အခန်း (၁၅၀၆-၁၅၁၀)
Vol. 79 Ch. 1506-1510
Chapter 1506
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ....
လောကကြီးတခွင်လုံးတွင် အစွန်အဖျားအကျဆုံးဒေသဖြစ်သဖြင့် စိတ်ဝိညာဥ်စွမ်းအင်များသည် ဤနေရာ၌မရှိသလောက်နည်းပါး အလွန်ရှားပါးသည်။
ထို့ပြင် ရှေးခေတ်အချိန်ကာလများမှစတင်၍ တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင် တားမြစ်ကန့်သတ်ချက်တစ်ခု ရှိပုံရသည်။ဤနေရာ၌ကျင့်ကြံသည့် ကျင့်ကြံသူ မည်သူမဆို တာအိုဒုတိယဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်စွမ်းမရှိချေ။
အကျိုးဆက်အနေဖြင့် ကျင့်ကြံသူအမြောက်အများသည် ပို၍မြင့်မားသောအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှဖယ်ခွာ၍ အလယ်ပိုင်းကုန်းမြေကဲ့သို့သော နယ်မြေများသို့ သွားကြရသည်။
"ငါပြောပြရင်တောင် မင်း ဘာမှသိမှာမဟုတ်ဘူး...ပြန်တွေးကြည့်ရင် ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှာတုန်းက ငါ့ကိုအမိဖမ်းချင်တဲ့ နတ်သမီးတွေကိုတန်းစီလိုက်ရင် ကောင်းကင်ပျံဝဲခန်းမကနေ တောင်ပိုင်းကောင်းကင်ဘုံတံခါးအထိရှိတယ်...ဒါပေမယ့် ငါက မြင့်မြင့်မားမားမှန်းတက်တဲ့သူဆိုတော့ အဲ့ဒီသာမာန်ဆန်ပြီးအစွမ်းအစနည်းတဲ့ နတ်သမီးတွေကို သတိတောင်မပြုမိဘူး"
အထီးကျန်နတ်ဘုရားလှေရပ်တန့်သွားချိန်၌ တာဟေးသည် လူလတ်ပိုင်းကြီးတစ်ယောက်၏ဘေးသို့သွား၍ စကားတတွတ်တွတ်ပြောဆိုနေသည်။
ထိုလူလတ်ပိုင်းကြီးသည် အောင်းကွမ်းပင်။
လမ်းတလျှောက်လုံး တာဟေး၏မရပ်မနား စကားပြောဆိုနေမှုကြောင့် အောင်းကွမ်း၏မျက်နှာတပြင်လုံး ရှုံမဲ့နေသည်။
"စိတ်ပျက်ဖို့ကောင်းတာကတော့ အချိန်က လူတွေကိုမစောင့်တာပဲ...အခုချိန်မှာ နှစ်ထောင်သောင်းချီ ကုန်ဆုံးသွားပြီ...ငါ့ကိုသွေးဆောင်ဖြားယောင်းနေတဲ့ ကောင်မလေးတွေလည်း အခုချိန်ဆို အမှုန်အမွှားတွေဖြစ်သွားလောက်ပြီ....ဟူး...ငါက လှပတဲ့လက်ထပ်ပွဲလေးတစ်ခုရှိခဲ့တာတောင် မြတ်နိုးတန်ဖိုးထားမှု မရှိခဲ့မိဘူး"
တာဟေးသည် ပြင်းပြသောစိတ်ခံစားချက်များနှင့် မိုးကောင်ကင်အား မော့ကြည့်နေပေ၏။
လုယွီသည် တာဟေး၏တွေဝေငေးမောနေခြင်းကို လျစ်လျုရှုပြီး မေးမြန်းလိုက်၏။
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ဘာလို့ ကျင့်ကြံခြင်းတားမြစ်ကန့်သတ်ချက်ရှိနေတာလဲဆိုတာ ခင်ဗျားသိလား"
တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိကျင့်ကြံသူများသည် မည်သည်ကြောင့် တာအိုဒုတိယဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိသည်ကို သူ သိလိုပေ၏။
ဤနေရာသည် သူ အသစ်တဖန်ပြန်လည်မွေးဖွားလာခဲ့သောနေရာဖြစ်ပြီး သူ၏ဇာတိမြေဟု သတ်မှတ်နိုင်သည်။တာဟေးသည် ရှေးခေတ်အချိန်ကာလများမှ အသက်ရှင်ကျန်ရစ်သူဖြစ်သဖြင့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏လျှို့ဝှက်ချက်တချို့ကို သတိပြုမိနိုင်သည်။
တာဟေးသည် ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ပြီး သူက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။
"အင်း...ဒါကအမှန်ပဲလေ...ဒီနေရာက ကောင်းကင်ဘုံတရားရုံးရဲ့ အပြစ်သားနယ်မြေပဲ"
"အပြစ်သားနယ်မြေလား"
လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။
ဤနာမည်ကိုကြားရုံမျှဖြင့် နေရာကောင်းတစ်ခုမဟုတ်နိုင်တော့ချေ။
တာဟေးက ပြောဆိုသည်။
"အမတ်ကြီးချွယ်က ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အပျက်အစီးနယ်မြေတွေအကြောင်း မင်းကို အရင်က ပြောပြပြီးပြီလို့ ငါထင်တယ်...မင်း အခုရှိနေတဲ့နေရာက ရွှေအင်မော်တယ်တွေတောင် လာဖို့ဆန္ဒမရှိတဲ့ နေရာမျိုးပဲ"
"ဘာလို့လဲ"
လုယွီက မေးမြန်းသည်။
တာဟေးက အပြုံးနှင့် ပြောဆိုလေ၏။
"ဒီချာတူးလံနေရာက အပြစ်သားတွေကိုချုပ်နှောင်ထားဖို့ အထူးအသုံးတဲ့နေရာပဲ...ဒီနေရာမှာထိန်းသိမ်းခံရတဲ့ဘယ်သူမဆို သူတို့ရဲ့ကျင့်ကြံဆင့်ကို အဆင့်တစ်ခုထိဖိနှိပ်ခံထားရတယ်...သူတို့ရဲ့မျိုးဆက်တွေတောင် ဒီဖိနှိပ်ချုပ်နှောင်ခံရမှုကနေ မလွတ်မြောက်နိုင်ဘူး...ဒီအပြစ်သားနယ်မြေကနေမထွက်ခွာနိုင်ရင် သူတို့ရဲ့ဘဝသက်တမ်းတလျှောက်လုံး သေမျိုးတွေအဖြစ်ပဲနေရတော့မှာ"
ရုတ်တရက် တာဟေးသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"သောက်ချေးပဲ...အစတုန်းက ငါ ဒီချာတူးလန်နယ်မြေထဲမှာ ပိတ်လှောင်ခံရလုနီးပါးပဲ...ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်မားနေတော့ ဒီအပြစ်သားနယ်မြေရဲ့အဆင့်နဲ့ ငါ့ကိုချုပ်နှောက်မထားနိုင်ဘူး"
လုယွီ၏စိတ်နှလုံးသား ဆို့နင့်သွားသည်။တောင်ပိုင်းနယ်မြေရှိကျင့်ကြံသူများ မည်သည်ကြောင့် ကျင့်ကြံဆင့်တားမြစ်ကန့်သတ်ခံထားရသည်ကို နောက်ဆုံး၌ သူ နားလည်သွားလေပြီ။
