အကျိုးပြုအမှတ်များအတွက် ကြံစည်ခြင်း ၃
Vol. 13 Ch. 183
ထို့အပြင် လျူတျန်မုမှာ ထိုမျှလောက် မတုံးသည့်အတွက် ငါးစာကို အလွယ်တကူ လာဟပ်မည် မဟုတ်ပေ။
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်၊ ထို့နောက်တွင် ရုတ်တရက် စကားပြောလာခဲ့သည် “ တကယ်လို့ ငါက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို ငါးစာအဖြစ် သုံးမယ်ဆိုရင်ရော? “
“ မင်းဝမ်းကွဲရဲ့ ခွင့်ပြုချက်ကို ဘာလုပ်ဖို့ တောင်းနေတော့မှာလဲ? မင်းနဲ့ ငါပဲ လောင်းလိုက်ကြတာပေါ့ “
“ မင်းရဲ့ ဝမ်းကွဲနဲ့ငါက တိုက်ပွဲတစ်ခု စီစဥ်နေတယ်ဆိုတာကို လျူတျန်မု သိသွားအောင် နည်းလမ်းတစ်ခုရှာလိုက်၊ ပြီးတော့ ငါက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို လောင်းကြေးအဖြစ် သုံးမယ်။ တကယ်လို့ ငါရှုံးသွားရင် မင်းကို အစစ်အမှန် သိုင်းပညာဌာနရဲ့ သုတေသန အချက်အလက်တွေ ပေးမယ်။ ဒါပေါ့ အဲ့တာက လျူတျန်မုကို ဆွဲဆောင်မဲ့ အချက်အလက်အတုတွေပါပဲ “
တစ်ဘက်ရှိ လျူယောင်တုန်ကမူ လုံးဝအံ့ဩတုန်လှုပ်သွားခဲ့သည်။
ငါနားကြားမှားသွားတာတော့ မဟုတ်ဘူးမလား?
ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို လောင်းကြေးအဖြစ် တကယ်ကြီး သုံးချင်နေတာလားဟ?
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကဲ့သို့သော နေရာမျိုးမှာပင် အစစ်အမှန် သိုင်းပညာဌာနသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ဖြစ်နေခဲ့သည်။
အထူးသဖြင့် ပြည်သူလူထုထံသို့ ချမပြခဲ့သည့် တစ်ချို့သော သုတေသနဆိုင်ရာ အချက်အလက်များဖြစ်ပြီး၊ နတ်သိုင်းဌာနကပင် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
နတ်သိုင်းဌာနသည် အစစ်အမှန် သိုင်းပညာဌာန၏ အဆိုပါ လျှို့ဝှက်ချက်များကို အလွန် စိတ်ဝင်တစားရှိနေခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနက အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်းနေရသည့် အကြောင်းအရင်းသည် ပါဖက်စနစ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် ဖြစ်သည်။
၎င်းတို့ထဲတွင် သုတေသနဆိုင်ရာ လျှို့ဝှက်ချက်များ ပါဝင်နေခဲ့သည်။
လျူယောင်တုန်မှ ခေါင်းတခါခါဖြင့် ပြောလာခဲ့သည် “ မဟုတ်ဘူး၊ မင်းက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို သုံးချင်တယ်ဆိုတာ သေချာရဲ့လား? “
“ အချက်အလက်အတုတွေလေ “ ရှုကျိုးသည် သူ့ကို ကြည့်ကာ ဆွံ့အသွားတော့သည် “ ငါက သစ္စာဖောက်တစ်ယောက်လို့ ထင်နေတာလား? “
“ မဟုတ်ပါဘူး “ လျူယောင်တုန်သည် သူ၏ခေါင်းကို ခါရမ်း၍ ပြောလာခဲ့သည် “ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို လောင်းကြေးအဖြစ်သုံးတာက တော်တော်လေးကို အန္တရာယ်များတယ် မဟုတ်ဘူးလား? “
