အခန်း (၁၅၂၁-၁၅၂၅)
Vol. 79 Ch. 1520-1525
Chapter 1521
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုရွှေရောင်အလင်းတန်းသည် လုယွီတို့လူစုနှင့် နီးကပ်လာသည်။
လုယွီက တုံ့ပြန်တိုက်ခိုက်တော့မည့် အချိန်မှာပင် တာဟေးက ရုတ်တရက် လေထုအတွင်းသို့ ခုန်တက်လိုက်၏။
ဘန်း....
ထိုရွှေရောင်အလင်းတန်းသည် အတားအဆီးမရှိဘဲ တာဟေး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ တာဟေးသည် နောက်သို့မီတာအနည်းငယ် လွင့်ထွက်သွားတော့သည်။
"ဂုဏ်ယူပါတယ် ဘုန်းကြီးလေး...မင်းရဲ့ နတ်ဘုရားကျင့်ကြံနည်းစနစ်က ပြီးပြည့်စုံခြင်းအဆင့်တောင် ရောက်နေပြီ"
"ဒီကိုယ်တော်က တအားဥာဏ်ကောင်းတာပါလား...အနောက်ဘက်သုခဘုံမှာတောင် မဟာအသိဥာဏ်ကြွယ်ဝခြင်းလက်ချောင်းနည်းစနစ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်တာ လူနည်းစုပဲရှိတယ်"
"ဒီရွှေရောင်အလင်းတန်းပေါ်ထွက်လာချိန်မှာ....လောကကြီးထဲ ဗုဒ္ဓတစ်ပါး သက်ရှိထင်ရှားရှိနေသလိုပဲ....ဘုန်းကြီးလေးက အရမ်းကို ကြည်ညိုလေးစားဖို့ ကောင်းတာပဲ"
လုယွီတို့နှင့်မလှမ်းမကမ်းအကွာအဝေးမှနေ၍ ချီးမွမ်းမြှောက်ပင့်သံများ ထွက်ပေါ်နေသည်။သူတို့နှင့် တစ်ဖက်ခြမ်းရှိ လေထုအတွင်းတွင် ဝတ်ရုံရှည်ကြီးများကိုဝတ်ဆင်ထားသော ဘုန်းကြီးတစ်စု ရုတ်တရက် ထွက်ပေါ်လာပေ၏။
ထိုဘုန်းကြီးများသည် သင်္ကန်းရုံထားခြင်းမရှိဘဲ အရောင်အသွေးစုံသောဝတ်စုံများကို ဝတ်ဆင်ထားကြသည်။အကယ်၍ သူတို့သာ ကတုံးတုံးထားခြင်းမရှိပါက သူတို့ကို ဘုန်းကြီးများဟု ပြောဆိုနိုင်မည်မဟုတ်ချေ။
ဘုန်းကြီးအုပ်စုအတွင်းရှိ ငယ်ရွယ်သောဘုန်းကြီးတစ်ပါးက ဂုဏ်ယူဝင့်ကြွားသောမျက်နှာနှင့် ပြောဆိုသည်။
"မဟာအသိဥာဏ်ကြွယ်ဝခြင်းလက်ချောင်းနည်းစနစ်မှာ ဘာခက်ခဲတာမှမရှိဘူး...ငါ မဟာနီဗားနားကျမ်းစာကို အလုံးစုံနားလည်သဘောပေါက်ပြီးသွားရင်...အဲ့ဒီမှော်စွမ်းအားက အခုလက်ရှိဟာထက် ပိုမြင့်မားသွားလိမ့်မယ်"
ထိုဘုန်းကြီးများကိုမြင်သည်နှင့် လုဝမ်ရှင်းက ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
"ယွီအာ မဆင်မခြင်မလုပ်နဲ့...ငါတို့က သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်ဘူး"
လုဝမ်ရှင်းက လေသံနှိမ့်၍ ပြောဆိုသည်။
သမင်ဖြူကျောင်းတော်၏စုံစမ်းထောက်လှမ်းချက်များအရ ယခုလတ်တလောတွင် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ ထကြွသောင်းကျန်းနေသော ဤဘုန်းကြီးအုပ်စုအကြောင်းကို သူမက ကောင်းစွာသိရှိထားသည်။
လုယွီသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အရှင်သခင်ဖြစ်သော်လည်း မကြာသေးမီအချိန်ကပင် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အကြီးအကဲသုံးယောက်သည် ဗုဒ္ဓကျင့်ကြံသူများနှင့်တိုက်ခိုက်ခဲ့ရာတွင် အရှုံးနှင့်ထွက်ပြေးခဲ့ရ၏။
လုဝမ်ရှင်းက ရှောင်ထွက်သွားရန် ကြံရွယ်လိုက်သော်လည်း ဘုန်းကြီးအုပ်စုက သူတို့အား စူးစိုက်ကြည့်နေသည်။
"အဲ့ဒီနေရာက ကျင့်ကြံသူတွေ....မသွားကြနဲ့အုံး...ဒီနေရာကိုလာပြီး ငါတို့ရဲ့ဗုဒ္ဓနည်းစနစ်တွေကို စမ်းသပ်ခံစမ်း"
ဘုန်းကြီးတစ်ပါးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
လုယွီတို့လူစု လှုပ်ရှားခြင်းမရှိသည်ကိုကြည့်ပြီး ထိုဘုန်းကြီးက မျက်မှောင်ကြုတ်လိုက်၏။
"ဘာလဲ...ငါ ခေါ်နေတာ မင်းတို့မကြားဘူးလား...ဒီနေရာကို မြန်မြန်လာကြစမ်း"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"မင်းတို့ ဒီနေရာကိုလာပြီး တောင်းပန်စမ်း...ငါ မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်"
အကယ်၍ သူသာ ဤနေရာ၌ရှိမနေပါက လုဝမ်ရှင်းသည် ထိုဘုန်းကြီးအုပ်စု၏တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။ထိုသို့ကိစ္စမျိုးကို လုယွီ သည်းမခံနိုင်ချေ။
"မင်း ဘာစကားပြောတာလဲ"
ထိုဘုန်းကြီးသည် အလွန်ဒေါသထွက်သွားပြီး သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားပေ၏။
သူသည် မြင့်မြတ်သောဗုဒ္ဓရဟန်းတစ်ပါးဖြစ်၍ မည်သူမဆို သူ့အား ရိုသေလေးစားစွာ ဆက်ဆံရသည်။မည်သည့်အချိန်မှစ၍ သူ ဤသို့အော်ငေါက်ခံရမည့်လူမျိုး ဖြစ်သွားသနည်း။
