လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !! ၄
Vol. 13 Ch. 187
“ အခုဆိုရင် မင်းက လျှာစောင်းပဲ ထက်တဲ့ လိပ်တစ်ကောင်ဆိုတာကို တစ်ကျောင်းလုံးက သိသွားကြပြီ “
“ အဲ့အချိန်တုန်းက မင်းပြောခဲ့တာက ဒုတိယအဆင့်အောက်က ကြိုက်တဲ့လူ လာလို့ရတယ်ဆို၊ ဘာဖြစ်သွားခဲ့လဲ? မင်းက အစစ်အမှန် သိုင်းပညာဌာနထဲမှာပဲ တစ်လလုံး ပုန်းနေခဲ့တယ်လေ “
“ လျူယောင်တုန် !! “ ရှုကျိုးသည် သူ့ကိုအေးစက်စွာ စိုက်ကြည့်လာခဲ့သည် “ မင်းသေချင်နေတာလား? “
“ ငါပြောတဲ့ထဲမှာ မှားတာပါနေလို့လား? “
လျူယောင်တုန်မှ လှောင်ပြောင်လာခဲ့သည် “ ငါ့အစ်ကိုက ပထမအဆင့် အထွတ်အထိပ်မှာပဲ ရှိနေသေးတယ်၊ ဒုတိယအဆင့်တောင် မဟုတ်ဘူး။ တကယ်လို့ မင်းက ငကြောက်မဟုတ်ဘူးဆိုရင် ဘာလို့ မတိုက်ခိုက်ရဲရမှာလဲ? “
“ ငါမလုပ်ရဲဘူးလို့ မင်းတကယ်ထင်နေတာလား? “
“ အဲ့လိုပဲ မဟုတ်ဘူးလား? တကယ်လို့ မင်းမှာ စွမ်းအားမရှိဘူးဆိုရင် လေမကျယ်နဲ့။ မင်းလုပ်နိုင်တဲ့ဟာက အားနည်းတဲ့လူကို အနိုင်ကျင့်တာပဲ။ မင်းက အားကောင်းတဲ့ လူနဲ့ရင်ဆိုင်ရတဲ့ အချိန်မှာတော့ စကားတောင် မပြောရဲဘူး “
လျူယောင်တုန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ မင်းကလည်း ပထမအဆင့်ပဲလေ၊ ဒါပင်မဲ့ ထွက်တောင်မတိုက်ရဲဘူး၊ သတ္တိမရှိတဲ့ကောင်၊ အရည်အချင်းမရှိတဲ့ ငကြောက်ကောင် “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ ကျော်ကြားမှုက မင်းကြောင့် ပျက်စီးသွားပြီ “
“ တော်လောက်ပြီ !! “
ရှုကျိုးမှ အကြမ်းပတမ်း အော်ပြောလာခဲ့သည်။
သူသည် မည်းမှောင်နေသော အမူအရာဖြင့် လျူယောင်တုန်ကို စိုက်ကြည့်လိုက်သည်။
“ လျူယောင်တုန်၊ ငါမတိုက်ရဲဘူးလို့ မင်းကထင်နေတာလား? “
ဝုန်းးး !!
နောက်စက္ကန့်ပိုင်းမျှအကြာတွင် အစွမ်းထက် ချီ-သွေးစွမ်းအင်များသည် ရှုကျိုး၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့သည်။
သွေးကြောမှတ် အခု၇၀ တလက်လက် လင်းလက် တောက်ပလာခဲ့သည်။
ရှုကျိုးသည် ပါးလွှာသောအလင်းအလွှာတစ်ခုဖြင့် ဖုံးအုပ်နေလျက်ရှိပြီး၊ အရှိန်အဝါများ မြင့်တက်လာခဲ့ကာ သူ့ဘေးပတ်ပတ်လည်ရှိ ဖုန်မှုန့်များနှင့် ကျောက်တုံးများပင် လေပေါ်သို့ ပျံတက်လာခဲ့သည်။
“ သေချာကြည့်ထား “
ရှုကျိုးမှ အေးစက်စွာ ပြောလာခဲ့သည် “ ဒါက ငါ့ရဲ့စွမ်းအားပဲ “
…
“ ချီးပဲ “
တောင်ထိပ်ပေါ်ရှိ လျူတျန်မုမှာ လုံးဝမှင်သက်သွားခဲ့သည်။
“ ဒီကလေးက ………. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? “
လျူတျန်မု ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်၊ ရှုကျိုးက သွေးကြောမှတ် အခု၇၀တောင် ဖွင့်ထားပြီးပြီလား?
