← Chapters

ပါရမီစွမ်းရည်ကြီး နှစ်ခု

Vol. 18 Ch. 261

ပါရမီစွမ်းရည်ကြီး နှစ်ခု

Vol. 18 Ch. 261

~အစစ်အမှန်သိုင်းဂိုဏ်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာဖြင့်ပင် ပြီးဆုံးသွားခဲ့လေပြီ။

တပည့်ကျော်လေးများ၏ စွမ်းဆောင်ရည်များကို ကြည့်ရှုပြီးနောက် ဂိုဏ်းချုပ်ကြီး လော့ဝမ်ထျန်းနှင့် အကြီးအကဲများမှာ ကျေနပ်အားရမှု အပြည့်ရှိနေကြသည်။

ယခုရရှိလိုက်သော ဆုလာဘ်များဖြင့် ဤကလေးများသည် လာမည့်နှစ်တွင် ပိုမိုသန်မာလာကြမည်မှာ အသေအချာပင်။ ဤကဲ့သို့ မနားမနေ ကြိုးစားအားထုတ်မှုများသာ ရှိနေပါက မကြာမီ အချိန်အတွင်း သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်းကြီး၏ အားထားရသော ကျောက်တိုင်ကြီးများ ဖြစ်လာကြပေလိမ့်မည်။

ကိုယ်ပိုင် တပည့်လက်ခံခြင်း အပိုင်းတွင်လည်း လော့ဝမ်ထျန်းနှင့် အခြားနှစ်ဦးတို့သည် ကောင်းမွန်သော အစပျိုးမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ကြသည်။

ဟဲယန်၊ စွန်းချွမ်းဟိုင် နှင့် အခြားသူများ၏ ရင်ထဲတွင်လည်း အတွေးကိုယ်စီ ရှိလာကြတော့သည်။

ယခုအခါ သူတို့အားလုံးသည် ချီ စွမ်းအင် နယ်ပယ်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး ကျင့်ကြံမှု အရှိန်အဟုန်မှာလည်း လျင်မြန်နေပြီ ဖြစ်ရာ၊ တပည့်လက်ခံရန် အရည်အချင်း ပြည့်မီနေကြပြီ မဟုတ်ပါလော။

“ငါတို့လည်း နောင်ကျရင် မျက်စိဒေါက်ထောက် ကြည့်ထားပြီး သင့်တော်တဲ့ မျိုးဆက်သစ်လေးတွေကို ရှာဖွေ ပြုစုပျိုးထောင်မှ ဖြစ်မယ်”

—-----

ပြိုင်ပွဲပြီးဆုံးသွားသောအခါ ညီအစ်ကို မောင်နှမများအားလုံး စုံစုံညီညီ ပြန်လည်ဆုံတွေ့ကြရသည်မှာ ရှားပါးလှသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။

တာအိုဆရာလုံရှန်းသည်လည်း တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာခဲ့သည်။

ဆရာနှင့် တပည့်များ ဝမ်းမြောက်ဝမ်းသာ ဆုံတွေ့ကြပြီး လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ပြောင်းလဲမှုများကို ပြောဆိုဆွေးနွေးကြသည်။ သူ့တွင် မြေးတပည့်လေးများ ရရှိလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ တာအိုဆရာလုံရှန်းမှာ ပီတိဖြာဝေသွားပြီး တွေ့ဆုံလက်ဆောင်များကိုပင် ရက်ရက်ရောရော ပေးအပ်လိုက်လေသည်။

နှစ်ကုန်ပိုင်း၏ လေထုသည် သက်ဝင်လှုပ်ရှားလျက် ရှိနေ၏။

သို့သော်... ထိုသို့ ပျော်ရွှင်ဖွယ် ပြန်လည်ဆုံတွေ့မှုများကြားထဲတွင် လူတိုင်း မနေနိုင်ဘဲ သက်ပြင်းချမိလိုက်ကြသော အတွေးတစ်ခုတော့ ရှိနေဆဲပင်။

...ငါတို့ရဲ့ ညီအစ်ကိုငါး ... အခုချိန်မှာ ဘယ်ဆီရောက်ပြီး ဘယ်လိုများ နေထိုင်နေရှာမလဲ...

...

