ကောင်းချီးပေးခြင်း
Vol. 12 Ch. 119
“ ကျုပ် ခင်များကို သီးသန့်စာပို့တဲ့ နေရာကနေပြီး သူ့လိပ်စာကို ပို့ပေးလိုက်မယ် ….”
“ အဲ့မတိုင်ခင် ခင်များ စိတ်ငြိမ်ငြိမ်ထားပြီး ကျုပ်ပြောတာကို အရင်နားထောင်ပေးမယ်လို့ မျှော်လင့်တယ် ….”
လင်မယားနှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိတ်ပြီး ချန်ယွီ့ စကားဆက်လာမှာကို စောင့်နေကြသည်။
“ ငွေကြေးပိုင်းနဲ့ ပတ်သက်လာရင် ခင်များ ကလေးရဲ့ မွေးစားမိဘတွေက သူ့ကို လုံးဝ ခါးသီးအောင် မလုပ်ခဲ့ကြဘူး …”
“ ဒါပေမယ့် စိတ်ပညာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ခင်များတို့ ကလေးက ငယ်ငယ်လေးတုန်းကတည်းက စပြီး ပျော်ရွှင်ရတယ်ဆိုတာ မရှိခဲ့ဖူးဘူး ….”
“ သူ့ ကိုယ်သူ ကာကွယ်အားကြီးတော့ ဆတ်ဆတ်ထိမခံတဲ့ အကျင့်စရိုက် ရှိတယ် … ငယ်တုန်းကတည်းကနေလည်း ပြဿနာကို သတိထားမိနေပြီ … သူ့ မွေးစား မိဘတွေက သူတို့ရဲ့ သားသမီးအရင်းတွေနဲ့ သူ့ကို လုံးဝ ခွဲခြားဆက်ဆံတာကိုလည်း သိတယ် …”
“ သူ အသက်ကြီးလာတာနဲ့အမျှ ပိုများတဲ့ အချက်အလက်တွေကို သူ့ဘာသူ ရှာတွေ့လာတယ် ….”
“ သူက အဲ့ဒီ မိသားစုရဲ့ သားအရင်း တစ်ယောက် မဟုတ်ဘူး ….”
“ ဒီ အခြေအနေက သူ့ကို လုံးဝ အထိခိုက်မခံတဲ့ စိတ်အကျင့်စရိုက်ကို မွေးမြူပေးသလို ဖြစ်လာစေတယ် … ပြီးတော့ ဆွေမျိုးသားချင်းတွေအပေါ် ခင်တွယ်မှုလည်း သိပ်အားကောင်းတယ် ….”
“ မိဘဆွေမျိုးတွေနဲ့ အတူ ပျော်ရွှင်ရတဲ့ အရသာကို သူ လိုချင်တယ် …. ဒါပေမယ့် သူ့ နဂို မိသားစုနဲ့ ဒီလောက် နှစ်တွေ အကြာကြီး အဆက်ပြတ်ထားတာဆိုတော့ အချင်းချင်း ပြန်တွေ့နိုင်ခဲ့ရင်တောင် ရင်းနှီးတဲ့ သူစိမ်းတွေ ဖြစ်နေမှာကိုလည်း သူ ကြောက်တယ် ….”
