မျောက်ဖြူ သွေးမျိုးဆက်၏ နက်ရှိုင်းသော မြင်ကွင်း (၂)
Vol. 18 Ch. 258
~ယနေ့အချိန်တွင် တာအိုဆရာလုံရှန်း၏ အခြေအနေသည် ထိုကဲ့သို့ ပြောင်းလဲသွားခဲ့လေပြီ။ နင်ချီက ကောင်းကင်ဘုံလူသား နယ်ပယ် လျှို့ဝှက်နည်းစနစ် အများအပြားကို သင်ကြားပေးလိုက်ပြီးနောက် သူသည် ဒုံးပျံစီးထားသကဲ့သို့ လျင်မြန်စွာ တိုးတက်လာခဲ့၏။ ယခုဆိုလျှင် သူသည် ကြုံတွေ့သမျှ ပြဿနာတိုင်းကို နင်ချီ ရှင်းပေးစရာ မလိုအောင် ကိုယ့်အားကိုယ်ကိုးပြီး အစွမ်းကုန် ကြိုးစား ကျင့်ကြံနေတော့သည်။
...
အချိန်နာရီတို့သည် ဖြည်းညှင်းစွာ ကုန်လွန်သွား၏။
ဆယ့်နှစ်လရာသီ၏ အေးမြသော ဆောင်းတွင်းကာလ ဖြစ်သဖြင့် ဖြူလွလွ နှင်းပွင့်လွှာတို့သည် ကောင်းကင်ယံမှ တဖွဲဖွဲ ကျဆင်းနေပါသည်။
သို့သော်... အစစ်အမှန်သိုင်းဂိုဏ်း အတွင်းရှိ လေထုကမူ မီးတောက်မီးလျှံများပမာ ပူပြင်းတက်ကြွနေဆဲ ဖြစ်ပါ၏။
ဤကာလအတွင်း၌ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် နှင့် တာအို တစ်သောင်း မျှော်စင် သည် လူအုပ်ကြီးဖြင့် ပြည့်နှက် ကျပ်ညပ်နေတော့သည်။
သတင်းကြားပြီး ရောက်ရှိလာကြသော သိုင်းပညာရှင်တို့သည် စနစ်တကျဖြင့် ဉာဏ်အလင်း ဝင်စားကြ၊ အကျိုးကျေးဇူးများစွာ ရရှိသွားကြကာ... ဤသို့ဖြင့် ဓားကျောက်စာတိုင်နှင့် မျှော်စင်၏ ဂုဏ်သတင်းသည် မိုးထိအောင် မြင့်တက်သွားတော့၏။
ဤအခြေအနေကို မြင်တွေ့ရသဖြင့် နင်ချီလည်း ကျေနပ် ပီတိဖြစ်ရလေသည်။
ယခုဆိုလျှင် သူ၏ ဓားလမ်းစဉ်သည် နံပါတ်တစ် နေရာတွင် တည်ရှိနေပြီး အမြင့်ဆုံး နယ်ပယ်၏ အားကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် အခြား စိတ်ဆန္ဒ အများအပြားလည်း အမြင့်ဆုံး နယ်ပယ်ထဲသို့ ခြေချနေကြပြီ ဖြစ်၏။
နည်းလမ်းတစ်ခုသည် နည်းလမ်းပေါင်းစုံနှင့် ဆက်စပ်နေပေသည်။
ကျွမ်းကျင်သူ အများအပြားက သူတို့၏ သိုင်းလမ်းစဉ်များကို တာအို တစ်သောင်း မျှော်စင်တွင် ချန်ထားခဲ့ကြသည်။ ဤသည်မှာ နင်ချီ၏ ကျင့်ကြံမှုအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် ကူညီပေးနေသကဲ့သို့ပင်။
၎င်းတာအို သိုင်းကျမ်းများနှင့် ကောင်းကင်ဖြစ်စဉ်များကို လေ့လာမှုကို ဖြည့်စွက်ပေးပြီး သူ၏ တိုးတက်မှုကို ပိုမို လျင်မြန်စေသည်။
နေ့စဉ် ကောင်းကင်ဘုံသို့ ကောင်းကင် မိုးကြိုးကို လမ်းညွှန် ကျင့်ကြံခြင်းအပြင် နင်ချီ ယခုလက်ရှိ အဓိက အာရုံစိုက်နေသည်မှာ မျောက်ဖြူ (ထျန်းရှန်း) နှင့် ကျွမ်းချန်တို့ကို သုတေသန ပြုလုပ်နေခြင်းပင် ဖြစ်ပါသည်။
မနေ့က၊
မျောက်ဖြူသည် နင်ချီ သင်ပေးခဲ့သော ပဲ့တင်ရိုက်ခတ်မှု လျှို့ဝှက်နည်းစနစ် ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
ယခု တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်း၌ မျောက်ဖြူက လျှို့ဝှက်နည်းစနစ်ကို စတင် အသက်သွင်းလိုက်သည်။ သူ၏ သွေးမျိုးဆက် တစ်ခုလုံးသည် နိုးကြားတက်ကြွသော အခြေအနေသို့ ရောက်ရှိသွားပြီး...
