အကျိုးပြုအမှတ်များအတွက် ကြံစည်ခြင်း
Vol. 13 Ch. 181
ဝမ်ယု၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
အရမ်းမြန်တယ် !!
ရှုကျိုးမှ ဓားဆွဲထုတ်လိုက်သည့် အမြန်နှုန်းသည် အတော်လေးမြန်ဆန်နေခဲ့သည်။
သူမ၏ အဆင့်ဖြင့်ပင် ရှုကျိုးက ဓားဆွဲထုတ်လိုက်သည်ကို မမြင်လိုက်သောကြောင့် သူမ မရှောင်ရှားနိုင်ခဲ့ပေ။
သို့သော် ရှုကျိုး၏ ဓားနည်းစနစ်သည် သူမကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။
၎င်းမှာ ပထမအဆင့် လူသစ်လေးတစ်ဦး လုပ်နိုင်သည့် အတိုင်းအတာထပ် ကျော်လွန်နေခဲ့သည်။
ရှုကျိုးသည် သူမကို ကြည့်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ ဒါက ဌာနတစ်ခုရဲ့ ဝင်ပေါက်လေ၊ ငါက ဒီနေရာမှာ လူမသတ်ဘူး၊ ဒါပင်မဲ့ တကယ်လို့ တစ်ယောက်ယောက်က အတင်းအကြပ် ဖြစ်ချင်နေမယ်ဆိုရင်တော့ လှုပ်ရှားလိုက်ရဖို့အတွက် ကြိုဆိုတာပေါ့ “
ရှုကျိုးသည် တောက်ပစွာ ပြုံးပြလိုက်သည်၊ သို့သော် ဝမ်ယု၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
သူမသည် ကြမ်းတမ်းသော စကားများကို ပြောနေခဲ့ခြင်းသာဖြစ်ပြီး၊ သူက ငကြောက်တစ်ဦး မဟုတ်ဘူးဆိုသည်ကို ကောင်းစွာသိနေခဲ့သည်၊ ယခင်က သူသည် လျူမိသားစု၏ အဖွဲ့ဝင်နှစ်ဦးကို မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်ခဲ့ဖူးသည်။
အမှန်တိုင်းပြောရမည်ဆိုပါက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာကြသည့် လူများသည် ကိုင်တွယ်ရ လွယ်ကူသည့် လူများ မဟုတ်ကြပေ။
အထူးသဖြင့် ထိပ်တန်းပါရမီရှင်များဖြစ်ပြီး၊ သူတို့ထံတွင် အားကောင်းသော သတ်ဖြတ်လိုစိတ်များ ပိုင်ဆိုင်ထားကြသည်။
ကျောင်း၏ စည်းမျဥ်းစည်းကမ်းများသာ မရှိဘူးဆိုပါက ………..
သိုင်းပညာရှင်များ ဒေါသထွက်လာသည့် အချိန်၌ ခြေငါးလှမ်းအတွင်းမှာပင် သွေးစွန်းရသည်ဆိုသည်မှာ စကားချည်း သပ်သပ်သာလျှင် မဟုတ်ပေ။
“ စိတ်မပူပါနဲ့၊ အခုတော့ ငါက မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး “
ရှုကျိုးသည် သူ၏ဓားကို သိမ်းကာ အေးအေးလူလူ ပြောလိုက်သည် “ ငါက တစ်ခြားလူတွေအပေါ် အခွင့်ကောင်းယူဖို့ စိတ်မဝင်စားဘူး “
“ ဒါပင်မဲ့ နင်က လီရို့ရှီကို ဒဏ်ရာရသွားအောင် တမင်လုပ်ခဲ့ပြီးပြီ၊ နင်က အဲ့ကိစ္စအတွက် သေချာပေါက် ပြန်ပေးဆပ်ရမယ် “
“ တစ်လအတွင်းမှာပဲ နင့်ရဲ့ ဒဏ်ရာတွေ ပျောက်သွားတဲ့ အချိန်ကျရင် ငါက နင့်ကို တိုက်ခိုက်မယ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် အဝေးသို့ လှည့်ထွက်သွားတော့သည်။
ဝမ်ယုသည် ရှုကျိုး၏ နောက်ကျောကို ကြည့်ကာ အံကြိတ်နေတော့သည်။
“ သေစမ်း၊ သူက ငါးစာကို မချိတ်မိသွားဘူး “
သူမ၏ အမူအရာ ရုပ်ဆိုးသွားခဲ့ကာ ရေရွတ်ပြောဆိုနေခဲ့သည် “ ကောလဟာလတွေက တကယ်ကိုမှားနေတာပဲ။ ဒီလူက ဘယ်လိုလုပ် ငကြောက်ဖြစ်နေနိုင်မှာလဲ? သူက တော်တော်ကြီးကို မာနကြီး မောက်မာတယ် “
ထို့နောက်တွင် ဝမ်ယုသည် ရှုကျိုးပြောခဲ့သည့် စကားများကို သတိရသွားကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ တစ်လအတွင်းမှာလား? မောက်မာတဲ့ အကောင်၊ နင့်ကို နှစ်ဝက်လောက် အချိန်ပေးမယ်ဆိုရင်တောင်မှ ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး “
