← Chapters

ကိုယ်တိုင်ဖန်တီးတဲ့ ပြန်ပေးဆွဲမှု

Vol. 12 Ch. 120

ကိုယ်တိုင်ဖန်တီးတဲ့ ပြန်ပေးဆွဲမှု

Vol. 12 Ch. 120

“ ကပ္ပတိန်လီ … အလုပ်ကိစ္စကို အရင် ပြောကြတာပေါ့ …”

ချန်ယွီ့က တံခါးပေါက်ဝသို့ ကြည့်လိုက်ပြီး “ အဲ့လူက အမှုတိုင်ချက် ဖွင့်လာတဲ့ လူလား ….”

“ ဟုတ်တယ် ဟုတ်တယ် … အမှန်ပဲ …”

လီချန်ကျွင်းက အလျင်စလို ခေါင်းညိတ်သည်။

သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ကျောက်ချန်းခွန် ဖြစ်ပြီး ဟန်ကျိုးမြို့ စွမ်းအင်သစ် ယာဉ်ကုမ္ပဏီတစ်ခု၏ ဥက္ကဌတစ်ဦး ဖြစ်သည်။

မကြာမီ ဟန်ကျိုးမြို့က နိုင်ငံတကာ အော်တိုကား သရုပ်ပြပွဲကို ကျင်းပဖို့ရာ ဟန်ပြင်နေသည်။ ကျောက်ချန်းခွန်နှင့် သူ့ဇနီးကလည်း ထိုပြပွဲအတွက် ကြိုးစားပြင်ဆင်နေပြီး တစ်ချိန်လုံးနီးပါး အလုပ်မှာပဲ ရှိနေကြသည်။

မနေ့က ကျောက်ချန်းခွန်ထံသို့ နာနီထံကနေ ဖုန်းကောတစ်ခု ဝင်လာသည်။

သူ့သားပျောက်ကွယ်သွားခဲ့ပြီး ခြိမ်းခြောက်စာ တစ်စောင်လည်း ရရှိထားကြောင်း ပြောသည်။

“ ဥက္ကဌကျောက်က စွမ်းအင်သစ် အော်တိုကားနယ်ပယ်ထဲမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလို့ရတယ် … ငါ့ အထက်ကလည်း သူ့သား ပြန်ပေးဆွဲခံလိုက်ရတဲ့ ကိစ္စကို သေချာလေး အရေးတယူ ပြုခိုင်းထားတယ် ….”

လွန်ခဲ့သော နာရီအနည်းငယ်ခန့်က အထက်ကနေပြီး လီချန်ကျွင်းကို ဤအမှုဖြေရှင်းဖို့အတွက် အချိန် ခုနစ်ရက်ပေးမည်ဟု သတ်မှတ်ချက် တစ်ခု ပေးလာသည်။

အချိန်အကန့်အသတ်နှင့် ဖြေရှင်းရမည့် ထိုသို့သော အမှုများကို လီချန်ကျွင်း မုန်းသည်။ ရဲအရာရှိများက အနန္တ တန်ခိုးရှင်များ မဟုတ်။

ပြန်ပေးဆွဲခံလိုက်ရသည့် ကလေးကို ခုနစ်ရက်အတွင်း ရှာတွေ့နိုင်ပါမည်ဟု မည်သို့ အာမခံချက် ပေးနိုင်မည်နည်း။

တန်ခိုးရှင်ဟူသည့် စကားလုံးကို တွေးတောမိတော့ လီချန်ကျွင်း ချက်ချင်းပဲ ချန်ယွီ့ကို ပြေးသတိရမိသည်။

လက်ရှိတွင် ချန်ယွီ့က အထူးမစ်ရှင် ဌာနခွဲ၏ အတိုင်ပင်ခံ တစ်ဦးဖြစ်ပြီး သူတို့လူတစ်ဦးဟု မှတ်ယူ၍ရသည်။

“ ဒေါက်တာချန် … မင်း ဘယ်လိုထင်လဲ ….”

