အနီရောင် မိုးကြိုးတိမ်တိုက်နှင့် တောင်အောက်သို့ ဆင်းသက်ခြင်း (၂)
Vol. 18 Ch. 264
~နင်ချီသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိလေ၏။
“ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေက တကယ်ပဲ များလွန်းပါလား... ငါ့အင်အားက မလုံလောက်သေးတော့ အထဲထိ ဝင်ကြည့်ဖို့ မဖြစ်နိုင်သေးဘူး”
သူသည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး အာရုံထွေပြားမှု အားလုံးကို ဖြတ်တောက်လိုက်တော့သည်။
ကျင့်ကြံခြင်း လမ်းစဉ်ဆိုသည်မှာ ခရီးရှည်ကြီး တစ်ခု မဟုတ်ပါလော။ ခြေတစ်လှမ်းမှ စတင်ရမည် ဖြစ်သည်။ မိမိကိုယ်ကို အားဖြည့်ခြင်းသည်သာ အဓိက ဖြစ်ပေသည်။
လောလောဆယ်တွင်မူ ဂိုဏ်းချုပ်ကြီး လော့ဝမ်ထျန်းထံမှ သတင်းကောင်းကိုသာ စောင့်မျှော်ရမည်။ 'သွေးဘုရင်ကူ' နှင့် ပတ်သက်သည့် သဲလွန်စ ရသည်နှင့် တစ်ပြိုင်နက် တောင်အောက်သို့ ချက်ချင်း ဆင်းသက်မည် ဟူ၍ ဆုံးဖြတ်ထားလိုက်၏။
အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
နင်ချီ သိပ်ကြာကြာ စောင့်စရာ မလိုလိုက်ပါချေ။
တစ်နေ့သောအခါ...
လော့ဝမ်ထျန်းသည် တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာလေသည်။
"ကိုးလေး...အစ်ကိုကြီး သတင်းတွေ စုစည်းပြီးပြီ။ တောင်ပိုင်းနယ်စပ် မဟာမိတ်တွေ 'သွေးဘုရင်ကူ' မွေးမြူနေတယ်လို့ သံသယရှိရတဲ့ နေရာအချို့တော့ တွေ့ထားတယ်။ ဒါပေမဲ့ သူတို့က သိပ်လျှို့ဝှက်လွန်းအားကြီးတော့ သဲလွန်စတွေက ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာ။ ပြီးတော့ ဒါက တောင်ပိုင်းနယ်စပ်က တမင်ကြံစည်ထားတဲ့ ထောင်ချောက်လည်း ဖြစ်နိုင်သေးတယ်။ အရင်တုန်းက တော်ဝင်နန်းတော်တောင် ဒီလိုမျိုး အလိမ်ခံရပြီး အထိနာဖူးတယ်တဲ့..."
သူ စကားကို ခေတ္တ ရပ်လိုက်ပြီး နင်ချီကို စိုးရိမ်တကြီး ကြည့်လိုက်၏။
"အဲ့ဒါကြောင့်... မင်း တောင်အောက် မဆင်းရင် ပိုကောင်းမလားလို့..."
လော့ဝမ်ထျန်း၏ ရင်ထဲတွင် ဆန္ဒနှစ်ခု လွန်ဆွဲနေသည်။
တစ်ဖက်က မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်၏ အန္တရာယ်ကို အမြစ်မတွယ်မီ ရှင်းလင်းပစ်စေချင်သော်လည်း၊ အခြားတစ်ဖက်တွင်မူ မိမိ၏ ညီငယ်လေးကို အန္တရာယ်တွင်းထဲသို့ မပို့ချင်ပေ။ အစ်ကိုကြီး တစ်ယောက်အနေဖြင့် ဖြစ်စေ၊ ဂိုဏ်း၏ အနာဂတ်ကို မျှော်ကိုး၍ ဖြစ်စေ နင်ချီကို ဘေးကင်းစေချင်သည်။
ထို့ကြောင့် လွန်ခဲ့သော ရက်များအတွင်း သူ ဗျာများနေခဲ့ရခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူသည် ရွေးချယ်ခွင့်ကို နင်ချီ၏ လက်ထဲသို့သာ အပ်နှံလိုက်တော့သည်။ ပြဿနာကို ရှောင်လွှဲနေရုံဖြင့် ပြေလည်သွားမည် မဟုတ်ချေ။
နင်ချီသည် မှတ်တမ်းဖိုင်တွဲကို လှမ်းယူလိုက်ပြီး စိတ်အေးလက်အေးပင် ပြုံးပြလိုက်လေသည်။
"အစ်ကိုကြီး... စိတ်မပူပါနဲ့ဗျာ။ ကျွန်တော် မကြာသေးခင်ကမှ ပညာအသစ်တွေ ရထားတာ... သိုင်းသူတော်စင် အစစ်ကြီး ကိုယ်တိုင် ဆင်းလာရင်တောင် ကျွန်တော် အသက်ရှင်လျက် ထွက်ပြေးနိုင်ပါသေးတယ်..."
