အဆုံးသတ်
Vol. 4 Ch. 186
မော်လီနဲ့ ကေသီရဲ့တိုက်ပွဲက သိပ်မကြာလိုက်ဘူးလို့ ဆိုရမလားပဲ။ ကျွန်မသတိဝင်လာတော့ AC&B အမှုဆောင် ဒါရိုက်တာသုံးယောက်လုံး မှောက်နေကြပြီ။ မော်လီကတော့ တံစဥ်ကိုပြန်သိမ်းထားလိုက်တယ်။
ပါစီဗယ်ကတော့ အခွင့်ကောင်းယူပြီး သုံးယောက်လုံးကို ကြိုးနဲ့တုပ်ထားလိုက်တာပေါ့။ တိုက်ပွဲကိုအနိုင် တိုက်ခဲ့တဲ့သူလိိုမျိုး ပြုမူနေပြီး ပက်တီးနဲ့တပ်သားတွေက သူ့ကိုလက်ခုပ်ဩဘာတွေ ပေးနေကြသေးတယ်။
“ခုနတုန်းက အရိုက်ခံနေရတာ သူမဟုတ်တဲ့အတိုင်းပဲ။”
တရားခံတွေကို ဖမ်းမိပြီးတဲ့နောက်မှာ အစောင့်တချို့အပြင်မှာ ချန်ခဲ့ပြီး ရိုစယ်လီယာက ဦးဆောင်ပြီးတော့ ဆိုင်ထဲဝင်ကြည့်ပါတယ်။ ဆိုင်ရဲ့ နောက်ခန်းထဲမှာ သွေးတွေအပြည့်ဖြည့်ထားတဲ့ ပေပါခွန်တွေရှိနေပြီး မျှော့လိုလိုဘာလိုလို သူ့လက်မောင်းလောက်ရှိတဲ့ အကောင်တွေကတော့ သွေးပေပါတွေထဲမှာ ကျက်စားသွားလာလို့နေတယ်။
အဲဒီအကောင်တွေကနေတစ်ဆင့် စိမ်းရွှေရောင် အရည်တွေကိုထုတ်လုပ်ပေးပြီး ပိုက်တွေနဲ့အဲဒီအရည်တွေကို ထုတ်ယူနေတာ မြင်ရတယ်။
“ သူတို့ပြောတဲ့ နုပျိုဆေးဆိုတာက အဲဒီကနေ ရတာများလား။”
ကျွန်မ တွေးလိုက်မိပါတယ်။ ရိုစယ်လီယာကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြရင်း ကျွန်မကို ရှင်းပြပါတယ်။
“ကသုလုကိုးကွယ်သူတွေက အဲဒီလိုထူးဆန်းတဲ့ အကောင်တွေကိုမွေးတတ်ကြတယ်။ ရှေးဦးနတ်ဘုရားဂိုဏ်းဆိုတဲ့ တောင်အမေရိကဂိုဏ်းတစ်ခုရှိတာ ကြားဖူးတယ်။ ရိုမြူလက်ချက်ကျောင်းက ဖျက်ဆီးလိုက်ပြီဆိုပြီး သတင်းထုတ်ပြန်ခဲ့ပေမဲ့ သူတို့ထဲကတစ်ယောက်ကို ငါတို့အရှင်လတ်လတ်ကြီး ဖမ်းမိခဲ့တာပေါ့။”