"ဝေါင်း..."
အရိုင်းဆန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ နိုးကြားလာသော သွေးမျိုးဆက်ကို မထိန်းချုပ်နိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ဖောင်းပွလာတော့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၁၆ ပေ အမြင့်ရှိသော ဧရာမ မျောက်ဝံကြီး တစ်ကောင် ခြံဝင်းထဲတွင် ပေါ်လာသည်။
တောင်ကုန်းလေး တစ်ခုလိုပင်။
ကောင်းကင်နှင့်ရွှေရောင်သမ်းနေသော ထို မျက်လုံးများက ထူးခြားစွာ တောက်ပနေပြီး ပြိုင်ဘက်ကင်းသော အသွင်ဆောင်နေလေသည်။
မြင်ဖူးသူတိုင်း ပြောကြလိမ့်မည်...။
မျောက်ဖြူ၏ သွေးမျိုးဆက်က သာမန် မဟုတ်ပေ။
"ဆရာရေ... ဘယ်လို ဖြစ်သွားမှန်းကို မသိဘူးဗျာ..." မျောက်ဖြူက ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။
"တမင် ကြွားချင်လို့ မဟုတ်ပါဘူးနော်... ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လို့ ဖြစ်သွားတာပါဗျ"
နင်ချီက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ပတ်ဝန်းကျင်မှ အနှောင့်အယှက်များကို ကာကွယ်ရန် ကောင်းကင်နှင့် မြေကြီး စွမ်းအားကို သူ အသုံးပြုပြီးသား ဖြစ်သည်။
သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တို့ ယှက်သန်း လာ၏။
‘ကြည့်စမ်း... ဒီသွေးမျိုးဆက်က သန်မာလိုက်တာ’
ကောာင်းကင်နှင့် မြေကြီး စွမ်းအားတို့ ချက်ချင်း စုဝေးလာပြီး သူနှင့် မျောက်ဖြူကို လွှမ်းခြုံလိုက်သည်။ ပြီးနောက်... မျောက်ဖြူ၏ ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက် ကြိမ်နှုန်း တစ်ခုဖြင့် စတင် တုန်ခါလာတော့သည်။
ဒါက ယင် နှင့် ယန် အပြန်အလှန် ဆွဲငင်သော သဘောတရားကို လေ့လာပြီး နင်ချီ ဖန်တီးထားသော လျှို့ဝှက်ချက် တစ်ခုပင်။ ဤနည်းဖြင့် မျောက်ဖြူ၏ သွေးမျိုးဆက်ထဲမှ လျှို့ဝှက်ချက်များကို ပိုမို ဖော်ထုတ်နိုင်ပေလိမ့်မည်။
တစ်ခဏချင်းမှာပင်၊
ပြင်းထန်သော ကျင်တက်မှု ခံစားချက်က မျောက်ဖြူ၏ ခြေလက်များနှင့် အရိုးများဆီမှ ထွက်ပေါ်လာသည်။
ခန္ဓာကိုယ် တစ်ခုလုံး ပြိုကွဲထွက်တော့မလိုပင်။
မျောက်ဖြူ၏ တစ်ကိုယ်လုံး၌
ချွေးစေးများ ပြန်လာပြီး နှလုံးသားက ဆတ်ခနဲ တုန်ခါသွားသည်။ သူသည် ကြိုးစားပြီး တောင့်ခံနေ၏။
နင်ချီ တောင်းဆိုတာ ဘာမဆို မျောက်ဖြူက ဘယ်တော့မှ မငြင်းခဲ့ဖူးပေ။ ပြီးတော့ သူ့ဆရာက သူ့အကျိုးအတွက် သွေးမျိုးဆက်ကို သုတေသန လုပ်နေခြင်း ဖြစ်မှန်း သူ နားလည်သည်လေ။
