← Chapters

သူ လက်ရှိ နေနေရတဲ့ ဘဝက ခင်များတို့ထက် ဆယ်ဆသာတယ်

Vol. 12 Ch. 116

သူ လက်ရှိ နေနေရတဲ့ ဘဝက ခင်များတို့ထက် ဆယ်ဆသာတယ်

Vol. 12 Ch. 116

လိုက်စထွင်း စခရင်ထက်တွင် ပေါ်လာသည်နှင့် သက်လတ်ပိုင်း အမျိုးသမီးကြီးက ထင်မှတ်မထားသည့် တစ်စုံတစ်ခုကို ပြုလုပ်လာသည်။

သူမက ဝတ်ထားသည့် အဖြူရောင် တီရှပ်ကို ကင်မရာရှေ့သို့ ဆွဲပြ၍ အပေါ်တွင်တော့ အသက် ၂ နှစ် သို့မဟုတ် ၃ နှစ်အရွယ်ရှိမည့် ကောင်လေးတစ်ဦး၏ ဓာတ်ပုံရှိနေသည်။

ကလေးရဲ့ အကြောင်းကိစ္စကိုလည်း ပုံ၍ ဘေးနှစ်ဖက်ခြမ်းတွင် ရေးသားထားသည်။

ဖုန်းနံပါတ်တွေလည်း အများအပြား ရှိနေသည်။

အသုံးဝင်သည့် သဲလွန်စကို ပေးအပ်လာသည့်လူတိုင်း ယွမ်တစ်သန်း ဆုချီးမြင့်ခံရမှာ ဖြစ်၏။

အကယ်၍ ထိုသဲလွန်စက ဤစုံတွဲရဲ့ ပျောက်ဆုံးနေတဲ့ သူတို့သားလေးကို တွေ့ရှိအောင် ကူညီရှာဖွေပေးနိုင်ခဲ့မည်ဆိုပါက ဆုကြေးငွေက ယွမ် သုံးသန်းပင်။

အကယ်၍များ တစ်စုံတစ်ယောက်က ကလေးကို သူတို့ထံ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာပေးမည်ဆိုပါက ယွမ်ငါးသန်း ဆုချီးမြင့်မည်ဖြစ်ကြောင်းလည်း အသီးသီး ရေးသားထားသေးသည်။

သက်လတ်ပိုင်း အမျိုးသမီးကြီးက ကလေးရဲ့ ဓာတ်ပုံကို ပြသလာသည့် အချိန်တွင် သက်လတ်ပိုင်း အမျိုးသားက ဝမ်းနည်းစွာ ဆိုသည်။ “ ဒေါက်တာချန် … သူတို့ပြောကြတာတော့ မင်းက အကုန်သိတယ်တဲ့ … ကျေးဇူးပြုပြီး ငါတို့ မိသားစုလေးကိုလည်း ကူညီပေးပါဦးကွာ ….”

“ ဒီကလေးရဲ့ အဘိုးအဘွားတွေက ဒီနှစ် အသက် ရှစ်ဆယ်ထဲမှာ ….”

“ ဆရာဝန်ပြောတာတော့ သူတို့မှာ အချိန် နောက် ၂ နှစ်ပဲ ကျန်တော့တယ်တဲ့ …. ငါ့မိဘတွေ လိုချင်တာက ပြန်ပေးဆွဲခံသွားရတဲ့ သူတို့ မြေးလေးကို တစ်ခါလောက် တွေ့သွားချင်ရုံပဲ ….”

“ ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါကွာ …. ဘယ်လောက်ပဲ ပေးရ ပေးရ ၊ ငါတို့မင်းကို ပေးပါ့မယ် …..”

“ တကယ်လို့ ယွမ်ငါးသန်းက မလုံလောက်ဘူးဆိုရင် ငါတို့ ရှစ်သန်းပေးမယ် … ဆယ်သန်းဆိုလည်း ရတယ် ….”