လီချန်ကျွင်း တီးတိုးမေးလိုက်၏။

ချန်ယွီ့နှင့် ပတ်သက်သည့် အစွမ်းအစ အနည်းငယ်ကို သူ ကျောက်ချန်းခွန်ထံ နည်းနည်းပါးပါး လှစ်ဟာ ပြောပြထားသည်။

ကျောက်ချန်းခွန်ကလည်း ဉာဏ်ကောင်းသူ တစ်ဦးဖြစ်၏။

ချန်ယွီ့ သူ့သားကို တွေ့အောင် ရှာပေးသရွေ့ ဆုကြေးငွေ အနေဖြင့် ယွမ် တစ်သန်း ချီးမြင့်ပါမည်ဟု ကတိပေးလာသည်။

“ သူ့ကို ဝင်လာခဲ့ခိုင်းလိုက်…”

တစ်ဖက်လူက ကတ်စတန်မာတစ်ယောက် ဖြစ်၏။ တံခါးဝသို့ ကိုယ်တိုင်ရောက်လာသည့် စီးပွားရေးကောင်းတစ်ခုကို ချန်ယွီ့ လက်လွှတ်ခံမှာ မဟုတ်ချေ။

ခေတ္တကြာပြီးနောက် လီချန်ကျွင်းက ကျောက်ချန်းခွန်ကို အထဲသို့ ခေါ်လာသည်။

“ ဒေါက်တာချန် … ငါ့ အခြေအနေကို ပြန်ပြောရဦးမလား … မင်း ဘယ်လိုမြင်လဲ ….”

“ မလိုပါဘူး … ကပ္ပတိန်လီက ကျွန်တော့်ကို ခင်များရဲ့ မိသားစု အခြေအနေအကြောင်း ရှင်းပြထားပြီးပြီ ….”

“ ခင်များသား ပျောက်သွားတဲ့ ကိစ္စက ခင်များရဲ့ စိုးရိမ်စိတ်ဖိစီးတဲ့ ကစဉ့်ကလျား ရောဂါနဲ့ ဆက်စပ်နေတယ် ….” ချန်ယွီ့ တည်ငြိမ်စွာပဲ ပြောလိုက်၏။

“ ဘာ … ငါ့မှာ စိုးရိမ်စိတ်ဖိစီးတဲ့ ကစဉ့်ကလျား ရောဂါ ရှိနေတယ်ဟုတ်လား ….”

ကျောက်ချန်းခွန်က ချန်ယွီ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ဤနေရာသို့ သူ ရောက်မလာခင်တုန်းက လီချန်ကျွင်းပြောသည်မှ ချန်ယွီ့က စိတ်ပညာရှင် အယောင်ဆောင်ထားသည့် ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ဦး ဟူ၍ပင်။

ကျောက်ချန်းခွန်ဆိုသည်မှာလည်း စီးပွားရေး လောက၌ ကျင်လည်လာခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပြီ ဖြစ်ရာ လူထူးဆန်းအများအပြားနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် လီချန်ကျွင်းရဲ့ ရှင်းပြချက်ကို လွယ်လင့်တကူပဲ လက်ခံလိုက်၏။

သို့ပါသော်လည်း ချန်ယွီ့က သူ့ နှုတ်ဟလိုက်သည်နှင့်ချက်ချင်း သူ့တွင် စိတ်ရောဂါ ရှိနေသည်ဟု ဆိုလာနေသည်။

“ ဒေါက်တာချန် … ဒီမှာ ငါတို့ လူတွေချည်းပဲ … မင်း ပြောစရာရှိတယ်ဆို တိုက်ရိုက် ပြောလိုက်လို့လည်း ရတယ် …”

ဥက္ကဌကျောက် ဘာမျှ မပြောနိုင်မီ လီချန်ကျွင်းက စကားဖြတ်ပြောလိုက်၏။

“ ဥက္ကဌကျောက် ကျိန်းသေပေါက် လက်ခံနိုင်တယ် ….”

