← Chapters

လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !! ၅

Vol. 13 Ch. 188

လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !! ၅

Vol. 13 Ch. 188

“ မင်း !! “ ရှုကျိုး၏ အမူအရာ ဆိုးရွားသွားတော့သည်။

သူ၏အကြည့်များ ဆက်တိုက် ပြောင်းလဲသွားခဲ့သည်။

လျူယောင်တုန်သည် သူ၏တွေဝေတုံ့ဆိုင်းမှုကို သတိပြုမိသွားကာ မီးထဲသို့ လောင်စာထပ်ထည့်လာတော့သည် “ ငါ့အစ်ကိုရဲ့ စိတ်စွမ်းအားလက်နက်က အကျိုးပြုအမှတ် ထောင်ဂဏန်းဆိုတာထပ်ပိုတယ်၊ အဲ့တာက ကျန်းမိသားရဲ့ ထိပ်တန်းပညာရှင်တစ်ဦးဆီက လက်ဆောင်တစ်ခုပဲ၊ အနည်းဆုံးအနေနဲ့ အကျိုးအမှတ် ၁သောင်းလောက်တော့ အသာလေးပဲ “

“ ငါကတော့ မင်းဆီမှာ အဲ့လိုဟာကို ယှဥ်နိုင်မဲ့ လောင်းကြေးမရှိဘူးဆိုတာကို သံသယဖြစ်မိတယ်၊ ရောက်မဲ့ရောက်တော့ ကတို့ရောက်အောင် ပို့ရတာပေါ့၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တစ်ချို့နဲ့ ကမ်းလှမ်းမလား၊ အဲ့လိုဆိုရင်ကော ဘယ်လိုလဲ? “

“ … “

လျူယောင်တုန်မှ စကားဆက်ပြောနေတော့သည်။

တောင်ထိပ်ပေါ်ရှိ လျူတျန်မုသည် အလွန်အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ ငါသတိ မထားမိလိုက်ဘူး၊ အဲ့ကလေး လျူယောင်တုန်က ဒီလောက်တောင် သတ္တိရှိတာလား? “

အစစ်အမှန် သိုင်းပညာဌာနနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုတောင် ကြံစည်ရဲနေတယ်ပေါ့ !!!

ဒါပင်မဲ့ တကယ်လို့ သူကသာ အဲ့တာတွေကို အမှန်တကယ် ရသွားမယ်ဆိုရင် အကျိုးပြုအမှတ် ၁သောင်းလောက်ပဲ ဖြစ်နေတော့မှာ မဟုတ်ဘူး။

နတ်သိုင်းဌာနက အဆင့်မြင့် အရာရှိတွေက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို တော်တော်လေး စိတ်ဝင်စားကြတယ်၊ တကယ်လို့ သူတို့ကိုသာ အဲ့တာတွေ ပြန်ရောင်းနိုင်ခဲ့မယ်ဆိုရင် ……….

“ တကယ်လို့ ငါကသာ အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို ရနိုင်မယ်ဆိုရင် ……. “ လျူတျန်မုသည် စဥ်းစားခန်းဖွင့်နေတော့သည် “ သိုင်းပညာရှင် အဖွဲ့ရဲ့ ဒုက္ကဌရာထူးလည်း လုံခြုံသွားလိမ့်မယ်၊ ငါက ရာထူးတောင် တိုးသွားနိုင်သေးတယ် “

၎င်းကို တွေးမိသွားသောအခါတွင် သူသည် မချုပ်တည်းနိုင်တော့ဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သို့သော် မကြာခင်မှာပင် လျူတျန်မု စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။

အရာအားလုံးသည် ရှုကျိုးက သဘောတူ၊ မတူဆိုသည့် အပေါ်တွင် မူတည်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ရှုကျိုးကသာ ငြင်းပယ်လိုက်မည်ဆိုပါက သူသည် အခွင့်ကောင်းယူနိုင်တော့မည် မဟုတ်ပေ။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် အောက်သို့ တစ်ဖန်ပြန်၍ ငုံ့ကြည့်နေတော့သည်။