လေပြည်နယ်၊

ယန်တောင်တန်း ၊ အတွင်းပိုင်း။

အမည်နာမ မရှိသော တောင်ကြားလေး တစ်ခု...။

ဆီးနှင်းတို့သည် သစ်ကိုင်းများကို လေးလံစွာ ဖိစီးထားပြီး၊ ရေခဲချောင်းများသည် အမိုးစွန်းများမှ တွဲလောင်းကျနေကြသည်။ သွက်လက်သော တိရစ္ဆာန်ငယ်လေး အချို့သည် တိတ်ဆိတ်စွာ ပြေးလွှားသွားလာနေကြပြီး အေးစက်သော ဆောင်းရာသီကို အသက်ဝင်စေလေသည်။

ထိုနေရာတွင် သစ်သားအိမ်လေး အနည်းငယ်ကို ဆောက်လုပ်ထားပြီး၊ အဝေးမှ ကြည့်လျှင် ဆီးနှင်းပြင်ပေါ်၌ ကြဲချထားသော ထင်းရှူးစေ့လေးများသဖွယ် လှပနေတော့သည်။

ကျန်းပိုင်ရှန်း နှင့် လင်ရူဟွာ တို့သည် ဤနေရာတွင် တိတ်ဆိတ်စွာ ခိုအောင်းနေထိုင်နေကြခြင်း ဖြစ်သည်။

ဤနေရာသည် ယခင်က သူတို့ လေ့ကျင့်ရေး ခရီးထွက်စဉ် ရှာဖွေတွေ့ရှိခဲ့သော နေရာလေးတစ်ခု ဖြစ်သည်။ ရှုခင်းအလွန်လှပပြီး လူသူအရောက်အပေါက် နည်းပါးလှ၏။ ရံဖန်ရံခါ ဆန်းပြားသားရဲအချို့ ရှိတတ်သော်လည်း သူတို့နှစ်ဦးအတွက်တော့ ပြဿနာ မဟုတ်ပေ။ အစစ်အမှန်သိုင်းတောင်မှ ဆင်းသက်လာပြီးနောက် ကိစ္စအဝဝကို ဖြေရှင်းပြီးသည်နှင့် သူတို့သည် ဤနေရာသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

အထီးကျန်ဆန်သော်လည်း သူတို့နှစ်ဦးကြားရှိ ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလှပေသည်။ တစ်ဦးကို တစ်ဦး နှစ်သိမ့်အားပေးကြရင်း၊ နေ့စဉ် သိုင်းပညာ လေ့လာလိုက်၊ ရှုခင်း ခံစားလိုက်ဖြင့် အချိန်ကုန်ဆုံးစေခဲ့ကြသည်။ ပြင်ပလူများနှင့် မဆက်ဆံရသော်လည်း သူတို့၏ နေ့ရက်များသည် ပြည့်စုံနေဆဲပင်။

"နှစ်သစ်မှာ... ငါတို့ အမြဲတမ်း အတူတူ ရှိနေနိုင်ပါစေလို့ ဆုတောင်းပါတယ်..."

လင်ရူဟွာသည် ကျန်းပိုင်ရှန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဆုတောင်းစကား ဆိုလိုက်သည်။

နွေးထွေးသော မီးဖို၊ ပူနွေးသော ဝိုင်၊ ကင်ထားသော အသား... မီးရောင်၏ အလင်းရောင်သည် သူတို့နှစ်ဦးအပေါ်သို့ ကျရောက်နေလေသည်။

ကျန်းပိုင်ရှန်း၏ ရင်ထဲတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

"သေချာပေါက်ပေါ့... ငါတို့ အမြဲတမ်း အတူတူ ရှိနေမှာပါ..."

ပါးစပ်ကသာ ထိုသို့ ပြောလိုက်သော်လည်း၊ သူ့စိတ်အစဉ်ကတော့ အစစ်အမှန်သိုင်းတောင်ဆီသို့ လွင့်မျောသွားရပြန်သည်။

ယခင်နှစ်များဆီကဆိုလျှင် ဒီလိုအချိန်မျိုး၌ ဆရာသခင်၊ ညီအစ်ကိုများနှင့်အတူ စုဝေးပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည် မဟုတ်ပါလော။ ဒီနှစ်ကတော့ ရှားရှားပါးပါး ခြွင်းချက်တစ်ခု ဖြစ်နေရသည်။

သူ့မျက်နှာတွင် ဘာမှမပေါ်လွင်သော်လည်း၊ လင်ရူဟွာက သူ့ကို ကောင်းကောင်း နားလည်သူ ဖြစ်သည်။

အမူအရာ အနည်းငယ် ပြောင်းလဲသွားရုံဖြင့် ကျန်းပိုင်ရှန်း ဘာတွေးနေလဲ ဆိုတာ သူမ ရိပ်မိနေပေသည်။

သူမ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ တိုးညှင်းစွာ ပြောလိုက်သည်။

"ပိုင်ရှန်း... လွန်ခဲ့တဲ့ ရက်ပိုင်းက နင် တံခါးပိတ် ကျင့်ကြံနေတုန်း ငါ အပြင်တစ်ခေါက် ထွက်ခဲ့သေးတယ်..."

