အခန်း (၁၅၂၆-၁၅၃၀)
Vol. 80 Ch. 1526-1530
Chapter 1526
ဒူးထောက်....
ဒူးထပ်ထောက်မယ်....
မီးခိုးရောင်ဝတ်ဘုန်းတော်ကြီးများ၏အော်သံနှင့်အတူ လုံကျင်းမြို့တော်၏မူလမြို့မျက်နှာဖုံးများသည် ဗုဒ္ဓရုပ်ပွါးတော်၏ရှေ့၌ ဒူးထောက်ပြီး ဗုဒ္ဓမန္တန်များကို တိုးညှင်းသောအသံဖြင့် ရွတ်ဆိုလိုက်ကြ၏။
သူတို့ ဒူးထောက်အရိုအသေပြုသည့်အကြိမ်တိုင်း သူတို့၏မျက်ခုံးနှစ်ခုကြားမှ မှိန်ပျပျအလင်းစီးကြောင်းများ ထွက်ပေါ်သွားပြီး ဗုဒ္ဓရုပ်ပွါးတော်၏နောက်တစ်နေရာသို့ ကျရောက်သွားသည်ကို သူတို့အားလုံးသတိမပြုမိကြချေ။
ဗုဒ္ဓရုပ်ပွါးတော်၏နောက်တွင် မှိန်ပျပျအလင်းဘီးတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ အလင်းတန်းများအားလုံးကို စုပ်ယူနေသည်။
"စိတ်ဝင်စားစရာပဲ....ဒီလိုနေရာမျိုးမှာတောင် ကံကြမ္မာရဲ့စွမ်းအားကို စုဆောင်းယူတဲ့သူတွေရှိနေတယ်"
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီက ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။
သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း တိတ်ဆိတ်ငြိမ်သက်နေသော စစ်နတ်ဘုရားယဇ်ပလ္လင်၌ အလွန်ပီပြင်ပြတ်သားစွာ ပဲ့တင်ထပ်နေသည်။
အမ်...
ဘုန်းတော်ကြီးတစ်ပါးက မျက်မှောင်ကြုတ်လိုက်သည်။
"ဗုဒ္ဓရုပ်ပွါးတော်ရဲ့ရှေ့မှာ ဘယ်သူလာပြီး ဆူညံသံပြုဝံ့တာလဲ"
ရုတ်ချည်းဆိုသလိုပင် စစ်နတ်ဘုရားယဇ်ပလ္လင်၏နံဘေးပတ်လည်တွင်ရှိနေသော ဘုန်းတော်ကြီးများအားလုံး တဟုန်ထိုးပြေးထွက်လာပြီး လုယွီတို့လူစုအား ဝိုင်းရံလိုက်ကြသည်။
"ထွီ...လုံကျင်းမြို့တော်က ပိုက်ကွန်ကလွတ်သွားတဲ့ငါးတွေရှိနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ဗုဒ္ဓရုပ်ပွါးတော်ရဲ့ရှေ့မှာ မလေးမစားပြောဆိုဝံ့မှတော့ သေဖို့ထိုက်တန်တယ်"
ဘုန်းတော်ကြီးတစ်ပါးက အော်ငေါက်လေ၏။
လုယွီတို့လူစု၏ခန္ဓာကိုယ်တွင် ဗုဒ္ဓ၏သင်္ကေတရှိမနေချေ။ထိုအခြင်းအရာမှနေ၍ လုယွီတို့လူစုသည် ဗုဒ္ဓအားယုံကြည်ကိုးကွယ်ခြင်းမရှိသည့်အပြင် ဗုဒ္ဓရုပ်ပွါးတော်၏ရှေ့၌ ဒူးထောက်၍အရိုအသေပြုဖူးလည်းမရှိကြောင်း ဖော်ပြနေသည်။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"မင်းတို့က ဘာလိုချင်တာလဲ"
"ငါတို့ လိုချင်တာကလား ...ဗုဒ္ဓရုပ်ပွါးတော်ရဲ့ရှေ့မှာ မရိုမသေပြုလုပ်တဲ့လူတိုင်း...အပြစ်ဒဏ်အနေနဲ့ ငွေစသုံးဆယ်ပေးပြီး ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ တနေကုန်ဒူးထောက်ရမယ်"
ဘုန်းတော်ကြီးတစ်ပါးက မောက်မာသောလေသံဖြင့် ပြောဆိုသည်။
ဤပတ်ဝန်းကျင်အနီးတဝိုက်တွင်ရှိသော ဘုန်းတော်ကြီးများ၏မျက်နှာအမူအယာများသည်လည်း နှစ်မြို့ဖွယ်မကောင်းလှချေ။အကယ်၍ လုယွီကသာ မလုပ်နိုင်ဟု ငြင်းဆိုပါက သူတို့၏လက်အတွင်းမှ တောင်ဝှေးများဖြင့်ရိုက်နှက်ရန် အဆင်သင့်ပြင်ထားကြ၏။
လုယွီက စကားပြောဆိုတော့မည့်အချိန်မှာပင် ရုတ်တရက် တာဟေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ကတုံးပြောင်တစ်သိုက်ကများ...မင်းတို့ကို ငါမြင်ရတဲ့အချိန်တိုင်း ငါ အမြဲတမ်းဒေါသထွက်ရတယ်"
တာဟေးသည် စူးရှကျယ်လောင်စွာ အော်ဟစ်ပြီး သူ၏ရှေ့မှဘုန်းတော်ကြီးအားကိုက်ရန် တဟုန်ထိုးပြေးဝင်သွားတော့သည်။
"ဒီခွေးနတ်ဆိုးသားရဲက ဘယ်နေရာကရောက်လာတာလဲ"
"ရိုင်းပျလိုက်တာ...မင်းက ငါတို့ကိုတောင် ပြန်ပြောဝံ့တယ်ပေါ့"
ဘုန်းကြီးများသည် စူးစူးဝါးဝါးအကြည့်ဖြင့် တာဟေးအားကြည့်ပြီး သူတို့၏လက်အတွင်းမှတောင်ဝှေးများဖြင့် လွှဲရိုက်လိုက်ကြသည်။
"မြေးဘေးတွေ ...မင်းတို့က ဒီဘိုးဘေးကိုတောင် တိုက်ခိုက်ဝံ့တယ်လား"
တာဟေးသည် အလွန်အမင်းမောက်မာနေသည်။သူသည် စကားပြောဆိုနေစဥ်မှာပင် သူ၏ခန္ဓာကိုယ်ကို လျှပ်ပြက်သကဲ့သို့လှုပ်ရှားနေပြီး ယခုလက်ရှိနေရာရှိဘုန်းတော်ကြီးများအားလုံးကို ကိုက်ဖြတ်နေပေ၏။