“ အတော်ကြာအောင် အတွင်းစိတ် လွန်ဆွဲပြီးတဲ့ အပြီးမှာ နောက်ဆုံးတော့ စီရင်စု မြို့တော်က ကလေးပျောက် ဒေတာဘေ့စ်မှာ သူ့မိဘအရင်းတွေ ရှာဖွေဖို့ လုပ်တယ် …”
“ ကိုယ့်သားနဲ့ ပြန်ပြီး အတူနေနိုင်မယ်ဆိုတာ ဝမ်းသာစရာ ကိစ္စပဲ … ဒါပေမယ့် ခင်များတို့တွေ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း လျစ်လျူရှုထားလို့ မရဘူး …”
ချန်ယွီ့ လေသံက အင်မတန် လေးနက်နေခဲ့သည်။
သူတို့လင်မယားရဲ့ ကလေးက စိတ်ခံစားချက်နှင့် ပတ်သက်၍ ထိလွယ်ရှလွယ်ပြီး သူ့ကို အတင်းအကြပ် ဖိအားမပေးသင့်ပေ။
ကလေးကို တွေ့ပြီးနောက်တွင် သက်လတ်ပိုင်း စုံတွဲက သားဖြစ်သူကို သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ပြုလုပ်ခိုင်းရမည်။ အတင်းအကြပ် ပြန်လိုက်ခိုင်းတာမျိုး မဖြစ်သင့်။
မည်သို့ပင်ဆိုစေ တစ်ဖက် မိသားစုက သူ့ကို အနှစ် ၂၀ ကျော်ကြာအောင် ကျွေးမွေးစောင့်ရှောက်ထားပေးခဲ့တာ ဖြစ်သည်။
ဘယ်လိုပဲ မကောင်းကြဘူးပြောပြော ၊ သူ့နှလုံးသားထဲတွင် အတိုင်းအတာတစ်ခုအထိအောင်တော့ တွယ်တာစိတ်တို့ ကျန်ရစ်နေသေးသည်။
“ ငါတို့ကို သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … သူနဲ့ တွေ့ပြီးတဲ့ အချိန်ကျရင် ငါတို့ သူ့စိတ်ခံစားချက်တွေကို လေးစားပေးမှာပါ ….”
“ သူ မကြိုက်တဲ့ အရာတွေကိုလည်း လုပ်ဖို့ အတင်းအကြပ် တွန်းအားပေးမှာ မဟုတ်ဘူး …”
သက်လတ်ပိုင်း စုံတွဲက စိတ်ခံစားချက်တို့ ပြင်းထန်နေခဲ့၏။
ကနေဦးတုန်းက သူတို့တွေ ချန်ယွီ့ လိုက်စထွင်းထဲသို့ ရောက်လာခဲ့သည်မှာ အသက်ကယ်ရာ ကောက်ရိုးလေးတစ်မျှင် ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။
ယခု ... ချန်ယွီ့က သူတို့ရဲ့ သားလေးကို ရှာဖွေပေးရုံတင်သာမက ….
တစ်ချိန်တည်းတွင် သူတို့သားအကြောင်းကို ပြောပြပြီး ခံစားနေရသည့် စိတ်ဝေဒနာများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ ပြောပြပေးခဲ့သည်။
“ ခင်များတို့ ဒီအချက်တွေ စိတ်ထဲ မှတ်ထားသရွေ့ ခင်များတို့ မိသားစုက မကြာခင် ပြန်ပေါင်းစည်းနိုင်ရုံတင် မကဘူး … အနာဂတ်ကျရင်လည်း ကျိန်းသေပေါက် ပျော်ရွှင်တဲ့ မိသားစု ဘဝကို ပိုင်ဆိုင်နိုင်လိမ့်ဦးမယ် …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့က ကလေးရဲ့ လိပ်စာ၊ လက်ရှိ နာမည်၊ ဆက်သွယ်နိုင်သည့် အချက်အလက်များပါမကျန် ထိုအရာများအား သက်လတ်ပိုင်း စုံတွဲထံသို့ ပို့ပေးလိုက်သည်။
လင်မယား နှစ်ယောက်ကလည်း တိုင်ပင်ဆွေးနွေးခကို ပေးချေပြီး သူတို့သားနှင့် တွေ့ဆုံဖို့အတွက် ပျော်ပျော်ရွှင်ရွှင် ထွက်သွားခဲ့ကြ၏။
နှစ်ယောက် ထွက်ခွာသွားသည်နှင့် ယနေ့ ကုသပေးမှု နေရာသုံးခုကလည်း အဆုံးသတ်သို့ ရောက်လို့လာသည်။
ချန်ယွီ့မှာ ယခင်ကကဲ့သို့ လိုင်းဆင်းသွားရန် အလျင်မလိုသေးဘဲ ထိုအစား စကားပြောခန်းထဲရှိ သူ့ပရိသတ်များကို စကားပြောလာသည်။
“ ကွန်းမန့်တွေ ဖတ်ရသလောက် လူတိုင်းက လူကုန်ကူးသမားတွေကို မုန်းတီးနေကြမယ်ဆိုတာ ယုံကြည်တယ် …”
“ ဒါပေမယ့် တစ်ချိန်တည်းမှာ မင်းတို့က ပြဿနာ တစ်ခုကို လျစ်လျူရှုနေမိကြတယ် …”
“ လူကုန်ကူးသမားတွေက စက်ဆုပ်ဖို့ကောင်းတယ်ဆိုရင် လူကုန်ကူးသမားတွေဆီကနေ ကလေးတွေကို ပြန်ဝယ်ကြတဲ့လူတွေကရော အပြစ်ကင်းကြလို့လား ….”