ဤနေရာရှိ သက်ရှိမျိုးနွယ်များအားလုံးသည် မွေးဖွားလာစဥ်မှစ၍ သူတို့၏ခန္ဓာကိုယ်များအတွင်း၌ အမှတ်အသားတစ်ခု ပါဝင်လာခဲ့သည်။သူတို့ မည်မျှပင်ကြိုးစားကျင့်ကြံနေပါစေ တာအိုဒုတိယဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်မဟုတ်ချေ။
ရှေးဟောင်းအချိန်ကာလများတွင် ဤနေရာ၌ချုပ်နှောင်ခံထားရတာ အစွမ်းထက်ကျင့်ကြံသူများပင်လျှင် သေခြင်းတရားနှင့်သာ အဆုံးသတ်ရပေမည်။
"ဒီနေရာက တားမြစ်ကန့်သတ်ချက်ကို ဘယ်လိုနည်းနဲ့ ချိုးဖျက်နိုင်တယ်ဆိုတာ ခင်ဗျားသိလား"
လုယွီက မေးမြန်းသည်။
တာဟေးသည် လုယွီကိုစောင်းငဲ့ကြည့်ပြီး ထူးဆန်းသောအပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒါက အကျဥ်းထောင်လေ...မင်း နားလည်ရဲ့လား...ငါတို့က အပြစ်သားတွေ လွတ်မြောက်မသွားအောင်တောင် ကာကွယ်တားဆီးရမှာလေ...ပြီးတော့ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့ အပြစ်သားနယ်မြေက ဖျက်ဆီးလို့မရနိုင်တဲ့တည်ရှိမှုကြီးပဲ"
"ဒါပေမယ့်....နှစ်တွေအများကြီး ကုန်ဆုံးပြီးတဲ့နောက်မှာ...ဒီနေရာက ထောင်စောင့်တွေလည်း အမှုန်အမွှားဖြစ်သွားလောက်ပြီ...ကောင်စုတ်လေး မင်းက ဒီနေရာကိုချိပ်ပိတ်ထားတဲ့ သော့ကိုတွေ့အောင်ရှာနိုင်ရင်...ငါ့မှာ ဒီအပြစ်သားနယ်မြေရဲ့ တားမြစ်ကန့်သတ်ချက်ကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းရှိတယ်"
တာဟေးသည် ရုတ်တရက် လုယွီအားစူးစိုက်ကြည့်ပြီး သူ၏မျက်လုံးများက လင်းလက်တောက်ပနေသည်။
"ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်"
"ဘာအခြေအနေလဲ"
လုယွီက မေးမြန်းသည်။
"ဒီဘိုးဘေးအတွက် မင်း ကောင်မလေးသုံးယောက်ရှာပေးရမယ်...သူတို့က ချောမောလှပရမယ်နော်"
Chapter 1507
လုယွီသည် ထူးဆန်းသောအကြည့်ဖြင့် တာဟေးအားကြည့်လိုက်သည်။တာဟေး၏စိတ်မရှည်ပုံရသော အမူအယာကိုမြင်ချိန်တွင် သူက ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုလေ၏။
"ဒီအကြောင်းကို နောက်မှပြောတာပေါ့"
သူ၏ပင်ကိုယ်အသိစိတ်မှနေ၍ တာဟေးအား အမှန်တကယ်ယုံကြည်စိတ်ချ၍မရဟု သတိပေးနေသည်။
တာဟေးသည် ဒေါသထွက်သွားသော်လည်း သူ၏အစစ်အမှန်စိတ်ဝိညာဥ်အား လုယွီ ထပ်၍ညှင်းပန်းနှိပ်စက်မည်ကို ကြောက်ရွံနေပေ၏။သူက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။
"ထားလိုက်တော့...မင်း ဘာမှလုပ်ဖို့မလိုအပ်ဘူး ...ဒီဘိုးဘေးရဲ့ ချောမောခန့်ညားမှုနဲ့ဆိုရင် မိန်းမလှလေးတွေက ငါ့ရဲ့လက်မောင်းကြားထဲ အလိုလိုတိုးဝင်လာကြမှာပဲ"
လုယွီသည် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။တာဟေး၏ယုံကြည်ချက်များ မည်သည့်နေရာကရောက်ရှိလာသည်ကို သူ မသိရှိချေ။
"ကျုပ်ရဲ့အဒေါ်ကို အရင်သွားတွေ့ကြစို့"
လုယွီက တွေဝေစဥ်းစားနေမိသည်။သူသည် အိမ်သို့ အလျှင်အမြန်ပြန်လိုသော်လည်း သူ၏အဒေါ်အား အရင်းနှီးဆုံးဆွေမျိုးအဖြစ် သူ သတ်မှတ်ထားဆဲပင်။အစပိုင်းက သူ အလယ်ပိုင်းကုန်းမြေသို့ သွားရောက်နိုင်ရန်အတွက် သူ၏အဒေါ်ဖြစ်သူသည် အင်အားများစွာစိုက်ထုတ်ခဲ့ရသည်။
လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ ကန့်သတ်ခြင်းခံထားရသည့်တိုင် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ယခင်အတိုင်း တည်ရှိနေဆဲပင်။
အချိန်နှစ်နာရီမပြည့်မီမှာပင် လုယွီတို့သည် သမင်ဖြူကျောင်းတော်သို့ ရောက်ရှိလာခဲ့သည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေတခွင်လုံးတွင် အစွမ်းထက်ဆုံး ကွန်ဖြူးရှပ်တာအိုကျောင်းတော်ဖြစ်သော သမင်ဖြူကျောင်းတော်သည် ကွန်ဖြူးရှပ်ကျောင်းတော်သားများ စုဝေးရာနေရာဖြစ်သည်။တစ်စုံတစ်ယောက်သည် အထက်ကောင်းကင်ယံမှကြည့်ရှုပါက မြင့်မြတ်သောအဖြူရောင်စွမ်းအားလှိုင်းများ ကျောင်းတော်၏လေထုအတွင်း၌ ပြည့်နှက်နေသည်ကို တွေ့မြင်ရပေမည်။
"ဒီအရှိန်အဝါတွေက ခရမ်းရောင်နဲ့စိမ်းပြာရောင်ရှိပြီးတော့ နေရောင်ခြည်ကိုဖြတ်ကျော်လာတဲ့ သက်တန့်လိုပဲ...သမင်ဖြူကျောင်းတော်က နောင်အနာဂတ်မှာ ဧကန်မုချ မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်လာမှာပါ"
လုယွီသည် လေထုအတွင်းရှိအရှိန်အဝါများကို အာရုံခံပြီး သူ၏စိတ်ခံစားချက်များ ပြင်းထန်နေသည်။
သူသည် ယခင်က ဤအရှိန်အဝါများအား ထွင်းဖောက်မြင်နိုင်စွမ်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်ရုံသာမက ရှေးဟောင်းသိုင်းပညာနည်းစနစ်များကို လေ့ကျင့်ထားသူလည်းဖြစ်သည်။သူ၏ခွန်အားသည်လည်း ယခင်နှင့် မတူညီတော့ချေ။
"ကျွတ်...ကျွတ်...ဒါက မင်းရဲ့ဇာတိမြေလား...ဘာလို့ အောင်းကွမ်းကို နဂါးပုံစံမပြောင်းခိုင်းတာလဲ...အဲ့ဒီလိုမှ မင်းက အားကောင်းပြီးခန့်ညားထည်ဝါတဲ့အရှိန်အဝါနဲ့ ဇာတိမြေကို ပြန်လို့ရတာပေါ့"
တာဟေးက ရယ်မောပြီး ပြောဆိုသည်။
လုယွီက ခေါင်းခါပြလေ၏။
"ဒါက စာပေသင်ကြားတဲ့နေရာ...အထဲကို တိတ်တိတ်ဆိတ်ဆိတ်ဝင်ကြမယ်...သူတို့ရဲ့ကျင့်ကြံမှုကို အနှောက်အယှက်မဖြစ်စေနဲ့"
"စာပေရူးတစ်သိုက်ကိုများ...."