အချိန်အနည်းငယ်အတွင်းမှာပင် ဘုန်းတော်ကြီးများအားလုံး ဒဏ်ရာများရရှိသွားပြီး နာကျင်စွာညည်းတွားနေကြသည်။
"ကောင်လေး...မင်း စောင့်နေစမ်း...ငါ့ရဲ့လူတွေကိုသွားခေါ်ပြီး မင်းတို့ တစ်မိသားစုလုံးကိုသတ်ပစ်မယ်"
ဘုန်းတော်ကြီးတစ်ပါးသည် ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ခြိမ်းခြောက်စကားပြောဆိုသည်။
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...အောင်းကွမ်း...သူတို့အားလုံးကို သတ်ပစ်စမ်း"
လုယွီ၏အေးစက်စက်အော်ငေါက်သံနှင့်အတူ အောင်းကွမ်းက ချက်ချင်းပင်လှုပ်ရှားလိုက်ရာ သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားခြင်းနှင့်အတူ ဘုန်းကြီးများအားလုံး မြေပြင်ပေါ်သို့လဲကျပြီး သွေးများအိုင်ထွန်းသွားပေ၏။
ထိုဘုန်းကြီးများသည် သူ၏မိသားစုအား သူ့ရှေ့မှာပင် ခြိမ်းခြောက်နေသဖြင့် လုယွီသည် သူတို့အား အလွတ်မပေးနိုင်ချေ။
"ဒီနေရာကိုလာပြီး...တာလျန့်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ်ကို တိတိကျကျပြောပြစမ်း"
လုယွီက လူလတ်ပိုင်းကြီးတစ်ယောက်ကို လက်ညှိုးညွှန်ပြီး အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။
ယခုလက်ရှိနေရာ၌ရှိနေသော သူဌေးသူကြွယ်များနှင့်အရာရှိများအားလုံးသည် ဤမတော်တဆဖြစ်ရပ်ကြောင့် တုန်လှုပ်ချောက်ချားနေကြ၏။
သူတို့ရှေ့မှလူငယ်သည် ဘုန်းကြီးများအားလုံးကို အမှန်တကယ်ကိုပင် သတ်ဖြတ်ခဲ့သလော။
ထို့ပြင် စကားပြောတတ်သောခွေးနက်ကြီးတစ်ကောင်လည်းရှိနေသည်။ဤသည်က နတ်ဆိုးဖြစ်နေသလော။
"မင်း...မင်းက ယုံဖျင်အမတ်ကြီးရဲ့သား လုယွီလား"
ရုတ်တရက် လူလတ်ပိုင်းကြီးတစ်ယောက်က လုယွီအား မှတ်မိသွားသည်။
လုယွီသည် လူအုပ်ကြီးအတွင်းသို့ဝေ့ဝိုက်ကြည့်လိုက်ရာ သူသည်လည်း လူလတ်ပိုင်းကြီးတစ်ယောက်အား မှတ်မိသွားပေ။
ထိုလူလတ်ပိုင်းကြီးသည် ယခင်က တာလျန့်နိုင်ငံတော်၏မင်းသားများအနက်မှ တစ်ပါးဖြစ်သည်။ယခုလက်ရှိအချိန်တွင် သူ ဝတ်ဆင်ထားသောဝတ်စုံပင်လျှင် ဆိုးဆိုးရွားရွား စုတ်ပြတ်နေသည်။
"ဟုတ်တယ်...ကျုပ်က လုယွီပဲ"
လုယွီသည် ဧရာမဗုဒ္ဓရုပ်ပွါးတော်ကြီးကို တစ်ချက်မော့ကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"စစ်နတ်ဘုရားရုပ်ထု ဘယ်ရောက်သွားလဲ...ဒီနေရာက ဘယ်လိုလုပ်ပြီး ခုလိုမျိုးဖြစ်နေတာလဲ"
Chapter 1527
လုယွီ၏မေးခွန်းကိုကြားသည်နှင့် ယခုလက်ရှိနေရာတွင်ရှိနေသော အထက်တန်းလွှာများနှင့်အရာရှိများ၏မျက်နှာများပေါ်၌ ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
လူလတ်ပိုင်းကြီးသည် ထိုစကားကိုကြားသည်နှင့် သူက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"စစ်နတ်ဘုရားဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံရတာ အချိန်အတော်ကြာခဲ့ပြီ...ကောလဟာလတွေအရတော့ အနီးအနားမှာရှိတဲ့ အင်မော်တယ်ဂိုဏ်းတွေအားလုံး ဗုဒ္ဓဂိုဏ်းရဲ့ဖျက်ဆီးခံလိုက်ရပြီလို့ဆိုကြတယ်....လုံကျင်းမြို့တော်မှာရှိတဲ့ စစ်နတ်ဘုရားရုပ်ထုတောင် ဖြိုချဖျက်ဆီးခံရပြီးတော့ ဗုဒ္ဓရုပ်ပွါးတော်ကို အစားထိုးသွန်းလောင်းခဲ့ကြတယ်"
"ဒီဗုဒ္ဓရုပ်ပွါးတော်ရဲ့ခန္ဒာကိုယ်တစ်ခုလုံးကို ရွှေမှုန့်တွေနဲ့ဖုံးအုပ်ထားတာ...ဒါတွေက ငါတို့အားလုံးရဲ့ငွေကြေးတွေနဲ့ပဲ...ငါတို့ရဲ့အခြေအနေက မကောင်းဘူးဆိုပေမယ့် တော်သေးတယ်...လုံကျင်းကလူအများစုကတော့ ငွေကြေးမလှူဒါန်းနိုင်ကြတော့လို့ သတ္ထုတွင်းတွေဆီ ပို့ဆောင်ခံကြရတယ်"
ပတ်ဝန်းကျင်ရှိလူများသည် ထိုစကားကိုကြားချိန်တွင် သူတို့က ကြိမ်ဖန်များစွာ သက်ပြင်းရှိုက်နေကြသည်။
