← Chapters

ကိုးလေးက တကယ်ပဲ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဟုတ်ချင်မှ ဟုတ်လိမ့်မယ် (၂)

Vol. 18 Ch. 267

ကိုးလေးက တကယ်ပဲ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဟုတ်ချင်မှ ဟုတ်လိမ့်မယ် (၂)

Vol. 18 Ch. 267

~ကျန်းပိုင်ရှန်းသည် သူမ၏ ညာဘက်လက်ကလေးကို ဖွဖွလေး ဆုပ်ကိုင်လိုက်ရင်း ပြတ်သားစွာ ခေါင်းခါလိုက်လေ၏။

"ရူဟွာ... ငါတို့က တစ်သားတည်း ဖြစ်သွားပြီလေ... ဒီလို စကားတွေ ပြောစရာ မလိုပါဘူးကွာ... ငါတို့ရဲ့ မမွေးသေးတဲ့ ကလေးလေးတောင်မှ ကြောက်မှာ မဟုတ်ဘူး... ဟုတ်တယ်မလား"

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရုတ်တရက်... နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အပြုံး တစ်ခုစီ ဖြစ်ပေါ်လာလေ၏။

တစ်ယောက်၏ မျက်လုံးထဲရှိ ပြတ်သားမှုကို တစ်ယောက်က မြင်တွေ့နေရသည်။

အခြေအနေက ဒီလို ဖြစ်လာမှတော့... အသေခံပြီး တိုက်ခိုက်ဖို့ကလွဲလျှင် ဘာမှ ရွေးချယ်စရာ မရှိတော့ပြီ။

တစ်ချက်လောက်တော့ ရုန်းကြည့်ရသေးတာပေါ့။ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုများ ကျန်နေမလားလို့…။

ခဏအကြာတွင်...

သစ်သားအိမ်လေး၏ ပတ်ပတ်လည်တွင် အနက်ရောင် ဝတ်စုံဝတ် သိုင်းပညာရှင် ၁၀ ယောက်ကျော် တိတ်တဆိတ် ထွက်ပေါ်လာကာ ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ အားလုံးသည် ချီစွမ်းအင် နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ မူလအမြုတေ နယ်ပယ် အဆင့် အချို့ပင် ပါဝင်နေလေသည်။

ထို့နောက်... ဇီးရောင်သမ်းသော မျက်နှာနှင့် အဘိုးအို တစ်ယောက်သည် ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ သူသည် လေထဲတွင် ရပ်တန့်လိုက်ပြီး သူတို့နှစ်ဦးကို စီးမိုးကြည့်လိုက်၏။ သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ဖိနှိပ်မှု ပြင်းထန်လှပေသည်။ စောစောက စကားလှမ်းပြောခဲ့သူမှာ ဤအဘိုးအိုပင် ဖြစ်သည်။

" မမလေးလင်... မင်းရဲ့ ဆုံးဖြတ်ချက်က သိပ်မကောင်းလှပါလား... မြင့်မြတ်သော ဂိုဏ်းတော်ရဲ့ ပြိုင်ဘက်ကင်း သူတော်စင် ဆက်ခံသူကို မရွေးချယ်ဘဲ၊ ဒီလို မြူဖြူ အဆင့် ကောင်လေးကိုမှ ရွေးရတယ်လို့... မျက်ကန်း ဆိုတာ မင်းကို ပြောတာပဲ..."

အဘိုးအိုက မထီမဲ့မြင် ပြုံးလိုက်သည်။

လင်ရူဟွာ သဘောပေါက်လိုက်သည်။

သူမ၏ မိခင် လင်ရွှယ်ရွှမ်သည် ဂိုဏ်းထဲတွင် အာဏာနှင့် နေရာတစ်ခု ရထားသူ ဖြစ်သဖြင့်၊ လူများစွာက သူမနှင့် လက်ထပ်ပြီး လင်ရွှယ်ရွှမ်၏ ထောက်ခံမှုကို ရယူလိုကြသည်။ ချင်ယွင် သည် ထိုအထဲမှ တစ်ယောက်ဖြစ်ပြီး၊ ယခု သူမ ရှေ့ရောက်နေသော အကြီးအကဲ ယဲ့ သည် အခြား သူတော်စင် ဆက်ခံသူလောင်း 'ယဲ့ချင်' ၏ ထောက်ခံသူ ဖြစ်ပေသည်။

သူမ ရင်ထဲတွင် ဒေါသထွက်သွားသော်လည်း အပြင်သို့ ထုတ်မပြပေ။

"အကြီးအကဲ ယဲ့... ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါ... သူ့ကိုသာ လွှတ်ပေးမယ်ဆိုရင် ကျွန်မ ရှင်နဲ့အတူ ပြန်လိုက်ခဲ့ပါ့မယ်... ယဲ့ချင်နဲ့ လက်ထပ်ဖို့တောင် သဘောတူပါတယ်..."

