အကျိုးပြုအမှတ်များအတွက် ကြံစည်ခြင်း ၂
Vol. 13 Ch. 182
အမြဲလိုလို ပစ်မှတ်ထားခံနေခဲ့ရပြီး၊ ပြန်မတိုက်ခိုက်ခြင်းသည် ရှုကျိုး၏ ပုံစံ မဟုတ်ပေ။
သို့သော် ယခုလက်ရှိ အချိန်၌ သူသည် တတိယအဆင့်နှင့် အတော်လှမ်းနေသေးစဲဖြစ်သည်၊ အကယ်၍ သူကသာ လျူတျန်မု ခံစားသွားရအောင် ပြုလုပ်ချင်သည်ဆိုပါက ခွန်အားချည်းသပ်သပ်ဖြင့် အလုပ်ဖြစ်မည် မဟုတ်ပေ။
ရှုကျိုးသည် လျူယောင်တုန်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည် “ လျူတျန်မုက သူလိမ်သွားတဲ့ ငါးသန်းကို ပြန်မပေးသေးဘူးမလား? “
“ ဟုတ်တယ် “ လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ မင်းက အဲ့ဒီငါးသန်းကို လျူတျန်မုဆီက ပြန်လိုချင်လား? “
လျူယောင်တုန် အံ့အားသင့်သွားခဲ့ကာ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ ဒါပေါ့ “
“ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ် “ ရှုကျိုးမှ ပြောလာခဲ့သည်။
လျူယောင်တုန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ မင်းက ဘာကိုဆိုလိုတာလဲ? “
“ ငါ့နေရာမှာ ဘာလို့ အရင်မဆွေးနွေးကြည့်ရတာလဲ? “ ရှုကျိုးသည် ပတ်ဝန်းကျင်ကို သတိတကြီးဖြင့် လှည့်ကြည့်ကာ အဆိုပြုလာခဲ့သည်။
“ ကောင်းပြီလေ “ လျူယောင်တုန်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် စံအိမ်နံပါတ် ၅၃သို့ သူ့ကို ခေါ်သွားတော့သည်။
စံအိမ်နံပါတ် ၅၃အတွင်း၌
“ ညိုကီ၊ ခုနတုန်းက စကားက ဘာကိုပြောချင်တာလဲ? “ လျူယောင်တုန်သည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ငါက အဲ့ဒီငါးသန်းကို ဘယ်လိုပြန်ရနိုင်မှာလဲ? “
“ မလောပါနဲ့ “ ရှုကျိုးသည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါပြောတာကို နားထောင်ပါဦး “
“ မြန်မြန်လုပ် ငါ့ကိုပြော “ လျူယောင်တုန်သည် အလောတကြီး တိုက်တွန်းနှိုးဆော်လာခဲ့သည်။
သူသည် လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦး ဖြစ်သော်လည်း၊ သူ၏မိဘနှစ်ပါးကပင် သူ့အား အရင်းအမြစ်များစွာ ထောက်ပံ့မပေးခဲ့ချေ။
မိသားစုပိုကြီးလေလေ၊ အတွင်းပိုင်း ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လေလေပင် ဖြစ်သည်။
သူတို့သည် ကလေးဘဝကတည်းက ပြိုင်ဆိုင်နေခဲ့ရပြီး၊ အမျိုးမျိုးသော အရင်းအမြစ်များအတွက် တိုက်ခိုက်၍ ရယူခဲ့ရသည်။
ထို့ကြောင့်သာလျှင် လျူတျန်မုမှ သူ၏ငွေငါးသန်းကို လိမ်သွားခဲ့သောအခါတွင် သူသည် ၎င်းကို မမေ့ပျောက်နိုင်ဖြစ်နေခဲ့ခြင်းဖြစ်သည်။
ပထမအဆင့် သိုင်းပညာရှင်တစ်ဦးအတွက် ငွေငါးသန်းဆိုသည်မှာ အချိန်အတော်ကြာ လေ့ကျင့်ရန်အတွက် လုံလောက်ပေသည်။
