← Chapters

နှစ် ၄၀၀ သက်တမ်းနဲ့ အကြံပေးပါရစေ

Vol. 18 Ch. 270

နှစ် ၄၀၀ သက်တမ်းနဲ့ အကြံပေးပါရစေ

Vol. 18 Ch. 270

~ဆံပင်ဖြူ လူငယ်လေးသည် အနက်ရောင် ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားပြီး၊ ခန့်ညားချောမောသော ရုပ်ရည်ရှိသော်လည်း အေးစက်သော အမူအရာဖြင့် ကျန်းပိုင်ရှန်းကို စိုက်ကြည့်နေလေသည်။

"အစ်ကိုငါး... မတွေ့တာ ကြာပြီနော်"

လာရောက်သူမှာ... ချင်ယွင် ပင် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အထိ သူသည် တောင်တစ်သိန်း ထဲတွင် ဆန်းပြား သားရဲကောင်များကို လိုက်လံ ဖမ်းဆီးနေခဲ့သည်။ ဆန်းပြားသားရဲ အတွင်း အမြုတေ များကို စုဆောင်းရန် ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ရက်ပိုင်းက 'သရဲမျက်နှာဖုံး' ထံမှ အရေးပေါ် သတင်းစကား တစ်စောင် ရောက်လာခဲ့သည်။ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ကို ဖမ်းဆီးခေါ်ဆောင်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

ချင်ယွင် သဘောပေါက်လိုက်သည်။

ဒါက မိစ္ဆာဂိုဏ်းက သူ့ကို ပေးသော နောက်ဆုံး အခွင့်အရေးပဲ။

အကယ်၍ သူသာ ဒီတာဝန်ကို ယူပြီး ကျန်းပိုင်ရှန်းကို ကိုယ်တိုင် သတ်ဖြတ်လိုက်မည် ဆိုပါက၊ အစစ်အမှန်သိုင်းဂိုဏ်းနှင့် ပတ်သက်မှု မှန်သမျှကို အပြီးတိုင် ဖြတ်တောက်လိုက်ပြီဟု သက်သေပြရာ ရောက်မည်။

ထိုအခါမှသာ မိစ္ဆာဂိုဏ်း၏ အာဏာ ဗဟိုချက်မသို့ ပြန်လည် ဝင်ရောက်ခွင့် ရပေလိမ့်မည်။ သရဲမျက်နှာဖုံးနှင့် မဟာအကြီးအကဲတို့က သူ့ကို လုံးဝ စွန့်ပစ်လိုက်ခြင်း မရှိသေးကြောင်း ပြသနေသည်။

သို့သော် သူ ငြင်းဆန်လိုက်မည် ဆိုပါက၊ အစစ်အမှန်သိုင်းဂိုဏ်းအပေါ် သံယောဇဉ် ရှိနေသေးကြောင်း ပေါ်လွင်သွားမည် ဖြစ်ပြီး၊ သူ့တစ်ဘဝလုံး လက်ပါးစေ ဘဝဖြင့်သာ နေသွားရတော့မည်။

မိစ္ဆာဂိုဏ်းမှ ထွက်ပြေးဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ဖြင့် အမှတ်အသား ပြုလုပ်ထားပြီး ဖြစ်ရာ၊ ကမ္ဘာမြေအဆုံးထိ ပြေးလျှင်ပင် ခြေရာခံမိနေမည်သာ ဖြစ်သည်။

ဒါကြောင့် ချင်ယွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူသည် တောင်တစ်သိန်းထဲတွင် ဖြတ်သန်းခဲ့ရသော ခက်ခဲ ကြမ်းတမ်းသည့် နေ့ရက်များကို ပြန်တွေးမိသည်။ လန်ယီယီ၏ ဖွင့်ဟဝန်ခံချက်များကို ပြန်လည် ကြားယောင်မိသည်။ နောက်ဆုံးတွင်တော့... သူ ရောက်လာခဲ့လေပြီ။

