တပည့်ရင်း လက်ခံခြင်းနှင့် အမည်နာမ ပေးအပ်ခြင်း
Vol. 18 Ch. 259
~နင်ချီသည် စိတ်အာရုံပျံ့လွင့်မှုများကို ဖယ်ရှားလိုက်ပြီး နူးညံ့သော ချီစွမ်းအင် အမျှင်တန်းများကို မျောက်ဖြူ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်စေလိုက်၏။ မေ့မြောနေသော မျောက်ဖြူသည် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ အစပိုင်းတွင် လန့်ဖျပ်သွားပြီးနောက် ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်စကား ဆိုလေသည်။
"ဆရာ... တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် စိတ်အာရုံကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစား
ထိန်းချုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ သွေးမျိုးဆက်ရဲ့ တုန်ခါမှုအရှိန်က ပြင်းထန်လွန်းတာကြောင့် ကျွန်တော် သတိလစ်သွားခဲ့ရတာပါ”
နင်ချီက လက်ကို ဝှေ့ယမ်းလိုက်၏။
"ထားလိုက်ပါတော့... မင်း ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တာ တစ်ခုခုများ ရှိနေလား အရင် စမ်းကြည့်စမ်းပါဦး"
မျောက်ဖြူသည် ဂရုတစိုက် အာရုံခံကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းလာသည်။
"စိတ် နည်းနည်း ပင်ပန်းတာကလွဲရင် ကျန်တာ အကုန် အဆင်ပြေတယ်ဗျ။ ဒါတင်မကသေးဘူး... ကျွန်တော့်ရဲ့ သွေးမျိုးဆက် ဖွံ့ဖြိုးမှုက နည်းနည်း ပိုတိုးတက်လာသလိုပဲ"
နင်ချီ ချက်ချင်း စိတ်အေးသွားပြီး ပြုံးကာ ပြောလိုက်၏။
"သွေးမျိုးဆက် ပဲ့တင်ရိုက်ခတ်တုန်းက ခံစားချက်ကို အသေးစိတ် ပြောပြပါဦး"
ထိုအခါ၊ မျောက်ဖြူက ခေတ္တမျှ စဉ်းစားလိုက်သည်။
"အစပိုင်းတုန်းကတော့ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲလာပြီး အရိုးတွေ၊ အကြောတွေ အကုန်လုံး ပြုတ်ထွက်သွားတော့မလို ခံစားလိုက်ရပါတယ်... နောက်တော့ စိတ်အာရုံတွေ ဝေဝါးသွားပြီး ဟိန်းဟောက်သံ တစ်ခုကို ဝိုးတဝါး ကြားလိုက်ရသလိုပါပဲ..."
မျောက်ဖြူက လေးလေးပင်ပင် ပြောဆိုလိုက်ရာ နင်းချီလည်း ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်မိလေသည်။
ထို့နောက် စိတ်ထဲတွင် ဤသို့ တွေးတောလိုက်မိလေ၏။
'သွေးမျိုးဆက်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ ငါ မြင်တွေ့ခဲ့ရတဲ့အရာကို ထျန်းရှန်းလည်း ဝိုးတဝါး အာရုံခံမိပုံရတယ်... သူ ကြားလိုက်ရတဲ့ ဟိန်းဟောက်သံက ငွေရောင် ဧရာမမျောက်ဝံကြီးရဲ့ အသံပဲ ဖြစ်ရမယ်... အခြေအနေတွေ ပုံမှန်အတိုင်း တိုးတက်လာမယ်ဆိုရင် တစ်နေ့နေ့မှာ သွေးမျိုးဆက် စွမ်းအားတွေ ပြည့်ဝလာပြီး အဲဒီမြင်ကွင်းကို သူကိုယ်တိုင် မြင်တွေ့ခွင့်ရလာမှာပါလေ...'