တာဟေးက အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံပြီး ရေရွတ်လိုက်သည်။
လူတစ်ယောက် ခွေးတစ်ကောင်နှင့် နဂါးတစ်ကောင်သည် သမင်ဖြူကျောင်းတော်၏တံခါးမှနေ၍ အတွင်းသို့ဝင်လိုက်ကြသည်။အစောင့်များသည် ခွေးနက်ကြီးအား မြင်တွေ့ချိန်တွင် အနည်းငယ်အံ့အားသင့်သွားပုံရသော်လည်း မကြာမီမှာပင် သူတို့၏စိတ် ပြန်လည်တည်ငြိမ်သွားသည်။
ကွန်ဖြူးရှပ်ပညာရှင်များအကြားတွင် နတ်ဆိုးသားရဲများအားမွေးမြူသူ အမြောက်အများရှိသည်။ထိုအစောင့်များသည် တာဟေးအား လုယွီ၏နတ်ဆိုးသားရဲဟု ယူဆလိုက်ကြသည်။
"ကျောင်းတော်ထဲကလူအများစုက သမင်ဖြူတွေနဲ့ကြိုးကြာဖြူတွေကိုပဲ မွေးမြူကြပါတယ်...ခွေးတစ်ကောင်ကိုမွေးမြူတဲ့သူမျိုးကို ငါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ...ပြီးတော့ အဲ့ခွေးက အရမ်းရုပ်ဆိုးတဲ့ခွေးနက်ကြီး ဖြစ်နေသေးတယ်"
လုယွီ ဖြတ်သန်းသွားပြီး အချိန်တခဏအကြာတွင် အစောင့်သည် မအောင့်မအည်းနိုင်တော့ဘဲ တီးတိုးရေရွတ်လိုက်တော့သည်။
"ညီအကို...ကျောင်းအုပ်ကြီးရဲ့အိမ်တော်က ဘယ်နားမှာလဲမသိဘူး"
လုယွီသည် ကျောင်းတော်သားတစ်ယောက်ကို ဟန့်တား၍ မေးမြန်းလေ၏။
နှစ်အနည်းငယ်ကြာပြီးနောက် သမင်ဖြူကျောင်းတော်၏အရွယ်အစားသည် ယခင်ထက်နှစ်ဆနီးပါး ရှိနေလေပြီ။ယခင်နေရာများကို လုယွီ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ချေ။
ကျောင်းတော်သားက ထူးဆန်းသောအမူအယာမျိူးဖြင့် လုယွီအား စောင်းငဲ့၍ကြည့်လိုက်သည်။
"မင်းက ကွန်ဖြူးရှပ်ပညာရှင်ရဲ့ကျမ်းဂန်ကို နားလည်သဘောပေါက်ချင်လို့လား"
ကျမ်းဂန်ကို နားလည်သဘောပေါက်ရန်ဟု ဆိုသလော။
လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။ထိုကျောင်းတော်သား ဆိုလိုချင်သော အဓိပ္ပါယ်ကို သူ နားမလည်ချေ။
ကျောင်းတော်သားက ခေါင်းခါယမ်းပြီး ပြောဆိုလိုက်သည်။
"မင်းက ခုမှကျောင်းတော်ကို အသစ်ရောက်လာတဲ့သူလို့ ငါ ထင်တယ်..မင်းက အသက်ငယ်ရွယ်ရုံတင်မကဘူး...အစေခံနဲ့ခွေးကိုတောင် ဒီနေရာထိ ခေါ်လာသေးတယ်...ငါ မင်းကို ပြောပြမယ်...မင်းက အစပိုင်းမှာကတည်းက ကြိုးကြိုးစားစားသင်ယူပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်သင့်တယ်...ရည်ရွယ်ချက်မဲ့ပြီး လက်တွေ့မဆန်တဲ့အရာတွေကို အရမ်းကြီးမှီခိုအားထားမနေနဲ့"
လုယွီက တစ်ဖက်လူသည် သူ့အား နားလည်မှုလွဲမှားနေသည်ကို သိရှိသွားသဖြင့် သူက လေသံဖျော့ဖျော့ဖြင့် ပြောဆိုလိုက်သည်။
"ငါက ကျောင်းအုပ်ကြီးကို လာရှာတာပါ"
ကျောင်းတော်သားက အပြုံးနှင့် ပြောဆိုသည်။
"ကောင်းပြီလေ...ထားလိုက်တော့...မင်းတို့လို လူသစ်လေးတွေက အရှုံးကိုမတွေ့ရမခြင်း လက်လျှော့မှာမဟုတ်ဘူး...ကျောင်းအုပ်ကြီးက ကွမ်ချောင်အဆောင်မှာရှိတယ်...အရှေ့တည့်တည့်ကိုသာ မင်းလျှောက်သွားလိုက်....အခုချိန်မှာ စီနီယာလီရှင်းက ကျမ်းဂန်ကို နားလည်သဘောပေါက်မှုရနေပြီ...မင်း အဲ့ဒီနေရာကိုရောက်ရင် ကောင်းကောင်းလေ့လာခဲ့...ဒါက နောင်တစ်ချိန် မင်းရဲ့ကျင့်ကြံမှုမှာ အထောက်အကူဖြစ်လိမ့်မယ်"
ထို့နောက် ကျောင်းတော်သားက ခေါင်းခါယမ်းပြီး ထွက်ခွါသွားတော့သည်။
တာဟေးက သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"စာပေရူးတစ်သိုက်လို့ ငါ ပြောခဲ့သလိုပဲ...ဒီစာကြမ်းပိုးကတော့ ထင်ရာမြင်ရာ လျှောက်ပြောနေတာပါလား"
"သွားကြည့်ကြစို့"
သမင်ဖြူကျောင်းတော်သည် ယခုလက်ရှိအချိန်၌ မည်သည့်ကိစ္စများ ပြုလုပ်နေသည်ကို လုယွီ အလွန်သိချင်နေမိ၏။
Chapter 1508
သမင်ဖြူကျောင်းတော်...ကွမ်ချောင်အဆောင်...
