အခန်း (၁၄၉၆-၁၅၀၀)
Vol. 78 Ch. 1496-1500
Chapter 1496
လုယွီသည် သူ၏စိတ်အား တည်ငြိမ်အောင် အလျှင်အမြန်ထိန်းသိမ်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောရှေးဟောင်းကျင့်ကြံသူမှ သူ့အားလွှဲပြောင်းပေးသော ကျင့်ကြံနည်းစနစ်ကို စတင်၍ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ဤနည်းစနစ်သည် ယခင်က သူကျင့်ကြံခဲ့ဖူးသည့်အရာနှင့် တူညီပုံရသော်လည်း အသေးစိတ်အချက်အလက်များမှာ အလွန်ကွဲပြားနေသည်။
"ဒါက မင်းကို အမတ်ကြီးချွယ် လက်ဆင့်ကမ်းပေးခဲ့တဲ့ အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ် မဟုတ်ဘူးနော်....ငါပြောတာနားထောင်စမ်း...အဲ့ဒီအမတ်ကြီးချွယ်ပြောတဲ့ စကားတစ်လုံးကိုတောင် မင်း မယုံနဲ့"
ရှေးဟောင်းကျင့်ကြံသူက သတိကြီးစွာထား၍ ပြောဆိုလေ၏။
ထို့နောက် သူက လုယွီကို ဆက်လက်ပြောဆိုလိုက်သည်။
"ငါက မင်းရဲ့အရင်က အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်ကို ဖျက်ဆီးပြီးသွားပြီ....အမတ်ကြီးချွယ်က အဲ့ဒီနည်းစနစ်ထဲမှာ လှည့်ကွက်တွေအများကြီးချန်ခဲ့တယ်...အစပိုင်းတော့ မင်း အဲ့ဒီနည်းစနစ်ကို မြန်မြန်လေ့ကျင့်နိုင်လိမ့်မယ်....ဒါပေမယ့် မင်း အဲ့ဒါကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင် မင်းရဲ့အသိစိတ်ပျောက်ဆုံးသွားပြီး သူ့ရဲ့ရုပ်သေးရုပ်ဖြစ်သွားလိမ့်မယ်"
"မင်းရဲ့စိတ်ကိုအဆင့်သင့်ပြင်ဆင်ထား...မင်းရဲ့ရုပ်ခန္ဓာကိုယ်အဆင့် ချိုးဖျက်ရတော့မယ်"
ပြင်းထန်သောစွမ်းအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။
ထိုစွမ်းအားလှိုင်းသည် လုယွီ စိတ်ကူးယဥ်ပုံဖော်ထားသည်ထက် ကျော်လွန်နေသည်။သူက အော်ဟစ်ကြုံးဝါးပြီး လေထုအတွင်းသို့ ပျံဝဲတက်လိုက်သည်။
လုယွီ၏အော်ဟစ်သံကြောင့် တောက်ပရောင်စဥ်ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။
"တတိယမျိုးဆက်နဂါးဧကရာဇ်ကိုယ်တိုင် သူ့ကို ကာကွယ်သူလုပ်ပေးနေတယ်...ဒီကောင်လေးရဲ့နောက်ခံက ဘာများပါလိမ့်"
"ငါတို့ကတော့....ဟူး...သူ အဆင့်ချိုးဖျက်တာကိုပဲ စောင့်ကြည့်ကြရအောင်"
ထိုမြင်ကွင်းအားမြင်ချိန်တွင် နဂါးမျိုးနွယ်များအားလုံး သက်ပြင်းချနေကြ၏။လုယွီသည် သူတို့ရှေ့၌ အဆင့်ချိုးဖျက်နေသည်ကို သူတို့စောင့်ကြည့်နေရုံမှတပါး မည်သည့်အရာမျှမလုပ်နိုင်ချေ။
ဤအရာထက်ပို၍ မနာလိုအားကျစရာကောင်းသောကိစ္စ မရှိတော့ချေ။
နဂါးမျိုးနွယ်များအားလုံး၏အကြည့်များအောက်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများကြား၌ နှစ်ခြင်းခံယူနေပြီး သူ၏အနောက်မှနေ၍ မီတာသုံးသောင်းကျော်မြင့်မားသော ဓမ္မရုပ်ထုကြီး ထွက်ပေါ်လာပေ၏။
ယခင်နှင့်နှိုင်းယှဥ်ပါက ဤဓမ္မရုပ်ထုကြီးသည် ပို၍တောက်ပလင်းလက်ပြီး ခမ်းနားထည်ဝါသည်။ထိုဓမ္မရုပ်ထုကြီးသည် ကောင်းကင်နှင့်မြေပြင်အကြားရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရသည်။
သူ၏အဆင့်ချိုးဖျက်မှုသည် တစ်နာရီခန့် ကြာမြင့်ပေ၏။ထို့နောက် လုယွီသည် တလိမ့်လိမ့်ထွက်ပေါ်နေသောအရှိန်အဝါများအား ပေါင်းစည်း၍ အခြေကျအောင်ပြုလုပ်နေသည်။
တောက်ပရောင်စဥ်ခန်းမအတွင်း၌ လေအေးတစ်ချက် ဝေ့ဝိုက်တိုက်ခတ်လာခြင်းနှင့်အတူ လုယွီ၏စိမ်းပြာရောင်ဝတ်စုံသည် ရှေ့နောက်လူးလွန့်နေပေ၏။
"ကျွတ်...ကျွတ်...ကောင်လေး...မင်း ငါနဲ့တွေ့တာ တော်တော်ကံကောင်းတာပဲ...အခုချိန်မှာ မင်းက အမတ်ကြီးချွယ်ချန်ခဲ့တဲ့ လှည့်ကွတ်တွေကို ချိုးဖျက်နိုင်ရုံမကဘူး...မင်းရဲ့ကံဆိုးမှုကနေ ကောင်းချီးရရှိပြီးတော့ အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်မှာ အစောပိုင်းအောင်မြင်မှုအဆင့်ကိုရသွားပြီ...မင်းရဲ့ရုပ်ခန္ဓာကိုယ်က အခုချိန်မှာ အစစ်အမှန်အင်မော်တယ်တွေနဲ့တောင် နှိုင်းယှဥ်လို့ရတယ်"