ဘယ်လိုလုပ်ဒီလောက်မြန်နေရတာလဲ?
သူက ကျောင်းကို ရောက်လာတာ နှစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်၊ ဟုတ်တယ်မလား?
နှစ်လအတွင်းမှာ သွေးကြောမှတ် အခု၇၀ဖွင့်နိုင်ခဲ့တာလား?
သူက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ?
လျူတျန်မုသည် သူက ကျောင်းသို့ ရောက်လာခဲ့သည့် အချိန်တွင် သွေးကြောမှတ် အခု၇၀ဖွင့်လှစ်ရန်အတွက် အချိန် ၆လယူခဲ့ရကြောင်းနှင့် ၎င်းက သူ၏သက်တူရွယ်တူများကြားတွင် အမြန်ဆုံးဖြစ်ခဲ့ကြောင်းတို့ကို ကောင်းစွာမှတ်မိနေခဲ့သည်။
သို့သော် ရှုကျိုးကမူ …..
နှစ်လတည်းလားဟ?
ထိုအချိန်တွင် လျူတျန်မု၏ စိတ်နှလုံးသားသည် အလွန်အမင်း လှုပ်ခတ်သွားခဲ့သည်။
သို့သော် လျူယောင်တုန်ကမူ သူ့ထပ်ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
“ ဝါးး “
ရှုကျိုး၏ အရှေ့ရှိ လျူယောင်တုန်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် အလွန်အံ့ဩတုန်လှုပ်သွားခဲ့သည်။
ဒါက အစီအစဥ်ထဲမှာ မပါဘူးလေဟ။
ရှုကျိုးက သွေးကြောမှတ် အခု၇၀ကို ဘယ်လိုလုပ် ဖွင့်ထားနိုင်ရတာလဲ?
လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သူက သွေးကြောမှတ် အခု၃၀ပဲ ဖွင့်ထားတာမလား?
တစ်လအတွင်းမှာပဲ သွေးကြောမှတ် အခု၄၀ ထပ်ဖွင့်နိုင်ခဲ့တာလား?
ဒီလူက …….
ကလိမ်ကကျစ်ကြနေတာပဲ ဖြစ်ရမယ် !!
“ သူ့ကိုယ်သူ သက်သေပြဖို့အတွက် နည်းလမ်းတစ်ခုရှိတယ်လို့ ဒီကောင်ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ ဒါကို ရည်ညွှန်းနေခဲ့တာကိုး “
ထိုအချိန်တွင် လျူယောင်တုန် အပြည့်အဝ နားလည်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ရှုကျိုးကို ကြည့်ကာ၊ မျက်နှာဖြူဖျော့သွားခဲ့ပြီး၊ တံတွေးမျိုချနေတော့သည် “ မင်း ……. မင်းမှာဒီလိုအစွမ်းမျိုး ရှိတယ်ဆိုရင်၊ အစစ်အမှန် သိုင်းပညာဌာနထဲမှာ တစ်လတိတိ ဘာလို့ ပုန်းနေခဲ့ရတာလဲ? “
ရှုကျိုးမှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ဘာလို့လဲဆိုတော့ ငါက ဒီလထဲမှာ ဌာနအတွက် သုတေသနတစ်ခု လုပ်နေလို့ပဲ “
“ သုတေသနလား? ဘာကို သုတေသနလုပ်တာလဲ? “
လျူယောင်တုန်မှ အလိုလို မေးမြန်းလာခဲ့မိသည် “ အစစ်အမှန် သိုင်းပညာဌာနက အဲ့ဒီလျှို့ဝှက်ချက်တွေများလား? “
“ မဖြစ်နိုင်ဘူး !! “