ဤနေရာသည် ရိုးရှင်းသောခြံဝန်းတစ်ခုဖြစ်ပြီး အခန်းသုံးခန်းသာပါရှိသည်။
ထိုအိမ်ခြံဝန်းသည် ဖြောင့်မတ်ပြီး စိမ်းစိုနေသောဝါးတောအုပ်၏အလယ်ဗဟို၌တည်ရှိပြီး မလှမ်းမကမ်းအကွာအဝေးတွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေသော ရေတံခွန်တစ်ခုရှိပြီး အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာဖြစ်သည်။
လုယွီ ထိုနေရာသို့ရောက်ရှိသွားချိန်တွင် အိမ်ပြင်ပ၌ မြောက်များစွာသော ကွန်ဖြူးရှပ်ကျောင်းတော်သားများ စုဝေးရောက်ရှိနေကြသည်။
သူတို့အနက်မှအများစုသည် သမင်ဖြူကျောင်းတော်မှ တပည့်များဖြစ်ပေ၏။သူတို့အားလုံးသည် ဤနေရာ၌စုရုံးရောက်ရှိနေပြီး မလှမ်းမကမ်းအကွာအဝေးရှိ ကျောင်းတော်သားဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို ကြည့်နေကြသည်။
ထိုကျောင်းတော်သားလူငယ်၏ရှေ့တွင် ဝါးစာလိပ်တစ်ခုက မျောလွင့်နေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။ကျောင်းတော်သားလူငယ်သည် သူ၏ရှေ့ရှိ ဝါးစာလိပ်ကို လေ့လာဆင်ခြင်နေသောအခြေအနေ၌ နစ်မြုပ်နေသည်။
"စီနီယာအကိုလီရှင်းက မိန်းမောတွေဝေနေတာ နှစ်နာရီကျော်လောက်ရှိနေပြီ"
"အရင်တုန်းကဆိုရင် စီနီယာအမဆောင်အန်းချီရဲ့ လေ့လာဆင်ခြင်နိုင်မှုက အမြင့်မားဆုံးပဲ...သူက သူတော်စင်ရဲ့ရှေးဟောင်းကျမ်းဂန်ထဲက စကားလုံးသုံးရာကျော်ကို နားလည်သဘောပေါက်နိုင်ခဲ့တယ်...စီနီယာအကိုလီရှင်းကတော့ ဘယ်လောက်များများ နားလည်သဘောနိုင်မလဲမသိဘူး"
ထိုမြင်ကွင်းအား စောင့်ကြည့်နေသူများသည် လေသံတိုးတိုးဖြင့် စကားပြောဆိုနေကြ၏။
ထိုအချိန်မှာပင် လုယွီသည် ကွမ်ချောင်အဆောင်သို့ ရောက်ရှိခဲ့သည်။အနီးအနားရှိလူတချို့ကိုမေးမြန်းပြီးနောက် ဤနေရာ၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို သူ သိရှိသွားလေပြီ။
သမင်ဖြူကျောင်းတော်သည် နယ်မြေအကျယ်အဝန်းအား ချဲ့ထွင်ရန်ကြံရွယ်ခဲ့သည်။ထို့ကြောင့် သူတို့သည် ကျောင်းတော်၏အဆောက်အအုံသစ်များတည်ဆောက်နိုင်ရန်အတွက် ကျယ်ဝန်းသောနေရာတစ်ခုကိုရွေးချယ်ရန် ဖုန်းရွှေပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ခဲ့သည်။
ဖုန်းရွှေပညာရှင် အလုပ်စတင်သောအချိန်မှာပင် မြေကြီးအတွင်းမှနေ၍ သူတော်စင်တစ်ယောက်၏အမွေအနှစ်ပစ္စည်းများကို တူးဖော်ရရှိခဲ့ပေ၏။
ထိုအချိန်တွင် သမင်ဖြူကျောင်းတော်တစ်ခုလုံး အံ့အားသင့်တုန်လှုပ်သွားကြပြီး မြေနေရာအား ရွေးချယ်ခဲ့သော ဖုန်းရွှေပညာရှင်ပင်လျှင် ကြက်သေသေသွားသည်။
သူသည် ထိုနေရာ၌ ဆိတ်ငြိမ်အေးချမ်းသောအရှိန်အဝါများရှိနေသဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူတော်စင်၏အမွေအနှစ်များအား တူးဖော်ရရှိမည်ဟု သူ မျှော်လင့်မထားမိချေ။
သမင်ဖြူကျောင်းတော်၏ကျောင်းအုပ်ကြီးသည် ကွန်ဖြူးရှပ်ပညာရှင်များနှင့်အတူ သူတော်စင်၏အမွေအနှစ်ကို ရိုသေလေးစားစွာ ယူဆောင်ခဲ့သည်။ထိုအမွေအနှစ်သည် သင်္ချိုင်းပစ္စည်းများဖြစ်နေသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရ၏။
သူတော်စင်၏အမွေအနှစ်သည် ကွန်ဖြူးရှပ်ဝတ်စုံတစ်စုံအပြင် ကျမ်းဂန်တစ်ခုသာ ပါရှိသည်။
သမင်ဖြူကျောင်းတော်၏မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထိုကျမ်းဂန်အား အချိန်ယူ၍ လေ့လာဆင်ခြင်ခဲ့ကြသည်။သူတို့သည် ထိုးထွင်းသိမြင်မှုတချို့ ရရှိခဲ့သော်လည်း လုံလောက်ခြင်းမရှိဟု ကောက်ချက်ချခဲ့သည်။
အချိန်များကြာလာသည်နှင့်အမျှ သမင်ဖြူကျောင်းတော်၏ကျောင်းအုပ်ကြီး လုဝမ်ရှင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သမင်ဖြူကျောင်းတော်၏တပည့်ဖြစ်သော မည်သူမဆို သူတော်စင်၏ကျမ်းဂန်အား လေ့လာဆင်ခြင်ရန် အရည်အချင်းပြည့်မီသည်ဟု သူမက အမိန့်ထုတ်လိုက်၏။
ကျောင်းတော်၏တပည့်တစ်ယောက်သည် ကျမ်းဂန်အား ထိုးထွင်းသိမြင်နိုင်ပြီး ရေးမှတ်ပေးပါက ကျောင်းတော်၏အကျိုးဆောင်အမှတ်များဖြင့် လဲလှယ်နိုင်သည်။
