အခန်း (၁၅၀၁-၁၅၀၅)
Vol. 78 Ch. 1501-1505
Chapter 1501
"ငါတို့ မင်းကိုပြောနေတာလေ...မင်း နားကန်းနေတာလား"
အောင်းဖန်း၏အသံက ခက်ထန်တင်းမာနေသည်။
လုယွီသည် သူတို့အားမရှိသကဲ့သို့ လျစ်လျှူရှုထားပြီး အဝေးတစ်နေရာသို့ စိုက်ကြည့်နေဆဲပင်။
"အတင့်ရဲလိုက်တာ"
အောင်းဖန်း၏စိတ်နှလုံးသား လောင်ကျွမ်းလုမတက် ပူပြင်းတောက်လောင်လာပေ၏။အကယ်၍ လုယွီသည် သူတို့အားခုခံတိုက်ခိုက်ပါက သူ မည်သို့မျှ ခံစားရမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူတို့အား အပြည့်အဝလျစ်လျှူရှုထားသည်။သူတို့ ရှိမနေသကဲ့သို့ပင်။
အောင်းဖန်းက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"လူကြီးမင်းတို့...အဲ့ဒီကောင်စုတ်လေးဆီမှာ မှော်ရတနာကောင်းတွေ အများကြီးရှိတယ်....ငါတို့အားလုံး တပြိုင်နက်တည်းတိုက်ခိုက်ပြီး သူ့ကိုနှိမ်နင်းကြရအောင်"
"ဒီလောက်မောက်မာတဲ့ကောင်ကို ငါ ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ ..သူရဲ့မှော်ရတနာတွေကို ယူဆောင်ပြီးတဲ့အချိန်ကျရင် ငါ သူ့ကို အရှင်လတ်လတ်ဝါးစားပစ်မယ်"
နဂါးဖြူများသည်လည်း အလွန်အမင်း ဒေါသထွက်နေပေ၏။
နဂါးဖြူများသည် လုယွီအား တိုက်ခိုက်လုဆဲဆဲအချိန်မှာပင် ရုတ်တရက် သူတို့၏နောက်ရှိ ရေမျက်နှာပြင် ပေါက်ကွဲသွားသည်။
ဧရာမအနက်ရောင်ပုံရိပ်ကြီးသည် သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံသွားပြီး နေရောင်ကိုပင် ပိတ်ဖုံးသွားပေ၏။
နဂါးဖြူများသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် သူတို့၏ခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
သူတို့သည် ရေမျက်နှာပြင်အထက်၌ ဧရာမလိပ်နက်ကြီးတစ်ကောင် ထွက်ပေါ်လာခြင်းကို တွေ့မြင်လိုက်ရသည်။
ထိုလိပ်နက်ကြီး၏ခေါင်းတစ်လုံးကပင် မြောက်ပင်လယ်နန်းတော်တစ်ခုလုံး၏အရွယ်အစားမျှရှိသည်။သူ၏နောက်ကျောပေါ်တွင် ကြီးမားသောကျွန်းကြီးတစ်ကျွန်းရှိနေလေရာ နေရောင်အား ပိတ်ဖုံးလုမတက်ပင်။
လိပ်နက်ကြီးထံမှနေ၍ ထိတ်လန့်ကြောက်ရွံဖွယ်ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။ထိုလိပ်နက်ကြီး၏ဧရာမခန္ဓာကိုယ်ကြီးကို မြင်ရရုံသက်သက်ဖြင့်ပင် လူအများအား တုန်လှုပ်ချောက်ချားစေသည်။
နဂါးဖြူများ၏ခန္ဓာကိုယ်များ တုန်ရီသွားပေ၏။
"စီနီယာ...ကျွန်တော်တို့က အရှေ့ပင်လယ်နဂါးမျိုးနွယ်ဝင်တွေပါ...ကျွန်တော်တို့နဲ့ လိပ်နက်မျိုးနွယ်ဝင်တွေဟာ ဘယ်တော့မှ တစ်ယောက်ကိစ္စကိုတစ်ယောက် ဝင်စွက်ဖက်လေ့မရှိပါဘူး"
သူတို့၏ခန္ဓာကိုယ်များသည် သာမာန်ထက်ကြီးမားသော်လည်း ဤဧရာမလိပ်နက်ကြီး၏ရှေ့တွင်မူ သူတို့အားဖော်ပြရန်ပင် မထိုက်တန်ချေ။
သို့ရာတွင် လိပ်နက်ကြီးသည် သူတို့အား ကြည့်ရှုခြင်းပင်မရှိချေ။သူ၏ကြီးမားသောမျက်လုံးတစ်စုံဖြင့် လုယွီကိုသာ စူးစိုက်ကြည့်နေပေ၏။
"ငါတို့မျိုးနွယ်ရဲ့မြင့်မြတ်သူကျွမ်းက အခွင့်အာဏာမရှိဘဲ တိုက်ပွဲမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ငါ့ရဲ့အမိန့်ကို ချိုးဖောက်ခဲ့တယ်....နဂါးဧကရာဇ်က ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှက်ပေးပါ"
လိပ်နက်ကြီးက အက်ရှရှအသံဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် နဂါးဖြူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
နဂါးဧကရာဇ်ဟု ဆိုလိုက်သလော....
အရှေ့ပင်လယ်နဂါးဘုရင်အောင်းကွမ်းသည် ဤနေရာအနီးတဝိုက်၌ ရှိနေသလော....
ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ ရုတ်တရက် နဂါးတစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်သည် ရုတ်တရက် လိပ်နက်ကြီး၏ရှေ့သို့ ရောက်ရှိလာပေ၏။ထိုနဂါးသည် အောင်းကွမ်းပင်။
အောင်းကွမ်းထွက်ပေါ်လာသည်ကို မြင်သည်နှင့် နဂါးဖြူများသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ယုံကြည်ချက်များ ပေါက်ဖွားလာပေ၏။
"ကောင်လေး...မင်း ကံကောင်းသွားတယ်"
အောင်းဖန်းက လုယွီကို စူးစိုက်ကြည့်ပြီးပြောဆိုသည်။
အောင်းကွမ်းနှင့်လိပ်နက်ကြီးတို့သည် အလွန်ကြီးမားသောတည်ရှိမှုကြီးများဖြစ်ပြီး ဤနေရာသို့ရောက်ရှိနေသဖြင့် သူတို့ မည်သို့မျှ လှုပ်ရှား၍မရတော့ချေ။
အောင်းကွမ်းသည် လိပ်နက်ကြီးကိုကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောဆိုလိုက်၏။
"မင်းကိုကြည့်ရတာ မင်းနဲ့ငါကြားက သဘောတူညီချက်ကို မေ့သွားပုံရတယ်...နတ်ဆိုးသားရဲဘုရင်နဲ့ အဲ့အထက်အဆင့်တွေအားလုံး တခြားမျိုးနွယ်ထဲကို ခြေလှမ်းတစ်ဝက်တောင်ချခွင့်မရှိဘူး...အနောက်ပင်လယ်နဂါးဘုရင်က အဆင့်တိုးလာတာမကြာသေးဘူး...ဒါကြောင့် သူက ဒီလျှို့ဝှက်ချက်ကိုသိမှာမဟုတ်ဘူး...မင်းတို့မျိုးနွယ်ရဲ့ မြင့်မြတ်သူကျွမ်းကလည်း ဒါကိုမသိဘူးလား"
လိပ်နက်ကြီးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါ သူ့ကို ပင်လယ်နက်ထဲမှာနှစ်ပေါင်းသုံးရာ အကျဥ်းချထားဖို့ အပြစ်ပေးပြီးပါပြီ....တကယ်လို့ နဂါးဧကရာဇ်မှာ တခြားအမိန့်ပေးစရာရှိသေးရင်လည်း လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ပါတယ်"
ထိုစကားကိုကြားသည်နှင့် နဂါးဖြူများအားလုံး ကြက်သေသေသွားသည်။
အောင်းဖန်း၏စိတ်နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားပေ၏။သူသည် မြောက်ပင်လယ်၌မွေးဖွားခဲ့သူဖြစ်သဖြင့် လိပ်နက်ဘိုးဘေး မည်မျှထိအသက်ရှည်ပြီးအစွမ်းထက်သည်ကို သိရှိပြီးဖြစ်သည်။
လိပ်နက်ဘိုးဘေးသည် အောင်းကွမ်းအား ရိုသေလေးစားစွာပြောဆိုနေသည့်အပြင် ကြောက်ရွံမှုအရိပ်အယောင်တချို့ပင် ရောယှက်နေသည်ကို သူတို့အားလုံး တွေ့မြင်ကြရသည်။
"အရှေ့ပင်လယ်နဂါးမျိုးနွယ်တွေနဲ့ပူးပေါင်းလိုက်တာက ငါ့ရဲ့ဘဝတလျှောက်လုံးမှာ အကောင်းဆုံးဆုံးဖြတ်ချက်ပဲ"
အောင်းဖန်းသည် အလွန်စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်ဝမ်းမြောက်နေမိ၏။
ထိုအချိန်မှာပင် လုယွီ၏နှုတ်မှ စကားသံထွက်ပေါ်လာသည်။
"မြင့်မြတ်သူကျွမ်းရဲ့ကိစ္စကို ကျုပ် ဘေးဖယ်ထားလို့ရတယ်...ဒါပေမယ့် ကျုပ် မြောက်ပင်လယ်ကိုလာတုန်းက ခင်ဗျားရဲ့တိုက်ခိုက်ခဲ့မှုအတွက် ဖြေရှင်းချက်ပေးသင့်တယ် မထင်ဘူးလား"
လုယွီ၏အသံက အေးစက်တင်းမာနေပေ၏။
သူ မြောက်ပင်လယ်သို့လာခဲ့စဥ်က သူ့အားတိုက်ခိုက်ခဲ့သောလိပ်နက်ကြီးသည် သူ့ရှေ့ရှိလိပ်နက်ဘိုးဘေးဖြစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။
Chapter 1502
လိပ်နက်ဘိုးဘေးက လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။
"နဂါးဧကရာဇ်က ဘယ်လိုဖြေရှင်းချက်မျိုးကို အလိုရှိတာပါလဲ"
လုယွီ၏ပါးစပ် မဟမီမှာပင် နံဘေးဘက်ရှိ တာဟေးက အပြုံးနှင့် ပြောဆိုလိုက်သည်။
"လိပ်အိုကြီး...သူ့ကို မင်းရဲ့ခန္ဓာကိုယ်ပေါ်က ကမ္ပည်းကျောက်စာကိုပြလိုက်...အဲ့ဒါဆိုရင် ဒီကိစ္စပြီးသွားပြီ"
လုယွီက အနည်းငယ်ကြောင်အနေစဥ်မှာပင် သူ၏စိတ်အတွင်းသို့ တာဟေး၏အသံ ဝင်ရောက်လာသည်။
"ကောင်စုတ်လေး...လိပ်နက်ဘိုးဘေးရဲ့အဖိုးတန်ဆုံးရတနာက သူသယ်ဆောင်ထားတဲ့ ကမ္ပည်းကျောက်စာပဲ...တကယ်လို့ မင်း အဲ့ဒါကိုဂရုတစိုက်လေ့လာမယ်ဆိုရင် နောင်တစ်ချိန် မင်း ရှေးဟောင်းသိုင်းပညာနည်းစနစ်တွေကို နားလည်သဘောပေါက်အောင် ကြိုးစားတဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်လိမ့်မယ်"
လိပ်နက်ဘိုးဘေးသည် တာဟေးအားကြည့်ပြီး အံ့အားသင့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
"မင်းက..."