…

ထိုအချိန်တွင် ရှုကျိုး၏ အမူအရာမှာ အနည်းငယ် မှုန်မှိုင်းနေခဲ့သည် “ ငါက သစ္စာဖောက်လိမ့်မယ်လို့ မင်းက ထင်နေတာလား? “

“ သစ္စာဖောက်တယ်ဆိုတာက ဘယ်လိုစကားမျိုးကြီးလဲ? “ လျူယောင်တုန်မှ အေးအေးလူလူပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနကို မင်းရောက်တာက နှစ်လလောက်ပဲရှိသေးတယ်လေ၊ အဲ့တာကို မင်းရဲ့ အိမ်အဖြစ် တကယ်ကြီး သတ်မှတ်ထားလိုက်ပြီလား? ငါဆိုရင် နတ်သိုင်းဌာနကို ဝင်ထားပင်မဲ့ အဲ့တာနဲ့ပတ်သက်ပြီးတော့ ဘာစိတ်ခံစားချက်မှ မရှိဘူး “

“ ငါတို့က ကိုယ့်ကိုကိုယ် တိုးတက်လာအောင် လုပ်ဖို့အတွက် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ကို ရောက်လာကြတာလေ “

“ ငါတို့ကသာ သန်မာအားကောင်းလာနေသရွေ့တော့၊ အစစ်အမှန် သိုင်းပညာဌာနတို့၊ နတ်သိုင်းဌာနတို့ဆိုတာကို ဘာလို့ ဂရုစိုက်နေရမှာလဲ? အဲ့တာတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ? “

ရှုကျိုးသည် တစ်ခဏခန့် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး ခေါင်းငြိမ့်ပြလာခဲ့သည် “ မင်းပြောတာမှန်တယ် “

သူသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားကာ အံကြိတ်၍ ပြောလိုက်သည် “ ငါ့ဆီမှာ အစစ်အမှန် သိုင်းပညာဌာနနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ချို့ တကယ်ရှိတယ်။ ဥပမာအနေနဲ့ ငါအခု သုတေသန လုပ်နေတဲ့ဟာက သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိနေပြီ “

“ အဲ့တာတွေကို တိုက်ပွဲအတွက် လောင်းကြေးလုပ်လိုက်လို့ရတယ် “

“ ဒါပင်မဲ့ ……….. “

ထိုကဲ့သို့ ပြောလာခဲ့ပြီး ရှုကျိုးသည် လျူယောင်တုန်ကို စိုက်ကြည့်ကာ တလေးတနက် ပြောလိုက်သည် “ ငါက မင်းကိုဘယ်လို ယုံပေးရမှာလဲ? တကယ်လို့ ငါနိုင်သွာပြီးတော့ မင်းက ငါ့ကို Cအဆင့် လက်နက်မပေးဘူးဆိုရင်၊ ငါက ကြီးကြီးမားမား ဆုံးရှုံးသွားရမှာ မဟုတ်ဘူးလား? “

လျူယောင်တုန်မှ ပြန်ပြောလာခဲ့သည် “ စိတ်မပူနဲ့၊ ငါက အဲ့လိုလူစားမျိုး မဟုတ်ဘူး “

“ ငါမယုံဘူး “ ရှုကျိုးမှ လေးနက်စွာ ပြောလာခဲ့သည် “ မင်းက ငါ့ကို အာမခံချက်တစ်ချို့တော့ ပေးထားမှရမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံမှာ မဟုတ်ဘူး “

လျူယောင်တုန် မျက်မှောင်ကြုတ်သွားတော့သည်၊ တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက် သူစကားဆက်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ မနက်ဖြန်ကျရင် ဒီနေရာကိုပဲလာခဲ့၊ ငါက ငါ့အစ်ကိုရဲ့ လက်နက်ကို ခိုးထုတ်ပြီးတော့ မင်းကိုလာပြမယ်၊ အဲ့လိုဆိုရင်ကော ဘယ်လိုလဲ? “