သက်လတ်ပိုင်း အမျိုးသားက ကလေးအကြောင်း ပြောနေစဉ်တွင် အမျိုးသမီးကြီးက နှာသံ တရွှတ်ရွှတ် ဖြစ်နေပြီ ဖြစ်သည်။

သူ့ခင်ပွန်း စကားဆုံးတော့ သူမက ဆက်ပြောလာသည်။ “ ကျေးဇူးပြုပြီး ကျွန်မတို့သားလေးကို ရှာပေးပါ ဒေါက်တာချန် … ကျွန်မ ဒူးထောက်ပါတယ် ….”

ထိုသို့ ပြောပြီးနောက် သက်လတ်ပိုင်း အမျိုးသမီးက လက်တွေ့ ဒူးထောက်လာခဲ့သည်။

“ ဒီရဲ့ လူနာ … ကျေးဇူးပြုပြီး အဲ့လို မလုပ်ပါနဲ့ … ရပ်လိုက်ပါ …”

“ ခင်များတို့ ခံစားနေရတဲ့ ခံစားချက်တွေကို ကျုပ် ကောင်းကောင်းနားလည်တယ် … ကျေးဇူးပြုပြီး ဒူးမထောက်ဘဲ ကျုပ်ကို ပုံမှန်ပဲ ပြောပါ ….”

သက်လတ်ပိုင်း အမျိုးသားက အမျိုးသမီးကြီး၏ ခင်ပွန်းပင်။ ချန်ယွီ့ စကားကို ကြားတော့ သူ့မိန်းမကို အလျင်အမြန် ဖေးမပေးလိုက်၏။

“ မိန်းမ … သန်မာစမ်းပါ … ငါတို့ ဒေါက်တာချန်နဲ့ စကားပြောခွင့် ရတယ်ဆိုတာ မိုးနတ်မင်းကြီးက တို့ကို အခွင့်အရေး ပေးလိုက်တာပဲ ….”

“ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား …. ဒေါက်တာချန်ကို အခက်တွေ့အောင် မလုပ်နဲ့ …..”

သူ့ဇနီးသည်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သက်လတ်ပိုင်း အမျိုးသားမှာ အသိစိတ်ကပ်နေသေးသည်ဟု ပြောရမည်။

သူက ချန်ယွီ့ကို ဆက်တိုက် တောင်းပန်နေသည်။

သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ သားငယ်လေးကို ရှာဖွေဖို့အတွက် သူနှင့် သူ့ဇနီးမှာ ဤနှစ်များ တစ်လျှောက်လုံးတွင် တစ်နိုင်ငံလုံးအနှံ့ ခရီးတွေ ထွက်ခဲ့သည်။

သူတို့တွေ ပိုက်ဆံ ဘယ်လောက်များများ သုံးခဲ့ပြီးပြီလဲဆိုတာ မှတ်တောင် မမှတ်ထားနိုင်တော့လောက်သည်အထိ ဖြစ်၏။

ဇနီးဖြစ်သူကလည်း သူမရဲ့ သားအကြောင်းကို နေ့နေ့ညည တွေးတောရင်း မျက်ရည်နှင့်ပဲ အမြဲတမ်း မျက်နှာသစ်နေရသည်။

ချန်ယွီ့ကို မြင်တွေ့ရသည်က မျှော်လင့်ချက် လင်းရောင်ခြည်ကို တွေ့ဆုံလိုက်ရသည့်နှယ်ပင်။ ထို့ကြောင့် သူမမှာ တဒင်္ဂမျှ အသိစိတ် လွတ်သွားခြင်း ဖြစ်သည်။

“ ဦးလေး နဲ့ အန်တီ … ဝမ်းမနည်းနဲ့ …. ခင်များတို့ ကလေးရဲ့ ဓာတ်ပုံကို ကျွန်တော် ယူထားပြီးပြီ…. ခဏနေကျရင် ဂရုချက်ထဲ ပို့ပေးပြီး ကျွန်တော့်သူငယ်ချင်းတွေကို ကူရှာခိုင်းလိုက်မယ် …..”