"ခဏနေပါဦး"
ငယ်ရွယ်သောဘုန်းကြီးသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အပြုံးတုဖြင့်ပြောဆိုသည်။
"မိတ်ဆွေတို့..ငါက အနောက်ဘက်သုခဘုံက ရဟန်းတစ်ပါးဖြစ်တဲ့ ရှစ်ချန်းပါ....ငါ့ရဲ့လေ့ကျင့်မှုက ခုဏလေးကတင် ပြီးဆုံးသွားတယ်...ငါ့ရဲ့ကျင့်ကြံနည်းစနစ်ကို လေ့ကျင့်ဖို့ လူတစ်လောက်လိုနေတယ်...တကယ်လို့ မင်းတို့ သဘောတူမယ်ဆိုရင် ငါ မင်းတို့ကိုဆုလာဘ်တွေ အများကြီးပေးမယ်"
"သောက်ချေးပဲ....မင်းက ဒီခွေးဘိုးဘေးကို အလစ်တိုက်ခိုက်ခဲ့ပြီးတော့များ ပြောထွက်သေးတယ်"
တာဟေးသည် အော်ဟစ်ကြုံးဝါးပြီး ရှစ်ချန်းအား ခုန်အုပ်လိုက်၏။
အစောပိုင်းတွင် ရှစ်ချန်း၏လက်ညှိုးအားလှိုင်းဒဏ်ကြောင့် တာဟေးသည် မြေပြင်ပေါ်သို့ လွင့်စင်ကျသွားခဲ့ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဖုန်အလိမ်းလိမ်းဖြစ်နေသည်။
ခွေးနက်ကြီးကိုမြင်သည်နှင့် ရှစ်ချန်းက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"ဒီမှော်သားရဲမှာ နတ်ဆိုးအရှိန်အဝါတွေ ပြင်းထန်လွန်းတယ်...ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူး...မင်းတို့က ဒီလိုမှော်သားရဲမျိုးကိုတောင် မွေးမြူဝံ့တယ်ပေါ့လေ....ငါက သူကို သေချာပေါက် ဘဝပြောင်းပေးရမယ်"
"မင်းရဲ့ခွေးဘိုးဘေးကို အသွင်ပြောင်းပေးမယ်....ဟား ဟား ဟား...မင်းတို့ဘုန်းကြီးတွေက ရူးနေတာလား...တကယ်လို့ ဗုဒ္ဓကိုယ်တိုင် ငါဆီကိုကြွလာရင်တော့ ငါ မင်းတို့ကို မျက်နှာသာတချို့ ပေးလိုက်အုံးမယ်...ခုကတော့ မင်းကိုယ်မင်း ဘာထင်နေတာလဲ"
တာဟေးက ရိုင်းပျစွာ တုံ့ပြန်ပြောဆိုလေ၏။
ထိုစကားများကိုကြားသည်နှင့် ယခုလက်ရှိနေရာ၌ရှိနေသော ဘုန်းကြီးများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
"မင်းက မြင့်မြတ်တဲ့ဗုဒ္ဓနဲ့ပတ်သက်ပြီး ပေါက်ကရစကားတွေ ပြောဝံ့တယ်ပေါ့လေ...အတင့်ရဲလိုက်တဲ့မှော်သားရဲ...ဒီနေ့တော့ ငါ မင်းကို အလွတ်မပေးဘူး"
ထို့နောက် ရှစ်ချန်း၏အကြည့်က လုယွီထံသို့ ကျရောက်သွားပြီး သူက အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ပြီးတော့မင်း...ဒီလိုယုတ်ညံ့တဲ့မှော်သားရဲကို မွေးမြူထားတာ ကြီးလေးတဲ့ပြစ်မှုပဲ....ငါတို့ ဒီမှော်သားရဲကို အပြစ်ပေးပြီးတာနဲ့....မင်း ငါတို့နဲ့အတူ အနောက်ဘက်သုခဘုံကို လိုက်ခဲ့ရမယ်....ပြီးတော့ မင်း နောင်တရတဲ့အချိန်ထိ ဗုဒ္ဓရဲ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်ရမယ်"
Chapter 1522
ထိုစကားကိုကြားသည်နှင့် လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ထိုဘုန်းကြီးများသည် တစိုးတစိမျှပင် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ သူတို့၏ဆန္ဒများအတိုင်းသာ လုပ်ဆောင်နေကြသည်။
"ခုဏက မင်းတို့ပြောတဲ့အတိုင်း လှုပ်ရှားကြည့်နိုင်တယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အဲ့ဒီခွေးကို ခေါ်သွားလို့ရတယ်"
တာဟေးသည် ရှေးခေတ်အချိန်များကတည်းကရှိခဲ့သော တည်ရှိမှုကြီးဖြစ်သည်။သူတို့၏ရှေ့ရှိ ဘုန်းကြီးတစ်စုသည် တာဟေး၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
"မင်း ဘာစကားပြောတာလဲ...ငါတို့လိုရဟန်းတွေက ခွေးတစ်ကောင်နဲ့ တိုက်ခိုက်ရမှာလား"
"ကောင်လေး...ဒီနေရာကိုလာပြီး ငါတို့ရှစ်ချန်းရဲ့ကျင့်ကြံမှုစမ်းသပ်တာကို ခံယူစမ်း...လာစမ်း...မင်းရဲ့နောက်က မိန်းကလေးလည်း ဒီနေရာကိုလာခဲ့စမ်း"
ဘုန်းကြီးများသည် အနည်းငယ်မျှပင် ယဥ်ကျေးမှုမရှိဘဲ မောက်မာရိုင်းပျစွာဖြင့် လုယွီအား အော်ငေါက်နေကြသည်။
"ဒါက အဆင်ပြေပါတယ်"
ရှစ်ချန်း၏မျက်နှာသည် ယခင်အတိုင်း မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီခွေးနတ်ဆိုးသားရဲကို သတ်ရလိမ့်မယ်...ဘာလို့ ခုချက်ချင်းမလှုပ်ရှားကြသေးတာလဲ...မဟုတ်ရင် ဒီခွေးနတ်ဆိုးရဲ့ညစ်ညမ်းတဲ့စကားတွေက ငါတို့ဗုဒ္ဓရဟန်းတော်တွေရဲ့နားကို ညစ်ပတ်စေလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် တာဟေးသည် ဒေါသတကြီးဖြင့် သူ၏အဆုတ်များပွင့်ထွက်လုမတက် အော်ဟစ်လိုက်၏။