"ဒီခန္ဓာကိုယ်နဲ့ဆိုရင် မင်း ဘယ်လောက်ပြင်းထန်တဲ့ဒဏ်ရာရနေပါစေ...မင်းအသက်ရှင်နေသရွေ့ ပြန်လည်ကောင်းမွန်လာလိမ့်မယ်...မင်းရဲ့ကံကောင်းမှုကို ငါတောင်မှ နည်းနည်းမနာလိုဖြစ်မိတယ်"
ရှေးဟောင်းကျင့်ကြံသူသည် လုယွီအားကြည့်ပြီး ကောက်ချက်ချနေလေ၏။
ထိုအချိန်မှာပင် အက်ရှရှအသံတစ်သံက လေဟာနယ်ရေစုပ်ဝဲအတွင်းမှ ထွက်ပေါ်လာသည်။
"တကယ်ပဲ မင်းလား"
ရှေးဟောင်းကျင့်ကြံသူသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြောဆိုလိုက်၏။
"မြန်မြန်ပြန်သွားတော့...ဒီလေဟာနယ်ရေစုပ်ဝဲကို မင်းကိုယ်မင်း ဖိအားပေးပြီး ဖြတ်ကျော်မယ်ဆိုရင် မင်းရဲ့စွမ်းအားတွေအများကြီး ကုန်ခမ်းသွားလိမ့်မယ်...ငါ အခွင့်အရေးရရင် မင်းကိုလာရှာမယ်"
"ဟုတ်ကဲ့...ဂရုစိုက်ပါ ဘိုးဘေး"
တတိယမျိုးဆက်နဂါးဧကရာဇ်ထွက်ပေါ်လာသော လေဟာနယ်ရေစုပ်ဝဲကြီးသည် တဖြည်းဖြည်း ပျက်ပြယ်သွားတော့သည်။
ခန်းမတစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
နဂါးဘုရင်သုံးပါးသည် ပို၍ပင် ကြက်သေသေနေပေ၏။
သူတို့ နားကြားများမှားသလော။တတိယမျိုးဆက်နဂါးဧကရာဇ်သည် လုယွီ၏လက်စွပ်အတွင်းမှတည်ရှိမှုကြီးကို ဘိုးဘေးဟု ခေါ်ဆိုသွားခဲ့သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ခင်ဗျားက ဘယ်သူလဲ"
လုယွီ၏လက်စွပ်အနည်းငယ် လှုပ်ရှားသွားပြီး အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ထို့နောက် အနက်ရောင်အခိုးအငွေ့များသည် လုယွီ၏အနောက်၌ ပုံရိပ်တစ်ခုအဖြစ် ရုတ်တရက်ဖွဲ့စည်းသွားသည်။
ခန်းမအတွင်း၌ရှိနေသူများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ထိုပုံရိပ်အား ကြည့်လိုက်ကြ၏။
တတိယမျိုးဆက်နဂါးဧကရာဇ်ကပင် ဘိုးဘေးဟုခေါ်ရသူသည် မည်ကဲ့သို့သော တည်ရှိမှုကြီးဖြစ်သနည်း။
အလင်းတန်းများကျဆင်းလာခြင်းနှင့်အတူ ထိုပုံရိပ်က ထင်ရှားပီပြင်လာသည်။
ခွေးနက်ကြီးတစ်ကောင်သည် လုယွီအားမှီ၍ လဲလျောင်းနေပြီး စင်မြင့်အောက်ရှိနဂါးမျိုးနွယ်များအားလုံးကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်နေပေ၏။
ထိုခွေးနက်ကြီး၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသောအရိပ်အယောင်များ ထင်ဟပ်နေသည်။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ယုတ်မာကောက်ကျစ်ပုံရသောအရိပ်အယောင်များပင် တွေ့မြင်နိုင်သည်။
"ဘာလဲ....မင်းတို့ရဲ့ဘိုးဘေးကို မြန်မြန်ဂါရဝမပြုကြသေးဘူးလား"
ခွေးနက်ကြီးက အသံမြှင့်၍ပြောဆိုလိုက်သည်။
Chapter 1497
အမ်..
ဒါ...ဒါက ဘာကြီးလဲ....
နဂါးမျိုးနွယ်များ၏စိတ်နှလုံးသားများအတွင်း၌ သံသယများက တပြိုင်နက်တည်းထွက်ပေါ်လာသည်။
အောင်းကွမ်းက ရုန်းကန်၍မတ်တတ်ထရပ်ပြီး ဒေါသတကြီး ပြောဆိုလိုက်၏။
"ဒါ....ဒါက နဂါးမျိုးနွယ်လေ...မင်း...မင်းက ခွေးတစ်ကောင်လေ..ဒီနေရာကိုလာပြီး မောက်မာနေရလား"
ခွေးနက်ကြီးက ကြက်သေသေသွားသည်။
"မင်း ဘာပြောလိုက်တာလဲ"
ဘုန်း...
အောင်းကွမ်း မတုံ့ပြန်နိုင်မီမှာပင် ခွေးနက်ကြီးသည် သူ့ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့အား ကန်ကျောက်လိုက်သည်။
အောင်းကွမ်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူ မတ်တတ်ထမရပ်နိုင်မီမှာပင် ထပ်မံ၍ကန်ကျောက်ခံရပြီး အဝေးသို့လွင့်ထွက်သွားတော့သည်။
ခွေးနက်ကြီးသည် ကြက်သေသေနေသော နဂါးမျိုးနွယ်များအားကြည့်ပြီး ယုတ်မာကောက်ကျစ်သောအပြုံးမျိုးနှင့် ပြောဆိုလိုက်၏။
"ဘာလဲ...မင်းတို့က ဘိုးဘေးကိုမြင်နေတာတောင် ဂါရဝပြုဖို့ အစီအစဥ်မရှိဘူးလား"
တုန်လှုပ်ချောက်ချားဖွယ်သွေးမျိုးဆက်ဖိအားက ရုတ်တရက် နဂါးမျိုးနွယ်ဝင်များ၏ခေါင်းထက်သို့ ကျဆင်းလာသည်။
ခွေးနက်ကြီးထံမှ ဖိအားအရှိန်အဝါအောက်တွင် နဂါးဘုရင်ဖြစ်စေ သာမာန်နဂါးမျိုးနွယ်ဝင်ဖြစ်စေ သူတို့အားလုံး အတင်းအကျပ်ဖိအားပေးခံနေရပြီး ဦးညွှတ်လိုက်ရ၏။
ရှက်ရွံခြင်း...ဒေါသထွက်ခြင်း...
