← Chapters

ပါရမီစွမ်းရည်ကြီး နှစ်ခု(၂)

Vol. 18 Ch. 262

ပါရမီစွမ်းရည်ကြီး နှစ်ခု(၂)

Vol. 18 Ch. 262

~နင်ချီ၏ နှုတ်ခမ်းထောင့်စွန်းတို့သည် အနည်းငယ် ကွေးညွတ်သွားကာ မျှော်လင့်ချက် အရိပ်အယောင်တို့ ယှက်သန်းလာလေ၏။

မျောက်ဖြူ၏ သွေးမျိုးဆက် အတွင်းပိုင်းအကျဆုံးနေရာတွင် မြင်တွေ့ခဲ့ရသည့် ထူးဆန်းအံ့ဖွယ် မြင်ကွင်းမျိုးကို 'ကျွမ်းချန်' ၏ မူလဓားအရိုး အတွင်းပိုင်း၌လည်း တွေ့မြင်နိုင်မည်လောဟူသော မေးခွန်းသည် သူ့စိတ်ထဲတွင် တရစ်ဝဲဝဲ ဖြစ်ပေါ်နေခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။

ယခုအခါတွင်မူ... ကျွမ်းချန်တစ်ယောက် ကျင့်ကြံခြင်း အောင်မြင်သွားခဲ့ချေပြီ။

"လာစမ်းပါဦး ၊ ဆယ်လေးရေ..."

နင်ချီက လက်ယပ်ခေါ်လိုက်သည်နှင့် တပြိုင်နက် မျောက်ဖြူ၏ မျက်နှာပေါ်တွင် စာနာသနားသလိုလို၊ ကြိတ်ပြီး ရယ်ချင်နေသလိုလို အမူအရာတစ်ခု ပေါ်လာတော့သည်။

လွန်ခဲ့သော ရက်များအတွင်း သူ ခံစားခဲ့ရသည့် ဝေဒနာကို သူသာလျှင် အသိဆုံး မဟုတ်ပါလော။ ပဲ့တင်ရိုက်ခတ်မှု လုပ်လိုက်တိုင်း ရရှိလာသည့် စွမ်းအားတိုးတက်မှုက ပျော်စရာ ကောင်းသလောက်၊ ခံစားရသည့် နာကျင်မှုကလည်း "အချဉ်ပေါက်ပြီး စပ်ဖျင်းဖျင်း" နိုင်လှပေသည်။

ယခုတော့ ကျွမ်းချန် တစ်ယောက် သူ့ခြေရာကို နင်းရတော့မည်ကို တွေးမိပြီး မျောက်ဖြူခမျာ အူမြူးနေရှာ၏။

ကျွမ်းချန်ကတော့ မျောက်ဖြူ သူ့ကို စနောက်နေသည်ဟု ထင်မှတ်ကာ လျှာထုတ်ပြောင်ပြလိုက်လေသည်။

ကျွမ်းချန်သည် နင်ချီထက် အသက်အနည်းငယ် ပိုကြီးသော်လည်း အရပ်အမောင်းမှာမူ မတိမ်းမယိမ်းသာ ရှိသည်။ ထူးခြားသည်မှာ သူ၏ ဖက်တီး ခန္ဓာကိုယ်နှင့် ဖောင်းကားနေသော ပါးပြင်နှစ်ဖက်ပင် ဖြစ်၏။ နင်ချီက သူ့အတွက် ‘မက်မောစွာ အိပ်မက်မက်ခြင်း’ လျှို့ဝှက်နည်းစနစ်ကို မွမ်းမံပြင်ဆင်ပေးလိုက်ပြီးနောက် ဘေးထွက်ဆိုးကျိုးများ ရပ်တန့်သွားခဲ့သော်လည်း၊ အစားသရဲ ပီသစွာဖြင့် စားသောက်လွန်းလှသဖြင့် ဝမြဲဝနေဆဲပင် ဖြစ်လေသည်။

"ကိုးလေး... ဒီတစ်ခါ ကျွန်တော် ဘယ်လို ပူးပေါင်းပေးရမလဲဗျ..."