နင်ချီ စိတ်ထဲမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ နှစ်တွေ အကြာကြီး သူ့နောက်လိုက်ပြီး ကျင့်ကြံ၊ တာအို လိုက်စားခဲ့သော မျောက်ဖြူ၏ တာအိုစိတ်ဓာတ်က ပါရမီရှင် ဆိုသူတွေထက် အများကြီး သာလွန်နေသည်။
နင်ချီ အချိန်မဖြုန်းတော့ပေ။
ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ ပဲ့တင်ရိုက်ခတ်မှု ကြိမ်နှုန်းကို ထိန်းထားရင်း ကြီးမားသော ချီစွမ်းအင် အနှစ်သာရများကို ပျော့ပျောင်းသွားအောင် ပြောင်းလဲပြီး ဧရာမ မျောက်ဝံကြီး၏ ခန္ဓာကိုယ်ထဲသိို့ စီးဝင်စေလိုက်သည်။ နင်ချီ စတင်ပြီး သေချာ အာရုံခံလိုက်၏။
အရင်တုန်းက သူ အတွင်းပိုင်း ဖွဲ့စည်းပုံကို သုတေသနပြုပြီး မျောက်ဘုရင် ခန္ဓာကိုယ်အစစ် လျှို့ဝှက်နည်းစနစ်ကို ဖန်တီးခဲ့ဖူးသည်။
မျောက်ဖြူကို သင်ပေးပြီးသည့်နောက် ထို နည်းစနစ်က သွေးမျိုးဆက်နှင့် ဝိုးတဝါး ပေါင်းစပ်သွားပြီး ဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ မွေးရာပါ စွမ်းရည် တစ်ခုလို ဖြစ်လာခဲ့သည်။ သို့သော် ဒီတစ်ခါတော့ သူက တစ်ဆင့်တက်ပြီး မျောက်ဖြူ သွေးမျိုးဆက်၏ ပိုမို နက်ရှိုင်းသော လျှို့ဝှက်ချက်ကို ရှာဖွေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထင်ယောင်ထင်မှား ချိုးဖျက် ဝိညာဉ်မျက်လုံး ။
ဒါက ယွမ်ထျန်းရှန်း (မျောက်ဖြူ) ပိုင်ဆိုင်သော စစ်မှန်သည့် အစွမ်းထက် စွမ်းရည်ပင်။
ယွမ်ထျန်းရှန်း ကိုယ်တိုင် ပြောပြချက်အရ သူ၏ လက်ရှိ ဝိညာဉ်မျက်လုံးက ကောင်းကင်ဘုံလူသား နယ်ပယ် ကျွမ်းကျင်သူတွေအပေါ်မှာတောင် အာနိသင် ရှိသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားနှင့် ပဲ့တင်ရိုက်ခတ်မှု၏ အားနည်းချက်တွေကို ယွမ်ထျန်းရှန်းက မြင်နိုင်လေသည်။ ယခုဆိုလျှင် အမြုတေ အတုကို ထိန်းချုပ်ထားသော လော့ဝမ်ထျန်းတောင် သူ့ပြိုင်ဘက် မဟုတ်လောက်တော့ပေ။
ဒါက နင်ချီကို မျှော်လင့်ချက်တွေ ပေးစွမ်းပါသည်။ မျောက်ဖြူ သွေးမျိုးဆက်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်လျှင် ဝိညာဉ်မျက်လုံးကို သူ ပြန်လည် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်လိမ့်မည်။