လင်ရူဟွာသည် ဖဲတစ်ချပ်ကို ချက်ချင်း ပစ်လိုက်ခြင်း ဖြစ်သည်။ အကြီးအကဲ ယဲ့ အံ့သြသွားသော်လည်း ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်လေ၏။

"ဟားဟား... ရယ်စရာ ကောင်းလိုက်တာ... အရင်တုန်းက တရားဝင် ကမ်းလှမ်းတုန်းကတော့ ငြင်းခဲ့ပြီးတော့... အခု ဖိနပ်စုတ် ဖြစ်မှ ယဲ့ချင်ကို လာကပ်ချင်တယ်ပေါ့... ရယ်တောင် ရယ်ရတယ်... ငါ ပြောလိုက်မယ်... ဒီနေ့ မင်းဘေးက အရိုင်းကောင်လေး သေကိုသေရမယ်... မင်းဗိုက်ထဲက အရိုင်းမျိုးစေ့လေးလည်း အသက်ရှင်ခွင့် မရှိဘူး... မင်းကတော့ ငါနဲ့ ပြန်လိုက်ခဲ့ပြီး မဟာအကြီးအကဲရဲ့ အမိန့်ကို စောင့်ရမယ်"

လင်ရူဟွာ၏ မျက်ဝန်းများ အေးစက်သွားသည်။

"အကြီးအကဲ ယဲ့... ကျွန်မ အမေက ကျန်းထျန်းလုံ ဘက်ကို လုံးဝ ပါသွားမှာ မကြောက်ဘူးလား..."

ကျန်းထျန်းလုံ ဆိုသည်မှာ နောက်ထပ် သူတော်စင် မျိုးဆက်လောင်း တစ်ယောက်ပင်။ ချင်ယွင် ကျဆုံးသွားပြီးနောက် ကျန်းထျန်းလုံနှင့် ယဲ့ချင်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ဂိုဏ်း၏ သိုင်းသူတော်စင် အသစ် ပေါ်ထွက်လာသည်နှင့် သူတော်စင် ဆက်ခံသူလောင်းသည် နောက်မျိုးဆက်သစ် သိုင်းသူတော်စင် ဖြစ်လာမည်ကို အားလုံး သိထားကြသည်။

ထိုစကားကို ကြားသောအခါ အကြီးအကဲ ယဲ့က အေးစက်စွာ ရယ်မောလိုက်သည်။

"ကြည့်ရတာ မမလေးလင်က ဂိုဏ်းထဲက အခြေအနေတွေကို မသိသေးဘူးနဲ့ တူတယ်... ကောင်းပြီလေ... ပြန်လိုက်ခဲ့ပြီး ကိုယ့်မျက်လုံးနဲ့ကိုယ် ကြည့်တာပေါ့"

လင်ရူဟွာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူမသည် ပါးနပ်သူ တစ်ယောက် ဖြစ်သည်။ အကြီးအကဲ ယဲ့၏ စကားကို ကြားလိုက်သည်နှင့် သူမ၏ မိခင်ဘက်တွင် တစ်ခုခု ဖြစ်နေပြီ ဆိုတာ ရိပ်စားမိလိုက်သည်။

သို့သော် ယခုအချိန်သည် စိတ်ပူနေရမည့် အချိန် မဟုတ်။ သူမသည် အပြင်ပန်းတွင် အကြီးအကဲ ယဲ့ကို စကားဖြင့် ထိန်းထားပြီး၊ လက်တွေ့တွင်မူ မည်သည့်ဘက်မှ ဖောက်ထွက်ရမည်ကို အကဲခတ်နေခြင်း ဖြစ်သည်။ ကျန်းပိုင်ရှန်းကလည်း ဒေါသကို မြိုသိပ်ထားပြီး လင်ရူဟွာ၏ ညာဘက်လက်ဖဝါးပေါ်တွင် လက်ချောင်းဖြင့် စာအချို့ ရေးဆွဲပြလိုက်သည်။

သူတို့နှစ်ဦးကြားတွင် နားလည်မှု တစ်ခု ရှိပြီးသား ဖြစ်သည်။ အကြည့်တစ်ချက်၊ အမူအရာ တစ်ခုဖြင့်ပင် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်ကြသည်။

လင်ရူဟွာ အသက်ပြင်းပြင်း ရှူလိုက်သည်။ စကားပြောမည့်ဟန် ပြင်လိုက်ပြီးမှ...