“ ကလေးကို ပြန်ပေးဆွဲတယ်ဆိုတာ တရားမဝင်ဘူး … ပြီးတော့ ကလေးကို ဝယ်တယ်ဆိုတာကလည်း ဥပဒေအရတောင် တားမြစ်ပိတ်ပင်ထားသေးတယ် ….”
“ ကလေးက ဒီနှစ်တွေ တစ်လျှောက်လုံး သက်တောင့်သက်သာ နေထိုင်နိုင်တယ်ဆိုတိုင်း သူက တခြားလူရဲ့ အရိပ်အာ၀ါသအောက်မှာ နေထိုင်နေရတာကို မေ့မထားလိုက်နဲ့ ….”
“ ဝယ်တဲ့လူကလည်း သူ ဝယ်ထားတဲ့ ကလေးကို ကောင်းကောင်းမွန်မွန် ကျွေးမွေး စောင့်ရှောက်ပေးထားတယ်ဆိုတိုင်း သူ့ရဲ့ နာမည်ဆိုးကို ရှင်းနိုင်ပြီလို့ မထင်နဲ့ ….”
ဤသည်က ပထမဆုံးအကြိမ်အဖြစ် ချန်ယွီ့သည် ပေါက်ကရများ မန့်ရတာကို ကြိုက်သည့် ကြည့်ရှုသူပရိသတ်များအား ပြင်းပြင်းထန်ထန် သတိပေးစကား ဆိုနေခြင်းပင်။
တစ်ချို့သော အရာများက မှားယွင်းသည်။ သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူတို့ရဲ့ လုပ်ရပ်ဆိုးကို လွယ်လင့်တကူ ရှင်းလင်းနိုင်မှာ မဟုတ်ချေ။
“ ဒေါက်တာချန် ပြောတာမှန်တယ် … ဒီလို ကလေးဝယ်ချင်ကြတဲ့ မုန်းဖို့ကောင်းတဲ့ မွေးစားမိဘတွေ မရှိရင် ကလေးဖမ်းသမားတွေအတွက် ဈေးကွက်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး ….”
“ သူတို့ကို မွေးစားမိဘတွေလို့ မခေါ်ထိုက်ဘူး … ဒင်းတို့က လူကုန်ကူးသမားတွေရဲ့ ကြံရာပါတွေ …”
“ ရာဇဝတ်မှုကို ပံ့ပိုးပေးတာကလည်း ရာဇဝတ်မှုကျူးလွန်တာနဲ့ အတူတူပဲ ….”
“ တစ်ဖက် မိဘရင်းတွေရဲ့ ရင်ကို ကန်ကျောက်ပြီး ဖမ်းခေါ်သွားတဲ့ ကလေးတွေကို ပြန်ဝယ်တဲ့ မိဘတွေက မွေးစားမိဘတွေလို့ မခေါ်ထိုက်ဘူး …”
“ သိပ္ပံပညာရှင်တွေကို ကျေးဇူးတင်ရမယ် … DNA ဒေတာဘေ့စ်ကိုသာ သုတေသနပြုပြီး မတီထွင်ခဲ့ဘူးဆိုရင် သူတို့အိမ်ကို ရှာမတွေ့တဲ့ ကလေးတွေ ဘယ်လောက်တောင် များနေလိုက်ဦးမလဲ ….”
