လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !!
Vol. 13 Ch. 184
“ အဲ့တာက ဘယ်လိုပေါက်ကရမျိုးလဲ? “ ကျန်းချွမ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ပထမဦးဆုံးအနေဖြင့် အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များ၊ ထို့နောက်တွင် ငါးစာလာဟပ်ရန်အတွက် လျူတျန်မုကို ဆွဲဆောင်ခြင်းနှင့် အကျိုးပြုအမှတ် သောင်းနှင့်ချီ၍ လိမ်လည်ခြင်း။
အဆိုပါ ကိစ္စတစ်ခုချင်းစီတိုင်းသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းလှသည်။
လျူယောင်တုန်ကမူ ၎င်းတို့အားလုံးကို တစ်ခါတည်း သိမ်းကျုံးပြောဆိုသွားခဲ့သည်။
အမြဲလိုလို သွေးအေးနေတတ်သည့် ကျန်းချွမ်ကဲ့သို့သော လူတစ်ဦးကပင် တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်တော့ပေ။
“ အာ၊ စိတ်မပူပါနဲ့ “ လျူယောင်တုန်မှ အမြန်ပြောလာခဲ့သည် “ မင်းသိဖို့လိုအပ်တာက တကယ်လို့ မင်းက ရှုကျိုးနဲ့ သွားတိုက်မယ်ဆိုရင်၊ ငါတို့က အကျိုးပြုအမှတ် သောင်းနဲ့ချီပြီတော့ ရနိုင်တယ်ဆိုတာကိုပဲ “
“ အစ်ကို၊ အဲ့တာက အကျိုးပြုအမှတ် သောင်းဂဏန်းနော်၊ ဒီအခွင့်အရေး လက်လွှတ်လိုက်ရင် နောက်တစ်ခါ ထပ်မရနိုင်တော့ဘူးနော် “
လျူယောင်တုန်မှ စိတ်အားထက်သန်စွာဖြင့် ဖြောင်းဖြပြောဆိုနေတော့သည်။
ကျန်းချွန်မှာလည်း နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားတော့သည်၊ အကျိုးပြုအမှတ် သောင်းဂဏန်းလား?
သူသည် အမှန်တကယ် အဆွဲဆောင်ခံလိုက်ရသည်။
သူသည် တျန်းကျိုးကျန်းမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း၊ အကျိုးပြုအမှတ် သောင်းဂဏန်းဆိုသည်မှာ သူ့အတွက်ပင် စိတ်ကူး၍ မရနိုင်သော ကံကြမ္မာကောင်းတစ်ခုဖြစ်သည်။
၎င်းမှာ သူတတိယအဆင့်ကို ကျော်လွန်သည်အထိ လေ့ကျင့်ရန် လုံလောက်ပေသည်။
“ ဘာတွေ ဖြစ်နေတာလဲ? “ ကျန်းချွမ်မှ မေးမြန်းလာခဲ့သည် “ ငါ့ကို အသေးစိတ် ရှင်းပြ “
လျူယောင်တုန် အပျော်လွန်သွားတော့သည်၊ တစ်ဖက်လူမှ သူ၏စကားများကို နားထောင်ရန် ဆန္ဒရှိနေသောကြောင့် မျှော်လင့်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။
ဤအစီအစဥ်၌ ကျန်းချွမ်သည် အရေးကြီးသော ဇာတ်ကောင်တစ်ခုဖြစ်သည်၊ သူသည် သူ့ထံမှတစ်ဆင့် ဤတိုက်ပွဲအကြောင်းအား လျူတျန်မုဆီသို့ သတင်းပေးရမည် ဖြစ်သည်။
လျူယောင်တုန်သည် သူနှင့် ရှုကျိုးတို့ ကြံစည်ခဲ့သော အစီအစဥ်ကို ပြန်၍ပြောပြနေတော့သည်။
သူ၏ စကားများပြီးဆုံးသွားသည့်နောက်တွင်
ကျန်းချွမ်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စက္ကန့်ပိုင်းမျှ ကြာခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့သည် “ ဒီလိုလုပ်လိုက်လို့ လျူတျန်မုကို ပြင်းပြင်းထန်ထန် စော်ကားမိသွားမှာကို မကြောက်ဘူးလား? “