သူတို့သည် မူလက လုံကျင်းမြို့တော်၏အရေးအပါဆုံးပုဂ္ဂိုလ်များဖြစ်သည်။သို့ရာတွင် ဗုဒ္ဓဂိုဏ်းဝင်များ၏ အလွန်အမင်းလောဘကြီးမှုကြောင့် သူတို့သည်ချမ်းသာကြွယ်ဝသည့်တိုင် ထိုဘုန်းကြီးများအား ထောက်ပံလှူဒါန်းရန် မလုံလောက်တော့ချေ။
ထိုဗုဒ္ဓကျင့်ကြံသူများသည် စစ်နတ်ဘုရားဂိုဏ်းမှအင်မော်တယ်များကိုပင် သတ်ဖြတ်ခဲ့သည်။သူတို့ကဲ့သို့ သာမာန်သေမျိုးများဆိုလျှင် စကားထဲထည့်ပြောနေရန်ပင် လိုမည်မဟုတ်ချေ။
"စစ်နတ်ဘုရားဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီလား"
လုယွီ၏မျက်နှာ သုန်မှုန်သွားပေ၏။
ယခင်ကတည်းက စစ်နတ်ဘုရားဂိုဏ်း၏အားအကောင်းဆုံးကျင့်ကြံသူသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သာရှိသည်။
ထိုဂိုဏ်းငယ်လေးမျိုးသည် အစစ်အမှန်ထိပ်သီးကျင့်ကြံသူများရှေ့၌ သာမညောင်ညအဆင့်ဟုဆိုနိုင်သည်။ စစ်နတ်ဘုရားဂိုဏ်းသည် အလွန်အားနည်းလှသဖြင့် ဤဘေးကပ်ဆိုးမှ ရှင်သန်လွတ်မြောက်မည်ဟု လုယွီက တွေးထင်ထားခဲ့သည်။သိုရာတွင် မမျှော်လင့်ထားဘဲ ဗုဒ္ဓဂိုဏ်းသည် စစ်နတ်ဘုရားဂိုဏ်းအပေါ် အာရုံကျသွားခဲ့၏။
"လုမိသားစုကရော...အခု အခြေအနေဘယ်လိုရှိလဲ"
လုယွီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
ယခုလက်ရှိအချိန်၌ သူ စိုးရိမ်ပူပန်ဆုံးမှာ သူ၏မိသားစုပင်။
ယခုလက်ရှိနေရာ၌ရှိနေသူများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံး၌ လူလတ်ပိုင်းကြီးက ပြောဆိုလိုက်၏။
"ဗုဒ္ဓဂိုဏ်းဝင်တွေ ဒီနေရာကို ပထမဆုံးစရောက်လာချိန်ကတည်းက လုမိသားစုတစ်စုလုံး ထိုက်ချွမ်တောင်ကို ပြောင်းရွှေ့သွားတယ်လို့ ငါ ကြားထားတယ်...အဲ့ဒါပြီးကတည်းက လုမိသားစုနဲ့ပတ်သက်လို့ ငါ ဘာသတင်းမှမကြားမိဘူး"
ထိုက်ချွမ်တောင်....
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။ထိုနေရာသည် စစ်နတ်ဘုရားစမ်းသပ်ပွဲပြုလုပ်သည့်နေရာဖြစ်ကြောင်း သူ အမှတ်ရနေဆဲပင်။
ထိုက်ချွမ်တောင်သည် တုန်လှုပ်ချောက်ချားဖွယ် အအေးစွမ်းအားများဖြင့် ပြည့်နှက်နေပြီး လူများနေထိုင်ရန်မသင့်တော်ချေ။အကယ်၍ လိုအပ်နေခြင်းကြောင့်သာမဟုတ်ပါက သူ၏မိသားစုသည် ထိုကဲ့သို့နေရာမျိုးသို့ ပြောင်းရွှေ့သွားမည်မဟုတ်ဟု လုယွီ တွေးတောကြည့်နိုင်သည်။
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ငါ့ရဲ့မိသားစုကိုထိပါးဝံ့တဲ့သူတွေ တကယ်ကိုရှိနေပါသေးလား"
လုယွီက တီးတိုးရေရွတ်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာပေ၏။
နံဘေးပတ်ဝန်းကျင်ရှိလူများသည် လုယွီ၏ရက်စက်ကြမ်းကြုတ်သောအကြည့်ကိုမြင်ချိန်တွင် သူတို့အားလုံးတုန်လှုပ်ချောက်ချားသွားကြပြီး ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။
ဤသည်က မည်ကဲ့သို့ မျက်လုံးအကြည့်မျိုးဖြစ်သနည်း။
ဤသည်က အကန့်အသတ်မရှိသောသွေးပင်လယ်အတွင်းမှ သူတို့ လျှောက်လှမ်းထွက်လာရသည်နှင့် တူညီနေသည်။သူတို့သည် တိုက်ပွဲ၌ နှစ်ပေါင်းအတော်ကြာတိုက်ခိုက်ခဲ့သူများဖြစ်သည့်တိုင် ဤကဲ့သို့ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးကို မမြင်တွေ့ဖူးချေ။
'အခုလက်ရှိမှာ လုယွီက ဘယ်လောက်ထိအောင် သန်မာနေပြီလဲ'
ထိုအတွေးသည် အထက်တန်းလွှာများနှင့်အရာရှိများအားလုံး၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ပြန်တွေးကြည့်ပါက တာလျန့်၏ယခင်တော်ဝင်မိသားစုသည် လုယွီ၏သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ယခု သူပြန်ရောက်လာချိန်တွင် ဗုဒ္ဓဂိုဏ်းမှဘုန်းတော်ကြီးများအား လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် သတ်ဖြတ်ခဲ့သည်။
"အားလုံး ပြန်ကြတော့...ခင်ဗျားတို့အတွက် ဒီနေရာမှာ ဘာမှမရှိဘူး"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
သို့ရာတွင် လူအများစုသည် ထွက်ခွာသွားခြင်းမရှိချေ။