ချန်ယွီ့ရဲ့ သတိပေးမှုကို ကြည့်ရှုသူတိုင်းက တညီတညွှတ်တည်း လက်ခံကြသည်။
ဝယ်ယူသူ တစ်ယောက် ၊ ကလေးတစ်ယောက် ဝယ်ယူရာမှ ရရှိသည့် ပျော်ရွှင်မှုများသည် မွေးရင်း မိဘများ၏ နာကျင်မှု ဝေဒနာများအပေါ် ထုဆစ်ပြီးမှ ရရှိလာသည့် အရာများ ဖြစ်၏။
အကယ်၍ သူတို့သာ မွေးရင်း မိဘများ ဖြစ်မည်ဆိုပါက ကလေးကို ခြေထောက်ရိုက်ချိုးရမည် ဆိုလျှင်ပင် ရိုက်ချိုးပြီး ကျောင်းကို ရောက်အောင် ပို့ကြလိမ့်မည်။
ပညာရေးကဏ္ဍ အထူးတလှယ် မဖွံ့ဖြိုးသည့် နေရာတစ်ချို့ကလွဲ၍ ယနေ့ခေတ်ကြီးတွင် အလယ်တန်းအောင် အဆင့်ဖြင့် ကျောင်းထွက်ကြသူ ဦးရေမှာ အင်မတန်ကို နည်းပါး၏။
အဘယ်ကြောင့်ဆိုသော် ပညာရည် မပြည့်ဝသည့် ကလေးတစ်ယောက်က မှားယွင်းသည့် ပတ်ဝန်းကျင်သို့ ရောက်ရှိသွားလျှင် အယူလွဲမှားသည့် အသိဉာဏ်တို့ဖြင့် ဦးနှောက်ဆေးခံရဖို့ အတော်လေး လွယ်ကူနေသောကြောင့်ပင်။
“ မင်းတို့ အားလုံး ဒီဖြစ်ရပ်ကနေ တစ်ခုခု ရသွားကြမယ်လို့ ထင်တာပဲ ….”
“ ဒီနေ့ လိုက်စထွင်း ဒီမှာတင် အဆုံးသတ်ပြီ … အားလုံးပဲ တာ့တာ ….”
ချန်ယွီ့ရဲ့ စတိုင်ပုံစံများက စကားပြောခန်းထဲရှိ ကြည့်ရှုသူများကို အမြဲတမ်း ခေါင်းမကုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားစေသည်။ ထူးဆန်းသည့် အချိန်ရောက်ပြီဆိုလျှင် အမြဲ လိုင်းဆင်းသွားတတ်သည်။
သို့ပါသော်လည်း ချန်ယွီ့ရဲ့ ကုသမှု သုံးခုလုံးတွင် ကြီးမားသည့် အတင်းအဖျင်း သတင်းကြီးတို့ ရှိနေသည်။
လိမ်လည်မှု ပုံစံ နည်းလမ်းအသစ်ဖြင့် တစ်ဖက်၏ ကျော့ကွင်းထဲကို လိုလိုလားလား ရောက်ရှိစေကာ အသက်နှင့် ကျောက်ကပ်ကို ပေးဆပ်လိုက်ရလုနီးပါး ဖြစ်သွားခဲ့ရခြင်း။
ယုတ်ညံ့အောက်တန်းကျသည့် အရင်ရည်းစားဟောင်းက ဆယ်ကျော်သက်အရွယ်ကစပြီး လောင်းကစား စွဲနေကာ နာမည်ရှိ ဆယ်လီ မင်းသမီးတစ်လက်ကို နောက်ကျောဓားဖို့ ကြံခြင်း။
တတိယ လူနာကလည်း သူတို့ရဲ့ စိတ်ကို ပေါက်ကွဲထွက်သွားစေလောက်မည့် သားပျောက်သည့် အမှုဖြစ်၏။
ချန်ယွီ့ လိုင်းပေါ်က ဆင်းသွားသည်နှင့် တစ်ပြိုင်နက် အမျိုးမျိုးသော အကြောင်းအရာများက အင်တာနက်၏ ရေပန်းစား ရှာဖွေမှုများစာရင်းထဲတွင် အသီးသီး နေရာယူနေပြီး ဖြစ်သည်။
ချန်ယွီ့ကတော့ ထိုအကြောင်းတွေ ဘာမျှ မသိခဲ့။ သူ ထသွားဖို့ အလျင်လိုနေသည်။ ဘာကြောင့်ဆိုတော့ တစ်စုံတစ်ယောက်က သူ့ကို အပြင်ဘက်မှာ စောင့်ဆိုင်းနေသောကြောင့်ပင်။