ကျန်းပိုင်ရှန်းသည် သူ့ရှေ့မှ ဆံပင်ဖြူ လူငယ်လေးကို ငေးကြည့်လိုက်မိသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြူဖွေးနေသော ဆံပင်များကို ကြည့်ရင်း၊ ရင်းနှီးသော်လည်း စိမ်းသက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ခါးသက်သက် ပြုံးလိုက်မိလေသည်။

“အေးကွာ... တကယ် မတွေ့တာ ကြာပြီပဲ... ရက်တွေ ပြန်တွက်ကြည့်တော့ မင်း တောင်အောက်ဆင်းသွားတာ ငါး နှစ်တောင် ရှိပြီပဲ... ညီလေးရှစ်”

သူ လင်ရူဟွာ၏ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ထွက်ပြေးဖို့ ဆိုတာကို ခေါင်းထဲက ထုတ်လိုက်ပြီ ဖြစ်သည်။

ချင်ယွင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝန်းရံနေသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများက သူ့အဆင့်အတန်းကို သက်သေပြနေသည် မဟုတ်ပါလော။

ကောင်းကင်ဘုံလူသား နယ်ပယ် ။

နင်ချီ ပေးလိုက်သော ကျောက်စိမ်းဆွဲပြား နှစ်ခုစလုံး ကုန်သွားပြီ ဖြစ်ရာ၊ သူတို့နှစ်ဦးသည် ကောင်းကင်ဘုံလူသား အဆင့် ကျွမ်းကျင်သူ တစ်ယောက်၏ ရှေ့တွင် သားသတ်ရုံ ပို့ခံရမည့် သိုးငယ်လေးများသဖွယ် ဖြစ်နေကြပြီ။

ကျန်းပိုင်ရှန်း အံ့သြသွားမိသည်။ ချင်ယွင်က ဒီလောက် ငယ်ငယ်လေးနှင့် ကောင်းကင်ဘုံလူသား အဆင့် ရောက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဒါက ယုံနိုင်စရာကို မရှိပေ။

သို့သော်၊ ရုတ်တရက် သူ့ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ အတိအကျ မသိရသော်ငြား၊ ဒီအရွယ်နှင့် ဒီအဆင့်ရောက်ဖို့ ဆိုတာ တစ်ခုခုတော့ ပေးဆပ်လိုက်ရမှာ သေချာသည်ချင်ယွင်၏ ခေါင်းတစ်ခုလုံး ဖြူဖွေးနေတာကို ကြည့်လျှင်ပဲ ခန့်မှန်း၍ ရနေပြီ။

ဟိုတုန်းက ချင်ယွင် တောင်အောက်ဆင်းသွားတုန်းက ကျန်းပိုင်ရှန်းက အဒေါသထွက်ဆုံး လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ချင်ယွင်ကို သစ္စာဖောက်ဟု ကျိန်ဆဲခဲ့ပြီး၊ ‘တစ်နေ့နေ့ ပြန်တွေ့ရင် ခြေထောက်ရိုက်ချိုးပြီး ဆရာ့ရှေ့မှာ ဒူးထောက်တောင်းပန်ခိုင်းမယ်’ ဟုပင် ကြိမ်းဝါးခဲ့ဖူးသည်။

သို့သော်၊ယခု...

တကယ်တမ်း ပျောက်ဆုံးနေသော ညီငယ်ရှစ်ကို ပြန်တွေ့လိုက်ရသော အချိန်မှာတော့၊ ကျန်းပိုင်ရှန်း၏ ခံစားချက်တွေ ရှုပ်ထွေးကုန်ရသည်။

ချင်ယွင်၏ မျက်ဝန်းထဲတွင်လည်း ခံစားချက် အရိပ်အယောင် အချို့ ဖြတ်သန်းသွားသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"ဟုတ်တယ်... ငါးနှစ်... ဒီလောက် ကြာသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ဆရာ ကျန်းမာပါရဲ့လား"

