လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !! ၃
Vol. 13 Ch. 186
“ မင်းရဲ့ ဝမ်းကွဲလား? “
လျူတျန်မု၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည် “ လျူယောင်တုန်လား? “
လျူယောင်တုန်လား? ရှုကျိုးလား?
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ကျောင်းစဖွင့်တဲ့ အချိန်တုန်းက ရှုကျိုးက လျူယောင်တုန်ရဲ့ လက်ကို ဖြတ်လိုက်တာပဲ !!
၎င်းမှာ ပြန်ဆက်ထားခဲ့ပြီဖြစ်သော်လည်း၊ လက်ဖြတ်ထားသည့် ရန်ငြှိုးကို ညှိုနှိုင်းဖြေရှင်း၍ မရသည်မှာ သေချာလှပေသည်။
“ ငါသိပြီ “ လျူတျန်မု ခေါင်းငြိမ့်ပြလိုက်သည်၊ အဲ့လိုဆိုရင်တော့ အဓိပ္ပါယ် ရှိသားပဲ။
လျူယောင်တုန်က ရှုကျိုးကို လက်စားချေချင်နေပင်မဲ့ စွမ်းအားမရှိတော့ ကျန်းချွမ်ကို အပူကပ် အကူအညီတောင်းလိုက်တာပဲ။
ကျန်းချွမ်ကိုယ်တိုင်ကလည်း သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားတဲ့ ပါရမီရှင်တစ်ယောက်လေ၊ သူ့ရဲ့ စွမ်းအားက အနေအထားတစ်ခုအထိရှိတယ်၊ ရှုကျိုးကို ဖိနှိပ်ဖို့ဆိုတာက အလွယ်လေးပဲ။
လျူတျန်မုမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောဆိုလာခဲ့သည် “ ဒီလိုဆိုရင်တော့ ငါတို့မှာ ဘုံရည်မှန်းချက်တစ်ခုရှိနေတာပဲ “
“ အဲ့လိုပဲပေါ့ “ ကျန်းချွမ်မှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ငါကြားတာတော့ နတ်သိုင်းဌာနက မင်းကို အကျိုးအမြတ် တော်တော်များများနဲ့ ကမ်းလှမ်းထားတယ်ဆို၊ ဆိုတော့ ဒီတိုက်ပွဲပြီးတဲ့နောက်မှာ မင်းက ငါ့ကို အကျိုးအမြတ်တွေ ခွဲပေးရမယ် “
လျူတျန်မု ဆွံ့အသွားတော့သည်၊ ဒီကောင်က အကျိုးအမြတ်တွေကို မျက်စိကျနေတာလား?
“ ရှုကျိုးဘက်ကရော ဘယ်လိုလဲ? “ လျူတျန်မုမှ ရုတ်တရက် အမှတ်ရသွားခဲ့သည် “ သူက မင်းရဲ့ စိန်ခေါ်မှုကို လက်ခံလား? “
ကျန်းချွမ်မှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ အဲ့တာက မင်းကိုင်တွယ်သင့်တဲ့အရာ မဟုတ်ဘူးလား? “
လျူတျန်မု ဆွံ့အသွားတော့သည် “ အဲ့ကလေးက လိပ်လို အခွံထဲမှာ ပုန်းနေတာလေ၊ ငါက ဘာသွားလုပ်ရမှာလဲ? “
“ အရင်တုန်းကတော့ သူက ရဲတင်းတဲ့ ကြေညာချက် လုပ်ခဲ့ပြီးတော့ ဒုတိယအဆင့်အောက်က လူတိုင်းကို တိုက်ခိုက်မယ်လို့ ပြောခဲ့တယ်၊ အခုတော့ သူက တွင်းထဲမှာ ပုန်းနေခဲ့တာ တစ်လတောင် ကျော်နေပြီ၊ ဘာလှုပ်ရှားမှုမှ …… “
“ အဲ့တာက မင်းညံ့လို့ကိုး “ ကျန်းချွမ်မှ ကြားဖြတ်ပြောလာခဲ့သည် “ မေ့လိုက်တော့၊ မင်းက ယုံလို့မရဘူဆိုတာကို ငါသိတယ် “