တာဟေးသည် လိပ်နက်ဘိုးဘေးကို စောင်းငဲ့ကြည့်ပြီးနောက် သူက ရှေးဟောင်းဘာသာစကားတစ်မျိုးအား ပြောဆိုလိုက်၏။
ထိုဘာသာစကားသည် အလွန်ရှေးကျသော ရှေးဟောင်းဘာသာစကားဖြစ်ပြီး လုယွီပင်လျှင် နားလည်သဘောပေါက်ခြင်းမရှိချေ။
လူအားလုံး၏အကြည့်များအောက်တွင် လိပ်နက်ဘိုးဘေး၏ခန္ဓာကိုယ်ကြီး အချိန်တခဏကြာတုန်ခါသွားသည်။သူ၏မျက်လုံးများက ပြူးကျယ်နေပြီး တာဟေးကို မယုံကြည်နိုင်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
"ကောင်းပြီလေ...ဘိုးဘေးက မင်းကိုကြည့်စေချင်နေမှတော့...ငါ မင်းကို ကြည့်ခွင့်ပြုလိုက်မယ်"
ရုတ်ချည်းဆိုသလိုပင် လိပ်နက်ဘိုးဘေးသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကျွန်းကြီးအား ထုတ်ဖော်ပြသလိုက်၏။
ထိုကျွန်း၏အလယ်ဗဟိုတွင် မြင့်မားသောတောင်နှစ်လုံးရှိနေသည်။
ထိုအချိန်မှာပင် ကျယ်လောင်သောတုန်ခါသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ တောင်နှစ်လုံးသည် တရွေ့ရွေ့ ဝေးကွာသွားသည်။
ထိုတောင်နှစ်လုံးရွေ့လျားသွားသည်နှင့် တောင်ပသောအလင်းတိုင်လုံးတစ်ခုက ကောင်းကင်ယံတိုင် ထိုးတက်သွားသည်။ထိုအလင်းတိုင်လုံးအတွင်း၌ ရှေးဟောင်းစည်းတံဆိပ်အက္ခရာများ ရေးထွင်းထားသော ၁၅မီတာခန့်မြင့်မားသောကျောက်စာတစ်ချပ်ရှိနေသည်။
လုယွီက ရှေ့တိုးပြီး ကျောက်စာရှေ့သို့ သွားလိုက်သည်။
"ဒီစည်းတံဆိပ်အက္ခရာတွေက အတော်လေးလျှို့ဝှက်ဆန်းကြယ်တာပဲ"
လုယွီက မျက်မှောင်ကြုတ်နေပေ၏။
သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့်ပင် ထိုကျောက်စာချပ်ကိုကြည့်လိုက်ပါက အနည်းငယ်မူးဝေလာသကဲ့သို့ ခံစားရသည်။
"မဟုတ်သေးဘူး...ဒါက နည်းလမ်းမှန်မဟုတ်ဘူး...ဒီစည်းတံဆိပ်အက္ခရာတွေကို ငါ တိုက်ရိုက်ဖတ်လို့မရဘူး...ဒါက ငါ့စိတ်ကို ဖရိုဖရဲဖြစ်စေလိမ့်မယ်"
လုယွီက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူကိုယ်သူ စိတ်တည်ငြိမ်စေရန် ထိန်းသိမ်းလိုက်သည်။
လူအားလုံး၏အကြည့်များအောက်၌ လုယွီသည် ကျောက်စာချပ်၏ရှေ့၌ ပလ္လင်ခွေထိုင်နေပြီး မည်သည့်ကိစ္စမျှမဖြစ်ပျက်သကဲ့သို့ ငြိမ်သက်စွာကျင့်ကြံနေပေ၏။
တာဟေးကမူ မျက်လုံးအပြူးသားဖြင့် လုယွီကိုစူးစိုက်ကြည့်နေပြီး တီးတိုးရေရွတ်နေလေသည်။
"သူ ရွေးချယ်ခံရတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီလိုနားလည်သဘောပေါက်မှုမျိုးက တကယ့်ကို နတ်ဆိုးဆန်လွန်းတယ်"
ရှေးဟောင်းအချိန်ကာလမှစ၍ လိပ်နက်ကျောက်စာ၏ရှေ့တွင် မည်သို့ပြုလုပ်ရမည်ကိုမသိဘဲ လမ်းပျောက်နေသော လူအမြောက်အများကို သူ မြင်တွေ့ခဲ့ရသည်။
ဤမျှအချိန်တိုအတွင်းတွင် စိတ်တည်ငြိမ်စေပြီး တိတ်တဆိတ်ကျင့်ကြံနိုင်သူမှာ လက်ငါးချောင်းစာပင်မပြည့်ချေ။
ကျောက်စာချပ်ရှေ့တွင် လုယွီသည် ပလ္လင်ခွေထိုင်နေဆဲဖြစ်ပြီး တခြားသူများက သူ့အား စောင့်ကြည့်နေကြသည်။
နဂါးဖြူများသည် တုန်လှုပ်ချောက်ချားစွာဖြင့် သူတို့၏နေရာ၌ ကြက်သေသေနေကြဆဲပင်။
ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် လူသားမျိုးနွယ်သည် တစ်ချိန်လုံး ဦးဆောင်စိုးမိုးထားသူ ဖြစ်ပုံရသည်။
ထို့ပြင် သူတို့နဂါးဘုရင်ကြီး၏ခေါင်းထက်၌ ခွေးနက်ကြီးတစ်ကောင်က လဲလျောင်းနေသည်။
"အရှင်မင်းကြီး...ဒါက....."
နဂါးဖြူများသည် သတိထား၍ မေးမြန်းလိုက်၏။
အောင်းကွမ်းသည် သူ၏မျိုးဆက်များကိုစောင်းငဲ့ကြည့်ပြီး ပြောဆိုလေသည်။
"သူက....ငါတို့နဂါးမျိုးနွယ်ရဲ့ နဂါးဧကရာဇ်အသစ်ပဲ"
ဘာ....
နဂါးဖြူများ၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
"ဒါက မဖြစ်နိုင်ဘူး....အရှင်မင်းကြီးက နဂါးဧကရာဇ်ဖြစ်ရမှာ မဟုတ်ဘူးလား"
ထိုစကားကိုကြားချိန်၌ အောင်းကွမ်းသည် ပို၍ပင်စိတ်ဓာတ်ကျဆင်းသွားပေ၏။သူသည် စိတ်မရှည်တော့ဟန်ဖြင့် နဂါးဖြူများအားလုံးကို အဝေးသို့တွန်းထုတ်လိုက်သည်။
"သွား...သွားကြစမ်း...မင်းတို့ ဘယ်နေရာမှာပဲနေနေ...ငါ့ကိုလာပြီး မနှောက်ယှက်ကြနဲ့"
နဂါးဖြူများသည် ဤနေရာ၌ဆက်၍မနေဝံ့ကြတော့သဖြင့် သူတို့ တက်နိုင်သမျှမြန်မြန် ထွက်ပြေးသွားကြတော့သည်။
အကယ်၍သာ အစောပိုင်းက သူတို့သည် နဂါးဧကရာဇ်အား ခြိမ်းခြောက်ခဲ့မိသည်ကို သူတို့၏နဂါးဘုရင်ကြီးသာသိရှိသွားပါက မည်ကဲ့သို့မျက်နှာအမူအယာမျိုးဖြစ်သွားမည်ကို သူတို့အားလုံးမသိနိုင်ချေ။
ရုတ်ချည်းဆိုသလိုပင် နဂါးဖြူများ၏မျက်လုံးအကြည့်များက အောင်းဖန်းထံသို့ စူးစိုက်၍ကျရောက်သွားပေ၏။
"မင်း...ငါတို့အရှေ့ပင်လယ်နဂါးမျိုးနွယ်ကထွက်သွားစမ်း"
နဂါးဖြူတစ်ကောင်က အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
အောင်းဖန်းက အော်ဟစ်ပြောဆိုလိုက်၏။
"ညီအကိုတို့...ငါ မင်းတို့ကို အရင်ကတည်းက အကျိုးအမြတ်တွေ ပေးပြီးသားလေ"
ဘန်း....
