောက်လိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် လေဟာနယ်စုပ်ဝဲတစ်ခုက အောင်းကွမ်း၏နံဘေး၌ ထွက်ပေါ်လာသည်။

Chapter 1494

ရှည်လျားပြီးရှုပ်ထွေးသော မန္တန်ရွတ်ဆိုသံနှင့်အတူ အောင်းကွမ်း၏နံဘေးရှိ ရေစုပ်ဝဲသည် ပို၍ပြင်းထန်လာပေ၏။

ဤအချိန်အခိုက်အတန့်တွင် နဂါးမျိုးနွယ်များအားလုံးသည် သူတို့၏သွေးမျိုးဆက်အတွင်းမှ တစ်စုံတစ်ခုအား အသက်သွင်းလိုက်သကဲ့သို့ တုန်ရီသွားခြင်းကို ခံစားမိသည်။

"ရိုသေလေးစားစွာနဲ့...တတိယမျိုးဆက်နဂါးဧကရာဇ်ဘိုးဘေးကို ဆင့်ခေါ်ပါတယ်"

အောင်းကွမ်းက အော်ဟစ်လိုက်၏။

အောင်းကွမ်း၏အသံကို တုံ့ပြန်သည့်အလား ရေစုပ်ဝဲအတွင်းမှနေ၍ ရက်စက်ကြမ်းကြုတ်သောနဂါးတစ်ကောင်၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုနဂါးဟိန်းဟောက်သံကိုကြားသည်နှင့် တောက်ပရောင်စဥ်ခန်းမအတွင်းမှ နဂါးမျိုးနွယ်များအားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။

တတိယမျိုးဆက်နဂါးဧကရာဇ်ဟု ဆိုသလော။

ရှေးဟောင်းမှတ်တမ်းများအရ နဂါးဧကရာဇ်များ မည်သည့်နေရာသို့ရောက်ရှိသွားသည်ကို မည်သူမျှမသိကြချေ။ကောလဟာလများအရ သူတို့အားလုံးသည် ကြယ်တာရာမြစ်ကိုဖြတ်ကျော်၍ တခြားကမ္ဘာလောကများသို့ ကျင့်ကြံရန်သွားရောက်ကြသည်ဟု ဆိုကြ၏။

ထို့ပြင် နဂါးဧကရာဇ်များချန်ထားခဲ့သော မြောက်များစွာသောရှေးဟောင်းမှတ်တမ်းများအတွင်း၌ တတိယမျိုးဆက်နဂါးဧကရာဇ်သည် အားအကောင်းဆုံးတည်ရှိမှုကြီးပင်။

မူလဘူတရှေးဟောင်းခေတ်မှ ရွှေအင်မော်တယ်များပင်လျင် တတိယမျိုးဆက်နဂါးဧကရာဇ်အား ရိုသေလေးစားစွာ ဆက်ဆံကြရသည်။

"ငါတို့အရှေ့ပင်လယ်နဂါးမျိုးနွယ်က တတိယမျိုးဆက်နဂါးဧကရာဇ်ရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲ...ကောင်လေး...ဒီတစ်ကြိမ်တော့ မင်း သေလို့ရပြီ"

အောင်းကွမ်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

တတိယမျိုးဆက်နဂါးဧကရာဇ်ကို ဆင့်ခေါ်နိုင်ရန်အလို့ငှါ သူသည် တန်ကြေးကြီးကြီး ပေးဆပ်ခဲ့ရ၏။

သူ နဂါးဧကရာဇ်အသစ်ဖြစ်လာပြီး လုယွီ၏လက်အတွင်းရှိ ရွှေစည်းတံဆိပ်နှစ်ခုကို ရရှိနိုင်သရွေ့ သူ၏ပေးဆပ်ရမှုမှာ ထိုက်တန်ပေသည်။

လုယွီ၏စိတ်နှလုံးသား လေးလံသွားပေ၏။သူသည် ရေစုပ်ဝဲထံမှ ထွက်ပေါ်နေသော ရှေးဟောင်းအရှိန်အဝါကို ခံစားမိသည်။

မဟုတ်သေးချေ...သူ ဤဆင့်ခေါ်မှုအား ဆက်လက်လုပ်ဆောင်ခွင့် မပြုနိုင်ပေ။

လုယွီ၏လက်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ သူက နဂါးဖမ်းလက်ကိုအသုံးပြု၍ ရေစုပ်ဝဲအား ရိုက်နှက်လိုက်သည်။