ထိုသို့ ပြောပြီးနောက် လီချန်ကျွင်းက ကျောက်ချန်းခွန်ကို ဆက်တိုက် မျက်ရိပ်ပြလိုက်သည်။

ချန်ယွီ့ ဘာပဲ ပြောလာပြောလာ သူ့စကားအတိုင်း ရေလိုက်ငါးလိုက် လိုက်ပြောပေးဖို့ အချက်ပြနေခြင်းပင်။

အိုး ဟုတ်သား ၊ ပြီးတော့ ငွေလည်း အရင်ပေးထားရမှာပေါ့။

လီချန်ကျွင်း ဆိုလိုချင်သည့် သဘောအဓိပ္ပာယ်ကို နားလည်တော့ ကျောက်ချန်းခွန်လည်း တိတ်တဆိတ် ဖုန်းထုတ်၍ သူ့ ကုသစရိတ် ယွမ် တစ်သောင်းကို လွှဲပေးလိုက်သည်။

“ ဒေါက်တာချန်က ငါ့မှာ စိုးရိမ်စိတ်ဖိစီးတတ်တဲ့ ကစဉ့်ကလျား ရောဂါ ရှိနေတယ်လို့ ‘ဆိုနေမှတော့’ ဒေါက်တာချန် ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ့မယ် … ကျေးဇူးပြုပြီး ထောက်ပြပေးပါဦး ….”

“ ကျုပ် ‘ဆိုနေတာ’မဟုတ်ဘူး … ခင်များမှာ တကယ်ရှိနေတာ ….”

“ ချန်းခွန် ကားအုပ်စု ….” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ ခင်များနဲ့ ခင်များရဲ့ ဇနီးက ကားဆိုင် အသေးလေးကနေ ဒီနေ့လို အရွယ်အစား ရောက်တဲ့အထိ တိုးချဲ့နိုင်ခဲ့တယ် …”

“ အခုထိတိုင်အောင်ကို ခင်များက ပါးလျတဲ့ ရေခဲချပ်ပြားလေးအောက်မှာ လမ်းလျှောက်နေရတုန်းပဲ …. ကောင်းကောင်းမွန်မွန် အနားယူနိုင်တဲ့နေဆိုတာ တစ်နေ့မှကို မရှိတာ …..”

“ နိုင်ငံခြားက စွမ်းအင်သစ် ကားတွေ ပိုပြီး ရေပန်းစားလာတော့ ခင်များအပေါ် ပိနေတဲ့ ဖိအားတွေကလည်း ပိုပိုပြီး ကြီးလာတယ် ….”

“ တင်းမာမှုကလည်း ပိုပိုပြီးတော့ မြင့်လာတယ် ….”

“ ခင်များသားရဲ့ သူ့ပညာရေးအပေါ် ဆိုးရွားတဲ့ အခြေအနေကိုပါ ထပ်ပေါင်းထည့်လိုက်တော့ ခင်များမှာ စိတ်ဖိစီးလွန်းလို့ ညဘက် ကောင်းကောင်း အိပ်မပျော်နိုင်တဲ့အထိပဲ ….”

“ ခင်များမှာ စိတ်ဖိစီးမှုတွေ အများကြီး ရှိနေတယ် … တစ်ရက်မှလည်း ကောင်းကောင်း မနားနိုင်သေးဘူး …. ခင်များရဲ့ စိုးရိမ်ပူပန်မှုတွေက အင်မတန် စိုးရိမ်ဖို့ကောင်းတဲ့ ရေချိန်မှတ်ကိုတောင် ရောက်နေပြီ ….”

ကျောက်ချန်းခွန်မှာ စစချင်းတုန်းက ကြက်သေသေသွားသည်။ ထို့နောက် သူ သက်ပြင်းတစ်ချက် ချလိုက်၏။

သူ့ ဇနီးတစ်ယောက်သာလျှင် သူ ခံစားနေရသည့် စိုးရိမ်ပူပန်မှုများနှင့် ဒုက္ခဝေဒနာများကို သိသည်။

ချန်ယွီ့က သူ့ရဲ့ ပြဿနာများကို ရှင်းလင်းစွာ ပြောပြနေနိုင်သဖြင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်မှာ သိသာလှသည်။

လီချန်ကျွင်းက ချန်ယွီ့ ပြောသည့် စကား အဓိပ္ပာယ် တစ်ခုချင်းစီတိုင်းကို ဆက်စပ်စဉ်းစားပြီး နားလည်သဘောပေါက်မှုက သူ့မျက်နှာထက်တွင် တဖြည်းဖြည်းချင်း နေရာယူလာသည်။