တာလျန့်၏မင်းသားတစ်ပါးက လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါတို့က ဒူးထောက်အရိုအသေမပြုဘူးဆိုရင်....ငါတို့ကို ဗုဒ္ဓရုပ်ပွါးတော်ရဲ့ရွှေရောင်အလင်းတန်းတွေ လွှမ်းခြုံတော့မှာမဟုတ်ဘူး....အဲ့ဒီဘုန်းကြီးတွေ ထပ်ပြန်ရောက်လာတဲ့အချိန်ကျရင် ငါတို့ ငွေထပ်တောင်းခံရလိမ့်မယ်"
"အမှန်ပဲ....ငါတို့က ဒူးထောက်အရိုအသေပြုပြီးမှ ထွက်သွားကြမယ်"
သူတို့၏စိတ်နှလုံးသားအတွင်း၌ ဗုဒ္ဓဂိုဏ်းသည် အလွန်အမင်းအစွမ်းထက်သည်ဟု ယုံကြည်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏စိတ်နှလုံးသားအတွင်း၌ စစ်နတ်ဘုရားဂိုဏ်းပင်လျှင် သူတို့လက်လှမ်းမမီသော တည်ရှိမှုကြီးဖြစ်ပေရာ ဗုဒ္ဓဂိုဏ်းသည် ဆိုဖွယ်ရာပင်မရှိတော့ချေ။
"တကယ့်ကို အမှိုက်တစ်သိုက်ပဲ...သူတို့က မင်းတို့ရဲ့မျက်နှာတွေပေါ် တက်နင်းနေတာတောင် မင်းတို့က ဒူးထောက်ပြီးအရိုအသေပြုနိုင်သေးတယ်"
တာဟေးက ပြက်ရယ်ပြုပြောဆိုသည်။
တာဟေး၏ပြက်ရယ်ပြုသံကိုကြားသည်နှင့် ထိုအထက်တန်းလွှာများ၏မျက်နှာများ နီမြန်းသွားပေ၏။
လုယွီသည် ထိုလူများကိုတစ်ချက်ကြည့်ပြီးနောက် ဧရာမဗုဒ္ဓရုပ်ပွါးတော်ကြီးအား ကြည့်လိုက်သည်။သူက ခက်ထန်တင်းမာသောလေသံဖြင့် အော်ဟစ်ကြုံးဝါးသည်။
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ဘာဗုဒ္ဓရုပ်ပွါးတော်မှရှိစရာမလိုဘူး"
ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ဝါးရိုက်ချက် ကျဆင်းသွားသည်။
ဗုဒ္ဓရုပ်ပွါးတော်မှနေ၍ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာပေ၏။
Chapter 1528
ဘုန်း....
ကျယ်လောင်သောမြည်ဟီးသံကြီးသည် တာလျန့်နိုင်ငံတော်၏အထက်ကောင်းကင်ယံတခွင်လုံး၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
အထက်တန်းလွှာများသည် သူတို့၏ခေါင်းများကို လှည့်ကြည့်လိုက်ကြသည်။သူတို့သည် မြေပြင်တစ်ခုလုံး တုန်ခါနေသည်ကိုသာ ခံစားမိပေ၏။
"အို...နတ်ဘုရားများ...ဘာတွေဖြစ်နေတာလဲ"
"မြေပြင်တစ်ခုလုံး တုန်ခါနေတယ်...ဖြစ်နိုင်တာတော့ နဂါးသွေးကြောတွေ ပြောင်းလဲသွားတာများလား"
တစ်ချိန်တည်းမှာပင် အစဥ်အမြဲမားမားမတ်မတ် ရပ်တည်နေပြီး တည်ကြည်လေးနက်ပုံရသော ဗုဒ္ဓရုပ်ပွါးတော်ပေါ်၌ ထင်ရှားပြတ်သားသော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ဤသည်က တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းပင်။
ခရက်....ခရက်...ခရက်...
အက်ကွဲသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ဗုဒ္ဓရုပ်ပွါးတော်တစ်ခုလုံး စတင်၍ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
နောက်ထပ်တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီးချိန်၌ ဗုဒ္ဓရုပ်ပွါးတော်ကြီးသည် နောက်ဆုံးတွင် လုယွီ၏တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
ဘုန်း...
မရေမတွက်နိုင်သောမီးခိုးငွေ့နှင့်ဖုန်မှုန့်များ ပျံ့လွင့်လာပြီးနောက် လုံကျင်းမြို့တော်၏အထက်တန်းလွှာများ အရိုအသေပြုနေကြသော ဗုဒ္ဓရုပ်ပွါးတော်ကြီးသည် အပျက်အယွင်းများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"လုယွီက ဗုဒ္ဓရုပ်ပွါးတော်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီ"
"သူ ဒါကို တကယ်လုပ်လိုက်တာပဲ...ဒါက သူ ဗုဒ္ဓဂိုဏ်းကို စစ်ကြေငြာလိုက်တာနဲ့အတူတူပဲ...ဒါပေမယ့် ငါတို့ဘာလုပ်သင့်လဲ...ငါတို့က ဒီနေရာမှာရှိနေတာလေ...ဗုဒ္ဓဂိုဏ်းက ငါတို့ကို လုယွီရဲ့အပေါင်းအပါတွေအဖြစ်များ သတ်မှတ်သွားနိုင်လား"
"သူက သူကိုယ်သူ သေလမ်းရှာတာလေ...ငါတို့နဲ့ ဘာမှမဆိုင်ဘူး"
အထက်တန်းလွှာများသည် အဆက်မပြတ် ညည်းညူနေကြသော်လည်း မီးခိုးငွေ့နှင့်ဖုန်မှုန့်များ ပျက်ပြယ်သွားချိန်တွင် သူတို့အားလုံး လုယွီ၏ပုံရိပ်ကို မတွေ့ရတော့ချေ။
……
ထိုက်ချွမ်တောင်...