"ကောင်းတယ်...ငါ ခွေးဘိုးဘေးက ဒီနေ့တော့ မင်းရဲ့ခေါင်းကိုဖြတ်ပြီး ဆီးအိုးလုပ်ရသေးတာပေါ့"
တာဟေးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် အောင်းကွမ်းအား လက်ဝှေ့ယမ်းပြလေသည်။
"နဂါးလေး...မင်း သွားလိုက်"
အောင်းကွမ်းသည် အလွန်အမင်း စိတ်ဓာတ်ကျနေပေ၏။သူသည် အရှေ့ပင်လယ်၏ မြင့်မြတ်သောနဂါးဘုရင်ဖြစ်သော်လည်း ဤသေသင့်သောခွေး၏နောက်လိုက်ဖြစ်နေရသည်။
မူလတွင် သူက ခုခံလိုသော်လည်း ထိုခွေးနက်ကြီး၌ အလွန်ထူးဆန်းသော အာရုံခံနိုင်စွမ်းရှိသည်။သူသည် ခွေးနက်ကြီး၏သရုပ်မှန်ကို မသိသော်လည်း ဤကဲ့သို့သွေးမျိုးဆက်ဖိနှိပ်နိုင်မှုစွမ်းအားမှာ မမှားယွင်းနိုင်ချေ။
သူ၏စိတ်ဝိညာဥ်အတွင်းမှလာသော ကြောက်ရွံမှုသည် ခွေးနက်ကြီးအပေါ်၌ မည်သည့်ဆိုးရွားသောအတွေးအမြင်မျိုးမျှမရှိစေရန် သူ့အားတားဆီးနေသည်။
"လာကြစမ်း"
အောင်းကွမ်းသည် ဒေါသတကြီးဟိန်းဟောက်၏ ရှစ်ချန်း၏ရှေ့သို့ ရောက်ရှိသွားပေ၏။
"ဒါက မင်းရဲ့အစေခံလား...ကြည့်ရတာတော့ သန်မာအားကောင်းပုံပဲ...ဒါပေမယ့် ကံဆိုးချင်တော့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာမှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမှမရှိဘူး....ဟူး...ဘာမှမစိုးရိမ်ပါနဲ့...ငါ မင်းကို ဘာနာကျင်မှုမှမခံစားရဘဲ သေခွင့်ပြုမယ်"
ရှစ်ချန်း၏ညာဘက်လက်အတွင်း၌ ရွှေရောင်အလင်းတန်းများ သိပ်သည်းသွားပြီး သူ၏လက်ချောင်းနှစ်ချောင်းသည် ရွှေရောင်တောက်ပသွားပေ၏။
"ငါ့ရဲ့ဒီတိုက်ခိုက်မှုကို...မင်းတို့ကောင်တွေ ကောင်းကောင်းကြည့်ထားကြ"
ရှစ်ချန်းက သူ၏နံဘေးပတ်လည်ရှိ ဘုန်းကြီးများကို ပြောဆိုသည်။
ဘုန်းကြီးများသည် သူတို့၏အသက်ရှုနှုန်းများကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး ရှစ်ချန်း၏တိုက်ခိုက်မှုကို ဂရုတစိုက်လေ့လာစောင့်ကြည့်လိုက်ကြသည်။
"မဟာအသိဥာဏ်ကြွယ်ဝခြင်းလက်ချောင်း..."
ကျယ်လောင်သောအော်ငေါက်သံနှင့်အတူ ရှစ်ချန်းသည် သူ၏လက်ညှိုးဖြင့် အောင်းကွမ်းကို ချိန်ရွယ်လိုက်သည်။
ဝုန်း....
ရှစ်ချန်း၏ညာဘက်လက်မှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်းထွက်ပေါ်လာပြီး အောင်းကွမ်းထံသို့ တိုးဝင်သွားသည်။
ကြီးမားသောရွှေရောင်အလင်းတန်းသည် လေထုအားထွင်းဖောက်၍ ချက်ချင်းဆိုသလိုပင် အောင်းကွမ်းထံသို့ ရောက်ရှိလာပေ၏။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ရွှေရောင်အလင်းတန်းနှင့်အောင်းကွမ်း၏ခန္ဓာကိုယ်ကြီး ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားသည်။
"ကောင်းလိုက်တာ"
ရှစ်ချန်း၏နံဘေးပတ်ဝန်းကျင်ရှိ ဘုန်းကြီးများသည် လက်ခုပ်လက်ဝါးတီး၍ အားပေးနေကြ၏။
ထိုလက်ချောင်းနည်းစနစ်တွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းအရှိန်အဝါများ ပါဝင်နေပြီး သူတို့၏စိတ်ဝိညာဥ်များပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှစ်ချန်းက အေးစက်စက်နှာမှုတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုသည်။
"ငါ လက်ညှိုးညွှန်လိုက်တာနဲ့....ရုပ်ခန္ဓာကိုယ်ကိုကျင့်ကြံတဲ့ ကျင့်ကြံသူဆိုရင်တောင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလိမ့်မယ်"
ဤကဲ့သို့နည်းစနစ်မျိုးကို သူ သင်ယူခွင့်ရခဲ့ခြင်းမှာ သူ၏အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါရမီအရည်အချင်းမြင့်မားသောကြောင့်ဖြစ်သည်။
"ကောင်းပြီလေ...သေရမယ့် နောက်တစ်ယောက်က....အမ်....."
ရှစ်ချန်းသည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီး စကားပြောဆိုလိုက်သည့်အချိန်မှာပင် ရုတ်တရက် သူ၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
ရှစ်ချန်းရှေ့၌ အောင်းကွမ်းသည် မတ်တတ်ရပ်နေပြီး သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါပဲလား"
ထိုလက်ချောင်းနည်းစနစ်သည် အလွန်အစွမ်းထက်သော်လည်း သူ၏အရေပြားကိုပင် နာကျင်စေခြင်းမရှိချေ။
ရှစ်ချန်းက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"ကြည့်ရတာတော့ မင်းဆီမှာ အကာအကွယ်မှော်ရတနာတစ်ခုရှိနေပုံပဲ...ဟမ့်...ဒီလိုဆိုမှတော့....."