သူသည် ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည် “ မင်းက ကျောင်းကို ရောက်လာခါစပဲ ရှိသေးတယ်လေ၊ အဲ့တာတွေကို သုတေသနလုပ်ဖို့အတွက် မင်းက ဘယ်လိုလုပ် အဆင့်မှီမှာလဲ? “
“ ငါက သွေးကြောမှတ် ၃၀တည်းနဲ့ နတ်သိုင်းဌာနက သွေးကြောမှတ် ၁၀၀ကျော်တဲ့လူတွေကို အမှောက်သိပ်ပြီး သတ်နိုင်ခဲ့တာလေ။ ငါက ဘယ်လိုလုပ် အဆင့်မမှီဘဲ နေမှာလဲ? “
ရှုကျိုးမှ ဂုဏ်ယူဝင့်ကြွားစွာ ပြောလာခဲ့သည် “ မင်းကို ပြောပြရမှာကို ငါမကြောက်ဘူး၊ အစစ်အမှန် သိုင်းပညာဌာနက ငါ့ကို အဓိကကျောင်းသားတစ်ယောက်အဖြစ် ဆက်ဆံနေပြီ၊ ငါက ဒီလထဲမှာ လေ့ကျင့်ရေးအပြင် သုတေသနတွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေရပြီ “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါက စိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် ဘာ့အတွက်ကြောင့် နောက်ကျနေရတယ်လို့ မင်းက ထင်နေတာလဲ? “
“ ငါက ကြောက်နေတယ်လို့ တကယ်ကြီး ထင်နေတာလား? မင်းတို့ကောင်တွေကို အဖက်လုပ်ဖို့ ငါ့မှာ အချိန်မရှိလို့ပဲ “
လျူယောင်တုန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး၊ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ မင်းပြောတာက မှန်၊ မမှန်ဆိုတာကို ဘယ်သူက သိမှာမို့လို့လဲ? မင်းက ကြောက်နေတာလို့ပဲ ငါထင်တယ် “
မင်းက ဘယ်လောက်ပဲ အလုပ်ရှုပ်နေရှုပ်နေ တိုက်ပွဲတစ်ပွဲအတွက်တောင် အချိန်မရှာနိုင်ဘူးလား? “
ရှုကျိုးမှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ငါ သုတေသနလုပ်နေတဲ့ ဟာတွေက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို မင်းမသိပါဘူး “
“ အချိန်နည်းနည်းလေးတောင် မရဘူးလား? “
“ မရဘူး “
ထိုစကားကို ပြောလာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ပြတ်ပြတ်သားသား လှည့်ထွက်သွားတော့သည်။
လျူယောင်တုန်၏ အမူအရာသည် ထပ်ခါတလဲလဲ ပြောင်းလဲသွားခဲ့သည်၊ အဆုံးတွင် သူသည် အံကြိတ်၍ ပြောလာခဲ့သည် “ တကယ်လို့ မင်းက ငါ့အစ်ကိုကို အနိုင်တိုက်နိုင်မယ်ဆိုရင်၊ ငါက မင်းကို ငါ့အစ်ကိုရဲ့ Cအဆင့် လက်နက်ပေးမယ်၊ အဲ့လိုဆိုရင်ကော ဘယ်လိုလဲ? “
…
“ အဲ့ကလေးက ရူးနေတာလားဟ? “
တောင်ထိပ်ပေါ်ရှိ လျူတျန်မု၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
လျူယောင်တုန်က ကျန်းချွမ်ရဲ့ စိတ်စွမ်းအားလက်နက်ကို လောင်းကြေးအဖြစ် တကယ်ကြီး သုံးချင်နေတာလားဟ?
ဒီအကြောင်းကို သူ့ဝမ်းကွဲကရော သိလား?
