ပျက်စီးအောင် အလိုလိုက်ခြင်း
Vol. 12 Ch. 118
ကြည့်ရှုသူတိုင်းက မသင်မနေရ ဆယ်နှစ်တာ ပညာရေးစနစ်ကို ကျော်ဖြတ်ခဲ့ကြသူများ ဖြစ်ပြီး သူတို့အတွက် ချန်ယွီ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ဖို့ရာ မခဲယဉ်းပေ။
လူငယ်လေးက သူ့မိဘများမှာ သူ့ရဲ့ မွေးရင်း မိဘတွေ မဟုတ်ဘူးဆိုတာကို သိထားပြီးနေလေပြီ။
မဟုတ်ပါက အဘယ်ကြောင့် ထိုနေရာသို့ သွား၍ သွေးနမူနာ ချန်နေလိမ့်မည်နည်း။
သူ့ရဲ့ သွေးရင်း မိဘများနှင့် တွေ့လိုနေသည်မှာ သိသာလှသည်။
သက်လတ်ပိုင်း အမျိုးသားက သူ့ပေါင်သူ ဗြုန်းခနဲ ရိုက်လိုက်သည်။
“ ဘယ်လောက်တောင် သဘောထားပြည့်ဝလိုက်တဲ့ လူလဲ … ငါ့သားကတော့ တကယ့် မိသားစုကောင်းနဲ့မှ သွားတိုးတာပဲ …”
“ သူ့မွေးစားမိဘတွေက သူ့ကို အဖြစ်မှန် ပြောပြလိုက်တာပဲ ဖြစ်ရမယ် … အဲ့တာကြောင့်ပဲ ဒေတာစင်တာကို သွားပြီး ငါတို့ကို ရှာချင်နေတာ ဖြစ်ရမယ် ….”
ထိုစကားကြားတော့ စကားပြောခန်းထဲရှိ ကြည့်ရှုသူများကလည်း ဖြစ်နိုင်သည်ဟု ညီညီညွှတ်ညွှတ် တွေးတောလိုက်ကြသည်။
အကယ်၍ မွေးစားမိဘများကသာ စကားတစ်ခွန်း မဟဘူးဆိုပါက ကလေးက သူ့နောက်ခံကို မည်သို့ သိနိုင်လိမ့်မည်နည်း။
ယေဘုယျအားဖြင့် ကလေးကို ဝယ်ယူခဲ့ဖူးကြသူများမှာ ကလေးနှင့် ပတ်သက်သည့် ထိုသို့သော သတင်းအချက်အလက်များကို တင်းကြပ်ထားလေသည်။
ကလေးက သူတို့ကို စွန့်ပစ်ထားသွားမှာကို စိုးရိမ်ပြီး အနာဂတ်တွင် ဆက်ပြီး ဂရုမစိုက်တော့မှာကို စိုးရိမ်သောကြောင့်ပင်။
ဒါမှမဟုတ် သူတို့တွေ ကလေးကို ပျိုးထောင်ရန် ကုန်ကျခဲ့သည့် ပိုက်ဆံများအားလုံး သဲထဲရေသွန် ဖြစ်သွားမှာကို ကြောက်ရွံ့ကြ၏။
တစ်ချို့ ရောင်းစားခံလိုက်ရသည့် ကလေးများမှာ သူတို့ကို ပျိုးထောင်ပေးခဲ့သည့် မိဘများက သူတို့ရဲ့ သွေးရင်း မိဘတွေ မဟုတ်ကြဘူးဆိုတာကို နောက်ဆုံးအချိန်ထိတိုင် သိသွားခွင့်မရရှာဘဲ သေဆုံးသွားကြရသည်။
ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ချန်ယွီ့ စကားဖြေဆိုလိုက်၏။
“ ခင်များ မှားနေပြီ ….”
“ သူ့ မွေးစားမိဘတွေက သူ့ကို အဖြစ်မှန် မပြောပြရသေးဘူး ….”