“ ကလေးက သူ့ဘာသူ ပျောက်သွားတာလား … ဒါမှမဟုတ် လူကုန်ကူးသမားတွေ ပြန်ပေးဆွဲသွားတာလား ….”

“ သူ့ အသက်က ဘယ်လောက်လဲ ….”

“ ရေးထားတာတော့ ပျောက်သွားခဲ့တာ ၂၃ နှစ်ကြာပြီတဲ့ …..”

“ ဒါဆို အတော်ကြာနေပြီပဲ …. သူ့ကို ပြန်တွေ့ဖို့ အတော်လေး ခက်ခဲလောက်တယ် ….”

“ အားလုံးပဲ … ငါတို့ အခု ဘယ်သူ့လိုက်စထွင်းထဲ ရောက်နေတာလဲဆိုတာကိုလည်း မေ့မနေကြနဲ့ဦးလေ ….”

ဤ ကွန်းမန့်က လူတိုင်းကို လှုပ်နှိုးလိုက်သကဲ့သို့ပင်။

အစောပိုင်းတုန်းက စကားပြောခန်းထဲရှိ ကြည့်ရှုသူများမှာ စုံတွဲ၏ စိတ်ခံစားချက်များ သက်ရောက်ခံလိုက်ရပြီး ဝမ်းနည်းနေမိကြသည်။

အဆိုပါ ကွန်းမန့်ကို ဖတ်ရှုပြီးနောက်တွင်တော့ သူတို့ ဦးနှောက်ထဲတွင် ‘ဟုတ်သား ‘ဆိုသည့် အတွေးတို့က တစ်ပြိုင်တည်း ထွက်လာကြ၏။

ယခု …. သူတို့က ချန်ယွီ့နှင့် စကားပြောနိုင်နေပြီ ဖြစ်ရာ သူတို့ကလေး ပြန်ရှာမတွေ့မှာကို ပူစရာ မလိုတော့ချေ။

လူပျောက်တာလေးလောက်ကတော့ ချန်ယွီ့ မိနစ်ပိုင်းလေးအတွင်းမှာပဲ ရှာဖွေပေးနိုင်သည်။

ယုတ်စွအဆုံး စကားကုန်အောင် ပြောရမည်ဆိုပါက ….

အကယ်၍ ကလေးက အသက်ရှင်လျက် မရှိတော့လျှင်ပင် ချန်ယွီ့က သက်လတ်ပိုင်း စုံတွဲကို ကူပြီး လူသတ်သမားကို ရှာဖွေပေးနိုင်သည်။

သက်လတ်ပိုင်း စုံတွဲလည်း တူညီသည့် အတွေးကို တွေးတောနေခဲ့ကြသည်။

ပျောက်သွားခဲ့တဲ့ သူတို့ကလေးကို ရှာဖွေဖို့အတွက် ၂၃ နှစ်လုံးလုံး နိုင်ငံရဲ့ နေရာပေါင်းစုံကို ခရီးတွေ ထွက်ခဲ့ကြသည်။

သဲလွန်စတစ်ခု ရရှိသည်နှင့် ချက်ချင်း အပြေးအလွှား သွားရောက်ကြပြီး နေရာနှစ်ခုက မည်မျှ ဝေးလံနေပါစေ ၊ ဂရုမစိုက်ပေ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှာပဲ သူတို့ရဲ့ သားအကြီးဆုံးက ဖုန်းခေါ်လာသည်။

ချန်ယွီ့ အမည်ရသည့် လူထူးဆန်းတစ်ယောက်က အွန်လိုင်းပေါ်တွင် အရာရာကို မသိတာမရှိ ဟူ၍ နာမည်ကြီးနေကြောင်း ပြောပြသည်။ ရှေးခေတ် ကျူးကော်လျန်ကဲ့သို့ပင်။

အကယ်၍ သူတို့သာ သူနှင့် ဆက်သွယ်နိုင်ခဲ့မည်ဆိုပါက ပျောက်ဆုံးနေတဲ့ သူ့ညီလေးကို ရှာဖွေပေးကောင်း ရှာဖွေပေးနိုင်မည်။