ကျွမ်းချန်က မျှော်လင့်တကြီး မေးလိုက်သည်။

နင်ချီက ဟားတိုက်ရယ်မောလိုက်ရင်း ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။

"အရင်လိုပါပဲကွာ... ဒါပေမဲ့ ဒီတစ်ခါကတော့ မင်း သတိမလစ်မချင်း ပဲ့တင်ရိုက်ခတ်မှု လျှို့ဝှက်နည်းစနစ်ကို ရပ်လို့မရဘူးနော်။ အောင်မြင်ရင်တော့ စီနီယာ အစ်ကိုကြီးက မင်းရဲ့မူလ ဓားအရိုးထက် ပိုကြမ်းတဲ့ လျှို့ဝှက်နည်းစနစ် သင်ပေးမယ်၊ ဘယ်နှယ့်လဲ..."

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျွမ်းချန်၏ မျက်လုံးများ အရောင်လက်သွားတော့သည်။

ဘေးနားက မျောက်ဖြူ၏ "မင်းတော့ သေပြီဆရာ" ဟူသော အပြုံးကို သူ သတိမထားမိလိုက်ရှာပေ။

သူသည် ရင်ဘတ်ကို တဘုန်းဘုန်းထုကာ ယုံကြည်မှုအပြည့်ဖြင့် အော်ဟစ်လိုက်လေသည်။

"လုပ်လေဗျာ... လာထား... ကျွန်တော် အဆင်သင့်ပဲ"

နင်ချီက တိတ်တဆိတ် ပြုံးလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။

"မျက်လုံးကို မှိတ်... အသက်ရှူကို ညှိပြီး လျှို့ဝှက်နည်းစနစ်ကို စတင်လည်ပတ်တော့..."

ကျွမ်းချန်၏ မျက်နှာထား တည်ကြည်လေးနက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလ ဓားအရိုးနှင့် စတင်ကာ ပဲ့တင်ရိုက်ခတ်

လိုက်လေသည်။

သူ့နှုတ်ဖျားမှ တိရစ္ဆာန်တစ်ကောင်၏ ဟိန်းသံကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာပြီး၊ ခန္ဓာကိုယ်အတွင်းမှ ဓားသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ ၎င်းသည် ဓားပျံပေါင်းများစွာကို ဓားအိမ်မှ ဆွဲထုတ်လိုက်သကဲ့သို့ပင်။ မျောက်ဖြူ၏ ဧကရာဇ်သွေးမျိုးဆက် နိုးထလာပုံနှင့် အတော်လေး ဆင်တူလှပေသည်။

နင်ချီ အနည်းငယ် အံ့အားသင့်သွားမိသည်။

ထို့နောက်တွင် သူသည် ကြီးမားကျယ်ပြန့်လှသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို ဆွဲယူစုစည်းလိုက်လေသည်။ သူ၏ ဓားလမ်းစဉ် သည် အလွန်မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ယခင်ကထက် ပိုမို လွယ်ကူသက်သာစွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ဓားပျံပေါင်း ထောင်သောင်းချီ၏ တုန်ခါသံများနှင့်အတူ ပဲ့တင်ထပ်သွားတော့၏။

ထိုအခိုက်အတန့်၌...

ကျွမ်းချန်၏ မျက်နှာသည် ရုတ်တရက် ရှုံ့မဲ့သွားလေသည်။ ဘေးနားမှ မျောက်ဖြူမှာမူ သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်ကာ ပျော်ရွှင်နေသည့်ပုံစံဖြင့် ကခုန်မတတ် ဖြစ်နေရှာသည်။ အတွင်းနှင့် အပြင် ပဲ့တင်ရိုက်ခတ်ခြင်းသည် ထင်သလောက် မလွယ်ကူကြောင်း ကျွမ်းချန် နားလည်လိုက်ချိန်တွင် နောက်ကျသွားခဲ့ချေပြီ။

ကျွမ်းချန်ခမျာ အံကိုကြိတ်ပြီး အော်ဟစ်လိုက်ရရှာသည်။

“အား... ကျွတ်... ကျွတ်... နာလိုက်တာဗျာ... ပုရွက်ဆိတ်ကောင်ရေ သောင်းနဲ့ချီပြီး အသားကို ကိုက်ခဲနေသလိုပဲ... အရင်တုန်းက ဓားအရိုး ကျိုးသွားတုန်းကတောင် ဒီလောက် မနာဘူး”

သို့သော် နင်ချီက စိတ်မပူပေ။

ကျွမ်းချန်၏ သဘာဝက ယခင်ကထက် များစွာ ပိုမိုသန်မာလာပြီ ဖြစ်သည်။

နင်ချီသည် သူ၏ 'နတ်ဘုရား အာရုံ' အား စုစည်းလိုက်ပြီး၊ ရဲ ချီစွမ်းအင်များနှင့်အတူ ကျွမ်းချန်၏ မူလ ဓားအရိုး အတွင်းသို့ ထိုးဖောက်ဝင်ရောက်လိုက်လေသည်။

ဝီ... ဝီ... ဝီ...