ထိုအချိန်တခဏတွင် သမင်ဖြူကျောင်းတော်တစ်ခုလုံး ပွက်လောရိုက်သွားပေ၏။
ကျောင်းတော်တပည့်တစ်ယောက်သည် သူတော်စင်၏ကျမ်းဂန်ကို အနီးကပ်လေ့လာခွင့်ရရုံသာမက ဂိုဏ်းအကျိုးဆောင်အမှတ်များနှင့်လည်း လဲလှယ်နိုင်သေးသည်။
ထိုကဲ့သို့ကိစ္စကောင်းမျိုးအား နှစ်တစ်ရာ၌တစ်ကြိမ် ကြုံတွေ့ရန်ပင် ရှားပါးပေ၏။
ယခင်က သမင်ဖြူကျောင်းတော်အား ဝင်ရောက်ရန် ဆန္ဒမရှိသူများပင် သူတော်စင်၏ကျမ်းဂန်အား လေ့လာနိုင်ရန်အတွက် ကျောင်းတော်သို့ ရောက်ရှိလာကြသည်။
"ဒီရက်တွေအတွင်းမှာ လူတွေအများကြီး ဒီနေရာကိုလာပြီးကြိုးစားကြတယ်...ဒါပေမယ့် လူအများစုကတော့ သူတော်စင်ရဲ့ကျမ်းဂန်ကို တစ်ချက်ကြည့်မိရုံနဲ့တင် အိပ်မောကျသလိုဖြစ်သွားတာပဲ...ဟူး...ဒါက ရှက်ရွံစရာပဲ"
ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်က သက်ပြင်းရှိုက်ရင်း ပြောဆိုလိုက်သည်။
သူတော်စင်၏ကျမ်းဂန်အား လေ့လာဆင်ခြင်ခြင်းသည် မြင်နေရသကဲ့သို့ ရိုးရှင်းသောကိစ္စမဟုတ်ချေ။
ဤကဲ့သို့ကျမ်းဂန်မျိုးအား လေ့လာဆင်ခြင်နိုင်ရန်အတွက် စိတ်ဝိညာဥ်စွမ်းအားမြင့်မားနေရန်လိုအပ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် အခြေခံလိုအပ်ချက်ကိုပင် ပြည့်မီခြင်းမရှိပါက ကျမ်းဂန်အားတစ်ချက်ကြည့်နိုင်ရန်ပင် လွန်စွာခက်ခဲပေမည်။
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး ဝါးခမောက်ဆောင်းထားသော မိန်းကလေးတစ်ယောက်သည် လူအုပ်ကြား၌ ထွက်ပေါ်လာပေ၏။သူမ၏အနက်ရောင်ဆံနွယ်ရှည်များသည် ဝါးခမောက်အောက်မှနေ၍ ဝဲဖြာကျနေပေ၏။
သူမ၏မျက်နှာပေါ်၌ မျက်နှာတစ်ခြမ်းအားဖုံးကွယ်ထားသော မျက်နှာလွှားဇာကို တပ်ဆင်ထားသည်။သို့ရာတွင် သူမ၏ရွှန်းစိုတောက်ပသော မျက်လုံးတစ်စုံကိုသာ မြင်နေရသည့်တိုင် လူအများ၏စိတ်နှလုံးသားအား လှုပ်ခတ်စေသော အလှပိုင်ရှင်မှန်း သိရှိနိုင်သည်။
"ဒါက စီနီယာအမ ဆောင်အန်းချီပဲ"
"သူက စီနီယာအကိုလီရှင်းကို လာစောင့်ကြည့်တာပဲဖြစ်မယ်...သူတို့နှစ်ယောက်က သိုင်းပညာကျောင်းဆောင်ရဲ့ အဓိကနည်းပြရာထူးကိုရဖို့ တိုက်ခိုက်နေကြတာ"
"အရမ်းလှတာပဲ...နောင်တစ်ချိန်မှာ ငါ ဒီလိုမျိုးမိန်းမလှတစ်ယောက်ကို လက်ထပ်ခွင့် ရနိုင်ပါ့မလား"
Chapter 1509
လူအုပ်ကြီး၏ပြောဆိုဆွေးနွေးနေမှုအကြားမှနေ၍ ဆောင်အန်းချီသည် တဖြည်းဖြည်း နံဘေးဘက်သို့လျှောက်သွားပြီး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
တခြားလူများကဲ့သို့ပင် သူမသည်လည်း လီရှင်း၏လေ့လာဆင်ခြင်မှုကို လာရောက်စောင့်ကြည့်ခြင်းဖြစ်သည်။
"သိုင်းပညာကျောင်းဆောင်က သမင်ဖြူကျောင်းတော်ရဲ့အားအကောင်းဆုံးကျောင်းဆောင်တွေထဲက တစ်ခုပဲ...တကယ်လို့ တစ်ယောက်ယောက်က အဓိကနည်းပြအဖြစ်နဲ့ သိုင်းပညာကျောင်းဆောင်ကို ဝင်ရောက်နိုင်ရင် မဟာကွန်ဖြူးရှပ်ပညာရှင်အဆင့်ကို တိုးမြှင့်ပေးခံရမှာ"
"ဒီတစ်ကြိမ်မှာ ထိုးထွင်းသိမြင်နိုင်မှုက အရမ်းအရေးကြီးတယ်...တကယ်လို့ စီနီယာအကိုလီရဲ့ထိုးထွင်းသိမြင်နိုင်မှုကသာ စီနီယာအမဆောင်ထက်နိမ့်ကျနေရင်...ဒီတစ်ကြိမ်တော့ သူ့ရဲ့အဆင့်နိမ့်ကျသွားနိုင်တယ်"
လူအုပ်ကြီးက ပြောဆိုဆွေးနွေးနေစဥ်မှာပင် လီရှင်းသည် ရုတ်တရက် စုတ်တံကိုကောက်ကိုင်ပြီး သူ၏ရှေ့ရှိအဝတ်စပေါ်၌ စတင်ရေးသားလိုက်သည်။
"ကြည့်ကြအုံး...စီနီယာအကိုလီက စရေးနေပြီ"
"ဒါက အရမ်းမြန်တာပဲ...ဒီတစ်ကြိမ်တော့ သူရဲ့ထိုးထွင်းသိမြင်နိုင်မှုကနေ စာလုံးဘယ်လောက်များများရေးနိုင်မလဲမသိဘူး"
ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် လီရှင်းမည်မျှထိ ထိုးထွင်းသိမြင်နိုင်မည်ကို သိရှိလိုကြသဖြင့် သူ့အား စူးစိုက်၍ကြည့်နေကြသည်။
သမင်ဖြူကျောင်းတော်သို့ဝင်ရောက်နိုင်ရန် ကွန်ဖြူးရှပ်ကျင့်ကြံသူများအားလုံးတွင် ခိုင်မာသောအခြေခံရှိရန်လိုအပ်သည်။
လီရှင်းသည် သူ၏စုတ်တံကိုအတန်းလိုက်ရွေ့လျားနေပြီး ထင်ရှားသောစာလုံးများကို အဝတ်စပေါ်၌ ထင်ကျန်စေခဲ့သည်။
စာလုံးတစ်ရာ...