မော်လီကလည်း အကောင်တွေကိုလေ့လာလိုက်ရင်းနဲ့ “ဒီအကောင်တွေက လူ့သွေးကိုစားသုံးတယ်။ အပြန်အလှန် အနေနဲ့ လက်ခံသူရဲ့ခန္ဓာကိုယ်ကို နုပျိုစေတဲ့မစင်ရည် တစ်မျိုးကိုထုတ်ပေးတယ်။ သူတို့ပြောတဲ့နုပျိုဆေးဆိုတာ အဲဒီအကောင်ကို ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်တာမျိုး ဖြစ်ရမယ်။
လက်ခံသူတွေက နုပျိုချင်တော့ သေချာနားမလည်ဘဲ ဒီလိုအဖြစ်ဆိုးမျိုးဖြစ်အောင်လို့ တမင်ပိုက်ဆံပေးဝယ်သလို ဖြစ်နေတာ။ အဲဒီအကောင်သတ်တာမခံရအောင်လည်း နောက်ထပ်ဆေးတွေရောင်းသေးတဲ့ပုံပဲ။ တကယ့်ကို စံထားလောက်တဲ့ စီးပွားရေးပုံစံပဲ။”
ကျွန်မ ခေါင်းနပန်းကြီးသွားတယ်။ ဒါဖြင့်ရင် ဆေးရုံက လူနာတွေကိုယ်ထဲမှာ အကောင်တွေရှိနေပြီးတော့ အဲဒီအကောင်တွေက လူနာတွေကိုစားနေကြတာပေါ့။
“ဒါဖြင့် ကျွန်မတို့တွေ ဆေးရုံကိုမြန်မြန်သွားကြည့်တာ ကောင်းမယ်နဲ့တူတယ်။ လူနာတွေကိုမြန်မြန်ကယ်လေ ကောင်းလေပဲ။”
အားလုံးက ခေါင်းညိတ်လိုက်ကြပေမဲ့ သူတို့တွေက ဆိုင်ထဲမှာ ဆက်ပြီးလေ့လာနေကြတယ်။ မကြာခင်မှာပဲ ရိုစယ်လီယာက သူလိုချင်တာကိုရှာတွေ့သွားတယ်။ အဲဒါက ချည်မျှင်တွေပါ။
“အာရန်ကာတစ်ကောင်ကိုယ်တိုင်ရက်ထားတဲ့ ကျိန်စာ ချည်မျှင်တွေလား။ အလှပဆုံးအထည်ကိုရက်နိုင်ပေမဲ့ ဝတ်ဆင်သူကို ခိုက်စေတာမျိုး။”
ရိုစယ်လီယာက အလင့်စ်ရဲ့စာအုပ်ကိုလည်းရှာတွေ့ခဲ့ပြီး ဖြေရှင်းနည်းကို တွေ့ခဲ့ပါတယ်။ “ကြည့်ရတာ အဲဲဒီကတ်ကြေးနဲ့မှ ချည်မျှင်တွေရဲ့အသက်ကို တကယ်သေအောင်လုပ်နိုင်တဲ့ပုံပဲ။”
ရိုစယ်လီယာက ကျွန်မတို့ကိုမစောင့်တော့ဘဲ ဆိုင်ထဲကနေ ထွက်သွားတယ်။ ပြီးတဲ့နောက် လမ်းမပေါ်မှာကျနေတဲ့ အရွယ်ပြောင်းမှော်ကပ်ကြေးကို ယူလိုက်ပြီးတော့ ပြေးထွက်သွားပါတော့တယ်။
“သူ့သူငယ်ချင်းကို သွားကယ်တာပဲဖြစ်ရမယ်။” ကျွန်မ အလိုလိုပြုံးလိုက်မိတယ်။ အမြဲခေါင်းမာတတ်တဲ့ ရိုစယ်လီယာမှာလည်း ဒီလိုနူးညံ့တဲ့ဘက်ခြမ်းမျိုး ရှိသေးတာပဲ။
“ကျွန်မတို့လည်း ဆေးရုံသွားရအောင်....”