“ တကယ်လို့ ငါက တစ်ခါခိုးထုတ်နိုင်တယ်ရင် နောက်တစ်ခါလည်း ထပ်လုပ်နိုင်တယ်။ အဲ့လောက်ဆိုရင်တော့ မင်းစိတ်ချသွားသင့်ပြီလေ၊ ဟုတ်တယ်မလား? “

“ ဒါပင်မဲ့ မင်းပြောတဲ့ သုတေသနဆိုတဲ့ဟာကြီးရဲ့ ရလဒ်ကိုလည်း မနက်ဖြန်ကျရင် မင်းပြရမယ်၊ ငါက အဲ့လောက်တုံးနေတဲ့ကောင် မဟုတ်ဘူး “

၎င်းကိုကြားလိုက်ရသောအခါတွင် ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ ကောင်းပြီလေ၊ အဲ့လိုပဲရှင်းကြတာပေါ့၊ မနက်ဖြန်ကျရင် သုတေသန ရလဒ်ကို ယူလာခဲ့မယ် “

သူသည် ဘာမှ ထပ်မပြောတော့ဘဲ ချက်ချင်း လှည့်ထွက်သွားတော့သည်။

လျူယောင်တုန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ နောက်ဆုံးတော့ သဘောတူလာခဲ့ပြီပေါ့ !! ရှုကျိုး၊ ဒီတစ်ခါတော့ ငါမင်းကို လုံးဝဖျက်ဆီးပစ်မယ် “

ထို့နောက်တွင် သူသည်လည်း လှည့်ပြန်သွားတော့သည်။

…

တောင်ထိပ်ပေါ်ရှိ လျူတျန်မုမှာ ထပ်မံ၍ အံ့ဩသွားရပြန်သည်။

“ ရှုကျိုးက တကယ်ကြီး သဘောတူခဲ့တာလား? “

“ မနက်ဖြန်ကျရင် အစစ်အမှန် သိုင်းပညာဌာနရဲ့ နောက်ဆုံးရ သုတေသန အချက်အလက်တွေကို ယူလာခဲ့မှာလား? “

လျူတျန်မု အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။

ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနရဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်ချင်နေတယ်ပေါ့?

တကယ်လို့ အဲ့ကိစ္စသာ ပြန့်သွားမယ်ဆိုရင်တော့ ………. လုံးဝမုန်တိုင်းထန်ပြီပဲ !!

“ ဒီကိစ္စက ပြန့်သွားလို့မဖြစ်ဘူး “ လျူတျန်မုသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ၏အကျိုးအမြတ်များ ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေ၊ Cအဆင့် စိတ်စွမ်းအားလက်နက် ……… “ လျူတျန်မုသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ကာ ဤကိစ္စထဲ ဝင်ပါသင့်၊ မပါသင့်ဆိုသည်ကို စဥ်းစားချင့်ချိန်နေတော့သည်။

…

တစ်ဖက်ရှိ လျူယောင်တုန်ကမူ အဝေးတစ်နေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့လေသည်။

သူသည် သူ၏ဖုန်းကို အမြန်ထုတ်ယူ၍ ရှုကျိုးဆီသို့ စာပို့လိုက်သည်။

“ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဘယ်လိုနေလဲ? “

“ မဆိုးပါဘူး၊ အခုတော့ လျူတျန်မုက ငါးစာဟပ်၊ မဟပ်ဆိုတဲ့အပေါ်မှာပဲ မူတည်နေပြီ “

“ လျူတျန်မုက တကယ်ကြီး ရောက်လာခဲ့တာလား? “

“ ဟုတ်တယ်လေ၊ ငါတို့အပေါ်က တောင်ထိပ်ပေါ်မှာ ပုန်းပြီးတော့ ငါတို့ကို စောင့်ကြည့်နေခဲ့တာလေ “