"သူ့ကို တားထားကြစမ်း"

အောင်းကွမ်းက အော်ဟစ်လိုက်၏။

နဂါးဘုရင်နှစ်ပါးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့မျိုးနွယ်၏မှော်ရတနာကိုထုတ်ယူကာ အောင်းကွမ်း၏ရှေ့၌ ကာကွယ်စောင့်ကြပ်ပေးလိုက်ကြသည်။

နဂါးမျိုးနွယ်များ၏မှော်ရတနာသည် လေထုအတွင်း၌ တောက်ပလင်းလက်နေပေ၏။ရုတ်တရက် ထိုမှော်ရတနာသည် သလင်းကျောက်အကာအကွယ်အသွင်ပြောင်းလဲသွားပြီး လုယွီ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ကာကွယ်လိုက်သည်။

ဘန်း...

နဂါးဘုရင်နှစ်ယောက်သည် နောက်သို့ခြေလှမ်းများစွာ တပြိုင်နက်တည်း ဆုတ်လိုက်ရ၏။သို့ရာတွင် သူတို့၏မျက်နှာထက်၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ကောင်လေး...မင်း ခဏလောက်တော့ မောက်မာထားအုံးပေါ့...တတိယမျိုးဆက်နဂါးဧကရာဇ် ထွက်ပေါ်လာတဲ့အချိန်ကျရင် မင်း သေရမှာပဲ"

အောင်းကွမ်းက ရယ်မောရင်း ပြောဆိုသည်။

သူ စကားပြောဆိုနေစဥ်မှာပင် ရေစုပ်ဝဲကြီးထံမှထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါသည် ပို၍ပြင်းထန်လာပေ၏။

နဂါးဖမ်းလက်အား ပိတ်ပင်တားဆီးခံလိုက်ရသည်ကိုမြင်သော လုယွီက ရုတ်တရက် သူ၏လက်ချောင်းဖြင့် လေထုအားဖြတ်ပိုင်းလိုက်သည်။အဖြူရောင်ဓားချီတစ်လှိုင်းက ချက်ချင်းဆိုသလိုပင် သူ၏ရှေ့၌ ထွက်ပေါ်လာသည်။

"ခင်ဗျားတို့...ထပ်ပြီးကြိုးစားကြည့်ပါဦး"

လုယွီက လက်ညှိုးညွှန်လိုက်ရာ စူးရှပြီးသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသော အဖြူရောင်ဓားချီသည် ချက်ချင်းပင် ပျံဝဲသွားသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်ဓားဖြတ်တောက်ခြင်း ..

ခရက်...ခရက်....

နဂါးမျိုးနွယ်၏မှော်ရတနာသည် အဖြူရောင်ဓားချီနှင့် ထိတွေ့မိသည်နှင့် ချက်ချင်းပင် ထွင်းဖောက်ခံလိုက်ရသည်။

"မကောင်းတော့ဘူး"

နဂါးဘုရင်သုံးပါးလုံး တုန်လှုပ်ချောက်ချားသွားသည်။

ဤသည်က မည်ကဲ့သို့ မှော်မန္တန်မျိုး ဖြစ်သနည်း။ထိုမှော်မန္တန်မျိုးအား သူတို့ မည်သည့်အချိန်ကမျှ မကြားခဲ့ဖူးချေ။

နဂါးဘုရင်သုံးပါးသည် သူတို့၏မျိုးနွယ်များမှ အစွမ်းထက်ဆုံးမှော်ရတနာအား ယူဆောင်လာခဲ့ခြင်းဖြစ်သည်။သူတို့၏မှော်ရတနာအား လုယွီက ချိုးဖျက်နိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

လုယွီက ဓားချီတစ်လှိုင်းကို ထပ်မံထုတ်လွှက်ပြီး ရေစုပ်ဝဲကြီးအား တစ်ချက်တည်းဖြင့်ဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုအချိန်မှာပင်....

ပြင်းထန်သောသွေးချီလှိုင်းများက ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်သွားသည်။သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်တော့ချေ။

"ဒါက....သူ အဆင့်ချိုးဖျက်တော့မလို့လား...."