“ ဒေါက်တာချန် … ကလေးက ပြန်ပေးဆွဲခံလိုက်ရတာ မဟုတ်ဘဲ ကိုယ်တိုင် ဖန်တီးတဲ့ ပြန်ပေးဆွဲမှုလား …”

“ ကိုယ်တိုင် ဖန်တီးတဲ့ ပြန်ပေးဆွဲမှုလား …”

ကျောက်ချန်းခွန်က လီချန်ကျွင်းကို ရှော့ခ်ရစွာ ကြည့်လိုက်သည်။

“ ဒီလိုလေ ဥက္ကဌကျောက် … တကယ်တော့ ဒီလို အမှုတွေက မရှားဘူး ….”

“ ငါးနှစ်အတွင်း ကျုပ် ရာဇဝတ်မှု စုံစမ်းရေး ဌာနမှာ ဒီလို ကိုယ်တိုင် ဖန်တီးတဲ့ ကလေးပြန်ပေးဆွဲမှုမျိုး အနည်းဆုံး နှစ်ကြိမ်ထက်ပိုပြီး ကြုံတွေ့ခဲ့ဖူးတယ် …” လီချန်ကျွင်းက ခါးသက်စွာ ပြုံးလိုက်၏။

“ တစ်ယောက်ကကျ သူ့လောင်းကစား အကြွေးတွေ ပေးနိုင်ဖို့နဲ့အတွက် သူ့မိသားစုကို လှည့်စားပြီး ပြန်ရွေးငွေ လိုချင်လို့ …..”

“ နောက်တစ်ယာက်ကကျတော့ ဒီလိုမျိုး ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ပြီး သူတို့မိဘတွေကို ခြိမ်းခြောက်ချင်တာ …”

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေက ဆယ်ကျော်သက် ကလေးတွေနဲ့ မိဘတွေကြားက အချင်းများမှု ပြဿနာပဲ …..”

အစောပိုင်းတုန်းက ကျောက်ချန်းခွန်ရဲ့ ကလေး ပျောက်သွားသည့် ကိစ္စက ကျောက်ချန်းခွန်၏ စိုးရိမ်စိတ်ဖိစီးတတ်သည့် ကစဉ့်ကလျား ရောဂါနှင့် ဆက်စပ်နေသည်ကို ကြားသိလိုက်ရချိန်တွင် လီချန်ကျွင်းမှာ ချက်ချင်းပဲ အတွေးနက်သွားသည်။

“ ဥက္ကဌကျောက် … ခင်များ အိမ်မှာ ကိုယ့်သားကိုယ် အ‌တော်လေး တင်းကြပ်တယ် မဟုတ်လား …”

ကျောက်ချန်းခွန် ခေါင်းညိတ်လိုက်သည်။

“ အဲ့တာပဲ ဖြစ်ရမယ် ….”

“ အထက်တန်းကျောင်းသားအရွယ် ကလေးတွေဆိုတာ ကလေးမဟုတ် ၊ လူကြီးမဟုတ် အခြေအနေကြားမှာ … ဒီလိုအချိန်မှာ သူတို့ရဲ့ စိတ်တွေက မတည်မငြိမ်ဘူး … ရယ်ချင်စရာကောင်းတဲ့ ကိစ္စတွေလည်း အလွယ်လေး လုပ်လာနိုင်တယ် …” လီချန်ကျွင်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“ ပြန်ပေးဆွဲသမားက ခြိမ်းခြောက်စာပဲ ရေးထားပြီး တခြားဘာမှလည်း တောင်းဆိုမလာဘူး ….”

“ အဲ့တစ်ချက်နဲ့တင် ဒါက အတုအယောင် ပြန်ပေးဆွဲတဲ့အမှုဆိုတာ ကောက်ချက်ချလို့ ရတယ် ….”

“ အဲ့သလိုလား …”

ကျောက်ချန်းခွန် မယုံကြည်နိုင်စွာ မေးလိုက်သည်။

လီချန်ကျွင်း ခါးသက်စွာ ပြုံးလိုက်၏။

“ ခင်များသားက ငယ်သေးတယ် … သူ့ကို ဖမ်းမိရင်တောင် ထောင်ထဲ ရောက်မှာ မဟုတ်ဘူး ….”