ဤနေရာသည် ရှေးဟောင်းအချိန်ကာလများကတည်းက မြူခိုးများ ထူထပ်သိပ်သည်းစွာ လွှမ်းခြုံနေသောနေရာဖြစ်သည်။
ယခင်က ဤနေရာကို တော်ဝင်မိသားစု၏အမဲလိုက်ကွင်းပြင်အဖြစ် အသုံးပြုခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် ထိုက်ချွမ်တောင်၏ပြင်ပ၌ စစ်တပ်တဲအိမ်များ၏အပျက်အယွင်းအစအနများသာ ကျန်ရှိတော့သည်။ဤနေရာ၌ မည်သည့်စစ်သားမျှ စောင့်ကြပ်နေခြင်း မရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် ထိုက်ချွမ်တောင်၏အနက်ရှိုင်းဆုံးနေရာရှိ တောအုပ်တစ်ခုအတွင်း၌ အစိမ်းရောင်အုတ်ရိုးများကာရံထားသော ခြံဝင်းငယ်များရှိနေသည်။
ထိုခြံဝင်းငယ်များကို ရေအိုင်တစ်ခုက ပတ်ပတ်လည်ဝိုင်းရံထားပြီး နံဘေး၌ ကျွန်းစုငယ်တချို့ရှိနေပေ၏။
အကယ်၍ ကျင့်ကြံသူတစ်ယောက် ဤနေရာသို့ရောက်လာလျှင်ပင် ထိုလူ၏နတ်ဘုရားစိတ်အာရုံသာအားနည်းပါက ယခုနေရာ၌ရှိနေသူများကိုရှာဖွေရန် ခက်ခဲပေမည်။
ဤသည်က လုမိသားစု၏ဆုတ်ခွာရန်လမ်းကြောင်းများအနက်မှ တစ်ခုဖြစ်သည်။အကယ်၍ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက မိသားစုတစ်စုလုံး ဤနေရာသို့ပြောင်းရွှေ့ရန် ယခင်ကတည်းက ကြိုတင်စီမံထားပြီးဖြစ်သည်။
"မိန်းကလေးလမ်ရွှန်း...မင်းက တာလျန့်နိုင်ငံတော်တစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့မိန်းမလှလေးတစ်ယောက်လို့ ငါ ကြားထားတယ်....ငါတို့က ကျင့်ကြံသူတွေဆိုပေမယ့် အလှအပကိုမြတ်နိုးတယ်...မင်း အခုလို ခုခံနေမယ်ဆိုရင် ဘယ်သူအတွက်မှ ကောင်းမှာမဟုတ်ဘူး"
ရမ္မက်ခိုးဝေနေသောမျက်နှာနှင့် ဘုန်းတော်ကြီးတစ်ပါးသည် လုလမ်ရွှမ်းအား ဆိုးညစ်သောအပြုံးမျိုးနှင့် စူးစိုက်ကြည့်ပြီး ပြောဆိုသည်။
လုလမ်ရွှမ်း၏နံဘေးတွင် မြောက်များစွာသောလုမိသားစုဝင်များ မြေပြင်ပေါ်၌လဲကျနေပြီး လုခိုင်ရှမ်ပင်လျှင် ဒဏ်ရာရရှိထားသည်။
"နင်....အရှက်မရှိလိုက်တာ"
လုလမ်ရွှမ်းသည် ထိုဘုန်းတော်ကြီးအား စူးစူးရဲရဲကြည့်နေပြီး သူမ၏မျက်ခုံးနှစ်ခုကြား၌ သူရဲကောင်းဆန်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
လျှို့ဝှက်ပုန်းကွယ်နေသောလုမိသားစုကို ဤဘုန်းတော်ကြီးတစ်စုက ရှာတွေ့သွားမည်ဟု သူမ မျှော်လင့်မထားမိချေ။
ထိုဗုဒ္ဓဂိုဏ်းဝင်များသည် လုံကျင်းသို့ရောက်ရှိလာပြီးနောက် အရက်အလွန်အကျွံသောက်ပြီး အစားကြူးကာ အပျော်အပါးရှာဖွေနေကြသည်။လုံကျင်းမြို့တော်အတွင်းရှိ မြောက်များစွာသောမိန်းမလှများသည် ထိုဘုန်းတော်ကြီးများ၏ညစ်ညမ်းစေခြင်းကိုခံရသည်။
နေ့စဥ်နေ့တိုင်း မိန်းကလေးများသည် သူမတို့ကိုယ်သူမတို့ သတ်သေနေကြသော်လည်း ဗုဒ္ဓဂိုဏ်းဝင်များသည် ထိုကိစ္စကို အာရုံစူးစိုက်ခြင်းမရှိချေ။
"ကောင်းတယ်...ဒီဘုန်းကြီးက ခုလိုမျိုးခေါင်းမာပြီးပုန်ကန်တက်တဲ့မိန်းကလေးကို အကြိုက်ဆုံးပဲ...ဘာမှမစိုးရိမ်ပါနဲ့...ငါက မင်းကို ကောင်းကောင်းချစ်မြတ်နိုးပေးမှာပါ"
ဘုန်းတော်ကြီးသည် ထူးဆန်းသောအပြုံးပြုံးလိုက်ပြီးနောက် သူ၏အင်္ကျီလက်မှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး လုလမ်ရွှမ်းအား ရိုက်နှက်လိုက်သည်။
ဟမ့်...
လုလမ်ရွှမ်းက အေးစက်စက်အော်ငေါက်ပြီး သူမ၏လက်အတွင်းရှိ လှံရှည်ကိုမြှောက်လိုက်၏။ထိုလှံရှည်၏ထိပ်ဖျားမှနေ၍ အေးစက်စက်အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
သူတို့နှစ်ယောက်လုံးသည် ကျင့်ကြံသူများဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ဘုန်းတော်ကြီးက ပြက်ရယ်ပြုရယ်မောပြီး ပြောဆိုသည်။
"ဒါဆို မင်းက ကမ္ဘာမြေသင်္ကေတနယ်ပယ်အဆင့်ကျင့်ကြံသူပေါ့....ဒီလိုစုတ်ပြတ်သတ်နေတဲ့နေရာမျိုးမှာ ခုလိုမျိုးအဆင့်ထိကျင့်ကြံနိုင်တာ မင်းက တကယ်ကိုမဆိုးဘူးပဲ"
ဘုန်းတော်ကြီးသည် ရယ်မောနေစဥ်မှာပင် သူ၏ခန္ဓာကိုယ်မှအားလှိုင်းများကို တိုးမြှင့်လိုက်ရာ လုလမ်ရွှမ်းပစ်လွှက်လိုက်သော လှံရှည်မှအရှိန်အဝါ ကချက်ချင်းပင် ပျက်ပြယ်သွားတော့သည်။
ထိုဘုန်းတော်ကြီးသည် ကောင်းကင်သင်္ကေတနယ်ပယ်ကျင့်ကြံသူဖြစ်ပေ၏။
အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် လုလမ်ရွှမ်း၏လှံရှည်နည်းစနစ်သည် ထိပ်တန်းအဆင့်ဖြစ်သော်လည်း ကျင့်ကြံဆင့်နယ်ပယ်ကွာခြားချက်ကြောင့် နောက်ဆုံး၌ သူမ ရှုံးနိမ့်သွားတော့သည်။
"ဟား ဟား ဟား...ငါ့အတွက် အသုံးတော်ခံစမ်း"
ဘုန်းတော်ကြီးသည် လုလမ်ရွှမ်း၏နောက်သို့ရောက်ရှိလာပေ၏။
Chapter 1529
ဘုန်းတော်ကြီးသည် အူလှိုက်သည်းလှိုက်ရယ်မောပြီး လုလမ်ရွှမ်း၏လည်ပင်းအား ရိုက်နှက်လိုက်သည်။
"ရွှမ်းအာ...ဂရုစိုက်"
လုခိုင်ရှမ်သည် ရုတ်တရက်အော်ဟစ်ကြုံးဝါးပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ လုလမ်ရွှမ်း၏နောက်ကျောကို ကာကွယ်ပေးလေ၏။