မည်သို့ပင်ဆိုစေ သူသည်လည်း ဝန်ဆောင်မှုပေးသည့် နယ်ပယ်ထဲက လူတစ်ယောက်ဟု ပြော၍ရ၏။ သူ့ဖောက်သည်များကို အဘယ်ကြောင့် တံခါးဝအပြင်ဘက်တွင် အကြာကြီး ရပ်စောင့်ခိုင်း၍ သင့်ပါမည်နည်း။
ကွန်ပျူတာကို ပိတ်ရင်း … ချန်ယွီ့ လျှောက်လှမ်းလာခဲ့ကာ တံခါးကို ဖွင့်လိုက်သည်။
တံခါးအပြင်ဘက် လမ်းဘေးတွင် လူနှစ်ယောက် မတ်တပ်ရပ်နေသည်။
တစ်ယောက် သူနှင့် အသိဟောင်း ၊ လီချန်ကျွင်းပင်။
သူ့ အမူအရာက အနည်းငယ် မခံမရပ်နိုင် ဖြစ်နေပုံပင်။
ကျန်တစ်ယောက်မှာလည်း အရပ်အမောင်းကောင်းကြီး တောင့်တင်းသည့် ကိုယ်ထည်နှင့် ဖြစ်၏။ သွင်ပန်း သဏ္ဌာန်ကို ကြည့်ရသလောက်ကတော့ သူဌေးကြီးတစ်ဦး ဖြစ်ဖို့များသည်။
သူတို့ ထိုသို့သော ကိုယ်ယောင်ကိုယ်ဝါတို့ ရှိနေသည်။
“ စောင့်ခိုင်းထားရတာ အားနာလိုက်တာဗျာ ….”
ချန်ယွီ့က အားတောင့်အားနာ ပြုံးပြလိုက်သည်။
“ မင်း ဘယ်လိုလုပ် …. ငါ “
သက်လတ်ပိုင်း အမျိုးသားက စကားပြောတော့မည့်ဆဲဆဲမှာပဲ သူ့စကားလုံးများကို လည်ချောင်းထဲ ပြန်မျိုချလိုက်ရသည်။
လီချန်ကျွင်း၏ သတိပေးစကားကို ပြန်အမှတ်ရသွားလေသည်။
“ ဒေါက်တာချန် … ငါတို့ သီးသန့် စကားပြောလို့ အဆင်ပြေမလား ….”
လီချန်ကျွင်း မေးလိုက်သည်။
“ ရတယ်လေ … ပြေပါတယ် ….”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ လှည့်ထွက်လာခဲ့ကာ သူ့ စားပွဲသို့ ပြန်ရောက်လာခဲ့သည်။
“ ဥက္ကဌကျောက် … ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး … မကြာခင် ခင်များသားကိစ္စ အကြောင်းထူးလာတော့မှာပါ ….”
ထိုသို့ ပြောပြီးနောက် လီချန်ကျွင်းက ဆိုင်ထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်သည်။
သူ တံခါးပိတ်လိုက်၏။
“ ဒေါက်တာချန် … မင်းငါ့ကို သိပ်အားယားနေတဲ့ကောင်လို့များ ထင်နေလား ….”
လီချန်ကျွင်း စပြီး စောဒကတက်၏။
သူက ရာဇဝတ်မှု စုံစမ်းရေး ဌာန၏ ကပ္ပတိန်ဖြစ်ပြီး အထူးမစ်ရှင် ဌာနခွဲ၏ လက်ထောက်ခေါင်းဆောင်လည်း ဖြစ်သည်။
လီချန်ကျွင်းရဲ့ အချိန်က စက္ကန့်အလိုက်ကို တန်ဖိုးရှိ၏။ သို့တိုင် ချန်ယွီ့ကတော့ သူ့ကို ပင်ပန်းပြီး သေအောင်လုပ်နေသည်။
စထွင်းထဲ လူသုံးယောက် ရောက်လာပြီး ချန်ယွီ့က သူ့ထံသို့ အမှုနှစ်ခု ပစ်ပေးလာခဲ့၏။
“ ဟားဟား ….”