“ အမှန်အတိုင်းပြောရရင် ခင်များဆီက တိုင်ကြားချက်ကို ရတော့ ကျုပ် ပြန်ပေးဆွဲသမားတွေ ချန်ထားတဲ့ ခြိမ်းခြောက်စာကို သေချာလေး ဖတ်ကြည့်ကတည်းက စိတ်ထဲ ထူးဆန်းနေတာ ….”

“ စာထဲ ရေးထားတဲ့ လက်ရေးက တအား ကျော့ရှင်း သပ်ရပ်လွန်းတယ် ….”

လီချန်ကျွင်းက သူ ဖုန်းဖြင့် ရိုက်ထားသည့် ခြိမ်းခြောက်စာ ဓာတ်ပုံကို ထုတ်ပြလာသည်။

ခြိမ်းခြောက်စာက အရှည်ကြီးတွေ မဟုတ်။ တရုတ်စာလုံးရေ နှစ်ဆယ်ခန့်လောက်သာ ရှိသည်။

‘ ကျောက်ချန်းခွန်ရဲ့သား ကျောက်ရုံချန်း ငါတို့လက်ထဲမှာ ရှိတယ် … မင်းရဲ့သားကို အသက်ရှင်လျက် အကောင်းအတိုင်း လိုချင်တယ်ဆို ယွမ် နှစ်သိန်း ပြင်ဆင်ထားလိုက် … ရဲကိုလည်း ဖုန်းမခေါ်နဲ့ ….’

“ ခင်များကြည့် …. ဒီမှာ ရေးထားတဲ့ လက်ရေးလက်သားက သိပ်ကျော့ရှင်းလွန်းတယ် … အမျိုးသမီးတစ်ယောက်ရဲ့ လက်ရေးလိုမျိုးပဲ ….”

“ ကျုပ်ရဲ့ အတွေ့အကြုံတွေအရဆိုရင် ပြန်ပေးသမား အုပ်စုထဲမှာ အမျိုးသမီး အဖွဲ့ဝင်တွေ ပါတယ်ဆိုတာ ခပ်ရှားရှားရယ် ….”

“ ပြီးတော့ ပြန်ပေးဆွဲ ၊ ဓားပြတိုက် ၊ လူသတ်ပြီး တခြား ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ လူအများစုမှာ ပညာထူးချွန်တဲ့လူဆိုတာ ခပ်ရှားရှားရယ် ….”

“ သူတို့မှာ ဒီလောက်ကောင်းတဲ့ လက်ရေးလက်သားမျိုး ရှိဖို့ သိပ်ခဲယဉ်းလွန်းတယ် …”

“ ခြိမ်းခြောက်စာတွေဆိုလည်း ကိုယ်တိုင်လက်နဲ့ ရေးတာ တအားနည်းတယ် …”

“ ပုံမှန်ဆို စာရိုက်ပြီး ပရင့်ထုတ်တာ … ဒါမှမဟုတ် သတင်းစာ စက္ကူက စာလုံးတွေကိုညှပ်ပြီး ဖန်တီးတာ … အဲ့လိုတွေက ပိုများတယ် …”

လီချန်ကျွင်းကဘက်က ဝေဖန်သုံးသပ်ပြလေလေ၊ ကျောက်ချန်းခွန်ရဲ့ အမူအရာမှာ ပိုပိုပြီး နက်မှောင်လာလေလေပင်။

“ ကပ္ပတိန်လီ … ခဏလေး … ငါ ဖုန်းတစ်ချက် ဆက်ဦးမယ် …”

ကျောက်ချန်းခွန်က သူ့ဖုန်းကို ထုတ်ပြီး ဇနီးဖြစ်သူထံ ချက်ချက်း ဖုန်းခေါ်လိုက်သည်။

“ မိန်းမ … ရုံချန်းရဲ့ အတန်းပိုင်ဆရာမကို ချက်ချင်း ဖုန်းဆက်ပြီး ရွှီနာ့နာ့ ရေးထားတဲ့ စာတစ်ချို့ကို မင်းဆီ ဓာတ်ပုံရိုက်ပို့ပေးဖို့ ပြောလိုက်စမ်းပါ ….”

ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် ကျောက်ချန်းခွန်က ဒေါသထွက်နေသည့် ကျွဲရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူ့ ရင်ဘက်ကြီးမှာ ဖားဖိုကြီးကဲ့သို့ ဖောင်းလိုက်ကျုံ့လိုက် ဖြစ်နေတော့၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျောက်ချန်းခွန်ထံသို့ ဓာတ်ပုံတွေ အများကြီး ရောက်လာသည်။

“ ကပ္ပတိန်လီ … မင်း ဒီရဲ့ လက်ရေးနဲ့ ခြိမ်းခြောက်စာပေါ်က လက်ရေးကို တစ်ချက် နှိုင်းပြပေးပါလား … လူတစ်ယောက်တည်းကပဲ ရေးထားတာလားလို့ ….”

ဤသည်ကို ကြားတော့ လီချန်ကျွင်းက ဖုန်းကို အလျင်အမြန် ယူကြည့်လိုက်သည်။

“ ဟုတ်တယ် … နှစ်ခုလုံးကို လူတစ်ယောက်တည်းက ရေးထားတာပဲ …”

လီချန်ကျွင်း အာမေဋိတ်သံဖြင့် ပြောလိုက်၏။

“ ဥက္ကဌကျောက် … ဒီရဲ့ ရွှီနာ့နာ့ ဆိုတာ ဘယ်သူကြီးလဲ … သူက ခြိမ်းခြောက်စာရေးမှန်း ခင်များ ဘယ်လိုလုပ်ပြီး သိတာ ….”

“ မျိုးမစစ် … တွေ့လို့ကတော့ ဒင်းခြေထောက်တွေ ရိုက်ချိုးပစ်ဦးမယ် ….”

ကျေက်ချန်းခွန်မှာ ဒေါသတကြီး ဖြစ်နေခဲ့သည်။

“ ရွှီနာ့နာ့ဆိုတာ အဲ့ စောက်ချီးထုပ်လေးရဲ့ ကောင်မလေးလေ ….”

“ မသိတတ်တဲ့ သားမိုက် … အပြင်လူတွေနဲ့ ပေါင်းပြီး ငါ့ကို သေအောင် လုပ်တယ် … မင်းလို စောက်ချီးထုပ်မျိုး မွေးခဲ့မိရအောင် ငါ အရင်ဘဝက ဘာမကောင်းမှုတွေများ ကျူးလွန်ခဲ့မိလို့ပါလိမ့်….”

လီချန်ကျွင်းက ပြန်ပေးဆွဲသည့် အမှုကို ကိုယ်တိုင်ဖန်တီးသည့် ပြန်ပေးဆွဲမှုဖြစ်ကြောင်း သုံးသပ်ပြီး ခြိမ်းခြောက်စာ ရေးထားသည့် စာရေးလက်သားက ကျော့ရှင်းလွန်း၍ အမျိုးသမီး တစ်ယောက် ဖြစ်နိုင်ကြောင်း ပြောလာချိန်တွင် ကျောက်ချန်းခွန်သည် ချက်ချင်းဆိုသလို သူ့သားကောင်မလေး ၊ ရွှီနာ့နာ့ကို ပြေးအမှတ်ရလိုက်တော့သည်။

ထိုသို့ အမှန်ဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ အဲ့ စောက်ချီးထုပ်လေးလည်း ရွှီနာ့နာ့နဲ့ အတူရှိတာပဲ ဖြစ်ရမယ် … ငါ အခုချက်ချင်း သူတို့ကို သွားရှာမယ် …”

ကျောက်ချန်းခွန်က လှည့်ထွက်သွားပြီး ဆေးခန်းထဲက ထွက်သွားဖို့ရာ ဟန်ပြင်သည်။

“ ခဏလေး ….”

“ သူတို့က အတူရှိနေကြတာ မှန်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များသူတို့ကို ရှာတွေ့နိုင်မှာတော့ မဟုတ်ဘူး ….”

စာစဉ် (၁၂) ပြီး၏။

All Chapters