“ ဘာကိုကြောက်နေရမှာလဲ? “ လျူယောင်တုန်မှ အေးအေးလူလူ ပြောလာခဲ့သည် “ အစကတည်းက သူက ငါ့ရဲ့ငွေငါးသန်းကို လိမ်သွားတာလေ၊ ငါက သူနဲ့စာရင်းရှင်းချင်တယ် “
“ ပြီးတော့ အစ်ကို၊ မင်းချေးပေးထားတဲ့ အကြွေးတွေကိုလည်း သူပြန်မပေးရသေးဘူးမလား? အဲ့ကောင်က လူတွေကို နေရာအနှံ့ လိုက်လိမ်နေတာ။ တကယ်ကို အရှက်မရှိဘူး။ တကယ်လို့ ငါတို့က အကျိုးပြုအမှတ် သောင်းဂဏန်းလောက် လိမ်လိုက်မယ်ဆိုရင်၊ အလွန်အကျွံမဖြစ်တော့ဘူးလေ၊ ဟုတ်တယ်မလား? “
“ … “
ကျန်းချွမ် ဆွံ့အသွားတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည်မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ မင်းပြောခဲ့တဲ့ အစီအစဥ်ထဲမှာ ပြဿနာကြီးတစ်ခု ရှိနေတယ် “
လျူယောင်တုန် အံ့အားသင့်သွားခဲ့သည် “ ဘာပြဿနာလဲ? “
“ ရှုကျိုးက ငါနဲ့ ဘာအတွက် တိုက်ခိုက်ရမှာလဲ? “ ကျန်းချွမ်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ငါက သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားတယ်၊ သူက သွေးကြောမှတ် ဘယ်လောက်ဖွင့်ထားလဲ? “
“ လျူတျန်မုရဲ့ အမြင်မှာ ရှုကျိုးက အဲ့လောက် မတုံးဘူး၊ သူက တိုက်ခိုက်ဖို့အတွက် အဲ့လို လောင်းကြေးမျိုးကို သုံးမှာ မဟုတ်ဘူး “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် တကယ်လို့ သူရှုံးသွားမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပြင်းထန်နေလိမ့်မယ် “
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လျူယောင်တုန် မိန်းမောသွားတော့သည်။
ဟုတ်သားပဲ !!
ငါက အဲ့ပြဿနာကို အရင်က သတိမထားခဲ့မိဘူးပဲ။
အစောပိုင်းအချိန်များအတွင်းက ရှုကျိုးနှင့် ဆွေးနွေးနေခဲ့သည့် အချိန်တွင် သူသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး၊ အရေးကြီးသော ဤအချက်အလက်ကို မေ့လျော့နေခဲ့သည်။
ရှုကျိုးက ဝမ်းကွဲနဲ့ ဘာလို့ တိုက်ခိုက်ရမှာလဲ?
လျူယောင်တုန်မှ အမြန်ပြောလာခဲ့သည် “ ခဏနေဦး၊ ရှုကျိုးကို ဆက်သွယ်လိုက်ဦးမယ် “
ထို့နောက်တွင် သူသည် သူ၏ဖုန်းကို အမြန် ထုတ်ယူ၍ ရှုကျိုးထံသို့ စာပို့လိုက်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင်
ရှုကျိုးမှ စာပြန်လာခဲ့သည် “ စိတ်ပူဖို့ မလိုပါဘူး၊ အဲ့တာကို သက်သေပြဖို့အတွက် ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ် “
“ မင်းကသေချာလား? “
“ စိတ်ချထားလိုက်စမ်းပါ “
လျူယောင်တုန်သည် ကျန်းချွမ်ကို ကြည့်၍ ပြောလိုက်သည် “ ရှုကျိုးပြောတာတော့ သူ့မှာ နည်းလမ်းတစ်ခု ရှိတယ်တဲ့၊ ဒါပင်မဲ့ သေချာ မပြောပြထားဘူး “
ကျန်းချွမ် မျက်မှောင်ကြုတ်သွားကာ မေးမြန်းလာခဲ့သည် “ မင်းက သူ့ကို ယုံလား? “
“ ကြည့်ရတာတော့ အဲ့တာက အတုမဖြစ်လောက်ဘူး “ ဟုလျူယောင်တုန်မှ ပြန်ပြောလာခဲ့သည်။
“ … “
ကျန်းချွမ် ဆွံ့အသွားတော့သည်၊ မင်းရဲ့ အစ်ကိုက ဘယ်သူတုန်းဟ? မင်းက ဘာလို့ ရှုကျိုးကို တော်တော်ယုံနေရတာလဲ?
