ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား
Vol. 13 Ch. 189
ရှုကျိုးကမူ လျူချင်းယွမ်၏ ကိစ္စကို မသိပေ။
ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် သူသည် အိမ်သို့ မပြန်ဘဲ ဌာနတွင်သာ တစ်နေ့လုံးဆက်နေနေခဲ့ကာ နောက်တစ်နေ့တွင် ပြုလုပ်မည့် အစီအစဥ်ကို ဆင်ခြင်သုံးသပ်နေခဲ့သည်။
ထို့နောက်၌ နောက်တစ်နေ့ ရောက်လာမည့် အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
…
နောက်တစ်နေ့နံနက်ခင်း၌
လျူတျန်မုသည် တောင်ထိပ်ပေါ်သို့ စောစီးစွာ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် တစ်နေ့လုံး အိမ်မပြန်ခဲ့ဘဲ ဤနေရာတွင်သာ တစ်ချိန်လုံး စောင့်နေခဲ့ခြင်းဖြစ်သည်။
“ အဲ့ကလေး ရှုကျိုးက မနေ့ညက အိမ်မပြန်ခဲ့တဲ့ပုံပဲ “
လျူတျန်မုမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ သူက အစစ်အမှန် သိုင်းပညာဌာနရဲ့ သုတေသနတွေကို သွားခိုးထုတ်နေတာများလား? အဲ့ကလေးက တကယ်ကို ဇရှိတာပဲ “
၎င်းကို တွေးမိသွားသောအခါတွင် လျူတျန်မုသည် ပိုပို၍ မျှော်လင့်မိနေတော့သည်။
ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်သုတေသန ရလဒ်တွေကို တကယ်ယူလာမှာလား?
ငါက အဲ့တာကို လုယူလိုက်သင့်လား?
“ အဲ့တာက ……. အလုပ်မဖြစ်လောက်ဘူး “ လျူတျန်မု တွေးတော စဥ်းစားနေတော့သည် “ တကယ်လို့ လျူချင်းယွမ်နှင့် အစစ်အမှန် သိုင်းပညာဌာနက အဲ့လူတစ်စုက ဒီအကြောင်းကို သိသွားကြမယ်ဆိုရင်၊ သူတို့က ငါ့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး “
သူက နတ်သိုင်းဌာန၏ ကာကွယ်ပေးမှုအောက်တွင် ရှိနေမည်ဖြစ်သော်လည်း၊ လျူချင်းယွမ်၏ ရူးသွပ်မှုက မည်မျှအတိုင်းအတာအထိ ရှိနေမလဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
“ စောင့်ကြည့်ကြတာပေါ့ကွာ၊ အဲ့ကလေး ရှုကျိုးက တကယ့်ပစ္စည်းကိုတောင် မယူလာလောက်ဘူး “ လျူတျန်မု၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
၎င်းကို သူတွေးနေစဥ်တွင် ခိုးကြောင်ခိုးဝှက်လုပ်နေသည့် ပုံရိပ်တစ်ခု ပေါ်လာသည်ကို သူမြင်တွေ့သွားခဲ့သည်။
လျူယောင်တုန်သည် အထုပ်တစ်ထုပ်ကို သယ်ဆောင်ကာ၊ ဟိုကြည့်ဒီကြည့်ဖြင့် တောအုပ်ထဲသို့ သတိတကြီး ဝင်လာခဲ့သည်၊ ထို့နောက်၌ ကျောက်တုံးကြီး၏ အနောက်ဘက်တွင် ပုန်း၍ ရှုကျိုးကို စောင့်ဆိုင်းနေတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးလည်း ပေါ်လာခဲ့သည်။
ရှုကျိုးကမူ မည်သည့်အရာကိုမှ သယ်ဆောင်ထားပုံမရဘဲ တစ်ကိုယ်တည်း လမ်းလျှောက်လာခဲ့သည်။
မကြာခင်မှာပင် ရှုကျိုးနှင့် လျူယောင်တုန်တို့ တွေ့ဆုံကြတော့သည်။
လျူယောင်တုန်သည် ရှုကျိုးကို ကြည့်လာခဲ့သည် “ ပစ္စည်းက ဘယ်မှာလဲ? “
“ စိတ်မပူပါနဲ့၊ ငါယူလာခဲ့ပါတယ် “ မင်းဟာကရော? ငါ့ကိုပြဦး “
လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အထုပ်ကို ဂရုတစိုက် ဖြည်နေတော့သည်။
ဗွီ !!
ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။
ထို့နောက်၌ ပြန်၍မှိန်ဖျော့သွားခဲ့သည်။
လျူယောင်တုန်၏ လက်ထဲတွင် ဓားတိုတစ်လက်ရှိနေခဲ့ပြီး၊ ဓားသွား၌ ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။
“ ဒါက Cအဆင့်လက်နက်လား? “ ရှုကျိုးမျက်မှောင်ကြုတ်သွားတော့သည် “ အဲ့တာက သာမန်လက်နက်လိုပါပဲ “
လျူယောင်တုန်မှ စိုက်ကြည့်လာခဲ့သည် “ မင်းက ဘာသိလို့လဲ? Cအဆင့်လက်နက်တွေ ကြားထဲမှာတောင်မှ ဒီလက်နက်က သာမန်ရဲ့ အထက်အဆင့်မှာ ရှိနေတယ်လို့ ယူဆလို့ရတယ်၊ အဲ့တာရဲ့ စွမ်းအားက ကြောက်ဖို့ကောင်းတယ် “
ထိုကဲ့သို့ ပြောနေရင်းဖြင့် သူသည် ဓားတိုကို သတိတကြီးဖြင့် ကိုင်လိုက်ကာ သူ၏ချီ-သွေးစွမ်းအင်များ ဖြည့်သွင်းလိုက်သည်။
ဝှစ် !!
ချက်ချင်းဆိုသလိုပင် လေပြင်းများ တိုက်ခတ်လာခဲ့သည်။
ချီ-သွေးစွမ်းအင်များက ဓားတိုထဲသို့ ရောက်သွားသည်နှင့်အမျှ ဓားသွားသည် ပိုပို၍ တောက်ပလာခဲ့ပြီး၊ ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း ဖုံးလွှမ်းလာခဲ့သည်။
ကျယ်လောင်သည့် နှလုံးခုန်သံကဲ့သို့ပင် ရွှေရောင်ဓားမှ ကြောက်ဖွယ်ကောင်းသည့် လှိုင်းလုံးများ ထုတ်လွှင့်လာခဲ့သည်။
ဝုန်းးး ဝုန်းးး ဝုန်းးး !!
မြေပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများသည် အဆိုပါ လှိုင်းလုံးများ၏ သက်ရောက်မှုကြောင့် အဝေးသို့ လွင့်ထွက်သွားကာ တွင်းပေါက်ကြီးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
ရှုကျိုး၏ အမူအရာပြောင်းလဲသွားခဲ့ပြီး၊ အလျင်စလို ပြောလာခဲ့သည် “ ရပ် ရပ်၊ ငါမင်းကို ယုံတယ် “
ထိုအချိန်မှသာလျှင် လျူယောင်တုန်သည် ဓားတိုကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ ဖြူဖျော့နေသော မျက်နှာဖြင့် စကားပြောလာခဲ့သည် “ ငါက ပထမအဆင့်ပဲရှိသေးတယ်၊ ဒီဟာရဲ့ တကယ့်စွမ်းအားကို မထုတ်လွှတ်နိုင်ဘူး၊ တကယ်လို့ တတိယအဆင့်က လူတစ်ယောက်ကသာ ဒီဟာကို ကိုင်လိုက်မယ်ဆိုရင်တော့ တကယ်ကြီးကို ကြောက်ဖို့ကောင်းသွားမှာ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ သူ့လက်ထဲရှိ ရွှေရောင်ဓားတိုကို လှမ်းကြည့်လိုက်သည်။
အဲ့တာက အကျိုးပြုအမှတ် ထောင်နဲ့ချီပြီးတော့ တန်တဲ့ Cအဆင့်လက်နက်လား?
တကယ်ကို ကြောက်ဖို့ကောင်းတာပဲ !!
…
အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားသော အနီးအနားမှ တောင်ကုန်းပေါ်ရှိ လျူတျန်မုမှာလည်း မနေနိုင်တော့ဘဲ နှုတ်ခမ်းတသပ်သပ် ဖြစ်သွားတော့သည်။
“ တကယ့် Cအဆင့်လက်နက်ပဲ၊ အဲ့ကလေး လျူယောင်တုန်က တကယ်ကြီးကို လုပ်ရဲနေတာပဲ “
လျူတျန်မု တွေးတောနေတော့သည် “ ရှုကျိုးကရော? သူကရော တကယ့် လျှို့ဝှက်ချက်တွေကို ယူလာတာလား? “
ထိုအချိန်တွင် လျူယောင်တုန်မှ စကားဆက်ပြောလာခဲ့သည် “ ငါ့ပစ္စည်းကို ပြခဲ့ပြီးပြီ၊ မင်းဟာကရော? “
ရှုကျိုးသည် ပြန်မဖြေလိုက်ဘဲ သူ့အိတ်ကပ်ထဲရှိ ဖန်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
“ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ နောက်ဆုံးရ သုတေသနရလဒ်လား? “ လျူယောင်တုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ပေါက်ကရတွေကို တော်လိုက်တော့ “ ရှုကျိုးမှ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြန်ပြောလိုက်သည် “ ဒီဆေးရည်အတွက် ငါက ဘယ်လောက်တောင် ပေးခဲ့ရလဲဆိုတာကို မင်းသိလား? “
လျူယောင်တုန်သည် အပိုစကားများ ပြောမနေဘဲ တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် မေးလာခဲ့သည် “ မင်းဆေးရည်ရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ? “