ထူးဆန်းသော တုန်ခါသံတစ်ချက်နှင့်အတူ နင်ချီ၏ ဝိညာဉ်သည် တုန်လှုပ်သွားပြီးနောက်... သူသည် ဟင်းလင်းပြင် တစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။

ထိုဟင်းလင်းပြင်ထဲတွင် နင်ချီ တစ်ခါမျှ မမြင်ဖူးလောက်အောင် အားကောင်းသော ဓားစိတ်ဆန္ဒ မျိုးစုံ ဝဲပျံနေကြသည်။ သူကိုယ်တိုင် ပိုင်ဆိုင်ထားသော ဓားစိတ်ဆန္ဒက ဤနေရာ၌ ဘာမှမဟုတ်တော့ သည့်အလား သေးငယ်သွားရ၏။

ဝမ်းနည်းစရာကောင်းသည်မှာ ထို ဓားစိတ်ဆန္ဒများသည် အချိန်နှင့် နေရာ အလွှာပေါင်းများစွာ ခြားနားနေသကဲ့သို့ ဝါးတားတားသာ ဖြစ်နေပြီး ၎င်းတို့၏ နက်နဲမှုကို အသေးစိတ် သိမြင်နိုင်စွမ်း မရှိခြင်းပင်။

နင်ချီသည် ၎င်းတို့၏ အစွမ်းထက်မှုကိုသာ သိရှိနိုင်ပြီး မည်သည့်အရာက ၎င်းတို့ကို စွမ်းအားကြီးစေသလဲ ဆိုသည်ကိုမူ စူးစမ်း၍ မရနိုင်ပေ။

နှမြောဖို့ကောင်းတာက

အကယ်၍သာ ဤဓားစိတ်ဆန္ဒ အာဟာရများကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ပါက သူ၏ ဓားလမ်းစဉ်သည် မည်မျှအထိ မြင့်မားသွားမည်ကို တွေးပင် မတွေးရဲလောက်အောင်ပင်။

ထိုစဉ်... အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်။

“နေပါဦး... ဒါတွေက သမိုင်းတစ်လျှောက် မူလ ဓားအရိုး ပိုင်ရှင်တွေရဲ့ ဓားစိတ်ဆန္ဒတွေများလား”

ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက်...

ဟင်းလင်းပြင်ကြီးသည် ရှင်းပြ၍ မရနိုင်သော ပြောင်းလဲမှုများကို စတင် လုပ်ဆောင်လာတော့သည်။

ဓားစိတ်ဆန္ဒများ လေထုတွင်း ရှေ့နောက် ဝဲပျံသွားပြီးနောက် ဆင်တူသော

မြင်ကွင်းများကို ပြသလာ၏။

"အူဝဲ... အူဝဲ..."

မွေးကင်းစ ကလေးငယ်လေးတွေ၏ ငိုသံတွေ ထွက်ပေါ်လာတော့သည်။

နင်ချီ မြင်လိုက်ရတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။

မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေတည်စ ကလေးငယ်လေးများ၏ ခန္ဓာကိုယ်ထဲကို ကောင်းကင်နှင့် မြေကြီး၏

စွမ်းအင်ကြီးတစ်ခုက အရှိန်အဟုန်နှင့် စီးဝင်သွားလေသည်။

'ဒါ... ဒါက မူလ ဓားအရိုးဆိုတဲ့အရာ ဖြစ်တည်လာပုံရဲ့ နောက်ကွယ်က အမှန်တရားလား...'