“ တကယ်တော့ ကျွန်တော်က အဲ့ဒီ လူနာတွေကို ခင်များနဲ့ မိတ်ဆက်ပေးပြီး ခင်များကို ကူညီပေးနေတာ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်ပြီး “ ဒီအမှုတွေ ဖြေရှင်းပြီးသွားရင် ကပ္ပတိန်လီက ရာထူးတိုးခံရရုံတင် မကသေးဘူး … လစာပါ တိုးခံရဦးမယ် …”
“ ပြီးတော့ … တခြားလူတွေကို ကူညီပေးရင်း ခင်များလည်း ရင်ထဲမှာ ပျော်ရွှင်နိုင်မယ်လေ ….”
“ လူက တစ်ချိန်လုံး စိတ်ကောင်းဝင်နေရင် စိုးရိမ်ပူပန်စရာတွေဆိုတာလည်း ဘာမှ ရှိလာမှာမဟုတ်ဘူး ….”
“ ပြီးတော့ ခင်များရဲ့ စိတ်အခြေအနေက ခင်များရဲ့ မိသားစုအပေါ်ကိုလည်း သက်ရောက်မှု ရှိတယ် ….”
“ ခင်များရဲ့ ကလေးကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေပြီး ခင်များဇနီးရဲ့ အလုပ်အကိုင်ကိစ္စတွေကိုလည်း အဆင်ပြေစေတယ် …..”
အမှု တစ်ခုဖြေရှင်းရခြင်းရဲ့ ကောင်းကျိုးများကို နားထောင်ပြီးနောက် လီချန်ကျွင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
“ ဒါပေါ့ … တကယ်လို့ ခင်များ မကိုင်တွယ်နိုင်ဘူးဆိုလည်း ကျုပ် နောင်ကျရင် ခင်များကို အမှုတွေနဲ့ မိတ်ဆက် မပေးတော့ဘူးလေ ….” ချန်ယွီ့ ပြုံးလျက် ပြောလိုက်သည်။
“ မဟုတ်တာ မဟုတ်တာ … ငါ ကိုင်တွယ်နိုင်တာပေါ့ ….”
လီချန်ကျွင် ရုတ်ချည်း ဉာဏ်အလင်းပွင့်သွား၏။
ချန်ယွီ့က သူ့ကို ဒီအမှုတွေ မိတ်ဆက်ပေးနေတာလား …
မဟုတ်ဘူး … ချန်ယွီ့က သူ့ကို ကောင်းချီးပေးနေတာ …
ဒီလူတွေကို ကူညီပေးတာက သူ့ကိုလည်း ကံကောင်းစေတယ် … ကုသိုလ်ရစေတယ် … ကုသိုလ်နဲ့ ကံကောင်းမှုက သူ့ဇနီးနဲ့ ကလေးကို ကာကွယ်ပေးနိုင်တယ် …
ရိုးရှင်းတယ် … ၊ ဒါပေမယ့် ဩချရလောက်တယ် …
ရဲအရာရှိ တစ်ယောက် အကြောက်ရဆုံးက ဘာဖြစ်မလဲ …
လူဆိုးတွေလား …. ၊ မဟုတ်ဘူး ….
သူတို့ မိသားစုရဲ့ လုံခြုံရေးပဲ …
ဒီရဲ့ ကောင်းချီးတွေနဲ့ဆိုရင် လီချန်ကျွင်းလည်း သူ့မိသားစုရဲ့ လုံခြုံရေးကို အပြည့်အဝ စိတ်ချထားလို့ရပြီ …
အဲ့ဒီအခါကျ သူ့ရဲ့ ခွန်အားတွေကို မကောင်းသူပယ် ၊ ကောင်းသူကယ်တဲ့ ကိစ္စမှာ အင်တိုက်အားတိုက် အသုံးချနိုင်ပြီး တရားမျှတမှုကိုလည်း ဖော်ဆောင်နိုင်ပြီ။