လိုက်စထွင်းထဲရှိ ကြည့်ရှုသူများက ချန်ယွီ့ကို နတ်ဘုရားသဖွယ် ဆက်ဆံနေတာကို မြင်တော့ စုံတွဲမှာ ရှော့ခ်ရသွားခဲ့သည်။

သက်လတ်ပိုင်းအမျိုးသားမှာ သူ့သားလေးကို ပြန်ရှာတွေ့ဖို့ ပိုပြီး ယုံကြည်ချက် ရှိလာသည်။

သူ့ဇနီးကို စိတ်နှစ်သိမ့်ပေးပြီးနောက် အတိတ်ကာလတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်ပြောင်းပြောပြသည်။

လွန်ခဲ့တဲ့ ၂၃ နှစ်ခန့်က ၊ သက်လတ်ပိုင်း အမျိုးသားနှင့် သူ့ဇနီးမှာ ဆွေမျိုးသားချင်း တစ်ချို့နှင့်အတူ မြို့ပြင်ဘက်သို့ အလုပ်ခရီးထွက်ခဲ့သည်။

အိမ်တွင် ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးမည့်လူ မရှိသည့်အတွက် သားနှစ်ယောက်ကိုလည်း သူတို့နှင့်အတူ ခေါ်လာခဲ့ကြသည်။

တစ်နေ့သော မွန်းလွဲပိုင်း ၊ ဆိုင်ကလည်း အလုပ်တွေ များနေချိန်။

ခင်ပွန်းနှင့် ဇနီးသည်က ဧည့်သည်များကို ကြိုဆိုသည့် ကိစ္စနှင့် အလုပ်များနေခဲ့ပြီး ဝင်ပေါက်ဝတွင် တစ်ယောက်တည်း ဆော့ကစားနေသည့် အငယ်လေးကို အာရုံမပေးမိကြချေ။

ဧည့်သည်များ ပြန်လည် ထွက်ခွာသွားသည့် အချိန်ကျတော့မှ သူတို့သားငယ်လေး ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့ကြလေသည်။

လင်မယားနှစ်ယောက်လုံး ရူးမတတ် ဖြစ်သွားခဲ့ကြပြီး အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ကို ခေါ်၍ နေရာအနှံ့ လိုက်ရှာကြသည်။

တစ်နေ့နှင့် တစ်ည ရှာဖွေပြီးသည့်တိုင် ကလေးရဲ့ မည်သည့် ခြေရာလက်ရာကိုမျှ မမြင်တွေ့ခဲ့ရချေ။

“ ငါ့အမှားတွေပါ … အဲ့တာတွေက အကုန် ငါ့အမှားတွေပါ …”

ထိုနေရာအရောက်၌ စောနလေးတင် စိတ်တည်ငြိမ်သွားသည့် သက်လတ်ပိုင်းအမျိုးသမီးကြီးက လက်မြှောက်၍ ကိုယ့်ပါးကိုယ် ပြင်းထန်စွာ ရိုက်နှက်တော့သည်။

“ ငါသာ နည်းနည်းလောက်ပဲ ပိုပြီး အာရုံထားခဲ့မိရင် သားလေးကိုလည်း ခေါ်သွားနိုင်မှာ မဟုတ်ဘူး ….”

သက်လတ်ပိုင်း အမျိုးသားမှာ သူ့သား ပျောက်ဆုံးသွားခဲ့သည့် နေ့ရက်နှင့် အချိန်ကို ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။

သူ့ သားငယ်ကို နောက်ဆုံးမြင်တွေ့ခဲ့သည့် အခိုက်အတန့်နှင့် ပျောက်ဆုံးသွားကြောင်း သတိပြုမိသည့် အခိုက်အတန့်ကိုလည်း အတိအကျ မှတ်မိနေသေးသည်။

အိမ်နီးချင်းများ သူတို့ကလေးကို မမြင်တွေ့မိသည့် အချက်ကပင် ကလေးက သူ့ဘာသူ ပျောက်ဆုံးသွားခြင်း မဟုတ်ကြောင်း သိသာသည်။

လူကုန်ကူးသမားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ရမည်။

“ အမျိုးသမီးနဲ့ ကလေးတွေကို ဖမ်းပြီး ရောင်းစားနေကြတဲ့ အဲ့ဒီ လူကုန်ကူးသမားတွေကို သေဒဏ်ပေးမယ့် ဥပဒေက ဘယ်တော့မှ ပေါ်လာမှာလဲ ….”