“ အဲ့ခွေးမလီရို့ရှီကို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် မလုပ်နိုင်ခဲ့တာက စိတ်ရှုပ်စရာပဲ “
“ မေ့လိုက်တော့။ ငါ့လက်နှစ်ဖက်စလုံးလည်း ကျိုးသွားပြီ၊ လျူတျန်မုက ငါ့ကို လုံလုံလောက်လောက် လျော်ကိုလျော်ရမယ် “
ဝမ်ယုသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ကာ တစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။
…
ရှုကျိုးသည် ဝမ်ယု၏ အတွေးများကို မသိသကဲ့သို့ သိနေမည်ဆိုလျှင်တောင်မှ ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။
ဝမ်ယုမှ လီရို့ရှီကို မည်သည့်ကိစ္စကြောင့် တိုက်ခိုက်ခဲ့ပါစေ၊ သူသည် သူမထံမှ တန်ကြေးတစ်ခု ပြန်တောင်းမည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် စံအိမ်ဆီသို့ ပြန်ရောက်လာခဲ့ပြီး၊ သူ၏ဖုန်းကို ထုတ်ကာ လျူယောင်တုန်ထံသို့ ဖုန်းခေါ်လိုက်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် လျူယောင်တုန် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ အစ်ကိုကြီး၊ မင်းကငါ့ကို ဘာလို့ရှာနေတာလဲ? “ လျူယောင်တုန်သည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလာခဲ့သည်။
ရှုကျိုးသည် သူ့ကို ကြည့်လိုက်သည် “ ဝမ်ယုက လျူတျန်မုကြောင့် လှုပ်ရှားလာခဲ့တာလို့ မင်းပြောခဲ့တယ်မလား? မင်းက အဲ့တာကို ဘယ်လိုသိမှာလဲ? “
လျူယောင်တုန်သည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့ပြီးမှ ပြောလာခဲ့သည် “ ဝမ်ယုက လျူတျန်မုရဲ့ ဝမ်းကွဲလေ။ သူမက ဒုတိယအဆင့် ပညာရှင်လေ၊ အကြောင်းအရင်းမရှိဘဲနဲ့ ပထမအဆင့်က လူတစ်ယောက်ကို ပြဿနာရှာမှာ မဟုတ်ဘူး “
“ အဲ့တာကြောင့် ကိစ္စက လျူတျန်မုနဲ့ သေချာပေါက်ကို ဆက်စပ်နေမှာပဲ “
“ ပြီးတော့ တကယ်လို့ မင်းက ဌာနအများကြီးနဲ့ ပြဿနာတက်သွားမယ်ဆိုရင် လျူတျန်မုရဲ့ အစီအစဥ်က အောင်မြင်သွားပြီလေ။ သူ့ရဲ့ အခုလက်ရှိ တာဝန်က မင်းပဲလေ၊ တကယ်လို့ မင်းက ပြဿနာတက်သွားရမယ်ဆိုရင် သူက နတ်သိုင်းဌာနမှာ ဆုကြေးထုတ်လို့ရပြီလေ “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။
ဆိုတော့ လျူတျန်မုနဲ့ တကယ်ကြီးကို ဆိုင်နေတယ်ပေါ့?
ဒီကောင်က ငါ့ကို လွယ်ကူတဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာလား?
တစ်နေ့လုံး အားယားနေလို့ ငါ့ကို ပြဿနာရှာဖို့ပဲ အဖြေရှာနေတာလား?
၎င်းကို တွေးနေရင်းဖြင့် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
သူသည် လျူယောင်တုန်ကို ကြည့်၍ မေးမြန်းလိုက်သည် “ ကျောင်းမှာပြန့်နေတဲ့ ကောလဟာလတွေကလည်း သူ့လက်ချက်ပဲလား? “
လျူယောင်တုန် မှင်သက်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်းခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့လိုပဲ ဖြစ်သင့်တယ်။ လျူတျန်မုက ကျောင်းသူကျောင်းသား သိုင်းပညာရှင်အဖွဲ့ရဲ့ ဒုက္ကဌလေ၊ သူက ကောလဟာလဖြန့်တဲ့နေရာမှာ တော်တော်တော်တယ် “
၎င်းကို ပြောနေရင်းဖြင့် သူသည် ချောင်းတဟန့်ဟန့် ဖြစ်သွားခဲ့သည် “ ဒါနဲ့ ငါလည်း နည်းနည်း သိချင်မိတယ်၊ မင်းက သူတို့ရဲ့ စိန်ခေါ်မှုတွေကို ဘာလို့ လက်မခံရတာလဲ? “