“ ခင်များတို့တွေ သူ့ကို ရှာမတွေ့အောင်လို့ဆိုပြီး သူတို့က ကလေးရဲ့ နှုတ်ခမ်းထောင့်မှာ ရှိတဲ့ မှဲ့ကိုတောင် ဆာဂျရီလုပ်ခဲ့ကြသေးတယ် ….”
ကလးရဲ့ မွေးစားမိဘတွေကို မည်သို့မည်ပုံ ဆွေးနွေးနေကြသည့် သက်လတ်ပိုင်း လင်မယားမှာ ထိုစကားကြားတော့ ရုတ်ချည်း အေးခဲတောင့်တင်းသွားသည်။
ချန်ယွီ့ စကားတို့က သူတို့ရဲ့ စိတ်ကို မိုးကြိုးပစ်ခွင်းလိုက်သည့်နှယ် ပေါက်ကွဲထွက်သွားစေသည်။
မဟုတ်သေး … သူတို့ယူဆထားတဲ့ အတွေးတွေ အကုန်လုံးက မှားယွင်းနေခဲ့တာ ဖြစ်လိမ့်မည်။
သူ့သားရဲ့ လက်ရှိ မိဘတွေက သူ့မွေးရင်း မိဘတွေ မဟုတ်ဘူးဆိုတာကို ရှာတွေ့သွားရခြင်း အကြောင်းအရင်းက မွေးစားမိဘတွေ ပြောလိုက်၍လည်း မဟုတ်။
ထို့ပြင် …
မွေးစား မိဘများက ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မွေးရာပါ မှဲ့အမှတ်ကိုပင် ဖျက်စီးခဲ့ကြသည်။
ထိုလုပ်ပုံ တစ်ခုတည်းကို ကြည့်ရှုလျှင်ပင် ကလေးကို မွေးစားထားသည့် အကြောင်း ပြောပြဖို့ စိတ်ကူးမရှိသည်မှာ သိသာသည်။
“ ခင်များတို့နှစ်ယောက် လက်ခံနိုင်ဖို့ ခက်ခဲမယ်ဆိုတာ ကျုပ်နားလည်တယ် …”
“ ဒါပေမယ့် ဒါတွေ အကုန်လုံးက ကျုပ် သိပ္ပံနည်းကျ ဆန်းစစ်လေ့လာပြီး ရှာတွေ့ခဲ့တာတွေချည်းပဲ ….”
“ ကျုပ် အစောပိုင်းတုန်းက ပြောခဲ့သလိုမျိုးပဲ … ချမ်းသာတယ်ဆိုတိုင်းလည်း သူတို့ရဲ့ ကိုယ်ကျင့်တရားတွေက တခြားလူတွေထက်ပိုပြီး မြင့်မားနေတာမျိုး မဟုတ်ဘူး …” ချန်ယွီ့ ဖြည်ညင်းစွာ ပြောလိုက်၏။
“ ကလေးက သူ့နောက်ခံကို သိသွားခဲ့တာကလည်း သူ့ဘာသူ ဝေဖန်သုံးသပ်ကြည့်တာကြောင့်ပဲ …”
“ ခင်များတို့သားက အတော်လေး ဉာဏ်ကောင်းတာကိုတော့ ချီးကျူးရမယ်…”
“ သူ ငယ်ငယ်လေးတုန်းကတည်းကရင် မူမမှန်တဲ့ကိစ္စတစ်ချို့ကို သတိထားမိနေပြီးသား ….”
“ အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီး သံသယဖြစ်ချင်စရာ ကောင်းတဲ့ အချက်အလက်တွေကို ပိုပြီး သတိထားမိလာတယ် …”
“ နောက်ဆုံးမှာ သူ့ရဲ့ လက်ရှိ မိဘတွေက သူ့ရဲ့ မိဘအရင်းတွေ မဟုတ်ဘူးဆိုတာကို ကောက်ချက်ချလိုက်တာပဲ ….”