ကျန်းပိုင်ရှန်း ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားတော့သည်။

"ဟာ... ရူဟွာ... မင်း ဘာလို့ အပြင်ထွက်ရတာလဲ... မိစ္ဆာဂိုဏ်းက ငါတို့ကို လိုက်ရှာနေတာ မင်းအသိဆုံးပဲဟာ... ငါတို့ ရှိတဲ့နေရာကိုသာ သူတို့ သိသွားရင် လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူးနော်..."

လင်ရူဟွာက ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။

"စိတ်မပူပါနဲ့... ငါ သိပ်သတိထားခဲ့ပါတယ်။ ပြီးတော့ နင့်အတွက် သတင်းကောင်း ပါလာတယ်..."

သူမ ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အံ့သြမှင်သက်မှု အရိပ်အယောင်အချို့ စွန်းထင်းနေ၏။

"လွန်ခဲ့တဲ့ ရက်ပိုင်းက... ဓားမမိစ္ဆာ ဆိုတဲ့လူက အစစ်အမှန်သိုင်းတောင်ကို တက်ပြီး 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်’ ကို သွားစိန်ခေါ်သတဲ့... ဒါပေမဲ့ နောက်ဆုံးတော့ သူ ရှုံးနိမ့်သွားခဲ့တယ်... အဲ့ဒီ ဓားမမိစ္ဆာ ဆိုတာက ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှာ နံပါတ် (၃) ချိတ်တဲ့လူနော်... စီနီယာ ဓားသခင်က ဒီလောက်ထိ စွမ်းအားကြီးမယ်လို့ ငါ မထင်ထားခဲ့ဘူး..."

ကျန်းပိုင်ရှန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်ကို မြင်တော့ သူမ ရယ်မောလိုက်ပြီး၊ ဓားမမိစ္ဆာ စိန်ခေါ်ခဲ့ပုံ အသေးစိတ်ကို ပြန်လည် ပြောပြလိုက်သည်။ ကျန်းပိုင်ရှန်းခမျာ စိတ်လှုပ်ရှားလွန်း၍ ရင်တွေပင် တုန်လာရရှာသည်။

လင်ရူဟွာက ပြုံးရင်း ဆက်ပြောလိုက်သည်။

"စီနီယာ ဓားသခင်က အစစ်အမှန်သိုင်းတောင်ကို စောင့်ရှောက်ပေးနေမှတော့... မိစ္ဆာဂိုဏ်းကလည်း အစစ်အမှန်သိုင်းဂိုဏ်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး... အခု စိတ်အေးသွားပြီလားဟင်"

ကျန်းပိုင်ရှန်း၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များ ပြည့်လျှံသွားသည်။ သူသည် လင်ရူဟွာကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နဖူးလေးကို နမ်းရှိုက်လိုက်လေသည်။

"ကျေးဇူးပါပဲ ရူဟွာရယ်..."

သူတို့နှစ်ဦး ထွေးပွေ့ထားကြရင်း၊ မီးရောင်အောက်တွင် သူတို့၏ အရိပ်များသည် တစ်သားတည်း ပေါင်းစည်းသွားကြသည်။

ရုတ်တရက်...

လင်ရူဟွာ၏ ရှက်သွေးဖြာနေသော တီးတိုးရေရွတ်သံလေး ထွက်ပေါ်လာသည်။

"ပိုင်ရှန်း... နင့်ကို ပြောစရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်..."

ကျန်းပိုင်ရှန်း ကြောင်သွားသည်။ ထို့နောက် လင်ရူဟွာ၏ စကားကြောင့် ကျောက်ရုပ်ကြီးပမာ တောင့်ခဲသွားရတော့သည်။

"ငါ... ကိုယ်ဝန် ရှိနေပြီ ထင်တယ်..."

ကျန်းပိုင်ရှန်း နေရာတွင်ပင် ငြိမ်သက်သွားပြီးမှ... သူ့မျက်လုံးအိမ်များ ရုတ်တရက် ကျယ်ဝန်းသွားကာ ပျော်ရွှင်မှုများ ပေါက်ကွဲထွက်လာတော့သည်။

မကြာမီတွင် တိတ်ဆိတ်သော ချိုင့်ဝှမ်းလေးတစ်ခုလုံးသည် ကျန်းပိုင်ရှန်း၏ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ရယ်မောသံများဖြင့် ပြည့်နှက်သွားလေတော့သည်။

ဤနေရာတွင် နှစ်ယောက်တည်း သီးခြား ခိုအောင်းနေကြရသော်လည်း...

သက်ရှိလေး တစ်ခု ရောက်ရှိလာခြင်းသည် သံသယ ဖြစ်ဖွယ်မရှိသော မျှော်လင့်ချက်နှင့် အံ့အားသင့်ဖွယ်ရာ လက်ဆောင်မွန် တစ်ခု ဖြစ်လာခဲ့လေပြီ။

...