“ စစ်တမ်းတွေအရဆိုရင် တစ်နှစ်ကို ပျောက်သွားတဲ့ ကလေးတွေ ... ဒါမှမဟုတ် ပြန်ပေးဆွဲခံလိုက်ရတဲ့ အရေအတွက်က ၂၀၀,၀၀၀ လောက်ရှိတယ် ….”

“ မင်းတို့ မိဘတွေက မင်းတို့ကို မချစ်တာ မဟုတ်ပါဘူး … သူတို့က မင်းကို ရှာမတွေ့လို့ပါ ….”

“ ငါလေး အခု ငိုနေပါပြီ ….”

“ ကလေးတိုင်း သူတို့ရဲ့အိမ်ကို ပြန်တွေ့နိုင်ကြပါစေကွာ ….”

“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်တဲ့အချိန်တိုင်း ငါ့မှာ စပ်ဖြီးဖြီးနဲ့ …. အခုများတော့ ငိုနေရပြီ ….”

မေမေ ၊ ဖေဖေများ ဖြစ်လာပြီးသည့် တစ်ချို့သော ကြည့်ရှုသူများမှာ ကလေးများနှင့် ပတ်သက်သည့် ဝမ်းနည်းဖွယ်ရာ သတင်းကိစ္စများကို ကြားလျှင် ကိုယ့်ကလေးသာဆိုလျှင် ဆိုသည့် စိတ်နှင့် ဝမ်းနည်းတတ်ကြသည်။

စကားပြောခန်းထဲတွင် ရှိခဲ့ဖူးသည့် စိတ်လှုပ်ရှားစရာ ကွန်းမန့်များနှင့် ပျော်ရွှင်နေကြသည့် ကွန်းမန့်များ ပျောက်ကွယ်ကုန်သည်။

ကွန်းမန့်အကုန်လုံးက သက်လတ်ပိုင်း စုံတွဲအပေါ် သနားစာနာမှုနှင့် လူကုန်ကူးသမားများအပေါ် မုန်းတီးမှုတို့သာ ပြည့်နှက်နေခဲ့သည်။

ပြီးတော့ … ကလေးအတွက်လည်း အတိုင်းအဆမဲ့ နောင်တတို့ပင်။

အင်တာနက် မကြာခဏသုံးသည့် လူတိုင်း လူကုန်ကူးသမားများက သူတို့ ဖမ်းမိထားသည့် ကလေးများကို ဈေးကောင်းကောင်းနှင့် ပြန်ရောင်းစားရုံတင်သာမက ၊ ကလေးတွေကို နှိပ်စက်တတ်လေ့ ရှိကြောင်းလည်း သိကြသည်။

ယင်းက ကလေးကို အပိုးကျိုးစေရန်နှင့် သူတို့ စကား အမိန့်တိုင်းကို နာခံတတ်စေရန်အတွက်ပင်။

တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် ထိုအချိန်မှာပဲ သက်လတ်ပိုင်း အမျိုးသားက လူကုန်ကူးသမားများ ကလေးတွေကို မည်သို့ညှင်းပန်းနှိပ်စက်ကြောင်း ပြောဆိုနေသည့် ကွန်းမန့်များကို မြင်တွေ့သွားသည်။ သူ့မျက်နှာ ချက်ချင်းပဲ ဖြူလျော်သွား၏။

“ ဒေါက်တာချန် … ငါ့ကလေး နှိပ်စက်ခံနေရတာလား ဒါမှမဟုတ် သူ ပျော်ရွှင်နေလား ပြောပြပေးနိုင်မလား ….”