သိုလှောင်အိတ်တစ်အိတ်က အောင်းဖန်း၏မျက်နှာအား ရိုက်ခတ်မိသွားသည်။
"မင်းရဲ့ပစ္စည်းကိုပြန်ယူပြီး ဒီနေရာက မြန်မြန်ထွက်သွားစမ်း"
နဂါးဖြူတစ်ကောင်က ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောဆိုသည်။
"မင်းက ငါတို့ကိုပြဿနာဖြစ်စေမှတော့....ဒီနေရာမှာ မင်းကိုခေါ်ထားလို့ ဘာအသုံးဝင်မှာလဲ"
Chapter 1503
စကားဆုံးသည်နှင့် နဂါးဖြူများသည် အောင်းဖန်းကို လျစ်လျှူရှုကာ ထွက်ခွါသွားတော့သည်။
အောင်းဖန်းသည် သိုလှောင်အိတ်ကိုကောက်ယူပြီးနောက် ချက်ချင်းပင် သူ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ကောင်းပြီလေ ..မင်းတို့ စောင့်ကြည့်ကြစမ်း...ဒီနေရာက ငါ့ကိုလက်မခံမှတော့ ငါ မနေရုံပဲပေါ့...မင်းတို့အရှေ့ပင်လယ်နဂါးမျိုးနွယ်တွေ အနှေးနဲ့အမြန် နောင်တရစေရမယ်"
အောင်းဖန်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကြုံးဝါးလိုက်သည်။
သူက ခြေထောက်မြှောက်ပြီး မြောက်ပင်လယ်နဂါးနန်းတော်သို့ဦးတည်၍ ထွက်ခွါလိုက်၏။
ဤအချိန်တွင် နဂါးစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သဖြင့် နဂါးမျိုးနွယ်များအားလုံး ထိုနေရာ၌စုဝေးရောက်ရှိနေသည်။သူ၏ခွန်အားဖြင့်ဆိုပါက မည်သည့်နဂါးမျိုးနွယ်နှင့်မဆို ပူးပေါင်းနိုင်ပေသည်။
သူ မြောက်ပင်လယ်နဂါးနန်းတော်သို့ ရောက်ရှိစဥ်မှာပင် မြောက်များစွာသောနဂါးမျိုးနွယ်ခေါင်းဆောင်များသည် သူတို့၏မျိုးနွယ်ဝင်များနှင့်အတူ ဤနေရာမှ အလျှင်အမြန်ထွက်ခွါနေကြသည်ကို သူ တွေ့မြင်မိ၏။
အောင်းဖန်းက အပြေးဝင်သွားပြီး မေးမြန်းလိုက်၏။
"မင်းတို့ ဘာလို့ ထွက်ခွါသွားကြတာလဲ...နဂါးဧကရာဇ်အသစ်ရဲ့နန်းတက်ပွဲကို မစောင့်ကြတော့ဘူးလား"
သူ၏မှတ်ဥာဏ်အတွင်းရှိ ရှေးဟောင်းမှတ်တမ်းများအရ နဂါးဧကရာဇ်၏နန်းတက်ပွဲသည် အလွန်ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးဖြစ်သည်။
"အခုနဂါးဧကရာဇ်အသစ်က အရင်နဂါးဧကရာဇ်တွေနဲ့ ကွဲပြားတယ်...သူက ဘာအခမ်းအနားမှ လုပ်ဖို့မလိုဘူးလို့ အမိန့်ပေးထားတယ်"
တစ်ဖက်တွင် လုယွီသည် ထိုကဲ့သို့အခမ်းအနားမျိုးအား နှစ်သက်သဘောကျခြင်းမရှိချေ။
တခြားတစ်ဖက်တွင် နဂါးမျိုးနွယ်များသည် သူတို့၏နဂါးဧကရာဇ်အဆင့်အတန်းသည် လုယွီ၏ခေါင်းထက်သို့ ကျရောက်သွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြပေ။ထို့ကြောင့် မူလကပြင်ဆင်ထားသော နန်းတက်ပွဲအခမ်းအနားသည် အသုံးမဝင်သောအရာ ဖြစ်သွားပေ၏။
အောင်းဖန်းက အံ့အားသင့်တုန်လှုပ်သွားသည်။
"ဘယ်လိုမျိုး ကွဲပြားနေတာလဲ"
"ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာက တောက်ပရောင်စဥ်ခန်းမရဲ့လေထုအတွင်းမှာ သုံးရက်တိုင်တိုင် မျောလွင့်နေလိမ့်မယ်...မင်းဟာမင်း ဘာလို့ သွားမကြည့်တာလဲ"
ထိုနဂါးမျိုးနွယ်ဝင်သည် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွါသွားတော့သည်။
အောင်းဖန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တောက်ပရောင်စဥ်ခန်းမထံသို့ တဟုန်ထိုးပြေးသွားလေသည်။
တောက်ပရောင်စဥ်ခန်းမသည် ကြီးမားသောတိုက်ပွဲနှင့် တွေ့ကြုံခဲ့ရသည်မှာ သိသာထင်ရှားလှ၏။မူလက ပြားချပ်နေသောကျောက်ပြားများသည် ယခုလက်ရှိအချိန်၌ ကလိုင်ပေါက်များဖြစ်နေပြီး ကြီးမားသောအပေါက်ကြီးများကိုပင် မြင်တွေ့နိုင်သည်။
တောက်ပရောင်စဥ်ခန်းမ၏အလယ်ဗဟို၌ ရှေးဟောင်းမြင့်မြတ်နဂါးကျမ်းစာအုပ်သည် လေထုအတွင်းတွင် မျောလွင့်နေကာ မြင့်မြတ်ပြီးရှေးကျသောအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
အောင်းဖန်းက ကျမ်းစာအုပ်အား ကြည့်လိုက်ရာ စာရွက်ပေါ်၌ စာလုံးကြီးတချို့ဖြင့်ရေးသားထားသောစာကြောင်းကို တွေ့မြင်မိသည်။
နဂါးဧကရာဇ်....လုယွီ....