ထိုအခါ၊ ကျန်းပိုင်ရှန်းက ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။

"မင်းက မိစ္ဆာဂိုဏ်းရဲ့ သူတော်စင် ဆက်ခံသူကြီးပဲ... နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိနေတာ ဆရာ့အခြေအနေကို မသိဘူးလား"

တာအိုဆရာလုံရှန်း အကြောင်း ပြောလိုက်တော့ သူ ဒေါသထွက်သွားသည်။

ချင်ယွင် ထွက်သွားတုန်းက အခံစားရဆုံးလူက ညီအစ်ကိုတွေ မဟုတ်ပါ၊ ဆရာ ကိုယ်တိုင်ပင်။ သားသမီးတစ်ယောက်နှင့် အဆက်အသွယ် ဖြတ်လိုက်ရသလို ခံစားခဲ့သည်။ ဆရာ့ခမျာ သူ့သင်ကြားမှုမှာများ အမှားပါသွားသလားဟုပင်

သံသယဝင်ပြီး စိတ်ဆင်းရဲခဲ့ရရှာသည်။

နောက်ပိုင်း 'နတ်ဘုရား ဓားသခင်' မသေခင် သူ့ဆန္ဒကို မှာကြားခဲ့မှသာ ဆရာ့စိတ် ပြေလျော့သွားခဲ့ရ၏။

ချင်ယွင် တိတ်ဆိတ်သွားသည်။ သူ့ရင်ထဲ နာကျင်သွားရ၏။

ထိုစဉ်...

အဝေးတစ်နေရာမှ အကြီးအကဲ ယဲ့က ဒဏ်ရာကို ကုသရန် ကြိုးစားနေရင်း ဒေါသတကြီး လှမ်းအော်လိုက်သည်။

"ချင်ယွင် မင်း ဒီကို ဘာလာလုပ်တာလဲ မမေ့နဲ့ဦး... ဒီ ဖောက်ပြန်တဲ့ ကောင်မစုတ်လေးနဲ့ သူ့ကောင်ကို မြန်မြန် ဖမ်းစမ်း"

ချင်ယွင်က အကြီးအကဲ ယဲ့ကို အေးစက်စက် တစ်ချက်သာ ကြည့်လိုက်သည်။

"အကြီးအကဲ ယဲ့... ခင်ဗျား ဒဏ်ရာကို အရင် ဂရုစိုက်သင့်တယ် ထင်တယ်... မဟုတ်ရင် မသန်မစွမ်း ဖြစ်သွားလိမ့်မယ်"

တကယ်တော့ ချင်ယွင် ရောက်နေတာ ကြာလေပြီ။ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားပြီး အခြေအနေ ကြည့်နေခဲ့ခြင်းပါ။ ကျောက်စိမ်းဆွဲပြားထဲက ဓားချီ ပေါက်ကွဲထွက်လာပြီး အကြီးအကဲ ယဲ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေတာ မြင်မှ သူ လန့်ပြီး ထွက်လာခဲ့သည်။

'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ၏ အစွမ်းကို ကြားဖူးနားဝ ရှိပေမယ့်၊ ဒီလောက် အနီးကပ် မြင်လိုက်ရတော့မှ တကယ် ယုံသွားတော့သည်။

အကြီးအကဲ ယဲ့ ခမျာ ဒေါသထွက်သလို၊ လန့်လည်း လန့်သွားသည်။

သူ ဒဏ်ရာကုဖို့ပဲ အာရုံစိုက်လိုက်တော့သည်။

..ချင်ယွင်သာ ဒီနှစ်ယောက်ကို မလွှတ်ပေးရင် ပြီးတာပဲ။ သူ သက်သာလာမှ ကိုယ်တိုင် ရှင်းပစ်မယ်။..