“ အဲ့တာတွေက သေခြင်းရှင်ခြင်းတိုက်ပွဲ မဟုတ်ဘူးလေ၊ အများကြီး ဆုံးရှုံးစရာ မရှိပါဘူး “
လျူတျန်မု၏ သတင်းဖြန့်မှုအောက်တွင် လူတော်တော်များများသည် ရှုကျိုးက လိပ်ခွံထဲတွင် ပုန်းနေသည့် ငကြောက်ဖြစ်သည်ဟု စတင်၍ ပြောဆိုလာကြပြီ ဖြစ်သည်။
လူအများစုသည် ရပ်ကြည့်နေကြသူများဖြစ်သည်။ သို့သော် ကောလဟာလတို့၏ လွှမ်းမိုးမှုများအောက်တွင် လူမှန်များကပင် မျက်စိပိတ် နားပိတ် ဖြစ်သွားနိုင်ပေသည်။
ရှုကျိုးသည် သူ့ကို ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်သည် “ မင်းက ငတုံးလား? ငါက အစစ်အမှန် သိုင်းပညာဌာနကလေ “
“ အမ်၊ အဓိပ္ပါယ် ရှိသားပဲ “ လျူယောင်တုန်သည် ရုတ်တရက် နားလည်သွားတော့သည် “ အစစ်အမှန် သိုင်းပညာဌာနက အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်။ တကယ်လို့ မင်းက ရှုံးသွားမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာပဲ “
“ မင်းက ရှုံးသွားတာနဲ့ လျူတျန်မုက အကျိုးအမြတ် တော်တော်များများ ရသွားမှာ “
၎င်းကို တွေးမိသွားသောအခါတွင် လျူယောင်တုန်သည် မနေနိုင်တော့ဘဲ လက်မထောင်ပြလာခဲ့သည် “ အစ်ကိုကြီး၊ မင်းက တော်တော်အံ့ဩဖို့ကောင်းတာပဲ အရှေ့ကို ကြိုတောင်တွေးနေနိုင်တယ် “
ရှုကျိုးသည် သူ့ကို လျစ်လျူရှုထားလိုက်သည်၊ သူသည် ကိစ္စများကို ပြန်လည်စဥ်းစားကာ လျူတျန်မု၏ အမြင်မှနေ၍ စတင်တွေးတောနေတော့သည်။
ဒီကောင်က ငါ့ကို စိန်ခေါ်ဖို့အတွက် သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ လူတွေကို လှုံ့ဆော်ပေးခဲ့တယ်၊ ငါက အဲ့ဒီစိန်ခေါ်မှုတွေကို လက်မခံတော့ ကောလဟာလတွေ စဖြန့်တယ်။
ငါက ထပ်ပြီး ငြိမ်နေတော့ တစ်ခြားဌာနတွေဘက်ကို မြှားဦးလှည့်သွားတယ်။ ငါက အဲ့ဌာနတွေနဲ့ ပြဿနာတက်သွားမယ်ဆိုရင် သူက နတ်သိုင်းဌာနကနေ အကျိုးအမြတ် ကြီးကြီးမားမား ရသွားမှာ။
ပြီးတော့ ဝမ်ယုက လီရို့ရှီကို တိုက်ခိုက်တဲ့ ကိစ္စ ဖြစ်လာတယ်။
“ ဆိုတော့ အဲ့လိုကိုး ……. “
ထိုအချိန်၌ ရှုကျိုသည် အနည်းနှင့်အများဆိုသလို အဖြေရှာတွေ့သွားခဲ့သည်။
လျူတျန်မု၏ အယူအဆမှာ ရိုးရှင်းလှပေသည်။
သူသာ ပြဿနာတက်ပြီး ဖိနှိပ်ခံနေရသရွေ့ လျူတျန်မုသည် နတ်သိုင်းဌာနဆီမှ အကျိုးအမြတ်များ ရရှိနေလိမ့်မည် ဖြစ်သည်။
“ အရှက်မရှိတဲ့ ကောင်ပဲ “ ရှုကျိုးသည် အံတကြိတ်ကြိတ် ဖြစ်နေတော့သည်၊ ဂုဏ်သိက္ခာရှိတဲ့ တတိယအဆင့်က လူတစ်ယောက်က ငါ့ကိုလူသစ်လေးတစ်ယောက်ကို ပစ်မှတ်ထားနေတယ်ပေါ့၊ နတ်သိုင်းဌာနက လူတွေက ရူးသွားကြပြီလား?
ထိုအချိန်၌ သူသည် လျူတျန်မုအား စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ရိုက်နှက်နေခဲ့ပြီးပြီ ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ သူသည် ဘယ်လိုနည်းလမ်းနှင့်မျှ အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုးသည် အံတကြိတ်ကြိတ်ဖြင့် စိတ်ညစ်သွားတော့သည်။
ငါ့ကို အကြွေးတင်နေတယ်၊ သေခြင်းရှင်ခြင်းမှာလည်း ဝင်ပါခဲ့တယ်၊ အခုတော့ ညစ်ပတ်တဲ့ကစားနည်းတွေကိုပါ ကစားနေပြန်ပြီပေါ့၊ တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတယ်။
ဒီကောင်က ငါ့ကို ဆက်တိုက် ပစ်မှတ်ထားနေတယ်ဆိုတော့၊ ဒီကောင် ဒုက္ခရောက်သွားအောင် တစ်ခုခုလုပ်မှ ဖြစ်မယ်။