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...."
အောင်းဖန်သည် သူ၏ဝိညာဥ်လွင့်လုမတက် ခံစားနေရ၏။
မြင့်မြတ်နဂါးကျမ်းစာအုပ်ပေါ်၌ နာမည်တစ်ခု ထင်ကျန်ရစ်ခဲ့ခြင်းမှာ မှားယွင်းနိုင်စရာမရှိသောကိစ္စပင်။
တခြားစကားပြောင်းဆိုရလျှင် လူသားမျိုးနွယ်သည် နဂါးဧကရာဇ်အသစ် ဖြစ်သွားလေပြီ။
ဤသည်က သူ့၏အသိစိတ်များအားလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် အောင်းဖန်း၏မျက်လုံးအကြည့်သည် ရှေးဟောင်းမြင့်မြတ်ကျမ်းစာအုပ်၏တခြားထောင့်တစ်နေရာသို့ ကျရောက်သွားသည်။
ထိုနေရာ၌ ရှင်းလင်းစွာရေးသားထားသည်မှာ...
မြောက်ပင်လယ်နဂါးဘုရင်....အောင်းချမ်...
မြောက်ပင်လယ်နဂါးမျိုးနွယ်သည် အမှန်တကယ်ကိုပင် ရှင်သန်လွတ်မြောက်နိုင်ခဲ့ပြီး နဂါးဘုရင်အသစ်ပင် ရှိနေလေပြီ။
"နဂါးဘုရင်အောင်းချမ်....မင်းနဲ့ငါက မျိုးဆက်တူမိတ်ဆွေတွေလို့ ပြောလို့ရတယ်...ဒါက ငါတို့မျိုးနွယ်ရဲ့စိတ်ဆန္ဒကိုဖော်ပြတဲ့ လက်ဆောင်ငယ်လေးပါ"
"နဂါးဘုရင်အောင်းချမ်...ဒါက ငါတို့မျိုးနွယ်ရဲ့ သီးသန့်အင်မော်တယ်ကျောက်စိမ်းပဲ...ဒါက တစ်နှစ်မှာ တစ်ခါပဲ တူးဖော်နိုင်တယ်...ပြီးတော့ ဒီကျောက်စိမ်းက အကောင်းဆုံးအရည်အသွေးရှိတဲ့တစ်ခုပဲ...မင်းကို လက်ဆောင်အနေနဲ့ ပေးပါရစေ"
အောင်းချမ်၏နံဘေးပတ်လည်၌ မူလက အလွန်မောက်မာနေခဲ့သော နဂါးမျိုးနွယ်ဝင်များရှိနေပြီး ယခုလက်ရှိအချိန်တွင် သူတို့အားလုံးက သူမအား မျက်နှာချိုသွေးနေကြ၏။
တစ်ချိန်တည်းမှာပင် မူလက တခြားမျိုးနွယ်များ၏ပစ်ပယ်ခြင်းခံထားရသော မြောက်ပင်လယ်နဂါးမျိုးနွယ်များသည် ခေါင်းမော့ရင်ကော့၍ မတ်တတ်ရပ်နေကြပြီး သူတို့၏မျက်နှာများပေါ်၌ ဂုဏ်ယူဝင့်ကြွားသော အမူအယာများရှိနေသည်။
အောင်းဖန်းသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏နှလုံးသားအား ဓားတစ်ချောင်းဖြင့်ထိုးစိုက်ခံရသကဲ့သို့ ခံစားမိသည်။
တစ်ချိန်တုန်းက သူသည်လည်း မြောက်ပင်လယ်နဂါးမျိုးနွယ်ဝင် ဖြစ်ခဲ့ပေ၏။
သို့ရာတွင် သူ၏အဆက်မပြတ်ဆူပူသောင်းကျန်းနေမှုကြောင့် မြောက်ပင်လယ်နဂါးမျိုးနွယ်မှထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။
"အခုချိန် မြောက်ပင်လယ်နဂါးမျိုးနွယ်မှာ လူအင်အားလိုအပ်နေမှာပဲ...ငါ ပြန်သွားလိုက်ရင် သူတို့က ငါ့ကိုလက်ခံမှာသေချာတယ်"
အောင်းဖန်သည် အချိန်တခဏကြာ ကြေကွဲဝမ်းနည်းနေသော်လည်း မကြာမီမှာပင် သူ၏စိတ်အခြေအနေကို ပြန်လည်ထိန်းညှိလိုက်၏။
သူက စိတ်ကြီးဝင်မောက်မာသောအမူအယာဖြင့် အောင်းချမ်ထံသို့လျှောက်သွားပြီး ပြောဆိုသည်။
"အရင်တုန်းက ဖြစ်ခဲ့တာတွေအားလုံးက နားလည်မှုလွဲသွားတာ....ငါက အခု မြောက်ပင်လယ်နဂါးမျိုးနွယ်ကို ပြန်လာချင်တယ်...ငါ့ကို မိသားစုအမှတ်အသား ပြန်ပေးပါ"
သူ၏ပါရမီအရည်အချင်းနှင့်ဆိုပါက တစ်ဖက်လူသည် ငြင်းဆန်လိမ့်မည်မဟုတ်ဟု သူ အခိုင်အမာယုံကြည်ထားသည်။
အောင်းချမ်သည် အေးစက်တင်းမာသောအကြည့်ဖြင့် အောင်းဖန်းကိုကြည့်ပြီး ရုတ်တရက် သူမ၏လက်ထဲမှ ခွက်အတွင်းရှိရေအား မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။သူမက စကားတစ်ခွန်းမျှပင် ပြောဆိုခြင်းမရှိချေ။
"မှောက်ကျသွားတဲ့ရေကို ဘယ်တော့မှခွက်ထဲပြန်ထည့်လို့မရဘူး...ဒီကောင်က ပြန်လာဖို့ မျက်နှာပြရဲသေးတယ်ပေါ့လေ"
"ဟား ဟား ဟား....ငါ ဒီလိုအရေထူတဲ့ကောင်မျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး...ဒါက နဂါးမျိုးနွယ်တွေအတွက် အရှက်ရစရာပဲ"
ပတ်ဝန်းကျင်နေရာတစ်ခုလုံးမှ ပြက်ရယ်ပြုသံများသည် သူ၏နားအတွင်းသို့ဝင်ရောက်လာလေသည် အောင်းဖန်းသည် စိတ်မွန်းကျပ်သကဲ့သို့ခံစားလိုက်ရပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။
Chapter 1504
လိပ်နက်ကျောက်စာရှေ့၌...