“ဝုန်း”

တစ်စက္ကန့်မျှ မခြားဘဲ နှစ်ယောက်စလုံး ပြိုင်တူ လှုပ်ရှားလိုက်ကြတော့သည်။ လက်ထဲမှ ဓားရှည်များကို ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင် များသည် နဂါးနှစ်ကောင် ပူးတွဲ ပျံသန်းသကဲ့သို့ ထွက်ပေါ်လာသည်။ နေနှင့် လတို့ ပေါင်းစပ်သွားသကဲ့သို့ တောက်ပသော ဓားအလင်းတန်းကြီးသည် အရှေ့ဘက်သို့ ဦးတည်ပြီး ထိုးဖောက်သွားတော့သည်။

ရုတ်တရက် တိုက်ခိုက်မှုကြောင့်...

အရှေ့ဘက်တွင် ပိတ်ဆို့နေသော ကျောက်စိမ်းအရည် အဆင့် မိစ္ဆာဂိုဏ်းသား တစ်ယောက်မှာ ချက်ချင်းပင် အသက်ပျောက်သွားရရှာသည်။ ထိုနေရာမှတဆင့် နှစ်ယောက်သား အဝေးသို့ ထွက်ပြေး လွတ်မြောက်သွားကြလေ၏။

အကြီးအကဲ ယဲ့ အနည်းငယ် အံ့သြသွားသည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို လေးစားသလိုလို ရှိသော်လည်း ချက်ချင်းပင် မဲ့ပြုံး ပြုံးလိုက်သည်။

သူ လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျန်ရှိနေသော သိုင်းပညာရှင် အားလုံး တရကြမ်း လိုက်လံ တိုက်ခိုက်ကြတော့သည်။

အဝေးတစ်နေရာ၌... နောက်ထပ် သိုင်းပညာရှင် အများအပြား ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်းပိုင်ရှန်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

သူတို့မျက်နှာပေါ်တွင် ပေါ်လာစ ပျော်ရွှင်မှုလေးသည် ချက်ချင်း ပျောက်ကွယ်သွားရရှာသည်။ မိစ္ဆာဂိုဏ်းက ဒီလောက် လူအင်အား အများကြီး သုံးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ချီစွမ်းအင် အဆင့် ၁၅ ယောက်၊ ၁၆ ယောက်လောက်က သူတို့ကို သေမင်းနိုင်ငံသို့ ပို့ဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ကျန်းပိုင်ရှန်း တွန့်ဆုတ်မနေတော့။ ‘သွေးလောင်ကျွမ်းခြင်း ဆေးလုံး’ကို မျိုချလိုက်သည်။ တစ်ဆက်တည်းမှာပင် နင်ချီ မွမ်းမံပေးထားသော ‘ဓားအမြုတေ အရည်ဖျော်' လျှို့ဝှက်နည်းစနစ်ကိုပါ ထုတ်သုံးလိုက်တော့သည်။

"သတ်"

တစ်ခဏအတွင်းမှာပင် သူ၏ ချီစွမ်းအင် စွမ်းအားများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ဖြင့် မြင့်တက်လာလေ၏။ လင်ရူဟွာနှင့် ပူးပေါင်းပြီး မူလအမြုတေ အဆင့် ရန်သူများကိုပါ ယှဉ်ပြိုင် တိုက်ခိုက်လာနိုင်ခဲ့သည်။ အဓိက အကြောင်းရင်းမှာ ကျန်းပိုင်ရှန်းသည် ကိုယ့်အသက်ကို ပဓာန မထားဘဲ အရူးအမူး ဝင်ရောက် တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။ ရန်သူများပင် သူ့ကို ကြောက်လန့်ပြီး နောက်တွန့်သွားကြရသည်။