နင်ချီ ကတော့ သူ့ရဲ့ အစ်ကိုငါး ဖခင်လောင်း ဖြစ်တော့မည့် အကြောင်းကို သိရှိခြင်း မရှိပါချေ။

နှစ်သစ်ကူး ပြန်လည်ဆုံတွေ့ပွဲ ပြီးဆုံးပြီးနောက်၊ သူသည် တာအိုရှာဖွေခြင်း ကျောင်းတော် သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခုရက်ပိုင်းတွင် အစစ်အမှန်သိုင်းဂိုဏ်းသားတိုင်း အလုပ်ရှုပ်နေကြသည်။ အကြီးအကဲ တစ်ဦးချင်းစီတွင် ကိုယ်ပိုင် တာဝန်အသီးသီး ရှိနေကြသည်။

အတွင်းပိုင်းတွင် ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များကို တစ်ဆင့်ချင်းစီ မွမ်းမံပြင်ဆင်နေရသလို၊ ပြင်ပတွင်လည်း မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်မှ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရ၏။

အစစ်အမှန်သိုင်းဂိုဏ်းသားများကို မလိုအပ်သော အန္တရာယ်များမှ ကာကွယ်ရန်အတွက် လော့ဝမ်ထျန်း သတ်မှတ်ထားသော စံနှုန်းမီမှသာ တောင်အောက်ဆင်း လေ့ကျင့်ခွင့် ပြုထားလေသည်။

နင်ချီအနေဖြင့် ထို သာမန်ကိစ္စရပ်များတွင် ဝင်ရောက်ကူညီရန် မလိုပေ။ သူ လုပ်နိုင်သော တစ်ခုတည်းသော အရာမှာ မိမိ၏ စွမ်းရည်ကို အဆက်မပြတ် မြှင့်တင်ပြီး အဆုံးစွန်သော အရန်လူ အဖြစ် ရှိနေပေးရန်သာ ဖြစ်သည်။

နှစ်သစ်ကူး ပြီးနောက်...

သူသည် ရက်အနည်းငယ်ကြာတိုင်း မျောက်ဖြူ၏ သွေးမျိုးဆက်နှင့် ပဲ့တင်ရိုက်ခတ်မှု ပြုလုပ်လေ့ ရှိသည်။

ငွေရောင် မျောက်ဝံကြီး လှည့်ကြည့်လိုက်တိုင်း ပုံရိပ်များ ကွဲကြေသွားသဖြင့် နောက်ဆက်တွဲ ဘာဖြစ်သည်ကို မမြင်ရသော်လည်း၊ နင်ချီအတွက်မူ အမြတ်များစွာ ရရှိနေဆဲပင်။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူသည် 'ထင်ယောင်ထင်မှား ချိုးဖျက်သော ရွှေရောင်မျက်လုံး'၏ သဘောတရား အချို့ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။

ဤ တွက်ချက်မှု လမ်းကြောင်းအတိုင်းသာ ဆက်သွားမည် ဆိုပါက၊ ရွှေရောင်မျက်လုံးကို သူကျင့်ကြံနိုင်သော လျှို့ဝှက်နည်းစနစ် တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန်မှာ အချိန်ပြဿနာသာ ဖြစ်တော့မည်။

တစ်နေ့သောအခါ...

ကျွမ်းချန် သည် တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်းသို့ စိတ်လှုပ်ရှားစွာ ဝင်ရောက်လာလေသည်။

"ကိုးလေး... ကိုးလေးရေ... ခင်ဗျား သင်ပေးလိုက်တဲ့ ပဲ့တင်ရိုက်ခတ်မှု နည်းစနစ်ကို ကျွန်တော် အောင်မြင်သွားပြီဗျ"

ကျွမ်းချန်သည် ဓားလမ်းစဉ် တွင် အားကောင်းသော အမြင်အာရုံ ရှိသူဖြစ်သည်။ အထူးသဖြင့် ဓားအရိုး ကျိုးပဲ့ပြီး ပြန်လည် တည်ဆောက်ပြီးနောက်တွင် ပို၍ပင် ထူးချွန်လာခဲ့သည်။

သို့သော် အခြားသော လျှို့ဝှက်နည်းစနစ်များ ကျင့်ကြံရာတွင်မူ မျောက်ဖြူကို ယှဉ်နိုင်ခြင်း မရှိပေ။

သူသည် မျောက်ဖြူထက် နှစ်ရက်၊ သုံး ရက်လောက် နောက်ကျပြီးမှ လျှို့ဝှက်နည်းစနစ်ကို ရရှိခဲ့သော်လည်း၊ အောင်မြင်ရန်အတွက်မူ ဆယ်ရက်ကျော် ပိုကြာမြင့်ခဲ့ရှာသည်။

All Chapters