စာလုံးနှစ်ရာ....
"စာလုံးသုံးရာတောင် ကျော်သွားပြီ...စီနီယာအကိုလီရှင်းရဲ့ထိုးထွင်းသိမြင်နိုင်မှုက စီနီယာအမဆောင်ကို ကျော်လွန်သွားပြီပဲ"
ကျောင်းတော်သားအများစုသည် ဆောင်အန်းချီအား တိတ်တခိုးကြည့်လိုက်ကြ၏။သို့ရာတွင် ဆောင်အန်းချီသည် သူမရှေ့၌ ဖြစ်ပျက်နေသော အရာရာတိုင်းသည် သူမနှင့်မသက်ဆိုင်သည့်အလား အမူအယာကင်းမဲ့စွာဖြင့် မတ်တတ်ရပ်နေဆဲပင်။
သူတော်စင်၏ကျမ်းဂန်အား ထိုးထွင်းသိမြင်မှုကို ကြုံရာကျပန်း ရေးမှတ်၍မရချေ။
လီရှင်း၏ရှေ့၌ မျောလွင့်နေသော ကျမ်းဂန်စာလိပ်အတွင်းတွင် အစစ်အမှန်စာလုံးတစ်လုံးမျှ မပါဝင်ပေ။ထိုအစား သူတော်စင်၏နတ်ဘုရားစိတ်အာရုံမှနေ၍ မှတ်တမ်းတင်ထားခြင်းမျိုးသာရှိသည်။
လေ့လာဆင်ခြင်သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို အမှီသဟဲပြု၍ သူတော်စင်၏နတ်ဘုရားစိတ်အာရုံမှထိုးထွင်းသိမြင်မှုရရှိပြီးမှသာ ရေးမှတ်နိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ကြုံရာကျပန်းရေးမှတ်ထားသည်ကို မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်မှ ရှာဖွေတွေ့ရှိသွားပါက ထိုသူအား ကျောင်းတော်မှ တိုက်ရိုက်ထုတ်ပယ်ခံရပေမည်။ထိုသူသည် ဤနေရာ၌ကျင့်ကြံခွင့်အား ဆုံးရှုံးရမည်သာမက သူ၏နာမည်ဂုဏ်သတင်းလည်း ပျက်စီးကာ သူ၏တာအိုနှလုံးသား အကြီးအကျယ်ထိခိုက်သွားပေလိမ့်မည်။
အချိန်အတော်ကြာပြီးနောက် လီရှင်းသည် စာလုံးတစ်ထောင်ခန့်ရေးသားပြီးချိန်တွင် စာရေးခြင်းကို ရပ်တန့်လိုက်သည်။
"နောက်ဆုံးတော့ သူ ရေးလို့ပြီးသွားပြီပဲ...စီနီယာအကိုလီရှင်းက သူတော်စင်ရဲ့ကျမ်းဂန်တစ်အုပ်လုံးကို ထိုးထွင်းသိမြင်သွားတာများလား"
ကျောင်းတော်သားများသည် သူတို့၏စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ သူတို့၏လည်ပင်းများကိုဆန့်ထုတ်၍ ကြည့်လိုက်ကြသည်။
လီရှင်းသည် မတ်တတ်ထရပ်ပြီး သူ၏လက်အတွင်းရှိပိုးထည်စကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်တွန့်ကွေးသွားသည်အထိ ပြုံးလိုက်၏။
"စီနီယာအကိုလီရှင်း...စီနီယာက......"
ကျောင်းတော်သားတစ်ယောက်က လီရှင်းထံသွား၍ မေးမြန်းသည်။
လီရှင်းက မောက်မာဝံ့ကြွားဟန်ဖြင့် ခေါင်းမော့ပြီး သူ၏လက်အတွင်းရှိ ပိုးထည်စကို ခါယမ်းလိုက်၏။
"ငါက သူတော်စင်ရဲ့ကျမ်းဂန်တစ်ခုလုံးကို ထိုးထွင်းသိမြင်နိုင်သွားပြီ"
ဘာ...
လူတိုင်း အံ့အားသင့်တုန်လှုပ်သွားပေ၏။လီရှင်း၌ ထိုကဲ့သို့အရည်အချင်းမျိုး ရှိနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"ငါအခုမှတ်မိသွားပြီ...အရင်တုန်းက ကျောင်းအုပ်ကြီးနဲ့မဟာကွန်ဖြူးရှပ်ပညာရှင်တွေရဲ့ သူတော်စင်ကျမ်းဂန်အပေါ် ထိုးထွင်းသိမြင်နိုင်မှုက စာလုံးတစ်ထောင်ပဲရှိတာ"
"စီနီယာအကိုလီရဲ့ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည်က မဟာကွန်ဖြူးရှပ်ပညာရှင်တွေနဲ့တောင် နှိုင်းယှဥ်လို့ရနေပြီ...သူ့ရဲ့လက်ရှိအဆင့်ကို ငါတို့ စိတ်ကူးယဥ်ပုံဖော်နိုင်ဖို့တောင် ခက်ခဲနေပြီပဲ"
ကျောင်းတော်သားများသည် မနာလိုအားကျသောအကြည့်ဖြင့် လီရှင်းအား စူးစိုက်ကြည့်နေကြ၏။
လီရှင်းသည် စိတ်ဆွပေးသောအကြည့်မျိုးဖြင့် ဆောင်အန်းချီအား ကြည့်လိုက်သည်။
"ဂျူနီယာညီမလေးဆောင်...ကြည့်ရတာတော့ မင်းရဲ့သူတော်စင်ကျမ်းဂန်အပေါ် ထိုးထွင်းသိမြင်နိုင်မှုက မလုံလောက်သေးပုံပဲ...မင်း အားလပ်တဲ့အချိန်တွေကျရင် စာများများဖတ်ပါ"
ဆောင်အန်းချီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ဂုဏ်ယူပါတယ်"
သူမ၏လျစ်လျူရှုထားသောအပြုအမူသည် လီရှင်း၏ ရန်စ စကားအား မကြားသကဲ့သို့ပင်။
လီရှင်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူသည် ဆောင်အန်းချီ၏အပြုအမူအား စိတ်ကျေနပ်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
ကျွီ...