ချင်ယွင် အကြည့်ပြန်လွှဲလိုက်ပြီး ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာကို အာရုံစိုက်လိုက်သည်။

"အစစ်အမှန်သိုင်းဂိုဏ်း... အခု ဘယ်လို အခြေအနေ ရှိလဲ"

ကျန်းပိုင်ရှန်းက "မင်း စိတ်ပူစရာ မလိုပါဘူး" ဟု ပြန်ပက်လိုက်ချင်သော်လည်း ချင်ယွင်၏ ရင်းနှီးနေသော မျက်နှာကို မြင်တော့ စိတ်လျော့လိုက်ပြီး အေးစက်စက်သာ ပြန်ဖြေလိုက်သည်။

"အကုန် ကောင်းတယ်... အစ်ကိုကြီးရဲ့ စီမံခန့်ခွဲမှုအောက်မှာ အရာရာ အဆင်ပြေတယ်... နောက် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်ဆိုရင် အစစ်အမှန်သိုင်းဂိုဏ်းက ကမ္ဘာကို တုန်လှုပ်စေလိမ့်မယ်... မကြာခင်ကမှ အစ်ကိုကြီးရယ်၊ အစ်ကိုနှစ်ရယ်၊ အစ်မသုံးရယ် တပည့်တွေ လက်ခံလိုက်ကြပြီ... ကိုးလေးလည်း နေကောင်းတယ်"

သေတော့မည်ဟု သိနေ၍လား မသိ။... ကျန်းပိုင်ရှန်း စကားတွေ ပိုပြောလာသည်။ လွန်ခဲ့သည့် နှစ်တွေအတွင်း ဂိုဏ်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြနေမိသည်။

လျှို့ဝှက်ချက်တွေတော့ မပါပါ။ ညီအစ်ကို မောင်နှမတွေ အကြောင်း၊ ဆရာ့ အကြောင်းတွေလောက်ပင်။

ချင်ယွင် တိတ်ဆိတ်စွာ နားထောင်နေသည်။ မျက်နှာလွှဲထားပြီး သူ့မျက်လုံးတွေ နီရဲလာတာကို မမြင်စေချင်ပါ။ ရံဖန်ရံခါ သူ့နှုတ်ခမ်းလေး တွန့်ကွေးသွားပြီး ပြုံးမိသည်။ အထူးသဖြင့် အစ်မသုံး 'ယဲ့ချင်းဟယ်' က မက်မွန်ပွင့် ဝိုင်တွေ ထပ်ခါထပ်ခါ ချက်နေတယ် ဆိုသည့် အကြောင်း ကြားရသည့် အခါမှာပေါ့။

နောင်တတွေ ရင်ထဲမှာ ပြည့်နှက်လာသည်။

ဟိုတုန်းကသာ ဆုံးဖြတ်ချက် မမှားခဲ့လျှင်... အခုချိန်မှာ သူလည်း ဒီအဖြစ်အပျက်တွေထဲမှာ ပါဝင်ခွင့် ရနေမှာ။ အခုလို နားထောင်သူ သက်သက် ဖြစ်နေမှာ မဟုတ်။

ဖြစ်နိုင်လျှင် သူ ရထားသည့် သိုင်းပညာတွေ အကုန် ပြန်ပေးပြီး အချိန်ကို နောက်ပြန်လှည့်ချင်မိသည်။

"ကျေးဇူးပါပဲ... အစ်ကိုငါး"

ချင်ယွင်၏ အသံက တည်ငြိမ်နေပေမယ့်၊ ရင်ထဲမှာတော့ ကြေကွဲနေရရှာသည်။

အစ်ကိုငါး၏ ပါးစပ်က ကြားရသည့် သတင်းတွေက အေးစက်စက် ထောက်လှမ်းရေး စာရွက်တွေနှင့် မတူပါချေ။ သူ တောင့်တနေခဲ့သည့် နွေးထွေးမှုတွေ ပါဝင်နေသည်။

ကျန်းပိုင်ရှန်းလည်း နှာခေါင်းတွေ ရှုံ့လာသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။

All Chapters