သို့ဆိုပါက၊ သိုင်းသူတော်စင်နှင့် ရင်ဆိုင်ရလျှင်တောင် ထိရောက်မှု ရှိမည့် ပြိုင်ဘက်ကင်း လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်လာမှာ သေချာသည်။
လက်ရှိအချိန်မှာ နင်ချီ၏ ပြိုင်ဘက်တွေက အမည်မသိ သိုင်းသူတော်စင် အဆင့်တွေ ဖြစ်နေ လေပြီ။ ကောင်းကင်ဘုံလူသား နယ်ပယ်လောက်ကတော့ မည်သူမှ သူ့ရန်သူ မဟုတ်တော့ပါ။
လက်တစ်ဖက်တည်းနှင့်တောင် ဖြေရှင်း၍ ရနေလေပြီ။
သူ မျက်လုံးမှိတ်ပြီး အာရုံခံလိုက်သည်။
နတ်ဘုရား အာရုံက မျောက်ဖြူ၏ သွေးမျိုးဆက်နှင့် သတိထားပြီး ပေါင်းစပ်သွားသည်။
ထူးခြားသော လှိုင်းများ ပျံ့နှံ့လာ၏။
နင်ချီ၏ ခန္ဓာကိုယ် တုန်ခါ သွားသည်။
တစ်ခဏအတွင်းမှာပင်၊
သူ့စိတ်ဝိညာဉ်က ကျယ်ပြောလှသည့် ကုန်းမြေကြီး တစ်ခုပေါ် ရောက်သွားသလိုပင်။ သံသယနှင့် မရေရာမှုတွေကြားမှာ နေနှင့် လကို တုန်လှုပ်စေနိုင်သော ကောင်းကင် တုန်ဟိန်းသံကြီး တစ်ခု ၊တောင်တန်းတွေနှင့် တောရိုင်းတွေကြား ပဲ့တင်ထပ်လာသည်။
နင်ချီ အံ့အားသင့်စွာနှင့် မြင်လိုက်ရတာက... ငွေရောင် ဧရာမ မျောက်ဝံကြီး တစ်ကောင် လမင်းကြီးကို မော့ကြည့်ပြီး ဟိန်းဟောက်နေသည်ကိုပင်။
သူ၏ ခန္ဓာကိုယ်က တောင်တစ်လုံးလောက် မြင့်မားရပြီး ယွမ်ထျန်းရှန်း၏ ၁၆ ပေ ခန္ဓာကိုယ်က ကြီးမားလှပါပြီ ဆိုသော်လည်း ဒီ ငွေရောင် ဧရာမ မျောက်ဝံကြီး ရှေ့မှာတော့ ပုရွက်ဆိတ်ကလေး တစ်ကောင်လို ဖြစ်သွားတော့သည်။
'ဒါက... ကောင်းကင်ဘုံ သားရဲ ဆိုတာလား'
နင်ချီ မသိစိတ်မှ တအံ့တဩ တွေးလိုက်မ်ိ၏။
ဒီ ဧရာမ မျောက်ဝံကြီးက လမင်းကို ဟိန်းဟောက်ပြီး ရင်ဘတ်ကို ထုလိုက်တာများ ကောင်းကင်ကြီး တစ်ခုလုံး သိမ့်သိမ့်တုန် သွားသလိုပင်။ မျက်စိနှင့် မြင်နိုင်သော လှိုင်းများ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွား၏။
ထိုခမ်းနားထည်ဝါမှုမျိုးက ကောင်းကင်ဘုံလူသား နယ်ပယ်နှင့် ဘယ်လိုမှ ယှဉ်၍ မရပါချေ။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ တက်ကြွစွာ ဝင်ရောက်နေတာ နင်ချီ မြင်နေရ၏။
လရောင်ထဲမှာလည်း ပါးစပ်နှင့် နှာခေါင်းမှ ဝင်ရောက်နေသော မှော်စွမ်းအားတွေ ရှိနေသေးသည်။
'ကောလာဟလတွေအရ ကောင်းကင် သားရဲဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ အချစ်တော်တဲ့... မွေးရာပါ ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်တယ် ဆိုတာ တကယ်ပါလား'
နင်ချီ၏ အသက်ရှူသံတွေ မြန် လာတော့သည်။