ထိုစကားကို ကြားလိုက်ရမှ လော့ဝမ်ထျန်း၏ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရ၏။
သူ့ညီငယ် ကိုးလေးသည် ဘယ်သောအခါမှ ကြွားဝါတတ်သူ မဟုတ်။
ပြောပြီဆိုလျှင် သေချာပေါက် လုပ်နိုင်စွမ်း ရှိသူ ဖြစ်သည်။
သို့သော်လည်း အစ်ကိုကြီး ပီပီ သတိပေးစကား ဆိုလိုက်ပြန်သည်။
"ကိုးလေး... အစ်ကိုကြီးကို ကတိတစ်ခု ပေးပါ။ ဒီတစ်ခါ တောင်အောက်ဆင်းရင် အခွင့်အရေးရမှ ရန်သူကို ရှင်းပါ။ အခြေအနေ မကောင်းရင် မင်းရဲ့ အသက်ကိုပဲ ဦးစားပေးပါ။ မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ် ဆိုတာ အမြစ်တွယ်နေတာ ကြာပြီ။ သူတို့ဆီမှာ သိုင်းသူတော်စင် မရှိသေးရင်တောင် အဲ့ဒီအဆင့်နဲ့ ယှဉ်နိုင်တဲ့ ဝှက်ဖဲတွေ ရှိကောင်းရှိနိုင်တယ်။ ဘယ်တော့မှ လျှော့မတွက်ပါနဲ့"
နင်ချီသည် လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလိုက်လေသည်။
"စိတ်ချပါ အစ်ကိုကြီး... ကျွန်တော်က အသက်ရှည်ရှည် နေချင်တဲ့ လူပါ... ကိုယ့်အသက်ကို လွယ်လွယ်နဲ့ အသေခံမယ့်အထဲမှာ မပါပါဘူး"
မဟာယန် တော်ဝင်နန်းတော်ကြီးကို နှစ်ပေါင်းများစွာ ဒုက္ခပေးနိုင်ခဲ့သည့် မိစ္ဆာဂိုဏ်းနှင့် တောင်တစ်သိန်းကြားမှာ ခြေကုပ်ယူထားနိုင်သည့် တောင်ပိုင်းနယ်စပ်တို့သည် သာမန်ကြောင်သူတော်များတော့ မဟုတ်နိုင်ပေ။
နင်ချီ၏ နောက်ပြောင်သလိုလို၊ အတည်လိုလို စကားကို ကြားလိုက်ရသောအခါ လော့ဝမ်ထျန်း မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။
နင်ချီ ဂိုဏ်းကို စရောက်တုန်းက ဆရာ့ကို "ကျွန်တော် အသက်ရှည်ချင်တယ်" ဟု ပြောခဲ့ဖူးသည်ကို သူ အမှတ်ရမိသွား၏။ ထိုစကားကို တာအိုဆရာလုံရှန်းက တပည့်တွေကို ပြန်ပြောပြပြီး သဘောကျနေခဲ့ဖူးသည်။
သိုင်းပညာရှင် ဆိုသည်မှာ ရည်မှန်းချက် ကြီးရမည်။
ထိုရည်မှန်းချက်က ဘယ်လောက်ပဲ ဝေးကွာနေပါစေ၊ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းသွားဖို့သာ လိုအပ်ပေသည်။
ဤနှစ်များအတွင်း...