လုယွီသည် အချိန်တခဏကြာ တွေးတောဆင်ခြင်ပြီးနောက် မသိစိတ်မှနေ၍ မတ်တတ်ထရပ်လိုက်ပြီး သူ၏လက်သီးကို ဝှေ့ယမ်းလိုက်သည်။
ထိုလက်သီးချက်သည် အလွန်အမင်းနှေးကွေးသော်လည်း နောက်ကွယ်၌ အကန့်အသတ်မရှိသောခွန်အားများ ပါဝင်နေပုံရသည်။
ဘုန်း....ဘုန်း....
လက်သီးချက်များ၏နောက်မှနေ၍ လေထုအတွင်း၌ ပေါက်ကွဲသံ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
လုယွီ၏မျက်လုံးများက စုံမှိတ်ထားဆဲဖြစ်ပြီး သူက နှစ်ခြိုက်စွာအိပ်မောကျနေသကဲ့သို့ပင်။
"အတွေးမဲ့တွေးတောခြင်းအိမ်မက်...ဒီလိုကျင့်ကြံခြင်းအခြေအနေမျိုးကိုဝင်ရောက်နိုင်ဖို့ ကျင့်ကြံသူတွေအများးကြီး အစွမ်းကုန်ကြိုးစားနေရတယ်....ဒီကောင်လေးက အချိန်ခဏလေးအတွင်းမှာ နားလည်သဘောပေါက်သွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လိပ်နက်ဘိုးဘေးက ညည်းတွားပြောဆိုနေပေ၏။
အောင်းကွမ်းသည် ခပ်တိုးတိုးဟိန်းဟောက်ပြီး သူ၏မျက်လုံးအကြည့်သည် လိပ်နက်ကျောက်စာပေါ်သို့ ကျရောက်သွားသည်။
ကံဆိုးစွာဖြင့် သူ၏ခွန်အားသည် နိမ့်ပါးခြင်းမရှိသည့်တိုင် လိပ်နက်ကျောက်စာမှနေ၍ မည်သည့်နားလည်သဘောပေါက်မှုမျိုးမှ ရရှိခြင်းမရှိချေ။
"မင်းရဲ့စွမ်းအားတွေကို ဖြုန်းတီးမနေနဲ့...ဒီကျောက်စာက လူသားမျိုးနွယ်တွေရဲ့ ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုပဲ...မင်း ကျင့်ကြံနိုင်တဲ့အရာမျိုးမဟုတ်ဘူး"
တာဟေးက အောင်းကွမ်းအားကြည့်၍ ပြောဆိုလိုက်၏။
"တကယ်လို့ မင်းရဲ့စွမ်းဆောင်ရည်ကောင်းမွန်တယ်ဆိုရင်...နောင်တစ်ချိန်ကျရင် ငါက ကျင့်ကြံနည်းစနစ်တွေ မင်းကို ဆုလာဘ်အဖြစ်ပေးမယ်...အဲ့ဒါတွေက ဒီကောင်စုတ်လေးကျင့်ကြံနေတာထက် နိမ့်ကျမှာမဟုတ်ဘူး"
သူ စကားပြောဆိုနေစဥ်မှာပင် လုယွီ၏လက်သီး ဝှေ့ယမ်းသံများသည် တစတစပို၍ ကျယ်လောင်လာသည်။
ဘုန်း...ဘုန်း...ဘုန်း...
လက်သီးတစ်ချက်နှင့်တစ်ချက်ကြားတွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ပုံပျက်သွားပုံရသည်။
လုယွီ၏လက်သီးချက်စွမ်းရည် တဖြည်းဖြည်း အဆင့်မြင့်လာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်မှနေ၍ အလင်းရောင်တန်းများဖြာထွက်လာကာ လင်းလက်တောက်ပနေသည်။
ရုတ်တရက် လုယွီက သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
သူ၏လက်ဝါးသည် လေဟာနယ်တစ်နေရာထံ ဦးတည်သွားပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်....မဟာလှိုင်းလေလက်ဝါး ...
ဘုန်းခနဲမြည်သံနှင့်အတူ မူလကတည်ငြိမ်နေသော ပင်လယ်ရေမျက်နှာပြင်သည် လေထုအတွင်းသို့ မြောက်တက်သွားသည်။အသက်ရှုချိန်အနည်းငယ်ခန့်ကြာပြီးနောက် လေထုအတွင်းမှပင်လယ်ရေများ ပြန်လည်ပြုတ်ကျလာကာ ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်သွားပေ၏။
လိပ်နက်ဘိုးဘေး၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကျောက်စာထဲမှာမြှုပ်နှံထားတဲ့အရာတွေကို နားလည်သဘောပေါက်နိုင်တဲ့ တစ်စုံတစ်ယောက်ရှိနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လိပ်နက်ဘိုးဘေး၏နောက်ကျောပေါ်ရှိ ကျောက်စာ၏အစစ်အမှန်လျှို့ဝှက်ချက်အား မည်သူမျှမသိရှိကြချေ။ထိုကျောက်စာချပ်အား ကံကောင်းထောက်မ၍ ကြည့်ခွင့်ရသူတချို့ရှိခဲ့သော်လည်း မည်သူမျှ နားလည်သဘောပေါက်ခြင်းမရှိပေ။
"ဟား ဟား ဟား...လိပ်နက်အိုကြီး...ဒီလျှို့ဝှက်နည်းစနစ်ကို မင်းနဲ့အတူချန်ထားရင် အလဟဿပဲဖြစ်မှာ...မင်းတို့လိပ်နက်မျိုးနွယ်ဝင်တွေအားလုံးကိုခေါ်ပြီး ဒီကောင်လေးဆီမှာ သင်ယူခိုင်းလိုက်ပါလား"
တာဟေးက အပြုံးနှင့်ပြောဆိုသည်။
"မရဘူး...ငါ အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး"
လိပ်နက်ဘိုးဘေးက ခေါင်းခါယမ်းပြလေသည်။
"အပြင်လူတစ်ယောက်ဆီမှာ သင်ယူတာက ငါတို့လိပ်နက်မျိုးနွယ်ရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့စည်းမျဥ်းနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတယ်...ဒါမျိုးကို ဒုတိယအကြိမ်လုပ်လို့မဖြစ်ဘူး"