ဘုန်းခနဲမြည်သံနှင့်အတူ လုခိုင်ရှမ်သည် နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရပြီး သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။
ဘုန်းတော်ကြီးသည်လည်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး သူ၏မျက်နှာပေါ်၌ အံ့အားသင့်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါဆို မင်းက ကောင်းကင်သင်္ကေတနယ်ပယ်ကျင့်ကြံသူပေါ့...ကျွတ် ကျွတ် ကျွတ်...မင်းလို အစွမ်းထက်ကျင့်ကြံသူမျိုးက တာလျန့်လိုသေမျိုးနိုင်ငံမှာ ပုန်းအောင်းနေရတယ်....သနားဖို့ကောင်းတာက ငါတို့က မင်းရဲ့သမီးကိုခေါ်ဆောင်သွားဖို့ ရွေးချယ်ပြီးပြီဆိုမှတော့.....မင်း သူ့ကို ကာကွယ်နိုင်မှာမဟုတ်ဘူး"
ထိုဘုန်းတော်ကြီးက ရုတ်တရက် လေချွန်လိုက်ရာ မြောက်မြားစွာသော အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများ သူ၏နံဘေး၌ ထွက်ပေါ်လာပေ၏။
ထိုဘုန်းကြီးများ၏မျက်နှာများသည် နီမြန်းနေပြီး သူတို့၏နားထင်များ ဖောင်းကားနေသည်။သူတို့၏မျက်လုံးများအတွင်း၌ စူးရှသောအလင်းတန်းတစ်ခု ပုန်းကွယ်နေသကဲ့သို့ သူတို့၏မျက်လုံးများ တောက်ပနေပေ၏။
သူတို့တစ်ယောက်ခြင်းစီ၏ခေါင်းထက်၌ မြောက်မြားစွာသောသင်္ကေတများ လှည့်ပတ်နေပြီး အလင်းရောင်များဖြာထွက်နေသည်။သူတို့အားလုံးသည် ကောင်းကင်သင်္ကေတနယ်ပယ်ကျင့်ကြံသူများ ဖြစ်ပေ၏။
"အဟွတ်...အဟွတ်...ရွှမ်းအာ...သွားကြစို့"
လုခိုင်ရှမ်၏အရှိန်အဝါ တဖြည်းဖြည်းအားနည်းစပြုလာသည်။
သာမာန်နေ့ရက်များတွင် လုခိုင်ရှမ်သည် ကျင့်ကြံသူနယ်ပယ်ဆင့်တူညီသူ အမြောက်အများနှင့် တိုက်ခိုက်ရမည်ဆိုလျှင်ပင် စိုးရိမ်ဖွယ်ရာမရှိပေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင် လုခိုင်ရှမ်သည် ထိုဘုန်းတော်ကြီးတစ်စု၏ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းကိုခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရါရရှိထားသည်။ယခုလက်ရှိချိန်၌ သူသည် တိုက်ခိုက်နိုင်ဆဲဖြစ်သော်လည်း သူ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
"အဖေ..."
လုလမ်ရွှမ်းသည် တုန်လှုပ်ချောက်ချားစွာအော်ဟစ်ပြီး လုခိုင်ရှမ်အား အလျှင်အမြန် တွဲကူထားလိုက်သည်။
"ဟိတ် မိန်းမလှလေး...တကယ်လို့ မင်းရဲ့အဖေကို အသက်ဆက်ရှင်ချင်တယ်ဆိုရင် မင်း ဒီနေရာကိုလာခဲ့စမ်း...ငါက သနားညှာတာတတ်တဲ့သူဆိုတော့ မင်းအဖေရဲ့အသက်ကို ချမ်းသာပေးမယ်"
ဘုန်းတော်ကြီးက ဆိုးညစ်သောအပြုံးနှင့် ပြောဆိုသည်။
သူ၏နံဘေးပတ်လည်ရှိဘုန်းတော်ကြီးများ၏ မျက်နှာများပေါ်တွင်လည်း ဆိုးညစ်သောအပြုံးများရှိနေပေ၏။
လုလမ်ရွှမ်းက အံ့တင်းတင်းကြိတ်ပြီး ထိုဘုန်းတော်ကြီးများအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ထို့နောက် သူမက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"ရှင်တို့အားလုံး...အပြစ်ပေးခံရမှာ သေချာတယ်"
"အပြစ်ပေးခံရမှာလား...ဟား ဟား ဟား...ငါတို့က ဗုဒ္ဓရဲ့အကာအကွယ်အောက်မှာ နေနေတာ...ဘယ်လိုအပြစ်ဒဏ်မျိုး ရှိလာနိုင်မှာမလို့လဲ"
ဘုန်းတော်ကြီးက အူလှိုက်သည်းလှိုက် ရယ်မောနေပေ၏။
တခြားအနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများထံမှလည်း ရယ်မောသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေအတွင်းတွင် သူတို့ကသာ တခြားသူများအား ပြစ်ဒဏ်ပေးနေသူများဖြစ်သည်။မည်သူက သူတို့ဗုဒ္ဓဂိုဏ်းဝင်များကို ဆန့်ကျင်တိုက်ခိုက်ဝံ့မည်နည်း။
"အဲ့ဒီလိုလား"
ရုတ်တရက် အေးစက်စက်အသံတစ်သံက ဘုန်းတော်ကြီး၏နောက်မှ ထွက်ပေါ်လာသည်။
လုလမ်ရွှမ်းသည် ဘုန်းတော်ကြီး၏နောက်ရှိ လူငယ်ကိုမြင်တွေ့ချိန်တွင် ကြက်သေသေသွားသည်။သူမ၏မျက်လုံး တောက်ပသွားပေ၏။
ဘုန်းတော်ကြီးသည် အလွန်ဒေါသထွက်သွားပြီး သူက နောက်သို့ပြန်လှည့်ကာ အော်ဟစ်ကြုံးဝါးသည်။
"ဘယ်သူလဲ...ဘာလို့ ငါတို့ရဲ့ကိစ္စကိုကြားဝင်စွက်ဖက်နေတာလဲ"
သူက နောက်လှည့်ကြည့်လိုက်သည်နှင့် လုယွီအား ချက်ချင်းဆိုသလိုပင် မြင်တွေ့မိသည်။သူက လူငယ်တစ်ယောက်အား တွေ့မြင်မိသည်နှင့် ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
"မင်းက ငါတို့ရဲ့ကိစ္စမှာ ဝင်ပြောရဲတယ်ပေါ့လေ...မင်း သေသင့်တယ်"
စကားဆုံးသည်နှင့် သူ၏လက်အတွင်းမှဝရဇိန်သင်္ကေတလက်နက်ကို လုယွီထံဦးတည်၍ ဝှေ့ယမ်းလိုက်သည်။
သူတို့သည် စိတ်ဆန္ဒရှိသကဲ့သို့ ရိုင်းပျစွာပြုမူနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သူကမျှ သူတို့အား ပြစ်ဒဏ်ခတ်ခြင်းမပြုနိုင်ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် သူတို့အား စိတ်ဆိုးဒေါသထွက်စေပါက ထိုလူသေဆုံးရပေမည်။
"ယွီအာ..."