နဂါးဘုရင်သုံးပါးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

အောင်းကွမ်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား...နတ်ဘုရားတွေကတောင် ငါ့ကိုကူညီနေတယ်...ဒီကောင်လေး ဒီနေ့ဒီနေရာမှာ သေချာပေါက်သေရမယ်"

လေဟာနယ်ရေစုပ်ဝဲကြီးအတွင်းမှနေ၍ ကြီးမားသောနဂါး​လက်သည်းတစ်ဖက် ထွက်ပေါ်လာပြီး လုယွီထံသို့ ဆန့်တန်းလာသည်။

ထိုနဂါးလက်သည်းကြီးသည် ထူထဲသောနဂါးကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး နဂါးမျိုးနွယ်များအားလုံးကိုပင် ဖုံးအုပ်လုမတက် အလွန်ကြီးမားသည်။

"ဘိုးဘေး...ဒီကောင်လေးက လူသားမျိုးနွယ်တစ်ယောက်ပါ....သူက ကျွန်တော်တို့နဂါးမျိုးနွယ်တွေကိုဖိနှိပ်ဖို့ ကြံရွယ်နေတယ်...ဘိုးဘေးက သူ့ကိုသုတ်သင်ရှင်းလင်းပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

အောင်းကွမ်းသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် လုယွီကိုလက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။

နဂါးလက်သည်းကြီးသည် လုယွီအား ဖမ်းဆုပ်မိလုနီးနီး ချဥ်းကပ်လာပေ၏။

သို့သော် ထိုအချိန်မှာပင်...

လုယွီ၏လက်စွပ်မှနေ၍ အုံ့မှိုင်းသောအလင်းတန်းများ ထွက်ပေါ်လာသည်။

ထို့နောက် လက်စွပ်အတွင်းမှနေ၍ စိတ်မရှည်သောလေသံမျိုးဖြင့် အသံတစ်သံထွက်ပေါ်လာပေ၏။

"ထွက်သွားစမ်း...ငါ မင်းကိုမြင်ရတာ စိတ်အနှောက်အယှက်ဖြစ်တယ်"

Chapter 1495

ထိုအသံသည် ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်ပြီး လူတိုင်းနီးပါး ဆွံအသွားသည်။

လုယွီပင်လျှင် ထိတ်လန့်တုန်လှုပ်သွားပေ၏။ရုတ်တရက်အပြောင်းအလဲကြောင့် သူ သတိလက်လွတ်ဖြစ်သွားခဲ့သည်။

မူလက သူ၏ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါးကိုဆင့်ခေါ်၍ သူ့အားကာကွယ်ပေးနိုင်ရန် စီစဥ်ထားခဲ့သည်။သို့ရာတွင် လက်စွပ်အတွင်းမှ ရှေးဟောင်းကျင့်ကြံသူ လက်ဦးမှုရယူပြီး စကားပြောဆိုလိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင် ရှေးဟောင်းကျင့်ကြံသူသည် အလွန်မောက်မာသောစကားကို ပြောဆိုလိုက်ခြင်းဖြစ်သည်။

"သူ ငါ့ကို သတ်တော့မှာများလား"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ခါးသည်းသောခံစားချက်မျိုး ပေါက်ဖွားလာသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ နဂါးမျိုးနွယ်များသည်လည်း အံ့အားသင့်တုန်လှုပ်နေကြ၏။

တုန်လှုပ်ချောက်ချားဖွယ် ဧရာမနဂါးလက်သည်းကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး ရေစုပ်ဝဲအတွင်းမှနေ၍ အံ့အားသင့်မှုနှင့်ဇဝေဇဝါဖြစ်နေမှုများ ရောယှက်နေသောအသံ ထွက်ပေါ်လာသည်။

"မင်းက...."

လက်စွပ်အတွင်းမှနေ၍ အလွန်အမင်းမောက်မာသောအသံ ထပ်မံ၍ထွက်ပေါ်လာသည်။

"မင်းနဲ့ငါမတွေ့တာ အချိန်တောင်အတော်ကြာနေပြီ...ဒါတောင် မင်းက ဘာတိုးတက်မှုမှမရှိသေးဘူး...ငါ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားစမ်း"

ထိုစကားအား နဂါးမျိုးနွယ်ဝင်များကြားချိန်တွင် သူတို့က လိပ်ပြာလွင့်လုမတက် ကြောက်ရွံထိတ်လန့်သွားပေ၏။

တတိယမျိုးဆက်နဂါးဧကရာဇ်အား ဤကဲ့သို့ပြောဆိုဝံ့သူမှာ မည်သူဖြစ်သနည်း။

အောင်းကွမ်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်လေး...မင်းဆီမှာရှိနေတာ ဘယ်လိုဆူညံတဲ့အရာမျိုးလဲ...ငါတို့နဂါးမျိုးနွယ်ရဲ့ဘိုးဘေးကိုတောင် မလေးမစားလုပ်ဝံ့တယ်ပေါ့လေ"

ဘန်း...