“ တကယ်လို့ ဒီစကားတွေ ပြန့်သွားမယ်ဆိုရင် ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီး ဖြစ်သွားမှာနော် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ တလေးတနက် ပြောလာခဲ့သည် “ အဲ့တာကြောင့် တိုက်ပွဲကို သီးသန့်ပဲ လုပ်သင့်တာပေါ့၊ သိတဲ့လူနည်းလေလေ ပိုကောင်းလေလေပဲ “
“ ငါတို့က လျူတျန်မု ရောက်လာအောင် လုပ်ဖို့အတွက် နည်းလမ်းတစ်ခု စဥ်းစားရဦးမယ် “
“ အဲ့ကောင်က အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကိုတော့ တော်တော်လေး စိတ်ဝင်စားနေသင့်တယ်လေ၊ ဟုတ်တယ်မလား? “
လျူယောင်တုန်မှ အမြန်ခေါင်းငြိမ့်ပြလာခဲ့သည် “ သေချာတာပေါ့ “
သူသည် အစစ်အမှန် သိုင်းပညာဌာနမှ လူမဟုတ်သော်လည်း အဆိုပါ လျှို့ဝှက်ချက်များက မည်မျှတန်ဖိုးရှိနေမလဲဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
လျူတျန်မုသည် သေချာပေါက် အဆွဲဆောင်ခံလိုက်ရမည် ဖြစ်သည်။
“ အစ်အမှန်သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေကို လောင်းကြေးအဖြစ် သုံးပြီးတော့၊ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင်၊ ငါတို့က လျူတျန်မုဆီကနေ အမှတ်သောင်းနဲ့ချီပြီး လိမ်လို့ရပြီ “
လျူတျန်မုထံတွင် ငွေထိုမျှလောက် ရှိမနေဘူးဆိုသည်မှာ သေချာလှပေသည်။
သို့သော် အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များဟူသည့် အရာမျိုးနှင့် ရင်ဆိုင်နေရသောအခါတွင် သူသည် နေရာအနှံ့လျှောက်သွား၍ ငွေရှာရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။
၎င်းကိုတွေးမိသွားသောအခါတွင် လျူယောင်တုန်သည် အနည်းငယ်မျှ စိတ်လှုပ်ရှားလာခဲ့သည်။
အရိုးသားဆုံးပြောရမည်ဆိုပါက ရှုကျိုးမှ ပထမဦးဆုံးအကြိမ်အဖြစ် အဆိုပါအစီအစဥ်ကို ထုတ်ပြောလာခဲ့သည့် အချိန်တွင် သူသည် ၎င်းကို များစွာမယုံကြည်ခဲ့ပေ။
သို့သော် ယခုတွင်ကား အလားအလာကောင်းများ အမှန်တကယ်ရှိနေသည်ဟု သူစတင်၍ ခံစားနေခဲ့ရပြီ ဖြစ်သည်။
Cအဆင့် လက်နက်နှင့် အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များကို လောင်းကြေးအဖြစ် အသုံးပြုမည်ဆိုပါက ….. တတိယအဆင့် ပညာရှင်ကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်သည် !!
အဆိုပါ အကြံအစည်ကသာ အောင်မြင်သွားမည်ဆိုပါက အမှတ် သောင်းနှင့်ချီ၍ ရရှိလာလိမ့်မည် ဖြစ်သည်။
အကယ်၍ သူတို့ကသာ အနည်းငယ်မျှ အားပိုစိုက်၍ အဆိုပါ အချက်အလက်အားလုံးကို အစစ်အတိုင်းဖြစ်အောင် ပြုလုပ်၍ မြင့်မားသော ဈေးနှုန်းတစ်ခုဖြင့် ရောင်းချလိုက်မည်ဆိုပါက သူတို့သည် ပို၍ပင် ကလိမ်ကျနိုင်ကြမည် ဖြစ်သည်။