လူသားတွေက သိုင်းသူတော်စင် နယ်ပယ်ကို ရောက်ဖို့၊ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို သန့်စင်နိုင်ဖို့ မနည်း ကြိုးစားရတာ... သူတို့ကျတော့ အစပျိုး အမှတ်ပဲ ရှိသေးတာလား။
ဒီလို ကွာခြားချက်ကြီးက သူ့ကို စကားမပြောနိုင်အောင် ဖြစ်စေသည်။
ဒီ ငွေရောင် ဧရာမ မျောက်ဝံသည် သေချာပေါက် သိုင်းသူတော်စင် အဆင့် တည်ရှိမှု တစ်ခု ဖြစ်ပြီး အားနည်းသော အကောင်စား မဟုတ်ဘူး ဆိုတာ ရာနှုန်းပြည့် သေချာနေလေပြီ။
နင်ချီ ဆက်လက်၍ ကြည့်နေ၏။
ဧရာမ မျောက်ဝံကြီး၏ ဘေးတိုက်ကိုပဲ မြင်ရပေမယ့် ဖိအားက သူ့စိတ်ဝိညာဉ်ကို ရိုက်ခတ်နေဆဲပင်။ ကြီးမားသော ဖိစီးမှုကို ခံစားနေရသည်။
ငွေရောင် ဧရာမ မျောက်ဝံကြီးက လရောင်ကို ဆက်လက် ဝါးမြိုနေပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအားကို စုပ်ယူနေသည်။ သို့သော် တစ်စုံတစ်ခုကြောင့် ဧရာမ မျောက်ဝံကြီး၏ စိတ်ခံစားချက်တွေ ပိုပြီး လှုပ်ရှားလာတာကို နင်ချီ အာရုံခံမိ၏။ ၎င်း၏ လှုပ်ရှားမှုတွေက တဖြည်းဖြည်း ပိုကြမ်းတမ်းလာ၏။
ဧရာမ မျောက်ဝံကြီး ဒေါသထွက်လာ ချေပြီ။
တောင်တွေကို လက်သီးနှင့် ထိုးခွဲ၊ မြစ်တွေကို ခြေထောက်နှင့် နင်းချေ... ရင်ဘတ်ကို ထုသော အရှိန်ကြောင့် ကျန်ရစ်ခဲ့သော အရာတွေက မြင်သာသော အမှတ်အသားတွေ ဖြစ်လာ၏။
နင်ချီ အသက်အောင့်ထားမိသည်။
ရုတ်တရက်၊
ဧရာမ မျောက်ဝံကြီးက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို ချက်ချင်း လှည့်ကြည့်လာ၏။ ၎င်း၏ တောက်ပသည့် ရွှေရောင် မျက်လုံးတစ်စုံက တည့်တည့် စိုက်ကြည့်လိုက်သည်က... ။
နင်ချီ၏ စိတ်က ထိုနားလည်ရခက်သော အချိန်နှင့် နေရာ နယ်ပယ်ထဲမှာ တောင့်တင်းသွားတော့သည်ပင်။
တစ်ခဏအတွင်းမှာပင်၊
မြင်ကွင်းအားလုံး ကွဲအက်သွား၏။ ပင့်ကူအိမ်တွေလို အက်ကွဲကြောင်းတွေ ပြန့်နှံ့သွားပြီး အရိုးခိုက်မတတ် အေးစက်မှုကို သယ်ဆောင်လာလေသည်။
*ရာမမျောက်ဝံကြီး၏ ဟိန်းဟောက်သံထဲတွင် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်တို့ ပါဝင်နေကြောင်း နင်ချီ ဝိုးတဝါး သတိထားမိလိုက်လေသည်။
နင်းချီ၏ ခန္ဓာကိုယ်မှာ တစ်ချက်မျှ တုန်ခါသွားလေ၏။ သူ၏ နတ်ဘုရား အာရုံနှင့် သွေးမျိုးဆက်တို့ တစ်သားတည်း ပေါင်းစပ်သွားခဲ့သည့် အခြေအနေမှ သူ ပြန်လည်ရုန်းထွက် နိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်နှာထားမှာ အနည်းငယ် ဖြူဖျော့သွားပြီး ရင်ထဲတွင်တော့ စိုးရိမ်ထိတ်လန့်မှုတို့က အနည်ထိုင် ကျန်ရစ်နေဆဲပင် ဖြစ်လေ၏။