ရုတ်ချည်းဆိုသလိုပင် ရှစ်ချန်းသည် သူ၏သိုလှောင်အိတ်အတွင်းမှ ရွှေရောင်ဓားတစ်ချောင်းကိုထုတ်ယူပြီး သူ၏မှော်စွမ်းအားများထည့်သွင်းကာ အောင်းကွမ်းထံသို့ချိန်ရွယ်၍ ခုတ်ပိုင်းလိုက်သည်။
ဒေါင်.....ထိုရွှေရောင်ဓားသည် နံရံကြီးတစ်ခုအား ခုတ်ပိုင်းမိသကဲ့သို့ ဓားမျက်နှာပြင်တစ်ခုလုံး ကွဲအက်သွားပေ၏။
အောင်းကွမ်းက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ဒါက တော်သင့်ပြီ...မင်းလည်းပဲ ငါ့ရဲ့တိုက်ခိုက်မှုကို ခံယူကြည့်စမ်း"
အောင်းကွမ်း၏စိတ်နှလုံးသားတစ်ခုလုံး မီးတောက်နေသဖြင့် သူ လှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများ ချက်ချင်းပင် ထွက်ပေါ်လာသည်။
Chapter 1523
ပြင်းထန်သောလေပြင်းများသည် အောင်းကွမ်း၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ရှစ်ချန်း၏မျက်နှာအား တိုက်ခတ်သွားသည်။
"မင်း...မင်းကများ...ဒီဘုရင်ကို မင်းရဲ့စမ်းသပ်ခံ ဖြစ်စေချင်တာလား"
အောင်းကွမ်းသည် အရှေ့ပင်လယ်အား အုပ်ချုပ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၍ သူထံ၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးရှိသည်။
ယခုလက်ရှိအချိန်၌ အောင်းကွမ်းက ထိုအရှိန်အဝါကို ထုတ်လွှက်လိုက်ရာ ဘုန်းကြီးများ၏မျက်နှာအမူအယာများ ပြောင်းလဲသွားပေ၏။
ရှစ်ချန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောဆိုသည်။
"မဆိုးပါဘူး...ကြည့်ရတာတော့ မင်းက ရုပ်ခန္ဓာကိုယ်ကို အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားပုံရတယ်...ဒီနေ့စမ်းသပ်မှုကတော့ ဒီလောက်ပါပဲ"
ထို့နောက် သူက လုယွီကိုကြည့်ပြီး အော်ငေါက်လိုက်၏။
"မင်း ဒီလောက်ထိမောက်မာနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီလိုမျိုးနိမ့်ကျတဲ့မှော်သားရဲကိုတောင် မွေးမြူထားတယ်....ပြန်တွေးကြည့်တော့ သူ့ရဲ့မိသားစုက သူ့ကိုကာကွယ်ဖို့ အစွမ်းထက်ကျင့်ကြံသူတွေ သူ့ဘေးမှာထားထားတာကိုး....ငါက မင်းကို တစ်ခုတော့သတိပေးလိုက်မယ်...မင်း ရိုင်းပျတာတော်ရုံပဲကောင်းတယ်...မဆင်မခြင်မလုပ်နဲ့"
လုယွီသည် သူလမ်းသူသွားနေခြင်းသာဖြစ်ပြီး ရှစ်ချန်းကသာ တစ်ချိန်လုံးပြဿနာရှာနေသည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ ရှစ်ချန်းသည် လုယွီအား မည်သို့မျှမတိုက်ခိုက်နိုင်သဖြင့် သူကိုယ်သူဖြောင့်မတ်မှန်ကန်သူတစ်ယောက်ကဲ့သို့ စကားဖြင့် ဆူပူကြိမ်းမောင်းနေသည်။
ရှစ်ချန်းက လုယွီ သူ့အားစူးစိုက်ကြည့်နေသည်ကိုမြင်ချိန်တွင် နားလည်မှုလွဲမှားသွားခဲ့သည်။သူက ပြောဆိုလိုက်၏။
"ငါက စကားတစ်ခွန်းပြောပြီးရင် ဘယ်တော့မှမရုတ်သိမ်းတက်ဘူး...အရင်က မင်းတို့ကို ဆုလာဘ်ပေးမယ်လို့ ငါ ပြောထားခဲ့တယ်...ငါ မင်းကို ဒီပစ္စည်းပေးမယ်"
စကားဆုံးသည်နှင့် ရှစ်ချန်းသည် သူ၏အင်္ကျီလက်မောင်းကြားမှ စန္ဒကူးပုတီးတစ်ကုံးကိုထုတ်ယူပြီး လုယွီထံသို့ ပစ်ပေးလိုက်သည်။
ထိုစန္ဒကူးပုတီးသည် အလွန်လက်ရာမြောက်သော်လည်း မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျှမရှိဘဲ သာမာန်ပစ္စည်းတစ်ခုသာဖြစ်သည်။
တာဟေးက ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
"ဘုန်းကြီး....မင်းက သေမှာမကြောက်ဘူးလား...ဒီလိုကျိုးပဲ့နေတဲ့အရာတစ်ခုကို ငါတို့ကိုပေးရဲတယ်ပေါ့လေ"
ရှစ်ချန်းက မျက်မှောင်ကြုတ်ပြီး ပြောဆိုလေ၏။
"မင်းလိုနတ်ဆိုးသားရဲက ဘယ်ဟာကောင်းတယ် မကောင်းဘူးဆိုတာ ဘယ်လိုလုပ်ပြီးသိမှာလဲ...ဒီပုတီးကုံးက မှော်ရတနာတစ်ခုမဟုတ်ပေမယ့် ငါ့နဲ့အတူ နှစ်တွေအများကြီးအတူရှိနေခဲ့တော့...အဲ့ဒီပုတီးမှာ ဗုဒ္ဓအငွေ့အသက်တွေ စွန်းထင်းနေပြီ....တကယ်လို့ မင်း ဒါကိုဝတ်ဆင်ထားမယ်ဆိုရင် ကြီးမားတဲ့အကျိုးကျေးဇူးတွေရလိမ့်မယ်"
"ငါ မင်းတို့ကို ဒီပစ္စည်းပေးတယ်ဆိုတာ ငါ့ရဲ့သနားကြင်နာမှုကို ပြသတာပဲ...မင်းတို့က ကျေးဇူးတင်ရမယ့်အစား လှောင်ပြောင်သရော်နေတယ်...ဟား ဟား ဟား...လူသားတွေရဲ့စိတ်နှလုံးသားက အတိတ်နဲ့မတူတော့ပါလား"
ဂျစ် ဂျစ်....ဂျစ် ဂျစ်....