ဆေးရုံက လူနာတွေကိုကယ်ဖို့ပြန်တွေးမိတော့ ကျွန်မက ပြောလိုက်တယ်။ ပါစီဗယ်ကတော့ တစ်ခုခုသတိရသွားပုံနဲ့
“အပြင်က ဖမ်းထားတဲ့သူတွေကိုရော ဘာလုပ်မှာလဲ။”
“သခင့်အမိန့်အရ ကသုလုသမီးတော်ကို မေးစရာရှိတာမေးပြီးရင် ကွပ်မျက်ပစ်မယ်။”
မော်လီက လုံးဝညှာတာမယ့်ပုံမပေါ်ဘူး။ ဒါပေမဲ့ ကျွန်မတို့တွေ အပြင်ကိုရောက်သွားတော့ မျှော်လင့်မထားတဲ့ မြင်ကွင်းကို မြင်လိုက်ရပါတယ်။
ပါစီဗယ်ရဲ့အစောင့်တပ်သားတွေ အားလုံးသေဆုံးနေပြီ ဖြစ်ပြီးတော့ အဖမ်းခံထားရတဲ့ စစ်ဝတ်စုံနဲ့ကသုလူ မိန်းကလေးနဲ့ ပင့်ကူမိန်းကလေးတို့နှစ်ယောက်ဟာ ခြောက်သွေ့နေတဲ့ မံမီတွေအဖြစ်ကိုပြောင်းသွားကြပါပြီ။
မျက်လှည့်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးကတော့ အလောင်းတွေကနေထွက်လာတဲ့ အနက်ရောင် အခိုးအငွေ့တွေကို မျိုချလိုက်ရင်း မြူအဖြစ် ပြောင်းလဲသွားခဲ့တဲ့ အစောင့်တစ်ယောက်သိမ်းထားတဲ့ သူ့မှော်နှင်တံကိုသူ ပြန်ကောက်လိုက်ပါတယ်။
သူ့မျက်လုံးတွေက အပြာရောင်အလင်းတွေနဲ့တောက်ပ နေခဲ့ပြီးတော့ အနက်ရောင်မြူတွေက သူ့ကိုလွှမ်းခြုံလို့။
“နင့်ရဲ့မြူစွမ်းအား အသုံးချနိုင်စွမ်းက တော်တော် အားနည်းသေးတာပဲ တစ္ဆေဘုရင်။”
ကျွန်မ ပါစီဗယ်ကိုကြည့်လိုက်တော့ ပါစီဗယ်က အတော်တုန်လှုပ်နေပြီး နာမည်တစ်ခွန်းတည်းကို ထပ်ခါထပ်ခါရေရွတ်နေတယ်။
“ဆားစီ... ဆားစီး... မင်းက ဆားစီရဲ့သမီးတော်ပဲ။ ဟီကိတ်ရဲ့သွေးသားမဟုတ်ဘူး.....”
ဘန်နီကတော့ ကောက်ကျစ်ပြီး ကြည့်ရဆိုးတဲ့ အပြုံးမျိုးပြုံးလိုက်ရင်း မှော်နှင်တံကိုမြှောက်လိုက်တယ်။ မော်လီက ကျွန်မတို့ကိုကာကွယ်ဖို့ ရှေ့ကိုတက်သွားပေမဲ့ ဘန်နီက ကျွန်မတို့ကိုတိုက်ခိုက်မယ့်အစား မီးခိုးငွေ့တွေအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတာကိုသာ မြင်လိုက်ရလေရဲ့။
“ဘယ်လို ရက်စက်လိုက်တဲ့ မိန်းကလေးလဲ။ ကိုယ်လွတ်ဖို့ ကိုယ့်အဖော်တွေကိုစတေးပြီး စွမ်းအားကြီးလာအောင် လုပ်ခဲ့တာပဲ။”
မော်လီက ရေရွတ်လိုက်တယ်။ ကျွန်မကတော့ ပါစီဗယ်ကို နားမလည်နိုင်စွာနဲ့ မေးလိုက်တော့တာပေါ့။
“နင်ပထမတုန်းက ဟီကိတ်ရဲ့သမီးဖြစ်နိုင်တယ်လို့ ပြောတာမဟုတ်လား။ အခုကျတော့ဘယ်လိုလုပ်ပြီး တခြားနတ်ဘုရားမတစ်ပါးရဲ့နာမည် ထွက်လာရတာတုန်း။”