လျူယောင်တုန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်သွားခဲ့သည်။
“ ညိုကီ၊ မင်းက တကယ့်ကို ငါ့ရဲ့ အစ်ကိုကြီးပဲ “
“ စိတ်လှုပ်ရှားမနေနဲ့ဦး “ ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ အသေးစိတ်ဆွေးနွေးဖို့ လိုအပ်တဲ့ဟာတွေ အများကြီး ရှိနေသေးတယ်။ ငါတို့က ယိုပေါက်တစ်ခုမှ မရှိအောင် လုပ်ရမယ်၊ တကယ်လို့ ကျရှုံးသွားခဲ့မယ်ဆိုရင် လျူတျန်မုက သတိဝင်သွားလိမ့်မယ်၊ ငါတို့က နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ရတော့မှာ မဟုတ်ဘူး “
လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ချိန်ညှိနေတော့သည်။
ရှုကျိုး၏ ပြောစကားများမှာ မှန်ကန်နေခဲ့သည်၊ အနိမ့်ဆုံးအနေဖြင့် သူတို့သည် လျူတျန်မုက သံသယဝင်မသွားစေရန် သေချာအောင် ပြုလုပ်ရမည် ဖြစ်သည်။
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ ဗျုဟာများ စတင်၍ ချမှတ်နေတော့သည် “ ပထမဦးဆုံးအနေနဲ့ မင်းရဲ့ဝမ်းကွဲနဲ့ တိုက်ခိုက်ဖို့အတွက် ငါ့အတွက် အကြောင်းပြချက်တစ်ခု အရင် ရှာရမယ်။ မင်းလက်မောင်း ပြတ်သွားတဲ့အတွက် လက်စားချေတာမျိုးလိုဟာမျိုးပေါ့၊ ငါ့ကိုကိုင်တွယ်ဖို့အတွက် သူ့ကို အသုံးချ ………. “
နောက်ထပ် တစ်နာရီကျော်ကြာသည်အထိ ရှုကျိုးနှင့် လျူယောင်တုန်တို့ ဆက်လက်၍ ဆွေးနွေးနေခဲ့ကြသည်။
အစီအစဥ်သည် တဖြည်းဖြည်း ပုံပေါ်လာခဲ့ပြီဖြစ်သည်။
…
တစ်နာရီကျော်ကြာခဲ့ပြီးသည့်နောက်၌
လျူယောင်တုန်သည် မတ်တပ်ထရပ်ကာ တလေးတနက် ပြောလာခဲ့သည် “ ညိုကီ၊ ငါသွားတော့မယ်၊ ငါက ကောင်းကောင်းကြီး ပြင်ဆင်ထားရမယ် “
စကားပြောခဲ့ပြီးသည့်နောက်တွင် သူသည် အမြန်လှည့်ထွက်သွားတော့သည်။
လျူယောင်တုန် ထွက်သွားသည့်နောက်၌
ရှုကျိုးသည် မျှော်လင့်နေသော အကြည့်တို့ဖြင့် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
အစီအစဥ်မှာ အပြီးသတ်လုနီးပါး ဖြစ်နေခဲ့သော်လည်း၊ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းတို့မှာ နောက်ဆက်ဖြစ်လာမည့် ကိစ္စအပေါ်တွင် မူတည်နေခဲ့သည်။
“ တကယ်လို့ အလုပ်ဖြစ်သွားမယ်ဆိုရင် …….. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည် “ ငါက အမြတ်ကြီးကြီး ရလာလိမ့်မယ် “
မည်သည့်ရလဒ်ပင် ထွက်ပေါ်လာခဲ့ပါစေ သူသည် မည်သည့်အရာမှ ဆုံးရှုံးသွားရလိမ့်မည် မဟုတ်ပေ။
အများဆုံးအနေဖြင့် လျူတျန်မု၏ မုန်းတီးခြင်းကို ပိုခံလိုက်ရရုံသာလျှင် ဖြစ်သည်။