“ ဒီရဲ့လူနာ … ကျုပ် ခင်များကို တစ်ခု အတည်ပြုပေးချင်တယ် … ကျုပ်က ဗေဒင်စရာ မဟုတ်ဘူး …”

“ အနာဂတ်ကိုလည်း မခန့်မှန်းနိုင်ဘူး … ကျုပ် အခုပြောမှာက သိပ္ပံနည်းပညာအပေါ် အခြေခံထားတဲ့ ရောဂါဆန်းစစ်မှုပဲ …”

ဤသို့ပြောပြီးနောက် ချန်ယွီ့ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

သူ သက်လတ်ပိုင်းအမျိုးသားကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ဇနီးဖြစ်သူကို ကြည့်လိုက်ပြီး “ သူ သိပ်ပြီးမှတော့ ပျော်ရွှင်မနေဘူး ….”

“ ငါ သိနေတယ် …. ငါသိနေခဲ့တယ် … ခွေးသူတောင်းစား တိရစ္ဆာန်ကောင်မှာ လူစိတ်သူစိတ် ရှိဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာ….”

သက်လတ်ပိုင်း အမျိုးသားက ကျိန်ဆဲလိုက်၏။

“ လူကုန်ကူးသမားတွေပဲ ဖြစ်ဖြစ် ၊ ငါ့ကလေးကို ဝယ်သွားတဲ့လူပဲ ဖြစ်ဖြစ် ငါ့သားလေးကို သေချာကောင်းကောင်းမွန်မွန် ဂရုစိုက်ကြမှာ မဟုတ်ဘူး ….”

“ အခုချိန်လောက်ဆို သူ့ဘဝလည်း သိပ်ကို ကြမ်းတမ်းနေရောပေါ့ … သူ့ကို ဝယ်သွားတဲ့ လူတွေအတွက် အလုပ်ကြိုးစားနေရတာမျိုးတောင် ဖြစ်နိုင်တယ် …”

ကြည့်ရှုသူများလည်း ထောက်ခံနေကြသည်။

လူကုန်ကူးသမားများထံမှ ငွေကုန်ကြေးကြခံပြီး ကလေးတစ်ယောက်ကို ဝယ်ယူသည့်မိသားစုက ကောင်းမွန်သည့် မိသားစု လုံး၀ မဖြစ်နိုင်ပေ။ ဝယ်ပြီး ငယ်ငယ်ရွယ်ရွယ်လေးနှင့် ခိုင်းစားနေဖို့က များသည်။

ကလေးရဲ့ ဘဝက အတော့်ကို သနားဖို့ကောင်းနေမှာ ဖြစ်၏။

“ ခင်များ အထင်လွဲနေပြီ …. ကျုပ်ပြောခဲ့တာက သူ သိပ်ပျော်မနေဘူးလို့ပဲ ပြောခဲ့တာ … သူ့ဘဝကြီး ခက်ခဲကြမ်းတမ်းနေပါတယ်လို့ မပြောခဲ့မိဘူး ….”

“ ကျုပ် ပြောနေတာက ဒီနေရာအကြောင်း ….”

ချန်ယွီ့က သူ့ရင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

“ သူက ဒီတိုင်း စိတ်ထဲမှာ အတွင်းလွန်ဆွဲပွဲ ဖြစ်နေရုံပဲ ….”

“ သူ အခု နေနေတဲ့ လက်ရှိ အခြေအနေကတော့ … ခင်များတို့ မိသားစုထက်ကို ဆယ်ဆသာတယ် ….”

စကားပြောခန်းထဲရှိ ကြည့်ရှုသူများနှင့် သက်လတ်ပိုင်း စုံတွဲမှာ အံ့အားသင့်သွားခဲ့သည်။

နဂို မိသားစုကနေ ပျောက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝက သာယာကောင်းမွန်နေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….

All Chapters