တာဟေးက အံ့ကြိတ်ပြီး အောက်ငေါက်လေသည်။
"နဂါးလေး...ဘိုးဘေး ငါက ဒီနေ့ တစ်ယောက်ယောက်ကို သတ်ချင်နေတယ်"
အောင်းကွမ်းပင်လျှင် အလွန်အမင်း ဒေါသထွက်နေသည်။
သူတို့ထံ၌ အဆင့်မြင့်မှော်ရတနာများ ရှိပြီးဖြစ်ရာ ရှစ်ချန်း၏ပုတီးကုံးသည် သူတို့အတွက် အသေးအဖွဲပစ္စည်းဖြစ်သည်။
သို့ရာတွင် ရှစ်ချန်းသည် သူတို့ထံသို့ ပုတီးကုံးပစ်ပေးပြီး သူက ကျေးဇူးတင်မှုခံယူလိုနေသည်။သူတို့သည် ဤကဲ့သို့ မျက်နှာပြောင်တိုက်သောလူမျိုး တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
"ကောင်းပြီလေ....ငါ မင်းတို့ကိုဆုလာဘ်ပေးပြီးပြီဆိုမှတော့ ဒီကိစ္စပြီးသွားပြီ...ငါ သွားတော့မယ်"
ရှစ်ချန်းက နောက်လှည့်၍ထွက်ခွါရန် ဟန်ပြင်လိုက်သည်။
"ခဏနေပါဦး...ငါ ခုဏက ပြောထားပြီးသားလေ...မင်းတို့ကောင်တွေက ငါ့ကိုအရိုအသေပြုပြီး အမှားကိုဝန်ခံမယ်ဆိုရင် အလွတ်ပေးမယ်လို့"
လုယွီက ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောဆိုသည်။
"ဒါပေမယ့် မင်းတို့က အမှားကို ဝန်ခံရကောင်းမှန်းမသိဘူး"
"မင်းဘာလိုချင်လို့လဲ...ငါက ရဟန်းတစ်ပါးနော်....မင်းလိုသေမျိုးတစ်ယောက်ကို ဒီလောက်ထိစကားပြောနေတာကတောင် ငါက အကြီးအကျယ်ဂုဏ်ပြုပေးရာရောက်နေပြီ"
ရှစ်ချန်းက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုပြီး သူ၏မျက်နှာပေါ်၌ မည်သည့်စိုးရိမ်ပူပန်မှုမျှရှိမနေချေ။
ထိုအခြင်းအရာကိုမြင်သော်လည်း လုယွီက ဒေါသထွက်သွားခြင်းမရှိပေ။သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါလည်း ကြိုးစားကြည့်ချင်တယ်...ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကို မင်း ခံယူစမ်း"
လုယွီက သူ၏လက်ကိုမြှောက်ပြီး ရှစ်ချန်းအား ရိုက်နှက်လိုက်၏။သူသည် မည်သည့်သိုင်းပညာနည်းစနစ်ကိုမျှ အသုံးပြုခြင်းမရှိချေ။ဤသည်က ရိုးရှင်းသော လက်ဝါးရိုက်ချက်တစ်ချက်ပင်။
ဘုန်း...
လုယွီ၏ရှေ့၌ ပြင်းထန်သောလေလှိုင်းများ ရုတ်တရက်စုဝေးသွားသည်။မြောက်မြားစွာသောလေလှိုင်းများသည် နောက်ဆုံး၌ ဧရာမလက်ဝါးကြီးတစ်ခုအသွင် ဖွဲ့စည်းသွားပြီး ရှစ်ချန်းနှင့်တခြားဘုန်းကြီးများထံသို့ တိုးဝင်သွားပေ၏။
"မကောင်းတော့ဘူး....ဒါက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"
ဘုန်းကြီးများသည် သတိပြုမိသည်နှင့် သူတို့ကိုယ်သူတို့ကာကွယ်ရန် မှော်စွမ်းအားများကို ထုတ်လွှက်လိုက်ကြသည်။
သို့ရာတွင် သူတို့၏တုံ့ပြန်မှုသည် ခြေတစ်လှမ်းစာမျှ နောက်ကျသွားပေ၏။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ရှစ်ချန်းနှင့်ဘုန်းကြီးတချို့သည် ဧရာမလက်ဝါးကြီးမှစွမ်းအားလှိုင်း၏ဝါးမြိုခြင်း ခံလိုက်ရသည်။သူတို့သည် သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး အရိုးအစအနပင် မကျန်ရှိခဲ့တော့ချေ။
သွေးမြူများဖြင့် ပြည့်နှက်နေသောလေထုအတွင်းမှနေ၍ ပုတီးတစ်လုံးသည် ရုတ်တရက်ရွှေရောင်အလင်းတန်းများတောက်ပဖြာထွက်လာပြီး အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
"ငါ့တပည့်ကို ဘယ်သူထိဝံ့တာလဲ"
Chapter 1524
ထိုအသံထွက်ပေါ်လာခြင်းနှင့်အတူ တောက်ပသောဗုဒ္ဓရောင်စဥ်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လေထုအတွင်းမှပုတီးစေ့သည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်မှ ရှစ်ချန်းအားပေးထားခဲ့သော မှော်ရတနာဖြစ်ပုံရသည်။ဤအချိန်အခိုက်အတန့်တွင် ပုတီးစေ့ထံမှ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။
လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။
"ငါက မင်းရဲ့တပည့်ကိုသတ်ပစ်ရင်ရော ဘာဖြစ်လာမှာမလို့လဲ"
လုယွီ၏လက်ဖဝါးအလယ်ဗဟို၌ ပြင်းထန်သောအားလှိုင်းတစ်ရပ် ချက်ချင်းဆိုသလိုပင် သိပ်သည်းသွားသည်။
ဘုန်း...