ပြီးတော့ တကယ့်တကယ်ပြောရရင် အဲဒီနတ်ဘုရားမ နှစ်ယောက်လုံးရဲ့နာမည်တွေကို ကျွန်မက ကြားဖူးရုံပဲ ရှိတာပါ။ သူတို့အကြောင်း သေချာသိတာမဟုတ်ဘူးရယ်။
“ပြောရရင်တော့ ဟီကိတ်နဲ့ဆားစီနှစ်ယောက်လုံးက မြူတွေကိုအသုံးချနိုင်တဲ့ မှော်နတ်ဘုရားမတွေပဲ။ တစ်ဖက်မှာတော့ ဟီကိတ်က အေသင်ဒေသမှာ အစောင့်အရှောက်နတ်ဘုရားမတစ်ပါးအဖြစ် ကိုးကွယ်ခံရပေမဲ့၊ ဆားစီကတော့ အမျိုးသားတွေကို မုန်းတီးပြီး တိရိစ္ဆာန်တွေအဖြစ်ပြောင်းပစ်တတ်သူအဖြစ် နာမည်ကြီးတာ။”
“.....” ပြောရရင် ပိုအန္တရာယ်ကြီးတဲ့သူပေါ့။
...
ဖမ်းထားတဲ့ လူတွေထဲကတစ်ယောက် လွတ်မြောက်ပြီးတဲ့ အချိန်မှာတော့ ကျွန်မတို့တွေ ဆေးရုံကိုသွားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တော့ လူနာတွေပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားကြတာကို မြင်ရတယ်။ သူတို့ရုပ်ရည်တွေလည်း ပုံမှန်အတိုင်းဖြစ်နေပြီ။
ကျွန်မတို့ ပါရဂူကိုသွားမေးမယ်ကြံတော့ ကသုလုပိုးကောင် အသေတစ်ကောင်ကိုကိုင်ထားတဲ့ ဂျော်ဒန်ဆိုတဲ့ EUOCက လူကိုတွေ့လိုက်ရရော။
“အိုး... မင်းတို့ပါလား... AC&Bကို ဖျက်ဆီးပြီးပြီနဲ့တူတယ်။”
သူ့ပုံစံက ကျွန်မတို့ကိုမြင်ကတည်းက ဘာဖြစ်နေလဲဆိုတာ နားလည်ပုံပဲ။ ကျွန်မလည်း သိထားတဲ့ပိုးကောင်တွေ အကြောင်းနဲ့ ဘန်နီထွက်ပြေးသွားတဲ့အကြောင်းတွေ ပြောပြဖြစ်ခဲ့တယ်။
“တစ်ယောက်လွတ်သွားလို့ စိတ်ထဲမသက်မသာ ခံစားရပေမဲ့ လူနာတွေအတွက် စိုးရိမ်နေတာဆိုရင်တော့ စိတ်အေးအေး ထားလိုက်ပါ။ မစ်ဆယ်ဗီနဲ့ အရင်တစ်ခါစကားပြောပြီးတဲ့ နောက်ပိုင်းမှာ ပြဿနာရဲ့အရင်းအမြစ်ကို သတိထားမိတာနဲ့ ကုသပေးပြီးပြီမလို့ပါ။ ပိုးကောင်တွေကိုထုတ်ပြီး မှတ်ဉာဏ်ဖျောက်ပစ်လိုက်ရတယ် ဆိုပေမဲ့ပေါ့။”
ကြည့်ရတာ ကျွန်မ EUOCရဲ့လုပ်နိုင်စွမ်းကို အထင်သေးမိခဲ့ပုံပါပဲ။
ဆေးရုံကနေ ပြန်ထွက်လာပြီးတဲ့နောက်မှာတော့ ကျွန်မ မော်လီနောက်ကို လိုက်လာဖြစ်ပါတယ်။ မော်လီက ရှေ့ကနေ သွားနေရင်းက နောက်ပြန်လှည့်မကြည့်ဘဲ မေးလာတယ်။
“နင်ငှားထားတဲ့ အဆောင်ကိုပြန်ဖို့ စိတ်ကူးမရှိဘူးလား။”
ကျွန်မ အလိုလိုနေရင်းနဲ့ ခေါင်းခါလိုက်မိပါတယ်။ “အရင်က ရှင်တို့ဆီနိတ်တာတွေရဲ့အလုပ်ကို သေချာနားမလည်ဘဲ ပေါ့ပျက်ပျက်နဲ့ထွက်လိုက်ပြီဆိုပြီး ပြောမိတဲ့အတွက် တောင်းပန်ပါတယ်။”
ဒီနေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ကျွန်မရင်ထဲမှာ မရှင်းမလင်းဖြစ်နေခဲ့တဲ့ အချက်အလက်တချို့ကို ဖြေရှင်း နိုင်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အမှောင်ကျောင်းတော်မှာ အချိန်ကြာမြင့်စွာ နေခဲ့ပြီးတဲ့နောက် ကျွန်မဟာ သာမန်လူ တစ်ယောက်မဟုတ်တော့ပါဘူး။
“နောက်ဆုံးတော့ ဆီနိတ်တာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားတော့မယ်ပေါ့လေ။”
မော်လီက တုံးတိပြန်ပြောလိုက်တယ်။ ကျွန်မခေါင်းကို ငုံထားလိုက်မိပါတယ်။
အခုဆိုရင် ကျွန်မက သဘာဝလွန်အရာတွေရဲ့တည်ရှိမှုကို သိနေရုံတင်မကဘဲ အဲဒီအရာတွေကြောင့် လူတွေထိခိုက်မှာ မဖြစ်အောင်လို့ တားဆီးနိုင်စွမ်းလည်း ရှိနေပါပြီ။ ကျွန်မသာ ခေါင်းမာမာနဲ့ သာမန်လူလိုမျိုး ဟန်ဆောင်နေမယ်ဆိုရင် သေဆုံးသွားမယ့် လူပမာဏက အများကြီးဖြစ်သွားမှာ။
“ဟုတ်တာပေါ့၊ တာဝန်တွေက ရှိလာပြီပဲ။”
ကျွန်မ ပြုံးလိုက်မိတယ်။ တစ်စုံတစ်ယောက်ရဲ့ကျောပြင်ကို စိတ်ကူးထဲမှာလည်း မြင်ယောင်လိုက်မိတယ်။ ကျွန်မနဲ့ အသက်အရွယ်ချင်း မတိမ်းမယိမ်းပဲရှိပေမဲ့ လူတွေကို ကာကွယ်ပေးဖို့အတွက် လေးလံတဲ့တာဝန်တွေကို ထမ်းဆောင်ထားတဲ့ လူတစ်ယောက်။
အဲဒီလူရဲ့ခံစားချက်တွေကို ကျွန်မ နားလည်နိုင်ပြီ ထင်ပါရဲ့။ ပြီးတော့ အဲဒီလူက ကျွန်မကိုလည်းကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတယ်။
ဒီအကြောင်းကို တွေးမိရုံနဲ့တင် ကျွန်မရင်ထဲမှာ နွေးထွေးသွားသလိုပါပဲ။ ကျွန်မ ရှေ့ကိုကြည့်လိုက်တယ်။ ညနက်ပိုင်းရောက်လုပြီဖြစ်လို့ နှင်းတွေသည်းထန်စွာ ကျဆင်းနေပါပြီ။ ဒါကြောင့်မော်လီနောက်ကို ပြေးလိုက်မိတယ်။
မကြာခင်မှာပဲ ဂရီမိုနီစာအုပ်ဆိုင်ကို လှမ်းမြင်နေရပြီ။ ပြီးတဲ့နောက်တော့ စာအုပ်ဆိုင်အတွင်းထဲက စာကြည့်စားပွဲ တစ်ခုမှာထိုင်ကာ စာဖတ်နေတဲ့သူတစ်ယောက်ကို ကျွန်မ လှမ်းမြင်လိုက်တယ်။
အဲဒီအနက်ရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေကို ကျွန်မတစ်သက်မမေ့ဘူး။ ကျွန်မခြေလှမ်းတွေ ပိုမြန်လာပြီး မော်လီကိုကျော်တက်သွားခဲ့တယ်။ နောက်တော့ ဆိုင်တံခါးကို ဖွင့်လိုက်ပြီး...