ရှုကျိုးမှ ဂုဏ်ယူဝင့်ကြွားစွာ ပြောလာခဲ့သည် “ အဲ့တာက အချိန်တိုအတွင်းမှာပဲ ငါ့ရဲ့ ချီ-သွေးစွမ်းအားကို ၁ယူနစ်အထိ တိုးမြှင့်ပေးနိုင်တယ် “
“ အဲ့ဒီအချိန်က ဘယ်လောက်လဲ? “
“ မိနစ်ဝက်အတွင်းပေါ့ “
“မိနစ်ဝက်အတွင်းမှာ ချီ-သွေး ၁ယူနစ်အထိ တိုးပေးနိုင်တာလား? “ လျူယောင်တုန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ အဲ့တာက ဘယ်လောက်တာရှည်ခံလဲ? ဘေးထွက်ဆိုးကျိုးရှိလား? “
ရှုကျိုးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “ တိုးမြင့်လာတဲ့ ချီ-သွေးက တစ်သက်လုံး အကျိုးသက်ရောက်မှုရှိတယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူး “
“ မဖြစ်နိုင်ဘူး !! “ လျူယောင်တုန်သည် မယုံကြည်နိုင်ဖြစ်သွားခဲ့သည့်ပုံပင် “ ချီ-သွေးစွမ်းအားကို မိနစ်ဝက်အတွင်းမှာ ၁ယူနစ်အထိ တိုးမြှင့်ပေးနိုင်တာက ဘေးထွက်ဆိုးကျိုး မရှိဘူးလား? “
၁ယူနစ်ဆိုသည်မှာ အလွန်နည်းပါးသည်ဟု ထင်ရသော်လည်း၊ ၎င်းသည် အနည်းဆုံးအနေဖြင့် လူတော်တော်များ၏ ရက်ပေါင်းများစွာ လေ့ကျင့်မှုနှင့် ညီမျှပေသည်။
တောင်ကုန်းပေါ်ရှိ လျူတျန်မုမှာလည်း အထိတ်တလန့် ဖြစ်သွားခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနက အဲ့တာကို တကယ်ကြီး သုတေသနလုပ်နေတာလား?
တကယ်လို့ သူတို့ကသာ အဲ့တာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုက်မယ်ဆိုရင် …….
အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနနှစ်ခုစလုံးအတွက် ချီ-သွေးစွမ်းအား မြှင့်တင်မှုမှာ များစွာ အရေးပါနေခဲ့သည်။
သို့သော် ပထမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်၌ သွေးကြောမှတ်များကို ဖွင့်လှစ်ခြင်းကသာလျှင် ချီ-သွေးစွမ်းအားကို တိုးမြှင့်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် အတော်လေး စိတ်အေးလက်အေး ရှိနေခဲ့ပြီး၊ ချီ-သွေးစွမ်းအားကို စမ်းသပ်နိုင်သည့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
“ သေချာကြည့်ထားဦး၊ ငါ့ရဲ့ အခုလက်ရှိ ချီ-သွေးက ……….. “ သူသည် သူ၏ချီ-သွေးစွမ်းအားကို တိုင်းတာပြလိုက်သည် “ ၆၈၂ယူနစ် “
ထို့နောက်တွင် ရှုကျိုးသည် ပုလင်းကို တိုက်ရိုက်ဖွင့်လိုက်ပြီး၊ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် တင်ပျဥ်ခွေ ထိုင်ကာ စတင်၍ ကျင့်ကြံနေတော့သည်။
ဘေးနားရှိ လျူယောင်တုန်သည် မည်သည့်စကားမှ မပြောလာခဲ့ဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
သူသည်လည်း အလွန်သိချင်နေလျက်ရှိသည်၊ ရှုကျိုးက မိနစ်ဝက်အတွင်းမှာပဲ ချီ-သွေးစွမ်းအားကို ၁ယူနစ်အထိ တကယ်ကြီး တိုးမြှင့်နိုင်မှာလား?
၁၀စက္ကန့်
စက္ကန့် ၂၀
မိနစ်ဝက်ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မျက်လုံးများကိုရုတ်တရက် ဖွင့်ကာ ပြောလာခဲ့သည် “ အခု ငါ့ရဲ့ချီ-သွေးစွမ်းအားကို စမ်းသပ်ကြည့်လိုက် “
လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ့လက်ထဲမှ ပစ္စည်းကို ယူ၍ တိုင်းတာလိုက်သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည် “ ၆၈၃ယူနစ်လား? “
သူမှင်သက်သွားတော့သည်။
ဤတစ်ကြိမ်တွင် သူသည် သရုပ်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် အံ့ဩတုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။
မိနစ်ဝက်အတွင်းမှာပဲ ချီ-သွေးစွမ်းအား ၁ယူနစ်တိုးတက်လာခဲ့တာလား?
ဒီကောင်က အစစ်အမှန် သိုင်းပညာဌာနရဲ့ တကယ့်လျှို့ဝှက်ချက်တွေကို ယူလာတာလားဟ?