“ ဘုရားရေ !! “

လျူယောင်တုန် ထိတ်လန့်သွားခဲ့သည်၊ ဒီသူခိုးကောင်ကတော့ ငါတောင် လုံးဝသတိမထားခဲ့မိဘူး။

၎င်းကိုတွေးမိသွားသောအခါတွင် သူသည် နောက်ထပ်စာတစ်စောင် ထပ်ပို့လိုက်သည် “ လျုတျန်မုက ငါးစာကို လာဟပ်လိမ့်မယ်လို့ မင်းထင်လား? “

“ မသိဘူးလေ၊ မနက်ဖြန်မှ စောင့်ကြည့်ကြတာပေါ့ “

“ တကယ်လို့ သူက မနက်ဖြန်မှာ ပေါ်လာခဲ့မယ်ဆိုရင်တော့ ငါးစာကို ဟပ်သွားပြီပဲ “

လျူယောင်တုန်မှ ပြောလာခဲ့သည် “ ဒါနဲ့ မင်းရဲ့ အဲ့ဒီ သုတေသန ရလဒ်ဆိုတဲ့ဟာကရော သေချာလို့လား? တကယ်လို့ လျူတျန်မုက အဲ့တာက အတုကြီးဆိုတာကို သိသွားမယ်ဆိုရင် ငါတို့ ကြိုးစားထားတာတွေက မြောင်းထဲရောက်သွားမှာ မဟုတ်ဘူးလား? “

“ အေးဆေးပါ၊ အဲ့တာက သူ့ရဲ့ စိတ်ကို လုံးဝပြိုလဲသွားစေလိမ့်မယ် “

“ တကယ်ကြီးလား? မင်းက တကယ့်လျှို့ဝှက်ချက်တွေကို ထုတ်ပြလာမှာတော့ မဟုတ်ဘူးမလား? “

“ မင်းက ဘာတွေတွေးနေတာလဲ၊ ငါက အဲ့လိုလူစားမျိုးလား? “

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် လျူယောင်တုန် စိတ်သက်သာရာရသွားခဲ့သည်။

ရှုကျိုးမှ မည်သည့်ပြဿနာမှ မရှိဘူးဟု ပြောလာခဲ့သောကြောင့် သူသည် ထိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရန် လိုတော့မည် မဟုတ်ပေ။

…

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် သူ၏ဖုန်းကို ချလိုက်ပြီး၊ အစစ်အမှန် သိုင်းပညာဌာနဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။

လျူချင်းယွမ်၏ ရုံးခန်း၌

“ အစီအစဥ်က ဘယ်လိုလဲ? “ လျူချင်းယွမ်သည် ရှုကျိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

သူသည် ထိုအစီအစဥ်ထဲတွင် မပါသော်လည်း အနည်းငယ် သိချင်နေလျက်ရှိသည်။

“ ပြဿနာ မရှိပါဘူး “ ရှုကျိုးမှ အပြုံးဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

လျူယောင်တုန်က မသိခဲ့သော်လည်း၊ သူသည် လျူတျန်မုက တောင်ပေါ်တွင် ပုန်းအောင်းကာ သူတို့ကို စောင့်ကြည့်နေခဲ့သည်ဆိုသည်ကို အသေအချာ သိနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်ပင် လျူယောင်တုန်သည် မည်သည့်အမှားမှ မပြုလုပ်ခဲ့မိချေ။

“ ဒီနေ့ကိစ္စကတော့ အောင်မြင်တယ်လို့ သတ်မှတ်လို့ရပါတယ် “ ရှုကျိုးမှ ပြောလာခဲ့သည် “ ဒါပင်မဲ့ ငါးက ငါးစာလာဟပ်၊ မဟပ်ဆိုတာကတော့ မနက်ဖြန်မှ သိရမှာ “

လျူချင်းယွမ် ဆွံ့အသွားပြီး၊ ကူရာကယ်ရာမဲ့နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