လုယွီက သူ၏လက်ဝါးကို ပုတီးစေ့ထံသို့ချိန်ရွယ်၍ ရိုက်နှက်လိုက်သည်။ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ ထိုလက်ဝါးရိုက်ချက်သည် ပုတီးစေ့နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။
ဗုဒ္ဓပုတီးစေ့ထံမှ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပုတီးစေ့သည် လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် အက်ကွဲသွားတော့သည်။
"အတင့်ရဲလိုက်တာ"
ကျယ်လောင်သောအော်ငေါက်သံကြီးက ပုတီးစေ့ထံမှ ထွက်ပေါ်လာသည်။
သို့ရာတွင် လုယွီသည် ထိုအသံကိုမကြားသကဲ့သို့ လျစ်လျှူရှုထားသည်။သူ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး လေဟာနယ်ကို တန်းတန်းမတ်မတ်ဖြတ်သန်းသွားပေ၏။
ဤအချိန်တွင် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ အနောက်ဘက်သုခဘုံ၌....
ထိုနေရာ၌ မြောက်များစွာသော ဘုန်းကြီးများစုဝေးနေပြီး ဗုဒ္ဓမန္တန်ရွတ်ဆိုသံများက ကောင်းကင်ယံတခွင်လုံး၌ ပဲ့တင်ထပ်နေသည်။
ရုတ်ချည်းဆိုသလိုပင် ကြာပန်းပေါ်၌ထိုင်နေသော ဘုန်းကြီးတစ်ပါးက သွေးတစ်လုတ်အန်ထုတ်လိုက်သည်။
"မြင့်မြတ်ကျားကိုယ်တော်..."
ဤနေရာပတ်ဝန်းကျင်ရှိ ဘုန်းကြီးများအားလုံးသည် အံ့အားသင့်တုန်လှုပ်သွားပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်ကြ၏။
"သူ့အသက်က အရမ်းငယ်သေးတယ်...ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အားကောင်းနေတာလဲ"
မြင့်မြတ်ကျားကိုယ်တော်သည် တုန်လှုပ်ချောက်ချားစွာဖြင့် ရေရွတ်လိုက်သည်။
သူ ရှစ်ချန်းအားပေးထားခဲ့သည်မှာ သူ၏စွမ်းအားပြည့်ပါဝင်သော ထိပ်တန်းအဆင့်မှော်ရတနာဖြစ်သည်။ထိုမှော်ရတနာ၏တိုက်ခိုက်မှုကို အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူပင် ခုခံတိုက်ခိုက်ခြင်းမပြုနိုင်ချေ။
သို့ရာတွင် ထိုလူငယ်လေးသည် သူ၏မှော်ရတနာအား လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ကျိုးပဲ့သွားစေသည်။
"အဲ့ဒီကောင်လေးကို သွားရှာကြစမ်း...သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက အရမ်းကောင်းတယ်...သူ့က ငါ ပြန်လည်မွေးဖွားဖို့အတွက် အကောင်းဆုံးခန္ဓာကိုယ်အခွံဖြစ်နိုင်တယ်"
မြင့်မြတ်ကျားကိုယ်တော်၏မျက်လုံးအတွင်း၌ စိတ်မကျေမနပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
"အမိန့်အတိုင်းပါ"
*****
"ယွီအာ....မင်း အလယ်ပိုင်းကုန်းမြေကို ပြန်သင့်တယ်...ဟူး....မဟုတ်ရင် မင်း ဒုက္ခတွေ့နိုင်တယ်"
လုဝမ်ရှင်းက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
လုဝမ်ရှင်းသည် ဗုဒ္ဓဘုန်းတော်ကြီးများ၏အစွမ်းထက်ပုံကို ကောင်းစွာသိရှိထားပေ၏။
သူတို့၏သမင်ဖြူကျောင်းတော်သည် သူတော်စင်၏အမွေအနှစ်အား ထိုးထွင်းသိမြင်နိုင်ရန် အလျင်လိုနေခြင်းမှာ ထိုဗုဒ္ဓဘုန်းတော်ကြီးများ၏ကျူးတိုက်ခိုက်မှုအား ဟန့်တားနိုင်ရန်ဖြစ်သည်။
လုယွီသည် ဗုဒ္ဓဂိုဏ်းမှ ဘုန်းကြီးတစ်ပါးကို သတ်လိုက်သည့်အပြင် တစ်ဖက်လူ၏မှော်ရတနာကိုပင် ကျိုးပဲ့ပျက်စီးစေခဲ့သည်။ဤသည်က ရန်ငြှိုးရန်စတစ်ခုဖြစ်သွားမည်မှာ သေချာပေ၏။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး အပြုံးနှင့်ပြောဆိုသည်။
"ဘာမှစိုးရိမ်မနေနဲ့...ဒါက ဗုဒ္ဓဂိုဏ်းရဲ့အစွယ်အပွါးတစ်ခုလောက်ပါပဲ"
အကယ်၍ ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်သော ဗုဒ္ဓဂိုဏ်းဝင်များသာဆိုပါက သူ၏စိတ်နှလုံးသားအတွင်း၌ သတိအနည်းငယ်ထားမိပေမည်။သို့ရာတွင် သူ့ရှေ့ရှိဗုဒ္ဓဂိုဏ်းဝင်များသည် အလွန်အမင်းမောက်မာပြီး ရက်စက်ကြမ်းကြုတ်သည်။ထိုလူများသည် အစစ်အမှန်ဗုဒ္ဓကျင့်ကြံနည်းစနစ်များကို သင်ယူထားပုံလည်းမရချေ။
သူ၏အဒေါ်ဖြစ်သူအား လုပ်ကြံသည့်ကိစ္စနှင့် ပတ်သက်၍ လုယွီ ယခုထိတိုင် သူတို့ကိုရှာဖွေပြီး မဖြေရှင်းရသေးချေ။ထိုဘုန်းကြီးများသည် သူတို့ခြေထောက်နှင့်သူတို့ သူ့ရှေ့သို့ရောက်လာခြင်းဖြစ်သည်။အကယ်၍ သူတို့သေလမ်းကို သူတို့လာရှာပါက လုယွီသည် သူတို့အား သေရွာသို့ပို့ပေးရန် အဆင်သင့်ပင်။
လုယွီ၏ခေါင်းမာနေမှုကိုမြင်သော လုဝမ်ရှင်းသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။
လုယွီ၏လုပ်ဆောင်ချက်ကိုကြည့်ခြင်းအားဖြင့် ထိုဘုန်းကြီးများသည် သူ၏ပြိုင်ဘက်မဖြစ်နိုင်သည်မှာ သိသာထင်ရှားနေပေ၏။
"တာလျန့်ကို မြန်မြန်ပြန်ကြရအောင်"
လုယွီက ခပ်ဖျော့ဖျော့လေသံဖြင့် ပြောဆိုသည်။သူ၏မိသားစုအား မတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့ မည်သို့ဖြစ်ပျက်နေသည်ကို သူ မသိရှိချေ။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ....တာလျန့်နိုင်ငံတော်...