ချန်ယွီ့ စကားက ၁၈၀ ဒီဂရီ ဆွဲလှည့်လိုက်သည်နှယ် လူတိုင်းကို လမ်းပေါ်မှ ချော်ထွက်သွားစေသည်။
သက်လတ်ပိုင်း အမျိုးသမီးက အလျင်စလို မေးလိုက်၏။ “ သူတို့တွေက ကျွန်မသားလေးကို သူတို့ရဲ့ သားအရင်းမဟုတ်ပါဘူးဆိုတာ သိသာအောင် ဘယ်လို ကိစ္စတွေ လုပ်ခဲ့လို့လဲ …”
“ ကျွန်မကို ကျေးဇူးပြုပြီး အမြန်လေး ပြောပြပါ ဒေါက်တာချန်ရယ် ….”
သက်လတ်ပိုင်း စုံတွဲလင်မယားက ကိုယ်ထူကိုယ်ထ ချမ်းသာလာခဲ့ခြင်း ဖြစ်ပြီး သူတို့ရဲ့ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်းက သာမန်လူအများစုထက်ကို ကျော်လွန်နေသည်။
အကယ်၍ မွေးစားမိဘများကသာ သူတို့သားလေးကို သူတို့ရဲ့ ကိုယ်ပိုင် သားအရင်းကဲ့သို့ ပြုစုပျိုးထောင်ပြီး သေချာဂရုတစိုက်နှင့် စောင့်ရှောက်ပေးခဲ့မည်ဆိုပါက သူတို့သားလေးဟာလည်း မူမမှန်သည့် မည်သည့်အရာကိုမျှ သတိထားခဲ့မိမှာ မဟုတ်ချေ။
“ ခင်များရဲ့ သားလေးက အသက်သုံးနှစ်မှာ ဝယ်ပြီး မွေးစားခံလိုက်ရတယ် …”
“ ပထမ ၂ နှစ်မှာ သူ့ရဲ့ မွေးစားမိဘတွေက သူတို့ကိုယ်ပိုင် သားအရင်းတစ်ယောက်လိုပဲ ခင်များတို့သားကို စောင့်ရှောက်ပေးခဲ့တယ် ….”
“ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့မွေးစား အမေမှာ နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ရလာတယ် … တစ်နှစ်ကြာတော့ မွေးလာခဲ့တာက ယောက်ျားလေး …”
“ အဲ့မှ ချက်ချင်းပဲ ခင်များတို့ရဲ့ သားကို သူတို့ရဲ့ မိဘတွေ ဖြစ်တဲ့ အဘိုးအဘွားတွေဆီ ပို့ထားလိုက်တယ် …”
“ ဒါ ခင်များတို့သား သူ့ရဲ့ ဖြစ်တည်မှုကို သံသယ ဝင်မိတဲ့ ပထမဆုံးအကြိမ်ပဲ … သူက အဲ့အချိန်မှာ အသက် ခြောက်နှစ်တည်း ရှိနေသေးတယ် ဆိုပေမယ့်ပေါ့ ….”
“ ဒုတိယ တစ်ကြိမ် သံသယဝင်မိတာက သူ ကျောင်းတက်တဲ့အရွယ်မှာ ….”
“ ဂျူနီယာ အထက်တန်းကျောင်း စတက်တဲ့ နှစ်မှာ သူ့ကို မွေးစားမိဘတွေက အိမ်ပြန်ခေါ်လာတယ် ….”
“ အဲ့မှာ သူတို့က ကလေးကို ပညာသင်တာက ဘာအသုံးမှ မဝင်ဘူးဆိုတာတွေ ပြောပြတယ် … ဦးနှောက်ဆေးတယ် …”
“ နာမည်ကြီး တက္ကသိုလ်ကနေ ဘွဲ့ရထားရင်တောင် သူတို့မိသားစုအတွက် ဘယ်လို အလုပ်လုပ်ပေးရတဲ့ အလုပ်သမား ဖြစ်သွားလဲဆိုတာ ကလေးကို ပြောပြတယ် …”
“ အဲ့လိုနဲ့ပဲ ခင်များသားလည်း စာသင်ချင်စိတ်တွေ ပျောက်ဆုံးကုန်ပြီး ကျောင်းသွားဖို့ အမျိုးမျိုး ဖီဆန်လာတယ် …”
“ ဂျူနီယာ အထက်တန်းအထိ တက်ပြီးတော့ စာဆက်မသင်တော့ဘူး … အဲ့နောက်မှာ သူ့မွေးစားမိဘတွေရဲ့ ကုမ္ပဏီထဲ အလုပ်ဝင်တယ် …”
“ အဲ့ဒီအချိန်မှာ ခင်များတို့ရဲ့ သားက အသက် ၁၆ ၊ ၁၇ ရှိနေပြီ … စဉ်းစားချင့်ချိန် တွေးခေါ်တတ်နေပြီ ….”