ထို့နောက် လိပ်နက်ဘိုးဘေးသည် ခေါင်းမော့၍ လုယွီအားကြည့်ကာ ပြောဆိုသည်။
"နဂါးဧကရာဇ်...ဒီကိစ္စက ပြီးဆုံးသွားပြီ....ငါ သွားတော့မယ်"
စကားဆုံးသည်နှင့် သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အောက်သို့ တဖြည်းဖြည်းနစ်ဝင်သွားတော့သည်။
လုယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏လက်ဝါးရိုက်ချက်အတွင်းရှိ တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းကို အာရုံခံလိုက်သည်။
တုန်လှုပ်ချောက်ချားဖွယ်ရှေးဟောင်းသိုင်းပညာနည်းစနစ်များသည် လောကကြီးအနှံ့ ပျံ့နှံ့နေသည်ဟု သူ တွေးတောမိပေ၏။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ထိုရှေးဟောင်းသိုင်းပညာနည်းစနစ်များကို ရှာဖွေလိုပါက တိကျသေချာသောအခွင့်အရေးရှိရန်လိုအပ်သည်။
"ခင်ဗျား ဘာလို့ ကျုပ်ကိုကူညီနေတာလဲ"
လုယွီက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။
သူသည် တာဟေးအား ချိပ်ပိတ်ခံထားရမှုမှ လွတ်မြောက်စေရန် ကူညီခဲ့သည်။သို့ရာတွင် သူထံ၌သာ တချို့နည်းလမ်းများရှိမနေပါက တာဟေးသည် သူ့အား သတ်ဖြတ်ပြီးဖြစ်ပေမည်။
တာဟေးက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဒါက မင်းရဲ့ကံအရမ်းကောင်းပြီး သူ့ရဲ့အမွေအနှစ်ကိုရထားလို့လေ....မင်းနဲ့ငါ့ရဲ့ကံကြမ္မာကို အခုချိန်ကစပြီး ချည်နှောင်ထားလိုက်ပြီ...မင်းအောင်မြင်ရင် ငါလည်းစံစားရမယ်...တကယ်လို့ မင်းသေသွားရင်တော့ ငါ့ရဲ့ကံဆိုးမှုပဲ"
ထိုစကားကိုပြောပြီးနောက် တာဟေးသည် ရုတ်တရက် လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
"ကံကောင်းထောက်မပြီး မင်းရဲ့စိတ်ဝိညာဥ်ကမဆိုးဘူး...အဲ့ဒီလိုသာမဟုတ်ရင် မင်းရဲ့စိတ်ပျက်ဖို့ကောင်းတဲ့ ကျင့်ကြံဆင့်နဲ့ ဒီဘိုးဘေးက မင်းကိုလမ်းညွှန်ပေးဖို့တောင် စိတ်ပျက်မိမယ်"
Chapter 1505
"မင်းရဲ့စိတ်ဝိညာဥ်က တော်တော်လေးကောင်းမွန်တယ်...ငါ့ရဲ့ဘဝတလျှောက်လုံးမှာ ဒီလိုစိတ်ဝိညာဥ်မျိုး ပိုင်ဆိုင်ထားတဲ့သူဆိုလို့ နှစ်ယောက်ပဲတွေ့ဖူးတယ်"
"မင်း မိန်းကလေးတစ်ယောက်တလေကိုတောင် မထိတွေ့ခဲ့ဖူးဘူးလား...မင်းက ဘုန်းကြီးတော့ မဟုတ်လောက်ပါဘူးနော်....တကယ်လို့ အဲ့ဒီလိုကိစ္စမျိုးရှိရင်လည်း ဗုဒ္ဓရဲ့စိတ်ကျင့်ကြံနည်းစနစ်တချို့ ငါ မင်းကို လက်ဆင့်ကမ်းပေးမယ်"
"ပျင်းစရာကြီး....တကယ်ကို ပျင်းဖို့ကောင်းတာပဲ...မင်း ဒီဘိုးဘေးအတွက် ကောင်မလေးတစ်ယောက်လောက် ရှာပေးပါလား"
တာဟေးသည် မြောက်ပင်လယ်မှထွက်ခွါလာစဥ်မှစ၍ အဆက်မပြတ် ပူညံပူညံ ပြောဆိုနေသည်။
ထိုခွေးနက်ကြီးသည် အမှန်တကယ်ကိုပင် စက်ဆုပ်ဖွယ်ကောင်းပြီး အထူးသဖြင့် မိန်းကလေးများအကြောင်း ပြောဆိုသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ ညစ်ညမ်းသောအပြုံးမျိုးရှိနေသည်။
လုယွီက ပြောဆိုသည်။
"ခင်ဗျား အတော်အားလပ်နေမှတော့...ခင်ဗျားသိထားတဲ့ ကျင့်ကြံနည်းစနစ်တွေ ကျုပ်ကိုပြောပြတာ ပိုမကောင်းဘူးလား"
တာဟေးက အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီအား ကြည့်လိုက်သည်။
"မင်းကိုယ်မင်း ဘာထင်နေလဲ....ငါသိထားတာတွေက ပင်လယ်သမုဒ္ဒရာတမျှကျယ်ဝန်းတယ်...ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာ ငါမသိတဲ့ ကျင့်ကြံနည်းစနစ်ဆိုတာမရှိဘူး...မင်းရဲ့ဘဝတလျှောက်လုံးတောင် သင်ယူလို့ပြီးမှာမဟုတ်ဘူး"
လုယွီက တာဟေးအား စောင်းငဲ့၍ကြည့်လေ၏။
"ခင်ဗျားက ဘာမှသိတာမဟုတ်ဘဲနဲ့များ...ဆင်ခြေတွေအများကြီး ပေးမနေစမ်းပါနဲ့"
"ငါ မသိဘူး...ဟုတ်လား"
တာဟေး၏အသံက ချက်ချင်းဆိုသလိုပင် ကျယ်လောင်သွားသည်။
"ငါ ဘာမှမသိဘူးလို့ မင်း ပြောဝံ့တယ်ပေါ့လေ...မင်း ကျင့်ကြံနည်းစနစ်တစ်ခုရဲ့နာမည်ကိုသာပြောလိုက်...ဒီဘိုးဘေးမသိတာ ဘာမှမရှိဘူး"
လုယွီက တာဟေးအား ဆက်လက်၍ ဒေါသတကြီး ပြောဆိုသည်။