နဂါးမျိုးနွယ်ဝင်များသည် ခွေးတစ်ကောင်အား ဒူးထောက်အရိုအသေပြုရမည်ဟု မည်သည့်အချိန်ကမျှ မတွေးတောခဲ့ဖူးချေ။
"ဘိုးဘေးကို အရိုအသေပြုပါတယ်"
နဂါးမျိုးနွယ်ဝင်များသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ တွေးတောထားသည်နှင့်ဆန့်ကျင့်၍ အရိုအသေပြုလိုက်ကြသည်။
ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေပေ၏။
"ဟား ဟား ဟား...ကောင်းတယ်...မင်းတို့ကောင်တွေက ငါ့ကိုအရိုအသေပြုပြီး ဘိုးဘေးလို့ခေါ်ကြတယ်...ဒါက မင်းတို့အတွက် ဆုံးရှုံးမှုမရှိပါဘူး"
နဂါးမျိုးနွယ်ဝင်များသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ခွေးနက်ကြီးအား အကြိမ်ပေါင်းရာနှင့်ချီကာ ကျိန်ဆဲနေကြသည်။ထိုခွေး မည်သည့်နေရာမှရောက်ရှိလာသည်ကို နတ်ဘုရားများသာ သိရှိပေမည်။ခွေးနက်ကြီးကိုကြည့်ရသည်မှာ ပေါ့ပေါ့တန်တန်အမူအယာမျိုးရှိသော်လည်း သူ၏ခွန်အားသည် အလွန်သန်မာပြီး သူတို့ မထီမဲ့မြင်ဆက်ဆံ၍ရသော အရာမျိုးမဟုတ်ချေ။
ခွေးနက်ကြီးသည် နဂါးမျိုးနွယ်ဝင်များ၏အရိုအသေပြုခြင်းကို ခံယူရသဖြင့် ပျော်ရွှင်နေပေ၏။ထို့နောက် သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"နဂါးစည်းဝေးပွဲရဲ့စည်းမျဥ်းတွေအရ အဆုံးသတ်မှာအနိုင်ရတဲ့ ဘယ်သူမဆို နဂါးဧကရာဇ် ဖြစ်လာလိမ့်မယ်...ဒီကောင်လေးက တိုက်ပွဲအားလုံးကို အနိုင်ရသွားပြီဆိုမှတော့ သူက နဂါးဧကရာဇ်အသစ်ပဲ"
နဂါးမျိုးနွယ်ဝင်များအားလုံး ကြက်သေသေနေကြပြီး သူတို့က မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
"အဟွတ်....အဟွတ်...အဟွတ်..."
အောင်းကွမ်းသည် ရုန်းကန်၍မတ်တတ်ထရပ်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီအကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့...ငါတို့နဂါးမျိုးနွယ်ရဲ့သမိုင်းတလျှောက်လုံးမှာ ဘယ်လူသားမျိူးမှ နဂါးဧကရာဇ် မဖြစ်ခဲ့ဖူးဘူး"
ခွေးနက်ကြီးသည် အထင်အမြင်သေးသောအကြည့်ဖြင့် အောင်းကွမ်းအား ကြည့်လိုက်သည်။
"ဒါက မင်းရဲ့ ဗဟုသုတနည်းပါးမှုကြောင့်လေ...သူက နဂါးဧကရာဇ်ဖြစ်ရမယ်လို့ ငါ ပြောထားရင်...အဲ့ဒီနေရာက သူ့အတွက်ပဲ"
ထို့နောက် ခွေးနက်ကြီးသည် အလွန်မောက်မာသောအကြည့်ဖြင့် မြင့်မြတ်နဂါးကျမ်းစာအုပ်အား စောင်းငဲ့၍ကြည့်လိုက်သည်။
"ငါပြောနေတာ မင်း မကြားဘူးလား"
ဝီ...ဝီ....
ရုတ်ချည်းဆိုသလိုပင် မြင့်မြတ်နဂါးကျမ်းစာအုပ်မှနေ၍ ပြင်းထန်သောတုန်ခါသံများ ထွက်ပေါ်လာသည်။အချိန်တခဏကြာပြီးနောက် စာကြောင်းတစ်ကြောင်းသည် မြင့်မြတ်နဂါးကျမ်းစာအုပ်ပေါ်၌ ကြီးကျယ်ခမ်းနားစွာ ထွက်ပေါ်လာပေ၏။
"၉၇၇ဆက်မြောက်နဂါးဧကရာဇ်....လုယွီ"
တစ်ချိန်တည်းမှာပင် နဂါးတစ်ကောင်၏ဟိန်းဟောက်သံက အဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
တောက်ပရောင်စဥ်ခန်းမတစ်ခုလုံးလည်း အပြင်းအထန် တုန်ခါသွားပေ၏။ပင်လယ်လေးခု၏မြင့်မြတ်တော်ဝင်နယ်မြေများ အတွင်းတွင်ရှိသော မြောက်များစွာသည့် နဂါးရုပ်ထုများအားလုံး တုန်ခါသွားပြီး လုယွီရှိနေရာဘက်သို့လှည့်ကာ တပြိုင်နက်တည်း ဦးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် လောကကြီးတခွင်လုံးရှိကျင့်ကြံသူများသည် တစ်စုံတစ်ခုကို အာရုံခံစားမိသွားသည်။
"နဂါးမျိုးနွယ်မှာ ကိစ္စကြီးတစ်ခုတော့ ဖြစ်ပျက်နေပြီ"
"နဂါးမျိုးနွယ်ဝင်တွေအားလုံးစုဝေးပြီး နဂါးစည်းဝေးပွဲကျင်းပနေတယ်လို့ ငါကြားထားတယ်...ဖြစ်နိုင်တာတော့ နဂါးဧကရာဇ်အသစ် တင်မြှောက်ပြီးသွားတာများလား"
"လာကြစမ်း...လက်ဆောင်ကြီးတစ်ခု အဆင်သင့်ပြင်ထားလိုက်...ငါကိုယ်တိုင် နဂါးဧကရာဇ်ကိုသွားတွေ့ပြီး ဂုဏ်ပြုစကားပြောရမယ်"
ဤအချိန်အခိုက်အတန့်တွင် မြောက်မြားစွာသောအင်အားစုများမှ အစွမ်းထက်ကျင့်ကြံသူများအားလုံးသည် နဂါးဧကရာဇ်အသစ် ရွေးချယ်တင်မြှောက်ပြီးကြောင်းကို အာရုံခံမိသွားသည်။
နဂါးမျိုးနွယ်ဝင်များသည် စိတ်ရှုပ်ထွေးနေသောအကြည့်များဖြင့် လုယွီကို ကြည့်နေကြသည်။နောက်ဆုံး၌ သူတို့အားလုံး ဒူးထောက်ကာ ပြောဆိုလိုက်သည်။
"နဂါးဧကရာဇ်ကို အရိုအသေပြုပါတယ်"
ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာကပင် လုယွီအား အသိအမှတ်ပြုထားလေရာ သူတို့က မည်သည့်နည်းနှင့်မျှ မဆန့်ကျင်နိုင်ချေ။