“ အဲ့တာက အန္တရာယ်များနေတုန်းပဲ။ တတိယအဆင့် ပညာရှင်တစ်ယောက်ကို အကျိုးပြုအမှတ် သောင်းနဲ့ချီပြီးတော့ လိမ်တယ်ဆိုတာက တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုပဲ “
ထိုအချိန်၌ ကျန်းချွမ်ကပင် အနည်းငယ် လေးနက်နေခဲ့သည်။
သူသည် ထိုကဲ့သို့သော ကိစ္စမျိုးကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။
သို့သော် ၎င်းကသာ အောင်မြင်သွားမည်ဆိုပါက လျူတျန်မုသည် လူကြားထဲတွင် မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။
ပထမအဆင့် ကလေးများ၏ လိမ်လည်ခြင်းကို ခံလိုက်ရခြင်းကား အမှန်ပင် ရှက်ဖွယ်ကောင်းလှသည်။
လျူယောင်တုန်မှ စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည် “ အစ်ကို၊ အဲ့တာကရော ဘာစကားကြီးလဲ? ကမ္ဘာပေါ်မှာ အဲ့လိုလုပ်ရဲတာက ငါတို့ပဲလေ၊ ငါတို့က အဲ့လိုလုပ်ရဲတဲ့ သတ္တိခဲတွေပဲ “
ကျန်းချွမ်သည် သူ့အား ဆွံ့အစွာ စိုက်ကြည့်၍ ခေါင်းတခါခါ ဖြစ်နေတော့သည်။
…
ရှုကျိုးကမူ စံအိမ်ထဲတွင် အစီအစဥ်ကို ကောင်းစွာ ပြင်ဆင်နေလျက်ရှိသည်။
ထိုအချိန်၌ သူ၏ဖုန်းထဲသို့ မက်ဆေ့တစ်ခု ဝင်လာခဲ့သည်။
ရှုကျိုးမှ ၎င်းကို ဖွင့်ကြည့်လိုက်ရာ လျူယောင်တုန်ဆီမှ ဖြစ်နေခဲ့သည်။
လျူယောင်တုန် : ငါ့အစ်ကိုက သဘောတူခဲ့တယ် !!