ထိုအချိန်မှာပင် ကွမ်ချောင်အဆောင်၏တံခါးမကြီး ရုတ်တရက် ပွင့်သွားသည်။
ဆံပင်များတခေါင်းလုံးဖြူဖွေးနေသည့် ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်သည် အဆောင်အတွင်းမှ ထွက်လာပြီး လူအုပ်ကြီးအား ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"မင်းတို့အားလုံး....သူတော်စင်ရဲ့ကျမ်းဂန်ကနေ ထိုးထွင်းသိမြင်နိုင်မှုတွေကို ရေးသားပြီးကြပြီလား"
ကျောင်းတော်သားများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ကျောင်းတော်သားအများစု၏မျက်နှာများပေါ်တွင် ရှက်ရွံသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့သည် စာအုပ်ထောင်ပေါင်းများစွာကို ဖတ်ရှုပြီးသူများဖြစ်သည့်တိုင် သူတော်စင်၏ကျမ်းဂန်ကို လေ့လာဆင်ခြင်ရချိန်တွင် သူတို့၏ထိုးထွင်းသိမြင်မှုများအား စာတစ်ကြောင်းမျှပင် ရေးမှတ်နိုင်စွမ်းမရှိချေ။
"ဒါက ကျွန်မရဲ့ထိုးထွင်းသိမြင်နိုင်မှုပါ"
ဆောင်အန်းချီက ရိုသေလေးစားသောအမူအယာဖြင့် စာရွက်တစ်ရွက်အား လက်ကမ်းပေးလိုက်သည်။
မဟာကွန်ဖြူးရှပ်ပညာရှင်သည် စာရွက်ကိုယူဆောင်ပြီးနောက် တစ်ချက်ကြည့်ပြီး သူက ခေါင်းညိမ့်ပြကာ ပြောဆိုသည်။
"ဒါက အမှန်ပဲ...သူတော်စင်ကျမ်းဂန်အပေါ် မင်းရဲ့ထိုးထွင်းသိမြင်နိုင်မှုက မပြည့်စုံသေးပေမယ့် နည်းနည်းလေးတောင်မှ လွဲချော်မှုမရှိဘူး...မင်းက သူတော်စင်ချန်ထားခဲ့တဲ့ အမွေအနှစ်ကို လေ့လာဖို့အတွက် ကွမ်ချောင်အဆောင်ထံကို ဝင်ရောက်နိုင်တယ်"
Chapter 1510
"ဆရာ...ကျွန်တော်ရဲ့ထိုးထွင်းသိမြင်နိုင်မှုကိုလည်း တစ်ချက်ကြည့်ကြည့်ပါအုံး"
နံဘေးဘက်၌မတ်တတ်ရပ်နေသော လီရှင်းက သူ၏လက်အတွင်းရှိပိုးထည်စကို လက်ကမ်းပေးလိုက်သည်။
မဟာကွန်ဖြူးရှပ်ပညာရှင်က ပိုးထည်စအား ယူဆောင်လိုက်၏။အကြည့်တစ်ချက်ဖြင့်ပင် သူ၏ခန္ဓာကိုယ် ရုတ်တရက်တုန်ခါသွားသည်။
သူက ပိုးထည်စပေါ်ရှိစာများကို အကြိမ်အနည်းငယ်ခန့် ဂရုတစိုက်ဖတ်ရှုပြီး သူ၏ပါးစပ်မှတတွတ်တွတ်ရေရွတ်နေကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"မင်းက တကယ့်ကိုပဲ ကျမ်းဂန်ရဲ့ဒုတယပိုင်းကိုတောင် လေ့လာဆင်ခြင်ခဲ့တာပါလား"
မဟာကွန်ဖြူးရှပ်ပညာရှင်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သူတို့ ထိုးထွင်းသိမြင်နိုင်ခဲ့သည်မှာ သူတော်စင်ကျမ်းဂန်၏ပထမပိုင်းဖြစ်သည်။သို့ရာတွင် လီရှင်းသည် ကျမ်းဂန်၏ဒုတိယပိုင်းကိုပင် ထိုးထွင်းသိမြင်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် လီရှင်း၏စာတမ်းအား အကြမ်းဖျင်းဖတ်ပြီးချိန်တွင် သူတို့ထိုးထွင်းသိမြင်ထားသည်နှင့် များစွာကွာဟမှုမရှိကြောင်း တွေ့မြင်မိသည်။လီရှင်း၏စာတမ်းသည် ရှေ့နောက်ဆက်စပ်မှုရှိပြီး အလွန်အမင်းချောမွေ့နေပေ၏။
လူအုပ်ကြီးအကြားမှနေ၍ ရံဖန်ရံခါ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
လီရှင်းသည် အလွန်အစွမ်းထက်လွန်းပေ၏။သူတို့သည် ယခင်က လီရှင်းသည် မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ထိုးထွင်းသိမြင်ထားမှုကို ပြန်ကူးရေးသည်ဟု တွေးထင်ခဲ့ကြသည်။
သို့ရာတွင် ယခုလက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် လီရှင်းသည် ယခင်ကသူ၏ထိုးထွင်းသိမြင်မှုများကို အခြေခံ၍ ဖြည့်စွတ်မှုအမြောက်အများပြုလုပ်ထားသည်မှာ သိသာထင်ရှားပေ၏။
"ဟူး...ကြည့်ရတာတော့ ဒီသူတော်စင်က အတိတ်တုန်းကတိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့တဲ့ပုံပဲ...အဆုံးသတ်မှာတော့ သူကိုယ်သူဖျက်ဆီးပြီး သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကို ပြန့်ကျဲသွားစေတယ်...ကျွတ်...ကျွတ်...သနားစရာပဲ"
ရုတ်တရက် သက်ပြင်းတစ်ချက်ရှိုက်ပြီး စကားပြောဆိုလိုက်သံတစ်သံ ထွက်ပေါ်လာသည်။
ဘယ်သူလဲ...