အောင်းကွမ်း၏မျက်လုံးအကြည့်သည် လုယွီထံ၌သာ အခိုင်အမာကျရောက်နေသည်။သူ၏မျက်လုံးအတွင်း၌ မလိုလားသောအရိပ်အယောင်များဖြင့်ပြည့်နှက်နေပြီး သူက ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်၏။
"မဟုတ်ဘူး...ငါ ဒီရလဒ်ကို အသိအမှတ်မပြုနိုင်ဘူး"
"ငါကသာ အစစ်အမှန်နဂါးဧကရာဇ်...မင်းက လူလိမ်ကောင်ပဲ"
ခွေးနက်ကြီးသည် အထင်အမြင်သေးသောအကြည့်ဖြင့် အောင်းကွမ်းအားကြည့်လိုက်သည်။
"မင်းက ဒါကို လက်မခံနိုင်ဘူးလား"
ထို့နောက် ခွေးနက်ကြီးက လုယွီဘက်သို့လှည့်၍ ပြောဆိုသည်။
"ကောင်လေး...မင်းက ဒီနေရာကို တစ်ယောက်တည်းလာခဲ့တာမလား...မင်းမှာ စီးစရာမှော်သားရဲမရှိသေးဘူးမလား"
ခွေးနက်ကြီးသည် သူ၏လက်ဖဝါးကိုဆန့်ထုတ်၍ အောင်းကွမ်းအား ညွှန်ပြလိုက်သည်။
"သူကိုကြည့်ရတာမဆိုးဘူး...ငါ သူ့ကို ထိန်းချုပ်ပြီး မင်းစီးနင်းဖို့ မှော်သားရဲအဖြစ်ပေးမယ်လေ"
Chapter 1498
အောင်းကွမ်းသည် ကြက်သေသေသွားပြီးနောက် ချက်ချင်းဆိုသလိုပင် သူက ဒေါသတကြီးဖြင့် ပြောဆိုသည်။
"ခွေးတစ်ကောင်ကများ...သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမနေစမ်းနဲ့"
"ဟား ဟား ဟား...ငါ ဆုံးဖြတ်လိုက်ပြီ...ငါ နဂါးမစီးရတာ အချိန်အတော်တောင်ကြာသွားပြီပဲ"
ခွေးနက်ကြီးသည် ရုတ်တရက် စိတ်ဝင်စားစရာကောင်းသောတစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အူလှိုက်သည်းလှိုက် ရယ်မောနေပေ၏။
"ဟမ့်...ငါက အရှေ့ပင်လယ်ကိုပြန်တော့မယ်...ဒီကိစ္စက ဒီမှာတင်မပြီးသေးဘူး"
အောင်းကွမ်းသည် သူ၏မသိစိတ်အတွင်းမှနေ၍ တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်တော့မည်ကို ခံစားမိသည်။
"ငါ မင်းကို သွားခိုင်းလို့လား...မင်းရဲ့ဘိုးဘေးဆီကို လာခဲ့စမ်း"
ခွေးနက်ကြီးသည် သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ဧရာမအနက်ရောင်လက်ကြီးအသွင်ပြောင်းလဲသွားပြီး အောင်းကွမ်းအား ဖမ်းဆုပ်လိုက်သည်။
အောင်းကွမ်းက အော်ဟစ်ကြုံးဝါးပြီး ရုန်းကန်နေပေ၏။သို့ရာတွင် ဧရာမအနက်ရောင်လက်ကြီးသည် သံကြိုးကြီးတစ်ချောင်းအလား သူ့အားမြဲမြံစွာဆုပ်ကိုင်ထားသဖြင့် သူ တစ်လက်မမျှပင် ရွေ့လျား၍မရချေ။
ဝေါင်း...
အောင်းကွမ်းသည် ဟိန်းဟောက်ပြီး နဂါးပုံစံသို့ပြောင်းလဲကာ ခွေးနက်ကြီး၏ထိန်းချုပ်ခံထားရမှုမှ လွတ်မြောက်စေရန် အစွမ်းကုန်ကြိုးစား၍ ရုန်းကန်လိုက်၏။သို့ရာတွင် ခွေးနက်ကြီးသည် သူ၏ခေါင်းပေါ်သို့တက်၍ ထိုင်နေလေသည်။
"ကောင်းပြီလေ...မင်းက ဒီဘိုးဘေးအတွက် အလုပ်လုပ်ပေးရမယ့်ကောင်ဆိုတော့...ဆုလာဘ်ပေးရမှာပေါ့"
ခွေးနက်ကြီးက အပြုံးနှင့်ပြောဆိုသည်။
ခွေးနက်ကြီး၏မျက်လုံးအတွင်းမှနေ၍ ထူးဆန်းသောခရမ်းရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပေသည်။
ထိုခရမ်းရောင်အလင်းတန်းကိုမြင်ချိန်တွင် အောင်းကွမ်း၏ ကြီးမားသောနဂါးခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။သူက မြေပြင်ပေါ်၌ ညွတ်တွား၍ မည်သည့်စကားတစ်ခွန်းမျှ ထပ်မဆိုဝံ့တော့ချေ။
နဂါးမျိုးနွယ်ဝင်များသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် အောင်းကွမ်းအား ကြည့်နေကြ၏။
အလွန်ခေါင်းမာသော အရှေ့ပင်လယ်နဂါးဘုရင်အား လက်အောက်ခံဖြစ်စေသည့် ခွေးနက်ကြီးသည် မည်ကဲ့သို့အဆင့်အတန်းမျိုး ပိုင်ဆိုင်သူဖြစ်သနည်း။
ထိုအချိန်မှာပင် မြင့်မြတ်နဂါးကျမ်းစာအုပ်သည် ရုတ်တရက် ရွှေရောင်အလင်းတန်းများအား ထုတ်လွှက်လိုက်သည်။
ဆယ်ပေခန့်မြင့်မားသောနဂါးပလ္လင်တစ်ခုသည် လေထုအတွင်း၌ ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာပေ၏။
လုယွီသည် နဂါးပလ္လင်ထံသို့ လျှောက်သွားပြီး ဖြည်းညှင်းစွာထိုင်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်ကြားရှိ နဂါးမျိုးနွယ်မှဆင်းသက်လာသူအားလုံးသည် မည်ကဲ့သို့သောသက်ရှိမျိုးဖြစ်နေပါစေ သူတို့၏သွေးအတွင်းသို့ စွမ်းအားတစ်မျိုးသွန်းလောင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
နဂါးဧကရာဇ်အသစ် မွေးဖွားလာလေပြီ။
"တော်ဝင်အမိန့်တော်ထုတ်ပြန်မယ်...ကောင်းကင်ဘုံလမ်းကြောင်းက မကြာမီအချိန်မှာပွင့်တော့မယ်...ပင်လယ်လေးခုနယ်မြေကနေ အစွမ်းထက်ကျင့်ကြံသူ အယောက်နှစ်ဆယ်စီရွေးချယ်ပြီးတော့ ဒီဧကရာဇ်နဲ့အတူ ကောင်းကင်ဘုံလမ်းကြောင်းမှာ တိုက်ခိုက်ရမယ်"
လုယွီက လေသံမြှင့်၍ ပြောဆိုသည်။