နင်ချီ့ ခေါင်းထဲမှာ အတွေးတွေက ရှုပ်ထွေးသွားရချေပြီ။

'မူလကတော့ ငါထင်ထားတာ တခြားစီလေ... ကောင်းကင်ဘုံသားရဲ သွေးမျိုးဆက်တွေလိုပဲ ဒီ မူလ ဓားအရိုးဆိုတာလည်း ရှေးခေတ်က အစွမ်းထက်လွန်းတဲ့ ဓားသိုင်းအဘိုးကြီး တစ်ယောက်ယောက်ဆီက ဆင်းသက်လာတယ်လို့ ထင်ခဲ့မိတာ... အခုတော့ ငါ့အထင်တွေ လွဲကုန်ပြီပဲ... ဒါက ဘိုးဘေးပိုင်အမွေ မဟုတ်ဘဲ သဘာဝတရားကြီးက မွေးထုတ်ပေးလိုက်တဲ့ လက်ဆောင်စစ်စစ် ဖြစ်နေတာကိုး...'

'ဒီပုံစံအတိုင်းသာဆိုရင်... မူလ ဓားအရိုးတင် မကဘူး၊ မူလ ဓားမအရိုးတို့၊ မူလ လှံအရိုးတို့လည်း ရှိကိုရှိရမယ်... ငါ မတွေ့သေးလို့သာ နေမှာပါ…’

နင်ချီ၏ ရင်ထဲတွင် လှိုင်းဂယက်များ ထသွားရလေသည်။

ကလေးငယ်များ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသော စွမ်းအားသည် ဓားလမ်းစဉ် မူလအစ နှင့် ကောင်းကင်နှင့် မြေကြီး စွမ်းအားတို့ ပေါင်းစပ်ထားသော အရာတစ်ခု ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်မိသည်။

ဆက်လက် ကြည့်ရှုနေရင်း...

နင်ချီ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားရပြန်သည်။

မှုန်ဝါးဝါး မြင်ကွင်းအချို့ထဲတွင် မွေးကင်းစ ကလေးငယ်များသည် ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို တိုက်ရိုက် စုပ်ယူနေကြသည် မဟုတ်ပါလော။

“မွေးကင်းစ အရွယ်လေးနဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်တယ်တဲ့လား... ဒါက 'ကောင်းကင်ဘုံလူသား' ဆိုတဲ့ အဓိပ္ပာယ်အတိုင်းပဲ... ဒါဆိုရင် သဘာဝတရားက မျက်နှာသာပေးထားတဲ့ ကောင်းကင်ဘုံသားရဲတွေတင် မကဘဲ၊ လူသားတွေထဲမှာလည်း အလားတူ ဖြစ်တည်မှုမျိုး ရှိနေတာပေါ့... မူလ ဓားအရိုး ပိုင်ရှင်တွေက အဲ့ဒီထဲက တစ်မျိုးပဲ”

နင်ချီ၏ မျက်လုံးအိမ်များ ကျယ်သွားသည်။

ဒါက ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြီးမားသော လျှို့ဝှက်ချက်ကြီး ဖြစ်သည်။

သို့သော် မေးခွန်းထုတ်စရာ တစ်ခု ရှိလာပြန်သည်။

“ဒါပေမဲ့... ဘာလို့ ဆယ်လေး ကျတော့ အဲ့ဒီလို မဟုတ်ရတာလဲ... တကယ်လို့သာ သူက ကောင်းကင်နဲ့ မြေကြီး စွမ်းအားကို သဘာဝအလျောက် စုပ်ယူနိုင်မယ်ဆိုရင် သူ့စွမ်းအားက ဒီအဆင့်လောက်ပဲ ရှိမှာ မဟုတ်ဘူး”

နင်ချီ ခေါင်းရှုပ်သွားသည်။

သူ့ခေါင်းထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင်က မိုးကြိုးပစ်လွှတ်လိုက်သလို တဖျပ်ဖျပ် လက်နေတော့သည်။

ဦးနှောက်အာရုံကြောတွေက အလုပ်လုပ်လွန်းအားကြီး၍ ပူကျက်လာမတတ်၊ ရရှိထားသော သတင်းအချက်အလက် အပိုင်းအစများက မြစ်ရေစီးကြောင်းပမာ တဝုန်းဝုန်း စီးဆင်းနေလေ၏။

ထိုစဉ်...