မျောက်ဖြူက သူ့ရှေ့တွင် ရိုသေလေးစားစွာဖြင့် ငြိမ်သက်စွာ ရပ်တန့်နေသည်ကို မြင်လိုက်ရသောအခါ နင်းချီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး နှုတ်မှ ဆိုလိုက်လေသည်။
"ကဲ... သွားကြစို့၊ နှစ်ပတ်လည် ပြိုင်ပွဲကြီးတောင် စတော့မယ်... တို့တွေ အဲဒီကို သွားကြတာပေါ့"
နင်ချီ့စကားကို မျောက်ဖြူက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး မျက်လုံးထဲတွင် ပျော်ရွှင်ရိပ်များ ယှက်သန်းနေသည်။
မျောက်ဖြူက အမြဲတမ်း ဆော့ကစားတတ်ပြီး အစစ်အမှန်သိုင်းဂိုဏ်းက တပည့်များစွာနှင့် ရင်းနှီးသည်။ ဒီတစ်ခါ သူ့မိတ်ဆွေတွေ စင်မြင့်ပေါ်မှာ ယှဉ်ပြိုင်ကြတာကို မြင်ရမှာဆိုတော့ သဘာဝကျကျ ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ပါ။ တကယ်တော့ သူသာ အရမ်း အစွမ်းထက်မနေလျှင် သူကိုယ်တိုင် တက်ပြီး ဝင်နွှဲချင်သေးသည်။
သို့နှင့်၊ လူတစ်ယောက်နှင့် မျောက်တစ်ကောင် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ဦးတည် ထွက်ခွာသွားကြ တော့သည်။
အဝေးကနေ လှမ်းကြည့်လိုက်လျှင်ပဲ သက်ဝင်လှုပ်ရှားနေသည့် လေထုကို မြင်နေရလေပြီ။
နင်ချီနှင့် မျောက်ဖြူ ရောက်လာတာက တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပြီး စူးစမ်းလိုစိတ် ပြင်းပြသော မျက်လုံးပေါင်း များစွာက သူတို့ဆီ ရောက်လာကြ၏။
တပည့်သစ်တို့၏ အမြင်တွင်တော့ နင်ချီသည် လျှို့ဝှက်ဆန်းကြယ်လွန်းလှသူ တစ်ဦး ဖြစ်လေသည်။ သူသည် လူရှေ့သူရှေ့ ထွက်လာခဲလှ၏။
သို့သော်၊ ရံဖန်ရံခါ ကြားသိရတတ်သော သတင်းစကားများအရ ကိုးယောက်မြောက် အကြီးအကဲသည် ပြိုင်ဘက်ကင်းသည့် ပါရမီရှင် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် သူ၏ လက်အောက်ရှိ မျောက်ဖြူကလည်း ထိုအချက်ကို သက်သေထူနေသယောင် ရှိ၏။
ဂိုဏ်းဝင်ခွင့် စာမေးပွဲ ကျင်းပစဉ်ကာလက မျောက်ဖြူသည် မျောက်ဘုရင်၏ ပုံစံ အစစ်အမှန်ကို ထုတ်ပြခဲ့သော မြင်ကွင်းက လူတိုင်း၏ စိတ်ထဲမှာ စွဲထင်နေတုန်းပင် ဖြစ်ပါ၏။
သို့ရာတွင်၊ နင်ချီ ရှေ့မှာတော့ မျောက်ဖြူက အလွန်တရာ ရိုသေလေးစားလေသည်။
လူအုပ်ကြီး၏ အကြည့်တွေကြားမှာ နင်ချီက အကြီးအကဲ ထိုင်ခုံဆီသို့ တက်လှမ်းလိုက်သည်။
"ကိုးလေး၊ ထျန်းရှန်း... နင်တို့ နောက်ကျနေပြီနော်" ယဲ့ချင်းဟယ်က မျက်စိတစ်ဖက် မှိတ်ပြပြီး ပြုံးစိစိနှင့် စလိုက်သည်။
သည်တစ်ခါ တာအိုဆရာလုံရှန်း မရှိတော့ သူမက ဝိုင်ဘူးကို ပေါ်တင်ကြီး ထုတ်ပြီး တစ်ငုံချင်း မော့နေတော့သည်ပင်။
လော့ဝမ်ထျန်း တစ်ယောက် ခေါင်းခါပြီး ခါးသက်သက် ပြုံးရှာ၏။