“ သူ့မွေးစားမိဘတွေက သူ့ကို သိပ်အလိုလိုက်မှန်း သတိထားမိတယ် … ဒါပေမယ့် သူတို့ရဲ့ သားသမီးအရင်းတွေကျတော့ သိပ်တင်းကြပ်လွန်းတယ် …”
“ တကယ်လို့များ သူတို့ထဲ တစ်ယောက်ယောက်က ကျောင်းမသွားချင်ဘူး ပြောလာရင် ချက်ချင်းပဲ နာပြီသာမှတ်ပဲ … တစ်ခါတစ်လေဆို ကြိမ်လုံးနဲ့တောင် အပြစ်ပေးတယ် …”
သက်လတ်ပိုင်း အမျိုးသားက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်၏။
“ သူတို့ … သူတို့ ဘယ်လိုတောင် လုပ်ရက်ကြတာလဲ …”
“ ဒီနေ့ခေတ်ကြီးမှာ ရှစ်တန်းအောင်ဆိုတာ ဘာသွားသုံးစားလို့ရမှာ ….”
“ မူလတန်းပဲ တက်ခဲ့ရတဲ့ ငါနဲ့ ငါ့မိန်းမတောင် အဲ့ဒီအချက်ကို သိတိယ် … သူတို့လို အထက်တန်းလွှာ လူတန်းစားတွေက ဒါကို နားမလည်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ….”
“ သူတို့တွေ ရည်ရွယ်ချက် ရှိရှိ လုပ်တာပဲ ဖြစ်ရမယ် … ကျွန်မတို့သားက သူတို့မိသားစုရဲ့ အမွေတွေ ခိုးယူသွားမှာကို ကြောက်လို့ ဖြစ်လိမ့်မယ် …”
ချန်ယွီ့ ပြောပြတာကို နားထောင်ပြီးနောက် သက်လတ်ပိုင်း အမျိုးသမီးကြီးက သူ့ယောက်ျားထက်ပင် ဒေါသထွက်နေခဲ့သည်။
သူတို့ရဲ့ ကြွယ်ဝမှုက တစ်ဖက်လူထက် နိမ့်ကျနေသည်ဆိုသော်လည်း တစ်ဖက်ရဲ့ အတွေးတွေကို ဖောက်ထွင်းမြင်ဖို့ရာ မခဲယဉ်းပေ။ သူတို့လည်း စီးပွားရေးသမားတွေပဲ ဖြစ်၏။
ဤနှစ်များ တစ်လျှောက်လုံးတွင် သူတို့ရဲ့ သားငယ်ကို လိုက်ရှာနေခဲ့ပြီး တောင်ပိုင်းရှိ မြို့များထံသို့ အကြိမ်ရေများစွာ ရောက်ခဲ့ဖူးသည်။
ထိုဒေသ၏ ဓလေ့ထုံးတမ်းတစ်ချို့နှင့် ယောက်ျား ၊ မိန်းမ ခွဲခြားဆက်ဆံမှုကို အတိုင်းအတာတစ်ခုအထိ နားလည်ထားသည်။
ရှေးရိုးစွဲ အယူဝါဒက မိသားစုရဲ့ အမွေကို သားဖြစ်သူကပဲ ဆက်ခံသင့်သည်ဟု စွဲမြဲစွာ လက်ခံထားကြ၏။ တစ်ဖက်က သူတို့တွေ နှစ်ကြိမ်နှစ်ခါ ကလေးယူပြီးသည့်တိုင် အမွေဆက်ခံနိုင်မည့် သားတစ်ယောက်ကို မယူနိုင်ကြသည့်အတွက် လူကုန်ကူးသမားများထံကနေ လူမမယ်အရွယ် ယောက်ျားလေးတစ်ယောက်ကို ဝယ်ယူခဲ့ကြသည်။
ထိုသို့ ဝယ်ယူပြီး မကြာခင်မှာပဲ သူ့မိန်းမက သားလေးတစ်ယောက် ကိုယ်ဝန်ရှိလာသည်။