တတိယအဆင့် ပညာရှင်တစ်ဦးအား ငါးအဖြစ် ညွှန်ပြပြောဆိုခြင်း၊ ရှုကျိုးတစ်ဦးတည်းကသာလျှင် ထိုကဲ့သို့ လုပ်ဝံ့ပေသည်။

ရှုကျိုးသည် ထိုကိစ္စအကြောင်းကို ဆက်မပြောလာခဲ့ပေ၊ သူ၏ တစ်ခြားလူတစ်ဦး၏ တောင်းဆိုမှုကြောင့် ဤနေရာသို့ ရောက်လာခဲ့ရခြင်း ဖြစ်သည်။

“ ဆရာ “ ရှုကျိုးမှ ချောင်းဟန့်၍ ပြောလာခဲ့သည် “ နောက်ဆုံးတစ်ခေါက် ကျွန်တော် ပညာရှင်ချန်းရဲ့ ရုံးခန်းဆီကို သွားခဲ့တုန်းက၊ သူမက ဆရာ့ဆီကို သတင်းစကားတစ်ခု ပြန်ပြောပြပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ် “

လျူချင်းယွမ် အံ့ဩသွားခဲ့သည် “ ဘာသတင်းစကားလဲ? “

တစ်ခဏခန့် တွေးတော စဥ်းစားနေခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ သူမက ဆရာ့ဆီကနေ ပိုက်ဆံချေးချင်နေတာ၊ သူမက ငွေပြတ်နေပြီတဲ့ “

လျူချင်းယွမ်၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့သည်။

သူသည် ရှုကျိုးကို နက်နက်နဲနဲ စိုက်ကြည့်လာတော့သည်။

ချန်းယက အဲ့လိုစကားမျိုး ပြောမှာ မဟုတ်ပါဘူး၊ ငါ့ဆီကနေ ငွေချေးတာလား?

သူမသည် အစစ်အမှန် သိုင်းပညာဌာနရဲ့ အခြေအနေကို ကောင်းကောင်းကြီးသိပါတယ်။

ချက်ချင်းဆိုသလိုပင် လျူချင်းယွမ်သည် ရှုကျိုး၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

သူသည် သူ၏လည်ချောင်းကို ရှင်းကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းပြီလေ၊ ငါနားလည်ပြီ၊ မင်းသွားလို့ရပြီ “

ရှုကျိုးသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့ပြီး၊ ထို့နောက်တွင် ငွေရောင်လည်ဆွဲကို ထုတ်၍ ပြောလာခဲ့သည် “ ပညာရှင်ချန်းက ဆရာ့ဆီကို ဒါပေးဖို့လည်း ပြောလိုက်တယ် “

ဝုန်းးး !!

အစွမ်းထက် ချီ-သွေးစွမ်းအင်များသည် လျူချင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

ကြမ်းပြင်ကပင် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အဆိုပါ စွမ်းအားသည် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ရှုကျိုး၏ အမူအရာ ဖြူဖျော့သွားခဲ့သည်၊ ဆရာက ဘာဖြစ်သွားတာလဲဟ?

အဲ့ဒီ အရှိန်အဝါက တော်တော်လေးကို ကြောက်ဖို့ကောင်းတာပဲ !!

“ တပည့်ကောင်းလေး “ လျူချင်းယွမ်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ ဘာမှ မဟုတ်ပါဘူး၊ မင်းပြန်လို့ရပြီ “

ထို့နောက်တွင် သူသည် ငွေရောင်လည်ဆွဲကို ယူလိုက်သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ကာ လေးဖင့်မနေဘဲ အမြန်လှည့်ထွက်သွားတော့သည်။

ရှုကျိုးထွက်သွားခဲ့သည့်နောက်တွင်

လျူချင်းယွမ်သည် သူ့လက်ထဲရှိ လည်ဆွဲကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏ဖုန်းကို ထုတ်ကာ နံပတ်တစ်ခုကို နှိပ်လိုက်သည်။

တီ ……….