သို့သော်... အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။

ကျန်းပိုင်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နှက်နေပြီ ဖြစ်သည်။ အချို့ဒဏ်ရာများမှာ အရိုးကိုပင် ဖောက်မြင်နေရလောက်အောင် နက်ရှိုင်းလှ၏။ လင်ရူဟွာ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝေဝါးလာရရှာသည်။

သူ့ခါးတွင် ချိတ်ဆွဲထားသော 'မန်ဒရင်းဘဲ မောင်နှံ ကျောက်စိမ်းဆွဲပြား' လေးပေါ်သို့ သွေးများ စီးကျလာသည်ကိုပင် သူ သတိမထားမိတော့ပေ။

အကြီးအကဲ ယဲ့ သည် ထိုမြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်သည်။

"တကယ့် အသုံးမကျတဲ့ ကောင်တွေ... လူအင်အားက ၇ ဆ၊ ၈ ဆလောက် သာနေတာတောင်... ကျောက်စိမ်းအရည် အဆင့် ကလေးနှစ်ယောက်ကို မနိုင်ကြဘူးလား..."

သူ ဒေါသထွက်သော်လည်း တစ်ဖက်တွင် ကျန်းပိုင်ရှန်းကို လေးစားမိသလို ဖြစ်သွားသည်။

"ဒီ အစစ်အမှန်သိုင်းဂိုဏ်းက ကောင်လေး... မဆိုးဘူးပဲ... ပါရမီရှင်လေးပဲ... အချိန်ပေးလိုက်ရင် ပြိုင်ဘက်ကင်း ဖြစ်လာမယ့်ကောင်... နှမြောစရာ ကောင်းတာက ငါတို့ဂိုဏ်းက မဟုတ်နေတာပဲ..."

သူ ခေါင်းခါလိုက်ပြီး ကိုယ်ကို လေထဲသို့ ခုန်ပျံလိုက်သည်။

အချိန် ဆက်ဖြုန်းမနေချင်တော့။

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့၏ ရင်ထဲတွင် မည်းမှောင်သွားတော့သည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခု သူတို့ဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်း ခံစားလိုက်ရသောကြောင့်ပင်။

ကောင်းကင်ဘုံလူသား အဆင့်နှင့် ချီစွမ်းအင်အဆင့်ကြားက ကွာခြားချက်သည် မိုးနှင့် မြေလို ကွာခြားလှသည်။ သူတို့နှစ်ယောက်က မူလအမြုတေ အဆင့်တောင် မရောက်သေး။

ထိုစဉ်...

အကြီးအကဲ ယဲ့ သည် လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။

ဧရာမ လက်ဝါးရာကြီး တစ်ခုသည် လေတိုးသံ တဝေါဝေါနှင့်အတူ သူတို့နှစ်ဦး အပေါ်သို့ ပြိုကျလာတော့သည်။ လေတိုက်သံများသည် ငိုရှိုက်သံများသဖွယ် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

ကျန်းပိုင်ရှန်းသည် လင်ရူဟွာ၏ ရှေ့မှ ကာဆီးလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးများ ကျိုးကြေမတတ် ခံစားလိုက်ရ၏။ ဆံထိုး ကျိုးပဲ့သွားပြီး ဆံပင်များ ဖရိုဖရဲ လွင့်ပျံနေသည်။

သူ မိုးခြိမ်းသံလောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခွေးအိုကြီးယဲ့၊ ငါ ဒီနေ့ မသေရင်... တစ်နေ့ကျရင် မင်းတို့ မျိုးဆက်တစ်ခုလုံးကို အပြတ်ရှင်းပစ်မယ်"

တိုက်ပွဲစကတည်းက ဒါ ပထမဆုံး ထွက်လာသည့် စကားသံ။

သူ့မျက်လုံးတွေက ဝံပုလွေတစ်ကောင်လို ရဲရဲတောက်နေပြီး၊ အကြီးအကဲ ယဲ့ ၏ ရင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။ ဒီကောင်လေးက တကယ်ကို ကြောက်စရာကောင်းသော အလားအလာ ရှိသည်။ လွှတ်ပေးလိုက်လျှင် နောင်တစ်ချိန် ဒုက္ခရောက်တော့မည်။

အကြီးအကဲ ယဲ့ အေးစက်စွာ ရယ်မောလိုက်သည်။

“...သေချင်နေမှတော့လည်း... ဖြည့်ဆည်းပေးရတာပေါ့..”

All Chapters