‘အခု အကြီးအကဲ ဖြစ်နေပြီ ဆိုပေမယ့် ဒီ စီနီယာ အစ်မသုံးကတော့ စည်းကမ်းမရှိတုန်းပါပဲ။’
နင်ချီ တွေးကာ ပြုံးပြီး ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေကို နှုတ်ဆက်လိုက်သည်။
"ကိစ္စလေး နည်းနည်း ရှိနေလို့ပါဗျာ။ အခု ဘယ်အဆင့် ရောက်နေပြီလဲ"
ထိုအခါ စတုတ္ထ အစ်ကိုကြီး ဟဲယန်က ရယ်မောပြီး ပြောလိုက်၏။
"အခု ထိပ်ဆုံး ဆယ်ယောက် အဆင့် ရောက်နေပြီ။ ဒီတစ်ခါ မျိုးဆက်သစ် ကောင်းကောင်းလေးတွေ တော်တော်များများ ပါတယ်ကွ။ ကိုးလေး ၊မင်းရဲ့ နည်းလမ်းကို သုံးပြီး ရွေးထားတဲ့ မျိုးဆက်သစ်တွေက အစ်ကိုတို့တုန်းကထက် ပိုသန်မာကြတယ်။ တတိယ အစ်မရဲ့ ပေါ့ပေါ့ပါးပါး ပုံစံကို ကြည့်ပြီး အထင်မလွဲနဲ့နော်... သူ ကောင်မလေး တစ်ယောက်ကို ခဏ ခဏ ချီးကျူးနေတာ... ဒီတစ်ခါတော့ သူ တပည့် လက်ခံတော့မယ့်ပုံပဲ"
နင်ချီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် အသံထွက်၍ ရယ်ချမိ၏။
ယဲ့ချင်းဟယ်က တပည့်တစ်ယောက်ကို သင်ပေးနေမည့်ပုံကို တွေးကြည့်လိုက်လျှင်ပဲ တစ်မျိုးကြီး ဖြစ်နေသလိုပင်။
ထိုစဉ်၊ ယဲ့ချင်းဟယ်က သူတို့ကို မျက်စောင်းထိုးပြီး နှာခေါင်းရှုံ့ လိုက်သည်။
"အခုကတည်းက ကြိုပြောထားမယ်နော်... ယူရွှမ် ဆိုတဲ့ ကောင်မလေးက ငါနဲ့ ရေစက် ပါတယ်။ နင်တို့ ငါ့ဆီက လာလုလို့ မရဘူး"
နင်ချီက ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်ဆီ လှမ်းကြည့်လိုက်၏။
ငယ်ရွယ်သေးပေမယ့် နူးညံ့သိမ်မွေ့သော အမူအရာနှင့် အလှပဂေးလေး တစ်ယောက် ဖြစ်နေလေပြီ။ ဂိုဏ်းဝင်ခွင့် စာမေးပွဲတုန်းက ထူးခြားသော စွမ်းဆောင်ရည်ကြောင့် သူ မှတ်မိနေသည်။
သူမ နာမည်က အိုးရန် ယူရွှမ် ထင်ပါရဲ့။
ဒီလို နူးညံ့သိမ်မွေ့သည့် ကောင်မလေးက ဝိုင်ကြိုက်သည့် ဆရာမ နောက်ကို နေ့တိုင်း လိုက်နေရမည့် အဖြစ်ကို တွေးမိပြီး နင်ချီ ရင်ထဲမှာ သနားစိတ် ဝင်မိသွားသည်။
သူ ငယ်ငယ်တုန်းက ယဲ့ချင်းဟယ် သူ့ကို ဝိုင်သောက်ဖို့ လှည့်စားခဲ့တာကို ပြန်သတိရမိပြီး နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ထိုစဉ်၊ ယဲ့ချင်းဟယ်က မကျေမနပ် ပြောလိုက်သည်။
"ရယ်ချင် ရယ်ထားကြ။ ငါ သူ့ကို ပြုစုပျိုးထောင်ပြီး အစစ်အမှန်သိုင်းဂိုဏ်းရဲ့ တတိယ မျိုးဆက် တပည့်တွေကို ဖိနှိပ်ပစ်တဲ့အခါကျရင် နင်တို့တွေ တွေ့ကြသေးတာပေါ့"
ထိုအခါ၊ လူတိုင်း ပိုပြီး အားရပါးရ ရယ်မောလိုက်ကြသည်။
တစ်ချိန်တည်းမှာပဲ သူတို့ ရင်ထဲမှာ လွမ်းဆွတ်မှု တစ်ခု ဖြစ်ပေါ်လာ၏။
အချိန်တွေ ကုန်လွန်တာ မြန်လွန်းလိုက်တာ... ။
သတိမထားမိလိုက်ခင်မှာပဲ သူတို့ဟာ အစစ်အမှန်သိုင်းဂိုဏ်း၏ အမာခံတွေ ဖြစ်လာပြီး ကိုယ်တိုင် တပည့်လက်ခံရမည့် အဆင့်ကို ရောက်လာကြလေပြီ။