လူအားလုံးက တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ သူတော်စင်ကျမ်းဂန်၏ရှေ့တွင် စက်ဆုပ်ဖွယ်အမူအယာဖြင့် လဲလျောင်းနေသော ခွေးနက်ကြီးတစ်ကောင်ကို တွေ့မြင်မိကြသည်။
"အတင့်ရဲလိုက်တာ...ဘယ်လိုလုပ်ပြီး မင်းလိုမှော်သားရဲမျိုးက သူတော်စင်ရဲ့ကျမ်းဂန်ရှေ့ကို ရောက်နေတာလဲ"
"ဒီမှော်သားရဲက ဘယ်နေရာကရောက်လာတာလဲ....မြန်မြန်ထွက်သွားစမ်း"
ရုတ်ချည်းဆိုသလိုပင် ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် တာဟေးအားကြည့်၍ အော်ဟစ်လိုက်ကြ၏။
"တာဟေး....ဒီနေရာကို လာခဲ့စမ်း"
လုယွီက လေးပင်သောအသံဖြင့် ပြောဆိုသည်။ထိုခွေးနက်ကြီးသည် အမှန်တကယ်ကိုပင်ပြဿနာရှာဖွေနိုင်သူဖြစ်ပေ၏။
လုယွီ၏အသံကိုကြားသည်နှင့် တာဟေးသည် မလိုလားဟန်ဖြင့် အမြှီးကုပ်ပြီး အပြေးပြန်လာကာ ညည်းတွားပြောဆိုသည်။
"အဲ့ဒါက ဘာတွေခက်ခဲနေလဲဆိုတာ ငါ တကယ်ကိုမသိတော့ဘူး...ငါ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်တယ်...ဘာလို့ သူတို့က ဒီလောက်ထိ အင်အားစိုက်ထုတ်နေရတာလဲ"
အကြည့်တစ်ချက်ဖြင့်ပင် အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သည်ဟု ဆိုလိုက်သလော။
ထိုအလွန်အမင်းမောက်မာသောစကားသံကိုကြားချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ ကွန်ဖြူးရှပ်ကျောင်းတော်သား၏မျက်နှာများ ရှုံမဲ့သွားသည်။
သူတို့အနက်မှအများစုသည် သူတော်စင်၏ကျမ်းဂန်အား တစ်ချက်ပင်ကြည့်နိုင်ခြင်းမရှိချေ။ခွေးနက်ကြီးသည် ပေါက်ပန်းလေးဆယ်စကားများ ပြောဆိုနေခြင်းသာဖြစ်ပေမည်။
"ဒီ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ခွေးစုတ်ကတော့"
မြောက်များစွာသောကွန်ဖြူးရှပ်ကျောင်းတော်သားများသည် အလွန်အမင်း ဒေါသထွက်နေပေ၏။
မဟာကွန်ဖြူးရှပ်ပညာရှင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
"ဒါက ဘယ်သူရဲ့မှော်သားရဲလဲ...တက်နိုင်သမျှ မြန်မြန်ခေါ်ထုတ်သွားစမ်း....ဒီနေရာမှာက သူတော်စင်ရဲ့အမွေအနှစ်တွေရှိနေတာ....ဒီလိုမျိုးယုတ်ညံတဲ့သတ္တဝါရဲ့ရိုင်းပျနေမှုကို ငါတို့က သည်းမခံနိုင်ဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလေ၏။
"ကျွန်တော် ရိုင်းပျမိသွားတယ်...ဒီခွေးနက်ကြီးက အမြဲတမ်း ဒီလိုမျိုးပဲ...ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ....ကျွန်တော်က ကျောင်းအုပ်ကြီးနဲ့တွေ့ချင်ရုံသက်သက်ပါ...တခြား ဘာရည်ရွယ်ချက်မှမရှိပါဘူး"
"ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်တာလား"
လီရှင်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"မင်းက သူတော်စင်ရဲ့ကျမ်းဂန်ရှေ့မှာ လေ့လာဆင်ခြင်ပြီးလို့လား....အခုချိန်မှာ ကျောင်းအုပ်ကြီးက အရမ်းအလုပ်ရှုပ်နေတယ်ဆိုတာ မင်းမသိဘူးလား....တကယ်လို့ မင်းမှာ ထိုးထွင်းသိမြင်နိုင်စွမ်းမရှိဘူးဆိုရင်လည်း မင်းရဲ့သေသင့်တဲ့ခွေးကိုခေါ်ပြီး ဒီနေရာက မြန်မြန်ထွက်သွားစမ်း"
"ဒါကအမှန်ပဲ...စီနီယာအကိုလီနဲ့စီနီယာအမဆောင်က သူတော်စင်ရဲ့ကျမ်းဂန်ကနေ ထိုးထွင်းသိမြင်နိုင်မှုတွေ ရထားပြီးပြီ...မင်းကများ...မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ"
"ဒီနေရာက ထွက်သွားစမ်း...ဒီရက်တွေအတွင်းမှာ မင်းလိုလူစားတွေအများကြီး ငါ မြင်တွေ့ပြီးသွားပြီ...ဒါက ငါတို့ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်"
ကျောင်းတော်သားများက လုယွီသည် ဤနေရာသို့ပြဿနာလာရှာသည်ဟုယူဆပြီး အော်ဟစ်ပြောဆိုနေကြ၏။
လုယွီသည် သူ၏နံဘေးရှိ တာဟေးကို စောင်းငဲ့ကြည့်လေသည်။အကယ်၍ ဤနေရာ၌ လူအမြောက်အများသာရှိမနေပါက သူ တာဟေးအား သင်ခန်းစာပေးပြီးလေပြီ။
"ကောင်းပြီလေ...ငါသွားပြီး လေ့လာဆင်ခြင်လိုက်မယ်"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူတော်စင်၏ကျမ်းဂန်ရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။
"အဲ့ဒီကောင်လေးက တကယ်ကိုပဲ လေ့လာဆင်ခြင်တော့မှာလား"
"သူ့ရဲ့ပုံစံကို ကြည့်ရသလောက်တော့ တပည့်သစ်တစ်ယောက်ဖြစ်ပုံရတယ်...သူက သူတော်စင်ရဲ့ကျမ်းဂန်ရှေ့မှာ မတ်တတ်တောင်ရပ်နိုင်ပါမလား"
"ငါ စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာလောင်းမယ်...အဲ့ဒီကောင်လေးက လဖက်ရည်တစ်ခွက်စာအချိန်တောင်ခံမှာမဟုတ်ဘူး...ကျမ်းဂန်ကို သူ တစ်ချက်စိုက်ကြည့်လိုက်ရုံနဲ့ သူတော်စင်ရဲ့မြင့်မြတ်တဲ့အရှိန်အဝါကြောင့် သူ သတိလစ်မေ့မျောသွားလိမ့်မယ်"