ရုတ်တရက်ဆိုသလိုပင် ကျောချမ်းစရာကောင်းလွန်းလှသည့် ထင်ကြေးတစ်ခုက စိတ်အာရုံထဲသို့ အတင်းတိုးဝင်လာတော့သည်။

" မဟုတ်မှလွဲ... ကမ္ဘာကြီးမှာ အပြောင်းအလဲ တစ်ခုခု ဖြစ်သွားလို့ နောက်ပိုင်း မွေးလာတဲ့ မူလ ဓားအရိုး ပိုင်ရှင်တွေက စွမ်းအားစုပ်ယူနိုင်စွမ်း မရှိတော့ဘဲ... ဓားလမ်းစဉ် ပါရမီလောက်ပဲ ကျန်ခဲ့တာများလား”

ဤအဖြေသည် အသင့်လျော်ဆုံး ဖြစ်ပုံရသည်။

နင်ချီသည် ဓားမမိစ္ဆာနှင့် သူ အတူတူ ခံစားခဲ့ရဖူးသော 'ကြီးမားသော ထိတ်လန့်မှုကြီး' ကို ပြန်လည်အမှတ်ရလိုက်ပြီး သက်ပြင်းချလိုက်မိလေသည်။

အမှန်တရားနှင့် တဖြည်းဖြည်း နီးစပ်လာပြီ ဖြစ်သည်။

ကောင်းကင်ဘုံသားရဲများ ပျောက်ကွယ်သွားခြင်း၊ မူလ ဓားအရိုးများ ပြောင်းလဲသွားခြင်းနှင့် ကမ္ဘာကြီးဆီမှ လာသော ကြီးမားသော ထိတ်လန့်မှုကြီး... ။

ဤသုံးခုသည် တစ်နည်းနည်းဖြင့် ဆက်စပ်နေမည်မှာ အသေအချာပင်။

“တကယ်တော့ ဘာတွေ ပြောင်းလဲသွားခဲ့တာလဲ”

နင်ချီ ဆက်လက် ကြည့်ရှုလိုက်သည်။

ဟင်းလင်းပြင်ကြီးသည် ပြန်လည် ငြိမ်သက်သွားပြီး၊ မျောက်ဖြူ၏ သွေးမျိုးဆက်တုန်းကလို အတင်းအဓမ္မ 'ကန်ထုတ်' ခံရခြင်းမျိုး မရှိသည်မှာ အံ့သြစရာပင်။ ဇာစ်မြစ် မတူညီ၍ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဒါက သူ့အတွက် အကျိုးရှိသည်။ ဟင်းလင်းပြင် ငြိမ်သက်သွားသောအခါ ထူးဆန်းသော လှိုင်းတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာ၏။

နင်ချီ သေချာ အာရုံခံကြည့်လိုက်သောအခါ ဝမ်းသာသွားမိလေသည်။

ဤလှိုင်းသည် မူလ ဓားအရိုး၏ မူလစွမ်းရည်များ ပါဝင်နေခြင်းကြောင့်ပင်။

“မူလ နတ်ဘုရား ဓားချီ လား... ဒါက မူလ ဓားအရိုးရဲ့ အစွမ်းထက်တဲ့ စွမ်းရည်တစ်ခုပဲ... မျောက်ဖြူရဲ့ 'ထင်ယောင်ထင်မှား ချိုးဖျက်တဲ့ ရွှေရောင်မျက်လုံး' နဲ့ အဆင့်တူလောက်တယ်... ဒါပေမဲ့ ဒါကို ထိန်းချုပ်လို့ရတဲ့ လျှို့ဝှက်နည်းစနစ် ဖြစ်အောင် ပြောင်းဖို့တော့ လိုသေးတယ်”

သို့သော် နင်ချီ ယုံကြည်မှု ရှိသည်။ သူ့အတွက်တော့ ဒါက သိပ်မခက်ခဲလှပေ။ အထူးသဖြင့် ပုံစံခွက် တစ်ခု အဆင်သင့် ရှိနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

မွေးရာပါ ပါရမီတစ်ခုကို သင်ယူ၍ ရသည့် လျှို့ဝှက်နည်းစနစ်အဖြစ် ပြောင်းလဲခြင်းသည် အခြားသူများအတွက် မိုးပေါ်သို့ လှေကားထောင်သလို ခက်ခဲနိုင်သော်လည်း၊ နင်ချီအတွက်မူ ဖြစ်နိုင်ချေ ရှိသော ကိစ္စ တစ်ခုသာ ဖြစ်လေသည်။

ထိုသို့ ဈာန်ဝင်စားနေစဉ်မှာပင်...

ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး နင်ချီ၏ ပဲ့တင်ရိုက်ခတ်မှု အခြေအနေ ပြီးဆုံးသွားတော့သည်။

သူ၏ နတ်ဘုရားအာရုံ မနိုင်တော့၍ မဟုတ်ဘဲ၊ ကျွမ်းချန်တစ်ယောက် သတိလစ်မေ့မြောသွားသောကြောင့် ဖြစ်သည်။

နင်ချီ တဟားဟား ရယ်မောလိုက်မိသည်။

ကျွမ်းချန်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီး ဘာမှမဖြစ်ကြောင်း သေချာမှ စိတ်အေးသွားရ၏။

ကျွမ်းချန်အတွက်တော့ ဒါက အကျိုးရှိပါသည်။ ပဲ့တင်ရိုက်ခတ်မှု လုပ်လိုက်တိုင်း သူ့ ဓားအရိုးကို ထိန်းချုပ်နိုင်စွမ်း ပိုမြင့်လာသည် မဟုတ်ပါလော။

ထို့အပြင် နင်ချီသာ 'မူလ နတ်ဘုရား ဓားချီ လျှို့ဝှက်နည်းစနစ်ကို ဖန်တီးနိုင်ခဲ့လျှင် ကျွမ်းချန်သည် သူ့ ဓားအရိုး၏ မူလစွမ်းရည်ကို စောစီးစွာ နိုးထစေနိုင်မည် ဖြစ်သည်။ ရွှေရောင်မျက်လုံးကို ကျွမ်းကျင်ပြီးသား မျောက်ဖြူထက်ပင် သာလွန်သွားနိုင်လေသည်။

မျောက်ဖြူကို ကျွမ်းချန်အား ပြုစုခိုင်းလိုက်ပြီးနောက်၊ နင်ချီသည် 'ထင်ယောင်ထင်မှား ချိုးဖျက်သော ရွှေရောင်မျက်လုံး' နှင့် 'မူလ နတ်ဘုရား ဓားချီ ဟူသော မွေးရာပါ စွမ်းရည်ကြီး နှစ်ခုအကြောင်းကို လေးလေးနက်နက် စဉ်းစားလိုက်လေသည်။

သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ဒီ မွေးရာပါ ပါရမီနှစ်ခုကို လျှို့ဝှက်နည်းစနစ်တွေအဖြစ် အောင်မြင်စွာ ပြောင်းလဲပြီးမှသာ တောင်အောက်ဆင်းပြီး ရန်သူတွေကို သွားရှင်းမည် ဟူ၍ပင်။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့သည် လျှို့ဝှက်ချက် များပြားလွန်းလှသည်။ ကောင်းကင်ဘုံလူသား နယ်ပယ်ကို ကျော်လွန်သော နည်းလမ်းများ သူတို့လက်ထဲတွင် ရှိမနေဘူးဟု မည်သူ ပြောနိုင်မည်နည်း။

ကိုယ့်အင်အားကို အမြင့်ဆုံး မြှင့်တင်ထားခြင်းကသာ အလုံခြုံဆုံး လမ်းကြောင်း ဖြစ်ပေသည်။

အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားလေ၏။

လဝက်ခန့် ကြာမြင့်သွားပြီးနောက်...

နင်ချီ၏ သုတေသနပြုမှုသည် အားရစရာ ကောင်းလောက်အောင် တိုးတက်လာခဲ့သည်။ အထူးသဖြင့် ‘မူလ နတ်ဘုရား ဓားချီ ‘တွင် ပို၍ ခရီးရောက်ခဲ့သည်။ သူ၏ ‘နတ်ဘုရား အာရုံ’ ခံနိုင်ရည် မြင့်မားမှုကြောင့် ၎င်းကို အရင်ဆုံး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်မူ... 'ထင်ယောင်ထင်မှား ချိုးဖျက်သော ရွှေရောင်မျက်လုံး' လျှို့ဝှက်နည်းစနစ်ကိုလည်း အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေပြီ။

နင်ချီ၏ ရည်မှန်းချက်သည် နောက်ဆုံးတွင် ပြည့်ဝသွားခဲ့လေပြီတည်း။

All Chapters