ရှုကျိုးကမူ ချွင်းချက်တစ်ခုဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ လျူတျန်မုက ငါ့ကို သွေးကြောမှတ် ၁၄၀ကျော်ဖွင့်ထားတဲ့ အဲ့ဒီပါရမီရှင်တွေနဲ့ တိုက်စေချင်နေတာမလား? တစ်ချိန်တည်းမှာပဲ မင်းရဲ့ဝမ်းကွဲကလည်း ငါ့ကို စိန်ခေါ်ချင်နေတယ်လေ။ သူ့ကို လာခိုင်းလိုက်၊ ငါက သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံမယ် “
ရှုကျိုးသည် လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ ငါက မင်းရဲ့ ဝမ်းကွဲနဲ့ သီးသန့်တိုက်ခိုက်မယ်။ လျူတျန်မုက အဲ့အကြောင်းကို သိသွားအောင် မင်းက နည်းလမ်းတစ်ခုရှာပြီးတော့ သူလောင်းကစားလုပ်လာအောင် လုပ်လိုက်? မင်းဘယ်လိုထင်လဲ? “
အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးသည် သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် အဆိုပါပါရမီရှင်များနှင့် တိုက်ခိုက်ချင်နေသည်မှာ အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
ဆုကြေးဖြစ်သည့် အကျိုးပြုအမှတ်များကြောင့်သာလျှင် မဟုတ်ဘဲ နတ်သိုင်းဌာန၏ သွေးကြောမှတ် ၁၄၀ကျော်ဖွင့်ထားသည့် ပါရမီရှင်များက မည်မျှ အစွမ်းထက်လဲဆိုသည်ကို သိချင်နေသောကြောင့်လည်း ဖြစ်သည်။
သို့သော် ရှုကျိုးသည် အဓိပ္ပါယ်မရှိသော တိုက်ပွဲများကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူသာ တိုက်ခိုက်မည်ဆိုပါက ရန်သူ့ကို တိုက်ပွဲထဲသို့ ဆွဲသွင်းခြင်းကသာလျှင် အကောင်းဆုံးဖြစ်နေမည် ဖြစ်သည်။
“ လောင်းကစားလား? “
လျူယောင်တုန်၏ မျက်လုံးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့ကာ၊ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်၊ သို့သော် မကြာခင်မှာပင် သူသည် ခေါင်းခါပြ၍ ပြောလာခဲ့သည် “ လျူတျန်မုက ပထမအဆင့်တွေရဲ့ တိုက်ပွဲကို စိတ်မဝင်စားလောက်ဘူး၊ လောင်းကစားဆိုရင်တော့ ပြောမနေနဲ့တော့ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် လီတျယ်လုပ်သည့်အတိုင်း ပုံတူကူးချင်ခဲ့သည်၊ သို့သော် လျူယောင်တုန် ပြောလာခဲ့သည့်အတိုင်းပင် လျူတျန်မုမှာ ထိုကဲ့သို့သော တိုက်ပွဲမျိုးကို စိတ်ဝင်စားနေလိမ့်မည် မဟုတ်ပေ။
“ တကယ်တော့ မင်းက ဒီလိုလုပ်လိုက်လို့ရတယ် “
လျူယောင်တုန်မှ ရုတ်တရက် ပြောလာခဲ့သည် “ ငါ့အစ်ကိုနဲ့ တိုက်နေတုန်းမှာ လျူတျန်မုကို ဆွဲဆောင်ဖို့အတွက် တစ်ခုခု ပြပြီးတော့ ငါတို့နဲ့ အကျိုးပြုအမှတ်တွေ လာလဲဖို့အတွက် သူ့ကိုခွင့်ပြုပေးရမယ် “
“ ဒါပေါ့ အဲ့ပစ္စည်းတွေက အတုဖြစ်နေမှ ရမယ် “
“ ဒါပင်မဲ့ လျူတျန်မုကို ဆွဲဆောင်ဖို့အတွက် အစစ်နဲ့ ချွပ်စွတ်တူနေဖို့တော့ လိုအပ်တယ်။ တကယ်လို့ သူက အတုလို့သိသွားတဲ့အချိန်လောက်ဆိုရင်တော့ တော်တော်လေးနောက်ကျသွားလောက်ပြီ “
ရှုကျိုးမှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ လျူတျန်မုကို ဆွဲဆောင်ဖို့အတွက် ငါတို့က ပစ္စည်းအတုတွေသုံးမယ်လို့ ပြောနေတာလား? “
“ အဲ့တာက မဖြစ်နိုင်လောက်ဘူးနော်။ လျူတျန်မု မျက်စိကျမဲ့ဟာမျိုးဆိုတာက တော်တော်လေးကို တန်ဖိုးရှိလောက်တယ်၊ ငါတို့က အဲ့တာကို ဘယ်လိုလုပ် ရနိုင်မှာလဲ? “
“ တကယ်လို့ ငါတို့က အဲ့တာကို ပြလိုက်မယ်ဆိုရင်တောင်မှ သူကငါတို့ကို ယုံမှာမဟုတ်လောက်ဘူး “
ရှုကျိုးသည် သူ၏ခေါင်းကို အသာအယာခါယမ်းနေတော့သည်၊ ပစ္စည်းအတု ရှိနေမည်ဆိုလျှင်တောင်မှ တစ်ဖက်လူမှ ယုံကြည်ရန် လိုအပ်နေသေးသည်။
သူတို့အားလုံးသည် ပထမအဆင့် ပညာရှင်များ ဖြစ်ကြသောကြောင့် တတိယအဆင့် ပညာရှင်တစ်ဦးကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုကို ရရှိရန်မှာ အလွန်ခဲယဥ်းလှပေသည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးမှ ရုတ်တရက် မေးမြန်းလိုက်သည် “ မင်းရဲ့ ဝမ်းကွဲကျန်းချွမ်ဆီမှာ ပစ္စည်းကောင်းလေးတွေ မရှိဘူးလား? “
“ ငါ့ရဲ့ ဝမ်းကွဲ …….. “ လျူယောင်တုန်သည် တစ်ခဏခန့် အတွေးနက်ခဲ့ကာ ရုတ်တရက် ကြက်သီးထသွားခဲ့ပြီး၊ အမြန်ပြောလာခဲ့သည် “ သူ့ဆီမှာ ပစ္စည်းကောင်းလေးတွေ ရှိတယ် “
ရှုကျိုး၏ မျက်ခုံးများမြင့်တက်သွားခဲ့သည် “ ဘာတွေလဲ? “
“ သူ့ဆီမှာ Cအဆင့် လက်နက်တစ်ခုရှိတယ်၊ အဲ့တာက သွေးကြောမှတ် ၁၅၀ကျော်ကို ဖွင့်နိုင်ခဲ့တဲ့အနေနဲ့ သူ့အဘိုးက သူ့ကို လက်ဆောင်ပေးခဲ့တာ “
လျူယောင်တုန်မှ အားကျစိတ်များဖြင့် ပြောပြလာခဲ့သည် “ Cအဆင့် လက်နက်က တတိယအဆင့် ပညာရှင်တွေဆီမှာတောင် မရှိကြဘူး၊ လျူတျန်မုအတွက်တော့ အဲ့တာက တော်တော်လေးကို ဆွဲဆောင်မှုရှိနေလောက်မယ် “
ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
Cအဆင့် လက်နက်လား?
ယခုလက်ရှိ အချိန်အထိ သူသည် Eအဆင့် လက်နက်များကိုသာ အသုံးပြုခဲ့ရသည်။
ယခုလက်ရှိ သူအသုံးပြုနေသည့်လက်နက်ကား အကျိုးအမှတ် ၁၀၀တန်သည့် Eအဆင့် ၅၀၀အမျိုးအစား ထန်ဓားဖြစ်သည်။
အပြင်ဘက်တွင် ရောင်းချလိုက်မည်ဆိုပါက ၎င်းသည် ယွမ်သန်းအနည်းငယ်မျှ တန်နေမည်ဖြစ်သည်။
Dအဆင့် လက်နက်များကမူ ပို၍ ဈေးမြင့်နေလိမ့်မည် ဖြစ်သည်။ Cအဆင့် လက်နက်သာဆိုပါက မထင်မှတ်ထားလောက်သည်အထိ ဈေးမြောက်နေမည်မှာ သေချာလှပေသည်။
အဲ့ဒီ ကျန်းချွမ်ဆိုတဲ့ လူက ပထမအဆင့် အထွတ်အထိပ်မှာပဲ အဲ့လိုလက်နက်မျိုးကို ပိုင်ဆိုင်နေပြီလားဟ?
ထိုအချိန်တွင် ရှုကျိုးသည် သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် အဆိုပါပါရမီရှင်များက နတ်သိုင်းဌာနမှ ပေးသည့် အကျိုးပြုအမှတ် ၁၀၀အား မည်သည့်အတွက်ကြောင့် ဂရုမစိုက်ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။
အဲ့ကောင်တွေက အာကေလေးတွေ ဖြစ်နေတာကိုး !!