လုယွီ၏မွေးဖွားလာမှုကြောင့် တာလျန့်၏ခွန်အားကြီးမားလာပြီး ပတ်ဝန်းကျင်ရှိသေမျိုးနိုင်ငံများကို သိမ်းပိုက်ပြီးနောက် ကြီးမားသောသေမျိုးနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည်။
ယခင်က တာလျန့်နိုင်ငံတော်၏နယ်စပ်ဒေသများသည် ယခုလက်ရှိအချိန်၌ အရေးပါသောလမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်နေရာများဖြစ်လာပြီး အလွန်စည်ပင်သာယာဝပြောလာသည်။
လုယွီတို့လူစုသည် နယ်စပ်အားဖြတ်သန်း၍ပျံဝဲသွားခဲ့ရာ သူ မြင်တွေ့ခဲ့ရသော မြင်ကွင်းများကြောင့် စိတ်မွန်းကျပ်သွားသည်။
သူ၏ရှေ့ရှိနေရာတိုင်း လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေပေ၏။မြို့များ ရွာများတွင်ရှိသော အိမ်များသည်လည်း တံခါးများပိတ်ထားပြီး လူတချို့သာရှိသည်။
လုယွီသည် သူ၏ခေါင်းကိုမော့ပြီး တာလျန့်၏အထက်မိုးကောင်းကင်အားကြည့်လိုက်သည်။သူသည် တာလျန့်နိုင်ငံတော်အင်အား၏သင်္ကေတဖြစ်သော နဂါးသွေးကြောကိုတွေ့မြင်မိသည်။ဤအချိန်အခိုက်အတန့်၌ နဂါးသွေးကြောသည် လွန်စွာအားနည်းနေပေ၏။
Chapter 1525
"တာလျန့်နိုင်ငံတော်မှာ ဘာတွေဖြစ်ပျက်သွားပါလိမ့်"
လုယွီ၏စိတ်နှလုံးသား မွန်းကျပ်သွားသည်။
သူတို့လူစုသည် တာလျန့်နိုင်ငံ၏လုံကျင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။လုံကျင်းမြို့တော်သည် ယခင်အတိုင်း ခမ်းနားထည်ဝါနေဆဲပင်။ခမ်းနားကြီးကျယ်သောမြို့ရိုးများသည် အလွန်မြင့်မားပြီး လူများ တစ်ချက်ကြည့်မိရုံဖြင့်ပင် ခြိမ်းခြောက်နိုင်စွမ်းရှိပြီး ထိတ်လန့်ကြောက်ရွံစေသောအရှိန်အဝါမျိုး ထုတ်လွှက်ပေးနေသည်။
သို့ရာတွင် ယခင်နှင်မတူညီသည်မှာ ကြီးမားသောလုံကျင်းမြို့တော်သည်လည်း တခြားမြို့များကဲ့သို့ပင် လူသူကင်းမဲ့၍ ဆိတ်ညံနေပေ၏။
"လူတွေဘယ်ရောက်သွားတာလဲ...တာလျန့်က ဒီအချိန်မှာ စည်ကားသိုက်မြိုက်နေသင့်တာ မဟုတ်ဘူးလား"
သူ၏အသိစိတ်မရရှိသေးသော အချိန်ကာလများတွင် အမဖြစ်သူမှနေ၍ သူ့အား လူစည်ကားသောနေရာများသို့ ခေါ်သွားလေ့ရှိသည်ကို သူ အမှတ်ရနေဆဲပင်။
ယခုလုံကျင်းမြို့တော်သည် ယခင်ကမြင်ကွင်းများနှင့် များစွာကွဲပြားခြားနားနေသည်။ရုတ်ချည်းဆိုသလိုပင် လုယွီ၏အကြည့်သည် လုံကျင်းမြို့တော်၏အရှေ့ဘက်ခြမ်းရှိ ဧရာမရုပ်ထုကြီးထံသို့ ကျရောက်သွားသည်။
ထိုနေရာသည် ယခင်က စစ်နတ်ဘုရားယဇ်ပလ္လင်တည်ရှိခဲ့သောနေရာဖြစ်ပြီး တာလျန့်ပြည်သူပြည်သားများ နှစ်စဥ်နှစ်တိုင်း အရိုအသေပြုကြသောနေရာလည်းဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ စစ်နတ်ဘုရားယဇ်ပလ္လင်ပေါ်တွင် စစ်နတ်ဘုရားရုပ်ထုမရှိတော့ဘဲ ဧရာမဗုဒ္ဓဆင်းထုတော်ကြီးရှိနေသည်။ထိုဗုဒ္ဓဆင်းထုတော်ကြီးအား ရွှေဖြင့်သွန်းလုပ်ထားပုံရပြီး နေရောင်ခြည်၏အလင်းပြန်မှုအောက်တွင် ရုပ်ထုမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် စစ်နတ်ဘုရားယဇ်ပလ္လင်အောက်၌ မီးခိုးရောင်ဝတ်စုံကိုဆင်မြန်းထားသော ဘုန်းတော်ကြီးတစ်စုကို တွေ့မြင်မိသည်။
ထိုမီးခိုးရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများ၏ရှေ့၌ မြောက်များစွာသောသေမျိုးများ ဒူးထောက်နေကြသည်။သေမျိုးများသည် သူတို့၏လက်အတွင်းမှ ငွေကြေးများကို ဘုန်းတော်ကြီးများထံသို့ ရိုသေလေးစားစွာ ပေးအပ်နေပေ၏။သူတို့၏မျက်နှာများပေါ်၌ ရိုသေလေးစားမှုနှင့်ကြောက်ရွံထိတ်လန့်မှုများက အထင်းသားထင်ဟပ်နေသည်။
"မင်းက လုံကျင်းမှာ နာမည်ကြီးသူဌေးတစ်ယောက်လေ...ဘာလို့ ဒီလောက်ထိ စေတနာနည်းပါးရတာလဲ...ကြည့်ရတာတော့ ငါတို့ရဲ့ဗုဒ္ဓကို မင်းက ယုံကြည်ကိုးကွယ်ပုံမရဘူး"