"ကျွန်တော်တို့ နာခံပါ့မယ်"
မြောက်မြားစွာသောနဂါးမျိုးနွယ်များသည် လုယွီ၏ရှေ့၌ ဒူးထောက်အရိုအသေပြုလိုက်ကြ၏။
"မြောက်ပင်လယ်နဂါးမျိုးနွယ်အတွက် ခွဲတမ်းနေရာကို အောင်းချမ်က ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်...နဂါးဘုရင်နေရာ လစ်ဟာနေတာကြောင့် မြောက်ပင်လယ်နဂါးမျိုးနွယ်ရဲ့ အရေးကိစ္စမှန်သမျှကို အောင်းချမ်က ဆုံးဖြတ်ရမယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
အောင်းချမ်က ထိတ်လန့်တုန်လှုပ်သွားသည်။သူမသည် လုယွီကို စိတ်ရှုပ်ထွေးနေသောအမူအယာဖြင့် စူးစိုက်၍ ကြည့်လိုက်မိသည်။
ဤကဲ့သို့အခွင့်အာဏာမျိုး သူမအား ပေးအပ်ခြင်းသည် မြောက်ပင်လယ်နဂါးမျိုးနွယ်တစ်ခုလုံး၏အင်အားကို သူမထံ လွှဲပြောင်းပေးအပ်လိုက်ခြင်းနှင့် ညီမျှပေ၏။
သူမ၏မြောက်ပင်လယ်နဂါးမျိုးနွယ် ပျက်စီးတော့မည့်အချိန်တွင် လုယွီသည် ကယ်တင်ပေးခဲ့ရုံသာမက မျိုးနွယ်တစ်ခုလုံးအားအုပ်ချုပ်နိုင်သည့် အခွင့်အာဏာကိုလည်း သူမအား ပေးအပ်ခဲ့သည်။
မြောက်ပင်လယ်နဂါးမျိုးနွယ်မှုအတွက် ဤကဲ့သို့သနားကြင်နာမှုသည် သူတို့၏ဘဝတသက်လုံး မေ့ဖျောက်နိုင်တော့မည့်အရာ မဟုတ်ချေ။
"ဒီလူအိုကြီးက မျိုးနွယ်တစ်ခုလုံးရဲ့ကိုယ်စား နဂါးဧကရာဇ်ရဲ့သနားကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
နဝမအကြီးအကဲသည် ဦးညွှတ်၍အရိုအသေပြုပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
မြောက်ပင်လယ်နဂါးမျိုးနွယ်၌ ပါရမီရှင်များကင်းမဲ့နေလေရာ ဤတစ်ကြိမ်ကောင်းကင်ဘုံလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည့် အစွမ်းထက်ကျင့်ကြံသူမရှိချေ။
သို့ရာတွင် တခြားနဂါးမျိုးနွယ်များသည် ကောင်းကင်ဘုံလမ်းကြောင်းသို့ ဝင်ရောက်လိုလျှင် သူတို့၏ခွဲတမ်းနေရာအတွက် မြောက်ပင်လယ်နဂါးမျိုးနွယ်အား အကူအညီတောင်းခံရပေမည်။
သူတို့သည် ဤအခြေအနေအား အခွင့်ကောင်းယူ၍ အကျိုးအမြတ်များတောင်းခံကာ မျိုးနွယ်အား တဖန်ပြန်၍မြင့်တက်အောင် ပြုလုပ်ရပေမည်။
လုယွီသည် အကျိုးကျေးဇူးများကို နဂါးမျိုးနွယ်များကို ဖြန့်ဝေပေးခဲ့သည်။ခွေးနက်ကြီး၏တည်ရှိမှုကြောင့် နဂါးမျိုးနွယ်များသည် သူတို့၏စိတ်အတွင်း၌ မကျေနပ်မှုများရှိနေသည့်တိုင် လုယွီအား မဆန့်ကျင်ဝံ့ကြတော့ချေ။
"နဂါးဧကရာဇ်...ကျွန်တော်က ထိုက်တောင်ကြီးကို မမြင်ခဲ့မိဘူး...ကျေးဇူးပြုပြီး အရှင်က သနားကြင်နာမှုကိုပြသတဲ့အနေနဲ့ ကျွန်တော်ကိုခွင့်လွှက်ပေးပါ"
အောင်းရှင်းထျန်သည် လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေကာ သူ၏မျက်လုံးအတွင်း၌ ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
သူ အမှန်တကယ်ကိုပင် နောင်တရနေမိ၏။
အရှေ့ပင်လယ်နဂါးမျိုးနွယ်၏မင်းသားဖြစ်သဖြင့် သူ မွေးဖွားလာစဥ်ကတည်းက ကြီးကျယ်ခမ်းနားသောဘဝနှင့် နေထိုင်ခဲ့ရသည်။အကယ်၍ သူ အစွမ်းထက်ပုဂ္ဂိုလ်များကို ရန်စစော်ကားမိလျင်ပင် သူ၏ဖခင်သည် သူရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ဖခင်ဖြစ်သူပင် ဖိနှိပ်ခံထားရလေပြီ။
ယခုချိန်၌ သူ့အား လုယွီလက်စားချေမည်ကို သူ အလွန်အမင်း ကြောက်ရွံနေမိသည်။
Chapter 1499
လုယွီက အောင်းရှင်းထျန်ကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။
"တိုက်ပွဲကွင်းပြင်ထဲမှာ မင်းဘာအမှားမှမလုပ်ဘူး...ဒါက မင်းတက်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့တာပဲ"
"ဒါပေမယ့် မင်း မြောက်ပင်လယ်နဂါးနန်းတော်ရဲ့ နေရာတချို့ကို ဖျက်ဆီးခဲ့တာတော့ မင်းရဲ့အမှားပဲ...မင်း ဘယ်လိုနည်းလမ်းကိုပဲအသုံးပြုပြု ငါ ဂရုမစိုက်ဘူး ..မင်း ဖျက်ဆီးခဲ့တဲ့အရာအားလုံးကို ပြန်ပြုပြင်ပေးရမယ်...ပြီးတာနဲ့ မြောက်ပင်လယ်နဂါးမျိုးနွယ်ကို တောင်းပန်ရမယ်"
လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
အောင်းရှင်းထျန်း၏မျက်နှာအမူအယာ တောင့်တင်းသွားပြီး သူက ခေါင်းညိမ့်လိုက်၏။
"အမိန့်အတိုင်းပါ"
ယခုလက်ရှိအချိန်တွင် သူ့အတွက် မျက်နှာပျက်ရခြင်းသည် အရေးကြီးသောကိစ္စမဟုတ်တော့ချေ။
လုယွီ၏ရှေ့တွင် သူထံ၌ မည်သည့်ခုခံနိုင်စွမ်းမှမရှိတော့သကဲ့သို့ ခံစားနေရ၏။