သို့သော် သူနှင့် လျူတျန်မုတို့သည် ရေနှင့်မီးတို့ကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်သောကြောင့် ရန်ငြှိုးများ ပိုတိုးလာမည်ဆိုလျှင်တောင်မှ ထူးဆန်းနေလိမ့်မည် မဟုတ်ပေ။
“ အစီအစဥ်ကို နည်းနည်းလောက် အချောသပ်ကြည့်တာပေါ့ကွာ “
မကြာခင်မှာပင် ရှုကျိုးသည် စိတ်တည်ငြိမ်သွားခဲ့ပြီး ရှုထောင့်ပေါင်းစုံမှ သုံးသပ်ကြည့်ရှုကာ အစီအစဥ်ကို ပြုပြင်မွမ်းမံနေတော့သည်။
လျူတျန်မုကဲ့သို့သော တတိယအတင့် ပညာရှင်တစ်ဦးကို ဆွဲဆောင်ခြင်းမှာ ပေါ့ပေါ့တန်တန် လုပ်ဆောင်သင့်သော ကိစ္စတစ်ခု မဟုတ်ပေ။
ထို့အပြင် အကျိုးပြုအမှတ်ပေါင်းများစွာနှင့် သက်ဆိုင်နေသောကြောင့် ရှုကျိုးသည် အနည်းငယ်ပို၍ သတိထားနေခဲ့သည်။
…
ရှုကျိုးမှ အစီအစဥ်ကို ပြုပြင်မွမ်းမံနေသည့် အချိန်တွင်
နတ်သိုင်းဌာနရှိ စံအိမ်တစ်ခုအတွင်း၌
လျူယောင်တုန်၏ အရှေ့တွင် အပြာရောင် ဝတ်စုံနှင့် လူငယ်တစ်ဦး ထိုင်နေလျက်ရှိသည်။
အပြာရောင်ဝတ်စုံနှင့် လူငယ်သည် မျက်လုံးများကို မှိတ်ထားကာ တရားထိုင်နေသည့်ပုံပင်။
ထိုအချိန်တွင် လျူယောင်တုန်သည် သူ့ရှေ့ရှိ စားပွဲခုံကို ရိုက်ချကာ စကားပြောလာခဲ့သည် “ အစ်ကို၊ မင်းက နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေတုန်းပဲလား? ရှုကျိုးက မင်းရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီလို့ ငါပြောနေတာလေ “
အပြာရောင်ဝတ်စုံနှင့် လူငယ်သည် စိတ်ပျက်လက်ပျက်ဖြစ်နေသော အကြည့်ဖြင့် မျက်လုံးများကို ဖွင့်ကာ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ငါက သူ့ကို စိတ်မဝင်စားတော့ဘူး၊ သူက ပထမအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီမှ ငါ့ဆီရောက်လာပါစေလေ “
“ အစ်ကို !! ဝမ်းကွဲ “
လျူယောင်တုန်မှ အလျင်စလို တိုက်တွန်းပြောဆိုလိုက်သည် “ ငါ့ဆီမှာ အကျိုးပြုအမှတ် သောင်းနဲ့ချီပြီးတော့ ရနိုင်တဲ့ စီးပွားရေးကိစ္စတစ်ခုရှိတယ်၊ မင်းပါမှာလား မပါဘူးလား? “
“ လျူယောင်တုန် “ ကျန်းချွမ်မှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ငါ့ကို စိတ်ရှုပ်အောင် ထပ်လုပ်နေမယ်ဆိုရင် ငါမင်းကို ရိုက်မှာနော် “
“ … “
လျူယောင်တုန်၏ အမူအရာ မည်းမှောင်သွားတော့သည် “ အစ်ကို၊ ငါက နောက်နေတာမဟုတ်ဘူး၊ အတည်ပြောနေတာနော် “
ထို့နောက်တွင် သူသည် ဆက်၍ ပြောပြနေတော့သည် “ ငါက ရှုကျိုးနဲ့ လောင်းကစားတစ်ခုလုပ်ဖို့အတွက် ဆွေးနွေးခဲ့တယ်၊ ငါက မင်းရဲ့ Cအဆင့် လက်နက်ကို လောင်းကြေးအဖြစ် သုံးခဲ့တယ်၊ တကယ်လို့ ငါနိုင်ခဲ့တယ်ဆို ……….. “
သူ့စကားမဆုံးခင် အချိန်မှာပင် အရှေ့ဘက်ရှိ ကျန်းချွမ်က ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူမြင်တွေ့လိုက်ရသည်။
ဝှစ် !!!