"ဂရုစိုက်....ဒီနေရာကထွက်သွားတော့"
လုခိုင်ရှမ်နှင့်လုလမ်ရွှမ်းတို့သည် လုယွီကိုမြင်သည်နှင့် စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်ကြသည်။သူတို့သည် ထိုဘုန်းကြီးများနှင့်တိုက်ခိုက်ပြီးပြီဖြစ်၍ တစ်ဖက်လူ၏ခွန်အားကို ကောင်းစွာသိရှိထားသည်။
ဝရဇိန်သင်္ကေတလက်နက်ကျဆင်းလာသည်ကိုမြင်သော်လည်း လုယွီက နောက်ဆုတ်ခြင်းမပြုဘဲ သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"ငါ့ရဲ့မိသားစုကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ"
လုယွီက သူ၏လက်ကို ဝရဇိန်သင်္ကေတလက်နက်ထံသို့ ဆန့်ထုတ်လိုက်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သတ္ထုအချင်းချင်းထိခတ်သည့်အသံမျိုးထွက်ပေါ်လာပြီး နားအူလုမတက်မြည်ဟီးသံကြီးက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
လုယွီသည် ထိုဝရဇိန်သင်္ကေတလက်နက်ကို သူ၏လက်အတွင်း၌ဆုပ်ကိုင်ပြီး ညင်သာစွာဖျစ်ညှစ်လိုက်သည်။
ခရက်...
ရုတ်ချည်းဆိုသလိုပင် ဝရဇိန်သင်္ကေတလက်နက်သည် အပိုင်းပိုင်းအစစပြိုကွဲသွားပြီး အမှုန်အမွှားများအဖြစ်ပြောင်းလဲကာ လေနှင့်အတူ လွင့်ပြယ်သွားတော့သည်။
ထို့နောက် မျက်တောင်တစ်ခတ်စာအချိန်မှာပင် လုယွီသည် ဘုန်းတော်ကြီးထံသို့ ရောက်ရှိသွားသည်။သူ၏လက်ဖြင့် ဘုန်းတော်ကြီး၏လည်ပင်းကိုဆုပ်ကိုင်ပြီး လိမ်ချိုးလိုက်သည်။
တခြားအနီရောင်ဝတ်ဘုန်းတော်ကြီးများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် နောက်ပြန်လှည့်၍ ထွက်ပြေးကြလေ၏။
"မင်းတို့က ပြေးချင်သေးတာလား"
လုယွီ၏အသံက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
Chapter 1530
လုယွီ၏အသံထွက်ပေါ်လာသည်နှင့် ပုံသဏ္ဍာန်မဲ့သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားသည်။
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော ဘုန်းတော်ကြီးများသည် အဝေးသို့ထွက်မပြေးနိုင်တော့ဘဲ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားသည်။မကြာမီမှာပင် သူတို့၏လည်ပင်းတဝိုက်၌ သွေးများအိုင်ထွန်းလာပေ၏။
"ယွီအာ...."
"ရှောင်ယွီ...."
လုယွီပြန်လာသည်ကိုကြည့်ပြီး လုခိုင်ရှမ်နှင့်လုလမ်ရွှမ်းတို့ အံ့အားသင့်ပျော်ရွှင်နေသည်။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။သူ၏မိသားစုသာလျှင် သူ၏စိတ်နှလုံးသားအား အစစ်အမှန်ငြိမ်းချမ်းစေသည်။
"ဒေါ်လေး...အဖေကိုလာတွေ့လေ"
လုယွီက နောက်သို့ပြန်လှည့်၍ ပြောဆိုလိုက်သည်။
လုဝမ်ရှင်းက ရှေ့သို့တိုးလာပြီး အပြုံးနှင့်ပြောဆိုသည်။
"အကို...."