"ပြီးတော့...ငါနဲ့အတူလိုက်ပါဖို့ သာမာန်မဟုတ်တဲ့ခွန်အားရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေကိုသာ မင်း ရွေးချယ်သင့်တယ်...ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းက သာမာန်မဟုတ်ဘူး...မင်းတို့ အရင်ကြုံတွေ့ခဲ့ဖူးတဲ့အရာတွေနဲ့ တူညီမှာမဟုတ်ဘူး"
လုယွီက ထောက်ပြပြောဆိုလေသည်။
နဂါးမျိုးနွယ်အတွင်းမှ အစွမ်းထက်ကျင့်ကြံသူများ၏မျက်နှာများပေါ်၌ သိချင်စိတ်ပြင်းပြသောအမူအယာများ ထင်ဟပ်နေသည်။
လုယွီ၏ခွန်အားသည် ကောင်းကင်ဘုံမိုးကြိုးအား လွယ်လင့်တကူဖြတ်ကျော်နိုင်ပြီး လောကီအင်မော်တယ်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်အထိ အစွမ်းထက်ပေ၏။ထိုကဲ့သို့ လူစားမျိုးသည် ကောင်းကင်ဘုံလမ်းကြောင်းကိုဖြတ်ကျော်ရာ၌ သတိထားရန်ပြောဆိုနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
မြောက်ပင်လယ်နဂါးနန်းတော်မှထွက်ခွါခဲ့ပြီးနောက် လုယွီသည် အောင်းကွမ်းအားစီးနင်းထားသော ခွေးနက်ကြီးကို တစ်ချက်ကြည့်၍ ပြောဆိုလိုက်သည်။
"အခု ခင်ဗျား ကျုပ်ကိုပြောပြသင့်ပြီ...ခင်ဗျားက ဘယ်သူလဲ"
ခွေးနက်ကြီးသည် စိတ်ကြီးဝင်မောက်မာသောအမူအယာဖြင့် သူ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"ကောင်လေး ...ငါ့နာမည်က တာဟေး...မင်း ငါ့ကို ဘိုးဘေးတာဟေးလို့ ခေါ်လို့ရတယ်"
ဤအချိန်တွင် ခွေးနက်ကြီး၏စီးနင်းခြင်းခံနေရသော အောင်းကွမ်းသည် လက်သည်းငါးချောင်းရွှေရောင်နဂါးအသွင်သို့ ပြောင်းလဲပြီး မိုးကောင်းကင်ယံအတွင်း၌ လင်းလက်တောက်ပစွာ ပျံဝဲနေသည်။ခွေးနက်ကြီး၏မျက်နှာပေါ်၌ အလွန်အမင်းမောက်မာဝံ့ကြွားနေသော အမူအယာမျိုးရှိနေလေရာ ထိုခွေးသည် ဆိုးဆိုးရွားရွား အရိုက်နှက်ခံရခြင်းနှင့်သာ ထိုက်တန်ပေ၏။
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။သူ၏အတွေးတစ်ချက်နှင့်အတူ ရုတ်တရက် ခွေးနက်ကြီးထံမှာ နာကျင်စွာညည်းတွားသံများ ထွက်ပေါ်လာသည်။
"ငါ ဒါကိုလက်မခံနိုင်ဘူး...ကောင်စုတ်လေး...ငါ့ရဲ့အစစ်အမှန်စိတ်ဝိညာဥ် မင်းလက်ထဲမှာရှိနေတာနဲ့ပဲ မင်း ဆန္ဒရှိတိုင်း လုပ်နေတော့တာပဲ"
"အား...အား...နာတယ်ကွ...ရပ်လိုက်တော့...ငါ မှားသွားပါတယ်"
ခွေးနက်ကြီးသည် အဆက်မပြတ် စူးရှနာကျင်စွာအော်ဟစ်နေပြီးနောက် သူက အမြှီးကုပ်သွားသည့်တိုင် သူ၏မျက်နှာအမူအယာက စက်ဆုပ်ဖွယ်ကောင်းနေဆဲပင်။
"ကောင်လေး...ခုဏ မင်းထွက်လာကတည်းက မြောက်ပင်လယ်နဂါးမျိုးနွယ်ကကောင်မလေးကို ခေါ်လာရမှာ...သူ့ကိုကြည့်ရတာ မင်းကို စိတ်ဝင်စားနေပုံရတယ်...တကယ်လို့ မင်းသာပြောလိုက်ရင် အဲ့ဒီကောင်မလေးက မင်းနောက်လိုက်လာမှာသေချာတယ်"
လုယွီသည် စက်ဆုပ်ဖွယ်ခွေးနက်ကြီး၏ ပေါက်ပန်းလေးဆယ်စကားများကို လျစ်လျှူရှုကာ သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်လူးလွန့်နေသော စွမ်းအားများကို အာရုံခံလိုက်၏။
သူ၏ခန္ဓာကိုယ်သည် ယခင်ထက်ပို၍ အားကောင်းသန်မာလာသည်ကို သူ ခံစားမိသည်။
ပို၍အရေးကြီးဆုံးအချက်မှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်၏ လှည့်ပတ်မှုလမ်းကြောင်းပင်။
ထိုလမ်းကြောင်းသည် ယခင်က သူ ရရှိထားသည်နှင့် အလွန်ကွဲပြားနေသည်။
"အမတ်ကြီးချွယ်ကို ကျုပ် မယုံသင့်ဘူးလို့ ခင်ဗျားဘာလို့ပြောတာလဲ"
လုယွီက မေးမြန်းသည်။
လုယွီသည် ရှေးခေတ်အချိန်ကာလများနှင့်ပတ်သတ်၍ အစိတ်အပိုင်းအနည်းငယ်မျှသာ သိရှိထားသည်။သို့ရာတွင် သူ၏မသိစိတ်မှနေ၍ ခွေးနက်ကြီးအား ယုံကြည်စိတ်ချ၍ရသည်ဟု တွေးထင်မိပေ၏။
ခွေးနက်ကြီးသည် အလွန်ကြွားဝါတက်သောပုံစံရှိသော်လည်း သူ၏အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်သည် ယခင်ထက်အဆင့်မြင့်သွားသည်။
တာဟေးက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"အဲ့ဒီအချိန်တုန်းက...ငယ်ရွယ်ပြီးအလားအလာရှိတဲ့ အမတ်ကြီးချွယ်ကို ယုံကြည်ထိုက်သူတစ်ယောက်လို့ လူတော်တော်များများက တွေးထင်ထားကြတယ်...ဟား ဟား ဟား...အဲ့ဒီလူတွေအားလုံးက မှားယွင်းပြီး ခန့်မှန်းခဲ့ကြတာ...အမတ်ကြီးချွယ်က ဘယ်လိုကြောင်သူတော်မျိုးလဲဆိုတာ ငါ တစ်ယောက်တည်းပဲသိတယ်...ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှာ အမတ်ကြီးချွယ်ရဲ့စိတ်နှလုံးသားက အဆိပ်အပြင်းဆုံးပဲ"
တာဟေးသည် အတိတ်မှတစ်စုံတစ်ခုကို အမှတ်သွားပုံရှိသည်။သို့ရာတွင် သူက လုယွီကို ထိုကိစ္စအား ပြောဆိုခြင်းမရှိချေ။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး...
လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။ဤခွေးနက်ကြီးသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှတစ်စုံတစ်ယောက် ဖြစ်နေသလော။
"ခင်ဗျားက ပထမမျိုးဆက်နဂါးဧကရာဇ်လား"
လုယွီက မေးမြန်းလိုက်သည်။
တာဟေးသည် ထိုမေးခွန်းအား မျှော်လင့်ထားပုံမရချေ။သူ၏ခန္ဓကိုယ်တစ်ခုလုံးမှအမွှေးများ ချက်ချင်းပင် ထောင်မတ်သွားပြီး သူက ခုန်ထလိုက်၏။
"ဘယ်သူ...ဟိုလူအိုကြီးကို ပြောတာလား...ကောင်လေး ငါ မင်းကို ပြောပြမယ်...အမတ်ကြီးချွယ်ကို အဆိပ်အပြင်းဆုံးလူလို့ ပြောခဲ့မိတာ ငါ မှားသွားတယ်...အဲ့ဒီလူအိုကြီးကသာ လောကကြီးထဲမှာ အရှက်မရှိဆုံး ယုတ်ညံ့ကောက်ကျစ်ဆုံး တည်ရှိမှုကြီးပဲ...သူ့ရဲ့မျိုးဆက်တွေကလည်း တစ်ယောက်မှမကောင်းဘူး"
"ငါက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှာရှိတဲ့ လူပေါင်းတစ်သောင်းကျော်ထက်သာလွန်တဲ့ တည်ရှိမှုကြီးပဲ...ဘယ်လိုလုပ်ပြီး ငါက အကြိမ်ထောင်နဲ့ချီပြီး အခါခါပြန်သေသင့်တဲ့ ဟိုသေချင်းဆိုးလူအိုကြီး ဖြစ်နိုင်မှာလဲ"
Chapter 500
တာဟေး၏အံ့တင်းတင်းကြိတ်ပြောဆိုနေမှုကို ကြည့်ခြင်းအားဖြင့် သူနှင့် ပထမမျိုးဆက်နဂါးဧကရာဇ်ကြား၌ ကြီးစွာသောရန်ငြှိုးများရှိနေသည်ကို သိနိုင်ပေ၏။
ခွေးနက်ကြီးအောက်ရှိ အောင်းကွမ်း၏နဂါးခန္ဓာကိုယ်ကြီး ရုတ်တရက် တုန်ခါသွားသည်။
သူတို့၏နဂါးမျိုးနွယ်တွင် ပထမမျိုးဆက်နဂါးဧကရာဇ်သည် နတ်ဘုရားတစ်ပါးကဲ့သို့တည်ရှိမှုကြီးဖြစ်သည်။အကယ်၍ ပထမမျိုးဆက်နဂါးဧကရာဇ်၏မကောင်းကြောင်း တစ်စုံတစ်ခုပြောဆိုမိလျှင်ပင် မလေးမစားလုပ်ရာကျပေ၏။
ထိုခွေးနက်ကြီးကို သူ မည်သည်ကြောင့်အလွန်ကြောက်ရွံနေမိမှန်း သူမသိရှိချေ။သူ၏သွေးအတွင်းမှ သွေးမျိုးဆက်ဖိအားကြောင့် သူ ခွေးနက်ကြီးအား မည်သို့မျှတွန်းလှန်နိုင်စွမ်းမရှိပေ။
တာဟေးက အောင်းကွမ်း၏ခေါင်းကို ရုတ်တရက် ပုတ်လိုက်၏။
"အဲ့ဒီခွေးမသားအကြောင်းတွေးရတာနဲ့တင် ဒေါသထွက်လာပြီ...သွားကြစို့...မင်းနဲ့ငါ မိုးကောင်းကင်တလျှောက် ပျံဝဲပြီး လျှောက်ကြည့်ရအောင်"
အောင်းကွမ်းသည် ဟိန်းဟောက်ပြီး လေထုအတွင်းသို့ ပျံဝဲသွားတော့သည်။
လုယွီက ခေါင်းခါယမ်းနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ ယေဘုယျမှတ်ချက်တစ်ခု ရှိထားပြီးလေပြီ။
တာဟေးသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှတည်ရှိမှုကြီးဖြစ်ပြီး သူ၏အဆင့်အတန်းမှာ နိမ့်ပါးမည်မဟုတ်ချေ။ထိုသို့မဟုတ်ပါက တတိယမျိုးဆက်နဂါးဧကရာဇ်သည် တာဟေးအား အလွန်ရိုသေလေးစားစွာ ဆက်ဆံမည်မဟုတ်ပေ။
လုယွီသည် ယခင်က အမတ်ကြီးချွယ်အား သတိထား၍ ဆက်ဆံခဲ့သော်လည်း တစ်ဖက်လူ၏လှည့်စားမှုကို ခံခဲ့ရ၏။
အမတ်ကြီးချွယ်သည် အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်၌ လှည့်ကွက်များချန်ထားခဲ့သည်ကို သူ သတိမပြုခဲ့မိချေ။အကယ်၍ တာဟေးသာ ထွက်ပေါ်မလာပါက သူ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။
"ကောင်လေး...ငါက မင်းကိုရှာနေတာ မင်းက ဒီနေရာကို ရောက်နေတာကိုး"
ရုတ်ချည်းဆိုသလိုပင် အလွန်မောက်မာစွာ ပြောဆိုလိုက်သောအသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
လုယွီက လှည့်ကြည့်လိုက်ရာ သူထံသို့လျှောက်လှမ်းလာသော အောင်းဖန်းကို တွေ့မြင်မိသည်။
ဤအချိန်တွင် အောင်းဖန်း၏မျက်နှာပြုံးရွှင်နေပြီး သူကိုယ်သူ အခိုင်အမာယုံကြည်ချက်ရှိသောအမူအယာမျိုးရှိနေသည်။သူက လုယွီကို အေးစက်တင်းမာသောအကြည့်ဖြင့်ကြည့်နေပြီး သူ၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"အော်....မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးမြန်းသည်။
အောင်းဖန်းက ရက်စက်ယုတ်မာသောအပြုံးမျိုးနှင့် ပြောဆိုသည်။
"မင်းက နဂါးစည်းဝေးပွဲကနေ အချိန်မီထွက်လာနိုင်သားပဲ...မင်းဆီမှာရှိတဲ့ မှော်ရတနာတွေအားလုံး ငါ့ကိုပေးစမ်း...မင်း မြောက်ပင်လယ်နဂါးမျိုးနွယ်အတွက် အကျိုးဆောင်ပေးခဲ့တာကိုထောက်ထားပြီး ငါ မင်းရဲ့အလောင်းကိုအကောင်းပကတိချန်ထားပေးမယ်"
လုယွီက အောင်းဖန်း၏နောက်သို့ တစ်ချက်ကြည့်လိုက်၏။
"မင်းတစ်ယောက်တည်းနဲ့...ငါ့ကို လာတားဆီးဝံ့မှာမဟုတ်လောက်ဘူး"
တိုက်ပွဲအတွင်းတွင် သူ၏စွမ်းဆောင်ရည်များကြောင့် နဂါးမျိုးနွယ်ခေါင်းဆောင်များပင် သူ၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။သို့ရာတွင် အောင်းဖန်းသည် သူ၏ရှေ့၌ အလွန်မောက်မာသောအမူအယာဖြင့် ထွက်ပေါ်လာဝံ့သည်။
အောင်းဖန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဒါက မင်းကိုကျေးဇူးတင်ရမယ်...မင်းကြောင့်သာမဟုတ်ရင် ငါ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုး ရမှာမဟုတ်ဘူး"
ဖြောင်း...ဖြောင်း...