နင်ချီသည် တာအိုရှာဖွေခြင်း ကျောင်းတော်ထဲတွင် အောင်းနေပြီး သူ ပြောခဲ့သည့်အတိုင်း လက်တွေ့ကျင့်သုံးနေခဲ့သည် မဟုတ်ပါလော။ အခြားသူများ ထုတ်မပြောကြသော်လည်း နင်ချီ၏ ဇွဲလုံ့လကို တိတ်တဆိတ် လေးစားအားကျနေကြရသည်။
လော့ဝမ်ထျန်းသည် တစ်စုံတစ်ခုကို သတိရသွားပြီး ထပ်ပြောလိုက်၏။
"ဪ... ဒါနဲ့... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ မကြာသေးခင်ကပဲ အစစ်အမှန်နက်နဲဂိုဏ်း က 'တာအိုဆရာ ပိုင်ရှန်း' ကောင်းကင်ဘုံလူသား နယ်ပယ်ကို ရောက်သွားပြီတဲ့။ နောက် ခြောက်လနေရင် 'ကောင်းကင်ဘုံ မဟာအခမ်းအနား' ကျင်းပဖို့ ပြင်ဆင်နေတယ်။ ဆရာ့ကို လာတက်ရောက်ဖို့ ဖိတ်စာ ပို့လာတယ်။ ပြီးတော့ မင်းကိုပါ အထူးတလည် ဖိတ်ထားသေးတယ်ကွ"
အစစ်အမှန်သိုင်းဂိုဏ်းနှင့် အစစ်အမှန်နက်နဲဂိုဏ်းတို့၏ ဆက်ဆံရေးသည် ယခုနောက်ပိုင်း အတော်လေး ကောင်းမွန်လာခဲ့သည်။ တာအိုဆရာလုံရှန်း၏ ကောင်းကင်ဘုံ အခမ်းအနားတုန်းကလည်း သူတို့ဂိုဏ်းမှ 'စစ်မှန်သူ ပိုင်ဟဲ့' ကိုယ်တိုင် လာရောက်ခဲ့ဖူးသည်။ ထို့အပြင် တာအိုဂိုဏ်းကြီးများ အဆင့်သတ်မှတ်ပွဲတွင်လည်း သူတို့ဘက်မှ များစွာ ကူညီပေးခဲ့သလို၊ ပုံသဏ္ဍာန်မဲ့ဂိုဏ်း ကို ဖိအားပေးရာတွင်လည်း ပါဝင်ခဲ့ကြသည်။
ယခု သူတို့ဂိုဏ်းမှ ကောင်းကင်ဘုံလူသား အသစ်တစ်ယောက် ပေါ်ထွက်လာသည့်အတွက် သွားရောက် ဂုဏ်ပြုခြင်းသည် သင့်လျော်ပေသည်။
နင်ချီသည် ထူးဆန်းသော တာအိုဆရာ ပိုင်ရှန်းကို ပြန်လည်
အမှတ်ရလိုက်မိသည်။
‘ဟို အဘိုးကြီး... ကောင်းကင်ဘုံလူသား အဆင့် တကယ် ရောက်သွားပြီလား’
လွန်ခဲ့သော နှစ်များစွာက ထိုအဘိုးကြီးသည် နင်ချီကို တာအိုပြည်နယ် သို့ လိုက်ခဲ့ရန် တတွတ်တွတ် ခေါ်ခဲ့ဖူးသည်။ အခြား တာအိုဂိုဏ်းများကို သွားရောက် မွှေနှောက်ရန် ကြံစည်ခဲ့ဖူးသူလည်း ဖြစ်သည်။
နင်ချီသည် ထိုအဘိုးကြီး၏ ပါရမီ မသေးကြောင်း ရိပ်စားမိခဲ့ဖူးသည်။
"ငါသာ ကောင်းကင်ဘုံလူသား အဆင့် ရောက်သွားရင် သိုင်းသူတော်စင် ဖြစ်ဖို့ မခဲယဉ်းဘူး" ဟု ကြွားဝါခဲ့ဖူးသည်ကိုလည်း အမှတ်ရနေမိသည်။
"ထားလိုက်ပါတော့... တောင်အောက်က ပြန်လာမှပဲ ဆက်ပြောကြတာပေါ့နော်၊ အခြေအနေ ပေးရင်တော့ တစ်ခေါက်လောက် သွားလည်လိုက်ဦးမယ်"
နင်ချီ ပြန်ဖြေလိုက်သည်။ တကယ်တော့ သူသည် တာအိုပြည်နယ်ရှိ အခြားဂိုဏ်းများကိုလည်း စိတ်ဝင်စားနေမိသည်။
လော့ဝမ်ထျန်း ခေါင်းညိတ်လိုက်သည်။ အခမ်းအနားက နောက် ခြောက်လ မှ ကျင်းပမည် ဖြစ်သဖြင့် အချိန်ရပါသေးသည်။ သူသည် တောင်အောက်ဆင်းလျှင် သတိထားရမည့် အချက်များကို မှာကြားပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။
နောက်တစ်နေ့တွင်...
နင်ချီသည် မျောက်ဖြူကို မှာစရာရှိတာ မှာကြားပြီးနောက်၊ တံခါးပိတ် ကျင့်ကြံမည်ဟု သတင်းလွှင့်ကာ တိတ်တဆိတ် တောင်အောက်သို့ ဆင်းသက်သွားလေတော့သည်။
...