“ ငါက ငါ့ရဲ့ဝမ်းကွဲကို လွှတ်လိုက်ပြီ၊ သူက ရှုကျိုးသဘောတူလာအောင် လုပ်ခဲ့လိမ့်မယ် “
လျူတျန်မု အံ့ဩသွားခဲ့ပြီး၊ ခေါင်းတခါခါဖြင့် လှောင်ပြောင်လိုက်သည် “ ရှုကျိုးက တွင်းထဲမှာပဲ တစ်ချိန်လုံး နေနေတာလေ၊ လျူယောင်တုန်က သူ့ကို ဘယ်လိုလုပ်ရှာနိုင်မှာလဲ? “
“ ရှုကျိုးက ဘယ်မှာပဲ ပုန်းနေပါစေ၊ အမှတ်တွေ ယူဖို့အတွက် ဌာနကိုတော့ သွားရမှာပဲ၊ အဲ့အချိန်ကျရင် သူ့လမ်းမှာ ပိတ်စောင့်နေလိုက်ရုံပဲပေါ့ “
ကျန်းချွမ်မှ ဆက်ပြောလာခဲ့သည် “ ငါ့ဝမ်းကွဲက သူ့ကို စောင့်ကြည့်နေခဲ့တာ ရက်တော်တော်ကြာနေပြီ၊ သူက အဖြေရှာတွေ့ထားခဲ့ပြီ၊ ရှုကျိုးက ဒီနေ့မှာ ဌာနကို သွားနိုင်တယ် “
“ အခုအချိန်လောက်ဆိုရင် ငါ့ဝမ်းကွဲက အဲ့မှာ ရှိနေလောက်ပြီ၊ သူ့ကို မေးလိုက်ဦးမယ် “
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် ကျန်းချွမ်ဘက်မှ ဖုန်းချသွားခဲ့သည်။
လျူတျန်မုမှာလည်း သူ၏ဖုန်းကိုချကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ လျူယောင်တုန်က ရှုကျိုးကို သွားရှာတာလား? “ သူသည် သူ၏မေးစေ့ကို ပွတ်နေတော့သည် “ အဲ့ကလေးက လုပ်နိုင်ပါ့မလား? “
သူသည် လျူယောင်တုန်နှင့် တရင်းတနှီး မရှိသော်လည်း ထိုကလေးက ခေါင်းမာသည်ဆိုသည်ကို သိနေခဲ့သည်။
မယုံရတဲ့ပုံပဲ !!
လျူတျန်မု၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ရုတ်တရက် ထရပ်ကာ အပြင်သို့ ထွက်သွားတော့သည်။
…
အစစ်အမှန် သိုင်းပညာဌာနှင့် စံအိမ်နယ်မြေကြားတွင် လမ်းအနည်းငယ်မျှ ခြားနေခဲ့သည်။
ထိုလမ်းများထဲတွင် တောအုပ်နှင့် နီးကပ်သည့် လမ်းတစ်လမ်းရှိသည်။
ထိုအချိန် တောအုပ်နယ်မြေအတွင်းတွင်
လျူတျန်မု၏ ပုံရိပ်သည် ထောင်ထိပ်တစ်ခုပေါ်တွင် ပေါ်လာခဲ့သည်။
အောက်သို့ ငုံ့ကြည့်လိုက်ရာ သူသည် လျူယောင်တုန်က တောင်ကြားလမ်းတစ်ခုပေါ်ရှိ ကျောက်တုံးကြီးတစ်တုံး၏ အနောက်တွင် ထိုင်နေလျက်ရှိသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဒီကလေးက မဆိုးဘူးပဲ “ လျူတျန်မုသည် တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်သည် “ သူက ရှုကျိုးကို ဒီနေရာမှာ တားရမယ်ဆိုတာကို သိသားပဲ “
ဤနေရာသို့ ရောက်မလာခဲ့ခင် အချိန်တွင် သူသည် မြေပြင်အခြေအနေကို လေ့လာကြည့်ရှုခဲ့သည်။
တောအုပ်၏ ပိတ်ဆို့မှုကြောင့် ဤလမ်းကြောင်းသည် အစစ်အမှန် သိုင်းပညာဌာနမှ စံအိမ်နယ်မြေဘက်သို့ သွားရာတွင် လိုအပ်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