ဘုန်းတော်ကြီးတစ်ပါးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ထိုခြိမ်းခြောက်သံကိုကြားသည်နှင့် သူဌေးဆိုသူသည် အလျှင်အမြန်ဒူးထောက်ပြီး ညည်းတွားပြောဆိုလေ၏။
"ကျေးဇူးပြုပြီး သနားညှာတာပေးပါ....ဒီနိမ့်ကျတဲ့သူရဲ့နာမည်အောက်မှာရှိတဲ့ ငွေကြေးတွေအားလုံးကို ဗုဒ္ဓဘုရားကျောင်းတည်ဆောက်တဲ့နေရာမှာ အသုံးပြုပြီးပါပြီ....ကျွန်တော်ရဲ့ဗုဒ္ဓအပေါ် ယုံကြည်သက်ဝင်မှုကို မိုးကောင်းကင်နဲ့မြေပြင်ကိုသက်သေပြုပြီး တိုင်တည်နိုင်ပါတယ်...အခုချိန်မှာ ကျွန်တော် ဘာမှမတက်နိုင်တော့လို့ပါ"
ထိုသူဌေးလူဝကြီးသည် သူ၏ဝတ်စုံကိုပြသလိုက်ရာ အမှန်တကယ်ကိုပင် အဖာအထေးများနှင့် ပြည့်နှက်နေသည်။
ဗုဒ္ဓဘုရားကျောင်းများ တည်ဆောက်ရန်အလို့ငှါ သူတို့ကဲ့သို့ ချမ်းသာကြွယ်ဝသူများသည် မိသားစုအတွင်းရှိ ငွေကြေးအားလုံးကို သုံးစွဲခဲ့ရသည်။ယခုလက်ရှိအချိန်၌ သူတို့အတွက် ခက်ခဲသောအခြေအနေသို့ ကျရောက်နေလေပြီ။
"ဒီနေရာက မြန်မြန်ထွက်သွားစမ်း...နောက်လကျရင် ဒီကိုအချိန်မီပြန်လာရမယ်ဆိုတာ မင်း မှတ်ထားအုံး...မဟုတ်လို့ကတော့ မင်းက အဆိပ်ကမ်းပါးတောင်ကိုသွားပြီး သတ္ထုတွင်းတူးရမယ်"
ဘုန်းတော်ကြီးသည် အထင်အမြင်သေးသောအကြည့်ဖြင့် သူဌေးလူဝကြီးအားကြည့်ပြီး အဝေးသို့ကန်ထုတ်လိုက်၏။
သူဌေးလူဝကြီးသည် ငွေကြေးတောင်းခံခြင်းခံနေရသော်လည်း သူသည် ထိုဘုန်းတော်ကြီးအား ရိုသေလေးစားပြီး အလွန်ကျေးဇူးတင်နေပုံရသည်။
တခြားသူဌေးများသည် ထိုလူဝကြီး၏ပုံပန်းသွင်ပြင်ကိုမြင်ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ မနာလိုအားကျသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤနေရာသို့ရောက်လာသောလူတိုင်းသည် အတိတ်တွင် လုံကျင်းမြို့တော်မှနာမည်ကျော်ကြားသောသူဌေးများဖြစ်သည်။
ဘုန်းတော်ကြီးများရောက်လာပြီးနောက် သူတို့သည် လစဥ်လတိုင်းငွေကြေးအမြောက်အများ တောင်းခံခဲ့သည်။အကယ်၍ ထိုငွေကြေးအားမပေးနိုင်ပါက ထိုသူ၏မိသားစုသည် အဆင့်နှိမ့်ချခံရပြီး တစ်မိသားစုလုံး အသတ်ခံရပေမည်။
သူတို့ထံ၌ ငွေကြေးအနည်းငယ်ရှိနေသေးသဖြင့် အခြေအနေမဆိုးရွားလှချေ။ဆင်းရဲသောသာမာန်မြို့သူမြို့သားများမှာမူ ငွေကြေးပေးအပ်နိုင်ခြင်းမရှိသဖြင့် အဆိပ်ကမ်းပါးတောင်သို့သွားပြီး သတ္တုတွင်းတူးဖော်ကြရသည်။
ယခင်က အဆိပ်ကမ်းပါးတောင်သည် တာလျန့်၏ရာဇဝတ်သားများအား နယ်နှင်ဒဏ်ပေးသောနေရာဖြစ်သည်။ထိုနေရာသို့သွားရသောလမ်းသည် အလွန်ခက်ခဲကြမ်းတမ်းပြီး ပတ်ဝန်းကျင်အခြေအနေမှာလည်း လွန်စွာဆိုးရွားသည်။
ထိုနေရာသို့မရောက်မီ လမ်းခရီးမှာပင် လူအမြောက်အများ သေဆုံးခဲ့ရသည်။ထိုလူများသည် သေဆုံးသွားသည့်တိုင် သူတို့အားမြှုပ်နှံရန်အချိန်မရသဖြင့် အလောင်းများကိုလမ်းဘေးဝဲယာ၌သာ ပစ်ထားခဲ့ရပေ၏။
လက်ရှိအနေအထားဖြင့်ကြည့်ပါက သူတို့သည် အသက်ရှင်နေဆဲဖြစ်သဖြင့် ကံကောင်းသည်ဟု ယူဆနိုင်သည်။
"ကောင်းပြီလေ...ငွေကြေးတွေကိုလှူဒါန်းပြီးပြီဆိုမှတော့ အမွှေးတိုင်ထွန်းပြီး အရိုအသေပြုကြရအောင်"
ဘုန်းတော်ကြီးက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
ယခုလက်ရှိနေရာ၌ရှိနေသော သေမျိုးများအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။ဤအချိန်သည် နောက်ဆုံးအချိန်အခိုက်အတန့်ဖြစ်ကြောင်း သူတို့က သိရှိထားသည်။
သူတို့သည် အရိုအသေပြုခြင်းအခမ်းအနားကို ပြီးမြောက်သွားသည်နှင့် ဗုဒ္ဓ၏သင်္ကေတအား ရရှိပေမည်။ထိုအချိန်ကျလျှင် သူတို့သည် ဘုန်းတော်ကြီးများရှေ့၌ အနေရခက်စွာဖြင့်နေနေရန် မလိုအပ်တော့ချေ။
Thank For Reading.