ထို အကြည့်တစ်ချက်...။
ပုံမှန် မဟုတ်လောက်အောင် ကြောက်စရာ ကောင်းလွန်းသည်။
အချိန်နှင့် နေရာကို ဖောက်ထွင်းပြီး သူ့ကို တိုက်ရိုက် မြင်လိုက်ရသလိုပင်။
အကြည့်ခံလိုက်ရသည်ဟု နင်ချီ ခံစားလိုက်ရသည်။
သူ့တစ်ကိုယ်လုံးကို အထွင်းသား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဒီလို ခံစားချက်မျိုးအား နင်ချီသည်
ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ထိုခံစားချက်ကြောင့် သူသည် အလွန်အမင်း နေမထိထိုင်မသာဖြစ်ကာ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာရသည်။
မျောက်ဖြူက ဘယ်အချိန်ကတည်းက မေ့လဲသွားမှန်း မသိချေ။ နင်ချီ လန့်သွားပြီး အလျင်အမြန် သွားစစ်ဆေးလိုက်သည်။
ပင်ပန်းလွန်း၍ မေ့လဲသွားတာမှန်း သိလိုက်ရမှ စိတ်သက်သာရာ ရသွားတော့သည်။
နင်ချီ ပြီးခဲ့သော မြင်ကွင်းတွေကို ပြန်စဉ်းစားကြည့်လိုက်သည်။
'ဒဏ္ဍာရီလာ ကောင်းကင်ဘုံ သားရဲကို မြင်လိုက်ရတာ... ဒီ သွေးမျိုးဆက် အမွေအနှစ်က တကယ်ကို ဆန်းကြယ်တာပဲ' နင်ချီ အံ့သြတကြီး ရေရွတ်မိသည်။
ဒါက ဒီလို အဆင့် တည်ရှိမှုနှင့်
ပထမဆုံးအကြိမ် အနီးကပ် ထိတွေ့ဖူးခြင်း ဖြစ်ပါသည်။ သူနှင့် ဧရာမ မျောက်ဝံကြီးကြားမှာ အများကြီး ကွာခြားနေသေးကြောင်း သူ ခံစားမိသည်။ တကယ်သာ ရင်ဆိုင်ရလျှင် အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလားတောင် မသေချာပါပေ။
'ဒါဆို... ဒါက ထျန်းရှန်း (မျောက်ဖြူ) ရဲ့ သွေးမျိုးဆက် အရင်းအမြစ်ပေါ့။ ထျန်းရှန်းသာ သူ့သွေးမျိုးဆက်ကို ဆက်ပြီး ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် တစ်နေ့ကျရင် အဲဒီလို အစွမ်းထက်တဲ့ သတ္တဝါ ဖြစ်လာနိုင်တယ်'
'ဒါပေမဲ့... အဲဒီ အကြည့်က ငါ့ကို ကြည့်တာ မဖြစ်သင့်ဘူး'
နင်ချီ ဧရာမ မျောက်ဝံကြီး၏ ရွှေရောင် မျက်လုံးတွေကို ပြန်သတိရလိုက်၏။
အရာအားလုံးကို ဖောက်ထွင်းမြင်ရသလို ခံစားချက်က စွဲထင်နေတုန်းပင်။
ယွမ်ထျန်းရှန်း၏ ရွှေရောင် မျက်လုံးတွေက ၎င်းနှင့် ယှဉ်လိုက်လျှင် ကလေးကစားစရာလို ဖြစ်နေသည်။ အစတုန်းက ဧရာမ မျောက်ဝံကြီး သူ့ကို တွေ့သွားသည်ဟု ထင်သော်လည်း ပြန်စဉ်းစားကြည့်တော့ မဖြစ်နိုင်ချေ။