“နက်ဆန်... ရှင်ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။”
ကျွန်မမေးလိုက်ပေမဲ့ တစ်ခဏအတွင်းမှာပဲ ကျွန်မရဲ့ စကားလုံးတွေ အေးခဲသွားသလိုမျိုး ခံစားလိုက်မိလေရဲ့။ နောက်တော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့တာ။
ပိန်ပါးတဲ့ခန္ဓာကိုယ်၊ ဖြူဖျော့တဲ့အသားအရေနဲ့ မိန်းကလေး တစ်ယောက်က နက်ဆန့်ကိုနောက်ကနေ သိုင်းဖက်လိုက်ပြီး သူ့လည်ပင်းကို အသာအယာနမ်းလိုက်တာကို ကျွန်မ မြင်လိုက်ရလို့ပါ။
...
ပါရီမြို့မြေအောက်...
ဒီနေရာမှာတော့ အရိုးခေါင်းခွံတွေကို စီစီရီရီထားပြီး နံရံကြီးတွေအဖြစ် ပြုလုပ်ထားတဲ့ သချိုင်းမြေတစ်ခု ရှိလို့နေခဲ့ပါတယ်။ ဒီနေရာမှာမြုပ်နှံခံထားရတဲ့ သန်းနဲ့ချီတဲ့ ရုပ်အလောင်းပေါင်းများစွာရှိနေပြီး အရိုးခေါင်းနံရံတွေဟာ မီတာရာပေါင်းများစွာအထိ ဆန့်တန်းနေတဲ့အတွက်ကြောင့် ဝင်္ကပါကြီးတစ်ခုလိုပါပဲ။
ဒီနေရာကို ဝင်ရောက်လာတဲ့လူတစ်ယောက်ဟာ ဒီနေရာရဲ့ မွန်းကျပ်ပိတ်လှောင်နေတဲ့လေထုနဲ့ ကြောက်မက်ဖွယ်ရာ အရိုးခေါင်းခွံတွေကြောင့် တစ်ခဏအတွင်းမှာတင် ရူးသွပ်သွားနိုင်ပါတယ်။
တစ်ချိန်က ပြင်သစ်ပြည်ကြီးဟာ စစ်မက်ဒဏ်ကြောင့် လူသေအလောင်းတွေဖွေးဖွေးလှုပ်နေပြီး မြေမြုပ်စရာ နေရာတောင်မရှိတဲ့အဖြစ်မျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ ငတ်မွတ် ခေါင်းပါးလွန်းလို့ လူ့အရိုးကိုဂျုံနဲ့ရောပြီး ပေါင်မုန့်ဖုတ် စားရတဲ့အချိန်မျိုးလည်းရှိခဲ့ဖူးတယ်။
သချိုင်းမြေတွေမှာ မြုပ်နှံစရာနေရာမရှိတော့တဲ့အခါ ပါရီမြို့သားတွေဟာ ရှေးယခင်ရဲ့သေဆုံးခဲ့သူတွေရဲ့ အရိုးစုတွေကို တူးထုတ်လို့ သချိုင်းမြေတွေမှာ အလောင်းသစ်တွေကို မြုပ်နှံကြပါတယ်။ အရိုးစုဟောင်းတွေကိုတော့ မြို့တော်ကြီးရဲ့မြေအောက်မှာ ဥမင်လိုဏ်ခေါင်းကြီးတွေတူးပြီး စွန့်ပစ်ထားခဲ့ကြတာပေါ့။
အခုနေရာမှာ မေ့ပျောက်ခံလူသေတို့ရဲ့နေရာ၊ သေဆုံးပြီးနောက်ပိုင်း အမှတ်ရမယ့်သူတွေရှိမနေတော့ဘဲ နာမည်ကဗည်းတိုင်လေးတောင် မကျန်ရစ်တော့သူတွေရဲ့ နေရာပေါ့။
ဘုန်း...