ထိုအချိန်မှာပင် တတိယမျိုးဆက်နဂါးဧကရာဇ်၏လက်သည်းချက် ကျရောက်လာပြီး အောင်းကွမ်းအား ရိုက်နှက်လိုက်ရာ အဝေးသို့လွင့်ထွက်သွားတော့သည်။

အောင်းကွမ်းသည် လွင့်ထွက်သွားပြီး မြေပြင်နှင့် အပြင်းအထန်ရိုက်ခတ်မိကာ နာကျင်မှုကြောင့် ညည်းတွားနေရ၏။

"စကားပြောဝံ့တဲ့ဘယ်ကောင်မဆို...သေရမယ်"

ရေစုပ်ဝဲအတွင်းမှနေ၍ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

တိုက်ပွဲကွင်းပြင်အောက်ရှိ နဂါးမျိုးနွယ်များအားလုံး ကြက်သေသေသွားကြသည်။တတိယမျိုးဆက်နဂါးဧကရာဇ်ဘိုးဘေးသည် မည်သည်ကြောင့် အောင်းကွမ်းအား ရုတ်တရက်တိုက်ခိုက်လိုက်သည်ကို သူတို့အားလုံး တွေးတော၍မရချေ။

နဂါးမျိုးနွယ်များ၏ကြက်သေသေနေသော အကြည့်များအောက်မှာပင် တတိယမျိုးဆက်နဂါးဧကရာဇ်၏ရို့ကျိုးသောအသံက ရေစုပ်ဝဲအတွင်းမှ ထွက်ပေါ်လာပေ၏။

"အကြီးအကဲအန်...ခင်ဗျား အဆင်ပြေရဲ့လား"

"ပြေတယ်...အရမ်းအဆင်ပြေတယ်...ဒီကောင်လေးက မင်းအဖိုးငါ ကာကွယ်ချင်တဲ့တစ်ယောက်ပဲ...မင်းရဲ့မျိုးဆက်တွေကို ဆုံးမလိုက်စမ်း"

လက်စွပ်အတွင်းမှအသံသည် အလွန်အမင်းမောက်မာပေ၏။

"ဟုတ်ကဲ့"

နဂါးလက်သည်းကြီးသည် ရုတ်တရက် နောက်ဆုတ်သွားပြီး လေဟာနယ်စုပ်ဝဲအတွင်းမှနေ၍ ရေခဲတမျှအေးစက်သော နဂါးမျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။

ထိုမျက်လုံးအကြည့်အောက်တွင် နဂါးမျိုးနွယ်များအားလုံး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြပြီး သူတို့၏ခေါင်းများကိုပင် မော့မကြည့်ဝံ့ကြချေ။

ဤသည်က သူတို့၏သွေးမျိုးဆက်အတွင်းမှ မြစ်ဖျားခံလာသော ဖိနှိပ်မှုဖြစ်သည်။

"တော်ဝင်အမိန့်တော်ကို နာခံကြစမ်း...နဂါးမျိုးနွယ်ဝင် ဘယ်သူမဆို ဒီကလေးနဲ့ ရန်သူဖြစ်ခွင့်မရှိဘူး"

တတိယမျိုးဆက်နဂါးဧကရာဇ်၏စကားလုံးတိုင်းသည် အမိန့်တော်တစ်ခုအဖြစ် လေထုအတွင်း၌ သိပ်သည်းသွားပေ၏။

ထိုအမိန့်တော်အား ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။အမိန့်တော်၏မျက်နှာပြင်ပေါ်၌ ရွှေရောင်နဂါးတစ်ကောင်ပျံဝဲနေပုံမြင်နေရပြီး ခမ်းနားကြီးကျယ်ကာမြင့်မြတ်သော အရှိန်အဝါမျိုး ထုတ်လွှက်ပေးနေသည်။

"ကျွန်တော်တို့အားလုံး နာခံပါ့မယ်"

မြေပြင်ပေါ်၌ ဒူးထောက်နေကြသော နဂါးမျိုးနွယ်များအားလုံး တပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။

နောက်ဆုံးနဂါးဧကရာဇ် ကွယ်လွန်သွားခဲ့သည်မှာ နှစ်ရာနှင့်ချီ ကြာမြင့်နေပြီဖြစ်သဖြင့် နဂါးမျိုးနွယ်များသည် နဂါးဧကရာဇ်၏အမိန့်တော်ကို လက်ခံရရှိဖူးခြင်းမရှိချေ။