အဆုံးမရှိသော ခေတ်ကာလတွေကို ကျော်လွန်ပြီး ဧရာမ မျောက်ဝံကြီးက ဒီလို စွမ်းရည်မျိုး ဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ။
တကယ်သာ ထိုအဆင့် ရောက်နေလျှင် နတ်ဘုရားတွေနှင့်တောင် တူနေလောက်ချေပြီ။
'နောက်ပိုင်း မြင်ကွင်းတွေကို မမြင်ရတာက ငါ့နတ်ဘုရား အာရုံ မလုံလောက်လို့ပဲ နေမှာပါ။ ဧရာမ မျောက်ဝံကြီးက 'ငါ့ကို စိုက်ကြည့်' နေလို့ မဟုတ်ဘူး။ ငါ မမှားဘူးဆိုရင်... နောက်ပိုင်းမှာ တစ်ခုခု ပြောင်းလဲသွားသလိုပဲ။ ဧရာမ မျောက်ဝံကြီးရဲ့ ဟိန်းဟောက်သံထဲမှာ ကြောက်ရွံ့မှုတွေ ပါနေသလိုလိုပဲ'
နင်ချီ ရင်ထဲမှာ တစ်စုံတစ်ခုက ကုတ်ခြစ်နေသလို ခံစားလိုက်ရသည်။
ဒါက ပြတ်တောက်နေသော သိုင်းသူတော်စင် အမွေအနှစ်နှင့် ဆက်စပ်နေနိုင်သည်ဟု ပင်ကိုယ် အသိစိတ်က ပြောနေလေသည်။
သူသည် စိုးရိမ်ပူပန်မှုတွေကို တဖြည်းဖြည်း ဖိနှိပ်ဖို့ အသက်ပြင်းပြင်း ရှူလိုက်၏။
အလျင်လို၍ ဘာမှ မထူးပါ။
ဘာပဲဖြစ်ဖြစ် မျောက်ဖြူက ဒီမှာ ရှိနေသည်ပဲ။ သူ့နတ်ဘုရား အာရုံ သန်မာလာသည်နှင့် သဘာဝကျကျ မြင်ရမှာပါပင်။
လက်ရှိ ကျင့်ကြံမှု အရှိန်အဟုန်နှင့် ဆိုလျှင် ပန်းသုံးပွင့်က အံ့မခန်း တိုးတက်နေသည်ပဲ။ လျှို့ဝှက်ချက်ကို ဖွင့်ဖို့ ပန်းသုံးပွင့် စုံလင်ခြင်း နယ်ပယ်ကို ရောက်ဖို့က အချိန်မရွေး ဖြစ်လာနိုင်ပါသည်။
'လောလောဆယ် ဒါပဲ မြင်ရသေးပေမယ့်
ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင် မျက်လုံး လေ့လာတာကိုတော့ မထိခိုက်ပါဘူး။ ဆက်ပြီး လေ့လာရင် အောင်မြင်မှာ သေချာပါတယ်'
နင်ချီ တွေးတောကာ ပြုံးလိုက်၏။
ဒီတစ်ခါ အလကား ဖြစ်မသွားပါ။
သို့သော် နတ်ဘုရား အာရုံက မျောက်ဖြူ၏ သွေးမျိုးဆက်နှင့် ချိတ်ဆက်မိတိုင်း မျောက်ဖြူအပေါ် သက်ရောက်မှု တစ်ခုတော့ ဖြစ်စေသည်။
ဒါကို အလျင်စလို လုပ်၍ မရပါ။မျောက်ဖြူ ပြန်သက်သာလာသည့် အထိ စောင့်ပြီးမှ ဆက်လုပ်ရမည်။ သို့သော်ငြား၊ အဆိုးထဲက အကောင်း ဆိုသလိုပေါ့... မျောက်ဖြူက ဒီလို လေ့ကျင့်ခန်းတွေကို ပုံမှန် ခံနိုင်ရည် ရှိလာတာက သူ၏ သွေးမျိုးဆက် စွမ်းအားကို ဖွံ့ဖြိုးစေဖို့ အများကြီး အထောက်အကူ ဖြစ်စေလေသည်။
ကျွမ်းချန်၏ ဓားအရိုးထဲမှာရော အလားတူ မြင်ကွင်းမျိုး ရှိနိုင်မလားဟု နင်ချီ စဉ်းစားမိလေသည်။
နောက်ရက်အနည်းငယ် အတွင်းမှာ ကျွမ်းချန်၏ ပဲ့တင်ရိုက်ခတ်မှု လျှို့ဝှက်နည်းစနစ်လည်း အောင်မြင်စွာ ကျင့်ကြံနိုင်လောက်လေပြီ။