( Rk = rich kids၊ မသိတဲ့ လူတွေပါနေမှာစိုးလို့ပါ၊ လူချမ်းသာမိသားစုမှာ မွေးတဲ့ကလေးတွေကို ပြောတာပါ )
“ ဒါပင်မဲ့ “ လျူယောင်တုန်မှ ဆက်ပြောလာခဲ့သည် “ အဲ့လက်နက်က တန်ဖိုးရှိနေတယ်ဆိုရင်တောင်မှ၊ အဲ့ဒီ လက်နက်က ငါ့ဝမ်းကွဲရဲ့ဟာဆိုတာကို လျူတျန်မုက သိနေလောက်တယ်၊ ငါတို့က အဲ့ပစ္စည်းကို သုံးလို့ မရလောက်ဘူး “
“ တကယ်လို့ လောင်းကြေးအဖြစ် သုံးမယ်ဆိုရင်ကော? “ ရှုကျိုးမှ ရုတ်တရက် မေးမြန်းလိုက်သည်။
“ ဟမ်? “
လျူယောင်တုန် မှင်သက်သွားခဲ့သည် ” မင်းက ဘာပြောချင်တာလဲ? “
“ ငါက စိန်ခေါ်မှုတွေကို ရှောင်ရှားနေတာလေ၊ တကယ်လို့ မင်းရဲ့ ဝမ်းကွဲက အဲ့ပစ္စည်းကို လောင်းကြေးအဖြစ် သုံးလာခဲ့မယ်ဆိုရင်ကော? “
“ တိုက်ပွဲ ဖြစ်သွားပြီလေ “
ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါက မင်းရဲ့ ဝမ်းကွဲကို အနိုင်ရပြီးသွားရင် သူ့ကို ပုံစံတူ ပစ္စည်းထုတ်ခိုင်းပြီးတော့ လျူတျန်မုက ငါ့ဆီရောက်လာဖို့အတွက် နည်းလမ်းတစ်ခုရှာလိုက်လေ။ ဘယ်လိုလဲ? “
လျူယောင်တုန် မိန်းမောသွားတော့သည်၊ ဒီလူက ဉာဏ်ကြီးရှင်ပဲဟ !!
သို့သော် မကြာခင်မှာပင် သူသည် သူ၏ဦးခေါင်းကို ခါရမ်း၍ ပြောလိုက်သည် “ အားနည်းချက် ရှိနေသေးတယ်။ လျူတျန်မုရဲ့ အမြင်အရဆိုရင် ငါ့ရဲ့ ဝမ်းကွဲက အဲ့လက်နက်ကို လောင်းကြေးအဖြစ်သုံးမှာ မဟုတ်လောက်ဘူး “
( လျူတျန်မုက ကျန်းချွမ်ကို သိနေတယ်ဆိုတဲ့ သဘောပေါ့ဗျာ )
“ အဲ့ဒီ Cအဆင့် လက်နက်က တန်ဖိုးမဖြတ်နိုင်ဘူး “
“ သူက အဲ့လက်နက်ကို တော်တော်လေး တန်ဖိုးထားတယ်၊ ပြီးတော့ အဲ့တာကို အိမ်မှာပဲ သိမ်းထားတာ။ သူကိုယ်တိုင်အတွက်တောင် မသုံးတဲ့ဟာကို၊ လောင်းကြေးအနေနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့ “
“ ပြီးတော့ အကြီးဆုံး ပြဿနာက တကယ်လို့ မင်းက ငါ့ရဲ့ဝမ်းကွဲကို နိုင်သွားမယ်ဆိုရင်၊ အဲ့တာက နည်းနည်းလေး ယုတ္တိမရှိဘူး၊ အစကတည်းက လိမ်နေသလိုကြီး ဖြစ်နေမှာပေါ့ “
ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည် “ မင်းက ဘာစကားပြောတာလဲ? “
ငါက အနိုင်မရနိုင်ဘူးလို့ တကယ်ကြီး ထင်နေတာလား?
သို့သော် တစ်ဖက်လူမှ ပြောလာခဲ့သော စကားများသည် ကျိုးကြောင်းစီလျော်နေခဲ့သည်။
အဆိုပါ အစီအစဥ်က ဖြစ်နိုင်သည်ဟု ယူဆရသော်လည်း ဂရုတစိုက် ဆင်ခြင်သုံးသပ်လိုက်မည်ဆိုပါက ယုတ္တိမဲ့သော ယိုပေါက်အများအပြား ရှိနေသည်ကို မြင်တွေ့လာရမည် ဖြစ်သည်။