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လက်တစ်ဘက်သည် လျူယောင်တုန်၏ နားရွက်ကို တင်းတင်းကြပ်ကြပ် လိမ်ဆွဲလာခဲ့သည်။
“ မင်းက ငါ့ရဲ့ စိတ်စွမ်းအား လက်နက်ကို လောင်းကြေးအဖြစ် သုံးလိုက်တယ်ပေါ့လေ? “
ကျန်းချွမ်သည် နီရဲနေသော မျက်နှာ၊ ခြောက်ခြားဖွယ်ကောင်းသော အသံတို့ဖြင့် ပြောလာခဲ့သည်။
“ အစ်ကို၊ ငါမှားပါတယ်၊ နာတယ်ကွ !! “
လျူယောင်တုန်သည် နာကျင်မှုများကြောင့် အော်ဟစ်လာခဲ့သည်။
ကျန်းချွမ်မှ လွှတ်ပေးလာခဲ့သည့် အချိန်မှသာလျှင် လျူယောင်တုန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ မင်းက ငါ့ကို နည်းနည်းလောက် လေးစားပေးလို့မရဘူးလား? ငါက ကလေးမဟုတ်တော့ဘူးလေ “
ဤဝမ်းကွဲသည် သူ့ထပ် တစ်နှစ်မျှသာ အသက်ကြီးခြင်းဖြစ်သော်လည်း၊ သူသည် ကလေးဘဝကတည်းက ထူးထူးခြားခြား အေးစက်နေခဲ့သည်။
သို့သော် ကျန်းချွမ်သည် မျိုးဆက်များ ကွာခြားနေသကဲ့သို့ သူ့ကို ဖိနှိပ်ထားပြီး၊ အကြီးအကဲတစ်ဦးကဲ့သို့ ပြုမူလုပ်ဆောင်နေသည်မှာ အတော်အတန်ကြာနေခဲ့ပြီ ဖြစ်သည်။
ကျန်းချွမ်မှ အေးအေးလူလူ ဆက်ပြောလာခဲ့သည် “ အဲ့ဒီရှုကျိုးက တကယ်ကို သတ္တိကောင်းနေတာပဲ၊ ငါ့ရဲ့ စိတ်စွမ်းအားလက်နက် အပေါ်ကိုတောင် မျက်စိကျရဲနေတယ်ပေါ့? အဲ့ဒီသတ္တိတွေကို သူ့ကို ဘယ်သူကပေးလိုက်တာလဲ? “
“ အစ်ကို၊ ငါပြောတာကို နားထောင်ဦး “
လျူယောင်တုန်မှ အမြန်ပြောပြလိုက်သည် “ မင်းရဲ့ စိတ်စွမ်းအားလက်နက်ကို လောင်းကြေးအဖြစ် တကယ်ကြီး သုံးမှာ မဟုတ်ဘူး၊ တကယ်လို့ မင်းက ရှုံးသွားမယ်ဆိုရင်တောင်မှ ပစ္စည်းအစစ်ကို ပေးစရာမလိုဘူး “
“ ငါရှုံးမယ်လို့ မင်းက ထင်နေတာလား? “ ကျန်းချွမ်သည် တည်ငြိမ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လာခဲ့သည်။
“ ဒါပေါ့၊ မင်းက ရှုံးမှာ မဟုတ်ဘူးလေ “ လျူယောင်တုန်မှ ရဲဝံ့စွာ ပြောဆိုနေတော့သည် “ ငါ့စကားကို ဆုံးအောင် နားထောင်စမ်းပါဦး၊ အဲ့တာက အဓိကကိစ္စ မဟုတ်ဘူး “
ကျန်းချွမ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဆက်ပြော “
လျူယောင်တုန်မှ ဆက်ပြောပြနေတော့သည် “ ရှုကျိုးနဲ့ ငါက တိုက်ပွဲတစ်ခုကို ဗန်းပြပြီးတော့ လျူတျန်မုကို ပေါင်းလိမ်ဖို့အတွက် အစီအစဥ်ဆွဲထားတယ် “
“ ငါတို့ရဲ့ လောင်းကြေးက မင်းရဲ့ စိတ်စွမ်းအားလက်နက်ပဲ၊ ရှုကျိုးရဲ့ လောင်းကြေးကတော့ အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေပဲ၊ အဲ့လိုဆိုရင် လျူတျန်မုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ် “
“ လောင်းကြေးနှစ်ခုလုံးက အတုတွေချည်းပဲ၊ အဲ့တာက လျူတျန်မုက ငါတို့ရဲ့ လောင်းကြေးတွေကို ဝယ်ချင်လာအောင် ဆွဲဆောင်ဖို့အတွက် ငါးစာချထားတာ “
“ အဲ့ဒီအချိန်ကျရင် ငါတို့က သူ့ဆီကနေ အကျိုးပြုအမှတ်တွေ ရှယ်လိမ်လို့ရပြီ “
စကားပြောခဲ့ပြီးသည့်နောက်တွင် သူသည် ကျန်းချွမ်ကို အနီးကပ် စောင့်ကြည့်လေ့လာနေတော့သည်။
ကျန်းချွမ်သည် တင်းမာနေသော မျက်နှာထားမှ တစ်ဆင့် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထို့နောက်တွင် ထူးဆန်းသော အမူအရာဖြင့် သူ့အား အံ့ဩတကြီး စိုက်ကြည့်လာသည်ကို သူမြင်တွေ့သွားခဲ့သည်။