"အားလုံးပဲ....ထွက်လာကြတော့"
အောင်းဖန်းက လက်ခုပ်တီး၍ ပြောဆိုလိုက်သည်။သူ၏နောက်ရှိ ရေမျက်နှာပြင်သည် ရုတ်တရက်လှိုင်းထန်သွားပြီး ရေများဖြာခနဲပန်းထွက်လာသည်။
နဂါးဖြူတချို့ ရေမျက်နှာပြင်အောက်မှတိုးထွက်လာပြီး ရုတ်ချည်းဆိုသလိုပင် လုယွီ၏ နံဘေးပတ်ဝန်းကျင်ကို ဝိုင်းရံထားကြသည်။
လုယွီ၏မျက်လုံးများ ကျဥ်းမြောင်းသွားပေ၏။
"အရှေ့ပင်လယ်နဂါးမျိုးနွယ်လား"
နဂါးဖြူများသည် ယေဘုယျအားဖြင့် အရှေ့ပင်လယ်တွင်သာစုဝေးနေတက်ပြီး သူတို့အားလုံးသည် သာမာန်မဟုတ်သောအရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။
အောင်းဖန်းက ခေါင်းမော့၍ပြောဆိုသည်။
"အမှန်ပဲ...ငါက အရှေ့ပင်လယ်နဂါးမျိုးနွယ်နဲ့ ပူးပေါင်းလိုက်ပြီ...တကယ်လို့ မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင်တွေက ငါ့ရဲ့လမ်းကိုပိတ်ဆို့ဟန့်တားချင်တယ်ဆိုရင် သူတို့သေလမ်းကို သူတို့ကိုယ်တိုင်ရှာနေတာပဲ"
နဂါးစည်းဝေးပွဲ၏ဒုတိယရက်တွင် အောင်းဖန်း တောက်ပရောင်စဥ်ခန်းမသို့ သွားရောက်ခဲ့ခြင်းမရှိချေ။သူ၏နားလည်သဘောပေါက်မှုအရ အောင်းကွမ်းသည် နဂါးဧကရာဇ်ဖြစ်လာမည်မှာ အလွန်သေချာသောကိစ္စဖြစ်၍ သူ ထပ်မံကြည့်ရှုနေရန် မလိုအပ်တော့ချေ။
ထို့ကြောင့် အောင်းဖန်းသည် အခွင့်ကောင်းယူ၍ အရှေ့ပင်လယ်နဂါးမျိုးနွယ်ထံ အရှုံးပေးအညံခံခဲ့သည်။တန်ကြေးတချို့ကိုပေးအပ်ပြီးနောက် သူသည် အရှေ့ပင်လယ်နဂါးမျိုးနွယ်ဝင်များနှင့် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့၏။
သူ အရှေ့ပင်လယ်နဂါးမျိုးနွယ်သို့ ရောက်ရှိသွားချိန်တွင် အနိမ့်ကျဆုံးအဆင့်အတန်းကိုသာရရှိသော်လည်း အောင်းကွမ်းသည် နဂါးဧကရာဇ်ဖြစ်လာမည်ဟူသောကိစ္စကို တွေးတောမိချိန်တွင် သူ အလွန်စိတ်လှုပ်ရှားမိသည်။
နဂါးဧကရာဇ်၏မျိုးနွယ်အတွင်း၌ သူ အနိမ့်ကျဆုံးအဆင့်အတန်းဖြင့် နေနေရသည့်တိုင် နေဝင်ချိန်ရောက်နေပြီဖြစ်သော မြောက်ပိုင်းနဂါးမျိုးနွယ်တွင် နေထိုင်ရသည်ထက် ပို၍သာလွန်ကောင်းမွန်ပေမည်။
"သူ....ဒီလူဆီမှာ မှော်ရတနာတွေရှိနေတာလား"
နဂါးဖြူများသည် လုယွီအားကြည့်ပြီး မောက်မာသောလေသံဖြင့် ပြောဆိုသည်။
"ကြည့်ရတာတော့ ဘာမှလည်း ထူးခြားနေတာမျိုးမရှိပါဘူး...သာမာန်ပါပဲ...ဒါတောင် မင်းက တောင်ပေါ်နဂါးမျိုးနွယ်ခေါင်းဆောင်ကို အနိုင်ယူနိုင်ခဲ့တယ်ပေါ့လေ....မင်းဆီမှာရှိတဲ့မှော်ရတနာတွေက မဆိုးလောက်ဘူး....လာစမ်းပါ...ငါတို့ တစ်ချက်ကြည့်ကြည့်ရအောင်"
လုယွီသည် မလှုပ်မယှက်နေနေသည့်အပြင် သူ၏မျက်လုံးအကြည့်သည် သူတို့ထံတွင်မရှိဘဲ အဝေးတစ်နေရာသို့ ကျရောက်နေသည်။
သူသည် နဂါးဖြူများကို လျစ်လျှူရှုထားပြီး သူနှင့်မလှမ်းမကမ်းအကွာအဝေးရှိ ပင်လယ်ပြင်ကိုသာ စူးစိုက်၍ကြည့်နေသည်။