"ကောင်းပြီလေ...ခင်ဗျား အရင်ကကျုပ်ကိုပေးခဲ့တဲ့ ကျင့်ကြံနည်းစနစ်ကလည်း အဆင့်နိမ့်တဲ့ဟာပဲဖြစ်မှာ....အမွှေးတိုင်တစ်တိုင်စာတောင် အချိန်မယူလိုက်ရဘူး ကျုပ်က အစောပိုင်းအောင်မြင်မှုအဆင့်ကိုရောက်သွားတယ်...တကယ်လို့ ဒီလိုအမှိုက်မျိုးတွေဘဲ ခင်ဗျားဆီမှာရှိတာဆိုရင်...အပိုစကားတွေ ထပ်မပြောနဲ့တော့"
လမ်းတလျှောက်လုံး၌ လုယွီသည် တာဟေး၏အကျင့်စရိုက်ကို အကြမ်းဖျင်းခန့်မှန်းမိပြီးဖြစ်သည်။
တာဟေး၏မူလဇစ်မြစ်အား မသိရသော်လည်း သူသည် ရှေးခေတ်အချိန်ကာလတွင် နာမည်ကျော်ကြားသော တည်ရှိမှုကြီးဖြစ်မည်မှာ သိသာထင်ရှားသည်။
တာဟေးသည် အရှက်အကြောက်ကင်းမဲ့ရုံသာမက အလွန်အမင်းစိတ်ကြီးဝင်မောက်မာသောစရိုက်ရှိပြီး တခြားသူများက သူ့အားပြက်ရယ်ပြုသည်ကို သည်းခံနိုင်စွမ်းမရှိချေ။
လုယွီ၏ရန်စသောနည်းလမ်းသည် တာဟေးအပေါ်၌ အမှန်တကယ်အလုပ်ဖြစ်ပေ၏။
"ငါဘာမှမသိဘူးလို့ မင်းက ပြောဝံ့တာလား"
တာဟေးသည် ဒေါသတကြီးဖြင့် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သောမန္တန်တစ်ပုင်္ဒကို ရွတ်ဆိုလိုက်သည်။
ဝေါင်း....
ထိုမန္တန်အားကြားချိန်တွင် တာဟေး၏စီးနင်းခြင်းခံနေရသော အောင်းကွမ်းသည် စူးရှနာကျင်စွာအော်ဟစ်ပြီး မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ်ပြုတ်ကျသွားပြီး ခေါင်းပင်မဖော်ဝံ့တော့ချေ။
တာဟေး၏မန္တန်ရွတ်ဆိုသံနှင့်အတူ ပတ်ဝန်းကျင်ရှိလေဟာနယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ဖိအားလှိုင်းများကို အဆက်မပြတ် ထုတ်လွှက်နေသည်။
ထိုဖိအားအရှိန်အဝါမျိုးအား လုယွီ ယခင်က မခံစားခဲ့ဖူးချေ။
လုယွီက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်လိုက်၏။ထိုမှော်မန္တန်သည် အလွန်ရှေးကျပြီးရှုပ်ထွေးသော်လည်း သူက ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားမိသည်။
ကြည့်ရသည်မှာ သူသည် ထိုမှော်မန္တန်အား ယခင်ကတည်းက ကြားဖူးနေသကဲ့သို့ပင်။
မကြာမီမှာပင် လုယွီသည် ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ရောက်ရှိသွားပေ၏။
"ဘယ်လိုလဲ...ဒါကို မင်းနားမလည်ဘူးမလား...ငါ.....အမ်...."
တာဟေးသည် ဂုဏ်ယူဝင့်ကြွားနေဟန်ဖြင့် သူ၏မျက်လုံးကို ဖွင့်လိုက်သည်။ထို့နောက် သူက လုယွီအား လှောင်ပြောင်သရော်ရန် ပြင်ဆင်လိုက်၏။သို့ရာတွင် လုယွီသည် ဥာဏ်အလင်းပွင့်သောအခြေအနေ၌ နစ်မြုပ်နေသည်ကို သူ မြင်တွေ့မိသည်။
လုယွီ၏နံဘေးပတ်လည်၌ မှိန်ပျပျရွှေရောင်လေလှိုင်းလုံးများက လှည့်ပတ်နေပြီး နောက်ဆုံး၌ အရောင်အသွေးစုံတောက်ပသောတိမ်တိုက်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
"ဒီကောင်စုတ်လေးက အရမ်းကိုနတ်ဆိုးဆန်လွန်းတယ်"
တာဟေးသည် ကြက်သေသေနေပြီး လုယွီအား စူးစိုက်၍ကြည့်နေသည်။
သူသည် သူ၏မှတ်ဥာဏ်များအတွင်းမှ အလွန်ရှေးကျပြီးရှုပ်ထွေးပွေလီသော မှော်မန္တန်တစ်ပုဒ်ကို လုယွီအား ရွတ်ဆိုပြခဲ့ခြင်းဖြစ်သည်။
ထိုမှော်မန္တန်သည် ရှေးခေတ်အချိန်ကာလများရှိ အင်မော်တယ်များပင်လျှင် နားလည်သဘောပေါက်ရန်ခက်ခဲခဲ့သောအရာဖြစ်သည်။
အချိန်တခဏကြာပြီးနောက် လုယွီက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ၏မျက်လုံးများအတွင်း၌ တောက်ပလင်းလက်သော အလင်းရောင်များရှိနေသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူ၏နတ်ဘုရားစိတ်အာရုံသည် ယခင်ထက်နှစ်ဆနီးပါး အားကောင်းသွားသည်။
ဤကဲ့သို့အကျိုးသက်ရောက်မှုမျိုးသည် သဘာဝလွန်ဆန်သောနည်းစနစ်မျိုးပင်။
လုယွီက စကားပြောဆိုရန် ပါးစပ်ဟလိုက်သည့်အချိန်မှာပင် တာဟေးက ရုတ်တရက် သူ၏လက်ဖဝါးကိုဆန့်ထုတ်ပြီး အော်ဟစ်ပြောဆိုလိုက်၏။
"ကောင်းပြီလေ...ကောင်စုတ်လေး...မင်းက ငါ့ကို လှည့်ဖျားဝံ့တယ်ပေါ့လေ...ငါ မင်းကို ကျင့်ကြံနည်းစနစ်တွေ ထပ်မပေးနိုင်တော့ဘူး...မင်း အဲ့ဒီအကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့တော့"
Thank For Reading.