အစစ်အမှန်သိုင်းမြို့တော် အပြင်ဘက်၊
ဆီးနှင်းများ ကျဆင်းမှု အနည်းငယ် လျော့နည်းသွားပြီ ဖြစ်သော်လည်း သာမန်လူများအတွက်မူ အသက်အန္တရာယ် ရှိနေဆဲပင် ဖြစ်သည်။
နင်ချီ ခရီးနှင်လာရင်း လမ်းတစ်လျှောက်ရှိ မြို့ပြများ၏ ပျက်စီးယိုယွင်းနေသော အခြေအနေကို မြင်တွေ့လိုက်ရသည်။
အောက်ခြေလူတန်းစားများမှာ အသက်ရှင်ရပ်တည်ရန် ရုန်းကန်နေကြရပြီး၊ လမ်းဘေးဝဲယာတွင် အေးခဲသေဆုံးနေသော အလောင်းများကို မကြာခဏ တွေ့မြင်နေရသည်။ နင်ချီသည် တတ်နိုင်သမျှ ကူညီပေးခဲ့သော်လည်း ပင်လယ်ထဲ ရေတစ်စက် ကျသကဲ့သို့သာ ဖြစ်နေရှာသည်။
မဟာယန် မင်းဆက်သည် နှစ်ပေါင်း နှစ်ထောင်ကျော် အုပ်ချုပ်လာခဲ့ပြီ ဖြစ်ရာ၊ မည်မျှပင် ထက်မြက်သော မင်းဆက် ဖြစ်ပါစေ အချိန်ကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများ ရှိလာစမြဲပင်။
ထို့အပြင် တောင်ပိုင်းနယ်စပ်နှင့် မိစ္ဆာဂိုဏ်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုများကြောင့် မဟာယန် မင်းဆက်၏ အုတ်မြစ်သည် စတင် ယိမ်းယိုင်လာနေပြီ ဖြစ်သည်။
ပြည်သူလူထု၏ ရင်ထဲတွင် မကျေနပ်မှုများ စုပုံလာနေပြီး ပေါက်ကွဲထွက်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသယောင် ရှိသည်။
သို့သော် သိုင်းပညာရှင်များ လွှမ်းမိုးထားသော ဤကမ္ဘာတွင် သာမန်လူများအနေဖြင့် ဘာမျှ ထူးထူးခြားခြား လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် သိုင်းဂိုဏ်းကြီးများ၏ ဝင်ရောက်စွက်ဖက်မှု လိုအပ်လာမည်သာ ဖြစ်သည်။
နင်ချီ ဆက်လက် ခရီးနှင်ခဲ့သည်။
ကျောက်တုံးနက်မြို့ - ကျောက်တုံးနက် တောင်တန်း
လော့ဝမ်ထျန်း ပေးလိုက်သော ပထမဆုံး သတင်းအစအနသည် ဤနေရာသို့ ညွှန်ပြနေခြင်း ဖြစ်သည်။ အတိအကျ ပြောရလျှင် မြို့အပြင်ဘက်ရှိ ကျောက်တုံးနက် တောင်တန်းကြီးဆီသို့ပင်။
သတင်းများအရ အစွမ်းထက် သိုင်းသမား အများအပြား၏ အလောင်းများကို ဤနေရာသို့ သယ်ဆောင်လာပြီးနောက် ပျောက်ဆုံးသွားလေ့ ရှိသည်ဟု ဆိုသည်။
ကျောက်တုံးနက် တောင်တန်းကြီးထဲတွင် 'သွေးဘုရင်ကူ' ကို မွေးမြူထားသော သွေးကန်ကြီး ရှိနေနိုင်ပေသည်။
နင်ချီသည် မြို့ထဲရှိ စားသောက်ဆိုင် တစ်ခုတွင် ထိုင်ကာ ဒေသအစားအစာများကို မြိန်ရေရှက်ရေ စားသောက်နေလေသည်။
'ရှားရှားပါးပါး တောင်အောက်ဆင်းလာတာပဲ... ကိုယ့်ကိုယ်ကိုယ်တော့ နှိပ်စက်လို့ မဖြစ်ဘူးလေ... အလုပ်က အလုပ်... အစားက အစားပဲ…’
သူ့အတွက်တော့ လောကကြီး၏ အဖုံဖုံသော သဘောသဘာဝများကို လေ့လာခြင်းသည်လည်း ကျင့်ကြံခြင်း တစ်မျိုးပင် မဟုတ်ပါလော။