သူတို့ရဲ့ မွေးစားသားကို အမှိုက်တောင်းထဲ သွားပစ်လို့ကလည်း မဖြစ်သဖြင့် ပညာမတတ်၊ စဉ်းစားဆင်ခြင်ဉာဏ် မရှိသူ တစ်ယောက် မွေးမြူဖို့ အကြောင်းဖန်လာခဲ့သည်။
မိသားစုရဲ့ အမွေကို မွေးစားသား ဘယ်နည်းနဲ့မှ စိတ်ကူးမယဉ်နိုင်စေရန်အတွက် အစွမ်းကုန်ကြိုးစားကြသည်။
အပေါ်ယံကြည့်မည်ဆိုပါက ကလေးကို ချစ်လွန်း၍ အလိုလိုက်နေသည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့တွင်တော့ ကလေးကို အညွှန့်ချိုးပြီး နွံထဲနစ်နေတာနှင့် မခြားပေ။
နောင်တစ်ချိန် ကံကောင်းထောက်မ၍ မိသားစုအမွေကို ဆက်ခံနိုင်ခဲ့လျှင်ပင် ကုမ္ပဏီရှိ မည်သည့် အလုပ်သမားကမျှ အထက်တန်းတောင် မပြီးမြောက်ခဲ့သည့် ချမ်းသာသည့် ဆန်ကုန်မြေလေး သူဌေးသားရဲ့ စကားတွေကို ခေါင်းထဲထည့်ကြမှာ မဟုတ်ပေ။
“ ပညာတတ်တဲ့လူတွေ ရက်စက်ရင် တကယ်ကြောက်ဖို့ ကောင်းတယ်ဆိုတာ အမှန်ပါလား … ဒါ လူကို အသွားမပါတဲ့ ဓားနဲ့ ရိုးရိုးလေးသတ်နေတာပဲ …”
“ တောင်ပိုင်းက လူတွေ သူတို့ မိသားစုရဲ့ အမွေဆက်ခံဖို့ဆိုပြီး သားယောက်ျားလေးကို ဦးစားပေး မွေးကြတယ်လို့ ငါလည်း ကြားဖူးတယ် …”
“ ကြားရတာ ခပ်တုံးတုံးနိုင်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ ဘယ်သူကမှ လောဂျစ်တွေကို လိုက်နာမနေကြဘူး …..”
“ ဝယ်လိုအား မရှိရင် ဈေးကွက်ဆိုတာလည်း ရှိမလာဘူး ….”
“ သူတို့က ကောင်လေးတစ်ယောက်ကို ဒီတိုင်း မိသားစုဆီ ကံကောင်းမှုတွေ ယူဆောင်လာဖို့ မျှော်လင့်ရင်း ဝယ်လိုက်တာ … မင်းတို့ ထင်ထားသလို ကောင်းမနေဘူး …”
ချန်ယွီ့နှင့် သက်လတ်ပိုင်း စုံတွဲကြားရှိ စကားဝိုင်းက စကားပြောခန်းထဲရှိ ကြည့်ရှုသူများကို သဘောပေါက် နားလည်သွားစေခဲ့သည်။
ကြည့်ရှုသူများက သူတို့ရဲ့ မနာလိုမှုကို ဘေးချိတ်ထားလိုက်ကြပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်နေမိကြ၏။
ကလေးတစ်ယောက်က ဖမ်းဆီးခံလိုက်ရပြီး ချမ်းသာသည့် မိသားစုထံ ရောင်းစားခံလိုက်ရသည်က အပေါ်ယံ နားထောင်ကြည့်လိုက်လျှင် ရွှေပုံကြီးပေါ် ပြုတ်ကျသွားသည်နှင့် တူပြီး ဘဝ၏ အောင်နိုင်သူဟု ထင်ရ၏။