“ ဒါပင်မဲ့ သူက ရှုကျိုးနဲ့ တွေ့မယ်ဆိုရင်တောင်မှ ရှုကျိုးက တိုက်ခိုက်ဖို့ သဘောတူပါ့မလား? “ ထိုအချိန်တွင် လျူတျန်မုသည် သိလိုစိတ်များ ဖြစ်ပေါ်သွားခဲ့သည်။
…
ကျောက်တုံးအနောက်ဘက်၌
လျူယောင်တုန်သည် တိတ်တဆိတ် စောင့်ဆိုင်းကာ အနည်းငယ် စိတ်တင်းကြပ်နေခဲ့သည်။
“ လျူတျန်မုက လာပါ့မလား? “
“ တကယ်လို့ သူလာမယ်ဆိုရင်ရော ငါက ကောင်းကောင်း သရုပ်ဆောင်နိုင်ပါ့မလား? “
လျူယောင်တုန်၏ အတွေးများသည် ဟိုပြေးဒီပြေးဖြစ်နေခဲ့သည်၊ အမှန်တိုင်းပြောရမည်ဆိုပါက သူနှင့် ရှုကျိုးသည် အကြိမ်ကြိမ်အခါခါ လေ့ကျင့်ထားခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် သူသည် စိတ်မသက်မသာ ဖြစ်နေစဲပင် ဖြစ်သည်၊ အကျိုးပြုအမှတ် သောင်းဂဏန်း !! အကယ်၍ သူသာ အမှားတစ်ခုခု လုပ်မိသွားမည်ဆိုပါက ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ထပ်ရနိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် သူသည် ကြက်သီးများ ထသွားခဲ့သည်။
သိပ်မဝေးသောနေရာ၌ ရှုကျိုး၏ ပုံရိပ် ပေါ်လာခဲ့သည်။
“ ဟမ်? လျူတျန်မုက ရောက်နေပြီလား? “ လျူယောင်တုန် အေးခဲ တောင့်တင်းသွားခဲ့သည်၊ သူသည် ၎င်းကို သတိမပြုမိခဲ့ပေ။
လျူယောင်တုန်သည် လျင်မြန်စွာ စိတ်တည်ငြိမ်သွားခဲ့သည်။
သူရောက်ရောက်၊ မရောက်ရောက် ကိစ္စမရှိဘူး၊ ငါက ကောင်းကောင်းလုပ်နိုင်ဖို့ပဲ လိုတယ်။
အခွင့်အရေးက တစ်ခါပဲ ရှိတယ် !!
…
ရှုကျိုးသည် လမ်းမပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေလျက်ရှိသည်။
ရုတ်တရက်ဆိုသလိုပင် ကျောက်တုံးအနောက်ဘက်မှ လျူယောင်တုန် ပေါ်ထွက်လာခဲ့ကာ အော်ပြောလာခဲ့သည် “ ရှုကျိုး !! “
ရှုကျိုး၏ ခြေလှမ်းများ ရပ်တန့်သွားပြီး၊ လျူယောင်တုန်ကို မြင်လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်သွားခဲ့သည် “ လျူယောင်တုန်လား? “
“ ကောင်းတယ်၊ မင်းက ငါ့ကိုမှတ်မိနေသေးတာပဲ “ လျူယောင်တုန်မှ အေးစက်စွာ ပြောလာခဲ့သည် “ ကျောင်းစဖွင့်တဲ့ အချိန်တုန်းက ငါ့လက်ကို ဖြတ်ခဲ့တာကို မှတ်မိသေးလား? “
ရှုကျိုးသည် သူ့ကို ကြည့်နေရင်းဖြင့် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံပေါ်ပြီး၊ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဆိုတော့ အခု မင်းက သက်သာလာပြီးတော့၊ လက်စားချေချင်နေတယ်ပေါ့? “