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။

လျူချင်းယွမ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်း၍ ပြောလိုက်သည် “ ချန်းဖန်အာ၊ မင်းက ဘာလိုချင်နေတာလဲ? “

တစ်ဖက်မှ အေးဆေးတည်ငြိမ်နေသည့် ချန်းယ၏ အသံ ထွက်ပေါ်လာခဲ့သည် “ ရှင်လူမှားနေတာတော့ မဟုတ်ဘူးမလား? “

“ ရှုကျိုးကို သတင်းစကားပြောခိုင်းလိုက်တာက ငါက မင်းဆီကို ဆက်သွယ်စေချင်တာ မဟုတ်ဘူးလား? “ ဟုလျူချင်းယွမ်မှ ပြောလာခဲ့သည်။

“ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာတွေ ရပ်လိုက်လို့ရမလား? ဘယ်သူက ရှင်နဲ့ စကားပြောချင်နေလို့လဲ? “

“ အဲ့တာဆိုရင်လည်း ဒီလည်ဆွဲက ဘာလုပ်တာလဲ? မင်းက အဲ့လောက်တောင် ရက်စက်ချင်နေတာလား? ”

“ ရက်စက်တာလား? ကျွန်မတို့က ဘာမှ မဆိုင်တော့ဘူးလေ၊ ရက်စက်တယ်လို့ သုံးဖို့ လိုတော့လို့လား? “

လျူချင်းယွမ်မှ လေးနက်စွာ ပြန်ပြောလိုက်သည် “ အဲ့ဒီအချိန်တုန်းက မင်းပြောခဲ့တာကတော့ ဒီလည်ဆွဲက တစ်သက်တာအတွက်ပဲဆိုတော့၊ အခုတော့ မင်းက အဲ့တာကိုပါ လွှင့်ပစ်ချင်နေပြီလား? “

ချန်းယမှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ချန်းဖန်အာ သေသွားတာက အချိန်အတော်ကြာနေပြီ၊ အခုငါက ချန်းယပဲ၊ အဲ့လည်ဆွဲက ငါ့ဟာမဟုတ်ဘူး “

လျူချင်းယွမ်မှ လေးနက်နေသော လေသံမျိုးဖြင့် ဆက်ပြောလာခဲ့သည် “ ချန်းဖန်အာ ……. “

“ တော်လောက်ပြီ “ ချန်းယမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ စကားပြောနေတာ တော်လောက်ပြီ။ တကယ်လို့ နင်က ငါတို့ရဲ့ အတိတ်ကို တကယ်တန်ဖိုးထားတယ်ဆိုရင်၊ အဲ့ဒီကိစ္စအတွက် ငါ့ကို ဖြေရှင်းချက် သေချာပေါက် ပေးသင့်တယ်။ ဒါပင်မဲ့ နင်က အဲ့လိုမလုပ်ခဲ့ဘူး “

“ နင်က ဖြေရှင်းချက် မပေးဘူး၊ အရိပ်အမြွက်လည်း မပြဘဲနဲ့ အဝေးကိုပဲ ထွက်ပြေးသွားခဲ့တာလေ “

“ ထားလိုက်တော့၊ နင်က ငါ့ကိုအများကြီး စိတ်ပျက်သွားစေခဲ့တယ် “

ချန်းယမှ ဖုန်းချသွားတော့သည်။

လျူချင်းယွမ်သည် ခုံပေါ်တွင် ထိုင်နေရင်းဖြင့် အတွေးထဲတွင် အချိန်အတော်ကြာ နစ်မြုပ်သွားခဲ့သည်။

ထို့နောက်၌ သူ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ဖြေရှင်းချက်လား၊ ဟက်? အဲ့တာက ရောက်လာမှာပါ၊ သိပ်မဝေးတော့ပါဘူး …….. “

ကူရာကယ်ရာမဲ့နေသည့် ညီးတွားသံတစ်ခုသည် လေထုထဲတွင် ပဲ့တင်ထပ် ပျံသန်းနေခဲ့သည်။

All Chapters