အရိုးဝင်္ကပါထဲမှာ မီးခိုးမြူတွေက ပြန်လည်စုစည်းလာြပီး ဘန်နီအဖြစ်ကို ဖွဲ့စည်းသွားတယ်။ ဘန်နီက ဒေါသထွက်နေပြီး မြေပြင်ပေါ်မှာပြုတ်ကျနေတဲ့ အရိုးခေါင်းခွံတစ်ခုကို ခြေထောက်နဲ့ကန်ထုတ်လိုက်တယ်။
ဒါပေမဲ့... တစ်ခဏအကြာမှာပဲ လိုဏ်ခေါင်းရဲ့တစ်ဖက်က အသံတစ်သံကိုကြားလိုက်ရတဲ့အတွက် မျက်နှာပျက်သွား လေရဲ့...
“သေသူတွေကို လေးစားရမယ်လို့ နင့်ကိုဘယ်သူမှ သင်မပေးထားဘူးလား ကလေးမ...”
ဘန်နီက အသံလာရာကိုကြည့်လိုက်တယ်။ သူနဲ့ဆန့်ကျင်ဘက်မှာ ပျားရည်ရောင်မျက်ဝန်းတွေရှိပြီး နီညိုရောင်ဆံပင်တွေကို ကျစ်ဆံမြီးနှစ်ခွကျစ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရှိလို့နေပါတယ်။
အနက်ရောင်ဂေါ့သစ်ဂါဝန်ကိုဝတ်ဆင်ထားပြီးတော့ အသားအရေက ညိုတယ်။ နှာတံဖြောင့်ဖြောင့်ရှိပြီး ဘဲဥပုံမျက်နှာကြောင့် အတော်လေးချောမောတယ်လို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားအရဆိုရင်လည်း ထိပ်တန်းအဆင့်လို့ပြောနိုင်ပါတယ်။
အဲဒီအမျိုးသမီးက အသက်နှစ်ဆယ်လောက်လို့ထင်ရပေမဲ့ တစ်ချိန်တည်းမှာပဲ နှစ်ထောင်ချီအိုမင်းနေသလိုမျိုး ခံစားရပြန်ပါတယ်။ လက်ထဲမှာတော့ အရိုးခေါင်း တောင်ဝှေးကိုကိုင်ထားပြီး လည်ပင်းမှာ ခရမ်းရောင်သလင်းကျောက်နဲ့ပြုလုပ်ထားတဲ့ လည်ဆွဲတစ်ခုရှိနေတယ်။ အထူးခြားဆုံးကတော့ သူ့ဆီကနေ မြွေတွန်သံတွေကို ကြားနေရတာပါ။
“ရှင်က ဘယ်သူလဲ...” ဘန်နီက ကြောက်ရွံနေတဲ့စိတ်ကို ဖုံးကွယ်ရင်း မေးလိုက်တယ်။
“လင်ဘိုဘုံက မိစ္ဆာဘုရင်မလီလစ်ရဲ့ညာလက်ရုံးအမတ် အီလက်ထရာပဲ။ နင်မြင်တဲ့အတိုင်းပဲ ဖျူရီတစ်ကောင်ပေါ့။”