လျူယောင်တုန်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ ငါနဲ့မင်းကြားမှာ ရန်ငြှိုးမရှိဘူး၊ ဒါပင်မဲ့ မင်းက ငါ့လက်ကို ဖြတ်ခဲ့တယ်၊ အဲ့အတွက် စာရင်းတော့ရှင်းရမှာပဲ “
“ ဒါဆိုရင်လည်း ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ “
ရွှပ်ဟူသော အသံနှင့်အတူ ရှုကျိုးသည် သူ့နောက်ကျောရှိ ထန်ဓားကို ဆွဲထုတ်ကာ အေးအေးဆေးဆေး ပြောလာခဲ့သည် “ တကယ်လို့ မင်းက တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့။ အရင်တုန်းက ငါမင်းကို ဖိနှိပ်ခဲ့သလိုမျိုး အခုလည်း ထပ်လုပ်နိုင်သေးတယ်လေ “
“ မင်းနဲ့ တိုက်မဲ့လူက ငါမဟုတ်ဘူး “
လျူယောင်တုန်မှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါဒီနေ့လာခဲ့တာက မင်းကို သတင်းပေးမလို့ပဲ၊ ငါ့ရဲ့အစ်ကိုက မင်းနဲ့ တိုက်ချင်နေတယ် “
ရှုကျိုးသည် သူ့ကို ကြည့်ကာ လှောင်ပြုံးပြုံးနေတော့သည် “ မင်းရဲ့ စာရင်းကို မင်းရဲ့အစ်ကိုက ရှင်းပေးရမှာလား? “
“ မင်းက လက်ခံရဲလား? “ လျူယောင်တုန်မှ အေးစက်စွာ ပြောလာခဲ့သည် “ တကယ်လို့ မင်းနိုင်မယ်ဆိုရင် ငါတို့ကြားက စာရင်းတွေ ရှင်းသွားပြီ “
“ ဟက် “
ရှုကျိုးသည် သူ၏ဓားကို ပြန်သိမ်းလိုက်ပြီး ရွဲ့စောင်းနေသော အမူအရာမျိုးဖြင့် ပြောလာခဲ့သည် “ ယောကျာ်းကြီး ဖြစ်နေပြီးတော့ လက်စားချေဖို့အတွက် အစ်ကိုကို အားကိုးနေတယ်ပေါ့၊ မင်းထမင်းစားရင်ရော သူက ခွံ့ကျွေးရတာပဲလား? “
“ တကယ်လို့ တိုက်ချင်တယ်ဆိုရင်လည်း မင်းကိုယ်တိုင်လာခဲ့ကွာ၊ အသက်ကြီးတဲ့လူတွေ မခေါ်လာနဲ့ “
ထိုကဲ့သို့ ပြောလိုက်ပြီး သူသည် အေးအေးဆေးဆေး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
…
တောင်ထိပ်ပေါ်ရှိ လျူတျန်မုသည် အဆိုပါ မြင်ကွင်းကို ကြည့်နေရင်းဖြင့် ခေါင်းတခါခါ ဖြစ်သွားတော့သည်။
“ အဲ့တာက အလုပ်မဖြစ်ဘူးဆိုတာကို ငါသိသားပဲ “ သူမအံ့ဩသွားခဲ့ပေ။
ရှုကျိုးလို လိပ်သဘောထား ရှိတဲ့ကောင်က ပိုစွမ်းတဲ့ လူက စိန်ခေါ်လာရင် ရှောင်ပြေးနေမှာပဲ။
ထိုအချိန်တွင် လျူယောင်တုန်မှ ရုတ်တရက် အော်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက မင်းရဲ့တွင်းထဲမှာပဲ လိပ်တစ်ကောင်လို တစ်သက်လုံး ပုန်းနေတော့မှာလား? “
ရှုကျိုး၏ ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရမ်းသွားခဲ့သည်။
လျူယောင်တုန်မှ အသံကိုမြှင့်ကာ ဆက်၍ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းက တော်တော်လေးကို တော်နေတတ်နေပြီလို့ ထင်နေတာလား? “