သူ၏ 'လေကို အာရုံခံခြင်း' သိုင်းနည်းစနစ်သည် တိတ်တဆိတ် လည်ပတ်နေပြီး၊ စားသောက်ဆိုင်ထဲရှိ သံသယဖြစ်ဖွယ် လူအချို့ကို သူ မှတ်သားထားလိုက်ပြီး ဖြစ်သည်။ ရန်သူကို အသိပေးမသွားစေဘဲ တောင်တန်းကြီးထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို သူ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဒုန်း
စားပွဲခုံကို ရိုက်လိုက်သော အသံကြောင့် နင်ချီ မျက်ခုံးပင့်သွားမိသည်။
ဆိုင်ထဲရှိ လူနှစ်ယောက် ရန်ဖြစ်နေကြခြင်း ဖြစ်သည်။
တစ်ယောက်က ဓားသမား၊ နောက်တစ်ယောက်က ဓားမသမား။
ဓားသမားဖြစ်သူက မျက်နှာကြီး နီရဲနေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟေ့ကောင်... မင်းကများ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်ကို လာပြီး စော်ကားရဲတယ်ပေါ့... ဓားမမိစ္ဆာတောင် မကြာခင်ကမှ ရှုံးသွားတာ မင်း မကြားဘူးလား... မင်းလို ပုရွက်ဆိတ်လောက်ကောင်ကများ လာပြီး ဝေဖန်နေသေးတယ်"
ဘေးလူတွေ ဝိုင်းကြည့်လာကြတော့ ဓားမသမားက မျက်နှာပျက်သွားပြီး ပြန်အော်လိုက်သည်။
"ငါက စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်ကို လေးစားပါတယ်ကွာ... ငါပြောတာက သူနဲ့ လေနားထောင် အဘိုးအို နဲ့ ယှဉ်ရင် သူနိုင်ချင်မှ နိုင်မှာလို့ ပြောတာ... အဲဒါ စော်ကားတာလား... ဟွန်း... ပြီးတော့ သူဘယ်လောက် တော်တော် မင်းနဲ့ ဘာဆိုင်လို့လဲ... မင်းက ဓားသိုင်းတောင် ကောင်းကောင်း မကစားတတ်တဲ့ အမှိုက်ကောင်ပါကွာ"
စကားများရာမှ လူချင်းပါ လုံးထွေး သတ်ပုတ်ကုန်ကြတော့သည်။
နင်ချီ မနေနိုင်ဘဲ ပြုံးလိုက်မိလေသည်။
..ဟားဟား... ငါ့ပရိသတ်လေးတွေပါလား... ငါ့ကို ဒီလောက် ထောက်ခံပေးကြတာ ကျေးဇူးတင်စရာပဲ...
သူ့အကြောင်း ပြောနေကြတာ လမ်းတစ်လျှောက် ကြားခဲ့ရ
သော်လည်း၊ ဒီလို လူကိုယ်တိုင် တွေ့ရတာတော့ ပထမဆုံး အကြိမ်ပင်။
ဓားသမားက အရေးနိမ့်နေသော်လည်း အရှုံးမပေးဘဲ ဆက်တိုက်နေတာကို ကြည့်ပြီး နင်ချီ သဘောကျသွားသည်။
“ကဲလေ... ရေစက်ပါလို့ တွေ့ကြတာပဲ... လက်ဆောင်လေး တစ်ခုလောက်တော့ ပေးခဲ့ရမှာပေါ့”
နင်ချီသည် လက်ညှိုးကို မသိမသာ လှုပ်ရှားလိုက်ပြီး ဓားစိတ်ဆန္ဒ အမျှင်တန်းလေး တစ်ခုကို ထိုဓားသမား၏ ဓားသွားပေါ်သို့ ပို့လွှတ်လိုက်လေသည်။
ဤအရာက နောင်တစ်ချိန်တွင် သူ့အတွက် ဓားလမ်းစဉ်ကို လျှောက်လှမ်းရာ၌ အထောက်အကူ ဖြစ်စေလိမ့်မည်။
ဓားသမားသည် ရုတ်တရက် အားတက်သွားပြီး စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်၏ သူရဲကောင်းဇာတ်လမ်းများကို အော်ဟစ်ပြောဆိုကာ တိုက်ခိုက်လေတော့သည်။ ဘေးမှ ကြည့်နေသူများကလည်း လက်ခုပ်တီး အားပေးကြ၏။
နင်ချီသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျေနပ်ပီတိ ဖြစ်ရလေသည်။
လိုအပ်သော သတင်းအချက်အလက်များလည်း ရပြီဖြစ်၍ သူသည် စားသောက်ဆိုင်မှ ထွက်ခွာကာ ကျောက်တုံးနက် တောင်တန်းဆီသို့ ဦးတည်လိုက်လေတော့သည်။