မွေးစားမိဘများကလည်း သူ အလိုရှိသမျှကို လိုက်လျောပေးကြသည်။
မှန်သည်။ သူက အောင်နိုင်သူများကြားထဲက အောင်နိုင်သူ တစ်ဦး ဖြစ်၏။
သို့သော် ချန်ယွီ့က လျှို့ဝှက်ချက်များကို တဖြည်းဖြည်းချင်း လှစ်ဟာပြလာသည်နှင့်အမျှ သူတို့ထင်ထားသကဲ့သို့ ရိုးရှင်းမနေကြောင်းကို သတိထားမိလာကြသည်။
အကယ်၍ မွေးစားမိဘများက ကလေးကို သူတို့ သွေးရင်းသားရင်းကဲ့သို့ သဘောထားလျှင် အဘယ်ကြောင့် ကလေးကို ဂျူနီယာ အထက်တန်းကျောင်းအထိသာ တက်ခွင့်ပေးပြီး ကျောင်းထွက်ခိုင်းလိုက်သနည်း။
ယနေ့ မျက်မှောက်ခေတ်တွင် ပညာတတ်မြောက်ဖို့က အရေးကြီးဆုံးအရာဟု လူတိုင်း၏ ရင်ဘက်နှလုံးသားထဲတွင် စွဲမြဲစွာ လက်ခံယုံကြည်ထားကြသည်။
ထိုအချင်းအရာကို ကျေးလက်ရွာက ချို့တဲ့သည့် မိဘများပင် နားလည်သည်။ သူတို့ကလေးရဲ့ ပညာရေးကို ရှိရှိသမျှ ပုံအောပြီး အစွမ်းကုန် ထောက်ပံ့ပေးတတ်ကြသည်။
ကလေးရဲ့ အဆင့် ၊ အမှတ်တွေက မည်မျှပင် စုတ်ချာနေစေကာမူ၊ ကလေးကို လူ့လောကကြီးထဲသို့ စောစီးစွာ ဝင်ရောက်ဖို့ကိုတော့ ဘယ်တော့မှ ခွင့်မပြုကြချေ။
နွမ်းပါးသူများပင် ဤလောဂျစ်ကို နားလည်လေရာ ယွမ်သန်း ရာနှင့်ချီ ချမ်းသာသည့် သူတို့က အဘယ်ကြောင့် ဤသဘောတရားကို နားမလည်နိုင်ရမည်နည်း။
အသိဉာဏ်ရှိသည့်လူတိုင်း စာသင်တာ ၊ ပညာတတ်တာက ဘာအသုံးမှမဝင်ဘူးဟူ၍ ပြောထွက်လိမ့်မည်လော။
မဖြစ်နိုင်ပေ။
မွေးစားမိဘများ ကလေးရဲ့ မွေးရာပါ အမှတ်အသားကို ဖျောက်ဖျက်ခဲ့သည်မှာ မွေးရင်းမိဘများက သူတို့တွေ သူတို့ရဲ့ ကလေးအပေါ် မည်မျှ ရက်ရက်စက်စက် ပြုမူထားလဲဆိုတာကို ရှာမတွေ့စေချင်သောကြောင့်ပဲ ဖြစ်သည်။
“ ဒေါက်တာချန် … ငါ့သား အခု ရှိနေတဲ့ စီရင်စုနဲ့ မြို့ကို ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါကွာ ….”
“ ငါတို့ လင်မယား နှစ်ယောက်လုံး သူနဲ့ ချက်ချင်း သွားတွေ့ချင်တယ် ….”
သူ့သားက ပူပင်ကြောင့်ကြမဲ့သည့် ဘဝကို ဖြတ်သန်း၍ အလိုလိုက်ခံထားခဲ့ရသည်ဆိုသော်လည်း သက်လတ်ပိုင်း အမျိုးသားမှာ သူ့ကိုယ်သူ အတောင်ပံတွေ ပေါက်၍ ချက်ချင်းလက်ငင်းပင် သူ့သားရှိရာသို့ ပျံပြေးသွားချင်စိတ်တို့ ဖြစ်ပေါ်နေသည်။