သူတို့ တစ်သိုက် စကားစမြည်ပြောရင်း ရယ်မောနေကြသည်။
ထိုအချိန်တွင် တပည့်များ၏ တိုက်ပွဲများသည် ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲပင်။
ဒီတစ်ခါ ပြိုင်ပွဲကို တပည့်သစ်နှင့် တပည့်ဟောင်း ဆိုပြီး နှစ်ပိုင်း ခွဲထားပါသည်။
တပည့်ဟောင်းတွေအတွက် ပြင်ပဂိုဏ်းနှင့် အတွင်းဂိုဏ်း ပြိုင်ပွဲတွေ ရှိပြီး၊ တပည့်သစ်တွေကတော့ အရင်က ရွေးချယ်ထားသည့် မျိုးဆက်သစ်
(၃၀၀ ) ပင်။
သူတို့၏ ပြိုင်ပွဲက ပိုပြီး အရေးကြီး၏။ သူတို့၏ စတင်မှတ်တိုင်ကို ဆုံးဖြတ်ပေးရုံသာမက ထိပ်ဆုံး သုံးယောက်ကို တပည့်ရင်း အဖြစ် ရာထူးတိုးပေးမည် ဖြစ်လေသည်။
ထို့အပြင် ဒီတစ်ခါ တပည့်သစ်ရော၊ တပည့်ဟောင်းတွေပါ ရမည့် ဆုလာဘ်တွေက တော်တော်လေး ရက်ရောပါ၏။
ယခုအခါ၊ အစစ်အမှန်သိုင်းဂိုဏ်းက ချမ်းသာပြီး အရင်းအမြစ်တွေ ပေါများနေလေပြီ။ အဓိက ရည်ရွယ်ချက်က ဒီ အခြေခံအုတ်မြစ်ကို စုပ်ယူပြီး စွမ်းအား မြှင့်တင်ဖို့ပဲ ဖြစ်သည့်အတွက် ပေးသော ဆုလာဘ်တွေက မျှော်လင့်ထားတာထက် ကျော်လွန်လေ့ ရှိသည်။
သိုင်းပညာ လျှို့ဝှက်နည်းစနစ်တွေ၊ ကောင်းကင်နှင့် မြေကြီး ရတနာတွေ၊ ဒါမှမဟုတ် ဝိညာဉ် လက်နက် တွေ အပါအဝင် အားလုံးက တပည့်တွေကို စိတ်လှုပ်ရှားစေသည်။
သဘာဝကျကျပင်၊ နင်ချီ စိုက်ပျိုးထားသည့် အစစ်အမှန်သိုင်း မက်မွန်သီးလည်း ပါဝင်သလို ဆုလာဘ်အနေနှင့် ဉာဏ်အလင်း လက်ဖက်ခြောက် အနည်းငယ်ကိုတောင် သူက ထောက်ပံ့ပေးထားသေးသည်။
နင်ချီက လေးလေးနက်နက် စောင့်ကြည့်နေ၏။
ဒီတပည့်တွေ၏ တိုက်ပွဲတွေက သူ့မျက်လုံးထဲမှာ ကလေးကစားစရာလို ဖြစ်နေပေမယ့် သူတို့က အစစ်အမှန်သိုင်းဂိုဏ်း၏ အနာဂတ်တွေ ဖြစ်ပါသည်။
သူ အလွန် ကျေနပ်အားရမိသည်။
အရင်တုန်းကဆိုလျှင် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး နယ်ပယ် မှာ ဆယ်နှစ်လောက် အချိန်ယူရလျှင် ပြိုင်ဘက်ကင်း ပါရမီရှင်ဟု သတ်မှတ်ကြသည်လေ။
သို့သော်ငြား၊ ယခု အစစ်အမှန်သိုင်းဂိုဏ်းမှာတော့ ထိုသို့ မဟုတ်တော့ပါ။ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ထိရောက်မှုကို မြှင့်တင်ပေးဖို့ နင်ချီ ဖန်တီးထားသော လျှို့ဝှက်နည်းစနစ်တွေနှင့် တိုးတက်ကောင်းမွန်အောင် လုပ်ထားသည့် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ဆေးမှုန့် တွေကြောင့် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး နယ်ပယ် တိုးတက်မှုက အများကြီး အရှိန်မြင့်လာပါ၏။
ယခင်က ပါရမီ အတူတူလောက် ရှိသည့် သူက ယခုဆိုလျှင် မူလ ကျင့်ကြံချိန်၏ (၄၀ ) ရာခိုင်နှုန်းလောက်ပဲ လိုအပ်ပါတော့သည်။