"မင်းက ရှင်းအာလား"
လုခိုင်ရှမ်၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒါတွေအားလုံးက အကိုရဲ့အမှားကြောင့်ပါ...တကယ်လို့ ငါသာ စိတ်ဒေါသကိုရှေ့တန်းတင်ပြီး လုမိသားစုကနေ ထွက်မလာခဲ့ရင်...မင်းလည်း ငါ့နောက်ကိုလိုက်လာပြီး ဒီလိုနေရာမျိုးမှာနေနေရမှာမဟုတ်ဘူး"
အတိတ်ကိုပြန်ပြောင်းတွေးရင်း လုခိုင်ရှမ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
လုဝမ်ရှင်းက ခေါင်းခါယမ်းပြလေသည်။
"ကျွန်မက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူပါ....ကျွန်မ ဘယ်နေရာကိုပဲသွားသွား ကျင့်ကြံလို့ရတယ်...ပြီးတော့ အဲ့ဒီအချိန်တုန်းက လုမိသားစုရဲ့အခြေအနေကလည်း အရင်ကလိုကောင်းတာမဟုတ်ဘူး....ကျွန်မ မိသားစုထဲမှာဆက်နေရင်လည်း ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်ဘူး....ဒီနေရာကို ထွက်လာခဲ့တာက ပိုကောင်းပါတယ်"
နှုတ်ဆက်စကားတချို့ဖလှယ်ပြောဆိုကြပြီးနောက် သူတို့အားလုံး၏စိတ်အာရုံသည် သူတို့ရှေ့ရှိမြင်ကွင်းသို့ ပြန်လည်ရောက်ရှိသွားပေ၏။
"ယွီအာ...မြန်မြန်ထွက်သွားကြစို့...တာလျန့်နိုင်ငံတော်...မဟုတ်သေးဘူး...တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံး မုန်တိုင်းထန်နေပြီ"
လုခိုင်ရှမ်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
အတိတ်တွင် လုမိသားစု၏သခင်လေးဖြစ်ခဲ့သဖြင့် သူ၏ကျင့်ကြံဆင့်သည် ယခင်ကဲ့သို့ အားကောင်းခြင်းမရှိသည့်တိုင် ယခုလက်ရှိဖြစ်ပေါ်နေသောအခြေအနေကို ကောင်းမွန်စွာခွဲခြမ်းစိတ်ဖြာနိုင်သည်။
ယခုလက်ရှိချိန်၌ ဗုဒ္ဓဂိုဏ်းဝင်များသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေအား အရှိန်အဟုန်ပြင်းပြင်းဖြင့် စိုးမိုးလာသည်ဖြစ်ရာ မြောက်များစွာသောကျင့်ကြံသူများ ထွက်ပြေးနေကြရ၏။သူတို့သည် သေမျိုးမိသားစုသာဖြစ်သဖြင့် ထိုကဲ့သို့အစွမ်းထက်သောအင်အားစုကြီးကို ခုခံတိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"အကို...အကိုရဲ့မိသားစုကိုခေါ်ပြီး ကျွန်မရဲ့သမင်ဖြူကျောင်းတော်ကိုလိုက်ခဲ့တော့...ဗုဒ္ဓအရေခြုံထားတဲ့ နတ်ဆိုးဘုန်းကြီးတွေ ပိုပြီးမောက်မာလာရင်တောင်...ကျွန်မရဲ့သမင်ဖြူကျောင်းတော်ကိုတော့ မဆင်မခြင်လာဝံ့မှာမဟုတ်ဘူး"
လုဝမ်ရှင်းက အကြံပြုလိုက်သည်။
လုခိုင်ရှမ်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ခေါင်းညိတ်ပြလေ၏။
ယခုလက်ရှိအချိန်၌ ဤသည်ကသာ သူတို့အတွက်တစ်ခုတည်းသောနည်းလမ်းဖြစ်နိုင်သည်။
"စကားမစပ်....အမေ ဘယ်ရောက်နေလဲ"
လုယွီက မေးမြန်းသည်။
သူ ဤနေရာသို့စရောက်လာစဥ်ကတည်းက သူ၏မိခင်ယွီရုံအား မမြင်တွေ့မိချေ။
လုခိုင်ရှမ်က ပြောဆိုသည်။
"အဲ့ဒီဘုန်းကြီးတွေ ဒီနေရာကို တရကြမ်းတိုးဝင်လာချိန်တုန်းက....ငါ သူတို့ကို လျှို့ဝှက်လမ်းကြောင်းကနေ ထွက်ခွာသွားခိုင်းလိုက်တယ်"
လုမိသားစုဝင်အစောင့်များသည် လျှို့ဝှက်လမ်းကြောင်းအတွင်းသို့ အလျှင်အမြန်ဝင်ရောက်ပြီး သခင်မကြီးယွီရုံတို့အား ရှာဖွေကြတော့သည်။
လုမိသားစုတွင် အရေးကြီးဆုတ်ခွာရန် လမ်းကြောင်းအမြောက်အများရှိသည်။ဤခြံဝင်းများ၏အပေါ်ယံမြေမျက်နှာပြင်တွင် မည်သည့်ထူးခြားချက်မျှမရှိချေ။သို့ရာတွင် မြေပြင်အောက်တွင်မှု ထိုက်ချွမ်တောင်၏ပြင်ပသို့ ထွက်ခွာသွားနိုင်သော လျှို့ဝှက်လမ်းကြောင်းများစွာရှိသည်။
ကံကောင်းထောက်မစွာဖြင့် အချိန်အလွန်ကြာညောင်းခြင်းမရှိသေးရာ သခင်မကြီးယွီရုံတို့သည် အလွန်ဝေးကွာသောနေရာသို့ မရောက်ရှိသေးချေ။
"အမေ...."
ယွီရုံအား တဖန်ပြန်တွေ့ရသည်နှင့် လုယွီက အလွန်စိတ်လှုပ်ရှားသွားသည်။
မိသားစုပေါင်းစည်းခြင်းသည် အလွန်ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပေ၏။
သို့ရာတွင် လုယွီသည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်ပျောက်ဆုံးနေဆဲဖြစ်သည်ကို သတိပြုမိသည်။
"အမေ...နျူနျူ ဘယ်ရောက်နေတာလဲ"
လုယွီက မေးမြန်းသည်။
ထိုမိန်းကလေးသည် ယဲ့ရွှယ်လန်ပြန်လည်ဝင်စားသူဖြစ်သည်။လုယွီသည် သူမအား သူ၏ဆွေမျိုးတစ်ယောက်ကဲ့သို့ မှတ်ယူထားသည်။
သခင်မကြီးယွီရုံက ပြောဆိုသည်။
"နျူနျူက ငါနဲ့အတူသွားတာမဟုတ်ဘူး...သူက တခြားလမ်းကသွားတာ"
စကားပြောဆိုနေစဥ်မှာပင် လုမိသားစုအစောင့်တစ်ယောက်သည် စိုးရိမ်ဖွယ်အခြေအနေမျိုးဖြင့် လျှို့ဝှက်လမ်းကြောင်းမှနေ၍ တဟုန်ထိုးပြေးဝင်လာကြသည်။
"သခင်ကြီး....အဟွတ်...အဟွတ်...."
ထိုအစောင့်၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်။သူ၏လက်မောင်းတစ်ဖက်မှာ သွင်သွင်ကျိုးနေပြီး သွေးများယိုစီးကျနေပေ၏။
လုယွီက ရှေ့သို့တိုးသွားပြီး ဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်သည်။သူ၏မှော်စွမ်းအားဖြင့် ဆေးလုံးအားအရည်ပျော်စေပြီး အစောင့်၏လက်မောင်းဒဏ်ရာပေါ်သို့ ကျရောက်သွားစေသည်။
ထိုအစောင့်၏လက်မောင်းဒဏ်ရာ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည်။သူက လုယွီကိုကြည့်ပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"သခင်လေး...မင်းသမီးလေးကို သူတို့ ဖမ်းဆီးခေါ်ဆောင်သွားကြတယ်"