အဆိုပါ မက်ဆေ့ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည်။
ကျန်းချွမ်သည် ဤအစီအစဥ်ထဲတွင် အလွန်အရေးကြီးသော ဇာတ်ကောင်တစ်ခုဖြစ်သည်၊ သူသဘောတူလာခဲ့ပြီ ဖြစ်သောကြောင့် ကိစ္စများသည် ပို၍လွယ်ကူချောမွေ့လာတော့မည် ဖြစ်သည်။
“ အားလုံးနီးပါး အသင့်ဖြစ်နေပြီ “ ရှုကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်မှု အရိပ်အမြွက်များ ရှိနေခဲ့သည် “ ဘာပြဿနာမှ မရှိသင့်တော့ဘူး၊ လျူတျန်မုက ငါးစာလာဟပ်မဲ့ အချိန်ကို စောင့်နေရမယ် “
“ ဒါပင်မဲ့၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေ ပတ်သက်ပြီးတော့ ငါက ဆရာတွေကို ကြိုပြောပြထားသင့်တယ် “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည်။
အဆိုပါ လျှို့ဝှက်ချက်များက အတုအယောင်များ ဖြစ်သော်လည်း၊ အမြဲသတိထားခြင်းမှာ ပို၍ စိတ်ချရပေသည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက လူများသည် သူက အစစ်အမှန် သိုင်းပညာဌာန၏ သစ္စာဖောက်တစ်ယောက် ဖြစ်နေသည်ဟု ထင်သွားကြမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် လျူချင်းယွမ်ဆီသို့ ချက်ချင်းဖုန်းခေါ်လိုက်သည်။
ပီ ………
ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။
“ ဆရာ၊ ကျွန်တော်ပြောပြဖို့ လိုအပ်တာ တစ်ခုရှိတယ် “ ရှုကျိုးသည် သူ၏အတွေးများကို တိုက်ရိုက် ရှင်းပြနေတော့သည်။
သူ၏စကားများ ပြီးဆုံးသွားသည့်နောက်တွင် လျူချင်းယွမ်ကပင် အနည်းငယ် အံ့ဩသွားခဲ့သည် “ မင်းက သတင်းအချက်အလက် အတုတွေကို သုံးပြီးတော့ လျူတျန်မုကို လိမ်ချင်နေတာလား? “
“ အဲ့တာက မလွယ်ဘူးနော်၊ သူယုံလောက်မဲ့ အရာတစ်ခုကို မင်းကချပြနိုင်ဖို့ လိုအပ်တယ် “
ရှုကျိုးမှ ခေါင်းငြိမ့်၍ ပြောလိုက်သည် “ ကျွန်တော့်ဆီမှာ ချီ-သွေးစွမ်းအားကို အမြန်မြှင့်တင်နိုင်မဲ့ နည်းလမ်းတစ်ခုရှိတယ်၊ သူတို့ကို အဲ့တာ ပြလိုက်မယ်လေ “
“ ချီ-သွေးစွမ်းအားကို အမြန်မြှင့်တင်တာလား? ဘယ်လောက်မြန်တာလဲ? “
“ မိနစ်ဝက်အတွင်းမှာ ၃ယူနစ်လောက်ပေါ့ “
လျူချင်းယွမ် ငြိမ်ကျသွားခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူသည် သူကြားလိုက်ရသည့် အရာကို သံသယဝင်နေသည့်ပုံပင် “ ယူနစ်ဘယ်လောက်? “
“ ၃ယူနစ်ပါ၊ ဆရာ “
“ မင်းက အဲ့တာကို ဘယ်လိုလုပ်လုပ်နိုင်ရတာလဲ? “ လျူချင်းယွမ်၏ အသံသည် အနည်းငယ် တုန်ရင်သွားခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနမှာတောင်မှ အဲ့လိုနည်းလမ်း မရှိပါဘူး “
“ အဟွတ် အဟွတ် “ ရှုကျိုးသည် ချွေးစီးများထွက်သွားကာ အမြန်ပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော် ပြောပြီးသွားပြီလေ၊ အဲ့တာက လျူတျန်မုကို လှည့်စားဖို့အတွက် အတု လုပ်ထားတာ “
သူသည် ထိုကဲ့သို့သော အရာမျိုးအား ဆရာဖြစ်သူကို မပြောပြသင့်သေးဘူးဟု ခံစားနေခဲ့ရသည်၊ လေသံကို အကဲဖြတ်ရခြင်းဖြင့် ၎င်းမှာ သူကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အတော်လေး များနေမည် ဖြစ်သည်။
သူ့ကိုယ်ပွား၏ ထောက်ပံ့ပေးမှုများကြောင့် ချီ-သွေးစွမ်းအင်များက အလွန်မြန်ဆန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
လူသားတို့၏ ယခုလက်ရှိ နည်းလမ်းများကို စဥ်းစားကြည့်မည်ဆိုပါက ချီ-သွေးစွမ်းအားကို အချိန်တိုအတွင်းမှာပင် ထိုမျှ ပမာဏအထိ မြှင့်တင်ပေးနိုင်သည်မှာ သူတစ်ဦးတည်းသာလျှင် ရှိနေမည် ဖြစ်သည်။