တစ်ချိန်တည်းမှာပင် ရှုကျိုးမှာလည်း ထပ်မံ၍ ရပ်တန့်သွားခဲ့သည်။
“ Cအဆင့် လက်နက်လား? “ ရှုကျိုး အံ့ဩသွားကာ စိတ်ဝင်တစားရှိသွားခဲ့သည် “ သေချာလား? “
လျူယောင်တုန်မှ လှောင်ပြောင်လာခဲ့သည် “ မင်းသာ ငါ့အစ်ကိုနဲ့ တိုက်ဖို့ ဆန္ဒရှိပြီးတော့ သူ့ကို အနိုင်ယူနိုင်မယ်ဆိုရင် အဲ့လက်နက်ကို ငါပေးမယ် “
ရှုကျိုးမှ ရယ်မောလာခဲ့သည် “ ဆိုတော့ မင်းက ငါရှုံးမယ်လို့ပဲ ထင်နေတယ်ပေါ့? “
“ မင်းသဘောတူလား၊ မတူဘူးလားဆိုတာကိုပဲ ငါ့ကို ပြောစမ်းပါ “ လျူယောင်တုန်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်။
သို့သော် ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ Cအဆင့် လက်နက်ဆိုရင် အကျိုးပြုအမှတ် ထောင်ဂဏန်းလောက်တော့ တန်မှာပဲ၊ မင်းအစ်ကိုက အဲ့တာကို လောင်းကြေးအဖြစ် သုံးခွင့်ပြုမယ်ဆိုတာ သေချာလို့လား? “
လျူယောင်တုန်မှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ငါ့အစ်ကိုက သဘောတူတူ၊ မတူတူ ကိစ္စမရှိဘူး၊ တကယ်လို့ အဆိုးဆုံး ဖြစ်လာမယ်ဆိုရင်တောင်မှ အဲ့တာကို ခိုးလိုက်ရုံပဲ။ ပြီးတော့ မင်းက အဲ့လက်နက်ကို လိုချင်တယ်ဆိုရင် ငါ့အစ်ကိုနဲ့ အရင်တိုက်ခိုက်ရမှာ “
“ တကယ်လို့ မင်းက ရှုံးသွားမယ်ဆိုရင် ငါက Cအဆင့် လက်နက်ကို ပေးမှာမဟုတ်ဘူး “
ရှုကျိုး၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်၊ သူသည် အနည်းငယ် သွေးဆောင်ခံလိုက်ရသည့်ပုံပင်။
လျူတျန်မု မအံ့ဩသွားခဲ့ပေ၊ Cအဆင့် လက်နက်သည် ဆွဲဆောင်မှုအား အလွန်ကောင်းလှသည်၊ ရှုကျိုးသာလျှင် မဟုတ်ဘဲ သူကဲ့သို့သော တတိယအဆင့် ပညာရှင်တစ်ဦးကပင် ၎င်းကို စိတ်ဝင်စားနေခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင်
ရှုကျိုးသည် အဆွဲဆောင်ခံလိုက်ရသည့် အမူအရာကို ဖော်ထုတ်ပြသလာခဲ့ပြီး၊ တလေးတနက် ပြောလာခဲ့သည် “ တကယ်လို့ မင်းက Cအဆင့် လက်နက်ကို တကယ် ယူနိုင်မယ်ဆိုရင် ငါက မင်းရဲ့အစ်ကိုနဲ့ တိုက်မယ် “
“ ဒီလောက်မြန်မြန်ကြီး သဘောတူမနေနဲ့ဦး “ လျူယောင်တုန်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ တကယ်လို့ မင်းက ရှုံးသွားရင်ကော? “
“ မင်းက ဘာပြောချင်တာလဲ? “
“ တကယ်လို့ ငါ့အစ်ကိုက ရှုံးသွားမယ်ဆိုရင် ငါက မင်းအတွက် အကြီးကြီး စွန့်စားပြီးတော့ Cအဆင့် လက်နက်ကို ခိုးပေးရမှာလေ၊ ဒါပင်မဲ့ မင်းရှုံးသွားမယ်ဆိုရင်လည်း တန်ဖိုးတစ်ခုခု ပြန်ပြီးတော့ ပေးချေသင့်တယ် မဟုတ်ဘူးလား? “
ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည် “ ငါ့ကို စိန်ခေါ်တာက မင်းတို့ကောင်တွေလေ၊ ငါက ဘာလို့ တန်ဖိုးတစ်ခု ပေးချေရမှာလဲ? “
“ အဲ့တာဆိုရင်တော့ ဒီကိစ္စပျက်ပြီ “ လျူယောင်တုန်မှ အေးစက်စွာ ပြောလာခဲ့သည် “ ငါမင်းကို ပြောပြီးသားလေ၊ ငါက ဒီကာလအတွင်းမှာပဲ Cအဆင့် လက်နက်ကို ယူပေးလို့ရမှာ၊ မင်းက နောက်မှ လာတိုက်မယ်ဆိုရင်တော့ ငါက အဲ့တာကို ယူပေးလို့ရမှာ မဟုတ်တော့ဘူး “