တော်ဝင်အမိန့်တော်သည် လူသားမျိုးနွယ်တစ်ယောက်ကြောင့် ထွက်ပေါ်လာလိမ့်မည်ဟု နဂါးမျိုးနွယ်များအားလုံး မျှော်လင့်မထားမိကြပေ။

တစ်ချိန်တည်းမှာပင် လုယွီထံ၌ မည်ကဲ့သို့တည်ရှိမှုမျိုးရှိနေသနည်းဟု သူတို့အားလုံး မှန်းဆနေကြ၏။

"ဟီး ဟီး...မင်း လျှောက်ပြီးတွေးမနေစမ်းနဲ့...ကောင်စုတ်လေး...တကယ်လို့ မင်းရဲ့ကျင့်ကြံဆင့်ကို ဆက်ပြီးရှိနေစေချင်သေးတယ်ဆိုရင် ငါပြောတာနားထောင်...အခုချက်ချင်းပလ္လင်ခွေထိုင်ပြီး ကျင့်ကြံလိုက်တော့"

ပျင်းတိပျင်းရွဲအသံတစ်သံက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

လုယွီက အလေးအနက်ထားသောလေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"ခင်ဗျား ကျုပ်ကို ဒုက္ခမပေးဘူးလို့ ကျုပ် ဘယ်လိုလုပ်ပြီး ယုံရမှာလဲ"

"ငါက မင်းကို ဒုက္ခပေးမှာလား"

လက်စွပ်အတွင်းရှိ ရှေးဟောင်းကျင့်ကြံသူ၏အသံက ရုတ်တရက်မြင့်တက်သွားပေ၏။

"မင်းရဲ့စိတ်ဝိညာဥ်ကို မင်းကိုယ်တိုင်စစ်ဆေးကြည့်အုံး"

လုယွီက ချက်ချင်းပင် သူ၏စိတ်အာရုံအတွင်းသို့ဝင်ရောက်လိုက်ရာ သူ၏စိတ်ဝိညာဥ်သည် လက်စွပ်အတွင်းမှရှေးဟောင်းကျင့်ကြံသူအား အပြည့်အဝထိန်းချုပ်ထားနိုင်သည်ကို တွေ့ရှိလိုက်ရ၏။

သူ၏ထိန်းချုပ်မှုအောက်၌ တုန်လှုပ်ချောက်ချားဖွယ် အစစ်အမှန်စိတ်ဝိညာဥ်တစ်ခုရှိနေသည်။သူ၏အတွေးတစ်ချက်ဖြင့်ပင် တစ်ဖက်လူ၏စိတ်ဝိညာဥ်အား ဖျက်ဆီးပစ်နိုင်သည်။

ရှေးဟောင်းကျင့်ကြံသူသည် သူ့အား အရှင်သခင်အဖြစ် အမှန်တကယ်ကိုပင် အသိအမှတ်ပြုခဲ့သည်။ဤသည်က သူ၏ခန့်မှန်းနိုင်စွမ်းထက် များစွာပို၍ ကျော်လွန်နေပေ၏။အစောပိုင်းက သူ သတိလစ်မေ့မျောနေချိန်တွင် လျှို့ဝှက်ဆန်းကြယ်သောရှေးဟောင်းကျင့်ကြံသူသည် သူ့အား လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။

"ဘာမှစိုးရိမ်မနေနဲ့...တကယ်လို့ ငါသာ မင်းကိုသတ်ချင်ရင် မင်း ခုချိန်ထိတောင် အသက်ရှင်မနေဘူး...မင်းရဲ့စိတ်ကိုတည်ငြိမ်အောင် မြန်မြန်ထိန်းချုပ်စမ်း....ငါ မင်းကို ပြည့်စုံတဲ့ မူလဘူတရှေးဟောင်းခန္ဓာကိုယ်နည်းစနစ်တစ်ခု လွှဲပြောင်းပေးမယ်"

ရှေးကျပြီးရှုပ်ထွေးသောမန္တန်ရွတ်ဆိုသံက ချက်ချင်းဆိုသလိုပင် လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီက တိတ်တဆိတ်နားထောင်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင် မုန်တိုင်းထန်နေပေ၏။

ဤသည်က မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ် ကျင့်ကြံနည်းစနစ်ပင်။

All Chapters